Sunday, July 29, 2007

ဇာတိမြို့ရဲ့ ၀ါဆိုလပြည့်နေ့

ဒီနေ့ ၀ါဆိုလပြည့်နေ့ဆိုတော့ ကျွန်တော် ငယ်စဉ်က ကြီးပြင်းခဲ့တဲ့ မြို့လေးရဲ့ ဓလေ့လေးတွေ သတိရမိလို့ ဒီ post လေးကို ရေးမိတာပါ။

ကျွန်တော်နေ ခဲ့တဲ့မြို့မှာက ၀ါတွင်းကာလမှာ ဘာသာရေးနဲ့သက်ဆိုင်တဲ့ လှူဒါန်းတဲ့ဓလေ့မှစလို့ ၀ါကျွတ်ပြီးဆိုလျှင် ရပ်ကွက်တိုင်းမှ ဘုရားပွဲများနဲ့ ပြည့်နေတတ်ပါတယ်။ ကျွန်တော်နေခဲ့တဲ့ တလျှောက်လုံး နှစ်တွေသာပြောင်းသွားပေမဲ့ ဓလေ့ထုံးစံကတော့ မပြောင်းလဲပဲရှိနေခဲ့ပါတယ်။


ဝါဆိုလပြည့်မှာဆိုရင် မနက်အစောကြီး ၃နာရီလောက်ထပြီး ဆွမ်းထချက်ပြီး ညကတည်းက ပြင်ဆင်ထားတဲ့ သစ်သီး၊ မုန့်များ၊ ပန်း၊ ဆီးမီး စတဲ့ လှူဖွယ်ပစ္စည်းတွေနဲ့ မြို့မှာ တန်ခိုး အကြီးဆုံးဖြစ်တဲ့ ကျွန်တော်တို့အခေါ် ဘုရားကြီး (ရွှေစည်းခုံစေတီ)ကို အာရုံဆွမ်း ကပ်လေ့ရှိပါတယ်။ ဆွမ်းတော်ကြီးလောင်းလှူသော အဖွဲ့များက တေးသံတွေနဲ့ ဘုရားကိုပတ်ပြီး ပူဇော်ပါတယ်။ တမြို့လုံးနီပါး ပြုလုပ်တဲ ဓလေ့ပါ။ ဘုရားပေါ်မှာ လူတွေကတိုးမပေါက်လောက်ကိုစည်ပါတယ်။ လူတွေကများ၊ ဆိုင်သံ ဗုံသံနဲ့ဆိုတော့ ဘုရားကို သေချာအာရုံပြု ရှိခိုးနိုင်မှာမဟုတ်ပါဘူး။ လူကြီးတွေကတော့ ကုသိုလ်ယူ၊ လူငယ်တွေကတော့ ၀တ်ကောင်းစားလှဝတ်ပြီး ရှိုးထုတ်ကြ၊ ကျွန်တော်တို့ကတော့ ကလေးဆိုတော့ ဆော့ကြတာပေါ့၊့ တော်တော်ပျော်ခဲ့ပါတယ်။

ဘုရားမှာဆွမ်းကပ်ပြီးရင် အိမ်ကိုပြန်လာ ခဏနားပြီး၊ ဘုန်ကြီးကျောင်းတွေ သွားပြီးလှူဖို့ လှူဖွယ်ပစ္စည်းတွေ ပြင်ဆင်ပါတယ်။

မနက်ကြီး* ရနာရီလောက်မှာ အဒေါ်အိမ်မှာလူစုပြီး ဘုန်ကြီးကျောင်းတွေကို လှည့်လည်လှူဒါန်းခြင်း အစီအစဉ် စပါတော့တယ်။ ဆွေမျိုးးတစုလုံး စုပေါင်းသွားလေ့ရှိတာမို့ အားလုံးပေါင်း မိသားစု ၉ စုရှိပါတယ်။ အသက်အကြီးဆုံး ပီတိတို့ရဲ့ အဘ (အဖိုး) မှစလို့ ကလေးလေးတွေအထိပါ ပါတယ်။

ဝါတွင်းကာလတလျှောက်လုံး ဥပုသ်တပတ်နဲ့တပတ် ဘုန်းကြီးကျောင်းတွေကို မတူအောင်သွားလေ့ရှိတာကတော့ ကျွန်တော်တို့ဆွေမျိုးတွေရဲ့ ထုံးစံပါ။ လှူတဲ့အထဲမှာ ဆန်၊ဆီ၊ဆား၊ ကြက်သွန်နီ၊ ဖယောင်းတိုင် အဓိက နဲ့ အခြား အသုံးဝင်မဲ့ အခြောက်အခြမ်းတွေ အလျှင်းသင့်သလိုပါ လေ့ရှိပါတယ်။

ဝါဆိုဦးမှာ ပထမဆုံးသွားလေ့ရှိတာကတော့ ဘုန်းကြီးကျောင်း ၆ ကျောင်းပါ။ ပထမဆုံးသွားတဲ့ ဘုန်းကြီးကျောင်းကတော့ ဘုန်းဇင်ကျောင်းလို့ခေါ်တဲ့ ကျောင်းတိုက်ပါ။ အဲဒီကျောင်းက ဈေးနဲ့ နီးတဲ့ အတွက် လှူဒါန်းတဲ့သူပေါများပါတယ်။ ဒီဘုန်းကြီးကျောင်းက လာရောက်လှူဒါန်းပြီး သီလယူတဲ့လူတွေကို ပဲနီပြုတ်ကို ကြက်သွန်နဲ့သုတ်ထားတာရယ် ဧည့်ခံပါတယ်။ ကျွန်တော်တို့ ကလေးတွေက ဒီဘုန်းကြီးကျောင်းကို ပဲပြုတ်ကျောင်းလို့ ခေါ်ပါတယ်။

နောက် ဒုတိယသွားတဲ့ကျောင်းကတော့ မုန့်ကျွဲသဲကျောင်းလို့ ကျွန်တော်တို့ခေါ်တဲ့ မြစ်ကျင်းတိုက် ကျောင်းပါ။ ဘုန်ကြီးကျောင်းက ကျယ်ပြီး အရိပ်တွေကောင်းတော့ ကျွန်တော်တို့ အတွက် ကစားလို့ကောင်းတာပေါ့။ လူကြီးတွေက ရှိခိုး သီလယူနေချိန်ဆို ကလေးတွေက ဆော့လို့ပေါ့။ သာဓုခေါ်သံကြားမှ ဆော့နေရာပြေးပြီး ကျောင်းကကျွေးတဲ့ မုန့်ကျွဲသဲသွားစား ရေသောက် အမောဖြေ။ ကျွန်တော့် မေမေက ဘုန်းကြီကျောင်းတိုင်းမှာ ဆော့ခွင့်မပေးပါဘူး။ အနဲဆုံး တကျောင်းမှာတော့ ဘုရားရှိခိုး သီလယူရပါတယ်။

တတိယသွားတဲ့ ဘုန်းကြီးကျောင်းကတော့ နာမည်မမှတ်မိတော့ဘူး။ မြစ်ကျင်းတိုက် ကျောင်းနားက ဘုန်းကြီးကျောင်းငယ်တစ်ခုပါပဲ။ ဘုန်းကြီးကျောင်းက ဘာမှမကျွေးလို့ ထင်ပါရဲ့။
စတုတ္ထသွားတဲ့ကျောင်းကတော့ မင်းဘူးကျောင်းလို့ခေါ်ပါတယ်။ ကျောင်းထိုင်ဘုန်းကြီးနဲ့က အမျိုးစပ်ရင် တော်တယ်လို့ လူကြီးတွေကပြောပါတယ်။ ဘယ်လိုတော်တယ်ဆိုတာတော့ မသိခဲ့ပါဘူး။ ကျွန်တော်တို့ကတော့ အဲဒီကျောင်းကို ဇီးဖြူသီးကျောင်း လို့ခေါ်ပါတယ်။ အကြောင်းကတော့ ဘုန်ကြီးကျောင်းထဲမှာ ဇီးဖြူသီးပင်တွေရှိပြီး ကျွန်တော်တို့ သွားတဲ့ အချိန်ဆို ဇီးဖြူသီးတွေအများကြီးသီးနေတတ်ပါတယ်။ ဇီးဖြူသီးတွေကို ၀ါးလုံးနဲ့ရိုက်ပြီး ခူးပါလေ့ရှိလို့ ဇီးဖြူသီးကျောင်း လို့ခေါ်တာပါ။

