Friday, August 31, 2007

မေမေ ရှင်းပြတဲ့ ဗုဒ္ဓ ရဲ့ မင်္ဂလာတရားတော် - ၃

သားငယ်

ကလေးဘ၀က အော်ဟစ်ရွတ်ဆိုခဲ့ဖူးတာက-
`လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့
မမှီဝဲနဲ့ ကင်းအောင်နေ
´။

အမေ တွေးကြည့်မိတယ်။ လူရယ်လို့ဖြစ်လာရင် ကင်း အောင်နေလို့မရတဲ့ လူတန်းစား၊ နှစ်ရပ်ကတော့၊ မိဘနဲ့ ဆရာပါပဲ။ ပထမဆုံး တွေ့ဆုံရတာက မိဘ၊ ဒုတိယတွေ့ဆုံ ရတာက ဆရာ။

ဒါကြောင့် `မိဘက လူမိုက်မဖြစ်ဖို့အရေးကြီး တယ်´ လို့ အမေရေးခဲ့တာပေါ့။ အခုလည်း ဆရာက လူမိုက် မဖြစ်ဖို့ အမေ ရေးလိုက်တယ် သားငယ်။


အသက် (၄)နှစ်မှာ မူကြိုကျောင်း၊ (၅)နှစ်ပြည့်တော့ စာသင်ကျောင်းကိုရောက်ကြရပြီ။ ကျောင်းက ဆရာ-ဆရာမ တွေနဲ့ တွေ့ကြရပြီ။ ဆရာက ပြုစုသူ၊ ဥယျာဉ်မှူးဆိုတော့ ကလေးရဲ့ ဘ၀ခရီးအတွက် အလွန်ကို အရေးပါတဲ့သူပေါ့။

အရေးပါသူမို့ မင်္ဂလာဆရာဖြစ်စေချင်တယ်။ ဆရာက စာရေးသားနည်း စနစ်မှန်ကန်ဖို့၊ စာဖတ်တတ်ဖို့၊ စည်းကမ်း တကျရှိဖို့၊ ကျောင်းသူ-ကျောင်းသားအချင်းအချင်း ပေါင်းသင်း တတ်ဖို့၊ စာနာစိတ်ရှိတတ်ဖို့၊ လောကရေးရာအဖြာဖြာ သွန်သင် စရာတွေကို ကျောင်းသားအားလုံးအပေါ် တပြေးညီမေတ္တာစိတ် နဲ့ညွှန်ပြဖို့ လိုတယ်လေ။

ဆရာက ညီမျှမှုမရှိဘဲ မျက်နှာလိုက်ရင် ကလေးတွေရဲ့ စိတ်ထဲမှာ ခိုးလို့ခုလုဖြစ်သွားစေတယ် မဟုတ်လား။ ဒါတွေက မလိုလားစရာတွေပါ။

ကျောင်းနေစ ကလေးတွေနဲ့ စတွေတဲ့ဆရာဟာ ပျိုးပင် လေးတွေကို ဂရုစိုက်စောင့်ရှောက်ရသလို၊ တယုတယ ပြုစု ရမှာပဲ၊ ပုံသွင်းမှန်ဖို့လိုတယ်။ `ဆရာဟာလူမိုက်မဖြစ်ဖို့ အရေးကြီးသလို၊ မေတ္တာ၊ ကရုဏာ၊ လက်ကိုင်ထားရသူ တွေလည်း ဖြစ်ကြရမယ်´။

စာသင်ခန်းထဲက ကျောင်းသားအားလုံးကို ကျောသား႟ ရင်သား၊ မခွဲမခြားရှိရမယ် သားငယ်ရဲ့။ အမှန်ကတော့ ဆရာ၊ ဆရာမကလည်း ကိုယ့်မှာရှိတဲ့ ဥစ္စာဓနဂုဏ်ရှိန်၊ ဆွေမျိုးဂုဏ်ရှိန် ၊အပေါင်းအသင်းဂုဏ်ရှိန်၊ ရှိရှိသမျှ ဂုဏ်ရှိန်တွေကို ခ၀ါချပြီး ကလေးတွေကို လမ်းမှန်ညွှန်သူ၊ အမှောင်ပယ်ခွင်း အလင်း ဆောင်သူ၊ မိမိကိုယ်ကို ဆရာပီသသူအဖြစ် ခံယူဖို့လိုတယ်။

ဆရာနဲ့ကျောင်းသား စိတ်ထားဖြူစင်စွာနဲ့ တူယှဉ်ကာ လိုရာခရီးကို တာဝန်ကျေပွန်စွာ လျှောက်လှမ်းကြရမယ်လေ။ မင်္ဂလာဆရာနဲ့ မင်္ဂလာတပည့်လေးတွေပေါ့ကွယ်။
ကျောင်းရောက်စ ကလေးဟာ ဆရာကို မပေါင်း သင်းလို့ မရတော့ဘူး။ ရှောင်လို့လည်း မရဘူး။ တပည့်ဆိုတာ ဆရာညွှန်တဲ့အတိုင်း လိုက်မိကြတာကိုး။

သားငယ်သိဖူးတဲ့ ဇာတ်လမ်းတွေကိုပဲ ထပ်ပြောပြ ဦးမယ်။ လက်ညိုးတွေဖြတ်တဲ့ အင်္ဂုလိမာလဟာ ဆိုးချင်လို့ ဆိုးတာမဟုတ်ဘူး။ သူ့ဆရာက `လူ့လက်ညိုးတစ်ထောင်နဲ့ ငါ့ကို ပူဇော်ရမယ်´ ပြောလို့ ဆရာကိုပူဇော်ချင်တာနဲ့ လူဆိုးဖြစ်သွား ရတယ်။

အဇာတသတ်မင်းလည်း ဆရာဒေ၀ဒတ်ကြောင့် ဖခင် သတ်သူဖြစ်သွားရတယ်။

သူတို့ဆရာတွေက ပညာတတ်လူမိုက်။ပညာတတ်တာနဲ့ မိုက်တာဟာ တခြားစီ။ ဒါကြောင့် `ဆရာဟာ လူမိုက်မဖြစ်ဖို့ အရေးကြီးတယ်´ လို့ ပြောရ တာပေါ့။

သားငယ်ရေ၊ အခုခေတ်ရေစီးကြောင်းအတိုင်း ဆရာ- ဆရာမများလည်း မျောပါရတယ်ဆိုတာ အမေလက်ခံပါတယ်။ သို့သော် စေတနာ၊ မေတ္တာကိုတော့ မပျောက်စေချင်ဘူး။ ရှိမြဲ အတိုင်း၊ ထားမြဲအတိုင်းထားပြီး သင်ပြစရာရှိတာသင်ပါ။ တွေးခေါ်ဆင်ခြင်တတ်အောင် သင်ပါ။ စာစီစာကုံး ကိုယ်တိုင် ရေးခိုင်းတာတို့၊ သင်္ချာကိုယ်တိုင်တွက်စေတာတို့ပေါ့။ ကျောင်းစာ ကလည်း ကိုယ်တိုင်မှတ်သား၊ လေ့ကျင့်ပါမှ ဥာဏ်ရည်ဖွံ့ဖြိုး တာကွဲ့။

အစာအာဟာရလိုပါပဲ။ ကိုယ်တိုင်စားမှ၊ အချိန်မှန်မှန် သင့်တင့်လျောက်ပတ်စွာ စားသုံးပေးမှ ခန္ဓာကိုယ်အတွက် အာဟာရဖြစ်ပြီး အကျိုးဖြစ်ထွန်းသလိုပေါ့ကွယ်။

ဘုရားရှင်က `အတ္တာဟိ အတ္တနော နာထော၊ ကောဟိ နာထော ပရောသိယာ = မိမိသည်ပင်လျှင် မိမိအားကိုးရာ ပေတည်း။ အဘယ်သူသည် မိမိအားကိုးရာဖြစ်ပါအံ့ နည်း´ လို့ ဟောတော်မူထားပါတယ်။

ဒါကြောင့်၊ ကိုယ့်ကိုယ်ကို အားကိုးတဲ့စိတ်ထား၊ ရိုးသား ကြိုးစားတဲ့ စိတ်ထားလေးတွေကို ဆရာတွေက သွင်းပေး စေချင်တယ်။ ဒါက လမ်းကြောင်းမှန်ပဲ။ လမ်းကြောင်းမှန်ပေါ်သို့ ပို့ပေးစေချင်တာပါကွယ်။

