Saturday, January 14, 2012

လွတ်လပ်ခြင်းရဲ့ သီချင်း

စန္ဒယားသံ သဲ့သဲ့
ကြားနေရတယ်...
ဒီတခါ ကန်နံဘေး သံတိုင်ကြားကမဟုတ်
ကွင်းပြင်ကျယ်က ထူးခြားတဲ့ ပွဲဆီကတဲ့။

စာသား နဲ့ သံစဉ်
အလေးထားကာ ရေးစပ်ထားလို့
ဘေးနားက နားထောင်ရင်တောင်
အတွေးများစွာ ပေးစွမ်းနိုင်စွမ်းရှိတယ်။

အဲဒီလို နူးညံ့လှပတဲ့ အမေ့ရဲ့သီချင်း
အားအင်အပြည့်နဲ့ အားဖြည့်တင်းဖို့
သားတွေကလည်း ပြန်လာပြီ...

မဝေးတော့တဲ့ အနာဂတ်မှာ
အဝေးက သားသမီးတွေလည်း အမေ့ရင်ခွင်ပြန်လှုံ -
(အမေစပ်ထားတဲ့) လွတ်လပ်ခြင်းရဲ့ သီချင်းတစ်ပုဒ်ကို
သံပြိုင်ဟစ်ဖို့ အခွင့်အရေး ခပ်ရေးရေးတော့ မြင်လာပြီလေ...

Read More...

Friday, March 18, 2011

၂၀၁၁ စာပေဟောပြောပွဲ

စင်ကာပူနိုင်ငံ စာပေ မြတ်နိုးသူများက ဦးဆောင် ကျင်းပတဲ့ တတိယအကြိမ် စာပေဟောပြောပွဲကို ဧပြီလ ၃၀ ရက် စနေနေ့မှာ ကျင်းပမယ်လို့ သိရပါသည်။

ဒီနှစ်မှာဟောပြောမည့် စာရေးဆရာများကတော့ ဆရာအောင်သင်း၊ ဆရာဖေမြင့်၊ ဆရာချစ်စံဝင်း နှင့် ဆရာမ ခင်ခင်ထူးတို့ ဆိုတာကို Facebook မှာရေးထားသည်။ ဆရာအောင်သင်း ကတော့ ကျန်းမာရေးအခြေအနေကြောင့် "ရပ်ဝေးမြေခြား လူငယ်များသို့" ခေါင်းစဉ်ဖြင့် အဝေးရောက် ဟောပြောမည်ဖြစ်သည်။ ဆရာဖေမြင့်က "ဘဝတိုးတက်ဖို့ စာဖတ်ကြစို့" ၊ ဆရာချစ်စံဝင်းက "အမေဟူသည် အလွမ်းသည်"၊ ဆရာမခင်ခင်ထူးက "အညာဓလေ့ ရွာဓလေ့" စသည့် ခေါင်းစဉ်အသီးသီးဖြင့် ဟောကြားမည်ဖြစ်သည်။

ဈေးနှုန်းကတော့ အရင်နှစ်ကအတိုင်း မပြောင်းလဲဘဲ $15 ဖြင့် ဆရာလေးယောက်ရဲ့ စကားတွေ နေ့လည် ၁ နာရီကနေ ညနေ၈ နာရီအထိ အားရပါးရ နားထောင်ရဦးမှာပါ။ ညစာကို ဒန်ပေါက်ကျွေးမယ်ဆိုတာလည်း သတင်းရရှိထားပါသည်။

ဟောပြောပွဲကျင်းပမည့် နေရာက Dover MRT အနားမှာရှိတဲ့ Singapore Poly ရဲ့ Convention Centre မှာပါ။ MRT က ဆင်းပြီးပြီးချင်းရောက်ပြီဆိုတော့ သွားရလာရတာလည်း လွယ်ကူပါသည်။


နောက် Thazin Singapore Success Magazine ရဲ့ Facebook စာမျက်နှာမှာလည်း Proudly Organized by THAZIN ဆိုပြီး စာပေဟောပြောပွဲကြော်ငြာတစ်ခု တွေ့လိုက်မိပါသည်။ အစကတော့ အတူတူလို့ထင်ထားမိတာ၊ သေချာကြည့်တော့မှ စာရေးဆရာတွေမတူ၊ နေရာမတူ၊ နေ့ရက်မတူတာတွေ တွေ့လိုက်ရတော့ ဒီနှစ်စာပေဟောပြောပွဲက နှစ်ပွဲတောင်ရှိပါ့လားလို့ သိလိုက်ရပြန်သည်။

Thazin ကလုပ်မယ့်ပွဲမှာ ဆရာအောင်သင်း၊ ဆရာချစ်ဦးညို၊ ဆရာကျော်ဝင်း နှင့် ဆရာဦးဘုန်း(ဓာတု) တို့ပြောမှာဖြစ်ပြီး နေ့ရက်က ဧပြီ ၂၄၊ နေရာကတော့ NUS မှာဖြစ်ပါသည်။