နောက်ဆုံးသွားတဲ့ ၂ ကျောင်းကတော့ ငှက်ပစ်တောင် ကျောင်းတိုက်ထဲမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေပါ။ တကျောင်းက ပဲပြုတ်ကျွေးပြီး နောက်တကျောင်းကတော့ ဆန်ဆေးတောင်းပြန် ကမ်း**လေ့ရှိပါတယ်။ ဒါကြောင့် အဲဒီကျောင်းကို ဆန်ဆေးတောင်းကျောင်းပေါ့။ ငှက်ပစ်တောင် ကျောင်းတိုက်တွေက ကျယ်ပြီး သစ်ပင်တွေပေါတော့ အင်မတန်ဆော့လို့ကောင်းပါတယ်။ စိန်ပြေးတယ်၊ သေနတ်ပစ်တယ်၊ တူတူပုန်းတယ်။

အားလုံး လှူပြီးပြီဆိုတော့ အိမ်တန်းပြန်လေ့မရှိပါဘူး။ လူကြီးတွေက အဒေါ်တယောက်ရဲ့အိမ်မှာ အေးအေးဆေးဆေးထိုင် ရေနွေးသောက် စကားပြောကြပါတယ်။ ပီတိတို့ ကလေးတွေကတော့ မမောနိုင်ပဲ ဆက်ဆော့ကြ၊ ကစားကြပါတယ်။ ပြီးမှ အိမ်ကိုပြန် နေ့လည်စာစား၊ လူကြီးတွေကတော့ ဥပုသ်စောင့် ကျွန်တော်တို့ကတော့ ဥပုသ်အိပ်တာပေါ့။

ငယ်ငယ်က အပြင်က အပေါင်းအသင်းဆိုတာ မရှိသလောက်ပဲ၊ အမျိုးထဲမှာရှိတဲ့ အကိုတွေ၊ အမတွေ၊ တူတွေ၊ တူမတွေ နဲ့ဆော့လေ့ရှိပါတယ်။ ညီတွေ၊ ညီမတွေ မရှိဘူးလားဆိုတော့၊ ကျွန်တော်က ၀မ်းကွဲ မောင်နှမတွေထဲမှာပါ အငယ်ဆုံးပါ။ တူတွေလို့သာ ၀ါအရပြောတာပါ၊ တချို့တူတွေ တူမတွေက ကျွန်တော်ထက် အသက်ကြီးပါတယ်။

အော်… ကျွန်တော်တို့မြို့က ကျောင်းတွေက ၀ါတွင်းဆိုရင် စနေ၊ တနင်္ဂနွေ အစား အဖိတ်နေ့နဲ့ ဥပုသ်နေ့ ကိုပိတ်ပါတယ်။ အရောင်းအ၀ယ် အလုပ်တွေနဲ့ ဈေးလည်း ဥပုသ်နေ့ဆိုရင် ပိတ်ပါတယ်။ ကုသိုလ်ကောင်းမှု ဆောင်ရွက်နိုင်အောင်လို့ပါ။ နောက်ပြီး ၀ါဆိုလပြည့်ကျော် တရက်နေ့ကလည်း ပိတ်ရက်ပါ။ ၀ါဆိုလပြည့်ကျော် တရက်နေ့က လပြည့်နေ့ထက် ပိုပျော်ဖို့ကောင်းသေးတယ်။ ဖတ်ချင်ရဲ့လားတော့ မသိပါဘူး၊ ကျွန်တော်ကတော့ လာဖတ်တဲ့ သူတွေလည်း ကျွန်တော်တို့ အညာမြို့ ဓလေ့လည်းသိရလေအောင်၊ ကျွန်တော်လည်း အလွမ်းပြေ ဆိုပြီးရေးလိုက်တာပါ။
ကလေးဘ၀ကတော့ တော်တော်ပျော်ခဲ့ရတယ်လေ။ ပီတိရဲ့ဇာတိ ဘယ်မြို့ဆိုတာ သိလောက်ပြီ ထင်ပါတယ်။ ;)


* (မနက်ကြီး ဆိုတာ မနက်၊နံနက်ကို ကျွန်တော်တို့ဒေသအခေါ်ပါ၊ ရန်ကုန်ရောက်တော့ မနက်ကြီး လို့ဆိုတော့ မနက်ကလေးမရှိဘူးလား နဲ့မေးခံရပါတယ်။ အခု အဲဒီအခေါ်ကိုလွမ်းလို့ ခေါ်တာပါ။ ရန်ကုန်ရောက်ခါစက ပေးလုပ်ပါ၊ ပေးသွားပါ၊ ပေးပြောပါ စတဲ့ စကားတွေကို နားမလည်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ အဲဒါ အညာမှာလုံးဝ မသုံးတာ။ မြန်မာစာမှာလည်း မရှိဘူး။ ဘယ်ကပြောတဲ့ စကားတော့ ကျွန်တော်လည်းမသိပါ။ ခုတော့ ဂျာနယ်တွေမှာပါ သုံးနေတောတွေ့နေရတယ်။)
**(ကမ်းတယ်ဆိုတာ ဘုန်ကြီကျောင်းကနေ လာလှူတဲသူတွေကို ပေးတာကိုပြောတာပါ)


Read More...

Tuesday, July 24, 2007

ဒီရေး ဟိုရောက် ၊ ဟိုရေး ဒီရောက်

Post အသစ်တင်ဖို့ ရေးဖို့ကို မရောက်နိုင်ဘူး။ ဒီတပတ် စနေနေ့မှာ အတန်းမရှိလို့ ရေးဖို့အချိန်ရမယ် ထင်ခဲ့တာ။ မစီစဉ်ထားတဲ့ အစီအစဉ်တွေနဲ့ အလုပ်ရှုပ်လိုက်တာ အင်္ကျီတောင် မီးပူတိုက်ချိန်မရှိလိုက်ပါဘူး။ ဒီလိုနဲ့ တနင်္လာနေ့ နံနက်မှာ ၀ရုန်းသုန်ကား၊ ကမန်းကတန်း တကယ့်ကို ဖုတ်ပူမီးတိုက် မီးပူတိုက်၊ ရေချိုး၊ အ၀တ်စားဝတ် (ဒီအဆင့်က မပါလို့မရပါ) ကာ အပြေးထွက်လာခဲ့တာ၊ ရုံးကို မည်သို့မည်ပုံရောက် လာသည်ကိုပင်မသိ လိုက်ပါ။

ဘာတွေလုပ်လို့ ဒီလောက်တောင်ရှုပ်နေတာလဲဆိုတော့၊ ကောင်မလေးတွေက စနေနေ့မှာ အတန်းမရှိတာကို အခွင့်ကောင်းယူပြီး ချိန်းလိုက်ကြတာ၊ အချိန်တွေမတိုက်ရလေ အောင် MS Project ကိုသုံးပြီး စီစဉ်ကာ အချိန်းအချက်များကို လက်ခံ လိုက်ရပါလေတော့သည်။
အဟမ်း …. ပီတိတို့ ဒီလောက်မစွန်ပါဘူးဗျာ… အထင်ကြီးမလားလို့ပြောကြည့်တာ… :D