စာမေးပွဲပါမယ် ထင်တာလောက်သာ ရွေးသင်တာမျိုး၊ ကျောင်းစစ်စာမေးပွဲဆိုရင်လည်း ကိုယ်မေးမယ့် စာပုဒ်လောက် ကို ပြန်ကာလှန်ကာ စည်းဝါးကိုက် သင်ကြားတာမျိုး၊ တကယ် တတ်မြောက်အောင်မသင်ဘဲ၊ စာမေးပွဲမှာ အမှတ်ရအောင် ဟန်ပြကောင်းအောင် သင်နေတာမျိုး၊ မျက်နှာကြီးငယ်လိုက်ပြီး စာမေးပွဲအဖြေလွှာ စစ်ဆေးတာမျိုး ပြုလုပ်နေတဲ့ ဆရာဟာ မကောင်းတာကြံစည်သူ၊ မကောင်းတာပြောသူ၊ မကောင်းတာ လုပ်သူ ဖြစ်ပြီပေါ့။

တစ်ချို့ဆရာ-ဆရာမများ လုပ်ကိုင်လေ့ရှိပုံကို ရေးပြ မယ်နော်။ စာမေးပွဲနားနီးရင် စာကိုသာ ကျက်မှတ်ဖို့ မတိုက် တွန်းဘဲ ဟိုဂါထာ႟ ဒီဂါထာတွေ ကျက်စေတာတို့၊ ဆယ်တန်းဝင် ခွင့်ကဒ်၊ ဘောပင်၊ ခဲတံ၊ စာရေးကိရိယာများကို ဆရာတော် တစ်ပါးထံမှာ သိဒ္ဓိတင်ပေးတာတို့၊ ဘာသာစုံအတွက် အဆောင် ယတြာများလုပ်ပေးတာတို့၊ သူရဿတီမယ်တော်ကို ရှိခိုးစေတာ တို့ ဒါတွေလုပ်ကြတယ်၊ ဆရာ-ဆရာမတွေက ဦးဆောင်ဦးရွက် လုပ်ကြတာ။ ဒါတွေဟာ ကျောင်းသားတွေကိုယ်တိုင် ကြိုးစား အားထုတ်တဲ့စိတ်ဓါတ် လျော့ပါးစေတယ်။

ကိုးကွယ်ရာများပြီး သရဏဂုံလည်း ညိုးနွမ်းစေတယ်။

အမှောင်ခွင်း၍ အလင်းဆောင်ရမယ့်သူများကိုယ်တိုင် က ပညာရင်နို့သောက်စို့ဆဲ ငယ်ရွယ်သူများကို မှောင်တကာ့ အမှောင်ဆုံး မိစ္ဆာဒိဋ္ဌိ လမ်းကြောင်းပေါ် တင်ပို့ပေးနေကြတယ်။

သားငယ်ရေ၊ မိစ္ဆာဒိဋ္ဌိ အယူက အပြစ်အကြီးဆုံး၊ ကြောက်စရာအကောင်းဆုံးကွဲ့။ အပြစ်ကြီးတဲ့ ပဉ္စာနန္တရိယကံကို ကျူးလွန်တဲ့ အပြစ်ထက်ကို ကြီးတယ်။ မိစ္ဆာဒိဋ္ဌိ အယူရှိရင် အပါယ်ငရဲကို ကျိန်းသေကျရမှာ။ ကမ္ဘာပျက်တောင်မှ ငရဲကမလွတ်ကြောင်း၊ အခြားမပျက်တဲ့ကမ္ဘာက ငရဲတွေဆီ ပြောင်းရွေ့ခံရကြောင်း အရင်စာထဲမှာလည်း အမေရေးခဲ့ပြီးပြီ။

အနီးကပ်ဆုံး အတူနေရတာက မိဘဆိုပေမယ့် ပညာ သင်ချိန်ရောက်တာနဲ့ ဆရာက ရှောင်လွှဲမရတဲ့ ပေါင်းသင်းရသူ ဖြစ်ပြီလေ။ တဖြည်းဖြည်း အတန်းကြီးလာလေ မိဘထက် ဆရာ နဲ့က ပိုပြီးထိတွေ့ရချိန် များလေပေါ့။

ဆရာဟာ ကျောင်းသားလေးတွေရဲ့ ဘ၀ကို ဖန်တီးသူ၊ ဖန်တီးရှင်ပါပဲ၊ ပန်းပုဆရာပါ။ ကောင်းရာသို့လည်း ပို့နိုင်သူ၊ ဆိုးရာသို့လည်းပို့နိုင်သူ၊ စွမ်းအားရှင်တွေပါ။ ဒီစွမ်းအားရှင် တွေက လူမိုက်မဖြစ်ဖို့ အရေးကြီးတယ်လို့ အမေတွေးမိ တာပါကွယ်။
သားငယ်လည်း ဆရာရဲ့ ကောင်းရာညွှန်တဲ့ လမ်း ကြောင်းပေါ်မှာ ကောင်းတာလုပ်၊ ကောင်းတာပြော၊ ကောင်း တာကြံစည်၊ ကောင်းအောင်ကြိုးစားသူ ဖြစ်ပါစေလို့ အမေဆန္ဒ ပြုပါတယ်။

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။

အမေ

Read More...

Friday, August 17, 2007

မေမေ ရှင်းပြတဲ့ ဗုဒ္ဓ ရဲ့ မင်္ဂလာတရားတော် - ၂

သားငယ်
လောကီ၊ လောကုတ္တရာ နှစ်ဖြာကြီးပွားချမ်းသာရရေး အတွက် အသက်အပိုင်းအခြားအလိုက် တစ်ဆင့်ပြီးတစ်ဆင့် ဆောင်သွားရမယ့်မင်္ဂလာတွေကို ပိုင်းခြားပြခဲ့ပြီးပြီနော်။

လောကီအတွက်မင်္ဂလာအပါး(၃၀)၊ လောကုတ္တရာ အတွက်(၈)ပါး၊ ပေါင်း(၃၈)ပါးရှိလို့ (၃၈)ဖြာမင်္ဂလာ ခေါ် ကြောင်းလဲ ပြောခဲ့ပြီ။

ပထမဆုံး မြတ်စွာဘုရားဟောတာက ပေါင်းသင်း ဆက်ဆံရေး မင်္ဂလာ(၃)ပါးထဲက လူမိုက်နဲ့ မပေါင်းသင်းဖို့ပဲ။ လူမိုက်နဲ့ဆက်ဆံပေါင်းသင်းမှုကို ရှေးဦးစွာရှောင်လိုက်ရင် နောက်နောင်မင်္ဂလာတွေ ဖြစ်ပေါ် ခွင့်ရှိတာကြောင့် ထိပ်ဆုံး ထားပြီး ဟောရတယ်။


ဦးဇင်း ရဝေနွယ် (အင်းမ)ရေးတဲ့ မင်္ဂလာအတွေးများလို စရရင်-
အသေ၀နာ ဗာလာနံ၊ ဧတံမင်္ဂလမုတ္တမံ။
လူမိုက်ကိုမမှီဝဲ၊ မဆည်းကပ်ခြင်းသည်
မြတ်သောမင်္ဂလာမည်။
လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့၊
မမှီဝဲနဲ့ ကင်းအောင်နေ။

အမေတွေးကြည့်မိတယ်၊ သားသမီးဖြစ်လာပြီဆိုတော့ ပထမဆုံးပေါင်းရတာက မိဘ၊ မိဘအရိပ်မှာ ခိုလှုံနေကြရတယ်။ မိဘနှစ်ပါးဆိုတာဟာ သားသမီးနဲ့ ဘယ်လိုမှ ရှောင်လွဲမရတဲ့ လက်ဦးဆရာသမားကြီးတွေပါ။
ဒါဖြင့် မိဘကိုယ်တိုင် လူမိုက်မဖြစ်ဖို့ အရေး ကြီးပြန်တယ်၊ ဒီတော့ လူမိုက်ဆိုတာ ဘယ်လိုဟာလဲ။

ဒီမေးခွန်းကိုဖြေဖို့ သားငယ်မျက်စေ့ထဲမှာ အရက်မူးရမ်းနေသူတို့၊ ခိုးဆိုး၊ လုယက်၊ တိုက်ခိုက်၊ သတ်ဖြတ်နေသူတို့ကို မြင်ယောင် နေမိမှာနော်။

လူမိုက်ဆိုတာ
မကောင်းသောအကြံကို ကြံခြင်း။
မကောင်းသောစကားကို ပြောခြင်း။
မကောင်းသောအလုပ်ကို လုပ်ခြင်းတို့တည်း။