ကျင်းပမယ့် ရက်တွေက တစ်ပတ်ပဲခြားကာ ကပ်လျက်ဖြစ်နေပြီး နှစ်ခုစလုံးကလည်း စာပေဟောပြောပွဲဖြစ်နေတာရယ် အရင်က စာပေမြတ်နိုးသူများအဖွဲ့ကို သဇင်က ပံ့ပိုးကူညီခဲ့တယ်လို့ တွေ့ခဲ့ရတော့ ဒီနှစ်မှာ အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့် ပွဲနှစ်ခုအပြိုင်ဖြစ်နေတယ်လို့ ယူဆလိုက်ရပါသည်။

ပွဲနှစ်ခုစလုံးသွားချင်ပေမယ့် ပေးရမယ်အချိန်နဲ့ ရှိနေတဲ့အလုပ်တွေကြောင့် တစ်ပွဲပဲသွားမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ရပါသည်။ ဘယ်ပွဲကိုသွားမယ်ဆိုတာကြည့်တော့ နှစ်ပွဲစလုံးမှာ ဆရာအောင်သင်းဟောပြောတာပါမှာ ဖြစ်ပါတယ်။ Thazin ကလုပ်မယ့်ပွဲမှာ ဆရာချစ်ဦးညို ပြန်ပါတာကိုတွေ့ရပါတယ်။ ဆရာချစ်ဦးညိုဟောတာပြောတာ အင်မတန်မှကောင်းပေမယ့် တစ်ခါနားထောင်ဖူးပြီးလို့ နားမထောင်ဖူးသေးတဲ့ ဆရာတွေရဲ့ ဟောပြောချင်ကိုနားထောင်ဖို့ ပိုပြီး အာသီသရှိနေမိပါသည်။

ကျွန်တော့်အမြင်ကတော့ စာရေးဆရာတစ်ယောက်ရဲ့အာဘော်ဟာ အများကြီးအပြောင်းအလဲမရှိလို့ တစ်ခါနားထောင်ဖူးရင် အဲဒီဆရာပြောချင်တာတွေ တော်တော်လေးရလိုက်ပါပြီ။ နားမထောင်ဖူးသေးတဲ့ ဆရာတွေဆီကိုသွား နားထောင်မယ်လို့ ဆုံးဖြတ်လိုက်ပါသည်။

အဲတော့ စာပေမြတ်နိုးသူများအဖွဲ့ရဲ့ ဧပြီ၃၀ရက်နေ့ စာပေဟောပြောပွဲကိုပဲသွားပါမည်။

နောက်ပြီး တွေးမိတာကလည်း Thazin စီးပွားရေးလုပ်တဲ့ အဖွဲ့ဆိုတော့ သူတို့လုပ်တဲ့ပွဲက စီးပွားရေးအရ အကျိုးအမြတ်ကို အဓိကထားတယ်လို့ ထင်လို့ပါ။ ပွဲတစ်ခုက ဧပြီလ ၃၀ မှာလုပ်မယ်လို့ ကြော်ငြာပြီးမှ သူက ၂၄ရက်မှလုပ်မယ်ဆိုပြီး လုပ်တာက မတော်တဆ တိုက်တိုက်ဆိုက်ဆိုင်ဖြစ်တာ ဟုတ်ပါ့မလားလို့...

နောက်ပြီး စာပေမြတ်နိုးသူများအဖွှဲ့ရဲ့ ခံယူချက်ကိုလည်းသဘောကျလို့ပါပဲ။ သူတို့ရဲ့ Facebook မှာ ရေးထားတဲ့အထဲက ဟောပြောပွဲကရလာတဲ့ အကျိုးအမြတ်များကို ငွေကြေးလိုအပ်လျက်ရှိသည့် သက်ကြီးဝါကြီး စာရေးဆရာ ကြီးများကို ပူဇော်ကန်တော့လှူဒါန်းမယ်ဆိုတာရယ်၊ အသိပညာ၊ ဗဟုသုတ၊ စာပေ၊ ယဉ်ကျေးမူ၊ အနုပညာ၊ မျိုးချစ်စိတ်ဓါတ် ၊ နှလုံသား အာဟာရတွေကို တတ်နိုင်သမျှ ဖြည့်စည်းချင်တယ်ဆိုတဲ့စေတနာရယ်၊ ဒီလိုကျင်းပလာတဲ့အစဉ်အလာကို နှစ်စဉ်မပျက် စီစဉ်ဆောင်ရွက်သွားဖို့ ရည်ရွယ်တာရယ် ဆိုတဲ့ ခံယူချက်တွေက လေးစားဖို့ကောင်းပါတယ်။ နောက်ပြီး ဦးဆောင်လုပ်ဆောင်နေတာတွေကလည်း လူငယ်တွေပါ။ မြန်မာတွေ အသိပညာဖွံ့ဖြိုးရေးကို အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့လုပ်ဆောင်နေတဲ့ လူငယ်တွေကို ကျွန်တော့်အနေနဲလည်း အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် အားပေးကူညီချင်တဲ့ စိတ်ကြောင့်လည်းပါပါတယ်။

