Sunday, September 30, 2007

လက်ရှိ အဖြစ် သရုပ်ဖော် ကာတွန်းများ

လက်ရှိအဖြစ်အပျက်ကို အရမ်းထင်ဟပ်နေတဲ့ ကာတွန်းကို မှဝေလိုက်တာပါ။
မြန်မာပြည်သူပေါင်း ဘေးရန်ခပ်သိမ်း ကင်ရှင်းစေပြီး လိုအင်ဆန္ဒများပြည့်ဝပါစေ။






ဒီနေကနေယူထားတာပါ http://cagle.com/news/MyanmarMassacre/

Read More...

Saturday, September 29, 2007

ဆုတောင်းကြရအောင်

အခုတလောမှာ ပြည်တွင်းကသတင်းတွေ ဖတ်တာ နားထောင်တာကလွဲလို့ ဘာကိုမှ မလုပ်ချင်ဘူး။ သတင်းတွေကို ဖတ်တော့လည်း စိတ်မကောင်းဘူး၊ ၀မ်းနည်းတယ်၊ ဒေါသထွက်တယ်၊ မခံချင်စိတ်တွေ ဖြစ်လာတယ်။ ကျွန်တော် တယောက်ထဲမဟုတ်ပါဘူး။ မြန်မာတွေအကုန်နီးပါးဖြစ်နေတာပါ။ တယောက်နဲ့တယောက် SMS ပို့၊ email ပို့ရင် သတင်းတွေ ဖလှယ်ကြ၊ အားပေးကြနဲ့ပေါ့။

မနေ့က မြန်မာပြည်က သူရဲကောင်းတွေကို ဂုဏ်ပြုထောက်ခံတဲ့အနေနဲ့ အနီရောင် အင်္ကျီကို ဒီနေ့မှာ ၀တ်ဖို့ လှုံ့ဆော်တဲ့ SMS ကို ရပါတယ်။ (ဒီကြားထဲ ညီမငယ်တယောက်က ဖုန်းဆက်ပြီးမေးလာပါတယ် အင်္ကျီအနီရောင်ဝတ်ရင် ရဲကဖမ်းမယ်လို့ ကြားလို့တဲ့ ဟုတ်လားတဲ့… ကျွန်တော် နဲနဲစိတ်တိုသွားပြီး ရူးနေလားလို့ ပြန်ပြောမိတယ်။ အားလုံးသော သူငယ်ချင်းများ သတင်းများကို ချင့်ချိန်ပြီး ယုံကြပါ။)

နောက် ဒီနေ့ မနက်မှာ SMS တခုရလာပါတယ်။ မြန်မာအားလုံး ၀တ်ပြုနေကြ စနေကို မစောင့်ကြပဲ ဒီနေ့ သောကြာနေ့မှာ စပြီး ဆုတောင်းဖို့ လှုံ့ဆော်ပါတယ်။

ကျွန်တော်လည်း သူငယ်ချင်းတစုနဲ့ သွားပြီး ဆုတောင်းမေတ္တာ ပို့ခဲ့ပါတယ်။ စုစုပေါင်း ၅၀၀၀ (ခန့်မှန်းချေ) လောက် လာရောက် ဆုတောင်းမေတ္တာ ပို့ပါတယ်။ တ၀က်ကျော်လောက်က အနီရောင် အင်္ကျီကိုဝတ်ဆင်ထားတာတွေ့ရပါတယ်။ ကိုယ်လုပ်နိုင်တာကို ၀ိုင်းဝန်းလုပ်ကြတာ အားရစရာပါပဲ။

နောက် စနေ့ နဲ့ တနင်္ဂနွေ မှာ လည်း ဆက်လက် ဆုတောင်းမေတ္တာ ပို့မှာ ဖြစ်ပါတယ်။ မလာဖြစ်တဲ့ လူတွေ လာဖို့ရာကို ဖိတ်ခေါ်ပါတယ်။ ကိုယ်လုပ်နိုင်တာလေးတွေ လုပ်ကြတာပေါ့။










Read More...

