Friday, August 31, 2007

မေမေ ရှင်းပြတဲ့ ဗုဒ္ဓ ရဲ့ မင်္ဂလာတရားတော် - ၃

သားငယ်

ကလေးဘ၀က အော်ဟစ်ရွတ်ဆိုခဲ့ဖူးတာက-
`လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့
မမှီဝဲနဲ့ ကင်းအောင်နေ
´။

အမေ တွေးကြည့်မိတယ်။ လူရယ်လို့ဖြစ်လာရင် ကင်း အောင်နေလို့မရတဲ့ လူတန်းစား၊ နှစ်ရပ်ကတော့၊ မိဘနဲ့ ဆရာပါပဲ။ ပထမဆုံး တွေ့ဆုံရတာက မိဘ၊ ဒုတိယတွေ့ဆုံ ရတာက ဆရာ။

ဒါကြောင့် `မိဘက လူမိုက်မဖြစ်ဖို့အရေးကြီး တယ်´ လို့ အမေရေးခဲ့တာပေါ့။ အခုလည်း ဆရာက လူမိုက် မဖြစ်ဖို့ အမေ ရေးလိုက်တယ် သားငယ်။


အသက် (၄)နှစ်မှာ မူကြိုကျောင်း၊ (၅)နှစ်ပြည့်တော့ စာသင်ကျောင်းကိုရောက်ကြရပြီ။ ကျောင်းက ဆရာ-ဆရာမ တွေနဲ့ တွေ့ကြရပြီ။ ဆရာက ပြုစုသူ၊ ဥယျာဉ်မှူးဆိုတော့ ကလေးရဲ့ ဘ၀ခရီးအတွက် အလွန်ကို အရေးပါတဲ့သူပေါ့။

အရေးပါသူမို့ မင်္ဂလာဆရာဖြစ်စေချင်တယ်။ ဆရာက စာရေးသားနည်း စနစ်မှန်ကန်ဖို့၊ စာဖတ်တတ်ဖို့၊ စည်းကမ်း တကျရှိဖို့၊ ကျောင်းသူ-ကျောင်းသားအချင်းအချင်း ပေါင်းသင်း တတ်ဖို့၊ စာနာစိတ်ရှိတတ်ဖို့၊ လောကရေးရာအဖြာဖြာ သွန်သင် စရာတွေကို ကျောင်းသားအားလုံးအပေါ် တပြေးညီမေတ္တာစိတ် နဲ့ညွှန်ပြဖို့ လိုတယ်လေ။

ဆရာက ညီမျှမှုမရှိဘဲ မျက်နှာလိုက်ရင် ကလေးတွေရဲ့ စိတ်ထဲမှာ ခိုးလို့ခုလုဖြစ်သွားစေတယ် မဟုတ်လား။ ဒါတွေက မလိုလားစရာတွေပါ။

ကျောင်းနေစ ကလေးတွေနဲ့ စတွေတဲ့ဆရာဟာ ပျိုးပင် လေးတွေကို ဂရုစိုက်စောင့်ရှောက်ရသလို၊ တယုတယ ပြုစု ရမှာပဲ၊ ပုံသွင်းမှန်ဖို့လိုတယ်။ `ဆရာဟာလူမိုက်မဖြစ်ဖို့ အရေးကြီးသလို၊ မေတ္တာ၊ ကရုဏာ၊ လက်ကိုင်ထားရသူ တွေလည်း ဖြစ်ကြရမယ်´။

စာသင်ခန်းထဲက ကျောင်းသားအားလုံးကို ကျောသား႟ ရင်သား၊ မခွဲမခြားရှိရမယ် သားငယ်ရဲ့။ အမှန်ကတော့ ဆရာ၊ ဆရာမကလည်း ကိုယ့်မှာရှိတဲ့ ဥစ္စာဓနဂုဏ်ရှိန်၊ ဆွေမျိုးဂုဏ်ရှိန် ၊အပေါင်းအသင်းဂုဏ်ရှိန်၊ ရှိရှိသမျှ ဂုဏ်ရှိန်တွေကို ခ၀ါချပြီး ကလေးတွေကို လမ်းမှန်ညွှန်သူ၊ အမှောင်ပယ်ခွင်း အလင်း ဆောင်သူ၊ မိမိကိုယ်ကို ဆရာပီသသူအဖြစ် ခံယူဖို့လိုတယ်။

