Tuesday, September 11, 2007

မုန့်ပေါင်း နဲ့ ဆားချက်ခြင်း

တခြားသူတွေ ကျွန်တော့် blog ကိုလာမလာတော့ မသိဘူး ကျွန်တော်တောင် ကိုယ့် blog ကို ဒီနေ့မှပြန်ကြည့်ဖြစ်ပါတယ်။ အကြောင်းကတော့ ထုံးစံအတိုင်း အလုပ်ရှုပ်လို့ပါပဲ။ ဒီတခါက စာမေးပွဲပါရှိတော့ ရှုပ်တာတွေဆုံသွားပြီး တော်တော်ရှုပ်သွားလို့ပါ။ ပြောရင်းတောင် ရှုပ်လာပါပြီ။

စာမေးပွဲအတွက် ဆုတောင်းပေးကြတဲ့ သူငယ်ချင်းများအားလုံး ကိုကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ဒီမို နဲ့ ဂျစ်တူး။
ပန်ဒိုရာကလည်း စာမေးပွဲဖြေပြီးတော့ လာဆုတောင်းပေးတာ ကျေးဇူးတင်ပါတယ်။ နောက်မှာလာဆုတောင်းလို့ စာလုံး သေးသေးလေးပဲရေးထားတယ်။ ;)

ကျန်တဲ့သူငယ်ချင်းတွေက ကျွန်တော် တောင်ရေးမြောက်ရေး ရေးနေတာကို မသိတော့ ဒီမှာကျေးဇူးတင်ရင် သူတို့မသိမှာစိုးလို့ နောက်မှပဲ မုန်ကျွေးခိုင်းပြီး ကျေးဇူးတင်စကား ပြောတော့မယ်။ :P

ဒီမှာ ရေးချင်တာရေးနေတာကို လွန်ခဲ့တဲ့ ၂ ပတ်လောက်က ကျွန်တော့် အကိုသိသွားတယ်။ သိမှာပေါ့ ကျွန်တော်က မေမေ့စာတွေနဲ့ ဆားချက်နေတာကိုး။ အကိုသိတော့ တအိမ်လုံးသိသွားတာပေါ့။ သိပ်တော့မကောင်းဘူးနော် ရေးချင်တာသိပ်ရေးလို့ မရတော့ဘူး။ :D

မေမေက ဘာလို့ရေးတာလည်းမေးတော့၊ စိတ်အပန်းပြေပါ နောက်ပြီးတော့ မှတ်တမ်းလည်းဖြစ်သွားတာပေါ့ လို့ဖြေလိုက်တယ်။ ဟုတ်တယ် ကျွန်တော်က diary ရေးတာလို့ ရေးမှတ်တာ တော်တော်နည်းတာလေ။ နည်းဆို တသက်လုံး ၂ ရက်လားပဲ diary ရေးဖူးတယ်။ တောင်တက်ခရီးစဉ်ထွက်တုန်းကပဲ မှတ်တမ်းလေး နည်းနည်းရေးဖူးတယ်။ မေမေက မှတ်တမ်းဖြစ်သွားစေချင်ရင် ငယ်ငယ်တုန်းက မှတ်မိတဲ့ အကြောင်းတွေ ရေးပြီးပို့လိုက်မယ်တဲ့။ အင်း ကျွန်တော့်ရဲ့ ကောင်းကြောင်းလေးတွေ အကုန်ပေါ်ကုန်တော့မှာပဲ။ :D

ပြီးခဲ့တဲ့ ၃ရက်လောက်က အမဆီကနေ email ရောက်လာပါတယ် မေမေက ကျွန်တော်အတွက်ရေးထားတဲ့ အကြောင်းလေးတဲ့။ ဒါနဲ့ပဲ ကျွန်တော်လည်း စာမေးပွဲပြီး ရေးစရာမရှိတုန်း ဆားချက်လိုက်ပါတယ်။ သတ်ပုံမှားတဲ့ည တို့ ဆေးပေါင်းခတဲ့ည တို့လို ညတည အကြောင်းလေးပါ။ ၀တ္ထုလိုပဲဖတ်ပါနော် ... ဟီး


မုန့်ပေါင်းမစားရတဲ့ည

ဆောင်းတစ်ညရဲ့ ညဦးယံ လွန်မြောက်ပြီးစ အလွန်အေးတဲ့ အချိန်မှာ ကျွန်မတို့ သားအမိလေးဦး စာအုပ်ကိုယ်စီဖြင့် စာကြည့်နေကြဆဲ တွင် ည၏တိတ်ဆိတ်ငြိမ်သက်ခြင်းကို “မုန့်ပေါင်း…. မုန့်ပေါင်း….” ဆိုတဲ့ အသံစူးစူး က ဖေါက်ခွင်းလိုက်ချိန်မတော့ စာဖတ်နေသူ လေးဦးစလုံး ရွှင်လန်းတက် ကြွသွားပါတော့တယ်။