လက်မှတ်သတင်းကို Facebook မှာကြော်ငြာထားတာကတော့ …
“ပင်နင်စူးလား ပလာဇာ ၅ထပ်ရှိ သူဌေးသမီး နှင့် ၄ထပ်ရှိ သော်တာနဒီဆိုင် တွေမှာ ဝယ်ယူရရှိနိုင်ပါသည်။ သောကြာ၊ စနေ နှင့် တနင်္ဂနွေနေ့များတွင် လက်မှတ်ကောင်တာများကို ညနေ ၅ နာရီမှ ၈နာရီထိ ဖွင့်လှစ် ရောင်းချသွားမှာဖြစ်ပါတယ်။ ယခုတပတ်တွင် တော့ ရနံ့သစ် မြန်မာထမင်းဆိုင်တွင်သာ လက်မှတ်ကောင်တာ ဖွင့်လှစ်ထားပါမည်။ နောက်ထပ်တိုးချဲ့သောနေရာ များကိုကြေငြာပေးသွားပါမည်။”
လို့သိရပါသည်။

ဗဟုသုတ ရစရာ ဟောပြောတာတွေ နားထောင်ပြီး အမောတွေဖြေကြမယ်လေ… ပျော်ပျော်ပါးပါးပေါ့…



Read More...

Tuesday, November 2, 2010

ပုံရိပ်ဟောင်းများ

ရန်ကုန်တက္ကသိုလ် ပင်းယဆောင်မှာနေတုန်းကပေါ့…

ကျွန်တော်နဲ့ အဆောင်မှာ အတူတူတွဲဖြစ်တဲ့ သူငယ်ချင်းတစုရှိပါတယ်။
ကျွန်တော်က အဆောင်ကို ဒုတိယနှစ်မှ ရောက်တော့ သူငယ်ချင်းတွေနဲ့ နေရတဲ့ အထပ်မတူပါဘူး။
နောက်နှစ်တွေကျောင်းပြန်ဖွင့်တော့ အဆောင်ကို စောစောရောက်အောင်လာပြီး အခန်းတွေကို နီးအောင်ဦးထားကြတော့ တွဲတဲ့ သူငယ်ချင်းတွေအားလုံးက အခန်းတွေကို တထပ်တည်း၊ ကပ်လျက်၊ ပြီးတော့ ရှေ့တန်းကိုရအောင် ယူထားပါတယ်။ အခန်းနီးတော့ အခန်းလည်ရတာလည်း အင်မတန်လွယ်ကူပါတယ်။ ပစ္စည်းတွေငှားမယ်၊ ယူသုံးမယ်ဆိုတော့လည်း နီးတာပေါ့။

အဆောင်မှာ နေတာက သူငယ်ချင်းတွေ တယောက်နဲ့တယောက် အင်မတန် ရင်းနှီးကြတယ်။ ကိုယ်မရှိ သူ့ဟာယူသုံး၊ သူ့မရှိတာ ကိုယ့်ဟာယူသုံး။ ပိုက်ဆံရှိတဲ့ အချိန် ဘော်ဒီစပရေး တစ်ဗူးလောက် ၀ယ်ထားလိုက် အလွန်ဆုံးခံ တပတ်ပေါ့၊ ခေါင်းလိမ်းဆီဝယ်ထားလည်း နှစ်ပတ်လောက်ဆို ကုန်ပြီ။ ဆေးလိပ်ကို အစည်းလိုက်၊ ဗူးလိုက် ၀ယ်ထားလို့ကတော့ ၀င်ကတစ်လိပ်၊ ထွက်တစ်လိပ် ယူသောက်လိုက်တာ နောက်တရက် ကူးတဲ့အထိခံရင် ကံကောင်းပဲ။ အဲလို နေကြပေမယ့် ဘယ်သူကမှ ငြိုငြင်တယ်လို့မရှိကြပါဘူး။ အိမ်က ပို့လိုက်တဲ့ ဟင်းတွေဆိုလည်း မျှပြီးစားကြတာပဲ။ ပိုက်ဆံလည်း မရှိအတူ ရှိအတူလို့လည်း ပြောလို့တယ်။

