Tuesday, August 7, 2007

ဒီရေး ဟိုရောက် ၊ ဟိုရေး ဒီရောက် - ၂

တကယ်တော့ blog ရေးတယ်ဆိုတာ တော်တော်မလွယ်တဲ့ အလုပ်တခုပါ… ဘာပဲပြောပြော စာရေးပြီဆိုရင် ရေးလိုက်တဲ့ စာအတွက်က ကိုယ့်မှာတာဝန်ရှိတယ် လို့ခံစားရလို့ပါပဲ။ blog မှာ ကိုယ်ရေးချင်တာရေးမှာပဲ၊ လွတ်လပ်ခွင့်မရှိဘူးလား ဆိုတော့၊ လွတ်လပ်ခွင့်ရှိပါတယ်။ ဒါပေမယ့် ကိုယ်ရေးတာကြောင့် တဘက်လူကို ထိခိုက်မယ်ဆိုရင် အဲဒါဟာ သူများရဲ့ လွတ်လပ်ခွင့်ကို ထိခိုက်ပါတယ်။ လာဖတ်တဲ့သူတွေကို အတွေး၊ ဗဟုသုတ စတဲ့ အကျိုး တခုခုပေးနိုင်အောင် ရေးဖို့၊ post တွေ အမြဲအဆက်မပြတ်တင်ဖို့၊ လာရေးတဲ့ comment တွေ၊ c-box message တွေကို ပြန်ဖို့ဆိုတာ တော်တော်အချိန်ယူရပါလိမ့်မယ်။ ကျွန်တော် စာသိပ်မရေးဖြစ်တော့ ပြန်စရာသိပ် မရှိတာတောင် တော်တော် ကြိုးစားရပါတယ်။ ဒါကြောင်မို့လို့ blog ကို စေတနာထား တာဝန်ယူပြီး ရေးကြတဲ့ blogger တွေကို လေးစားပါတယ်။

သူငယ်ချင်း 99 ကတော့ ဖတ်တဲ့သူတွေမှာလည်း တာဝန်ရှိပါတယ်တဲ့။

တာဝန်ယူတယ်ဆိုတာ ပြောတော့တာလွယ်တာပါ။ တကယ်လက်တွေ့မှာ သိပ်မလွယ်ပါဘူး။ ပေးထားတဲ့ ကတိတွေတာဝန် မယူကြလို့ အခုတလော စိတ်ထဲမှာ ကသိကအောက် ဖြစ်နေပါတယ်။


လွန်ခဲ့တဲ့ ၁ လ လောက်က NUS, Singapore မှာကျောင်းလာတက်မယ့် အသိအမတယောက်က ကျွန်တော့်ကို နေထိုင်ဖို့ အိမ်ခန်းရှာဖို့ အကူအညီတောင်းပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့်သူငယ်ချင်းတယောက်က သူ့အိမ်က အခန်းဖော်တယောက်က July အကုန်မှာ ပြောင်းမှာ၊ နေမယ့်သူရှိရင်ပြောပါလို့ ပြောလာတာနဲ့၊ အသိအမ အတွက်ပြောပေးပါတယ်။ အားလုံးသဘောတူပြီ August လဆန်းမှ နေလို့ ရပြီလို့ ပြောပါတယ်။ ကျွန်တော်ကလဲ အားလုံးအဆင်ပြေသွားတော့ တော်တော် ၀မ်းသာ သွားပါတယ်။ အသိအမက Singapore မှာရောက်၊ သူ့ရဲ့သူငယ်ချင်းအိမ်မှာ နေပြီး ကျောင်းကိစ္စ၊ Student Pass ကိစ္စ တွေဆောင်ရွက်နေရင်း August လဆန်းမှာ နေရမယ့်အိမ်ကို စောင့်နေပါတယ်။ နောက်ပြီး အတူတူနေရမယ့်သူ အချင်းချင်း သိအောင် မိတ်ဆက်ပေးဖို့ တနင်္ဂနွေနေ့ကို ချိန်းလိုက်ပါတယ်။ စနေညနေ မှာ အိမ်ရှင်သူငယ်ချင်းက ဖုန်ဆက်ခေါ်ပြီး သူ့နဲ့ တအိမ်ထဲနေသူငယ်ချင်းက တခြားတယောက်ကို ထားချင်တယ်ဆိုတဲ့ အကြောင်း၊ သူဘယ်လိုမှ ပြောလို့ မရတဲ့ အကြောင်း ပြောလာရော။ ရုတ်တရက် ဆိုတော့ စိတ်တော်တော်ပျက်သွားပါတယ်။ သေချာပြောထားရဲ့သားနဲ့ ဖြစ်တာလေ။ နောက်ပြီး နေမယ့် အသိအမ အတွက်လည်းအတော် ဒုက္ခရောက်မှာ ဆိုတော့ အခြေအနေကို ရှင်းပြပါတယ်။ နောက်ပြီး သူငယ်ချင်းက ဝေးလံတဲ့နေရာတခုမှာ အိမ်တအိမ် ငှားဖို့ရှိတယ်၊ ဈေးလည်းသက်သာ ကျယ်လည်းကျယ်လို့ သူတောင် သွားနေချင်တယ် မဖြစ်လို့သာ လို့ပြောလာပါတယ်။ စိတ်ထဲမှာတောင် အံ့သြသွားတယ်။ ဒီသူငယ်ချင်းကို ဒီလို လက်လွတ်စပယ် ပြောမယ်လို့ မထင်ထားလို့ပါ။ ဒါနဲ့ ဘာမှမပြောချင်တော့တာနဲ့ အိမ်တစ်အိမ်ထပ်ရှာလိုက်ပါတယ်။ ခုလိုအိမ်ရှာရတာ ခက်နေတဲ့ အချိန်မှာ ကံကောင်းစွာ ရလိုပါတယ်။ အခမဲ့ ပွဲစားလုပ်လိုက်တာ အဲဒီလို အကျိုးအမြတ်လေးတွေ ရလိုက်ပါတယ်။

