Tuesday, October 30, 2007

How Addicted to Blogging Are You?

ကိုမင်းရဲ့ “ဘလောက် စွဲနေပြီလား” ကနေရတဲ့လင့်မှာ ကျွန်တော့်ရဲ့ ဘလောက်ရောဂါ စမ်းသပ်ကြည့်လိုက်တော့

65%How Addicted to Blogging Are You?

Free Maryland Personals


Read More...

Saturday, October 27, 2007

၂/၉၆ - တတိယပိုင်း

`အားလုံး ဒီမှာတန်းစီမယ်။ ၁၀ ယောက် တစ်တန်းစီ စီပါ။ ပိုနေရင် အတန်းအသစ်စီပါ။ ´
ခေါင်းဆောင်ဆရာ ဦးမျိုးသန့်က အားလုံးကို အော်ပြောလိုက်ပါသည်။

အားလုံးတန်းစီပြီးတော့
`အခု ကျောင်းကို ပြန်လမ်းလျှောက်မယ်။ Training ကနဲနဲ ဝေးတော့ အသစ်စလျှောက်တဲ့သူတွေ နဲ့ ဆက်မလျှောက်နိုင်တော့တဲ့သူတွေ ဒီက ဆရာနဲ့ ပြန်လိုက်သွားလို့ရတယ်။ ဒီဆရာက သွားစရာရှိလို့ ဒီကနေ Bus နဲ့ပြန်မှာ။´ ဆိုပြီး နဲနဲ ၀၀ ပုပု ဆရာကို ညွှန်ပြပါသည်။

အဲဒီဆရာကတော့ ပင်းယဆောင်က Hall Tutor ဆရာစိန် ဖြစ်ပါတယ်။ အစကတော့ သူ့ကို သိပ်မကြည်ပါဘူး။ ဘာလို့လဲဆိုတော့ တခါက အဆောင်မှာ ဂဏန်းသင်္ချာတွက်ချက်ရေး လေ့ကျင့်တာ တွေ့သွားတော့ ဆက်တွက်လို့မရအောင် ဘုရင်တွေ ဘုရင်မတွေ ကို ဖမ်းသွားလို့ပါ။ နောက်တော့ ဆရာတပည့် သူငယ်ချင်း အရင်းလိုဖြစ်သွားခဲ့ပါတယ်။

ပြီးတော့ ဆက်ပြီး
`လမ်းလျှောက်တဲ့သူတွေ၊ ဒီကနေလျှောက်ပြီး ၈မိုင်ကျမှ နားမယ်။ မြန်မြန်လျှောက်ပါ။ မဟုတ်ရင် နေပူလာပြီး ပိုပင်ပန်းပါမယ်။ ကဲ နှစ်ယောက်တစ်တွဲ တန်းစီမယ်။ ရှေ့က ရက်ကင်းကို ကျော်မတက်ပါနဲ့ နောက်က ဘက်ကင်း နောက်မှာချန် မနေပါနဲ့။ ဆက်မလျှောက်နိုင်တော့ဘူးဆိုရင် နာမည်နဲ့ အတန်းကို ဘက်ကင်း ပြောသွားပါ။ အားလုံး စည်းကမ်းတကျ လျှောက်ပါ။´


ကျွန်တော်ကတော့ အပြန်ကိုလည်း လမ်းလျှောက်ပြန်မယ်လို့ ဆုံးဖြစ်ထားတော့ ဆရာစိန် နောက်ကို မလိုက်တော့ပါ။ မိုခမ်းကတော့ပြောပါသည်။
`နင် လမ်းမလျှောက်နိုင်တော့ရင် ပြန်လိုက်သွာလေ Busကား နဲ့´
`မလိုက်တော့ပါဘူး။ ငါလျှောက်နိုင်မှာပါ။´
နဲနဲဟန်လုပ်ပြီးပြောပေမယ့် ခြေဖ၀ါးက တော်တော်နာနေသည်။ ပိုက်ဆံပါမလာတာ ကတကြောင်း နောက်ပြီးတော့ ဒီလမ်းကိုလျှောက်မယ်လို့ ဆုံးဖြစ်ထားတာကတကြောင်း ဆိုတော့ Busကား မလိုက်တော့ဘူး။

အားလုံးတန်းစီပြီး ဓာတ်ဆီဆိုင်ကနေ လာရာလမ်း ပြည်လမ်းမကြီးအတိုင်း လှည်းတန်းဘက်ကို ပြန်ထွက်လာခဲ့သည်။ စလျှောက်ခါစမှာတော့ ခြေတောက်က တော်တော်နာနေသည်။ သွေးအေးသွားလို့ထင်ပါတယ်။ ကြိုးစားလျှောက်ရင် ခဏနေတော့ နဲနဲအဆင်ပြေသွားပြီး လျှောက်လို့ရသွားပါသည်။
ကြည့်လိုက်တော့ တော်တော်များများက ကိုယ့်ရှေ့မှာရောက်သွားကြပြီ။ တကယ် တောင်တက်ခရီးကို သွားတော့မယ် ဆိုရင် ကြိုတင်ပြင်ဆင်ထားမှ ဆိုတဲ့ အသိက ပထမဆုံး training မှာတင်ပဲ နားလည်လိုက်ပါသည်။

ကြိုးစားပြီး အမြန်လျှောက်ပေမယ့်လည်း ခြေတောက်ကနာနေတော့ လျှောက်လို့အဆင်မပြေပါဘူး။ လေတပ်နား ပြန်ရောက်တော့ ကျောင်းသားတွေကို မတွေ့တော့လို့တော်သေးတယ်။ တွေ့များပြန်တွေ့ရင် အဟားခံနေရဦးမယ်။

ဘက်ကင်း နောက်မှာမလျှောက်နဲ့ဆိုပေမယ့် ဘက်ကင်း ကိုမျိုးချစ်တို့ကတော့ မြန်မြန် မလျှောက်နိုင်တော့တဲ့သူတွေကို
`ဖြည်းဖြည်း လျှောက်လာကြ။ သွားနှင်တော့မယ်။´
ဆိုပြီး ပြောပြောဆိုဆို ကျော်တက်သွားကြပါသည်။ ဆရာပြောသလို ကျွန်တော်တို့ နောက်က မလျှောက်ပါ။ နောက်မှာနေရမယ့်သူတွေက မနေတာဖြစ်ပါသည်။

ဒီလိုနဲ့ တဖြည်းဖြည်းနဲ့ ၈မိုင်နားရောက်လာပါသည်။ နားရတော့မယ်ဆိုတဲ့ စိတ်နဲ့ ကြိုးစားလျှောက်ပေမယ့် ခြေဖ၀ါးက မီးစနဲ့ထိုးသလိုပူနေကာ ထောက်လိုက်တိုင်းနာနေပါသည်။ လျှောက်နေသည့်ပုံစံကတော့ ထော့နဲ့ထော့နဲ့ ဖြစ်နေတော့တာပေါ့။

၈မိုင်ရောက်တော့ နားနေတဲ့သူတွေကိုမတွေ့ပါဘူ။ ကိုမျိုးချစ်တို့ အဖွဲ့ကိုပဲတွေရပြီး
`ဆရာတို့က ကြာနေတော့ မစောင့်တော့ဘူး သွားနှင့်ပြီး။ သိပ်ကြာကြာမနားနဲ့ တော်ကြာ အရမ်းနောက်ကျနေမယ်။´

