Friday, June 22, 2007

ပီတိ --- myself

တခြား အကြောင်း မပြောခင် ကိုယ့်အကြောင်း ကို နဲနဲ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ရေးချင်တာတွေက ကျွန်တော်နဲ့ ပတ်သက်တာတွေ ဖြစ်နေလို့ပါ။ အဲကလို… ပြောလိုက်တော့ ကိုယ်နဲ့မပတ်သက်တာ ဘယ်သူရေးမှာချင်လို့ မေးစရာဖြစ်လာလိမ့်မယ်။ ဆိုလိုချင်တာက ကျွန်တော်က senior blogger တွေလို အကြောင်းအရာကောင်းကောင်း မရှာတတ်တော့ ကိုယ့်အကြောင်းပဲ ရေးစရာရှိလို့ ကိုယ့်အကြောင်းကို် ရေးချင်တယ်လို့ပြောတာပါ။

ကျွန်တော်တို့မှာ မိသားစု ၅ ယောက်ရှိတယ်။ ဖေဖေ၊ မေမေ၊ ကိုကို၊ မမ နဲ့ ပီတိ။ ကျွန်တော်ကအငယ်ဆုံးပါ။ အငယ်ဆုံး ဆိုတော့ အဆိုးဆုံး ပေါ့လို့ပြော တဲ့သူတွေ ကြည့်မရခဲ့ဘူး။ ဟုတ်တယ်၊ ကိုယ်လည်း တကယ်မဆိုးဘူး၊ ဆိုးလို့လည်း မရဘူး။ မောင်နှမတွေ အားလုံး တန်းတူပဲ။ အခွင့်အရေးကို အသင့်တော်ဆုံးသူကို ဦးစားပေးတယ်။ ဒီလိုကြီးပြင်းလာတော့ လုပ်သင့်တာကို လုပ်ချင်တာထက် စဉ်းစားလေ့ရှိတယ်။

ဖေဖေရဲ့ အလုပ်က အိမ်နဲ့အဝေးကြီးမှာ ၃-လ နားရက်မရှိလုပ်ပြီး ၁-လ နားရတဲ့ အလုပ်မျိုးဆိုတော့ မိသားစုသိပ်ပြီးနေရလေ့မရှိဘူး။ နောက်ပြီး ကျွန်တော်က ဆယ်တန်းဖြေပြီးတာနဲ့ မိဘနဲ့ ဇာတိမြို့လေးကိုစွန့်ခွါပြီး ရန်ကုန်ကို ရောက်ခဲ့တယ်။ ဒီလို ချစ်တဲ့သူတွေနဲ့ခွဲခွါပြီး ကြီးပြင်းလာရတော့ ဘာကိုမှ သိပ်မလွမ်းတတ်တော့ဘူး။

ကျွန်တော်နေခဲ့တဲ့ ဇာတိမြို့လေးက ဘာသာရေးထုံးတမ်းစဉ်လာတွေနဲ့ ပြည့်နေတော့ က လေးဘ၀တုန်းကတည်းက မြန်မာ့ယဉ်ကျေးမှုနဲ့ နီးစပ်ခဲ့တယ်။ နောက်ပြီး ကလေးဘ၀ကို လွတ်လပ်ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ရတယ်။ အဲဒီအတွက်ကြောင့် ကံကောင်းတယ်လို့ ပြောလို့ရသလို၊ အချိန်တွေအများကြီး ဖြုန်းခဲ့တယ်လို့ ခံစားရတယ်။ အမှန်တိုင်းပြောရရင် ကိုယ့်ရဲ့ကလေး ဘ၀ကို ကျေနပ်တယ်။

(စာရေးဖြစ်အောင်အားပေးတဲ့ ဂျစ်တူးပန်ဒိုရာ နဲ့ ကိုမင်းတို့ကို ကျေးဇူးတင်ပါတယ်။)

No comments:

Ratings