အခြား သူငယ်ချင်းတွေ ရင်းနှီးတယ်ဆိုတာက ဟန်ဆောင်မှုရှိချင်ရှိမယ်၊ အဆောင်က သူငယ်ချင်းအရင်းတွေက ဟန်ဆောင်မှုဆိုတာ လုံးဝမရှိပဲ ရင်းနှီးကြတယ်။

အဲလို ခင်ကြတဲ့ အပေါင်းအသင်းထဲမှာ ကျော်သက် ဆိုတဲ့ ကျွန်တော်တို့နဲ့ ကိုးကွယ်မှု ဘာသာမတူတဲ့ တစ်ယောက်ရှိတယ်။ ကျော်သက်က ပထမပိုင်းမှာ အင်မတန်မှ ဘာသာရေး ကိုင်းရှိုင်းတဲ့ပုံစံပါ။ နောက်ပိုင်းတော့ သူ့အကြောင်းသိလာတော့ အဲလောက်လည်း မဟုတ်ဘူးဆိုတာ သိလာတယ်လေ။ ဒါပေမယ့် အပြင်ပန်းမှာတော့ ဘာသာရေးကိုင်းရှိုင်းဟန်တော့ လုပ်ပြနေတုန်းပါပဲ။ ကျွန်တော်တို့ကလည်း အဲဒါကို စချင်နောက်ချင်ဖြစ်နေတာပါပဲ။ အဲဒီအထဲမှာ မုတ်ဆိတ်တွေထား ပြီး တသသလုပ်နေတာကို ကြည့်မရဆုံးပါပဲ။

မုတ်ဆိတ် ရိတ်ဖို့ နည်းအမျိုးမျိုးနဲ့ ပြောတာမရဘူး…
မုတ်ဆိတ်နဲ့ ဆို ညှင်းသိုးသိုးနဲ့ ကြည့်မကောင်းဘူး ဆိုလည်း မရိတ်ဘူး။
မင်းကို ကောင်မလေးတွေ မကြည်တာ အဲဒီ မုတ်ဆိတ်ကြီးကြောင့်ပေါ့ဆိုလည်း မရိတ်ဘူး။

အဲဒီလိုနဲ့ တညနေမှာ ကျွန်တော်တို့အဖွဲ့ အဆောင်ကနေအထွက်မှာ နောက်ကနေ ကျော်သက်က ဘယ်သွားမလို့လဲ လို့လှမ်းမေးပါတယ်။ တယောက်ကဖောက်ပြီး စော်ဘွားကြီးကုန်း သွားမလို့ဆိုပြီးဖြေလိုက်တယ်။ အဲဒီခေတ်က အဆောင်မှာ စော်ဘွားကြီးကုန်းသွားတယ်ဆိုတာတဲ့ စကားလုံး လူတိုင်းနားလည်တယ်လေ။ ဘာလဲတော့မမေးနဲ့ စော်ဘွားကြီးကုန်း သွားတယ်ဆိုတာ သွားတယ်ပေါ့…

အဲတော့ ကျော်သက်ကသူလည်းလိုက်မယ်ဆိုပြီး ပြေးလာပါတယ်။ မုတ်ဆိတ်မရိတ်ရင် မလိုက်ရဘူးပြောလည်း လိုက်မှာပဲ အတင်းလုပ်နေပါတယ်။ နောက်ဆုံး တဖွဲ့လုံးက အတည်ပေါက်နဲ့ မရိတ်ရင် မလိုက်ရဘူး၊ မုတ်ဆိတ်နဲ့ဆို စော်ဘွားကြီးကုန်းက လက်ခံမှာမဟုတ်ဘူး လို့ပြောတော့မှ အခန်းကိုပြန်ပြေး မုတ်ဆိတ်သွားရိတ်တယ်…

အဲဒါနဲ့ အဆောင်က ထွက်လာပြီး လှည်းတန်းရောက်တော့ လက်ဖက်ရည်ဆိုင်ထိုင်ကြရော… ကျော်သက်က စော်ဘွားကြီးကုန်းဘယ်တော့ သွားမှာလဲမေးတိုင်း အားလုံးက စောပါသေးတယ် စောပါသေးတယ် ပြောရင်း အဆောင်သာပြန်လာရော ကျော်သက် စော်ဘွားကြီးကုန်း မရောက်လိုက်ရပါဘူး။ မုတ်ဆိတ်ဆုံးပြီး စော်ဘွားကြီးကုန် မသွားလိုက်ရပေမယ့် အဲနေ့ကစပြီး ကျော်သက်နာမည်ပျောက်ပြီး စော်ဘွားကြီးကုန်းဆိုတဲ့ နာမည်ကိုပဲရခဲ့တယ်…