ဟမ် ၊ သူတို့က ဆရာ့အတိုင်းပဲ ပြောနေလိုက်တာ လို့ထင်မိသွားသည်။ အော် ဒါကြောင့် hiking မှာ backing ဆိုတာ နာမည်ကြီးတာပေါ့ လို့ နောက်တော့ သဘောပေါက်သွားပါသည်။

တချိန်မှာ ကိုယ်က ဘက်ကင်း တာဝန်ယူရမယ်လို့ ဘယ်လို့မှ မတွေးထားမိခဲ့ပါ။

နဲနဲပြီးတော့ ကိုမျိုးချစ်ဆိုတဲ့လူက
`ကဲသွားမယ် ထတော့´
`နဲနဲတော့ နားပါရစေဦး မောလို့ပါ´ zoo. က အမ တယောက်ကပြောရှာသည်။
`ကျောင်းရောက်မှနား။ ဒီမှာနားရင် နေပူတယ်။´
ဟင် လမ်းလျှောက်ရင်နေပူမှာကို ဘာတွေလာပြောနေတာလဲ။

မလျှောက်လို့ရလည်းမရ။ မလျှောက်ရင် ဆွဲထူမယ့်ပုံနဲ့ပြောနေတော့လည်း ကြုံးရုံးထကာ လျှောက်မယ်ပြင်ရပါတော့သည်။ ခြေထောက် ထောက်လိုက်ရင်ပဲ တော်တော်နာနေတာ လမ်းများလျှောက်ရင်ဖြင့် အသဲခိုက်ပေတော့မည်။

`ကြိုးစားထား ရောက်တော့မယ်´
Hiking ရောက်တော့မယ် ဆိုတာ နဲနဲသဘောပေါက်လာပြီ။

စိတ်ထဲမှာ နာနေသောစိတ်ကို မရောက်အောင် လှမ်းနေတဲ့ ခြေလှမ်းတွေကို လိုက်ရေတွက်မိနေသည်။ ဒီနည်းက တော်တော်အဆင်ပြေသွားသည်။ ကျောင်းကွေ့ကိုကျော် အင်းလျားကန်ဘောင်နားကိုရောက်တော့ မှာ ကျောင်းကိုရောက်တော့မှာပါလား ဆိုတာ အသိရောက်လာသည်။

`ကဲ ဒီတခါ တကယ် ရောက်တော့မယ် ကြိုးစားထား။´
ကိုယ်ကိုကိုယ့် အားပေးရင်ဆက်လျှောက်လိုက်ပါသည်။

ကျောင်းထဲကို Eco ဘက်အပေါက်က ထော့ကျိုးကျိုးနဲ့ဝင်။ အိုး ကောင်မလေးတွေအများကြီးပါလား ကျောင်းထဲမှာ။ တချို့က ကြည့်ပြီး ပြုံးစစ၊ တချို့ကတော့
`ဘယ်ကိုသွားလို့ ဒီလိုဖြစ်တာလဲမသိဘူး… သနားပါတယ်နော်…´

`ဘယ်မှမသွားဘူးဟေ့၊ လမ်းလျှောက်လို့ ခြေထောက်ပေါက်တာဟဲ့…´ စိတ်ထဲကပဲ ပြောလိုက်မိသည်။ အေးပေါ့ကွာ တူဖြစ်တုန်းကထုခဲ့တာ ပေဖြစ်တော့ခံပေါ့။

အရင်တုန်းက လမ်းလျှောက်ရင် ခဏလေးနဲ့ ပြီးသွားတဲ့ အဓိပဓိလမ်းကလည်း ဘာလို့ အခုမှရှည်နေတယ်မသိဘူး။ ထော့ကျိုး ထော့ကျိုးနဲ့ မန္တလေးဆောင်ကို ပြန်ရောက်လို့လာပါပြီ။

စပြီး ရောက်တော့ အားပေးကြတာကတော့ ရီလိုက်တဲ့ အသံပါပဲ။ သူများ ဒုက္ခခံပြီး လမ်းလျှောက်လာကို ရီစရာလို့ မြင်တတ်တယ့်သူတွေကို အမှန်အတိုင်းပြောရရင် စိတ်ထဲ ထောင်းကနဲဖြစ်သွားပါသည်။

နောက်တော့ ဆရာက `ဒါဟာ ရီစရာ မဟုတ်ဘူး။ ကြိုးစားပြီး ဇွဲ နဲ့လျှောက်တာ အားပေးရမှာ။´
ကျေးဇူးပါဆရာ။ ကျွန်တော်လျှောက်တာ ပီတိ နဲ့ပါ။

အဲ့ဒီတော့မှာ အားလုံးက နောက်ဆုံးရောက်လာတယ့် ကျွန်တော်နဲ့ ကျောင်းသူတယောက် ကို လက်ခုပ်တီးပြီး ကြိုပါတယ်။ အော် ဒီလိုတော့လည်း အားတက်စရာပါပဲလား။

အချိန်ကိုကြည့်တော့ နေ့လည် ၁၂နာရီနီးပါး ။ မိုခမ်းကိုမေးကြည့်တော့ စောင့်နေရတာ နာရီဝက်ကျော်နေပြီတဲ့။

ချက်ချင်းပဲ စောင့်နေတဲ့ လမ်လျှောက်အဖွဲ့တွေက တန်းစီးကာ ဆရာက စကားပြောပါသည်။

`ဒီနေ့ training က နဲနဲတော့ ပိုပင်ပန်းမယ်။ ဒီလို အပင်ပန်ခံထားမှ တကယ် တောင်တက်သွားတယ့်အခါ သက်သာမှာ ဖြစ်တယ်။ နောက် စနေ တနင်္ဂနွေ မှာ တဖြည်းဖြည်းပိုလုပ်သွားမှာဖြစ်တယ်။ အခုလမ်းလျှောက်နေတဲ့လူတွေအားလုံး ခရီးစဉ်ကိုလိုက်ဖို့ မခေါ်ပါဘူး။ အပတ်စဉ် ပုံမှန်လမ်းလျှောက်တဲ့လူတွေကို အမှတ်ပေးသွားမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ အမှတ်ပြည့်တဲ့လူတွေကို နောက်ဆုံး training အဖြစ်ကို မတ်လ ၃၁ ရက်မှာ ဒီကနေ လှော်ကားကို လျှောက်မှာဖြစ်ပါတယ်။ အဲဒီ training မှာ ပြီး အောင်လျှောက်နိုင်တဲ့ သူတွေကိုပဲ တောင်တက်ခရီးစဉ်မှာ ခေါ်မှာ ဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ ၁၉၈၆ ခုနှစ်နောက်ပိုင်း ရန်ကုန်တက္ကသိုလ် အနေနဲ့ ပထမဆုံး သွားခွင့်ရတဲ့ ခရီးစဉ်ဖြစ်တယ်။ နောက်ပိုင်း တောင်တက်ခရီးစဉ်တွေ သွားခွင့်ရဖို့ဆိုတာ အခုသွားမယ့် ခရီးစဉ်နဲ့ဆိုင်တယ်။ အဲဒီတော့ ဘာမှ အမှားမရှိချင်ဘူး။ ´

စကား အရှည်ကြီးပြောပြီး ထုံးစံအတိုင်း ဆရာက စကားပြောရင် မျက်စိမှိတ်ကာ အားယူပြီး ဆက်ပြောပါတယ်။

`နောက်ပြီး အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်မှ သွားမယ့် ခရီးစဉ်က အောင်မြင်မှာပါ။ သူများ အခက်ရှိတာကို ကူညီရမယ်။ အဲဒါကို နောက်တာပြောင်တာ လှောင်တာတွေ မလုပ်ပါနဲ့။ ဒီဟာက အင်မတန် အရေးကြီးပါတယ်။´

