Monday, September 17, 2007

ကောင်းတဲ့စိတ်ထား

တခုခုရေးမယ်လို့ စိတ်ကူးနေတာ ဘာမှလည်းမရေးဖြစ်သေးဘူး လို့တွေးနေတုန်း အမက email ပို့လာပါတယ်။ မေမေနောက်တပုဒ်ရေးပြီးလို့ပို့လိုက်တာတဲ့။ ကျွန်တော်လည်း စာလေးဘာလေး ရေးဦးမှပဲ မဟုတ်ရင်တော့ ပီတိ၃၁ က မေမေ့ blog ဖြစ်ပြီး ကျွန်တော် နေရာပျောက်တော့မှာ... :P

အခုရေးထားတာကလည်း ငယ်ငယ်တုန်းက အကြောင်းလေးပါပဲ။ ကျွန်တော်တောင် နဲနဲမေ့နေပါပြီ။ ကျွန်တော် မူလတန်းမှာ တက်နေတုန်းက ရေးထားတာလေးပါ။ ဒီတခါ ကောင်းတာလေးရေးပါလို့ နောက်လိုက်တာ တကယ်ရေးပေးပါတယ် ဟီး ။ ကောင်းတာရေးထားတော့ တင်ရမှာတောင် နဲနဲရှက်တယ်.. :P

ကျွန်တော်တို့မြို့လေးမှာ မူလတန်း ၅ ကျောင်းရှိပြီး၊ အလယ်တန်းကျောင်း ၁ ကျောင်း နဲ့ အထက်တန်းကျောင်း ၁ ကျောင်းရှိပါတယ်။ မူလတန်းတက်ပြီးရင် အလယ်တန်းကျောင်းနဲ့ နီးရင် အလယ်တန်းကျောင်းမှာ တက်ရပြီး၊ ကျန်တဲ့သူတွေကတော့ ကျောင်းကြီးလို့ အများခေါ်တဲ့ အထက်တန်းကျောင်း မှာတက်ရပါတယ်။

မေမေရေးတာဖတ်တော့ အဲဒီအချိန်မှာ မေမေက ကျွန်တော်တို့မြို့ကနေ ၄မိုင်လောက်ဝေးတဲ့ တွဲဘက် အထက်တန်းကျောင်းကနေ ပြီး မြို့မှာရှိတဲ့ အထက်တန်းကျောင်းကို ရောက်ခါစဖြစ်ပါတယ်။ ကျန်တာကတော့ ဆက်လက်ဖတ်ရှုရန်…


ကောင်းတဲ့စိတ်ထား

ကျွန်မ မြို့ပေါ် အ.ထ.က ကျောင်းသို့ ပြောင်းရွှေ့လာရသဖြင့် သားသမီးများကို ရင်အုပ်မကွာ စောင့်ရှောက်ခွင့် ရခဲ့ပါတော့သည်။
တစ်နေ့ နံနက်စောစောတွင် သားငယ်က နံနက်စာ စားအပြီး ကျောင်းသွားဖို့ ပြင်ပါတော့တယ်။

“စောပါသေးတယ်သားငယ်ရဲ့ ကျောင်းပေါက်တောင်လှပ်သေးမှာအဟုတ်ဘူး“
“ဟားဟားဟား“ သားငယ်က ရယ်ပါတယ်။
”အမေက မသိပဲကို သားတို့စာသင်ခန်းက ဘယ်လောက်စောစော ကျောင်းခန်း မလှပ်သေးမှာ မပူရဘူး၊ ကျောင်းဆင်းရင်လဲ ကျောင်းခန်းတခါးပိတ်စရာ မလိုဘူး အမေရဲ့”
”သိပ်ဟုတ်ပါလား သားငယ်က အတန်းခေါင်းဆောင်က တာဝန်ယူထားတာလား”
”ဘယ်သူမှ တာဝန် မယူပါဘူး အမေရယ် သားတို့စာသင်ခန်းက တံခါးမရှိဘူး”
”ကောင်းတာပေါ့နော်”
”တခြား ကောင်းတာတွေ ရှိသေးတယ်အမေရဲ့ နေ့လယ်နေ့ခင်းမှာ လေလေးတဖြူးဖြူးနဲ့ ကြမ်းကြား ထဲကလည်း လေ၀င်တာပဲ အိုက်ကိုမအိုက်ဘူး၊ ကျောင်းတံခါးမလှပ်သေးမှာလည်း မပူရဘူး အမေရဲ့၊ သား အဖော်တွေနဲ့ ကစားချင်လို့ သွားတော့ မယ်နော် အမေ၊”