အဆောင်ကသူငယ်ချင်းတွေနဲ့လည်း တွေ့ရတာလည်း ၁၉၉၆ နှစ်ကုန်ပိုင်း ကျောင်းတွေပိတ်ပြီးကတည်းကပါပဲ… ၂၀၀၀ ခုနှစ်ကျောင်းပြန်ဖွင့်တော့ တချို့တလေလည်း ကျောင်းပြန်တက်တာ မတွေ့ရတော့ဘူး။ အလုပ်တွေမအားကြတော့လို့လား… မတတ်နိုင်ကြတော့လို့လား… မလွတ်မလပ်ဖြစ်နေကြသလား မသိခဲ့ရဘူး။ စော်ဘွားကြီးကုန်းက လှည်းတန်းမှာတုန်းက အင်မတန်တက်ကြွခဲ့တာလေ။

ကျွန်တော်လည်း ၇ ရက်နေ့မှာ အိမ်ပြင် မထွက်လို့ အချိန်မှီတင်လိုက်ပါတယ်။ ရေးတက်စတန်းလန်းတွေကတော့ ဘာမှမရေးဖြစ်လို့ စက်ထဲမှာ တန်းလန်းဖြစ်နေတဲ့ တစ်ပုဒ်ကိုပြီးအောင်ရေးပြီးတင်လိုက်တယ်။

အခုတော့ အဆောင်တွေလည်း ကျောင်းသားမနေရတော့လို့ ခြောက်ခန်းပျက်စီးလို့နေပြီ မကေ။

Read More...

Tuesday, July 20, 2010

ငါတို့တိုင်းပြည်လေးမှာ

ဗုဒ္ဓဘာသာထွန်းကား၏။
အပြာရောင် အနီရောင်နဲ့ ဂိုဏ်းတွေစုံလင်လှ၏။

သစ်ပင်သစ်တောပေါများ၏။
ကွင်းပြင်ကျယ်မှာ တောင်လိုပုံထား၏။

ယဉ်ကျေးသိမ်မွေ့ခြင်းများ ရှိကြ၏။
ဆဲဆိုအော်ဟစ်ခြင်းကို သီချင်းလုပ်ကာ ဆိုကြ၏။

သဘာဝဓာတ်ငွေ့တွေ အလျှံပါယ်ရှိ၏။
ထိုင်းနိုင်ငံကြီးမှာ မီးတွေထိန်ထိန်သာနေ၏။

စာနာကူညီမှုတွေရှိကြ၏။
တံဆိပ်ကပ်သူတွေ များပြားလှ၏။

ရာဇ၀င်များရဲ့ သတို့သမီး ဧရာဝတီမြစ်ကြီးရှိ၏။
ရာဇ၀င်ထဲမှာပဲ ထိုသတို့သမီးကို ထားခဲ့ကြ၏။

ကျေးဇူးတရားတွေ သိတတ်ကြ၏။
ငတိလို့ ခေါ်တာတွေလည်းရှိကြ၏။

ကျောင်းဆေးရုံတွေ အင်မတန်ပေါများလှ၏။
NUS AIT NTU Mahidol SGH Raffles Parkway တို့ကို ပို၍ရင်းနှီးလာကြ၏။

ဂုဏ်ယူစရာ အာဇာနည်တွေ ရှိပါ၏။
အလေးပြုသူများကို ဖမ်းဆီးမယ့်သူတွေ များလာ၏။

ဥယျာဉ်လယ်ယာစိုက်ခင်း ဖြစ်ထွန်းကြ၏။
ဆီအုန်းကူညီခူးသူတွေ ပိုများလာ၏။

လူကြီးများကိုချစ်ခင်ရိုသေကြ၏။
သွေးမတော်သားမစပ်ကို အဘခေါ်ကာ ဦးတော်တင်ကြ၏။

တိုင်းပြည်ကြီးတိုးတက်နေ၏။
ကျွန်ုပ်တို့ သူများတိုင်းပြည်မှာ အလုပ်လုပ်နေကြ၏။

အဲဒါ ငါတို့တိုင်းပြည်လေးမှာလေ...

Read More...

Friday, July 9, 2010

ဘာတွေတူ၊ ဘာတွေပူ၊ ဘာကိုယူမှာလဲ

အကုန်တူဖို့အရေး တွေးပြီးတော့ မပူဘူး အမ
ကိုယ်တိုင်တောင် တခါနဲ့တခါ တူလာရင် အူတူတူဖြစ်ဖြစ်လာတယ်။

အခြေခံတူ ပညာတူ ၀ါသနာချင်းလည်းတူရင်တော့
ကိုယ့်လူဖြစ်ဖို့ တွေးမိရဲ့။

အခြေခံမတူရင် အလေးထားတာ မတူနိုင်သလို
ပညာမတူရင်လည်း အတွေးများလည်း မတူနိုင်ဘူး... အမရဲ့။
(၀ါသနာမတူတာကမှ အနည်းနဲ့အများ ညှိလို့ရဦးမယ်…)

