Wednesday, October 17, 2007

၂/၉၆ - ပထမပိုင်း


တက္ကသိုလ် ဒုတိယနှစ် စတက်တုန်းကပေါ့…
`ဟော့.. ဒီမှာ နင့်အတွက်… ´
အတန်းရှေ့မှာ သူငယ်ချင်းတွေနဲ့ မတ်တပ်ရပ်စကားပြောနေတုန်း ရှမ်းသံဝဲ၀ဲနဲ့ ပြောသံကြားတော့ လက်က စာရွက်တစ်ရွက်ကို လှမ်းပေးနေသော သူငယ်ချင်း မိုးခမ်း ကို တွေ့လိုက်ရသည်။
`ဘာကြီးလဲဟ´
`နင်သိချင် ဖတ်ကြည့်ပေါ့…´
ကျွန်တော်ကလည်း စချင်တဲ့စိတ်ပေါ်လာတော့
`နင်ကလည်းဟာ ငါ့ကိုပြောချင်ရင် ပါးစပ်နဲ့ပြောရင် ရပါတယ်။ စာတွေပေတွေရေး လက်နှိပ်စက်တွေဘာတွေနဲ့ မလိုပါဘူးဟာ.. ´
`အောင်မာ.. ဟဲ့ကောင်.. နင်ပဲ တောထဲ တောင်ထဲ သွားချင်တယ် ဆိုလို့ ကြက်ခြေနီ ရုံးမှာ ကြော်ငြာကပ်ထားတာ တွေ့တာနဲ့ လျှောက်လွှာကို အပင်ပန်းခံယူလာတာ။ နင်မယူချင်လဲ နေပေါ့…´
ကျွန်တော်တို့ ပြောနေတာကို သူငယ်ချင်း စိုးစိုးက မိုးခမ်းဘေးကနေ ထုံးစံအတိုင်း ပြုံးကြည့်နေသည်။


စိတ်ဝင်တစားနဲ့ယူကြည့်လိုက်တော့ ရန်ကုန်တက္ကသိုလ် ခြေလျင်နှင့်တောက်တက်အသင်းဝင် လျှောက်လွှာ ကို စိတ်လှုပ်ရှားစွာ တွေ့လိုက်ရပါသည်။

နန်းမိုးခမ်း ဆိုတဲ့ စကား သွက်လက်ပြီး ခင်ဖို့ကောင်းတဲ့ သူ နဲ့ အေးဆေးပြီး အမြဲတမ်းပြုံးနေတတ်တဲ့ စိုးစိုး တို့က အမြဲတမ်းတွဲတဲ့ သူငယ်ချင်းတွေ။ နှစ်ယောက် စလုံးက တောင်ကြီးက ရှမ်းမလေးတွေ။ ရှမ်းသံဝဲ၀ဲနဲ့ စကားပြောတာလေးတွေက ချစ်ဖို့ကောင်းသလို သဘောလည်း ကောင်းပါသည်။ ပြီးတော့ RC2 လို့ခေါ်တဲ့ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှာ ပထမနှစ် စတက်ကတည်းက ခင်ခဲ့ရတဲ့ သူငယ်ချင်း နှစ်ယောက်။

မိုးခမ်းကို ကျေးဇူးတင်စွာ ကြည့်ရင်း
`ဖြည့်ပြီးရင် ဘယ်ကို လျှောက်ရမှာလဲ၊ ဘယ်တော့ training စဆင်းရမှာလဲ၊ ဘယ်ကိုသွား training ဆင်းရမှာလဲ`
`နင်ကလည်း ဖြေးဖြေးမေးပါ… လျှောက်လွှာကို နင် training စဆင်းတဲ့နေ့မှ ဆရာ့ကိုပေးလို့ ရတယ်။ နင် training စဆင်းမယ်ဆိုရင် လာမယ့် စနေနေ့ က စဆင်းလို့ရတယ်။ မန္တလေးဆောင်က ရှေ့ကနေ မနက် ၅ နာရီဆိုရင်စထွက်တယ်။´
`ဟုတ်လား၊ မန္တလေးဆောင်ကစတယ်ဆိုတော့ အဆင်ပြေတာပေါ့။´

ကျွန်တော်က အဲ့ဒီအချိန်တုန်းက ရန်ကုန်တက္ကသိုလ်ထဲက ပင်းယဆောင်မှာနေနေတာလေ။ ပင်းယဆောင်နဲ့ မန္တလေးဆောင်က ၂ မိနစ်လောက်လမ်းလျောက်ရင် ရောက်တော့ နီးနီးလေး။

`အေး ငါ စနေနေ့ training လမ်းစလျှောက်မယ်လေ။ နင်ရော လာမှာမဟုတ်လား´
`လာမှာပေါ့…နင် သေချာရဲ့လား´
မိုးခမ်းက မနက်အတန်းကို အမြဲနောက်ကျလေ့ရှိတဲ့ အအိပ်မက်သော ကျွန်တော့်ကို ယုံကြည်ပုံမပေါ်။