ဆရာနဲ့ကျောင်းသား စိတ်ထားဖြူစင်စွာနဲ့ တူယှဉ်ကာ လိုရာခရီးကို တာဝန်ကျေပွန်စွာ လျှောက်လှမ်းကြရမယ်လေ။ မင်္ဂလာဆရာနဲ့ မင်္ဂလာတပည့်လေးတွေပေါ့ကွယ်။
ကျောင်းရောက်စ ကလေးဟာ ဆရာကို မပေါင်း သင်းလို့ မရတော့ဘူး။ ရှောင်လို့လည်း မရဘူး။ တပည့်ဆိုတာ ဆရာညွှန်တဲ့အတိုင်း လိုက်မိကြတာကိုး။

သားငယ်သိဖူးတဲ့ ဇာတ်လမ်းတွေကိုပဲ ထပ်ပြောပြ ဦးမယ်။ လက်ညိုးတွေဖြတ်တဲ့ အင်္ဂုလိမာလဟာ ဆိုးချင်လို့ ဆိုးတာမဟုတ်ဘူး။ သူ့ဆရာက `လူ့လက်ညိုးတစ်ထောင်နဲ့ ငါ့ကို ပူဇော်ရမယ်´ ပြောလို့ ဆရာကိုပူဇော်ချင်တာနဲ့ လူဆိုးဖြစ်သွား ရတယ်။

အဇာတသတ်မင်းလည်း ဆရာဒေ၀ဒတ်ကြောင့် ဖခင် သတ်သူဖြစ်သွားရတယ်။

သူတို့ဆရာတွေက ပညာတတ်လူမိုက်။ပညာတတ်တာနဲ့ မိုက်တာဟာ တခြားစီ။ ဒါကြောင့် `ဆရာဟာ လူမိုက်မဖြစ်ဖို့ အရေးကြီးတယ်´ လို့ ပြောရ တာပေါ့။

သားငယ်ရေ၊ အခုခေတ်ရေစီးကြောင်းအတိုင်း ဆရာ- ဆရာမများလည်း မျောပါရတယ်ဆိုတာ အမေလက်ခံပါတယ်။ သို့သော် စေတနာ၊ မေတ္တာကိုတော့ မပျောက်စေချင်ဘူး။ ရှိမြဲ အတိုင်း၊ ထားမြဲအတိုင်းထားပြီး သင်ပြစရာရှိတာသင်ပါ။ တွေးခေါ်ဆင်ခြင်တတ်အောင် သင်ပါ။ စာစီစာကုံး ကိုယ်တိုင် ရေးခိုင်းတာတို့၊ သင်္ချာကိုယ်တိုင်တွက်စေတာတို့ပေါ့။ ကျောင်းစာ ကလည်း ကိုယ်တိုင်မှတ်သား၊ လေ့ကျင့်ပါမှ ဥာဏ်ရည်ဖွံ့ဖြိုး တာကွဲ့။

အစာအာဟာရလိုပါပဲ။ ကိုယ်တိုင်စားမှ၊ အချိန်မှန်မှန် သင့်တင့်လျောက်ပတ်စွာ စားသုံးပေးမှ ခန္ဓာကိုယ်အတွက် အာဟာရဖြစ်ပြီး အကျိုးဖြစ်ထွန်းသလိုပေါ့ကွယ်။

ဘုရားရှင်က `အတ္တာဟိ အတ္တနော နာထော၊ ကောဟိ နာထော ပရောသိယာ = မိမိသည်ပင်လျှင် မိမိအားကိုးရာ ပေတည်း။ အဘယ်သူသည် မိမိအားကိုးရာဖြစ်ပါအံ့ နည်း´ လို့ ဟောတော်မူထားပါတယ်။

ဒါကြောင့်၊ ကိုယ့်ကိုယ်ကို အားကိုးတဲ့စိတ်ထား၊ ရိုးသား ကြိုးစားတဲ့ စိတ်ထားလေးတွေကို ဆရာတွေက သွင်းပေး စေချင်တယ်။ ဒါက လမ်းကြောင်းမှန်ပဲ။ လမ်းကြောင်းမှန်ပေါ်သို့ ပို့ပေးစေချင်တာပါကွယ်။