`နောက်အပတ်က စပြီး အားလုံး လမ်းလျှောက်ရင် ကျောပိုးအိတ်လွယ်ပါ။ နောက် အလေးအပင်တွေထည့်ပြီး လေ့ကျင့်ပါ။ ဒါမှာ အလေ့အကျင့်ရမှာ ဖြစ်ပါတယ်။ ဘာပြောစရာရှိသေးလဲ။ ´

`မရှိပါဘူး…´

`မရှိရင် သွားလို့ရပါပြီ။ မနက်ဖြန်မှာလည်း ဒီနေ့အတိုင်း ဓာတ်ဆီဆိုင်အထလျှောက်မယ်။ ´

ပထမဆုံးနေ့ကို အောင်မြင်စွာ လမ်းလျှောက်နိုင်ခဲ့ပြီ။ အမှန်အတိုင်းပြောရရင် ကိုယ့်ကိုကိုယ်တောင် အံ့သြပါသည်။ ဒီနေ့လျှောက်ပြီးတော့ နောက်နေ့တွေမှာ ဆက်လျှောက်နိုင်တယ်ဆိုတာ ပိုမိုယုံကြည်သွားပါပြီ။

ထော့နဲ့ထော့နဲ့လျှောက်ရင်း အဆောင်ကိုပြန်လာပြီး ရေမိုးချိုး။ ပြီးတော့ တခါတည်း ပစ်လှဲအိပ်ချင်လောက်အောင်း ပင်ပန်းပါသည်။ အိပ်ယာပေါ်မှာလှဲနေရင်နဲ့ ဗိုက်အရမ်းဆာလောတော့ အဆောင်နောက်မှာ ရှိတဲ့ ထမင်းဆိုင်ကို ကြိုးစားသွားပြီး နေ့လည်စာစားပါသည်။ တွေ့တဲ့လူအပေါင်းကို ကျွန်တော် ဘာကြောင့် ထော့နဲ့ ဖြစ်နေတယ်ဆိုတာ ရှင်းပြရတာများတော့ စာကိုချိတ်ထားချင်စိတ်ပေါက်လာပါသည်။
အဆောင်ပြန်ရောက်ပြီး အိပ်လိုက်တာ သူငယ်ချင်း စိုးမြင့် ညနေစာ အဆောင်ထမင်းစားဖို့ လာနှိုးမှ နိုးပါတော့သည်။

တကိုယ်လုံးကိုင်ရိုက်ထားသလိုနာကျင်နေတုန်း။ ခြေထောက်နှစ်ဘက်စလုံးမှာလည်း အရည်ကြည်ဖု အကြီးကြီး တွေက အပြည့်။ လမ်းလျှောက်ရင်လည်း ထော့နဲ့နဲ့ ဖြစ်တုန်း။


နောက်နေ့ တနင်္ဂနွေနေ့မှာတာ့ training ကိုဘယ်လိုမှ မသွားနိုင်ခဲ့။ မြို့ထဲက အိမ်ကိုသွားပြီး လမ်းလျှောက်ဖိနပ်ကို သွားယူပါသည်။ ဟိုကိုရောက်တော့ အမတွေက ခြေထောက်ကိုကြည့်ပြီး အရည်ကြည့်ဖုတွေကို ဖောက်လိုက်မှ သက်သာမှာဆိုပြီး ဖောက်လိုက်ပြီး ဆေးထည့်ပေးလိုက်တော့မှ လမ်းလျှောက်ရတာ နဲနဲ အဆင်ပြေသွားပါသည်။ အရည်ကြည်ဖုတွေက အကြီးကြီးတွေဆိုတော့ ကိုယ့်ဘာသာကိုဆိုတော့ မဖောက်ရဲဘူး။ လမ်းကိုတော့ ဒီတပတ်နားပြီး နောက်တပတ်မှပဲ ပြန်လျှောက်တော့ရတော့မှာပေါ့။

ကျောင်းမှာ ရောက်တော့ ချောင်းသာအတွေအကြုံတွေပြောနေသာ သူငယ်ချင်းတွေကို နားထောင်ပေးရတော့ပါသည်။ အဲဒီတုန်းကတော့ အရမ်းပျော်ဖို့ကောင်းတဲ့ ခရီးကို မလိုက်မိပဲ ခြေလျင်တောင်တက် training လိုက်မိတာ နောင်တရမိသလိုပါပဲ။

မိုးခမ်းကတော့ ကျွန်တော့်လမ်းလျှောက်ခဲ့တဲ့ပုံစံကို စိုးစိုးကိုပြောပြီး ကျွန်တော်ကို နောက်နေပါသေးတယ်။

ကြာသာပတေးနေ့လောက်ကျတော့ တော်တော်သက်သွားပြီ။

စနေနေ့မှာ လမ်းပြန်လျှောက်တော့
`ဟိုနေ့က ကောင်းလေးလမ်းပြန်လျှောက်တယ်ဟ။´ ဆိုတဲ့ အသံကိုကြားလိုက်ပါတယ်။
အမကြီစတိုင်နဲ့ တယောက်က (ဟိုတနေ့က ရီတဲ့ အထဲမှာပါတယ်ဆိုတာ မှတ်မိပါသည်။)

`ငါတို့က နင့်ကို ပထမဆုံးနေ့မှာတင် လန့်သွားပြီး ပျောက်သွားပြီ အောက်မေ့နေတာ´
`မဟုတ်ပါဘူး။ ခြေထောက်မှာ အရည်ကြည်ဖုတွေကြောင့် အလျှောက်နိုင်လို့ပါ။ ´
`ဘယ်လိုလဲ သက်သာသွားပြီလား။ ´
`ဟုတ်တော်တော်သက်သာသွားပါပြီ။´

ဒီလိုနဲ့ တခြားအဖွဲ့သားတွေ နဲ့ ခင်လာပါသည်။ Training ဆင်းနေတုန်းမှာတော့ အဖွဲ့လေးတွေ ကွဲနေတုန်ပါ။ ကျွန်တော် စခင်မိတာကတော့ ပင်းယဆောင်က ပထမနှစ်က တရုတ်လေး နဲ့ ကုလားလေး ကောင်လေး နှစ်ယောက်။ နောက်တော့ ရတနာဆောင်က တတိယနှစ် နဲ့ နောက်ဆုံးနှစ်က အမကြီးများ။

ဒီလိုနဲ့ အပတ်စဉ် စနေ၊ တနင်္ဂနွေတိုင်း နဲ့ တချို့ ကြားရက်တွေမှာပါ လျှောက်ရင် ဖေဖော်ဝါရီလကုန်လောက်မှာ မင်္ဂလာဒုံဈေး အထိ တိုးလျှောက်ပြီး training ဆင်းရသည်။ ကြားရက်မှာဆိုရင်တော့ အင်းလျားကန်ဘောင်မှာ ရှိတဲ့ လှေကားများကို တက်လိုက် ဆင်းလိုက်လုပ်ပြီး လေ့ကျင့်ပါသည်။

အဲဒီမှာ ကျွန်တော်ရဲ့ နောက်ပြောင်တတ်မှုကြောင့် တယောက်သော သူငယ်ချင်း စိတ်ဆိုးဖူးပါသည်။