နောက်အဖြစ်ကလည်း ခပ်ဆင်ဆင်ပါပဲ။ ပြီးခဲ့တဲ့တပတ်က ကျွန်တော့်အမရဲ့ သူငယ်ချင်းက ရန်ကုန်ပြန်မှာ ဘာပေးစရာ ရှိလည်းဆိုတော့ ကွန်ပျူတာပေးစရာရှိတယ် ယူနိုင်လား၊ ယူနိုင်ရင် ၀ယ်လိုက်မယ် မယူနိုင်ရင်မ၀ယ်ဘူးဆိုတော့။ ၀ယ်လိုက်ပါ သူသယ်သွားမယ်လို့ပြောတာနဲ့၊ စနေနေ့ ကျောင်းစာလုပ်ပြီး sim lim square ကို အပြေးအလွှား သွားဝယ်၊ packing လုပ်။ နောက်နေ့ တနင်္ဂနွေမနက်ကျတော့ sms လေးပို့ပြီး သယ်မသွားနိုင်တော့ဘူး ပစ္စည်းတွေများနေတယ်၊ ကွန်ပျူတာပါရင် လေဆိပ်မှာ ကြာလိမ့်မယ်တဲ့။ ဒါနဲ့ ၀ယ်ထားတဲ့ ပစ္စည်းတွေက မပို့လို့က မဖြစ်ဆိုတော့ agent ဆီသွားပို့လိုက်ရပါတယ်။ အစကတည်းက မသယ်နိုင်ဘူး ပြောရင် အားလုံး အဆင်ပြေမှာပေါ့လို့ တွေးလိုက်မိပါတယ်။

ဦးနာအောက် ရဲ့ စဉ့်ကူးမင်း ဆိုတဲ့ သင်္ဘောပုံကို ကိုရဲမွန်က တင်တော့ ကျွန်တော် အမြဲတွေးတဲ့ အတွေးတခု ခေါင်းထဲရောက်လာပါတယ်။ ဘာလဲဆိုတော့ မြန်မာပြည်သူတွေ သင်္ဘောစီးရင် ပိုက်ဆံပေးရမယ့် အတူတူ ဦးနာအောက်ရဲ့ သင်္ဘောကို စီးရမှာပေါ့။ ဘာလို့ တိုင်တပါးရဲ့ ကုမ္ပဏီကို ပိုက်ဆံပေး စီးမှာလဲ။ ဧရာဝတီသင်္ဘော ကုမ္ပဏီက ဘယ်လောက် ဈေးချိုချို နောက်ပြီး ဦးနာအောက်ရဲ့ သင်္ဘောက ပုံမှန်ဈေး တောင်းတယ်ဆိုရင်ပေါ့။ ဒီအကြောင်းကို ကျွန်တော်က မရေးဖြစ်ပါဘူး။ ရွက်ဝါ နဲ့ s0wha1 တို့ကရေးထားပါတယ်။ ကျွန်တော်သဘောကတော့ s0wha1 ရေးထားတာနဲ့ တူပါတယ်။ ရွက်ဝါရေးထားတဲ့ ဦးနာအောက် ကျရှုံးမှု နှင့် တိုင်ရင်းသားများ၏ မျိုးချစ်စိတ် မှာ ဦးနာအောက်ရဲ့ စီးပွားရေးလုပ်ငန်း လက်ဝါးကြီးအုပ်လိုမှု ဆိုတာကိုတော့ သဘောမတူပါဘူး။ ဦးနာအောက်က အမြတ်ကြီးစား၊ မတော်တရော် အခုခေတ် ခေတ်ပျက် သေဌေးတွေလို ချမ်းသာလာတာ မဟုတ်ပါဘူး။ ရိုးသားကြိုးစားပြီး မောက်မာခြင်းလည်း မရှိပါဘူး။ သူက ဧရာဝတီသင်္ဘော ကုမ္ပဏီက လက်ဝါးကြီးအုပ် လုပ်ကိုင်နေတာ တွေ့ပြီး မခံခြင်စိတ်နဲ့ လုပ်တယ်လို့ ကျွန်တော်ထင်ပါတယ်။