စာမေးပွဲပါမယ် ထင်တာလောက်သာ ရွေးသင်တာမျိုး၊ ကျောင်းစစ်စာမေးပွဲဆိုရင်လည်း ကိုယ်မေးမယ့် စာပုဒ်လောက် ကို ပြန်ကာလှန်ကာ စည်းဝါးကိုက် သင်ကြားတာမျိုး၊ တကယ် တတ်မြောက်အောင်မသင်ဘဲ၊ စာမေးပွဲမှာ အမှတ်ရအောင် ဟန်ပြကောင်းအောင် သင်နေတာမျိုး၊ မျက်နှာကြီးငယ်လိုက်ပြီး စာမေးပွဲအဖြေလွှာ စစ်ဆေးတာမျိုး ပြုလုပ်နေတဲ့ ဆရာဟာ မကောင်းတာကြံစည်သူ၊ မကောင်းတာပြောသူ၊ မကောင်းတာ လုပ်သူ ဖြစ်ပြီပေါ့။

တစ်ချို့ဆရာ-ဆရာမများ လုပ်ကိုင်လေ့ရှိပုံကို ရေးပြ မယ်နော်။ စာမေးပွဲနားနီးရင် စာကိုသာ ကျက်မှတ်ဖို့ မတိုက် တွန်းဘဲ ဟိုဂါထာ႟ ဒီဂါထာတွေ ကျက်စေတာတို့၊ ဆယ်တန်းဝင် ခွင့်ကဒ်၊ ဘောပင်၊ ခဲတံ၊ စာရေးကိရိယာများကို ဆရာတော် တစ်ပါးထံမှာ သိဒ္ဓိတင်ပေးတာတို့၊ ဘာသာစုံအတွက် အဆောင် ယတြာများလုပ်ပေးတာတို့၊ သူရဿတီမယ်တော်ကို ရှိခိုးစေတာ တို့ ဒါတွေလုပ်ကြတယ်၊ ဆရာ-ဆရာမတွေက ဦးဆောင်ဦးရွက် လုပ်ကြတာ။ ဒါတွေဟာ ကျောင်းသားတွေကိုယ်တိုင် ကြိုးစား အားထုတ်တဲ့စိတ်ဓါတ် လျော့ပါးစေတယ်။

ကိုးကွယ်ရာများပြီး သရဏဂုံလည်း ညိုးနွမ်းစေတယ်။

အမှောင်ခွင်း၍ အလင်းဆောင်ရမယ့်သူများကိုယ်တိုင် က ပညာရင်နို့သောက်စို့ဆဲ ငယ်ရွယ်သူများကို မှောင်တကာ့ အမှောင်ဆုံး မိစ္ဆာဒိဋ္ဌိ လမ်းကြောင်းပေါ် တင်ပို့ပေးနေကြတယ်။

သားငယ်ရေ၊ မိစ္ဆာဒိဋ္ဌိ အယူက အပြစ်အကြီးဆုံး၊ ကြောက်စရာအကောင်းဆုံးကွဲ့။ အပြစ်ကြီးတဲ့ ပဉ္စာနန္တရိယကံကို ကျူးလွန်တဲ့ အပြစ်ထက်ကို ကြီးတယ်။ မိစ္ဆာဒိဋ္ဌိ အယူရှိရင် အပါယ်ငရဲကို ကျိန်းသေကျရမှာ။ ကမ္ဘာပျက်တောင်မှ ငရဲကမလွတ်ကြောင်း၊ အခြားမပျက်တဲ့ကမ္ဘာက ငရဲတွေဆီ ပြောင်းရွေ့ခံရကြောင်း အရင်စာထဲမှာလည်း အမေရေးခဲ့ပြီးပြီ။

အနီးကပ်ဆုံး အတူနေရတာက မိဘဆိုပေမယ့် ပညာ သင်ချိန်ရောက်တာနဲ့ ဆရာက ရှောင်လွှဲမရတဲ့ ပေါင်းသင်းရသူ ဖြစ်ပြီလေ။ တဖြည်းဖြည်း အတန်းကြီးလာလေ မိဘထက် ဆရာ နဲ့က ပိုပြီးထိတွေ့ရချိန် များလေပေါ့။