စနေနေ့က အပြင်ထွက်တဲ့ခရီးကို K-Box (karaoke) မှစတင်လိုက်ပါတယ်။ ကျောင်းတုန်းက သူငယ်ချင်းတွေက ပီတိကို လွမ်းလှချည်ရဲ့ ပီတိမှမပါရင် သူတို့ဘာသာသွားပြီး သီချင်းဆိုပါမည်လို့ တောင်းတောင်းပန်ပန် ပြောလာတာနဲ့၊ အားအားနာနာ နဲ့လိုက်ခဲ့ရပါတယ်။ သီချင်းပေါင်း များစွာ အော်ဟစ်ပြီးနောက် မောမောနဲ့ နေ့လည်စာစား၊ စားပြီးလို့ အားပြန်ပြည့်တာနဲ့ ပြန်အော်တာ ဆိုင်က၀န်ထမ်းတွေတောင် ခိုးနားထောင်ချင်လို့ထင်ပါရဲ့ အချိန်မပြည့်ခင် နာရီဝက်လောက် လိုသေးတာကို ၀င်လာပြီး bill တဲ့။ အဲဒီအချိန် ကျွန်တော်ဆိုနေတာက မြန်မာနိုင်ငံက ထွဏ်းထွဏ်းရဲ့ 25 Minutes ဆိုတဲ့သီချင်းကို့ MLTR က ကော်ပီပြန်ဆိုတဲ့သီချင်းပေါ့။ ကျွန်တော်ဆိုတာကို ခံစားရတယ်ထင်တယ် waitress လေးက ၀မ်းနည်းနေတဲ့ပုံလေးနဲ့ ရှုံ့မဲ့မဲ့လေး ဖြစ်နေရဲ့။ သူငယ်ချင်းတွေက တရုတ်တွေဆိုတော့ တရုတ်သီချင်းတွေ များများဆိုတာပေါ့။ နောက်ပိုင်း ရွေးစရာမရှိတော့ ၀ိုင်ဝိုင်း ရဲ့ လမင်းနဲ့ပင်လယ်၊ သမင်လည်ပြန် စတဲ့သီချင်းတွေရဲ့ သံစဉ်ကို တရုတ်စာသား ထည့်ဆိုထားတဲ့သီချင်းတွေကို ဆိုကြလေရဲ့။ ကျေနပ်စွာ ဟစ်ကြွေးပြီးနောက် အပြင်လည်းရောက်ရော နောက် appointment တခုအတွက် အချိန်မှီသွားဖို့ လက်ကိုင်ဖုန်းက အချက်ပေးပါလေရော။ အဲဒါနဲ့ ကမန်းကတန်း ၁၅မိနစ်ကြာလောက်ပဲ နှုတ်ဆက်စကားပြောပြီး ထွက်လာပါတယ်။

နောက်တွေ့ဖို့ ချိန်းထားတာကတော့ ပီတိရဲ့ အမတစ်ယောက်နဲ့ပါ။ သူက ပီတိကိုတွေ့တော့ နာရီကိုကြည့်ပြီး စောရောက်လာလို့တောင် အပြစ်တင်နေလေရဲ့။ အဲဒီ အမက သူရဲ့ အရင်က လုပ်ဖော်ကိုင်ဖက် တယောက်နဲ့ ပီတိကို စောင့်နေပါတယ်။ တကယ်တော့ ပီတိက သူတို့ရဲ့ ဂိုက်လုပ်ရမှာလေ။ နေ့လည်စာစားပြီးပြီလားဆိုတော့၊ အမက နင့်ကိုစောင့်နေတာတဲ့…ဟီး.. အမရဲ့ မိတ်ဆွေက မြန်မာအစားအစာ ကြိုက်တဲ့ ဂျပန်လူမျိုးဆိုတော့၊ လည်ဝယ်ဝယ်နဲ့ ထုံးစံအတိုင်း အစားအစာကောင်းပြီး ဈေးသက်သာတဲ့ အင်းလေး (ရိတ်ရိတ်ကြီး) ကို သွားဖို့ အကြံပေးလိုက်တယ်။ (အဲဒီအချိန်မှာ ဂျစ်တူးလည်း အင်းလေးမှာ ရှိရင်ရှိနေမှာ၊ သိရင်အော်လိုက်တာပေါ့ ဂျစ်တူးရာ…)

အေးအေးဆေးဆေးလည်း ထိုင်ပြီးရော အမက မိတ်ဆက်ပေးပါတယ်။ ကျွန်တော်က hajimemashite ဆိုတော့ သူက တွေ့ရတာ ၀မ်းသာပါတယ်လို့ ပြန်ပြောရော… ဟီး… အဲဒီကစပြီး စကားအတည်တွေပြောလိုက်တာ ၃ယောက်သား တဟားဟားနဲ့၊ တော်သေးတာပေါ့ ဆိုင်က ကျယ်တော့ ဘေးကလူတွေကို သိပ်ပြီးအနှောက်အယှက် မဖြစ်လို့။ ဘယ်သွားမလည်းဆိုတော့ no Sentosa, no shopping တဲ့။ ပီတိတို့က ကြိုက်တာပေါ့။ ဒါနဲ့ သွားဖို့ချိန်နေတာကြာပြီ မရောက်ဖြစ်သေးတဲ့ Asian Civilisations Museum ကိုခေါ်သွားတာပေါ့။ National Museum က ပီတိရောက်ဖူးတယ်လေ။ ဟဲဟဲ.. ဒီလိုပိုင်တာနော်။ ဟိုလည်းရောက်ရော ၀င်ကြေးက တယောက်ကို ၈ ဒေါ်လာ၊ ၃ယောက် family package ဆိုရင် ဒေါ်လာ၂၀ တဲ့။ ဟိုလူပေးမယ် ဒီလူပေးမယ်နဲ့၊ ပီတိမပေးလိုက်ရပါဘူး။
(အတည်ပြောတာ စိတ်ဝင်စားရင်၊ မရောက်ဘူးသေးရင် သွားကြည့်သင့်တဲ့နေရာတခုပါ။ ပီတိက စင်ကာပူမှာ နေတာကြာပြီ ဖြစ်ပေမယ့်၊ ပထမဆုံးအကြိမ်ရောက်တာပါ။ ရေဖို့အဆင်ပြေရင် Museumတွေနဲ့ ပတ်သက် post ရေးဖို့ရှိပါတယ်။ နောက်မှ ရေးတဲ့သူရှိရင် ပီတိအရင်စိတ်ကူးထားတာနော်… :P )

(ရှမ်းပြည်မှ အလှူပြုလုပ်နေပုံ ရှေးဟောင်း ပန်းချီကား)

နောက်ပြီး မောမောနဲ့ One Fullerton မှာရှိတဲ့ StarBucks မှာကော်ဖီသောက်။ ဒီတခါလည်း စိတ်မကောင်းစွာနဲ့ ပီတိပိုက်ဆံရှင်းခွင့် မရလိုက်ပါဘူး။ Marina Bay မှာ စင်ကာပူ အမျိုးသားနေ့အတွက် အစမ်းလေ့ကျင့်နေတာ ရပ်ငေး ကြည့်ပြီး Thai Express မှာ ညစာစားပါတယ်။ ယိုးဒယားစာကို စားချင်ရင် golden mile မှာပဲသွားစားပါလို့ အကြံပေးပါတယ်။ စားပြီးတော့ ရှင်းမယ်လည်းလုပ်ရော အမက ပီတိကို မရှင်းရဘူးလို့ပြောထားတော့ ပေးဟန်တောင်မဆောင်လိုက်ရဘူး… :D
အမျိုးသားနေ့အတွက် အစမ်းလေ့ကျင့်နေပုံ အဝေးမှမြင်ရစဉ်

ဒီလိုနဲ့ အိမ်ရောက်တော့ ၁၀နာရီကျော်နေပြီ လေ။ စနေနေ့ကုန်တာ မြန်လိုက်တာ…

တနင်္ဂနွေနေ့ အကြောင်း နောက်မှရေးတော့မယ်… :)

အပေါ်က K-box ဓာတ်ပုံထဲမှာ ပီတိမပါ ပါ.. ပြူးကြည့်လဲ တွေ့ရမည်မဟုတ်ပါ..ကင်မရာကိုင်ထားတာ ပီတိလေ.. :P

Read More...