အဖြစ်ကဒီလို။ အင်းလျာကန်ဘောင်ကို တက်သည့် လှေကားတစ်ခုက နဲနဲ ကျဉ်းပါသည်။ တယောက်ချင်းသာ ပြေးတက်လို့ အဆင်ပြေတော့ နောက်ကနေ ရှေ့ကလူတွေကို စောင့်ပြီးမှာသွားရပါသည်။ များသောအားဖြင့် ကျောင်းသူတွေက ရှေ့ကလျှောက်လေ့ရှိတော့၊
`ladies first…´ ကျွန်တော်ကအော်လိုက်ပါသည်။
ကျောင်းသူတွေပြီးတော့ သူတို့နောက်က ကျောင်းသားတယောက်က နောက်ကဆက် လိုက်ဖို့ပြင်ပါသည်။ နောက်ကနေကျော်တက်လာသော ဆရာကြီးပုံစံနဲ့တစ်ယောက်ပေါ့။

ကျွန်တော်ကလည်း နောက်ချင်တာနဲ့
`Gay second, Gentlemen third…´
လို့ဆိုလိုက်ရော ပြေးတက်နေတာ ရပ်ပြီး

`မင်းက ငါ့ကို gay လို့ပြောတာပေါ့´
`ဟာ မဟုတ်ပါဘူး.. အဲလိုဖြစ်သွားတာပါ…ဟီးဟီး´

အဲလို ပြောခါမှာ ပိုစိတ်ဆိုးပြီး ကျွန်တော့်ကို မခေါ်တော့ပါဘူး။ နောက်တော့လည်း ပိုခင်သွားတော့ ဘာမှာမဖြစ်တော့ပါ။ အဲ့လိုနောက်တတ်လို့ စိတ်ဆိုးဖူးတဲ့လူတွေမနဲပါဘူး။

ဒီမှာပဲ ၂/၉၆ ကို အဆုံးသတ်ပါတယ်။ နောက်လာမှာကတော့ ၃/၉၆ ဖြစ်သွားပြီပေါ့။

Read More...

Friday, October 26, 2007

ဝါလကင်းလွတ် သီတင်းကျွတ်

ဒီနေ့က သီတင်းကျွတ်လပြည့်နေ့ပါ။ အားလုံးသိတဲ့ အတိုင်း ဒီနေ့မှာ မြတ်စွာဘုရားဟာ တာဝတိံသာနတ်ပြည်မှာ မယ်တော်မိနတ်သားကို ဓမ္မာစကြာတရားတော်မြတ်ကို ဟောကြားပြီး နောက် လူပြည်ကို ပြန်လည်ကြွလာပါတယ်။ မြတ်စွာဘုရားကို မီးများထွန်းငြိပြီး ပူဇော်ရာမှအစပြု၍ ယနေ့တိုင် သီတင်းကျွတ်လပြည့်နေ့ ရောက်တိုင်း မီးများထွန်းငြိပြီး မြတ်စွာဘုရားကိုပူဇော်ကြပါတယ်။

နောက်ပြီး လူကြီးသူမတွေကို ကန်တော့ကာ အပြစ်ပြုလုပ်မိက ခွင့်လွှတ်ပါရန် ၀န်ချတောင်းပန်ပါတယ်။ လူကြီးများကလည်း အပြစ်များကိုခွင့်လွှတ်ပြီး ဆုမွန်ကောင်းများပေးပါတယ်။

လူတိုင်းသည် အပြစ်ပြုလုပ်ခြင်းနဲ့ မကင်းနိုင်သော်လည်း ပြုလုပ်မိသော အပြစ်အတွက် ၀န်ချတောင်းပန်ဖို့ရာ ၀န်လေးတတ်ပါသည်။ အပြစ်အတွက် ၀န်ချတောင်းပန်ခြင်းသည် အရှုံးပေးခြင်းမဟုတ်၊ မိမိဘယ်လောက်အထိ လူသားဆန်တယ်ဆိုတာကို ပြသခြင်းဖြစ်တယ်လို့ ထင်ပါသည်။

မိမိတို့ရဲ့ မိဘ၊ဆရာ အသက်ကြီ ၀ါကြီးများကို ဘယ်လောက်ပဲ အပြစ်မပြုလုပ်ပါဘူး ထင်သော်လည်း မထင်မှတ်တဲ့ အပြစ်လေးတွေ မသိလိုက်ပဲပြုလုပ်မိကြပေလိမ့်မည်။ ဒီနေ့မှာတော့ မိမိမှာရှိတဲ့ မာန်မာနတွေကို လျှော့ချပြီး မိဘ ဘိုးဘွား ဆရာသမား လူကြီသူမ များကို ကန်တော့ကာ အပြစ်ရှိပါက ခွင့်လွှတ်ပါရန် တောင်းပန်လိုက်ကြရအောင်။

မိဘနဲ့ဝေးရာရောက်နေကြသော သားသမီးတွေလည်း မိဘဆီကို အနဲဆုံး ဖုန်းဆက်ပြီး အပြစ်ရှိပါက ခွင့်လွှတ်ပါရန် တောင်းပန်လိုက်ပါလို့ တိုက်တွန်းပါရစေ။

အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။



ငယ်ငယ်တုန်းကတော့ မီးပုံးတွေနဲ့ဆော့၊ အိမ်ရှေ့မှာ မီးအလှထွန်းပြီး အိမ်နီနားချင်းတွေနဲ့ မီးအလှပြိုင်၊ ဗျောက်အိုးဖောက်၊ လူကြီးဆီကရတဲ့ မုန့်ဖိုးတွေနဲ့ မုန်လျှောက်ဝယ်စားနဲ့ အတော်ပျော်စရာကောင်းပါတယ်။ အခုတော့ မိဘတွေကို ကိုယ်တိုင်ကိုယ်ကျ ကန်တော့ချင်သော်လည်း အဝေးမှာရောက်နေလို့ စိတ်ထဲကပဲ ကန်တော့ကာ ဖုန်းဆက်ပြီး တောင်းပန်ရတော့မှာပေါ့။

Read More...

Friday, October 19, 2007

၂/၉၆ - ဒုတိယပိုင်း

`ရွှီ´
ခဏနေတော့ အရပ်မြင့်မြင့် မျက်မှန် နဲ့ ဆရာတစ်ယောက်ကနေ ၀ီစီမှုတ်လိုက်ပါသည်။ ဒီအသံဟာ နောက်ပိုင်း တောင်တက်ခရီးစဉ်တွေမှာ ရင်နှီးစွာ ကြားရတော့မယ်လို့မသိခဲ့ပါ။ တနေရာစီ ရောက်နေသော ကျောင်းသူ ကျောင်းသားအားလုံး ၂ ယောက်တွဲစီ တန်းစီလိုက်၍ ကျွန်တော်လည်း တွေ့ရာလူတယောက်နဲ့ ဘေးချင်းယှဉ်တန်းစီလိုက်သည်။ နှုတ်ဆက် ပြုံးပြမလို့ ဘေးကို လှည့်ကြည့်တော့ သူ့ပုံစံက ခပ်တည်တည်နဲ့ဆိုတော့ အသာပဲ နေလိုက်တော့သည်။

`ဝေလွင် နဲ့ ကျော်စွာ ရက်ကင်း၊ မျိုးချစ်၊ မောင်ကြီး ဘက်ကင်း…´


ကျောင်းသားနှစ်ယောက်က ရှေ့ထွက်သွား၍ ခုနက တွေ့လိုက်တဲ့ ကိုမျိုးချစ်နဲ့ နောက်တစ်ယောက် က နောက်ဆုံးကို သွား နေရာယူလိုက်ကြပါသည်။ ဘာမှန်းတော့မသိ ဘေးကလူကိုလဲ မေးချင်စိတ်မရှိ။