“ အမေ…မုန့်ပေါင်းစားချက်တယ်”
သားသမီး တို့ရဲ့ ဆန္ဒ ပြုချက်ကို ကျွန်မ စဉ်းစားတွေဝေခြင်းမရှိ လျင်လျင်မြန်မြန် သဘောတူလိုက်တယ်။ ဒီနေ့လစာထုတ်ရက်လေ။

“သားကြီး ၊ အိမ်တံခါးမြန်မြန်ဖွင့် ၊ သားငယ်မုန့်သယ်ကိုအော်ခေါ် ၊ သမီးက ပုဂံသွားယူ “ ကျွန်မ စီစဉ်ပြောဆိုရင်း ပိုက်ဆံအိပ် ဆွဲယူပါတယ်။

မုန့်သယ်အဝေးသို့ ရောက်သွားမှာကို စိုးရိမ်စိတ် တူညီရှိကြလို့ ကိုယ်တာဝန်ကို တက်ညီလက်ညီ မြန်မြန်ဆန်ဆန် လုပ်လိုက်ကြတယ်။ ညီညွှတ်ကြပါဘိ။
ဆောင်းရာသီ တိတ်ဆိတ်တဲ့ည ဖြစ်တာတစ်ကြောင်း၊ ကျွန်မတို့သားအမိတစ်တွေချည့် ရှိကြတာတစ်ကြောင်း၊ ကျွန်မတို့အိမ်က သီးခြားလိုဖြစ်နေတာတစ်ကြောင်း ၊ စတဲ့အကြောင်းများကြောင့် သစ်သားတံခါး၊ သံတံခါး တံခါးနှစ်ထပ်ပိတ်ပြီး သော့ (၂)လုံးစီခပ်၊ ခြံဝန်းတံခါးကိုလည်း သော့ခပ်ထားတော့ အရေးဟဲ့ဆို ရင် သော့လှပ်ရတာကိုက အထပ်ထပ်ပါ။

မုန့်သယ်ရောက်လာတော့ “ တစ်ယောက်(၃)ခုစီနော်၊ ၀ရဲ့လား အဖြူကြိုက်လား၊ ငချိတ်ကြိုက်လား” နဲ့ စိတ်ကြိုက် တွေ မေးမြန်းပြီး၊ မုန့်ကိုရွေးချယ်ရေတွက်ကာ ပုဂံထဲထည့်လို့ပေါ့။ ခြံတံခါးမှာ ကျွန်မတို့သားအမိတွေနဲ့ မုန့်ပေါင်းသယ်ရဲ့ အသံစီစီညံလို့ပါပဲ။

ပိုက်ဆံ ထုတ်ပေးလိုက်တဲ့အချိန်မှာတော့ မုန့်သယ်က မအမ်းနိုင်ဘူးတဲ့။
အကြွေရှာပြန်တော့ အကြွေက မရှိပြန်ဘူး။ သားကြီးဆီမှာလည်း ပိုက်ဆံကမရှိ၊ သားကြီးက အမြဲ ဘိုင်ကြတတ်သူ၊ သမီးမှာလည်းမရှိဘူးတဲ့၊ သားငယ် ကတော. ပိုက်ဆံရှိတတ်တယ်၊ သူက စုဆောင်းသိမ်းတတ်သူ၊ ဒါကြောင့် သားငယ်ကို ကျွန်မ အားကိုးမိတယ်။
“ သားငယ်အမေ့ကို ပိုက်ဆံ ခဏချေးပါကွယ်။”

သားငယ်ကမလှုပ်၊ သူကသူ့ပိုက်ဆံကိုမထုတ်ချင်သူ၊ ဒီတော့မုန်ပေါင်းသယ်ဘက်လှဲ့ရပြန်တယ်။

“မုန့်သယ်ရယ် မနက်ဖြန်ညမှယူပါကွယ်။”
“မဖြစ်ဘူးမနက်ဖြန်ပြန်ရင်းရမှာ၊ ဒါမှ ညမုန့်ပြန် ရောင်းနိုင်မယ်။”
“ဒါဖြင့်မနက်မှလာယူပါကွယ်” ကျွန်မ က ဖြစ်နိုင်ချေရှိတန်ကောင်းရဲ့ နောက်ဆုံးအဆင့် ပြောမီပြန်တယ်။