Wednesday, July 18, 2007

အာဇာနည်နေ့ တို့မမေ့

`ကျွန်တော်တို့ ဗမာပြည်ဝယ် မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးကြရမယ်…´ ဆိုတဲ့ အာဇာနည်ြ့ကီးတွေကို ဂုဏ်ပြုတဲ့ တေးသံ နားထဲကြားနေမိတယ်။
ငယ်ငယ် ကဆို အာဇာနည်နေ့နီး ရင် အိမ်မှာ အာဇာနည် ဂုဏ်ပြု သီချင်းတွေ မေမေ က အမြဲဖွင့်တယ်၊ အာဇာနည်တွေကြောင်း ပြောပြတယ်၊ ဖတ်ဖြစ်အောင် စာအုပ်တွေ ထုတ်ထားပေးတယ်။ မေမေရဲ့ကျေးဇူးကြောင့် အာဇာနည်တွေကြောင်း ငယ်ငယ် ကတဲက သိရှိလေးစားခဲ့ရတယ်။

ကျောင်းတွေက အာဇာနည်နေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ တွေ၊ ပြပွဲတွေရှိတယ်။ နောက်ပြီး ကျောင်းအလိုက်၊ ဌာနအလိုက်၊ အဖွဲ့အစည်း အလိုက် အာဇာနည် ကျောက်တိုင်မှာ အလေးပြုပွဲတွေရှိတယ်။ အာဇာနည်နေ့ ၁၀နာရီ ၃၇မိနစ် ရောက်ရင် အားလုံး ငြိမ်သက်ပြီး အလေးပြုကြတယ်။ ဒါက ကျွန်တော်တို့ အညာမြို့လေးမှာပါ။
ခုတော့ ရန်ကုန်လိုနေရာမှာတောင် လွတ်လွတ်လပ်လပ် အလေးပြုခွင့် မရပါဘူး။ တိုင်းပြည်ကို အသက်စွန့်ပြီး လွတ်လပ်ရေးရအောင် ကြိုးပမ်း ခဲ့ကြတဲ့သူတွေကို လွတ်လွတ်လပ်လပ် အလေးပြုခွင့်မပေးတာ တော်တော်ရုပ်ဆိုးတဲ့ လုပ်ရပ်ပါ။
ကျွန်တော် စဉ်းစားနေတာ၊ အာဇာနည်နေ့ဆိုရင် တိုင်းပြည်ခေါင်းဆောင်လုပ်တဲ့လူတွေ ကိုယ်တိုင် အလေးပြုသင့်တာကို မလုပ်တာ၊ အာဇာနည်တွေကို ရဲရဲ ရင်မဆိုင်ဝံ့တာလားလို့။

အာဇာနည်တွေကို လေးစားသောအားဖြင့်၊ ကျွန်တော်တို့ လူငယ်တွေ နောင်တချိန် တိုင်းပြည်ကလိုအပ်လာခဲ့ရင် တိုင်ပြည်အတွက် အဆင်သင့်ဖြစ်အောင် ကြိုးစားထားဖို့ လိုပါတယ်။

Read More...

ဘာကြောင့် ?

အချစ်မှာ အကြောင်းပြချက် မရှိ
ဟုတ်တယ်
ငါမင်းကိုချစ်မိ ဘာကြောင့်လဲ မသိ။

မချစ်တာလည်း အကြောင်းပြချက် မရှိ
မင်းကပြောတယ်
`ငါ မင်းကိုမချစ်၊ ဘာကြောင့်လဲ မသိ´။

ခုလည်း ကြည့်
ဘာကြောင့်လဲ မသိ လွမ်းနေမိ တယ်။

Read More...

ရွံ့ပျောက်ရင် ရဲကိုတိုင်

ချိုကိုရဲ့ မစပ်သောငရုတ် ကိုဖတ်ပြီးတော့ ကျွန်တော် ကြားဖူးတဲ့ လုပ်ငန်းခွင်က အဖြစ် တစ်ခုကို သတိရမိပါတယ်။ ချိုကိုပြောသလို ခြေလက်အင်္ဂါစွန့်လှူခဲ့ရတဲ့ အရာရှိတစ်ယောက်ဟာ လုပ်ငန်းတစ်ခုမှာ အထူးအရာရှိ အနေနဲ့ ခန့်အပ်ခံရပါတယ်။ အထူးအရာရှိတို့ ထုံးစံအတိုင်း တာဝန် မယ်မယ်ရရမရှိ။ ဒါပေမယ့် ဟိုဆရာလုပ်ဒီဆရာလုပ်နဲ့ လူတတ်ကလုပ်ချင် ဆိုတော့ တကယ်အလုပ်လုပ်နေသူတွေ ခံရခက်နေပါတယ်။
တစ်နေ့ လုပ်ငန်းခွင်ထဲမှာ ရွံ့ပျောက်တယ် ဆိုတာကြားလို့ ချက်ချင်း အဲဒီနေရာကို လိုက်သွားပြီး ရွံ့ပျောက်တာကို ရဲကိုတိုင်ဖို့ အလုပ်လုပ်နေသူတွေကို အော်ဟစ် ကြိမ်းမောင်းပြီး ထွက်သွားပါတယ်။ အကြိမ်းအမောင်းခံရသူတွေက အူကြောင်ကြောင်နဲ့ ကျန်ခဲ့ပါတယ်။

နောက်တော့ သူအရှက်ရမှာစိုးလို့ ရဲမတိုင်ခင် ချက်ချင်းလိုက်ရှင်းပြရတယ်။ ရွံ့ပျောက်တယ် ဆိုတာ လုပ်ငန်ခွင် အသုံးအနှုန်းဖြစ်ကြောင်း၊ ရေနံတွင်းကို စက်နဲ့တူးတဲ့ အခါမှာ မြေမပြို၊ ပိုက်မညပ်ရလေအောင် ရွံ့လို့ခေါ်တဲ့ chemical ကိုသုံးရကြောင်း၊ အဲဒီ chemical ဟာ တွင်းထဲကိုဝင်သွားပြီး ပြန်ထွက်လာရပါတယ် (circulate ဖြစ်နေရပါတယ်)။ မဖြစ်ရင် တခုခု လွဲမှားနေပြီပေါ့။ အဲဒါကို ` ရွံ့ပျောက်တယ်´ လို့ခေါ်တာပါပေါ့။
သြော် ကျွန်တော်တို့နိုင်ငံမှာလေ ငရုတ်သီးတွေဟာ စပ်ခွင့်မရတာတွင်မက ငရုတ်သီး မဟုတ်တာတွေ လာစပ်တာပါ ခံနေရတာပါ။
ဒါကြောင့်လဲ Weather မကောင်းရင်လဲလိုက် တို့၊ pH7 နည်းတယ် pH8 တို့ pH9 တို့ ရအောင် ထုတ်ပါတို့၊ိုဖြစ်နေတာပေါ့။

ကျွန်တော်လဲ ကိုယ်တိုင်းပြည်မှာ စပ်သောငရုတ် ဖြစ်ခွင့်ရရင် စပ်ချင်ပါသေးတယ်။

Read More...