`ဒီနေ့ training ကို စော်ဘွားကြီးကုန်းအကျော်က ဓာတ်ဆီဆိုင်အထိသွားမယ်။ လေဆိပ်လမ်းခွဲ ၁၀မိုင်မှာ ခဏနားမယ် နောက် ဓာတ်ဆီဆိုင်မှာ ခဏနားမယ်။ ပြီးရင် ဒီကိုပြန်လာမယ်။ လမ်းလျှောက်ရင် ပလက်ဖောင်းပေါ်က လျှောက်ပါ။ ရှေ့က ရက်ကင်းကို ကျော်မတက်ပါနဲ့ နောက်က ဘက်ကင်း နောက်မှာ မနေပါနဲ့။ အားလုံး စည်းကမ်းတကျ လျှောက်ပါ။ ဘာမေးစရာရှိလဲ။ ´

`မရှိပါဘူး´ အားလုံးတညီတညွတ်ထဲ ပြန်ဖြေလိုက်သည်။

နောက်ပိုင်းမှ ဆရာ ဦးမျိုးသန့် ဟုသိခဲ့သော ခေါင်းဆောင်ဆရာက
`မရှိရင် သွားမယ်´ ဆိုကာ စထွက်သွားပါသည်။

ကျွန်တော်တို့ အားလုံးလည်း နောက်ကနေ တန်းစီ လိုက်ကြသည်။

စထွက်ပြီး ခဏနေတော့ ခုနက ဘေးကနေ ခပ်တည်တည် နေသော တယောက်က
`ဒီ ဖိနပ်ကြီး လမ်းလျှောက်ရင် ခြေထောက်ပေါက် လိမ့်မယ်။ ဒီလိုဖိနပ်စီးရတယ်´ လို့ပြောရင်း သူ့ရဲ့ဖိနပ်ကို ထိုးပြပါသည်။
`အင်း´
လို့ဖြေလိုက်ပေမယ် ဒီကုလား သူက စီနီယာဖြစ်တယ်ဆိုပြီး ဆရာလာလုပ်နေတယ်လို့ စိတ်ထဲတွေးလိုက်မိသေးသည်။ နောက်တော့ ရင်းနှီးသွားတော့မှာ သူက ဒီလိုပဲ ပြောတတ်လို့ သူ့နာမည်ပြောင်တောင် ပုံကြီး ဖြစ်သွားတယ်လေ။ ပုံပြောတတ်လွန်းလို့။

ရန်ကုန် တက္ကသိုလ် မိန်းပေါက်မှထွက် တက္ကသိုလ်ရိပ်သာလမ်း အတိုင်း လှည်းတန်းဘက်ကိုလျှောက်၊ နောက်ပြည်လမ်းမှကြီးအတိုင်း လျှောက်ကြသည်။ လျှောက်စကတော့ အားလုံးက တက်တက်ကြွကြွနဲ့။

IBC နားရောက်လာတော့ ကျွန်တော့် ဖိနပ်က ပညာပြပါတော့သည်။ နောက်အားကစားကို အားမှကစားတော့ ဒီလောက်လျှောက်တော့ စပြီးတော့ မောလာပါပြီ။ မိုးခမ်းကတော့ ဟိုလူ့လိုက်စလိုက် ဒီလူ့စလိုက်နဲ့ တက်ကြွနေပါသေးတယ်။ နောက်ကိုကြည့်တော့ ဘက်ကင်း ကိုခေါ်တဲ့ ကိုမျိုးချစ်တို့က ကပ်နေပါသည်။

ကားနဲ့သွားတော့ နီးနီးလေး၊ အခုလမ်းလျှောက်တော့ မလွယ်ပါ့လား။ ကျောင်းကွေ့တောင်မရောက်သေးဘူး စောဘွားကြီးကုန်းဆိုတာ အဝေးကြီးလိုသေးတယ်။ အို… တောင်တက်ဖို့တောင် ရည်ရွယ်ထားတာ ဒီလောက်နဲ့တော့ စိတ်မပျက်ဘူး။ ရအောင်လျှောက်မယ်လို့ စိတ်တင်းထားလိုက်တယ်။

`ကောင်လေး မောနေပြီလား။ လျှောက်ထား..´ နောက်က ကိုမျိုးချစ်တို့က အားပေးပါသည်။
အင်း ဟို ကုလားပြောထားတာ ဟုတ်သားပဲလို့ အတွေးထဲရောက်လာပါသည်။
အင်း နောက်ဆို လုပ်စရာရှိတာကို ပြင်ဆင်ပြီးမှလုပ်ပါ ပီတိ။

တကယ်တော့ training စနေတာ တလလောက်ရှိနေပါပြီ။ ကျွန်တော်က နောက်ကျမှသိတော့ သူများတွေ အကျင့်တော်တော်ရပြီးမှ စပြီးလုပ်သလိုဖြစ်နေသည်။ သူများထက်တော့ ပိုကြိုးစားရမှာပေါ့။

အသင်းအဖွဲ့နဲ့ လုပ်နေတော့ အရမ်းနှေးနှေးလည်းလျှောက်လို့မရပေ။ ကိုယ်ကို သူများတွေစောင့်နေရတာ သိရတော့ တတ်နိုင်သလောက်မြန်မြန်ကြိုးစားလျှောက်ရသည်။

ဒီလိုနဲ့ ကိုးမိုင် စိုက်ပျိုးရေးရုံးနားရောက်တော့ တော်တော်ကို ခြေတောက်ကနာနေပြီ။
မိုခမ်းကလည်း အားပေးသည်။ `ရှေ့နားဆိုနားတော့မှာ ကြိုးစားထား ´

အဲဒီတုန်းကတော့ Hiking ရှေ့နားဆိုတာမသိတော့ နားရတော့မှာပဲ ဆိုပြီး အားတက်ကာလျှောက်မိသည်။ မိုးခမ်းတောင် လျှောက်နိုင်တာ၊ ငါလည်းလျှောက်နိုင်ရမှာပေါ့။

လေဆိပ်လမ်းခွဲကျော်ပြီး သစ်ပင်ရိပ်တွင် နားနေသော ရှေ့က အဖွဲ့သားတွေတွေ့လိုက်တော့ နားရတော့မှာဆို တော်တော်ပျော်သွားသည်။ လမ်းလျှောက်တယ်ဆိုတာတောင် အကျင့်မရှိ တော့မလွယ်ပါလားနော်။

`ဘက်ကင်း လာပြီ´ လို့တယောက်က ပြောသံကြားလိုက်သည်။ ဘက်ကင်းလာပြီဆိုလျှင် နောက်မှာ လူမကျန်တော့ဘူး ဆိုတဲ့ အဓိပ္ပာယ်ပေါ့။

မနက် ၇ နာရီးကျော်လာပြီဆိုတော့ နေကလည်းစပူလာပြီ။ ရေကိုတော့ သိပ်မဆာပေမယ့် ခြေကတော့ နာနေသည်။

မိုခမ်းက သူငယ်ချင်းကို လာမေးရှာသည်။
`နင်တော်တော်နာနေလား။´
`အေးဟ.. ငါ့ဖိနပ်က အဆင်မပြေတော့ နာနေတယ်။´
`နင် ဒီဖိနပ်နဲ့လျှောက်တော့ နာမှာပေါ့။ ဒီလိုဖိနပ်နဲ့လျှောက်ရတယ်။ ဒါမှ အလေ့အကျင့်လည်းရ စီးလို့လည်း အဆင်ပြေတာ။´
သူက သူ့ရဲ့ ပျောက်ကျား စစ်ဖိနပ်ကိုပြပါသည်။