Monday, September 17, 2007

ကောင်းတဲ့စိတ်ထား

တခုခုရေးမယ်လို့ စိတ်ကူးနေတာ ဘာမှလည်းမရေးဖြစ်သေးဘူး လို့တွေးနေတုန်း အမက email ပို့လာပါတယ်။ မေမေနောက်တပုဒ်ရေးပြီးလို့ပို့လိုက်တာတဲ့။ ကျွန်တော်လည်း စာလေးဘာလေး ရေးဦးမှပဲ မဟုတ်ရင်တော့ ပီတိ၃၁ က မေမေ့ blog ဖြစ်ပြီး ကျွန်တော် နေရာပျောက်တော့မှာ... :P

အခုရေးထားတာကလည်း ငယ်ငယ်တုန်းက အကြောင်းလေးပါပဲ။ ကျွန်တော်တောင် နဲနဲမေ့နေပါပြီ။ ကျွန်တော် မူလတန်းမှာ တက်နေတုန်းက ရေးထားတာလေးပါ။ ဒီတခါ ကောင်းတာလေးရေးပါလို့ နောက်လိုက်တာ တကယ်ရေးပေးပါတယ် ဟီး ။ ကောင်းတာရေးထားတော့ တင်ရမှာတောင် နဲနဲရှက်တယ်.. :P

ကျွန်တော်တို့မြို့လေးမှာ မူလတန်း ၅ ကျောင်းရှိပြီး၊ အလယ်တန်းကျောင်း ၁ ကျောင်း နဲ့ အထက်တန်းကျောင်း ၁ ကျောင်းရှိပါတယ်။ မူလတန်းတက်ပြီးရင် အလယ်တန်းကျောင်းနဲ့ နီးရင် အလယ်တန်းကျောင်းမှာ တက်ရပြီး၊ ကျန်တဲ့သူတွေကတော့ ကျောင်းကြီးလို့ အများခေါ်တဲ့ အထက်တန်းကျောင်း မှာတက်ရပါတယ်။

မေမေရေးတာဖတ်တော့ အဲဒီအချိန်မှာ မေမေက ကျွန်တော်တို့မြို့ကနေ ၄မိုင်လောက်ဝေးတဲ့ တွဲဘက် အထက်တန်းကျောင်းကနေ ပြီး မြို့မှာရှိတဲ့ အထက်တန်းကျောင်းကို ရောက်ခါစဖြစ်ပါတယ်။ ကျန်တာကတော့ ဆက်လက်ဖတ်ရှုရန်…


ကောင်းတဲ့စိတ်ထား

ကျွန်မ မြို့ပေါ် အ.ထ.က ကျောင်းသို့ ပြောင်းရွှေ့လာရသဖြင့် သားသမီးများကို ရင်အုပ်မကွာ စောင့်ရှောက်ခွင့် ရခဲ့ပါတော့သည်။
တစ်နေ့ နံနက်စောစောတွင် သားငယ်က နံနက်စာ စားအပြီး ကျောင်းသွားဖို့ ပြင်ပါတော့တယ်။

“စောပါသေးတယ်သားငယ်ရဲ့ ကျောင်းပေါက်တောင်လှပ်သေးမှာအဟုတ်ဘူး“
“ဟားဟားဟား“ သားငယ်က ရယ်ပါတယ်။
”အမေက မသိပဲကို သားတို့စာသင်ခန်းက ဘယ်လောက်စောစော ကျောင်းခန်း မလှပ်သေးမှာ မပူရဘူး၊ ကျောင်းဆင်းရင်လဲ ကျောင်းခန်းတခါးပိတ်စရာ မလိုဘူး အမေရဲ့”
”သိပ်ဟုတ်ပါလား သားငယ်က အတန်းခေါင်းဆောင်က တာဝန်ယူထားတာလား”
”ဘယ်သူမှ တာဝန် မယူပါဘူး အမေရယ် သားတို့စာသင်ခန်းက တံခါးမရှိဘူး”
”ကောင်းတာပေါ့နော်”
”တခြား ကောင်းတာတွေ ရှိသေးတယ်အမေရဲ့ နေ့လယ်နေ့ခင်းမှာ လေလေးတဖြူးဖြူးနဲ့ ကြမ်းကြား ထဲကလည်း လေ၀င်တာပဲ အိုက်ကိုမအိုက်ဘူး၊ ကျောင်းတံခါးမလှပ်သေးမှာလည်း မပူရဘူး အမေရဲ့၊ သား အဖော်တွေနဲ့ ကစားချင်လို့ သွားတော့ မယ်နော် အမေ၊”