Tuesday, July 17, 2007

စင်ကာပူ လ၀က ခဏနားမည်

စင်ကာပူ လူဝင်မှုကြီးကြပ်ရေး နဲ့ နယ်စပ်စစ်ဆေးရေး အာဏာပိုင် အဖွဲ့ (Immigration & Checkpoints Authority) ဟာ National Database အဆင့်မြှင့်တင်ဖို့ရာ အတွက် ဗီဇာ လျှောက်ထားခြင်း၊ သက်တန်းတိုးလျှောက်ထားခြင်း များ လက်ခံ ဆောင်ရွက်ခြင်းကို ဂျူလိုင် ၂၃ (တနင်္လာနေ့) မှ ၂၆ (ကြာသာပတေးနေ့) ထိ ယာယီ ပိတ်ထားမှာ ဖြစ်ပါတယ်။

ဒီကြားထဲမှာ နေထိုင်ခွင့် သက်တမ်း ကုန်မည့် သူငယ်ချင်းတွေ ရှိရင် ကြိုတင် သက်တမ်းတိုးဖို့ သတိပေးလိုက်ပါဦး။

အသေးစိတ်ကို http://www.ica.gov.sg/ မှာကြည့်နိုင်ပါတယ်။


(စင်ကာပူ လ၀က လည်း ကျွန်တော်တို့ blogger တွေရဲ့ စတိုင်ကို အတုခိုးတာထင်တယ်နော် :P)

Read More...

Monday, July 16, 2007

ရွေးချယ်မှုတစ်ခု

ဒီနေ့ တနင်္ဂနွေနေ့ အိပ်ယာကနိုးတော့ နေ့လည် ၁၂ နာရီထိုးနေပြီ။ နံနက်စာ နဲ့ နေ့လည်စာ ပေါင်းစားပြီးတော့ ထုံးစံအတိုင်း computer ရှေ့ရောက်လာရော… မလိုတဲ့ file တွေ ရှင်းရင်းနဲ့ သူငယ်ချင်းတစ်ယောက် ပို့ထားတဲ့ ဇာတ်လမ်းတစ်ပုဒ် ကို နောက်တစ်ခါထပ်ဖြစ်တယ်။ ပထမ တစ်ခါဖတ်ကထဲက အဲဒီ့ ဇာတ်လမ်းလေး ကြိုက်နေတာ။ ခုတခါဖတ်တော့လည်း ကြိုက်နေတုန်းပဲ။ G-Talk ကို ကြည့်လိုက်တော့ သူငယ်ချင်းက online ရှိနေတော့ ချက်ချင်း ခွင့်ပြုချက်တောင်းလိုက်ပြီးတော့၊ အားလုံးဖတ်ဖို့တင်လိုက်ပါတယ်။
ဒီဇာတ်လမ်းလေးဟာသူကိုယ်တိုင်ခံစား ခဲ့ရပြီး ရေးထားခဲ့တာပါ။ ဖတ်ကြည့်ပါဦး…

----------------------------------------- ------------------------------------------------

ရွေးချယ်မှုတစ်ခု
ကြာတော့လည်းကြာခဲ့ပါပြီ။ ရင်ထဲမှာတော့ မနေ့တစ်နေ့ကလိုပါပဲ။

--- --- ---

ကော်ဖီခွက်လာချပေးသွာသော စားပွဲထိုးလေးကို လိုက်ကြည့်နေမိတဲ့ အခိုက်အတန့်မှာပဲ…
`ကို့ကိုပြောစရာရှိတယ်ဆို´
`ဟုတ်တယ်ကို´
`ဘာပြောမလို့လဲ၊ ညီမလေးမှာ ပြဿနာ တစ်ခုခုရှိနေလား၊ ကိုဘာကူညီရမလဲပြော…´

ကိုက ဒါတွေကြောင့် တကယ့်ကိုချစ်ဖို့ကောင်းနေတာ၊ ကျွန်မ အသာအယာ ပြုံးမိသည်။ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးမှ….

`ကို့ကို ကျွန်မရင်မခုန်တော့ဘူးကို´
အကြိမ်ကြိမ် ကျင့်ထားတဲ့ကျေးဇူးပါပဲ။ တုံးတိတိကြီး ပြောချလိုက်မိသည်။

`ဘယ်လို´

အံ့သြသွားသလားကိုရယ်။ ကျွန်မမျှော်လင့်ထားပြီးသားပါ။ လောကကြီးတခုလုံး တိတ်ဆိတ်သွားသည်။

`ကို့ကိုကျွန်မ မချစ်တော့ဘူးကို။ ကျွန်မကိုခွင့်လွှတ်ပါလို့တော့ မပြောချင်တော့ဘူး။ တကယ်ပါ။´
`ဘယ်လိုဖြစ်ရတာလဲ ညီမလေးရယ်၊ ကိုဘယ်လိုနားလည်ရမှာလဲ။ ညီမလေး စ နေတာပါနော်။ ဟုတ်တယ်နော်။´

မှိုင်းညှို့သွားတဲ့ ကို့မျက်နှာကို ကျွန်မ ဘယ်လိုအင်အားနဲ့ကြည့်ရပါ့။ လောကကြီးရယ်။ နင်သိပ်ရက်စက်တယ်။

`ညီမလေး အတည်ပြောနေတာကိုရဲ့။ ညီမလေး မ စ တတ်တာ ကိုသိသာနဲ့။
ကိုသတိထားမိမှာပေါ့၊ ခုတလော ညီမလေး အလုပ်များနေလို့ ဆိုပြီး ကိုနဲ့ စကားသိပ်မပြောဖြစ်၊ မတွေ့ဖြစ်တော့တာလေ။´

ကိုဘာမှမပြောပါ။ ကို့မျက်နှာကိုလည်း ကျွန်မ မကြည့်ပါ။ ကိုမသောက်ဖြစ်သေးတဲ့ ကော်ဖီခွက်သို့သာ အကြည့်ပို့ထားမိသည်။
ကျွန်မရဲ့ ရင်ထဲမှာတော့ ကို့ခွက်ထဲက ကော်ဖီလို ခါးသက်ပြီး ပူလောင်နေလေရဲ့။ အားယူပြီး စကားဆက်ပြောဖြစ်သည်။

`တကယ်တော့ ညီမလေး ကိုယ့်ကိုကိုယ် သေသေချာချာ သုံးသပ်နေတာကိုရဲ့။ အခုတော့ အသေအချာကိုသိလိုက်တယ်လေ။ ကို့ကို မချစ်တော့ဘူး။ ရင်မခုန်တော့ဘူးဆိုတာကိုပေါ့။ ဒါပေမယ့် ကိုသိထားဖို့က ကို့ကို ချစ်ခဲ့တုန်းက လေးလေးနက်နက်နဲ့ အတည်ချစ်ခဲ့တာ ဆိုတာရယ်၊ ကို့ကို လှည့်စားဖို့လဲ လုံးဝ မရည်ရွယ်ခဲ့ဘူး ဆိုတာကိုပါပဲ။´

ဒါတွေပြောဖို့ကျွန်မဘယ်လောက်အားယူခဲ့ရသလဲနော်။ မျက်ရည်ပင်လယ် ဝေခဲ့ရတဲ့ နေ့ညတွေကို ကိုတော့ ဘယ်သိနိုင်ပါ့မလဲ။ ကိုလဲ မသိစေရပါလေ။ ဆက်ပြော ဖြစ်နေတာကတော့ …

`ညီမလေးရဲ့ အပြစ်ပါကို၊ ညီမလေးဆိုလိုတာက ညီမလေးရင်ထဲက အချစ်ဟာ ဒီလိုလွယ်လွယ်နဲ့ ပျောက်ကွယ်သွားတာကိုပေါ့။ သူ့ဟာသူဖြစ်လာတာဆိုတော့လဲ ညီမလေး မတတ်နိုင်ဘူးလေ။ မမျှော်လင့်ဘဲနဲ့ ကိုယ့်မှာ ဒီလို အားနည်းချက်ရှိနေပါလား ဆိုတာကို သိလိုက်ရတယ် ဆိုပါတော့။´