ဘေးက ရှိတဲ့သူငယ်ချင်း ကျော်ကျော်က
`ဟေ့ကောင်.. မင်း ငါတို့နဲ့ ချောင်းသာလိုက်မယ်ဆို…´
ဟုတ်သားပဲ။ ကျွန်တော်တို့မေဂျာက ချောင်းသာ သွားမယ်ဆိုတာ လိုက်ဖို့ပြောထားပြီးသား ဖြစ်နေသည်။
`ငါ မလိုက်တော့ဘူးကွာ။ တောင်တက်အသင်း training ကိုပဲ သွားတော့မယ်။´
ဘေးက ၀ဏ္ဏ၊ သူရိန်၊ ချောစု နဲ့ မာလာ တို့ကပါ ၀ိုင်းပြောကြသည်။ ချောင်းသာက ပြန်လာမှ တောင်တက်အသင်း training ကိုသွာဖို့။ ကျွန်တော်ကလည်း တောင်တက်အသင်း အသံကြားပြီးတော့ တော်တော် စိတ်လှုပ်ရှားနေသည်။
နောက်ဆုံး ဆုံးဖြတ်ချက်ချပြီးတော့
`ငါ တောင်းပန်ပါတယ်ကွာ။ နောက်တခေါက်မှ ချောင်းသာကို လိုက်တော့မယ်။´


စနေနေ့ မနက်မှာ ကျွန်တော် ပုံမှန်ထက် အစောကြီးနိုးနေသည်။ အဆောင်မှာ လာအိပ်နေတာတဲ့ ချောင်းသာသွားမည့် ကျော်ကျော်ကို နိုးတော့၊ ထလာပြီး နာရီတချက်ကြည့်လိုက်သည်။ ပြီးတော့

`ဟေ့ကောင် အစောကြီးရှိသေးတယ်…´
`မစောတော့ဘူး ထတော့ မင်းကို ငါ မာလာဆောင်ရှေ့ ပိုပြီးရင် ငါ လမ်းလျှောက်သွားမလို့…´

ချောင်းသာသွားမည့် သူငယ်ချင်းတွေ စုရပ်က မာလာဆောင်ရှေ့မှာ။ မနက်စောစော မှောင်မှောင် ဂျပ်ဆင်ဘေးက မဖြတ်ရဲသော သူငယ်ချင်းကို လိုက်ပို့ရမည်။ သွားခါနီး ပြင်ဆင်ထားလေ့မရှိသော အကျင့်က ကျွန်တော့်ကို ဒုက္ခပေးတော့သည်။ လမ်းလျှောက်ဖို့ ဂျင်းဘောင်းဘီတွေရှာတော့ လျှော်ထားတာ မခြောက်သေးဘူး။ တွေ့တဲ့ ဘောင်းဘီက ငယ်ငယ်က တိုက်ကွမ်ဒို ကစားတုန်းက အဖြူရောင်ပွပွ။ အင်း..ဒါမ၀တ်ရင်လည်း ၀တ်စရာမရှိ တော့ ယူဝတ်လိုက်သည်။
နောက်တော့ ဖိနပ်ရှာတော့ စီးလို့သက်သာသည့် ဝေါ့ကင်းရှူးကို မတွေ့။ မြို့ထဲကအိမ်ကို သွားလည်ပြီး ရေမိုးချိုပြီး ပြန်လာတော့ ပုဆိုးဝတ်လာလို့ ကျန်ခဲ့တာသတိရသွားသည်။ တွေ့တဲ့ ဖိနပ်က စီးလို့မသက်သာတဲ့ ဘွတ်ဖိနပ်ကိုပဲတွေ့ တော့ ကောက်စွပ်ကာ အဆောင်က ထွက်လာခဲ့သည်။
ကျွန်တော့်ပုံစံကိုတွေတော့ ကျော်ကျော်က
`ဟေ့ကောင်.. မင်းပုံစံက မနက်စောစော ခေါက်ဆွဲကြော်ရောင်းမယ့် တရုတ်ပုံစံနဲ့´
`ဟီးဟီး.. ငါလည်း ရှိတာနဲ့ လမ်းလျှောက်မလို့လေ…´
ပြီတော့ ဒီကောင်ကို မာလာဆောင်ရှေ့လိုက်ပို့သည်။ မှောင်နေတော့ ဘယ်သူမှကိုယ့်ပုံကို သတိမထားမကြ။ တော်သေးတယ်။