`ဤလက္ခဏာရှိသူကား အမျိုးမြတ်သူဖြစ်စေ၊ ပစ္စည်း ကြွယ်ဝသူပင်ဖြစ်စေ၊ ဆရာပင်ဖြစ်စေ၊ မည်သူမဆို၊ ဗာလခေါ် လူမိုက်ပင်ဖြစ်သည်´ လို့ မြတ်စွာဘုရားဟောတော်မူချက်ကို ဆရာတော်ကြီးများ ဖွင့်ပြရေးသားထားတာတွေ အမေဖတ် ခဲ့တယ်၊ မှတ်ခဲ့တယ်။

ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုနဲ့ မကောင်းလုပ်၊ မကောင်းပြော၊ မကောင်းကြံရင် လူမိုက်ပေါ့။
တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာ ဘိဝံသရေးတဲ့ အခြေပြုမင်္ဂလသုတ်စာအုပ်မှာ `မည်သူ့ကိုမျှ၊ မညာကြနှင့်၊ မိဘဆရာ၊ ဖြစ်စေကာလည်း၊ သူဟာဗာလ၊ ပဏ္ဍိတဟု၊ ကျနခွဲလှစ်၊ တွေ့တိုင်းစစ်၊ စနစ်ကျစေကွယ့်´ ဟု အတိအလင်း ရေးသားထားခဲ့တယ်။

မိဘရဲ့ ၀တ္တရားထဲမှာလည်း `မကောင်းတာ တားမြစ်၊ ကောင်းတာညွှန်၊ အတတ်ပညာတွေ သင်ပေးရမယ်´ လို့ပါတယ်။ ကလေးတွေ စကားပြောတတ်ပြီဆိုကတည်းက၊ တစ်ချို့မိဘက `တာတာ´ လို့နှုတ်ဆက်၊ လက်ကလေးနှစ်ဖက်ယှက်ပေးပြီး `ဦးတော်´ ဦးချစေတဲ့အမူအရာကောင်းတွေ သင်ပေးကြတယ်။

တစ်ချို့မိဘက `လက်ဝါးပြ´ `လက်သီးဆုပ်ပြ´ တဲ့။ မကောင်းတဲ့ အမူအရာတွေ သင်ပေးကြတယ်၊ ကလေးကို ဆဲ တတ်အောင် သင်ပေးပြီး၊ ကလေးဆဲသံကိုအားပေး၊ အား မြောက်ပြုတဲ့ မိဘတွေလဲရှိကြတယ်။
သိတတ်စအရွယ်ရောက်တော့လဲ လောကကြီးတစ်ခွင် လုံးမှာရှိတဲ့ သိစရာ၊ တတ်စရာတွေကို သိအောင်၊ တတ်အောင် သင်ပေးခဲ့တာလဲ မိဘတွေဘဲလေ။ သားသမီးလေးတွေကို ခိုင်းလို့ ရတဲ့အရွယ်မှာ မိခင်လုပ်သူက ဈေးဝယ်ခိုင်းရင်း လမ်းမှန်ညွှန်ဖို့၊ စောင့်ကြည့်အကဲခပ်ဖို့ အများကြီးလိုအပ်တယ်။

ကလေးဆိုတာ အချီးကျူးခံချင်တယ်မို့လား။ ဈေးဝယ် တော်တယ်၊ တတ်တယ်လို့ အချီးကျူးခံချင်တာနဲ့ ဈေးသည်မသိ အောင် ခိုးဝှက်ယူလာတတ်တယ်။ ဒါကို မိခင်က သတိမရှိရင် မကောင်းတဲ့ ခိုးယူတဲ့အကျင့် စွဲသွားပါလေရော။ တစ်ချို့မိဘက သိလျက်နဲ့လက်ခံတာ၊ အားပေးတာ၊ သင်ပြပေးတာ ရှိသေးတယ်။

ငယ်စဉ်က အမေ မဆုံးမခဲ့လို့သာ သူခိုးဖြစ်ရတယ်လို့ ခိုးမှုနဲ့အကျဉ်းကျခံရဆဲ သားက အကျဉ်းခန်း သံတိုင်ကြားက မိခင်ရဲ့နားကို ကိုက်ဆွဲခဲ့ကြောင်းလဲ သားငယ်သိခဲ့ပြီးပါ။

ဒီတော့ မိဘက ဗာလမဖြစ်ဖို့ အလွန်ကို အရေးကြီး တာပေါ့။ မိဘသင်ကြားတဲ့အပေၞ မူတည်ပြီး သားသမီးတွေ စရိုက်ကွဲပြားသွားကြရတယ်။

တစ်ချို့မိဘက ကိုယ့်သားသမီးရဲ့အခြေအနေမှန်ကို လက်ခံပြီး၊ ပြုပြင်သင့်တာ ပြုပြင်ပေးကြတယ်။ တစ်ချို့က အကောင်းသာလက်ခံပြီး၊ အဆိုးကိုလက်မခံဘူး။ နားထောင် နိုင်စွမ်းမရှိကြဘူး။ သားသမီးကို လူမိုက်ဖြစ်စေဖို့ရာ အားပေး သလိုဖြစ်နေတယ်။

ပညာသင်ကြားပေးရာမှာ မိဘက သားသမီးအပေါ် ထားရှိတဲ့သဘောထားက အသွင်ပြောင်းလာတယ်။ အမေတို့ ကျောင်းသားဘ၀တုန်းကတော့ မိဘတွေက ကိုယ့်သားသမီးကို တကယ့်ကို ကြိုးစားအားထုတ်အောင်၊ အတတ်ပညာရအောင်၊ ဆရာပြောတဲ့ သားသမီးရဲ့အခြေအနေမှန်ကို နာခံပြီး ပြုပြင် ခဲ့ကြတယ်၊ စောင့်ကြပ်ခဲ့ကြတယ်၊ ကောင်းရာကို ညွှန်ခဲ့ကြတယ်။

အခုခေတ်မှာ မိဘက သားသမီးအပေါ်ထားရှိတဲ့ သဘောထားက အတတ်ပညာရဖို့ထက် လက်မှတ်ရဖို့၊ အမှတ် များများရဖို့ အဓိကဖြစ်နေတယ်။ အမှတ်များများရဖို့ ဘယ်လို လုပ်ရမလဲ။ ပိုက်ဆံကုန်ခံပြီး နည်းလမ်းစုံ သုံးကြတယ်။

ငွေရှိရင် အရာရာပြီးစေတယ်။ တို့မှာငွေရှိတယ်လို့ မာန် တက်ပြီး သားသမီးကိုလဲ အယူအဆ အတွေးအမြင်တွေ အမှား ဘက်ကိုရောက်စေတော့တယ်။ သားသမီးရဲ့ စစ်မှန်တဲ့အစွမ်းကို ပျောက်ကွယ်စေပြီး မိဘရဲ့အစွမ်းအစတွေသာ ဖေါ်ထုတ် သုံးနေ ကြလေရဲ့။

ဘာသာစုံကျူရှင်ဆရာ၊ ဘာသာစုံဂိုက်တွေနဲ့ သားသမီး များမှာ ကိုယ်တိုင်ကြိုးစား အားထုတ်ခွင့်မရှိတော့ဘူး။ ရေသာခိုဖို့၊ အပျင်းထူဖို့၊ မတွေးချင်ဖြစ်သွားပြီ။ ဉာဏ်ထက်မြက်စေတဲ့ ဦးနှောက်အသုံးမချတော့ပြီ။ စာမေးပွဲမဖြေနိုင်ဘူးလား။ ရတယ်။ မပူနဲ့။ မိဘတာဝန်ထား စသည့်ဖြင့်ပေါ့လေ။

သားသမီးရဲ့ဘ၀နစ်မွန်းဖို့၊ ငတုံးဖြစ်ဖို့၊ ငွေကုန်ခံနေတဲ့ သဘောဖြစ်နေတယ်။ `မိမိကိုယ်သာ အားထားရာ၊ ကံ၊ ဉာဏ်၊ ၀ီရိယအပေါ် အခြေပြုအားထုတ်ရမယ်´ ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ အလိုကျတွေနဲ့ သွေဖီနေခြင်းကို မိဘတွေက ရှေ့ဆောင်လမ်းပြ လုပ်နေကြတယ်။