သားငယ်က သူ့စာသင်ခန်းလေး အကြောင်း ပြောပြပြီး ကျောင်းသို့ ထွက်သွားပါတော့တယ်။
ကျွန်မကျောင်းပိတ်ရက်နဲ့ သားငယ်တို့ကျောင်းဖွင့်ရက် ဆုံတဲ့တစ်နေ့မှာ သားငယ်တို့ရဲ့ မူလတန်းကျောင်းလေးကို ကျွန်မ သွားကြည့်မိပါတယ်။

သားငယ်တို့ရဲ့ စာသင်ခန်းလေးဟာ ခြေတံမြင့် ၀ါးကပ်မိုးထားတဲ့ တဲလေး တစ်တဲဖြစ်ပါတယ်။ မိုးလုံပေမဲ့ လေမလုံပါဘူး အကာအရံက စာသင်ခန်းအောင်ခြေ ၂ ပေ အမြင့်လောက် အထိသာဝါးထရံ ကာထားပါတယ်။ အထပ်ပိုင်းဗလာကျင်းလိုပါ၊ သားငယ်ပြောသလို လေတဖြူးဖြူးတော့အရှိသား။

မှောင်မဲခြင်းလဲမရှိ၊ အလင်းရောင် လင်းလင်းချင်းချင်းရှိပေတယ်။ တစ်ခြားစာသင်ခန်းများနဲ့ ဝေးရာ ကျောင်ဝန်းရဲ့ အစွန် ဒေါင့်နေရာမှာ သီးခြားတစ်ခန်းတည်း တည်ရှိတာမို့ ကလေးများစာကို ကုန်းအော်ချင်သလောက် အော် ပေရော၊ တစ်ခြားစာသင်ခန်းကိုလည်း ငှဲ့စရာ အားနာစရာ မရှိ လွတ်လပ်ပါဘိတော့။

အခင်းမှာ ၀ါးများကို စိပ်ပြီး ခင်းထားတဲ့ဝါးကြမ်းခင်း ၀ါးကြမ်းခင်းပေါ်မှာ ဖျာကြမ်းမျှမရှိ ကြမ်းကြားထဲကပါလေတိုးဝင်လေတော့ သားငယ်ပြောသလို အိုက်ကို မအိုက်လောက်ပေ။ စာသင်ခုံ နိမ့်လေးများရှိလို့ ကလေးများဝပ်ပြီး ကုန်းပြီး စာမရေးရ ဘူးပေါ့။ ကြမ်းပြင်မှာ အားပါးတရ ဖင်ချထိုင်ပြီး စတိုင်ကျကျ ခုံပေါ်စာအုပ်တင်စာရေးနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ်စာသင်ခန်းက ကောင်းတာတွေချည့်ပါဘဲ ကောင်းလိုက်တာ လို့ ယူဆလိုက်တော့လည်း ပျော်မွေ့ဖွယ်ရာ စာသင်ခန်းလေး ဖြစ်သွားပါတော့တယ်။

သားငယ်ရဲ့ အကောင်းမြင် စိတ်ဓါတ်လေးကို လှစ်ပြလိုက်သလို မြင်တွေ့လိုက်ရတာကြောင့် စိတ်လက်ပေါ့ပါး ပီတိသောမနသ ခံစားခဲ့ရပါတယ်။