ဘေးက တယောက်လည်း ရှံ့မဲ့မဲ့ နဲ့
`ဒီနေ့မှ စလျှောက်တာလား…´
`ဟုတ်တယ်´
`အော်.. ကျွန်တော်လည်း ဒီနေ့မှ လျှောက်တာ..အခု ခြေထောက်နာနေပြီ´
`ဟုတ်တယ်။ ရောက်တော့မယ်ထင်ပါတယ်။´

ဘယ်မှာမှန်းမသိသော ဓာတ်ဆီဆိုင်ကို မှန်းဆလိုက်သည်။ မျက်စိထဲမှာတော့ စော်ဘွားကြီးကုန်း အဝေးပြေးဂိတ် အကျော်လေးက ဓာတ်ဆီဆိုင်။

နားလို့မ၀သေး ခင်…
`ရွှီ´ ဆိုသော ခပ်တိုတို ၀ီစီသံကိုကြားလိုက်ရသည်။ ၀ီစီသံကို စမုန်းတတ်လာပြီ။

ဆရာက ကျွန်တော်အပါအ၀င် နာနေတဲ့လူတွေကို ရှေ့ကနေ ရှောက်ခိုင်းပါသည်။ ဒါပေမယ် စော်ဘွားကြီးကုန်း အဝေးပြေးဂိတ် ရောက်တော့ နောက်ဆုံးရောက်သွားပါသည်။

`ဟော.. ရှေ့မှာ ရောက်ပြီး ဓာတ်ဆီဆိုင်´ အားရ၀မ်းသာဖြစ်ကာ ပါးစပ်ကထွက်သွားသည်။
ဘေးက တစ်ယောက်က
`ဒီဓာတ်ဆီဆိုင် မဟုတ်သေးဘူး။ ဂေါက်ကွင်း လမ်းခွဲနားက ဓာတ်ဆီဆိုင် လို့ပြောတယ်။´
`ဟာ.. ဒါဆို အဝေးကြီးလိုသေးတာပေါ့။´
`ဟုတ်တယ်။´

အားတောင် တော်တော်လျော့သွားသည်။ အတွေးထဲမှာတော့ `မဖြစ်သေးပါဘူး ရသလောက် ကြိုးစားလျှောက်ရမယ်။ မင်နာမည် ပီတိ။ နာမည်နဲ့လိုက်အောင် မလျော့ရဘူး။´
အင်း ဘာမှ မဆိုင်လည်း ဒီလိုပဲ ကိုယ်ကိုကိုယ် အားပေးရတော့မှာပဲ။

လေတပ်နားရောက်တော့ အလယ်ကျောင်းသားအရွယ်လေးတွေ အများကြီးကို တွေ့လိုက်ရသည်။ ဘာလုပ်နေတယ်တော့မသိ။ ခပ်နောက်နောက် ကောင်လေး ၃-၄ ယောက်လောက်က ပေါက်ကရပြောနေသည်။

ရှေ့ကနေ လျှောက်နေသော ရတနာသူ ခပ်၀၀ အမကြီးကို တခုခုပြောပုံရသည်။
`ဒီကလေးတွေ…´ လို့ လှမ်းပြောသံကြားလိုက်ရသည်။

သူတို့က ကျွန်တော်တို့ ကိုလည်းတွေ့ရော တယောက်က
`လာပြီ.. တရုတ်ဖြူ တယောက် ကွတကွတနဲ့´
နောက်တယောက်က
`.. တရုတ်ဖြူ မဟုတ်ပါဘူး.. တရုတ်မဲပါ…´
ဟင်း.. မောကမော၊ နေကပူ ရေကငတ်၊ ခြေထောက်ကနာ နေရတဲ့ အထဲ လာနောက်နေတာ့၊ စိတ်ကတိုသွားသည်။ တိုပေမယ့် ပြောတာ နဲ့ ကိုယ်ရဲ့ပုံစံနဲ့ က ဟုတ်နေတော့ ရီစရာကဖြစ်နေ။ စိတ်တောင်မတိုနိုင်တော့ပါဘူး။ ဆက်လျှောက်။
နေကတဖြည်းဖြည်နဲ့ ပူလာတော့ တော်တော်ပင်ပန်းလာသည်။ ကိုယ်လိုလူလည်း တစ်ယောက်ထဲမဟုတ် လေး၊ ငါးယောက်ဆိုတော့ အဖော်ရှိတာပေါ့။

`training က အပတ်တိုင်း ဒီလောက်တောင် လျှောက်တာလား´
`မဟုတ်ဘူး။ အရင်အပတ်တွေက ခုနကနားတဲ့ လေဆိပ်လမ်းခွဲ အထိပဲ။ ဒီတပတ်ကျတော့မှ ဆရာက ထပ်တိုးလိုက်တာ။ တဖြည်းဖြည်းနဲ့တိုးသွားမှာလေ။ ပထမ ၂ ပတ်လောက်က ၈မိုင်အထိ။ နောက်တော့ လေဆိပ်လမ်းခွဲ အထိပဲ။ အခု အပတ် ဓာတ်ဆီဆိုင်။´

သေဟဲ့ နန္ဒိယ။ သေမဲ့နှစ် စစ်ထဲ ၀င်သလိုဖြစ်နေပါရောလား။

ဒီလိုနဲ့ တရွေ့ရွေ့နဲ့ တနေ့တလံ ပုဂံဘယ်ရွေ့မလဲ။ အင်း ကိုယ့်ဆီရွေ့လာရင်တော့ အကောင်းသားပဲနော်။

နောက်ဆုံးတော့ တွေ့ပါပြီ ဓာတ်ဆီဆိုင်။ တခြားလူတွေ နားနေလိုက်ကြတာ ကိုယ်ကတော့ ရောက်အောင်းလျှောက်ရဦးမှာပေါ့။
ရောက်တာနဲ့ ခြေပစ်လက်ပစ်နားကာ ဖိနပ်ကို ချွတ်.. ကြည့်လိုက်တော့ ခြေဖ၀ါးမှာ အရည်ကြည်တောင် စထွက်နေပြီ။ ရေကတော့ ကိုယ့်ဆီမှာ ပါမလာ။ သူများသောက်တာကြည့်တော့ ပိုငတ်လာသည်။ အနားမှာလည်း သောက်စရာ ရေအိုးစဉ်မရှိ။

`ဟေ့.. ပီတိ.. ရေသောက်မလား.. ´ ချစ်စရာကောင်းတဲ့ မိုးခမ်း။
`အေးသောက်မယ်။ ကျေးဇူးပဲ သူငယ်ချင်း။´
`…..´
ဘာမှမကြား ရေကိုပဲသောက်နေမိသည်။ ရေငတ်တော့ တော်တော်ပြေသွားပြီး။ ခြေထောက်ကတော့ နာနေတုန်း။
`နင် လျှောက်နိုင်သေးလား လို့မေးနေတယ်။´
`အော်.. လျှောက်နိုင်မှာပါ။´
`အေးအေး.. အေးဆေးလျှောက်ပေါ့ကွာ။´