သားငယ်ရေ၊ စိတ်မကောင်းစရာအဖြစ်ကလေး ကြားရ၊ မြင်ရတာကို ပြောပြရအုံးမယ်။
တစ်နေ့က၊ အိမ်နားမှာ စာမေးပွဲဖြေပြီး ပြန်လာတဲ့ ကျောင်းသားလေးက `ရိုက်ပြန်ပြီ၊ လူကြားထဲမှာလဲ ကျိန်ဆဲ လာတယ်၊ မေ့လို့ပါဆိုနေ၊ နှိပ်စက်ကြပါ´ နဲ့ ငိုကြီးချက်မနဲ့ ရိုက်နေတဲ့အမေ့ကို ပြောနေတာလေ။

အမှတ်ပြည့်ရအောင် မဖြေနိုင်ခဲ့တဲ့သားကို အပေါင်း အသင်း၊ ကျောင်းသားများကြားမှာ ဆူဆဲခဲ့ပြီး၊ အိမ်မှာလဲ ရိုက်ပုံရပါတယ်။ အမှတ်ဝက်လောက်ကို မရော့စေချင်ဘူးတဲ့၊ ဖြစ်နေလိုက်ကြတာနော်။

အမေဖြင့် သနားလိုက်တာ။ ကိုယ်ချင်းစာမိတယ်။ အမေငယ်စဉ်ကလဲ ဒီကလေးလို ခံခဲ့ရဖူးတယ်။ အမေ့ရဲ့ အဆိုအဆဲ၊ အရိုက်အနှက်ခံခဲ့ရတာ၊ အပေါင်းအသင်းကြားမှာ ဆိုတော့ ရှက်လိုက်တာလေ။ လူ့ပြည်မှာ အသက်ရှင်ချင်စိတ် ကို မရှိဘူး။ ချက်ချင်းပျောက်ကွယ်သွားချင်စိတ် ဖြစ်ခဲ့တယ်။

ဒီလုပ်ရပ်တွေက မိဘတွေရဲ့ မဟာအမှားကြီးတွေပါ။ ဒီလိုမိဘတွေလည်း တစ်ပုံကြီး သားငယ်ရဲ့။ အမှန်တော့ သား သမီးအပေါ် စေတနာထားတာထက်၊ မိဘချင်းပြိုင်၊ အနိုင်ရ ချင်တဲ့စိတ်က ပိုများနေကြတာလေ။
မိဘကြောင့် လူဆိုးဖြစ်၊ ထောင်တန်းကျ၊ မိဘက အတတ်ပညာ သင်မပေးခဲ့လို့ ကုဋေရှစ်ဆယ် သူဌေးသား ခွက် လက်စွဲ တောင်းစားရတဲ့ဘ၀ ရောက်ရတာတွေ ဟိုရှေးတုန်းက ရှိခဲ့သလို အခုခေတ်လဲရှိတယ် သားငယ်ရဲ့။

အမေ့ရဲ့တပည့်လေးတစ်ဦးပေါ့။ ဉာဏ်ရည်မြင့်တယ်။ ကြိုးစားရင် အတန်းထဲမှာ အတော်ဆုံးဖြစ်နိုင်တယ်။ ပညာ သင်ယူလိုဟန်ရှိတာနဲ့ အမြဲဆုံးမမိတယ်။ နားထောင်ပြီး စာကြိုး စားတာတွေ့ရလို့ ၀မ်းသာနေမိတယ်။
မကြာပါဘူး၊ ကျောင်းလစ်တာနဲ့၊ ကျောင်းသားချင်း ရန် ဖြစ်တာနဲ့ ဒုံရင်းရောက်သွားရော။

သူ့အပေါင်းအသင်းတွေက မကောင်းတဲ့အပြင်၊ မိဘတွေကပါ မဆုံးမကြဘူး။ ကောင်းရာမညွှန်ဘူး။ ရန်ဖြစ်ရင် `ဦးအောင်သာဆော်ခဲ့၊ မညံ့ခဲ့နဲ့´ လို့ မှာကြားတာ။ သူ့ခြေရာကိုနင်းစေချင်တာတဲ့။ သူ့အဖေက ထောင်ထွက်လူမိုက်လို့ ဂုဏ်တယူယူနဲ့ပေါ့။

ဓါတ်ညံ့ဆိုတာ ကူးစက်မြန်လေတော့ အမေ့တပည့် လည်း မိုက်သွားပြီပေါ့။ မြို့ဘုရားပွဲညမှာ သူငယ်ချင်းတစ်စု၊ မူုးယစ်သောက်စား၊ ပျော်ပါး၊ စကားများကြပြီး၊ တပူးတတွဲတွဲ၊ ချစ်လှချည့်ရဲ့ဆိုတဲ့ သူငယ်ချင်းကို ဓါးနဲ့ထိုးလိုက်တယ်။ ဓါးထိုး ခံရသူလဲ သေ၊ သူလဲ ထောင်တွင်းဝင်သွားရရော။

နောက်တစ်ဦး ရှိသေးတယ်။ အဲဒါက သားငယ်နဲ့ အတန်းတူ ကျောင်းသားလေ။ အတန်းတူပေမယ့် အသက်က ကြီးတယ်။ တစ်တန်းလုံးအပေါ် ဗိုလ်ကျအနိုင်ယူချင်တဲ့ ကျောင်းသား။ သူ့ရဲ့အနိုင်ကျင့်မှုကို ဆရာက ဆုံးမတယ်။ ဆရာရဲ့ ဆုံးမမှုကို မနာခံတဲ့အပြင် ဆရာကိုပြန်ရိုက်တယ်။ မိဘကပါ အားပေးအားမြောက်ပြုလို့ အဲဒီကျောင်းသားကို ကျောင်းက ထုတ်လိုက်ရတယ်။ ပညာသင်ကြားခွင့်မရဘူး။ အဲဒါကို မိဘကိုယ်တိုင်က မမှုပေါင်တဲ့လေ။ ပညာမတတ်လဲ ထမင်းစားရ တာပါပဲလို့ ဆိုတယ်။

မကောင်းတဲ့လမ်းကြောင်းဆီသို့ သားသမီးများကို ကိုယ်တိုင်ပို့ပေးနေသူဖြစ်မှန်းလဲ မိဘများကိုယ်တိုင် မသိဘူး ဖြစ်နေကြတယ်။

ဒါက တစ်ဘ၀အတွက်တင်ပါ။ နောင်ဘ၀သံသရာ အတွက် ကိုးကွယ်ရာမများဖို့၊ ရတနာ မြတ်သုံးပါးသာလျှင် ကိုးကွယ်ရာအစစ်ဖြစ်ကြောင်း ညွှန်ပြဖို့ မိဘမှာ တာဝန်အရှိဆုံး လို့ အမေယူဆတယ်။
အခြေခံအကျဆုံးက အထက်တန်းစား ဗုဒ္ဓဘာသာဝင် ကောင်းတစ်ယောက်ဖြစ်အောင် ပြုစု၊ ပျိုးထောင်ပေးဖို့ပါပဲ။ ကိုးကွယ်ရာများတဲ့ အမွေဆိုးတွေ သားသမီးတွေဆီ လက်ဆင့် ကမ်းမပေးသင့်ဘူး။

အန္တရာယ်ကြီးလွန်းလို့ပါကွယ်။ သာသနာ ပျောက်ကွယ်နိုင်တဲ့အရေးကွဲ့။ ဗုဒ္ဓသာသနာတော်ကြီး အိန္ဒိယ မြေပေါ်က ပျောက်ကွယ်ခဲ့ရတာ ကိုးကွယ်ရာ များမှုတွေကြောင့် ပေါ့။

ကိုးကွယ်ရာများတဲ့ မိစ္စာဒိဋ္ဌိအယူက အပြစ်အကြီးဆုံးပဲ။ အပါယ်ငရဲကို ကျိန်းသေကျမှာ။ ကမ္ဘာပျက်တောင်မှ ငရဲက မလွတ်ဘူး။ တစ်ခြားမပျက်တဲ့ ကမ္ဘာက ငရဲတွေဆီ ပြောင်းရွှေ့ ခံရတယ်။

အမိရင်းကိုသတ်ခြင်း၊ အဘရင်းကိုသတ်ခြင်း၊ ရဟနာ ကိုသတ်ခြင်း၊ ဘုရားရှင်အား သွေးစိမ်းတည်အောင်ပြုခြင်း၊ သံဃာတော်အား သင်းခွဲခြင်းဆိုတဲ့ သိပ်ကိုအပြစ်ကြီးတဲ့ ပဉ္စာ နန္တရိယကံကို ကျူးလွန်တာတောင်မှ ဒီကမ္ဘာတည်သည်အထိပဲ ငရဲခံရတယ်။ ကမ္ဘာပျက်ရင် ငရဲကလွတ်တယ်။