အချစ်မပါရင်လည်း အပြစ်သာမြင်မိတတ်တာမို့
အဲဒီအတွေးကိုလည်း အရေးထားမိပါသေးရဲ့။

ဒါနဲ့ အမေဆုံးမ အကျိုးအကြောင်းပြတာကတော့
သဘောကောင်း မနောဖြူ လွတ်လပ်ပြီး ဘာသာတူသူတဲ့။
မနောမဖြူရင် အကြောင်းကြောင်းကြောင့် စိတ်ပူရပြီး
ဘာသာမတူရင် သံသရာကို ယုံကြည်သူဖြစ်လို့ အရှုံးကြီးရှုံးရမှာတဲ့…

အဲဒီတော့ ချစ်ချင်ရာချစ် ဖြစ်ချင်ရာဖြစ်ဆိုတာတွေကို
အနှစ်လို့မယူဖို့ကြိုးစား
အရိုးသားဆုံးပြောရရင်…
တွေးပူနေတာ တော်တော်ကြာ
ပြေးယူကြတဲ့ သူငယ်ချင်းတွေတောင် ကလေးသုံးယောက်နဲ့တဲ့ အမ။

အမသက်ဝေက ရေးခိုင်းလို့ အရှည်ကြီး ရေးမယ်ဆိုပြီးကြိုးစားတာ ဒါလေးပဲထွက်လာလို့… ကျေနပ်ပါနော်အမ။

Read More...

Friday, April 30, 2010

နှစ်ဆိတ်ဟိုင်း

ဘ၀ ဆိုတာ
ခဏလို့သာပြောကြတာ
နှစ်ဆယ်အသက်ပြည့်လှမ်းဖို့ရန်
တောင်အတက် ခရီးကြမ်းလို
အိပဲ့အိပဲ့နဲ့ ...။

နှစ်ဆယ်ကျော် လူဖြစ်လို့
အသက်ရယ် ခဏတာရပ်စေချင်ကာမှ
အဆင်းကို ဘီးတတ်ထားသလို
သုံးဆယ်ကို အုန်းကနဲဆိုပဲ...။

သုံးဆယ်ကျော်တော့
ပုန်းကွယ်ကာနေတာတောင်
ဘယ်တော့များလဲ အမေးခံရ၊
ရှောင်ဖယ်ကာနေပြန်ရင်လည်း
နောင်တကယ် တကိုယ်ထီးပဲ နေမှာလားတဲ့။

လေးဆယ်မပြည့်ခင် ဘေးဖယ်ကြ
ဈေးမ၀ယ်ကြဘူးဆို (အဲ ဘာမှလည်း မရောင်းပါဘူး)
ရပ်ကြည့်နေရုံနဲ့ အမြတ်မရှိပါဘူး၊
အကြောင်းသိအောင် ပေါင်းကြည့်ပါ။
ဒါဆိုပေါင်းကြည့်မယ်... ဟုတ်လား
ခက်လိုက်တာ မိန်းကလေးရယ်
ကဲ လေးဆယ်မပြည့်သေးဘူး၊ ဘေးဖယ်ပါဆို။

Read More...

Saturday, March 13, 2010

အမှတ်တရ ၂၀ + အမှတ်တရ ၁၀ = ၂၀၁၀

ကျွန်တော်စာမရေးဖြစ်ပါဘူး။ ဘလော့တွေကိုတော့ တခါတရံဖတ်ဖြစ်ပါတယ်။ အခုတလော အလုပ်ရှုပ်တာထက် စာရေးဖို့ စိတ်မပါတော့တာပါ။ စာမရေးတာကြာလို့ ဆားချက်ဖို့ ချက်စရာတွေရှိပေမယ့်လည်း မလုပ်ဖြစ်ခဲ့ပါဘူး။

မနေ့က Broken Thoughts ဆိုပြီး စီးရီးအလိုက် ရေးကာ အရင်ကလုပ်ဖော်ကိုင်ဖက်တွေ စုစည်းထားတဲ့နေရာမှာ မျှဝေလေ့ရှိတဲ့ အမက အရေးကောင်းကောင်းတဲ့ သူရဲ့အတွေးလေးတွေကိုပို့လိုက်ပါတယ်။

ဖတ်လို့လည်းကောင်း အတွေးတွေလည်းများလို့ကောင်းလို့ ထပ်ပြီး မျှဝေလိုက်ပါတယ်။

ကိုကိုကြီး နဲ့ မမျိုး တို့ ၁၀ နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်မှ သက်ဆုံးတိုင် နားလည်မှုများစွာနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ။