အသံက အဖျားခတ်သွားသည်။ အသက်ကို ခိုးရှူနေမိသည်။ ကို့မျက်နှာ အဘယ်သို့ ရှိနေမလဲနော်။ စားပွဲပေါ်တင်ထားတဲ့၊ (ကျွန်မဒီတစ်သက် ကိုင်ခွင့်ရှိမှာ မဟုတ်တော့တဲ့) ကို့လက်ချောင်းလေးတွေက ဒီနေ့မှ ပိုပြီးချစ်ဖို့ကောင်းနေတာ တဆိတ်မလွန်လွန်းပေ ဘူးလားကွယ်။ ရင်ထဲနင့်သွားရသည်။ အကြည့်ကို ကန်ရေပြင်ကိုသို့ လွှဲလိုက်မိသည်။

ရေဘဲလေးတွေတော့ ပျော်လို့မြူးလို့ရေထဲ ကူးခတ်ကစားနေလေရဲ့။

`ကို…ကျွန်မကို တစ်ခုခုပြောပါလား´
ကို အသံမထွက်ပါ။ ကို့မျက်နှာကို ကျွန်မကြည့်ဝံ့ပါ့မလား။ အင်း ဘာလို့မကြည့်ဝံ့မှာလဲ။ ခုချိန်မှ တစ်ဝကြီး ကြည့်ထားသင့်တာ။ ကျွန်မမျက်နှာကို ကို့ဖက်လှည့်လိုက်သည်။

အို… ကိုမျက်ရည်ဝဲနေပါလား။ ကျွန်မကို ကျေးဇူးပြုပြီး ဒီလိုကြေကွဲအကြည့်မျိုးနဲ့ မကြည့်ပါနဲ့လား ကိုရယ်။ ကျွန်မအရည်ပျော်လို့ မဖြစ်ဘူးလေ။ မာနနှင့် စိတ်အားငယ်မှု ဒွန်တွဲနေတဲ့ အဖြစ်မျိုးတွေနဲ့ ကျွန်မပါ ကို။

အရင်လက အခြေအနေတစ်ရပ်ထဲ စိတ်ကရောက်ရပြန်သည်။ ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်တဲ့ အဖြစ်အပျက်လေးပါပဲ။ တစ်ချိန်ချိန်အထိပေါ့။
`မမတို့က ချမ်းသာ၊ ဆင်းရဲမခွဲခြားတတ်ဘူး။ မမတို့ရဲ့ ဆွေစဉ်မျိုးဆက်ဟာ ဘယ်လိုရှိသလဲ ဆိုတာ ငါ့ညီမလည်းသိမှာပေါ့။´

ကျွန်မသိတယ်လေ၊ ကိုတို့ အသိုင်းအ၀န်း အားလုံးက ပညာတတ်၊ ဂုဏ်ရှိတဲ့ အသိုင်းအ၀န်း ဆိုတာကိုပေါ့။ ကိုက သူ့ကြောင်းတွေကို အားလုံးပြောပြထားပြီးသားပဲဟာ။

`မျိုးရိုးဂုဏ်သိက္ခာ ဆိုတာငွေနဲ့ ၀ယ်လို့မရဘူး ညီမရဲ့၊ ဒီလိုအသိုင်းအ၀န်းထဲကို ငါ့ညီမရဲ့ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ၀င်ဆန့်နိုင်ပေမယ့် ညီမရဲ့ မိဘ၊ ဆွေမျိုး၊ အသိုင်းအ၀န်းက ၀င်ဆန့်ပါ့မလား။´

ဘုရားရေ…လက်လုပ်လက်စား နယ်မှ မိဘနှစ်ပါးနှင့် ဆယ်တန်းတောင် အဖြစ်ရှိအောင် မအောင်နိုင်တဲ့ မောင်လေးနှစ်ယောက်ရဲ့ မျက်နှာများက တစ်လှည့်ဆီ ပေါ်လာရတော့သည်။ ဒါတွေကို ကိုသိသားပဲ။ ကို ကျွန်မကို ချစ်ခွင့်ပန်တုန်းက အသေအချာ ရှင်းပြခဲ့ပြီးသား။ ကိုက ဒါတွေ ဂရုမစိုက်ခဲ့ပါ။ အချစ်ဟာ အရာရာကို အောင်နိုင်ပါတယ်…တဲ့လေ။ ကိုချစ်တာ ကျွန်မရဲ့ အရည်အချင်းတွေပါ…တဲ့။ ကို့အချစ်ကိုတော့ ကျွန်မအကြွင်းမဲ့ယုံကြည်သားပါ။ ကိုလောက်ချစ်တတ်သူတောင် ကမ္ဘာမှာ ရှိပါ့မလားပေါ့။

`မမတို့ မိသားစုမှာ ယောင်္ကျားလေးဆိုလို့ ဒီမောင်လေးပဲ ရှိတာ။ အကောင်းဆုံး ဖြစ်စေချင်တာလေ။ ငါ့ညီမလည်း ပညာတတ်တစ်ယောက်ပဲ မမ ဘာကိုဆိုလိုတယ်ဆိုတာ နားလည်မှာပေါ့။ ´
အဲဒီအချိန်အထိ ကျွန်မ နှုတ်ဖျားက စကားတွေ မချွေနိုင်သေး။ ကျက်သရေရှိလှတဲ့ ကို့မမကြီး မျက်နှာကိုသာ ငေးကြည့်ရင်း ကျွန်မ ဆွံ့အနေခဲ့ရသည်။

`ချစ်သူသက်တမ်း ၃နှစ်ပြည့်တဲ့နေ့မှာ ကိုတို့ လက်ထပ်မယ်နော်…´ လို့ ကို ပြောဖူးတယ်။ ခုမှ ချစ်သူသက်တမ်း တစ်နှစ်လောက်ပဲရှိသေးတာ၊ ခွဲရဖို့ ကြမ္မာ ကဖန်လာပြီကော။

အမျက်ဒေါသမထွက်ရဟု ကိုယ့်ကိုယ်ကို နှစ်သိမ့်ပြီး…
`ကျွန်မစဉ်းစားပါရစေ။ လူတိုင်းမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ရှိစမြဲ မဟုတ်လား မမ´
`စဉ်းစားပါငါ့ညီမ။ အနာဂတ်အတွက်ပါ ထည့်သွင်း စဉ်းစား။ အဖြေဟာ မမတို့မျှော်တာနဲ့ တစ်ထပ်တည်းကျမှာပါ။ ငါ့ညီမက တစ်ကယ် ပညာတတ် တစ်ယောက်ဆိုရင်ပေါ့။
ဒါမမရဲ့ visiting card ပါ။ အနှေးနဲ့အမြန် အဖြေရမယ်လို့ မမ ယုံကြည်ပါတယ်။ Phone ဆက်လိုက်ပါညီမ။ မမကိုခွင့်ပြုပါဦး´

ဆင်မယဉ်သာ ကျောခိုင်းလျှောက်လှမ်းသွားတဲ့ ကို့မမကိုကြည့်ရင်း ကို့ကိုချစ်မိလို့ ပထမဆုံးအကြိမ် မျက်ရည်ကျခဲ့ရတယ်ကို။ ငါဘာကြောင့် ဒီလိုအသိုင်းအ၀န်းမျိုးမှာမှ လူလာဖြစ်ရသလဲလို့ ပထမဆုံးအကြိမ် တွေးမိသွားတယ်။ ခွင့်လွှတ်ပါ ဖေဖေ နဲ့ မေမေ၊ ပညာမတတ်၊ ဂုဏ်မဲ့တဲ့ ကျွန်မရဲ့ အသိုင်းအ၀န်းကြောင့် ကျွန်မ အသည်းနင့်အောင်ချစ်ရတဲ့ ကို့ကိုစွန့်လွတ်ရမယ်တဲ့လား။