“ကျွန်မတို့က သင်္ဘောဆိပ်ကနေလာရတာ ၊ ဒီအိမ်နဲ့သင်္ဘောဆိပ်က မြို့ရဲ့ ဟိုဘက်ဖျားနဲ့ ဒီဘက်ဖျား အဝေကြီး မလာနိုင်ဘူး” မုန့်သယ်က အရှင်းစကားနောက်ဆုံးဆိုချေပြီ။
မုန့်ပေါင်းကိုလည်း အားလုံးက စားချင်ကြလို့ တံခါးအထပ်ထပ်ဖွင့် ညဉ့်နက်သန်းခေါင် ချမ်းချမ်းစီးစီး ခြံတံခါးဝမှား မုန်ဝယ်နေကြတာ၊ မုန့်တွေလည်းပုဂံထဲရောက်နေပြီ၊
ကျွန်မသားငယ်ကို တလှဲ့ပြောကြည့်ပြန်တယ်။

“သားငယ်အမေနက်ဖြန် ဈေးအပြန်မှာ ပြန်ပေးပါမယ် ။ သားငယ်ပိုက်ဆံ ထုတ်မှ ဒီည မုန့်ပေါင်းစားကြရမှာ ပါကွယ်။”

သားငယ်က မလှုပ်၊ တေမိဇာတ် ခင်းမြဲခင်းနေပေပြီ၊ ကျွန်မရဲ့ နောက်ဆုံးကြိုးစားမှု အဟောသိကံ ဖြစ်လေပြီ။

“ကိုင်း..ဒါဆိုရင်လည်း မုန့်ပေါင်းလေးတွေ မင်းတို့ရဲ့နေရာ အိုးထဲကို ပြန်သွားပေအုန်းကွယ်”
ကျွန်မက ပုဂံထဲက မုန့်ပေါင်းများကို အိုးထဲပြန်ထည့်လိုက်ရပါတော့တယ်။ ဆောင်းညလည်းတိတ်ဆိတ်ငြိမ်သက်မြဲ၊ တိတ်ဆိတ်ငြိမ်သက်လျှက် အားလုံးရဲ ရင်ထဲမှာတော့ မချင့်မရဲ့နဲ့ပေါ့။

အခုချိန်မှာတော့မုန့် ပေါင်းမြင်တိုင်း မုန့်ပေါင်းမစားလိုက်ရတဲ့ညလေး ကို လွမ်းမောတသမိပါတော့တယ်။

5 comments:

ပုံရိပ် / Pon Yate said...

သားငယ်ဆိုတာ ကိုပီတိလား။ ဦးကပ်စေး ပေါ့ :D

ဂျစ်တူး - gyit_tu said...

ဟာ ကိုပီတိတို့များ ငယ်၂လေးတည်းက ပိုက်ဆံအိတ်ကို ကြိုးနဲ့ချည်တဲ့အကျင့် ရှိတာကိုး အဟား ။ ငယ်၂ကအကြောင်း ကိုပီတိ မေမေကို ထပ်ရေးခိုင်းပါဦး ။ အန်တီရေးတာ ဖတ်လို့အရမ်းကောင်းပါတယ်း)

pandora said...

ဟင်း ငယ်ငယ်ကတည်းက ကပ်စေးနည်းတာ ကြီးလာတော့လည်း သွားစားကြရင် ပိုက်ပိုက်မထုတ်ဘူးတဲ့.. ဝေးဝေးရှောင်ပြီ… ဟီး

PeTi said...

ပုံရိပ်ရေ.. ဟုတ်ပါတယ် အိမ်မှာ ဒိလိုပဲခေါ်ပါတယ်။ ဦးကပ်စေး မဟုတ်ပါဘူး၊ ပိုက်ဆံကို ချွေတာတတ်တာပါ။ ငယ်ငယ်ကပါ.. အခုတော့ ပိုက်ဆံက ကျွန်တော့် အတူမနေတော့ပါဘူး.. :D

ဂျစ်တူး.. ရေးခိုင်းထားတယ် ကောင်းတာလေးတွေ.. ဟီး.. ဂျစ်တူးက မေမေကို အန်တီလို့ခေါ်တာသိရင် ထွက်လာဦးမှာ စာတပုဒ်..

ပန်ဒိုရကလည်း.. အဲလို ဟုတ်ပါဘူး.. မယုံရင် စမ်းကြည့်လေ…:P

ယောနသံစင်ရော် said...

ဘုရား ဘုရားမှားသွားပြီ ...ဖြစ်သလိုပို့စ်မှာကွန်မန့် ရေးပြီး ဝယ်ကျွေးဖို့တောင်းဆိုမိတာ...
ဘွာတေးနော် ကိုပီတိ.....

Ratings