ဒီစိတ်ထားဟာ ကုသိုလ်စိတ်ထား၊ ကောင်မြတ်တဲ့စိတ်ထား၊ အရိယာ စိတ်ထားပါ။
ဒီလိုနယ်မြို့လေးက မူလတန်းစာသင်ကျောင်းလေးမှာ ပညာရည်နို့သောက်စို့ခဲ့တဲ့ သားငယ်ဟာ အခုတော့ နိုင်ငံရပ်ခြားမှာ ပညာကို သင်ကြားခွင့်ရခဲ့တယ်။ ပညာထူးချွန်ခဲ့တယ်၊ ကောင်းတဲ့ အကျိုးတရားရလဒ်တွေရခဲ့တယ်။

အကောင်းမြင်စိတ်အတိုင်း ကောင်းတဲ့ အကျိုး စံစား ရတာပါဘဲကွယ်။

5 comments:

ဂျစ်တူး - gyit_tu said...

ဟယ် ကိုပီတိ သေးသေးလေးက ချစ်စရာလေးတော့ ။ ပြောတတ်လိုက်တား)

တကယ်လည်း ကောင်းတဲ့စိတ်ထားလေးပါ ကိုပီတိ ။ အဲလိုအရွယ်မှာ အဲလောက်အကောင်းမြင် ၀ါဒ ထားနိုင်တာ ။ နောင်အသက်ကြီးလို့ ကိုပီတိ အကြီးကြီး ဖြစ်တဲ့အခါလည်း ဒီ့ထက် ပိုထားနိုင်ပါစေလို့ ..း)

Ye-Mon said...

ဟုတ်ပ .. တယ် အကောင်းမြင်တတ်တဲ့ ကပီတိပဲ။ ရှဲဒိုး ဘလောက်တွေချည်းပဲတော့ တင်မနေနဲ့ဦးနော။ မဟုတ်ရင် ပီတိ-မေမေ ဘလောက် ဆိုပြီး နာမည်ပြောင်းရမယ်။

ပုံရိပ် / Pon Yate said...

အကောင်းမြင် တတ်ရင်စိတ်ချမ်းသာတာပဲ။ ကောင်းတယ် ကောင်းတယ်။

demo kitto said...

ဦးကြီးပီတိ သေးသေးလေးက ချစ်စရာလေး..
ဦးကြီးပီတိ ကြီးကြီး ကြီးတော့ မသိဘူး.. ( မုန့်ဝယ်ကျွေးရင် ချစ်စရာကောင်းတယ်..သဘောကောင်းတယ် လို့ ပြောမယ်နော်.. )

အပေါ်က မဂျစ်နဲ့ကိုရဲမွန်ပြောသလို.. ပီတီမေမေ ဖြစ်တော့မယ်.. ဆားချက်တာလဲ ချက်ပေါ့.. )

PeTi said...

ဂျစ်တူးရေ.. အခုလည်း ငယ်ငယ်ကအတိုင်းပဲ.. ဟီဟီ… လာရောက်ဖတ်ရှု ဆုတောင်း ရေးသားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။

ကိုမင်း .. ဟုတ်တယ် ကျွန်တော်က စာရေးပျင်းတယ်။ မေမေက စာရေးရတာပျော်တယ်လေ။ ဟုတ်ပ စာရေးချင်ရေး မရေးရင်တော့ နာမည်ပြောင်းရတော့မယ်။ စာရေးဖို့ကြိုးစားပါဦးမယ်။

ဟုတ်ပ ပုံရိပ်ကိုလည်း အကောင်မြင် ဟုတ်ပေါင် အကောင်းမြင်ရအောင် ကိုယ်ထင်ပြဦးလေ။

ဒီမိုကလည်း ကြီးလေချစ်စရာကောင်းလေကွာ။ သိဘူးလား.. ဟီးဟီး..

Ratings