ကို့နဲ့ ဝေးရမယ်ဆိုတဲ့အတွေးမျိုး တစ်ခါမှ စိတ်ကူးနဲ့တောင် မတွေးရဲခဲ့ဖူးပါ။ ကျွန်မကို့ကို သိပ်ချစ်တယ်လေ။ တစ်လလောက် ကို့ကို တစ်နည်းမဟုတ် တစ်နည်း ရှောင်ပြီး ကျွန်မ တိတ်တဆိတ် ကြေကွဲ ဖြေရှာနေခဲ့တယ်။ ကို့လောက် စိတ်ထားမြင့်မြတ်သူ မရှိပါဘူး။ ကိုဟာ အရမ်းကို ကြင်နာတတ်၊ ခွင့်လွတ်နားလည်၊ စာနာတတ်သူတစ်တယောက်ပါ။ ကို့ကိုဆုံးရှုံးမှုဟာ အစားထိုးမရတဲ့ ဆုံးရှုံးမှု မျိုးဖြစ်နေမှာ ပြောဖို့တောင် မလိုဘူး။

`၀မ်းသာလိုက်တာ ညီမရယ်။ မမ သိနေပြီးသားပါ။ ငါ့ညီမရဲ့စေတနာကို မမ အသိအမှတ်ပြုလေးစားပါတယ်။ ငါ့ညီမ ဘ၀မှာ အောင်မြင်မှုတွေ ရနိုင်ပါစေ လို့ မမဆုတောင်း လိုက်တယ်နော်´
`ကျွန်မနောက်ဆုတ်ပေးပါ့မယ်´ ဟု ကို့မမကိုတနေ့က Phone နဲ့ပြောဆိုအသိပေးတုန်းက သူတုန့်ပြန်တဲ့စကားပါ။

`ကျေးဇူးတင်ပါတယ်မမ။ ကျွန်မ အောင်မြင်မှာပါ။ အချစ်မှာ ကျရှုံးပေမယ့် အရာရာ အောင်မြင်စေရမှာပါ။ တရာ:သောနည်းတွေနဲ့ပေါ့။ ဒါပဲနော်´ ဒီထက်လဲ ပြောစရာ မရှိတော့တာ။

ကို့ကိုချစ်၍ပဲ ကျွန်မစွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့တာလေ။ အချစ်စစ်၊ အချစ်မှန်တို့ မည်သည် မဖြောင့်ဖြူးတဲ့။ ဒါပေမယ့် အဆုံးမှာတော့ ပြန်ဆုံစမြဲ။ ကျွန်မ နဲ့ ကို့ရဲ့ အချစ်က စစ်မှန်တယ်လို့ ကျွန်မက အကြွင်းမဲ့ကို ယုံကြည်တာ။ ပြန်ဆုံဖို့တော့ ဘယ်လိုမှ မဖြစ်နိုင်တော့။

`ကို…တစ်ခုခုပြောဦးလေ…´
ကျွန်မ ကို့ မျက်လုံးကို တည့်တည့်ကြည့်လိုက်သည်။

`အင်း…ကို ပြောချင်တာကတော့…
ကို ညီမလေး ကို နားလည်ပါတယ်။ ညီမလေးဟာ စကားတစ်ခွန်းကို လွယ်လွယ်မပြောတတ်မှန်း ကိုသိထားတယ်လေ´

ဒီအရည်အချင်းကိုလဲ ကိုချစ် တာပဲမဟုတ်လား။

`ခွင့်လွှတ်ပါလို့ ညီမလေး မတောင်းခံပေမယ့် ကို ခွင့်လွှတ်တယ်။ ဖန်တီးလို့ မရသလို ဖျက်ဆီးလို့လဲ မရဘူးဆိုတာ ကိုလက်ခံထားတယ်။ ကိုဆိုလိုချင်တာက ညီမလေး ကို့ကို မချစ်တော့ဘူးဆိုရင်လဲ ကို လက်ခံတတ်ရမှာပေါ့။`

ကိုရယ်…ကို့ကို ကျွန်မအရမ်းချစ်တာပဲ။ ကျွန်မ အံကြိတ်ထားမိသည်။ ကိုသဘောထားကြီးတာ သိလေလေ ကျွန်မရင်ထဲ မချိလေလေပဲ ကို။

`ဒီနေ့အထိ ညီမလေး မေတ္တာ၊ စေတနာ၊ အချစ်တွေ အတွက် ကျေးဇူးပါ။ ကိုတကယ် ပျော်ခဲ့ပါတယ်။´
´ကို့ကိုလည်း ကျေးဇူးပါနော်။ ညီမလေးလည်း တကယ်ပျော်ခဲ့ပါတယ်။ အစစ အရာရာ အတွက် ကျေးဇူးပါကို´

`ကို့ကို သူငယ်ချင်းအနေနဲ့တော့ ညီမလေး လက်ခံဦးမှာ မဟုတ်လား´
`ကိုဟာ ညီမလေး ရဲ့ ထာဝရ သူငယ်ချင်းပါကို။ ဒါပေမယ့် ဝေးဝေးမှာပဲ နေပါရစေတော့´
`သြော်…ဒီလောက်တောင်ပဲလား ညီမလေးရယ်´

ဝေးဝေးကပဲ လွမ်းနေပါရစေကို။ မြင်နေရရင် ကျွန်မသေလိမ့်မယ်။

`ကိုနားလည်ပါပြီ။ ဟုတ်ပြီလေ။ ကို ညီမလေး ကိုတော့ ချစ်နေဦးမှာပဲ။ အချိန်အတိုင်းအတာ တစ်ခုထိပေါ့။ ညီမလေး စိတ်ချမ်းသာမယ်ဆိုရင် ကို ကျေနပ်ပါတယ်။ ဂရုစိုက်နော်… အမြဲတမ်း အတွက်ပြောတာ။ ကို ညီမလေး ဆောင်ကို ပြန်လိုက် ပို့ပေးရမလား´
`ရတယ်ကို။ ကိုသွားချင်ရင် သွားလို့ရပြီနော်။ ကျွန်မ နေခဲ့ပါရစေ။´
`ဒါဆို ကိုသွားပါရစေတော့ သိလား။ နှုတ်မဆက်တော့ဘူးနော်´
`အင်း…အမုန်းမပါတဲ့ ခွဲခွါ ခြင်းအတွက်လည်း ကို ညီမလေးကို ကျေးဇူးတင်ပါတယ်။ ကိုသွားပြီနော်´
ကို့ကို ယဲ့ယဲ့လေး ပြုံးပြပြီး ခေါင်းငြိမ့် ပြလိုက်သည်။

အသာအယာ ကျောခိုင်းသွားသော ကို့ကို နောက်ဆုံးတစ်ဝကြီး ကြည့်ဖြစ်သည်။ မျက်ဝန်းထဲမှာတော့ မျက်ရည်တွေလည်နေလေရဲ့လေ။

ကိုရေ…ပိုင်ဆိုင်ရမှ အချစ်လို့ခေါ်တာ မဟုတ်ရပါဘူး။ ဝေးဝေးကနေလဲ ချစ်လို့ရသားပဲ။ ကို တစ်နေ့ကျရင် ညီမလေးကို မေ့သွားမှာပါ။ ညီမလေးလည်း ကို့ကို မေ့သွားမှာပါ။ ကို ပြောသွားသလိုပေါ့၊ အချိန်အတိုင်းအတာတစ်ခုထိပေါ့။ ကို့ အနာဂတ်ဟာ လှပနေမှာပါ။