အမှတ်တရ ၂၀ + အမှတ်တရ ၁၀ = ၂၀၁၀

နိဒါန်း
ဟိုးအနှစ် ၂၀ တုန်းက အလုပ်နေရာလေးတစ်ခု မှာ သူငယ်ချင်းများစွာ နဲ့ အတူ သူငယ် ချင်းလေး တစ်ယောက် ရှိခဲ့ဖူးပါတယ်။ အဲဒီမှာ သူနဲ့ အလုပ်နေရာလေးတစ်ခုကို အောင် မြင်အောင် အတူတူ ရုန်းကန် လုပ်ခဲ့ဖူးတယ်။

ရှေးစကားအတိုင်း ၁၀နှစ် ၁၀မိုး အချိန် အတွင်း အပြန်အလှန် နားလည်မှုတွေယူ အပြီးမှာတော့ ဘဝ နေရာလေးတစ်ခုကို၏ အတူတူ စခဲ့ကြတယ်။


စာကိုယ်
ဟိုးအနှစ် ၂၀ တုန်းက အလုပ်နေရာလေးတစ်ခု မှာ နေ့အချိန်တိုင်း အတူရှိနေခဲ့ဘူးတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ် ကစပြီး ဘဝ နေရာလေးတစ်ခု မှာ နေ့အချိန်တိုင်း သီးခြားဖြစ်နေခဲ့ကြတယ်။

ဟိုးအနှစ် ၂၀ တုန်းက အလုပ်နေရာလေးတစ်ခု မှာ “ညဖက် အလုပ်ကနေ အိမ်ပြန်ချိန်” ဆိုတာ လူကြမ်း ဖြစ်နေခဲ့ဖူးတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ် ကစပြီး ဘဝ နေရာလေးတစ်ခု မှာ “ညဖက် အလုပ်ကနေ အိမ်ပြန်ချိန်” ဆိုတာ မင်းသား ဖြစ်နေခဲ့တယ်။

ဟိုးအနှစ် ၂၀ တုန်းက အလုပ်နေရာလေးတစ်ခု မှာ စကား လက်ဆုံ ပြောမကုန် တာဟာ အိမ်ခြံ တံခါးဝ ရောက်သည်ထိ ဖြစ်ခဲ့ဖူးတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ် ကစပြီး ဘဝ နေရာလေးတစ်ခု မှာ စကား ပြောဖို့ရာကို အိမ်ခြံတံခါးဝရောက်သည်ထိ စောင့်ခဲ့ရတယ်။

ဟိုးအနှစ် ၂၀ တုန်းက အလုပ်နေရာလေးတစ်ခု မှာ စိတ်အခန့်မသင့်တော့ရင် ငယ်စာရင်းကို အလွယ် ဖျက်နိုင်မဲ့ အပြုံးမပျက် စိတ် နဲ့ လွတ်လပ်စွာ ရှိ နေခဲ့ ဘူးတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ် ကစပြီး ဘဝနေရာလေးတစ်ခု မှာ စိတ်အခန့်မသင့်တော့ရင် ငယ်စာရင်းကို အလွယ်ဖျက်ဖို့ မပြောနဲ့ မှိန်မသွား အောင် ကိုဘဲ ခပ်မဲ့မဲ့ စိတ် နဲ့ သတိထား ထိန်းချုပ်တွေ ရှိနေခဲ့တယ်။

ဟိုးအနှစ် ၂၀ တုန်းက အလုပ်နေရာလေးတစ်ခု မှာ အငြင်းအခုံ စကားများစွာ ရဲ့ အရင်းခံဟာ အလုပ် ကြောင့် ဖြစ်ခဲ့ဖူးတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ် ကစပြီး ဘဝ နေရာလေးတစ်ခု မှာ အငြင်းအခုံ စကားများစွာ ရဲ့ အရင်းခံဟာ သမီးလေး အတွက် ဖြစ်နေခဲ့တယ်။

ဟိုးအနှစ် ၂၀ တုန်းက အလုပ်နေရာလေးတစ်ခု မှာ ပညာ အတွက် မာန ပြိုင်ခဲ့ဘူးတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ် ကစပြီး ဘဝ နေရာလေးတစ်ခု မှာ သမီးလေးအတွက် မာနချခဲ့ကြတယ်။

ဟိုးအနှစ် ၂၀ တုန်းက အလုပ်နေရာလေးတစ်ခု မှာ သူ့ရည်မှန်းချက်၊ ကိုယ့်ရည်မှန်းချက် သီးခြားဖြစ်လဲ ဂရုစိုက်စရာမလိုခဲ့ဘူး။
လွန်ခဲ့တဲ့ ၁၀ နှစ် ကစပြီး ဘဝ နေရာလေးတစ်ခု မှာ သူ့ရည်မှန်းချက်၊ ကိုယ့်ရည်မှန်းချက် သီးခြား မဖြစ်အောင် ဂရုစိုက်နေခဲ့ရတယ်။