ကဲ သားငယ်ရေ၊ ကိုးကွယ်မှုမှားတာ များတာက အပြစ် အကြီးဆုံးခံရမယ့် သာသနာပျောက်ကွယ်စေရေး လမ်းကြောင်း။ ဒီလမ်းကြောင်းဆီ မရောက်အောင် သားသမီးတွေကို မိဘတွေက တားရမယ်။

သမ္မာဒိဋ္ဌိလမ်းကြောင်းမှန်ကို ညွှန်ပြ ရမယ်။ ဒါက မိဘတွေရဲ့ အကြီးမားဆုံး တာဝန်လို့ အမေ ယူဆတယ်။
ဒါကြောင့် မမှီဝဲ၊ မဆည်းကပ်ဘဲ နေလို့မရတဲ့၊ အနီး ကပ်ဆုံး အတူနေရတဲ့ မိဘက၊ လူမိုက် မဖြစ်ဖို့ အရေးကြီး တယ်လို့ အမေတွေးမိတာပေါ့ သားငယ်ရဲ့။

မိဘရဲ့ကောင်းရာညွှန်တဲ့ လမ်းကြောင်းပေါ်မှာ ကောင်းတာလုပ်၊ ကောင်းတာပြော၊ ကောင်းတာကြံစည်၊ ကောင်းအောင် ကြိုးစားသူ၊ မင်္ဂလာနဲ့ပြည့်စုံသူဖြစ်ပါစေလို့ အမေဆန္ဒပြုပါတယ်။

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။

အမေ

Read More...

Thursday, August 16, 2007

မေမေ ရှင်းပြတဲ့ ဗုဒ္ဓ ရဲ့ မင်္ဂလာတရားတော် - ၁

သားငယ်
လူ့ပြည်လောကကြီးကို စည်ပင်သာယာ၊ ၀ပြော၊ ချမ်းသာစေနိုင်တဲ့ စီမံကိန်းကြီးတစ်ခုကို အမေရေးပြသွားမယ်။ ဘယ်လိုစီမံကိန်းကြီးလဲလို့ တွေးမိသလားကွယ်။

အဲဒါကတော့ (၃၈)ဖြာမင်္ဂလာတရားတော်ဖြစ်တယ်။ `ဒါလား၊ သားငယ်သိပြီးပါ` လို့ သားယူဆချင်ယူဆမှာပဲ။ ဗုဒ္ဓဘာသာဝင်တိုင်းလည်း သိပြီးတဲ့ နာမည်ကျော်တရားကိုး။
အာဂုံအလွတ်ရချင်ရမယ်၊ အဓိပ္ပါယ်တော့ ဂဃနဏ မသိဘူးမဟုတ်လား။ ငယ်စဉ်က ဆရာကြီးဒဂုန်ဦးထွန်းမြင့်ရဲ့ မင်္ဂလာကဗျာလေးတွေ ရွတ်ဆိုခဲ့ရလို့ အထိုက်အလျောက်တော့ သိပြီးဖြစ်မှာပေါ့။


(၃၈) ဖြာမင်္ဂလာတရားတော်ရဲ့ ထူးခြားချက်က မင်္ဂလာ တရားမဟောခင်၊ အုတ်အော်သောင်းတင်း ကောလာဟလ ဖြစ်ပြီးမှ ဟောရတဲ့တရားတော်ဖြစ်တယ်။ နတ်နဲ့လူအပေါင်း တို့ဟာ မင်္ဂလာကို တစ်ဆယ့်နှစ်နှစ်တိုင်အောင် ကြံဆခဲ့ကြတယ်။ အမြင်စွဲမင်္ဂလာ (ဒိဌမင်္ဂလာ)၊ အကြားစွဲ မင်္ဂလာ (သုတမင်္ဂလာ)၊ အနံ့၊ အရသာ၊ အတွေ့အထိစွဲမင်္ဂလာ (မုတမင်္ဂလာ)စတဲ့ မင်္ဂလာ အယူအဆအမျိုးမျိုးတို့ကို လူနတ်အဖြာဖြာတို့ အငြင်းပွားခဲ့ ကြတယ်။ ချမ်းသာခြင်းအကြောင်း ကောင်းမြတ်သော မင်္ဂလာကို မသိခဲ့ကြဘူး သားငယ်ရဲ့။

အမျိုးအမည် မထင်ရှားတဲ့ နတ်သားတစ်ပါးက သန်းခေါင်ယံမှာ မြတ်စွာဘုရားထံမှောက် အရောက်လာပြီး တောင်းပန်လျှောက်ထားလို့ နတ်တို့ထက်နတ် အမြတ်ဆုံး မြတ်စွာဘုရားက မကောင်းမှုမှန်သမျှ ပယ်ဖျောက်တတ်သော သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်ကို တစ်လောကလုံးရဲ့ အကျိုးစီးပွားအလို့ငှာ ဟောတော်မူခဲ့တယ်။ ဟောကြားတဲ့ နေရာက သာဝတ္ထိြိပည်၊ အနာထပိဏ်သူဌေးရဲ့ ဇေတ၀န် ကျောင်းတိုက် ဖြစ်တယ်။

မင်္ဂလာတရားတော်က လူမှုရေး အများဆုံးပါတဲ့တရား ဖြစ်တယ်။ လောကီကြီးပွားရေးကို လမ်း ညွှန်ပေးရုံမက၊ လောကုတ္တရာ ဘ၀ငြိမ်းချမ်းရေးအတွက် နိဗ္ဗာန်ရသည်အထိ အဆင့်မှန်မှန် အပြည့်စုံဆုံး လမ်းညွှန်ပေးတဲ့ တရားတော်လည်း ဖြစ်တယ်။ တရားတော်အတိုင်း ကျင့်ကြံအားထုတ်သူကို ပညာ ပြည့်ဝ နှလုံးလှပြီး ချမ်းသာသုခရစေတယ်။

အခြေခံလောကီကြီးပွားရေးနဲ့ သက်ဆိုင်တဲ့ မင်္ဂလာက (၂၁) ပါးရှိတယ်။ အသက်ပိုင်း၊ အရွယ်ပိုင်းနဲ့ပြောရရင် ပထမ အရွယ် အသက်(၂၀)အထိက ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ (၃)ပါး၊ နေထိုင်ရေး မင်္ဂလာ(၃)ပါး၊ ပညာရေးမင်္ဂလာ(၄)ပါး၊ ပေါင်း(၁၀)ပါး ပါဝင်တယ်။
ဒုတိယအရွယ် အသက်(၂၀)မှ (၄၀)အထိက လုပ်ကျွေး မွေးမြူရေး မင်္ဂလာ(၃)ပါး၊ လူထုအကျိုးပြု မင်္ဂလာက(၄)ပါး၊ ကိုယ်ကျင့်ကောင်းမွန်ရေး မင်္ဂလာက(၄)ပါး၊ ပေါင်း(၁၁)ပါး ပါဝင် တယ်။ အသက်(၄၀)အရွယ်များအတွက်က မင်္ဂလာ(၂၁)ပါးပေါ့။

တတိယအရွယ် အသက်(၄၀)ကျော်ကနေ (၆၀)အထိ တော့ အထက်တန်းဆက်ဆံရေး မင်္ဂလာ (၅)ပါးနဲ့ အထက်တန်း ပညာရရှိရေးမင်္ဂလာ(၄)ပါး၊ ပေါင်း(၉)ပါး၊ လောကီအတွက် မင်္ဂလာ(၃၀)၊ လောကုတ္ဈရာအတွက်မင်္ဂလာ(၈)ပါး။

သားငယ်က အသက်(၂၀)ကျော် အရွယ်ဆိုတော့ မင်္ဂလာ(၂၁)ပါး ကျင့်ရမှာပေါ့။ လူပျိုလူလွတ်ဖြစ်လို့ သားမယား ချီးမြောက်ရေးမင်္ဂလာ(၁)ပါးနှုတ်လိုက်ရင် မင်္ဂလာ(၂၀)ကျန်မယ်။