မိသားစုဆိုတာ သွေးနဲ့ချည်နှောင်ထားတဲ့ အနှောင်အဖွဲ့တစ်ခုပါ။ သံယောဇဉ်ကြိုးကို ဖြတ်တောက်လို့ မရနိုင်ဘူးလေ။ ကျွန်မမိသားစုလေး ဘာပဲ ဖြစ်နေနေ ကျွန်မ သံယောဇဉ်ရှိတယ်။ ကျွန်မကြောင့် သူများတွေကြား သူတို့လေးတွေ အနှိမ်ခံရမှာကို ကျွန်မ မလိုလားဘူးလေ။ ဒီလို အသိုင်းအ၀န်းကြားမှာ လူဖြစ်ရလို့လဲ ကျွန်မကျေနပ်တတ်ပါပြီ။ လူ့ဘ၀ဆိုတာ ရခဲတယ် မဟုတ်လား။

တကယ်တမ်းတော့ ကို့အတွက် ကျွန်မ မိသားစုအတွက် အသင့်တော်ဆုံးသောလမ်း ကို ကျွန်မ အသည်းနှလုံးတစ်ခုလုံးနဲ့ ရင်ပြီးရွေးခဲ့ခြင်းပါ။

ကိုနဲ့ဝေးခဲ့တာ သုံးနှစ်ရှိခဲ့ပြီ။ ကျွန်မရဲ့ ဆုံးဖြတ်ချက်ပေါ် ကျွန်မခုချိန်ထိ ဂုဏ်ယူနေဆဲပဲ။ ကို့ကို ရင်ထဲ နင့်အောင် ချစ်နေ၊ လွမ်းနေသေးတာက လွဲလို့ပေါ့နော်…..

စကားဖြူ

Read More...

Sunday, July 15, 2007

Blog အရေခွံလဲခြင်း

မနေ့က စနေနေ့ ကျောင်းရှိတာနဲ့ စောစောထသွားရပါတယ်။ စောစောလို့သာပြောရတယ် ကျောင်းရောက်တော့ break ပေးခါနီးနေပြီ။ ကျောင်းကပြန်လာတော့ ခဏဆို လှဲလိုက်တာ အိပ်ပျော်သွားပါလေရော။ နေ့လည်အိပ်ကျင့် မရှိပေမယ့် အိပ်ရေးပျက်တာများနေတော့ အိပ်ပျော်သွားတာထင်ပါတယ်။ ကျွန်တော်က နေ့လည်အိပ်လိုက်ရင် ညဆို အိပ်မပျော်တတ်ဖြစ်တတ်တယ်။ ညစာစားပြီး အလုပ်နည်းနည်းလုပ်။ နေ့စဉ်လုပ်နေကျ Blog တကာလည်ပတ်ရော …အင်း…သူများ Blog တွေ လှလှပပ သပ်သပ်ရပ်ရပ်နဲ့၊ ကိုယ့် blog ကြည့်လိုက်တော့၊ မဖြစ်သေးပါဘူးဆိုပြီး font တွေပြင်မယ်လုပ်၊ လုပ်ရင်းနဲ့ Template ပါပြောင်းလိုက်ရင် ကောင်းမယ် အတွေးက၀င်လာပါတယ်။
အဲဒါနဲ့ ရှိပြီးသား template တစ်ခုကို သူငယ်ချင်းတစ်ယောက်ဆီက ယူထားတဲ့ ဓာတ်ပုံ နဲ့ ပေါင်းစပ်ပြီး ပြင်လိုက်ပါတယ်။ ဓာတ်ပုံတွေက Thailand က ကမ်းခြေတစ်ခုမှာ ရိုက်ထားတာပါ။

ဂျစ်တူးရဲ့ မွေးနေ့ နဲ့မှာ template ပြောင်းလိုက်တော့ အမှတ်တရ ဖြစ်သွားတာပေါ့။ :D
ကိုမင်း… post အသစ်တင်လိုက်ပြီနော်…counter ကို reset လုပ်ပေးပါ… :P

Read More...

Tuesday, July 3, 2007

Peti’s way of memorizing

Blog သိကြားမင်း သဖွယ် ကိုမင်းရဲ့ ကြိမ်းမောင်းသံကြောင့် post အသစ်တင်ရပါတော့မယ်။ ရေးစရာစဉ်းစားတော့ nest = မဲစ်ထ် ကိုဆက်ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Hiking နဲ့ပတ်သက်တာရေးဖို့စိတ်ကူးပါသေးတယ်။ ဒါပေမယ့် ရေးစရာတွေ များနေတော့ အချိန်မရသေးလို့ ဒီ post ရေးတာပါ။ ဂျစ်တူးလို ပီပီ ပြင်ပြင် အနားယူတာ မဟုတ်၊ ပန်ဒိုရာလို ဆားချက်ခြင်းလဲမမည်၊ ကိုမင်းလိုပျားဖွပ်မှု မလုပ်၊ Petition တစ်ခုအတွက်လက်မှတ်လိုက်စုနေသည်မှ Transformers ကြည့်သောအလုပ်များဖြင့် ရှုပ် နေလို့ post အသစ် မရေးနိုင်ခြင်း ဖြစ်ပါသည်။ Blog ကိုအလယ် လာရောက်သော မိတ်ဆွေများကို လည်း အားနာပါတယ်။ အားနာနာနဲ့ပဲ ထပ်လာပါဦးလို့ ဖိတ်ခေါ်ပါတယ်။

ပီတိရဲ့ မှတ်သားလောက်တဲ့ မှတ်သားနည်း ကို ပြောချင်လို့ပါ။
နွေရာသီကျောင်းပိတ်ရက်ရောက်လျှင် ကျွန်တော်တို့ မိသားစုအားလုံး ဟာ ကျွန်တော့်ဖခင် အလုပ်လုပ်ရာ ဒေသကို အလည်အပတ်သွားလေ့ရှိပါတယ်။ အင်မတန်ပူပြင်းခြောက်သွေ့သော နေရာဖြစ်ပေမယ့် အေးမြတဲ့ မိသားစု အရိပ်ကြောင့် သွားတဲ့အခါတိုင်း ပျော်ရွှင်ခဲ့ပါတယ်။
ကျွန်တော့်အသက် ၁၂ နှစ် လောက်က အလည်ရောက်တုန်းနဲ့ အလှူတစ်ခုနဲ့ ကြုံ ကြိုက်ပါတယ်။ ကျွန်တော့်အဖေ့ ထုံးစံတိုင်း ၃-၄ ရက်အလိုက အလှူကို သွားမယ်နေ့မှာ စောစောထ ဖို့ ကြိုပြောထားပါတယ်။ သွားရမယ့် အလှူက ၂ နာရီလောက် ကားမောင်းပြီးသွားရမယ့် လယ်ကိုင်း ဆိုတဲ့ရွာဖြစ်ပါတယ်။
မသွားခင် တရက်မှာ ဖေဖေက ထပ်ပြီး စောစောအိပ်၊ စောစောထဖို့ သတိပေးပါတယ်။ အထူးသဖြင့် နှိုးရတာ ခက်တဲ့ ကျွန်တော့်ကို ပြောပါတယ်၊ ပြီးတော့ဆက် မေးတယ် `သားငယ် မနက်ကြဘယ်ကိုသွားမှာလဲ` တဲ့။ ကျွန်တော်ဖြေတဲ့ အဖြေကြောင့် အားလုံးက `ဘာ` ဆိုပြီး ခဏကြောင်သွားကြပြီး ရီလိုက်ကြတာ။
ကျွန်တော်ဖြေလိုက်တာက `ယာကွေးကို သွားမှာလေ`တဲ့။ ဟီးဟီး

နားမလည်သေးရင် … ကျွန်တော်မှတ်ထားတာကဒီိလိုလေ (လယ်=ယာ၊ ကိုင်း=ကွေး)

ကျွန်တော်တို့မိသားစုဆုံတိုင်း၊ ရှေးဟောင်နှောင်းဖြစ်တွေပြောတိုင်း အမြဲပါတဲ့ အကြောင်းတခုပေါ့။

Read More...

Ratings