သားငယ်က သူ့စာသင်ခန်းလေး အကြောင်း ပြောပြပြီး ကျောင်းသို့ ထွက်သွားပါတော့တယ်။
ကျွန်မကျောင်းပိတ်ရက်နဲ့ သားငယ်တို့ကျောင်းဖွင့်ရက် ဆုံတဲ့တစ်နေ့မှာ သားငယ်တို့ရဲ့ မူလတန်းကျောင်းလေးကို ကျွန်မ သွားကြည့်မိပါတယ်။

သားငယ်တို့ရဲ့ စာသင်ခန်းလေးဟာ ခြေတံမြင့် ၀ါးကပ်မိုးထားတဲ့ တဲလေး တစ်တဲဖြစ်ပါတယ်။ မိုးလုံပေမဲ့ လေမလုံပါဘူး အကာအရံက စာသင်ခန်းအောင်ခြေ ၂ ပေ အမြင့်လောက် အထိသာဝါးထရံ ကာထားပါတယ်။ အထပ်ပိုင်းဗလာကျင်းလိုပါ၊ သားငယ်ပြောသလို လေတဖြူးဖြူးတော့အရှိသား။

မှောင်မဲခြင်းလဲမရှိ၊ အလင်းရောင် လင်းလင်းချင်းချင်းရှိပေတယ်။ တစ်ခြားစာသင်ခန်းများနဲ့ ဝေးရာ ကျောင်ဝန်းရဲ့ အစွန် ဒေါင့်နေရာမှာ သီးခြားတစ်ခန်းတည်း တည်ရှိတာမို့ ကလေးများစာကို ကုန်းအော်ချင်သလောက် အော် ပေရော၊ တစ်ခြားစာသင်ခန်းကိုလည်း ငှဲ့စရာ အားနာစရာ မရှိ လွတ်လပ်ပါဘိတော့။

အခင်းမှာ ၀ါးများကို စိပ်ပြီး ခင်းထားတဲ့ဝါးကြမ်းခင်း ၀ါးကြမ်းခင်းပေါ်မှာ ဖျာကြမ်းမျှမရှိ ကြမ်းကြားထဲကပါလေတိုးဝင်လေတော့ သားငယ်ပြောသလို အိုက်ကို မအိုက်လောက်ပေ။ စာသင်ခုံ နိမ့်လေးများရှိလို့ ကလေးများဝပ်ပြီး ကုန်းပြီး စာမရေးရ ဘူးပေါ့။ ကြမ်းပြင်မှာ အားပါးတရ ဖင်ချထိုင်ပြီး စတိုင်ကျကျ ခုံပေါ်စာအုပ်တင်စာရေးနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ်စာသင်ခန်းက ကောင်းတာတွေချည့်ပါဘဲ ကောင်းလိုက်တာ လို့ ယူဆလိုက်တော့လည်း ပျော်မွေ့ဖွယ်ရာ စာသင်ခန်းလေး ဖြစ်သွားပါတော့တယ်။

သားငယ်ရဲ့ အကောင်းမြင် စိတ်ဓါတ်လေးကို လှစ်ပြလိုက်သလို မြင်တွေ့လိုက်ရတာကြောင့် စိတ်လက်ပေါ့ပါး ပီတိသောမနသ ခံစားခဲ့ရပါတယ်။

ဒီစိတ်ထားဟာ ကုသိုလ်စိတ်ထား၊ ကောင်မြတ်တဲ့စိတ်ထား၊ အရိယာ စိတ်ထားပါ။
ဒီလိုနယ်မြို့လေးက မူလတန်းစာသင်ကျောင်းလေးမှာ ပညာရည်နို့သောက်စို့ခဲ့တဲ့ သားငယ်ဟာ အခုတော့ နိုင်ငံရပ်ခြားမှာ ပညာကို သင်ကြားခွင့်ရခဲ့တယ်။ ပညာထူးချွန်ခဲ့တယ်၊ ကောင်းတဲ့ အကျိုးတရားရလဒ်တွေရခဲ့တယ်။

အကောင်းမြင်စိတ်အတိုင်း ကောင်းတဲ့ အကျိုး စံစား ရတာပါဘဲကွယ်။

Read More...