`ရွှီ´

ဟာ.. လာပြန်ပြီ ဒီဝီစီသံ….

~~~~~~~~ ဆက်ရန်

Read More...

Wednesday, October 17, 2007

၂/၉၆ - ပထမပိုင်း


တက္ကသိုလ် ဒုတိယနှစ် စတက်တုန်းကပေါ့…
`ဟော့.. ဒီမှာ နင့်အတွက်… ´
အတန်းရှေ့မှာ သူငယ်ချင်းတွေနဲ့ မတ်တပ်ရပ်စကားပြောနေတုန်း ရှမ်းသံဝဲ၀ဲနဲ့ ပြောသံကြားတော့ လက်က စာရွက်တစ်ရွက်ကို လှမ်းပေးနေသော သူငယ်ချင်း မိုးခမ်း ကို တွေ့လိုက်ရသည်။
`ဘာကြီးလဲဟ´
`နင်သိချင် ဖတ်ကြည့်ပေါ့…´
ကျွန်တော်ကလည်း စချင်တဲ့စိတ်ပေါ်လာတော့
`နင်ကလည်းဟာ ငါ့ကိုပြောချင်ရင် ပါးစပ်နဲ့ပြောရင် ရပါတယ်။ စာတွေပေတွေရေး လက်နှိပ်စက်တွေဘာတွေနဲ့ မလိုပါဘူးဟာ.. ´
`အောင်မာ.. ဟဲ့ကောင်.. နင်ပဲ တောထဲ တောင်ထဲ သွားချင်တယ် ဆိုလို့ ကြက်ခြေနီ ရုံးမှာ ကြော်ငြာကပ်ထားတာ တွေ့တာနဲ့ လျှောက်လွှာကို အပင်ပန်းခံယူလာတာ။ နင်မယူချင်လဲ နေပေါ့…´
ကျွန်တော်တို့ ပြောနေတာကို သူငယ်ချင်း စိုးစိုးက မိုးခမ်းဘေးကနေ ထုံးစံအတိုင်း ပြုံးကြည့်နေသည်။


စိတ်ဝင်တစားနဲ့ယူကြည့်လိုက်တော့ ရန်ကုန်တက္ကသိုလ် ခြေလျင်နှင့်တောက်တက်အသင်းဝင် လျှောက်လွှာ ကို စိတ်လှုပ်ရှားစွာ တွေ့လိုက်ရပါသည်။

နန်းမိုးခမ်း ဆိုတဲ့ စကား သွက်လက်ပြီး ခင်ဖို့ကောင်းတဲ့ သူ နဲ့ အေးဆေးပြီး အမြဲတမ်းပြုံးနေတတ်တဲ့ စိုးစိုး တို့က အမြဲတမ်းတွဲတဲ့ သူငယ်ချင်းတွေ။ နှစ်ယောက် စလုံးက တောင်ကြီးက ရှမ်းမလေးတွေ။ ရှမ်းသံဝဲ၀ဲနဲ့ စကားပြောတာလေးတွေက ချစ်ဖို့ကောင်းသလို သဘောလည်း ကောင်းပါသည်။ ပြီးတော့ RC2 လို့ခေါ်တဲ့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှာ ပထမနှစ် စတက်ကတည်းက ခင်ခဲ့ရတဲ့ သူငယ်ချင်း နှစ်ယောက်။

မိုးခမ်းကို ကျေးဇူးတင်စွာ ကြည့်ရင်း
`ဖြည့်ပြီးရင် ဘယ်ကို လျှောက်ရမှာလဲ၊ ဘယ်တော့ training စဆင်းရမှာလဲ၊ ဘယ်ကိုသွား training ဆင်းရမှာလဲ`
`နင်ကလည်း ဖြေးဖြေးမေးပါ… လျှောက်လွှာကို နင် training စဆင်းတဲ့နေ့မှ ဆရာ့ကိုပေးလို့ ရတယ်။ နင် training စဆင်းမယ်ဆိုရင် လာမယ့် စနေနေ့ က စဆင်းလို့ရတယ်။ မန္တလေးဆောင်က ရှေ့ကနေ မနက် ၅ နာရီဆိုရင်စထွက်တယ်။´
`ဟုတ်လား၊ မန္တလေးဆောင်ကစတယ်ဆိုတော့ အဆင်ပြေတာပေါ့။´

ကျွန်တော်က အဲ့ဒီအချိန်တုန်းက ရန်ကုန်တက္ကသိုလ်ထဲက ပင်းယဆောင်မှာနေနေတာလေ။ ပင်းယဆောင်နဲ့ မန္တလေးဆောင်က ၂ မိနစ်လောက်လမ်းလျောက်ရင် ရောက်တော့ နီးနီးလေး။

`အေး ငါ စနေနေ့ training လမ်းစလျှောက်မယ်လေ။ နင်ရော လာမှာမဟုတ်လား´
`လာမှာပေါ့…နင် သေချာရဲ့လား´
မိုးခမ်းက မနက်အတန်းကို အမြဲနောက်ကျလေ့ရှိတဲ့ အအိပ်မက်သော ကျွန်တော့်ကို ယုံကြည်ပုံမပေါ်။

ဘေးက ရှိတဲ့သူငယ်ချင်း ကျော်ကျော်က
`ဟေ့ကောင်.. မင်း ငါတို့နဲ့ ချောင်းသာလိုက်မယ်ဆို…´
ဟုတ်သားပဲ။ ကျွန်တော်တို့မေဂျာက ချောင်းသာ သွားမယ်ဆိုတာ လိုက်ဖို့ပြောထားပြီးသား ဖြစ်နေသည်။
`ငါ မလိုက်တော့ဘူးကွာ။ တောင်တက်အသင်း training ကိုပဲ သွားတော့မယ်။´
ဘေးက ၀ဏ္ဏ၊ သူရိန်၊ ချောစု နဲ့ မာလာ တို့ကပါ ၀ိုင်းပြောကြသည်။ ချောင်းသာက ပြန်လာမှ တောင်တက်အသင်း training ကိုသွာဖို့။ ကျွန်တော်ကလည်း တောင်တက်အသင်း အသံကြားပြီးတော့ တော်တော် စိတ်လှုပ်ရှားနေသည်။
နောက်ဆုံး ဆုံးဖြတ်ချက်ချပြီးတော့
`ငါ တောင်းပန်ပါတယ်ကွာ။ နောက်တခေါက်မှ ချောင်းသာကို လိုက်တော့မယ်။´


စနေနေ့ မနက်မှာ ကျွန်တော် ပုံမှန်ထက် အစောကြီးနိုးနေသည်။ အဆောင်မှာ လာအိပ်နေတာတဲ့ ချောင်းသာသွားမည့် ကျော်ကျော်ကို နိုးတော့၊ ထလာပြီး နာရီတချက်ကြည့်လိုက်သည်။ ပြီးတော့

`ဟေ့ကောင် အစောကြီးရှိသေးတယ်…´
`မစောတော့ဘူး ထတော့ မင်းကို ငါ မာလာဆောင်ရှေ့ ပိုပြီးရင် ငါ လမ်းလျှောက်သွားမလို့…´

ချောင်းသာသွားမည့် သူငယ်ချင်းတွေ စုရပ်က မာလာဆောင်ရှေ့မှာ။ မနက်စောစော မှောင်မှောင် ဂျပ်ဆင်ဘေးက မဖြတ်ရဲသော သူငယ်ချင်းကို လိုက်ပို့ရမည်။ သွားခါနီး ပြင်ဆင်ထားလေ့မရှိသော အကျင့်က ကျွန်တော့်ကို ဒုက္ခပေးတော့သည်။ လမ်းလျှောက်ဖို့ ဂျင်းဘောင်းဘီတွေရှာတော့ လျှော်ထားတာ မခြောက်သေးဘူး။ တွေ့တဲ့ ဘောင်းဘီက ငယ်ငယ်က တိုက်ကွမ်ဒို ကစားတုန်းက အဖြူရောင်ပွပွ။ အင်း..ဒါမ၀တ်ရင်လည်း ၀တ်စရာမရှိ တော့ ယူဝတ်လိုက်သည်။
နောက်တော့ ဖိနပ်ရှာတော့ စီးလို့သက်သာသည့် ဝေါ့ကင်းရှူးကို မတွေ့။ မြို့ထဲကအိမ်ကို သွားလည်ပြီး ရေမိုးချိုပြီး ပြန်လာတော့ ပုဆိုးဝတ်လာလို့ ကျန်ခဲ့တာသတိရသွားသည်။ တွေ့တဲ့ ဖိနပ်က စီးလို့မသက်သာတဲ့ ဘွတ်ဖိနပ်ကိုပဲတွေ့ တော့ ကောက်စွပ်ကာ အဆောင်က ထွက်လာခဲ့သည်။
ကျွန်တော့်ပုံစံကိုတွေတော့ ကျော်ကျော်က
`ဟေ့ကောင်.. မင်းပုံစံက မနက်စောစော ခေါက်ဆွဲကြော်ရောင်းမယ့် တရုတ်ပုံစံနဲ့´
`ဟီးဟီး.. ငါလည်း ရှိတာနဲ့ လမ်းလျှောက်မလို့လေ…´
ပြီတော့ ဒီကောင်ကို မာလာဆောင်ရှေ့လိုက်ပို့သည်။ မှောင်နေတော့ ဘယ်သူမှကိုယ့်ပုံကို သတိမထားမကြ။ တော်သေးတယ်။

မာလာဆောင်ရှေ့ကနေပြန်လာပြီး မန္တလေးဆောင်ရှေ့ကိုသွားတော့ လူတွေ စုရုံး စုရုံးတွေ့ရသည်။ ခြေလျင်တောင်တက် အသင်းသားတွေနေမှာ ဆိုတဲ့ စိတ်နဲ့တင် ခြေလှမ်းကသွက်နေသည်။ အနားရောက်တော့ မိုးခမ်းအသံကိုကြားရသည်။ လူကတော့ အမှောင်ထဲမှာ ရှာလို့မတွေ့သေး။ မိုးခမ်းထုံးစံ အတိုင်းလူတွေကိုလိုက်စ၊ သူ့ကို ပြန်စတော့ အားလုံးကြားအောင် အော်နေတော့ လူမတွေ့ရခင် အသံကြားရနေရသည်။

`မိုးခမ်းရေ…´
ဘယ်မှာမှန်းမသိတော့ ခေါ်ကြည့်လိုက်သည်။ ဘေးက လူတွေက
`မိုးခမ်းရေ.. နင့်အိမ်က လိုက်လာတယ်ဟေ့…´

ဟိုက် သိပ်မလွယ်ပါ့လား။ ကိုယ့်ထက် အစအနောက်သန်မယ် လူတွေကြီးပါ့လား။ Hiker လို့ခေါ်တဲ့ ခြေလျင်နှင့် တောင်တက်အသင်းသားတွေကို ပထမဆုံး မသိခင် ရင်နှီးသွားသည်။

ရေတမာပင် အမှောင်အောက်မှ မိုးခမ်းထွက်လာပြီး
`နင်တကယ်လားသားပဲ´
`အေးလေ.. လာတာပေါ့…ငါလာမယ်လို့ပြောထားတာကို…´

`အေး ကောင်းတယ်.. ´ ပြီးတော့ မျက်နှာက စပ်ဖြီးဖြီးနဲ့ `နင့်ပုံက အမိုက်စားနဲ့..´
`ဟေ့…ငါ့ရှိတာ ငါဝတ်လာတာနော်.. လမ်းလျောက်လာတာ ရှိုးထုတ်ဖို့ မဟုတ်ဘူး..´
`အေးပါ… ဒါက ကိုမျိုးချစ်တဲ့…ငါကတော့ ကေအမ်တီ လို့ခေါ်တယ်..´
မိုးခမ်းက ကျွန်တော့်ကို အရပ်ရှည်ရှည် စစ်ဗိုလ်စတိုင်နဲ့ လူတယောက်နဲ့မိတ်ဆက်ပေးသည်။
ကျွန်တော်က ပြုံးပြရင်း
`တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော်က ပီတိပါ။´

ဒီလို့နဲ့ လူသစ်တယောက်လို့သိသွားတော့ အားလုံးက ပြုံးပြသည်။ ချက်ချင်းဆိုသလို အားလုံးနဲ့ ရင်နှီးသွားသလို့ ခံစားလိုက်ရသည်။