ဒီနေရာမှာတွေးမိတာကတော့ အင်္ဂလိပ်တွေက ဦးနာအောက် သင်္ဘောဝယ်ယူလုပ်ကိုင်တာကို မတားမြစ်ဘူး၊ စီးပွားရေးကို စီးပွားရေးလိုပဲ ပြိုင်ဆိုင်စေပါတယ်။ ဒါကတော့ ကျွန်တော်သိသလောက် ပြောတာပါ။

သင်ခန်းစာယူစရာ သမိုင်းပညာ ဆိုတဲ့ post မှာ
`လက်ရှိပြည်သူတွေကို အပြစ်တင်ခြင်တဲ့လူရှိရင်လည်း ကိုယ့်ကိုကိုယ် မေးကြည့်စေချင်ပါတယ်။ တို့ပြည်သူတွေမအအောင်၊ မဆိုးအောင်၊ စည်းလုံးညီညွတ်အောင် အသင်ဘယ်လောက်လုပ်ပြီးပါပြီလဲ။ ဘယ်လောက်ကြိုးပန်းအားထုတ်ခဲ့ပါသလဲ။ လုပ်ပိုင်ခွင့်ရောဘယ်လောက်ရှိခဲ့ပါသလဲ။ အခုပြောခဲ့တာတွေ တစ်ခုခုအားနည်းနေခဲ့ရင် ဘာကြောင့်လည်းဆိုတဲ့ အကြောင်းရင်းကိုရှာကြည့်ပါ။ ပြည်သူလူထုမှာအပြစ် မရှိတာထင်ရှားသွားပါလိမ္မယ်။` လို့ရေးထားတာတော့ ကြိုက်ပါတယ်။

အဲဒီခေတ်က ပြည်သူတွေက မျိုးချစ်စိတ်ဆိုတာထက် ဧရာဝတီသင်္ဘော ကပေးတဲ့ ပ၀ါနဲ့၊ ကျွေးတဲ့ ထမင်းကို ပိုတန်ဖိုးထားမိ နေလို့ပါ။ မျိုးချစ်စိတ်ကို ပိုပြီးတန်ဖိုးထားတတ်အောင် လုပ်ရမှာက လူတိုင်းမှာတာဝန်ရှိပါတယ်။

လုပ်တော့ ဘာထူးမှာလည်း အားလုံးက ဒီလိုပဲဖြစ်နေတာပဲလို့ ပြောရင် တိုင်ပြည်အတွက် တာဝန်မဲ့တဲ့သူလို့ မြင်ပါတယ်။ ဒါက ကျွန်တော့် အမြင်ပါ။
မလုပ်ရင် ဘာထူးမှာမဟုတ်တာ သေချာပါတယ်။ လုပ်ရင်တော့ နဲနဲတော့ထူး မှာပေါ့။ Signature Campaign, White Campaign တို့ကို ကြည့်ရင်သိနိုင်ပါတယ်။ လုပ်လိုက်တော့ ပြည်သူတွေက နိုကြားလာတယ်၊ ဆန္ဒကို ထုတ်ဖော်တတ်လာ ထုတ်ဖော်ရဲလာတယ်။ ဒီလိုပဲ ၈၈၈၈ ရေးတော်ပုံဆိုတာဘာလဲ၊ တဘက်သတ် ပြောနေတာတွေထက် အမှန်တရားတွေက ဘာလဲ ဆိုတာကို ပြောပြဖို့က မျက်မြင်ကိုယ်တွေကြုံခဲ့ရတဲ့ သူတွေရဲ့ တာဝန်ဖြစ်ပါတယ်။