`အပါး(၂၀)ကြီးများတောင် ကျင့်ကြံရမှာလား´ လို့ များ တယ်မထင်နဲ့ဦး သားငယ်ရေ့။ အဓိက မင်္ဂလာကိုဆောင်လိုက် ရင် ကျန်တဲ့မင်္ဂလာ(၅)ပါးက ပြည့်စုံလာတာဆိုတော့ အခြေခံ မင်္ဂလာ(၆)ပါး ဆောင်လိုက်ရင် သားတို့အရွယ်အတွက် ပြည့်စုံပြီ လို့ဆိုရမယ်။

အသက်(၆၀)ကျော်လာတော့ အမြတ်ဆုံးပန်းတိုင်ဖြစ် တဲ့ နိဗ္ဗာန်ကို မျှော်မှန်းလာပြီလေ။ ဒီတော့ အမြတ်ဆုံး လောကုတ္တရာ ပညာရရှိရေး၊ မင်္ဂလာ(၄)ပါး၊ အမြတ်ဆုံး လောကုတ္တရာချမ်းသာရရှိရေး မင်္ဂလာ(၄)ပါး၊ ပေါင်း(၈)ပါး၊ အားလုံးပေါင်းတော့ (၃၈)ပါး၊ (၃၈)ဖြာ မင်္ဂလာပေါ့။

သားငယ်ရေ မြတ်စွာဘုရားဟောကြားတဲ့ တရားက လူမျိုးမရွေး၊ ဘာသာမရွေး၊ လက်ခံကျင့်ကြံ နိုင်တဲ့ တရားပါ။ အခြားဘာသာဝင်တွေအနေနဲ့ လိုက်နာဖို့ ခက်ခဲတဲ့ တရား(၃)ပါးသာရှိတယ်။ အဲဒါကတော့ ရဟန်းသံဃာတို့ကို ဖူးမြော်ခြင်း၊ သစ္စာ(၄)ပါးကိုသိခြင်း၊ နိဗ္ဗာန်ကို မျက်မှောက် ပြုရခြင်းဆိုတဲ့ မင်္ဂလာ(၃)ပါးပဲ ဖြစ်တယ်။

မင်္ဂလာတရားတော်နဲ့အညီ လိုက်နာကျင့်သုံးသူမှန်သမျှ အကျိုးစီးပွား ဖြစ်ထွန်းတယ်။

ရန်သူအနိုင်မခံရ၊ ချမ်းသာ ကြီးပွားတယ်၊ စစ်ပွဲတစ်ရာ အောင်ပွဲတစ်ရာ ရစေတဲ့တရားပါပဲ။ မင်္ဂလာတရားက မှတ်သားအပ်၊ ကျင့်သုံးအပ်တဲ့ တရားပါ သားငယ်။

မကောင်းပယ်ဖြတ်၊ အကျင့်မြတ်၊ မှတ်အပ်မင်္ဂလာ၊
တိုးတက်ကြီးပွား၊ အကျင့်များ၊ မှတ်သားမင်္ဂလာ၊
သုံးပုံပိဋကတ်၊ အဆီမြတ်၊ မှတ်အပ်မင်္ဂလာ။
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။

အမေ

Read More...

မေမေ - ၀ါသနာနဲ့ စာရေးတဲ့ ဆရာမ

ကျွန်တော်ရဲ့ မေမေက အထက်တန်းပြဆရာမတယောက်ပါ။ ကျွန်တော်အတွက်တော့ ချစ်ခင်လေးစားရတဲ့ မိခင်အပြင် စာသင်ပေးတဲ့ ဆရာမ၊ ဘ၀အတွက် လမ်းမှန်ကို ညွှန်ပြပေးတဲ့ ဆရာမပါ။ သားသမီးတွေကို ကျူရှင်မယူစေပဲ သူငယ်တန်းမှ ဆယ်တန်းထိ ကိုယ်တိုင် စာသင်ပေးပါတယ်။ မေမေဟာ အိမ်ရှင်မတယောက်ရဲ့ တာဝန်သာမက ကျောင်းဆရာမ၊ သားသမီးတွေ အတွက် ကျူရှင်ဆရာမ၊ ဖေဖေ အိမ်မှာ မရှိချိန်မှာ အိမ်ထောင်ဦးစီး စတဲ့များပြားတဲ့ တာဝန်တွေကြောင့် သူဝါသနာပါလှတဲ့ စာရေးသားခြင်းကို မလုပ်နိုင်ခဲ့ပါဘူး။


မေမေဟာ စာရေးတာကို ၀ါသနာပါလို့ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်းမှာဝင်ပြီး စာရေး လှုပ်ရှားခဲ့ပါတယ်။ လူငယ်တွေကို မြေတောင်မြှောက်ပေး လေ့ရှိတယ့် လူထုတိုက်ကို ကိုယ်တိုင်မိတ်ဆက်ပြီး စာမူပို့ပြီး ကြိုစားခဲ့ပါတယ်။ အိမ်ထောင်ကျပြီးနောက် စာရေးခြင်းနဲ့ဝေးခဲ့ပေမယ့် စာဖတ်ခြင်းကို ကိုယ်တိုင်ခုံမင်သလို ပတ်ဝန်းကျင်က လူတွေကို စာဖတ်ဖို့ရာ အားပေးကူညီ ခဲ့ပါတယ်။ ကျွန်တော်တို့မြို့ရဲ့ အထက်တန်းကျောင်းမှာ စာကြည့်တိုက်မှူး အဖြစ် နှစ်ပေါင်းများစွာ လုပ်အားပေးခဲ့ပါတယ်။

စာသင်ခြင်းကို ၀ါသနာပါပေမယ့် မြန်မာပြည် ပညာရေးလောကရဲ့ ပျက်စီးမှုဒဏ်ကို မခံစားနိုင်တော့တဲ့ မေမေဟာ ၁၉၉၇ မှာ ပင်စင်ယူဖို့ အသက်မပြည့်သေးပေမယ့် လုပ်သက်ပြည့်နဲ့ပဲ ပင်စင်ယူခဲ့ပါတယ်။ ပင်စင်ယူ့ပြီးနောက် သားသမီးတွေနေတဲ့ ရန်ကုန်မှာ နေရင်းနဲ့ ဘာသားရေး သင်တန်းတွေတက်၊ တဖက်က ၀ါသနာပါတဲ့ စာကိုပြန်ရေးပါတယ်။ ဘာသာရေးနဲ့ ပတ်သက်တဲ့ စာတွေကို အတွေ့အကြုံတွေကို အခြေခံပြီးရေးခဲ့ပါတယ်။ ကျွန်တော်ကတော့ မေမေရဲ့ အမာခံ ဝေဖန်ရေး စာဖတ်ပရိတ်သတ်ပါ။ ဖတ်လို့မကောင်းသေးဘူး လိုနေသေးတယ်လို့ ပြောရင် ပြင်ရေးပြီး ပြန်ဖတ်ခိုင်းပါတယ်။ နောက်ပြီးတော့ မဂ္ဂဇင်းတွေကို ပို့ရင်းနဲ့ စာပိုရေးဖြစ်လာပါတယ်။

မေမေနဲ့ အနီးကပ် နေခဲ့ရတဲ့ ကျွန်တော်တို့ မောင်နှမတွေအားလုံးက စာဖတ်တာကို ၀ါသနာပါပေမယ့် စာရေးလောက်အောင်ထိ ၀ါသနာ မပါခဲ့ပါဘူး။

ကျွန်တော် မေမေနဲ့ အဝေးမှာရှိနေတော့ စာရေးတိုင်း၊ ဖုန်းဆက်တိုင်းမှာ ဘာသာရေးနဲ့ ဆုံးမလေ့ရှိပါတယ်။ နောက်တော့ ကျွန်တော်ကို စာတိုက်ရိုက်မရေးတော့ပါဘူး။ ကျွန်တော်ကို ပြောချင်တာတွေကို မဂ္ဂဇင်းတွေမှာ စာရေးပြီး၊ သူ့စာမူပါတဲ့ မဂ္ဂဇင်းတွေကို ပို့လိုက်တာပါပဲ။ မဂ္ဂဇင်းကို ဖတ်မိတဲ့သူတွေလည်း ဘာသာရေးအသိ တိုးပါစေဆိုတဲ့ စိတ်နဲ့ပါပဲ။

မေမေရေးခဲ့တာတွေကတော့ ဗုဒ္ဓမြတ်စွားဘုရား ဟောကြားခဲ့တဲ့ မင်္ဂသုတ်တော်ကို နားလည်ဖို့ လွယ်ကူအောင်၊ မိခင်တယောက်က သားကို ပြောဟန်နဲ့ရေးထားတဲ့ အခန်းဆက်ပါ။

အခု အဲဒီ အခန်းဆက်ကို စာအုပ်ထုတ်ဖို့ ကြိုးစားနေပါတယ်။ ကျွန်တော်က အားလုံးဖတ်ဖို့ တချို့အပုဒ်တွေကို ဒီ blog မှာတင်ဖို့ စာရေးသူရဲ့ ခွင်ြ့ပုချက် ယူထားပါသည်။

ထပ်မံဖော်ပြလိုသောသူများ ကြိုတင် ခွင့်တောင်းပါရန် မေတ္တာရပ်ခံပါသည်။

စာအုပ်ဖြစ်မြောက်သွားရင်တော့ အားလုံးတင်ပေးဖို့ကြိုးစားပါမယ်။

Read More...