Tuesday, September 11, 2007

မုန့်ပေါင်း နဲ့ ဆားချက်ခြင်း

တခြားသူတွေ ကျွန်တော့် blog ကိုလာမလာတော့ မသိဘူး ကျွန်တော်တောင် ကိုယ့် blog ကို ဒီနေ့မှပြန်ကြည့်ဖြစ်ပါတယ်။ အကြောင်းကတော့ ထုံးစံအတိုင်း အလုပ်ရှုပ်လို့ပါပဲ။ ဒီတခါက စာမေးပွဲပါရှိတော့ ရှုပ်တာတွေဆုံသွားပြီး တော်တော်ရှုပ်သွားလို့ပါ။ ပြောရင်းတောင် ရှုပ်လာပါပြီ။

စာမေးပွဲအတွက် ဆုတောင်းပေးကြတဲ့ သူငယ်ချင်းများအားလုံး ကိုကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ဒီမို နဲ့ ဂျစ်တူး။
ပန်ဒိုရာကလည်း စာမေးပွဲဖြေပြီးတော့ လာဆုတောင်းပေးတာ ကျေးဇူးတင်ပါတယ်။ နောက်မှာလာဆုတောင်းလို့ စာလုံး သေးသေးလေးပဲရေးထားတယ်။ ;)

ကျန်တဲ့သူငယ်ချင်းတွေက ကျွန်တော် တောင်ရေးမြောက်ရေး ရေးနေတာကို မသိတော့ ဒီမှာကျေးဇူးတင်ရင် သူတို့မသိမှာစိုးလို့ နောက်မှပဲ မုန်ကျွေးခိုင်းပြီး ကျေးဇူးတင်စကား ပြောတော့မယ်။ :P

ဒီမှာ ရေးချင်တာရေးနေတာကို လွန်ခဲ့တဲ့ ၂ ပတ်လောက်က ကျွန်တော့် အကိုသိသွားတယ်။ သိမှာပေါ့ ကျွန်တော်က မေမေ့စာတွေနဲ့ ဆားချက်နေတာကိုး။ အကိုသိတော့ တအိမ်လုံးသိသွားတာပေါ့။ သိပ်တော့မကောင်းဘူးနော် ရေးချင်တာသိပ်ရေးလို့ မရတော့ဘူး။ :D

မေမေက ဘာလို့ရေးတာလည်းမေးတော့၊ စိတ်အပန်းပြေပါ နောက်ပြီးတော့ မှတ်တမ်းလည်းဖြစ်သွားတာပေါ့ လို့ဖြေလိုက်တယ်။ ဟုတ်တယ် ကျွန်တော်က diary ရေးတာလို့ ရေးမှတ်တာ တော်တော်နည်းတာလေ။ နည်းဆို တသက်လုံး ၂ ရက်လားပဲ diary ရေးဖူးတယ်။ တောင်တက်ခရီးစဉ်ထွက်တုန်းကပဲ မှတ်တမ်းလေး နည်းနည်းရေးဖူးတယ်။ မေမေက မှတ်တမ်းဖြစ်သွားစေချင်ရင် ငယ်ငယ်တုန်းက မှတ်မိတဲ့ အကြောင်းတွေ ရေးပြီးပို့လိုက်မယ်တဲ့။ အင်း ကျွန်တော့်ရဲ့ ကောင်းကြောင်းလေးတွေ အကုန်ပေါ်ကုန်တော့မှာပဲ။ :D