ကဒေါင်းညင်သား ရဲ့ ၈၈၈၈ အထိမ်းအမှတ် post မှာ တိုက်တွန်းထားတာကို ဖတ်ဖို့ရာ ထပ်ဆင့် တိုက်တွန်းလိုက်ပါတယ်။

ကလိုစေးထူးရဲ့ လက်ဆင့်ကမ်း စိတ်ဓာတ်များဖြင့်… ဆိုတဲ့ Post ကိုပါ ဖတ်ဖို့ ဖြည့်စွက်လိုက်ပါတယ်။

ကလောင်နာမည်တွေကို ကို၊ဦး၊မ။ဒေါ် တတ်မခေါ်တာ မရိုသေ မလေးစားလို့ မဟုတ်ပါဘူး၊ တပ်ခေါ်စရာ မလိုဘူးလို့ယူဆလို့ပါ။

5 comments:

ရွက်ဝါ said...

ဦးနာအောက်နဲ့ ပတ်သက်ပြီး ကျွန်တော်ဝေဖန်သွားပုံကို ဒါလည်းစဉ်းစားစရာပဲဟု ပြောသူလဲရှိပါသည်။ ဒုတိယအကြောင်းပြချက်နှင့် ပတ်သက်ပြီး ဝေဖန်ပုံပြင်းထန်လွန်းသည်ဟု ဆိုသူလည်းရှိပါသည်။ ပြည်သူကိုအပြစ်တင်လို့ မဖြစ်ဘူးဆိုတာကို ပြောလိုခြင်းက အဓိကဖြစ်ပါသည်။ ဒုတိယအကြေင်းကို မကြိုက်ရင်ချန်ထားခဲ့ကြပါ။ ပထမပိုင်းမှာတင် ပြည်သူမှာအပြစ်မရှိကြောင်း ( ဦးနာအောက် ကျရှုံးရတာပြည်သူနှင့် မဆိုင်ကြောင်း) ထင်ရှားနေပြီထင်ပါသည်။ သင်ခန်းစာယူစရာသမိုင်းပညာ တွင်လည်းကျွန်တော်အမြင်ကို ရေးသားခဲ့ပါပြီ။ အခုလိုလာရောက်ဆွေးနွေးတာ ကျေးဇူးတင်ပါသည်။

PeTi said...

ဦးနာအောက် ရှုံးနိမ့်တာဟာ ပြည်သူမှာ အပြစ်မရှိပေမယ့် ပြည်သူနဲ့ အများကြီးဆိုင်ပါတယ်။ ပြည်သူရဲ့ အားပေးမှု မရလို့ရှုံးနိမ့် တာပါ။ ပြည်သူကို အသိဥာဏ်ပေးရမယ် ဆိုတာ အရေးကြီးတယ်ဆိုတာ ဒီနေရာ သိသာပါတယ်။ သင်ခန်းယူစရာပါပဲ။ အခုလိုလာရောက်ဆွေးနွေးတာ ရွက်ဝါကို ကျေးဇူးတင်ပါတယ် ။

ဂျစ်တူး - gyit_tu said...

ကျမအထင်တော့ ရွက်ဝါက ခုလို တင်ပြလိုက်လို့ ၊ ဆွေးနွေးဖြစ်ကြတာ ။ ကျမလို ဖတ်သူအတွက် အတော်လေး အကျိုးရှိတဲ့ အမြင်တွေပါပဲ ။ ခုလို တဦးနဲ့တဦး နားလည်ပြီး ဆွေးနွေးကြတာ အားရစရာပဲ ။

ကိုပီတိရေ.. အင်း.. တခါတလေကျ human relations ဆိုတာ very fragile glass နဲ့ တူတယ်လို့ မြင်မိတယ်း)

n3v3r43v3r said...

Ko PeTi,

I agreed and understand the feeling when other does not keep their own word even the small thing. S I would never forget or forgive about that even i said "No Worries".

CQ

PeTi said...

ညီမလေး CQ ရေ… ညီမလေးဘယ်လိုခံစားရတာဆိုတာ နားလည်ပါတယ်။

Ratings