~~~~~~~~ ဆက်ရန်

Read More...

Wednesday, October 10, 2007

သူရဲကောင်းများအတွက် သပိတ်သွတ် ဆုတောင်းပွဲ

ကျွန်တော့်ကို ဂျစ်တူး အကြောင်းကြားလာလို့ မြန်မာပြည်မှ အသက်ပေးသွားသော သူရဲကောင်းများအတွက် ရည်စူးပြီး ကုသိုလ်လုပ် သပိတ်သွတ် ဆုတောင်းပွဲကို တိုပါးရိုးဘုန်းကြီးကျောင်းမှာ လုပ်မယ်ဆိုတဲ့ အကြောင်းသိရပါတယ် ။
အကြောင်းကြားလို့ ကျေးဇူးပါ၊ ဂျစ်တူး။

အစီအစဉ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
နေ့ရက်။ ။ အောက်တိုဘာ ၁၄ ရက် (တနင်္ဂနွေနေ့)
အချိန် ။ ။ နံနက် ၈ နာရီ ၃၀ မိနစ် မှ ၁၁ နာရီ ၃၀ မိနစ် ထိ
နေရာ ။ ။ မြန်မာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း (တိုပါးရိုး)
အထူးပန်ကြားချက် ။ ။ ဆုတောင်းပွဲကို လာတဲ့လူများ ခင်ဗျာ၊ အသက်ပေးသွားသော သူရဲကောင်းများကို ဂုဏ်ပြုသောအားဖြင့်၊ အနီရောင်အင်္ကျီ် (ပြောင်) ကို ၀တ်ဆင်ပေးပါရန် ပန်ကြားပါတယ်။

ဒီပို့စ်ကို ဖတ်မိသူများ ကျေးဇူးပြု၍ မိမိရဲ့သူငယ်ချင်းများကို ထပ်ဆင့် အကြောင်းကြားပေးပါ ခင်ဗျာ။

မြေပုံအညွှန်း။ ။ ဒီကိုနှိပ်ပါ

Read More...

Thursday, October 4, 2007

လွတ်လပ်၍ တရားမျှတသော နိုင်ငံတော် - Free Burma



Free Burma!



မြန်မာပြည်သူများသည် လွတ်လပ်မှု၊ တရားမျှတမှု၊ တရားဥပဒေ စိုးမိုးမှု၊ စီပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ကျန်းမာရေး ပညာရေး ဖွံ့ဖြိုးတိုးတက်မှု နဲ့ မိမိ ကြမ္မာ ဖန်တီးနိုင်မှု စတာတွေကို တခြား ကမ္ဘာ့ပြည်သူများနည်းတူ ရရှိလိုပါတယ်။

Read More...

Ratings