ပြီးခဲ့တဲ့ ၃ရက်လောက်က အမဆီကနေ email ရောက်လာပါတယ် မေမေက ကျွန်တော်အတွက်ရေးထားတဲ့ အကြောင်းလေးတဲ့။ ဒါနဲ့ပဲ ကျွန်တော်လည်း စာမေးပွဲပြီး ရေးစရာမရှိတုန်း ဆားချက်လိုက်ပါတယ်။ သတ်ပုံမှားတဲ့ည တို့ ဆေးပေါင်းခတဲ့ည တို့လို ညတည အကြောင်းလေးပါ။ ၀တ္ထုလိုပဲဖတ်ပါနော် ... ဟီး


မုန့်ပေါင်းမစားရတဲ့ည

ဆောင်းတစ်ညရဲ့ ညဦးယံ လွန်မြောက်ပြီးစ အလွန်အေးတဲ့ အချိန်မှာ ကျွန်မတို့ သားအမိလေးဦး စာအုပ်ကိုယ်စီဖြင့် စာကြည့်နေကြဆဲ တွင် ည၏တိတ်ဆိတ်ငြိမ်သက်ခြင်းကို “မုန့်ပေါင်း…. မုန့်ပေါင်း….” ဆိုတဲ့ အသံစူးစူး က ဖေါက်ခွင်းလိုက်ချိန်မတော့ စာဖတ်နေသူ လေးဦးစလုံး ရွှင်လန်းတက် ကြွသွားပါတော့တယ်။

“ အမေ…မုန့်ပေါင်းစားချက်တယ်”
သားသမီး တို့ရဲ့ ဆန္ဒ ပြုချက်ကို ကျွန်မ စဉ်းစားတွေဝေခြင်းမရှိ လျင်လျင်မြန်မြန် သဘောတူလိုက်တယ်။ ဒီနေ့လစာထုတ်ရက်လေ။

“သားကြီး ၊ အိမ်တံခါးမြန်မြန်ဖွင့် ၊ သားငယ်မုန့်သယ်ကိုအော်ခေါ် ၊ သမီးက ပုဂံသွားယူ “ ကျွန်မ စီစဉ်ပြောဆိုရင်း ပိုက်ဆံအိပ် ဆွဲယူပါတယ်။

မုန့်သယ်အဝေးသို့ ရောက်သွားမှာကို စိုးရိမ်စိတ် တူညီရှိကြလို့ ကိုယ်တာဝန်ကို တက်ညီလက်ညီ မြန်မြန်ဆန်ဆန် လုပ်လိုက်ကြတယ်။ ညီညွှတ်ကြပါဘိ။
ဆောင်းရာသီ တိတ်ဆိတ်တဲ့ည ဖြစ်တာတစ်ကြောင်း၊ ကျွန်မတို့သားအမိတစ်တွေချည့် ရှိကြတာတစ်ကြောင်း၊ ကျွန်မတို့အိမ်က သီးခြားလိုဖြစ်နေတာတစ်ကြောင်း ၊ စတဲ့အကြောင်းများကြောင့် သစ်သားတံခါး၊ သံတံခါး တံခါးနှစ်ထပ်ပိတ်ပြီး သော့ (၂)လုံးစီခပ်၊ ခြံဝန်းတံခါးကိုလည်း သော့ခပ်ထားတော့ အရေးဟဲ့ဆို ရင် သော့လှပ်ရတာကိုက အထပ်ထပ်ပါ။

မုန့်သယ်ရောက်လာတော့ “ တစ်ယောက်(၃)ခုစီနော်၊ ၀ရဲ့လား အဖြူကြိုက်လား၊ ငချိတ်ကြိုက်လား” နဲ့ စိတ်ကြိုက် တွေ မေးမြန်းပြီး၊ မုန့်ကိုရွေးချယ်ရေတွက်ကာ ပုဂံထဲထည့်လို့ပေါ့။ ခြံတံခါးမှာ ကျွန်မတို့သားအမိတွေနဲ့ မုန့်ပေါင်းသယ်ရဲ့ အသံစီစီညံလို့ပါပဲ။