မာလာဆောင်ရှေ့ကနေပြန်လာပြီး မန္တလေးဆောင်ရှေ့ကိုသွားတော့ လူတွေ စုရုံး စုရုံးတွေ့ရသည်။ ခြေလျင်တောင်တက် အသင်းသားတွေနေမှာ ဆိုတဲ့ စိတ်နဲ့တင် ခြေလှမ်းကသွက်နေသည်။ အနားရောက်တော့ မိုးခမ်းအသံကိုကြားရသည်။ လူကတော့ အမှောင်ထဲမှာ ရှာလို့မတွေ့သေး။ မိုးခမ်းထုံးစံ အတိုင်းလူတွေကိုလိုက်စ၊ သူ့ကို ပြန်စတော့ အားလုံးကြားအောင် အော်နေတော့ လူမတွေ့ရခင် အသံကြားရနေရသည်။

`မိုးခမ်းရေ…´
ဘယ်မှာမှန်းမသိတော့ ခေါ်ကြည့်လိုက်သည်။ ဘေးက လူတွေက
`မိုးခမ်းရေ.. နင့်အိမ်က လိုက်လာတယ်ဟေ့…´

ဟိုက် သိပ်မလွယ်ပါ့လား။ ကိုယ့်ထက် အစအနောက်သန်မယ် လူတွေကြီးပါ့လား။ Hiker လို့ခေါ်တဲ့ ခြေလျင်နှင့် တောင်တက်အသင်းသားတွေကို ပထမဆုံး မသိခင် ရင်နှီးသွားသည်။

ရေတမာပင် အမှောင်အောက်မှ မိုးခမ်းထွက်လာပြီး
`နင်တကယ်လားသားပဲ´
`အေးလေ.. လာတာပေါ့…ငါလာမယ်လို့ပြောထားတာကို…´

`အေး ကောင်းတယ်.. ´ ပြီးတော့ မျက်နှာက စပ်ဖြီးဖြီးနဲ့ `နင့်ပုံက အမိုက်စားနဲ့..´
`ဟေ့…ငါ့ရှိတာ ငါဝတ်လာတာနော်.. လမ်းလျောက်လာတာ ရှိုးထုတ်ဖို့ မဟုတ်ဘူး..´
`အေးပါ… ဒါက ကိုမျိုးချစ်တဲ့…ငါကတော့ ကေအမ်တီ လို့ခေါ်တယ်..´
မိုးခမ်းက ကျွန်တော့်ကို အရပ်ရှည်ရှည် စစ်ဗိုလ်စတိုင်နဲ့ လူတယောက်နဲ့မိတ်ဆက်ပေးသည်။
ကျွန်တော်က ပြုံးပြရင်း
`တွေ့ရတာဝမ်းသာပါတယ်။ ကျွန်တော်က ပီတိပါ။´

ဒီလို့နဲ့ လူသစ်တယောက်လို့သိသွားတော့ အားလုံးက ပြုံးပြသည်။ ချက်ချင်းဆိုသလို အားလုံးနဲ့ ရင်နှီးသွားသလို့ ခံစားလိုက်ရသည်။

~~~~~~~~ ဆက်ရန်

6 comments:

ဂျစ်တူး - gyit_tu said...

ကိုပီတိရေ .. ဒုတိယပိုင်းကို စိတ်ဝင်စားစွာ စောင့်နေပါတယ် ။ ဂျစ်ကတော့ hiking ဆိုရင် တယ် စိတ်ဝင်စား ။ နောက်တခေါက် မြန်မာပြည် ဘလောဂါ့တွေနဲ့ တောင်သွားတက်ရအောင်လေး)

PeTi said...

ဟုတ်ကဲ့ ဂျစ်တူး.. ကျွန်တော် ကြိုးစားပြီးဆက်ပါဦးမယ်။ ၁၉၉၆ တောင်တက်ခရီးစဉ်က အခုအထိ ကျွန်တော့်စိတ်မှာ စွဲထင်ကျန်နေတုန်းပဲ…
ကောင်းတယ် ဂျစ်တူး ကြီုးစားတာပေါ့… ကိုရဲမွန်ကလည်း လိုက်မယ်လို့ပြောတယ်…

SuN said...

ဘယ်နားက တောင်လဲ Bk Timah လား ဟိုဘက်က Mt.Faber လား၊ သို့မဟုတ် Hawpar Villa က ကုန်းတက်လား၊ နီးနီးနားနား Bk Gombak က ကျောက်တောင်ကြီးတွေလား .. အဟိ

PeTi said...

ဟေ့..sun.. အဲဒါတွေက တောင်မဟုတ်ဘူးကွ.. ကုန်းနိမ့်နိမ့်လေးတွေ.. ဟီး

Ye-Mon said...

သြော် .. မေ့ထားပါတယ် ဆိုမှ .. လွမ်းစရာ ဖြစ်အောင် ရေးနေပြန်ပါပြီ။ ဒီ .. ပီတိ ကတော့ နာမည်နဲ့ လိုက်အောင် ခက်ပါတယ်။

PeTi said...

အဟဲ.. ကျွန်တော်က ခရီးစဉ်တွေကို လွမ်းလို့ရေးနေတာ.. ကိုမင်းက ဘာတွေကို လွမ်းနေတာလဲ..

Ratings