Friday, August 10, 2007

အလုပ် ကြော်ငြာ

Singapore မှာ Part-Time လုပ်ချင်တဲ့ သူများ ရှိပါက ကျွန်တော်ကို ဆက်သွယ်နိုင်ပါတယ်။


အလုပ်ကတော့ website contents ကို add, update လုပ်ရမှာဖြစ်ပါတယ်။ အလုပ်အတွက်
HTML, CSS ကို ရင်နှီးကျွမ်းကျင်ရပါမည်။ Graphic Editing နဲ့ ပတ်သက်လို့ သိထားရင် ပိုပြီးကောင်းပါတယ်။ Office Hour မှာလုပ်နိုင်ရင် အကောင်းဆုံးပါပဲ။
အချိန်က Master တက်နေသော အကိုအမ တွေအတွက်ပို အဆင်ပြေပါမယ်။ Poly က ညီ၊ညီမ များအတွက် ခက်ခဲပါလိမ့်မယ်။ ကြိုစားပြီး လုပ်ဖို့ စိတ်ဝင်စားရင် ဆက်သွယ်လိုက်ပါ။

Freelance Graphic Designer လုပ်လိုသူတွေလည်း ကျွန်တော့်ကို ဆက်သွယ်နိုင်ပါတယ်။ Graphic Designer အတွက်ကတော့ Portfolio ကောင်းကောင်းပြနိုင်ပြီး အချိန်တိုတို အတွင်း ဆက်သွယ် ပြန်ကြားနိုင်သူ ဖြစ်ရပါမည်။ အဓိက ကတော့ Web Design ကို ကျွမ်းကျင်ပိုင်နိုင်ရပါမယ်။

Contact Email: peti.kool@gmail.com

Read More...

Tuesday, August 7, 2007

ဒီရေး ဟိုရောက် ၊ ဟိုရေး ဒီရောက် - ၂

တကယ်တော့ blog ရေးတယ်ဆိုတာ တော်တော်မလွယ်တဲ့ အလုပ်တခုပါ… ဘာပဲပြောပြော စာရေးပြီဆိုရင် ရေးလိုက်တဲ့ စာအတွက်က ကိုယ့်မှာတာဝန်ရှိတယ် လို့ခံစားရလို့ပါပဲ။ blog မှာ ကိုယ်ရေးချင်တာရေးမှာပဲ၊ လွတ်လပ်ခွင့်မရှိဘူးလား ဆိုတော့၊ လွတ်လပ်ခွင့်ရှိပါတယ်။ ဒါပေမယ့် ကိုယ်ရေးတာကြောင့် တဘက်လူကို ထိခိုက်မယ်ဆိုရင် အဲဒါဟာ သူများရဲ့ လွတ်လပ်ခွင့်ကို ထိခိုက်ပါတယ်။ လာဖတ်တဲ့သူတွေကို အတွေး၊ ဗဟုသုတ စတဲ့ အကျိုး တခုခုပေးနိုင်အောင် ရေးဖို့၊ post တွေ အမြဲအဆက်မပြတ်တင်ဖို့၊ လာရေးတဲ့ comment တွေ၊ c-box message တွေကို ပြန်ဖို့ဆိုတာ တော်တော်အချိန်ယူရပါလိမ့်မယ်။ ကျွန်တော် စာသိပ်မရေးဖြစ်တော့ ပြန်စရာသိပ် မရှိတာတောင် တော်တော် ကြိုးစားရပါတယ်။ ဒါကြောင်မို့လို့ blog ကို စေတနာထား တာဝန်ယူပြီး ရေးကြတဲ့ blogger တွေကို လေးစားပါတယ်။

သူငယ်ချင်း 99 ကတော့ ဖတ်တဲ့သူတွေမှာလည်း တာဝန်ရှိပါတယ်တဲ့။

တာဝန်ယူတယ်ဆိုတာ ပြောတော့တာလွယ်တာပါ။ တကယ်လက်တွေ့မှာ သိပ်မလွယ်ပါဘူး။ ပေးထားတဲ့ ကတိတွေတာဝန် မယူကြလို့ အခုတလော စိတ်ထဲမှာ ကသိကအောက် ဖြစ်နေပါတယ်။


လွန်ခဲ့တဲ့ ၁ လ လောက်က NUS, Singapore မှာကျောင်းလာတက်မယ့် အသိအမတယောက်က ကျွန်တော့်ကို နေထိုင်ဖို့ အိမ်ခန်းရှာဖို့ အကူအညီတောင်းပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့်သူငယ်ချင်းတယောက်က သူ့အိမ်က အခန်းဖော်တယောက်က July အကုန်မှာ ပြောင်းမှာ၊ နေမယ့်သူရှိရင်ပြောပါလို့ ပြောလာတာနဲ့၊ အသိအမ အတွက်ပြောပေးပါတယ်။ အားလုံးသဘောတူပြီ August လဆန်းမှ နေလို့ ရပြီလို့ ပြောပါတယ်။ ကျွန်တော်ကလဲ အားလုံးအဆင်ပြေသွားတော့ တော်တော် ၀မ်းသာ သွားပါတယ်။ အသိအမက Singapore မှာရောက်၊ သူ့ရဲ့သူငယ်ချင်းအိမ်မှာ နေပြီး ကျောင်းကိစ္စ၊ Student Pass ကိစ္စ တွေဆောင်ရွက်နေရင်း August လဆန်းမှာ နေရမယ့်အိမ်ကို စောင့်နေပါတယ်။ နောက်ပြီး အတူတူနေရမယ့်သူ အချင်းချင်း သိအောင် မိတ်ဆက်ပေးဖို့ တနင်္ဂနွေနေ့ကို ချိန်းလိုက်ပါတယ်။ စနေညနေ မှာ အိမ်ရှင်သူငယ်ချင်းက ဖုန်ဆက်ခေါ်ပြီး သူ့နဲ့ တအိမ်ထဲနေသူငယ်ချင်းက တခြားတယောက်ကို ထားချင်တယ်ဆိုတဲ့ အကြောင်း၊ သူဘယ်လိုမှ ပြောလို့ မရတဲ့ အကြောင်း ပြောလာရော။ ရုတ်တရက် ဆိုတော့ စိတ်တော်တော်ပျက်သွားပါတယ်။ သေချာပြောထားရဲ့သားနဲ့ ဖြစ်တာလေ။ နောက်ပြီး နေမယ့် အသိအမ အတွက်လည်းအတော် ဒုက္ခရောက်မှာ ဆိုတော့ အခြေအနေကို ရှင်းပြပါတယ်။ နောက်ပြီး သူငယ်ချင်းက ဝေးလံတဲ့နေရာတခုမှာ အိမ်တအိမ် ငှားဖို့ရှိတယ်၊ ဈေးလည်းသက်သာ ကျယ်လည်းကျယ်လို့ သူတောင် သွားနေချင်တယ် မဖြစ်လို့သာ လို့ပြောလာပါတယ်။ စိတ်ထဲမှာတောင် အံ့သြသွားတယ်။ ဒီသူငယ်ချင်းကို ဒီလို လက်လွတ်စပယ် ပြောမယ်လို့ မထင်ထားလို့ပါ။ ဒါနဲ့ ဘာမှမပြောချင်တော့တာနဲ့ အိမ်တစ်အိမ်ထပ်ရှာလိုက်ပါတယ်။ ခုလိုအိမ်ရှာရတာ ခက်နေတဲ့ အချိန်မှာ ကံကောင်းစွာ ရလိုပါတယ်။ အခမဲ့ ပွဲစားလုပ်လိုက်တာ အဲဒီလို အကျိုးအမြတ်လေးတွေ ရလိုက်ပါတယ်။