ပိုက်ဆံ ထုတ်ပေးလိုက်တဲ့အချိန်မှာတော့ မုန့်သယ်က မအမ်းနိုင်ဘူးတဲ့။
အကြွေရှာပြန်တော့ အကြွေက မရှိပြန်ဘူး။ သားကြီးဆီမှာလည်း ပိုက်ဆံကမရှိ၊ သားကြီးက အမြဲ ဘိုင်ကြတတ်သူ၊ သမီးမှာလည်းမရှိဘူးတဲ့၊ သားငယ် ကတော. ပိုက်ဆံရှိတတ်တယ်၊ သူက စုဆောင်းသိမ်းတတ်သူ၊ ဒါကြောင့် သားငယ်ကို ကျွန်မ အားကိုးမိတယ်။
“ သားငယ်အမေ့ကို ပိုက်ဆံ ခဏချေးပါကွယ်။”

သားငယ်ကမလှုပ်၊ သူကသူ့ပိုက်ဆံကိုမထုတ်ချင်သူ၊ ဒီတော့မုန်ပေါင်းသယ်ဘက်လှဲ့ရပြန်တယ်။

“မုန့်သယ်ရယ် မနက်ဖြန်ညမှယူပါကွယ်။”
“မဖြစ်ဘူးမနက်ဖြန်ပြန်ရင်းရမှာ၊ ဒါမှ ညမုန့်ပြန် ရောင်းနိုင်မယ်။”
“ဒါဖြင့်မနက်မှလာယူပါကွယ်” ကျွန်မ က ဖြစ်နိုင်ချေရှိတန်ကောင်းရဲ့ နောက်ဆုံးအဆင့် ပြောမီပြန်တယ်။

“ကျွန်မတို့က သင်္ဘောဆိပ်ကနေလာရတာ ၊ ဒီအိမ်နဲ့သင်္ဘောဆိပ်က မြို့ရဲ့ ဟိုဘက်ဖျားနဲ့ ဒီဘက်ဖျား အဝေကြီး မလာနိုင်ဘူး” မုန့်သယ်က အရှင်းစကားနောက်ဆုံးဆိုချေပြီ။
မုန့်ပေါင်းကိုလည်း အားလုံးက စားချင်ကြလို့ တံခါးအထပ်ထပ်ဖွင့် ညဉ့်နက်သန်းခေါင် ချမ်းချမ်းစီးစီး ခြံတံခါးဝမှား မုန်ဝယ်နေကြတာ၊ မုန့်တွေလည်းပုဂံထဲရောက်နေပြီ၊
ကျွန်မသားငယ်ကို တလှဲ့ပြောကြည့်ပြန်တယ်။

“သားငယ်အမေနက်ဖြန် ဈေးအပြန်မှာ ပြန်ပေးပါမယ် ။ သားငယ်ပိုက်ဆံ ထုတ်မှ ဒီည မုန့်ပေါင်းစားကြရမှာ ပါကွယ်။”

သားငယ်က မလှုပ်၊ တေမိဇာတ် ခင်းမြဲခင်းနေပေပြီ၊ ကျွန်မရဲ့ နောက်ဆုံးကြိုးစားမှု အဟောသိကံ ဖြစ်လေပြီ။

“ကိုင်း..ဒါဆိုရင်လည်း မုန့်ပေါင်းလေးတွေ မင်းတို့ရဲ့နေရာ အိုးထဲကို ပြန်သွားပေအုန်းကွယ်”
ကျွန်မက ပုဂံထဲက မုန့်ပေါင်းများကို အိုးထဲပြန်ထည့်လိုက်ရပါတော့တယ်။ ဆောင်းညလည်းတိတ်ဆိတ်ငြိမ်သက်မြဲ၊ တိတ်ဆိတ်ငြိမ်သက်လျှက် အားလုံးရဲ ရင်ထဲမှာတော့ မချင့်မရဲ့နဲ့ပေါ့။

အခုချိန်မှာတော့မုန့် ပေါင်းမြင်တိုင်း မုန့်ပေါင်းမစားလိုက်ရတဲ့ညလေး ကို လွမ်းမောတသမိပါတော့တယ်။

Read More...

Ratings