ဆရာဟာ ကျောင်းသားလေးတွေရဲ့ ဘ၀ကို ဖန်တီးသူ၊ ဖန်တီးရှင်ပါပဲ၊ ပန်းပုဆရာပါ။ ကောင်းရာသို့လည်း ပို့နိုင်သူ၊ ဆိုးရာသို့လည်းပို့နိုင်သူ၊ စွမ်းအားရှင်တွေပါ။ ဒီစွမ်းအားရှင် တွေက လူမိုက်မဖြစ်ဖို့ အရေးကြီးတယ်လို့ အမေတွေးမိ တာပါကွယ်။
သားငယ်လည်း ဆရာရဲ့ ကောင်းရာညွှန်တဲ့ လမ်း ကြောင်းပေါ်မှာ ကောင်းတာလုပ်၊ ကောင်းတာပြော၊ ကောင်း တာကြံစည်၊ ကောင်းအောင်ကြိုးစားသူ ဖြစ်ပါစေလို့ အမေဆန္ဒ ပြုပါတယ်။

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။

အမေ

2 comments:

Ye-Mon said...

သားငယ်
လူမိုက်ဆိုတာ “အခါး” လိုပဲ သားငယ်။ “အချို” နဲ့တူတဲ့ လူလိမ္မာတွေ နဲ့ချည်းပဲ ပေါင်းနေရင် ဆီးချိုဖြစ်တော့မှာပေါ့ သားငယ်။ ဖန်၊ ခါး၊ ငံ စတဲ့ အရသာ အစုံကိုလည်း ဘယ်သိတော့မလဲ။ “နွေနေပူမှာ ဖြတ်ကျော်လာဖူးမှ ဆောင်းနှင်းကလေးများအား ပိုမြတ်နိုးမယ်” လို့ အစမ်းသပ်ခံနှလုံးသား သီချင်းမှာ ဇော်ဝင်းထွဋ္ဋ်ဆိုခဲ့သလို လူမိုက်တွေနဲ့ ပေါင်းဖူးမှ လူလိမ္မာတွေရဲ့ တန်ဖိုးကို သားငယ်သိလာလိမ့်မယ်။
ဒီတော့ သားငယ်ရယ် ကျောင်းစာနဲ့ ဘလောက်ကို ကျောသားရင်သား မခွဲခြားသင့်ဘူး။ စာကျက်တာလည်းကျက် ဘလောက်ရေးတာလည်းရေးပေါ့ သားငယ်။
သားငယ်ရဲ့ ဘလောက်ကို စောင့်ဖတ်နေတဲ့ ...
-x-x-x-

PeTi said...

ဟုတ်ကဲ့ -x-x-x ခင်ဗျား၊ ကျွန်တော်လည်း ဆီးချိုဖြစ်မှာ ကြောက်လို့ ချဉ်၊ဖန်၊စပ် အရသာမျိုးစုံ သိအောင်လုပ်တယ်ခင်ဗျ။ လူတွေက မိုက်တယ်လို့ သတ်မှတ်ထားပေမယ့် တကယ်တန်း လက်တွေ့မှာ လူကိုလူလိုဆက်ဆံတတ်တာတွေ၊ လူကြီးလူကောင်းလို့ အထင်ခံရပြီး လူမဆန်တာတွေလည်း တွေ့ဖူးပါတယ် ခင်ဗျ…
ဘလော့နဲ့ ကျောင်းစာ မခွဲခြားချင်ပေမယ့် မေဆွိရဲ့မောင် သီချင်တဲ့ကလို `ဘယ်လို ဖြေဖြေ မရတော့ ဘူးလို့´ ဖြစ်မယ့်အရေး ကြိုတွေးမိလို့ ဘလော့ကို ချစ်သော်လည်း ခဏတာ မျိုကြီးဆိုသလို `ကတ္တီပါ လမ်းခွဲ´ ခဲ့တာပါ။ အခုတော့ ပြန်လာပါပြီ :)

Ratings