နောက်အဖြစ်ကလည်း ခပ်ဆင်ဆင်ပါပဲ။ ပြီးခဲ့တဲ့တပတ်က ကျွန်တော့်အမရဲ့ သူငယ်ချင်းက ရန်ကုန်ပြန်မှာ ဘာပေးစရာ ရှိလည်းဆိုတော့ ကွန်ပျူတာပေးစရာရှိတယ် ယူနိုင်လား၊ ယူနိုင်ရင် ၀ယ်လိုက်မယ် မယူနိုင်ရင်မ၀ယ်ဘူးဆိုတော့။ ၀ယ်လိုက်ပါ သူသယ်သွားမယ်လို့ပြောတာနဲ့၊ စနေနေ့ ကျောင်းစာလုပ်ပြီး sim lim square ကို အပြေးအလွှား သွားဝယ်၊ packing လုပ်။ နောက်နေ့ တနင်္ဂနွေမနက်ကျတော့ sms လေးပို့ပြီး သယ်မသွားနိုင်တော့ဘူး ပစ္စည်းတွေများနေတယ်၊ ကွန်ပျူတာပါရင် လေဆိပ်မှာ ကြာလိမ့်မယ်တဲ့။ ဒါနဲ့ ၀ယ်ထားတဲ့ ပစ္စည်းတွေက မပို့လို့က မဖြစ်ဆိုတော့ agent ဆီသွားပို့လိုက်ရပါတယ်။ အစကတည်းက မသယ်နိုင်ဘူး ပြောရင် အားလုံး အဆင်ပြေမှာပေါ့လို့ တွေးလိုက်မိပါတယ်။

ဦးနာအောက် ရဲ့ စဉ့်ကူးမင်း ဆိုတဲ့ သင်္ဘောပုံကို ကိုရဲမွန်က တင်တော့ ကျွန်တော် အမြဲတွေးတဲ့ အတွေးတခု ခေါင်းထဲရောက်လာပါတယ်။ ဘာလဲဆိုတော့ မြန်မာပြည်သူတွေ သင်္ဘောစီးရင် ပိုက်ဆံပေးရမယ့် အတူတူ ဦးနာအောက်ရဲ့ သင်္ဘောကို စီးရမှာပေါ့။ ဘာလို့ တိုင်တပါးရဲ့ ကုမ္ပဏီကို ပိုက်ဆံပေး စီးမှာလဲ။ ဧရာဝတီသင်္ဘော ကုမ္ပဏီက ဘယ်လောက် ဈေးချိုချို နောက်ပြီး ဦးနာအောက်ရဲ့ သင်္ဘောက ပုံမှန်ဈေး တောင်းတယ်ဆိုရင်ပေါ့။ ဒီအကြောင်းကို ကျွန်တော်က မရေးဖြစ်ပါဘူး။ ရွက်ဝါ နဲ့ s0wha1 တို့ကရေးထားပါတယ်။ ကျွန်တော်သဘောကတော့ s0wha1 ရေးထားတာနဲ့ တူပါတယ်။ ရွက်ဝါရေးထားတဲ့ ဦးနာအောက် ကျရှုံးမှု နှင့် တိုင်ရင်းသားများ၏ မျိုးချစ်စိတ် မှာ ဦးနာအောက်ရဲ့ စီးပွားရေးလုပ်ငန်း လက်ဝါးကြီးအုပ်လိုမှု ဆိုတာကိုတော့ သဘောမတူပါဘူး။ ဦးနာအောက်က အမြတ်ကြီးစား၊ မတော်တရော် အခုခေတ် ခေတ်ပျက် သေဌေးတွေလို ချမ်းသာလာတာ မဟုတ်ပါဘူး။ ရိုးသားကြိုးစားပြီး မောက်မာခြင်းလည်း မရှိပါဘူး။ သူက ဧရာဝတီသင်္ဘော ကုမ္ပဏီက လက်ဝါးကြီးအုပ် လုပ်ကိုင်နေတာ တွေ့ပြီး မခံခြင်စိတ်နဲ့ လုပ်တယ်လို့ ကျွန်တော်ထင်ပါတယ်။

ဒီနေရာမှာတွေးမိတာကတော့ အင်္ဂလိပ်တွေက ဦးနာအောက် သင်္ဘောဝယ်ယူလုပ်ကိုင်တာကို မတားမြစ်ဘူး၊ စီးပွားရေးကို စီးပွားရေးလိုပဲ ပြိုင်ဆိုင်စေပါတယ်။ ဒါကတော့ ကျွန်တော်သိသလောက် ပြောတာပါ။

သင်ခန်းစာယူစရာ သမိုင်းပညာ ဆိုတဲ့ post မှာ
`လက်ရှိပြည်သူတွေကို အပြစ်တင်ခြင်တဲ့လူရှိရင်လည်း ကိုယ့်ကိုကိုယ် မေးကြည့်စေချင်ပါတယ်။ တို့ပြည်သူတွေမအအောင်၊ မဆိုးအောင်၊ စည်းလုံးညီညွတ်အောင် အသင်ဘယ်လောက်လုပ်ပြီးပါပြီလဲ။ ဘယ်လောက်ကြိုးပန်းအားထုတ်ခဲ့ပါသလဲ။ လုပ်ပိုင်ခွင့်ရောဘယ်လောက်ရှိခဲ့ပါသလဲ။ အခုပြောခဲ့တာတွေ တစ်ခုခုအားနည်းနေခဲ့ရင် ဘာကြောင့်လည်းဆိုတဲ့ အကြောင်းရင်းကိုရှာကြည့်ပါ။ ပြည်သူလူထုမှာအပြစ် မရှိတာထင်ရှားသွားပါလိမ္မယ်။` လို့ရေးထားတာတော့ ကြိုက်ပါတယ်။

အဲဒီခေတ်က ပြည်သူတွေက မျိုးချစ်စိတ်ဆိုတာထက် ဧရာဝတီသင်္ဘော ကပေးတဲ့ ပ၀ါနဲ့၊ ကျွေးတဲ့ ထမင်းကို ပိုတန်ဖိုးထားမိ နေလို့ပါ။ မျိုးချစ်စိတ်ကို ပိုပြီးတန်ဖိုးထားတတ်အောင် လုပ်ရမှာက လူတိုင်းမှာတာဝန်ရှိပါတယ်။

လုပ်တော့ ဘာထူးမှာလည်း အားလုံးက ဒီလိုပဲဖြစ်နေတာပဲလို့ ပြောရင် တိုင်ပြည်အတွက် တာဝန်မဲ့တဲ့သူလို့ မြင်ပါတယ်။ ဒါက ကျွန်တော့် အမြင်ပါ။
မလုပ်ရင် ဘာထူးမှာမဟုတ်တာ သေချာပါတယ်။ လုပ်ရင်တော့ နဲနဲတော့ထူး မှာပေါ့။ Signature Campaign, White Campaign တို့ကို ကြည့်ရင်သိနိုင်ပါတယ်။ လုပ်လိုက်တော့ ပြည်သူတွေက နိုကြားလာတယ်၊ ဆန္ဒကို ထုတ်ဖော်တတ်လာ ထုတ်ဖော်ရဲလာတယ်။ ဒီလိုပဲ ၈၈၈၈ ရေးတော်ပုံဆိုတာဘာလဲ၊ တဘက်သတ် ပြောနေတာတွေထက် အမှန်တရားတွေက ဘာလဲ ဆိုတာကို ပြောပြဖို့က မျက်မြင်ကိုယ်တွေကြုံခဲ့ရတဲ့ သူတွေရဲ့ တာဝန်ဖြစ်ပါတယ်။

ကဒေါင်းညင်သား ရဲ့ ၈၈၈၈ အထိမ်းအမှတ် post မှာ တိုက်တွန်းထားတာကို ဖတ်ဖို့ရာ ထပ်ဆင့် တိုက်တွန်းလိုက်ပါတယ်။

ကလိုစေးထူးရဲ့ လက်ဆင့်ကမ်း စိတ်ဓာတ်များဖြင့်… ဆိုတဲ့ Post ကိုပါ ဖတ်ဖို့ ဖြည့်စွက်လိုက်ပါတယ်။

ကလောင်နာမည်တွေကို ကို၊ဦး၊မ။ဒေါ် တတ်မခေါ်တာ မရိုသေ မလေးစားလို့ မဟုတ်ပါဘူး၊ တပ်ခေါ်စရာ မလိုဘူးလို့ယူဆလို့ပါ။

Read More...

Ratings