ဟိုးအနှစ် ၂၀ တုန်းက အလုပ်နေရာလေးတစ်ခု မှာ သူ နဲ့ ကိုယ် ရဲ့ အောင်မြင်မှုဖြစ်စေ၊ ဆုံးရှုံးမှုဖြစ်စေ မဆိုင်သလို နေနိုင်ခဲ့ဖူးတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ် ကစပြီး ဘဝ နေရာလေးတစ်ခု မှာ သူ နဲ့ ကိုယ် ရဲ့ အောင်မြင်မှုဖြစ်စေ၊ဆုံးရှုံးမှုဖြစ်စေ လိုလားစွာ ဝေမျှခံစား ပေးခဲ့ ကြတယ်။

ဟိုးအနှစ် ၂၀ တုန်းက အလုပ်နေရာလေးတစ်ခု မှာ Romantic ဖြစ်အောင် တမင် လုပ်ယူထားရတဲ့ ဟန်ပြ ကြင်နာမှု တေကွ ရှေ့တန်းမှာ ရောက်နေခဲ့တယ်။
လွန်ခဲ့တဲ့ ၁၀ နှစ် ကစပြီး ဘဝ နေရာလေးတစ်ခု မှာ Romantic မဖြစ်တော့ပေမဲ့ ရိုးသားတဲ့ ပင်ကို ကြင်နာမှု တွေက သာ ရှေ့တန်းမှာ ရောက်နေခဲ့တယ်။

ဟိုးအနှစ် ၂၀ တုန်းက အလုပ်နေရာလေးတစ်ခု မှာ ပူလောင်တဲ့ ၁၅၀၀ ကိလေသာမီးတွေနဲ့ တောက်လောင် ခဲ့ဖူးတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ် ကစပြီး ဘဝ နေရာလေးတစ်ခု မှာ အေးချမ်းတဲ့ ၅၂၈ မေတ္တာက ပိုမိုလာခဲ့တယ်။

ဟိုးအနှစ် ၂၀ တုန်းက အလုပ်နေရာလေးတစ်ခု မှာ ရှိနေထုန်းက အိုမင်းနေတဲ့ အဖိုး၊အဖွားတွေရဲ့ အရေတွန့်နေတဲ့ လက်လေး နှစ်စုံ အပြန်အလှန် ဖေးမပြီး တွဲထားခြင်း အဓိပ္ပါယ်ကို သတိမပြုခဲ့မိဘူး။
လွန်ခဲ့တဲ့ ၁၀ နှစ် ကစပြီး ဘဝ နေရာလေးတစ်ခု မှာ တော့ အိုမင်းနေတဲ့ အဖိုး၊အဖွားတွေရဲ့ အရေတွန့်နေတဲ့ လက်လေး နှစ်စုံ အပြန်အလှန် ဖေးမပြီး တွဲထားခြင်း အဓိပ္ပါယ် ကို နက်နဲစွာ သဘောပေါက် လာခဲ့တယ်။

Image From - www.shutterstock.com/pic-20699932.html

နိဂုံး
အချင်းချင်း သည်းခံနိုင်စွမ်း (သို့) နားလည်နိုင်စွမ်း ဆု အဖြစ် တစ်နှစ် ပြည့်တိုင်း တစ်မှတ် ရမယ် ဆိုပြီး ရိုးရှင်းတဲ့ သချာင်္တစ်ပုဒ် ရဲ့ မေးခွန်းဖြစ်ခဲ့ရင် ………

အဖြေက - ကျွန်မ တို့ နှစ်ယောက်ဟာ အမှတ် နှစ်ဆယ် တောင်စုမိနေပြီ ပေါ့။

ဒီလိုမဟုတ်ဘဲ အချင်းချင်း သည်းခံနိုင်စွမ်း (သို့) နားလည်နိုင်စွမ်း ဆု အဖြစ် တစ်နှစ် ပြည့်တိုင်း တစ်မှတ် ရမယ်။ ဒါပေမဲ့ ၁၀နှစ် နောက်ပိုင်း Turning Point တစ်ခုကစလို့ အချင်းချင်း မကြေလည်တာများရှိခဲ့ရင် တစ်နှစ် ကို တစ်မှတ် ပြန်နှုတ်မယ် ဆိုရင်တော့ ……… အဖြေကို သက်ဆိုင်သူ သိပါလိမ့်မယ်။

ဘာဘဲဖြစ်ဖြစ် ၁၀ - ၁၀ ဘဲ ဖြစ်ဦး။ ခုချိန်အထိ အနှုတ် တော့မပြသေးပါဘူး။ ကျွန်မတို့ မဆိုးလှပါဘူး မဟုတ်လား။ :-)

ရွှင်လန်းချမ်းမြေ့ကြပါစေ။

မတ်လ ၁၂ ရက် ရဲ့ ၁၀ နှစ် အမှတ်တရ ...

Read More...

Ratings