Friday, October 19, 2007

၂/၉၆ - ဒုတိယပိုင်း

`ရွှီ´
ခဏနေတော့ အရပ်မြင့်မြင့် မျက်မှန် နဲ့ ဆရာတစ်ယောက်ကနေ ၀ီစီမှုတ်လိုက်ပါသည်။ ဒီအသံဟာ နောက်ပိုင်း တောင်တက်ခရီးစဉ်တွေမှာ ရင်နှီးစွာ ကြားရတော့မယ်လို့မသိခဲ့ပါ။ တနေရာစီ ရောက်နေသော ကျောင်းသူ ကျောင်းသားအားလုံး ၂ ယောက်တွဲစီ တန်းစီလိုက်၍ ကျွန်တော်လည်း တွေ့ရာလူတယောက်နဲ့ ဘေးချင်းယှဉ်တန်းစီလိုက်သည်။ နှုတ်ဆက် ပြုံးပြမလို့ ဘေးကို လှည့်ကြည့်တော့ သူ့ပုံစံက ခပ်တည်တည်နဲ့ဆိုတော့ အသာပဲ နေလိုက်တော့သည်။

`ဝေလွင် နဲ့ ကျော်စွာ ရက်ကင်း၊ မျိုးချစ်၊ မောင်ကြီး ဘက်ကင်း…´


ကျောင်းသားနှစ်ယောက်က ရှေ့ထွက်သွား၍ ခုနက တွေ့လိုက်တဲ့ ကိုမျိုးချစ်နဲ့ နောက်တစ်ယောက် က နောက်ဆုံးကို သွား နေရာယူလိုက်ကြပါသည်။ ဘာမှန်းတော့မသိ ဘေးကလူကိုလဲ မေးချင်စိတ်မရှိ။

`ဒီနေ့ training ကို စော်ဘွားကြီးကုန်းအကျော်က ဓာတ်ဆီဆိုင်အထိသွားမယ်။ လေဆိပ်လမ်းခွဲ ၁၀မိုင်မှာ ခဏနားမယ် နောက် ဓာတ်ဆီဆိုင်မှာ ခဏနားမယ်။ ပြီးရင် ဒီကိုပြန်လာမယ်။ လမ်းလျှောက်ရင် ပလက်ဖောင်းပေါ်က လျှောက်ပါ။ ရှေ့က ရက်ကင်းကို ကျော်မတက်ပါနဲ့ နောက်က ဘက်ကင်း နောက်မှာ မနေပါနဲ့။ အားလုံး စည်းကမ်းတကျ လျှောက်ပါ။ ဘာမေးစရာရှိလဲ။ ´

`မရှိပါဘူး´ အားလုံးတညီတညွတ်ထဲ ပြန်ဖြေလိုက်သည်။

နောက်ပိုင်းမှ ဆရာ ဦးမျိုးသန့် ဟုသိခဲ့သော ခေါင်းဆောင်ဆရာက
`မရှိရင် သွားမယ်´ ဆိုကာ စထွက်သွားပါသည်။

ကျွန်တော်တို့ အားလုံးလည်း နောက်ကနေ တန်းစီ လိုက်ကြသည်။

စထွက်ပြီး ခဏနေတော့ ခုနက ဘေးကနေ ခပ်တည်တည် နေသော တယောက်က
`ဒီ ဖိနပ်ကြီး လမ်းလျှောက်ရင် ခြေထောက်ပေါက် လိမ့်မယ်။ ဒီလိုဖိနပ်စီးရတယ်´ လို့ပြောရင်း သူ့ရဲ့ဖိနပ်ကို ထိုးပြပါသည်။
`အင်း´
လို့ဖြေလိုက်ပေမယ် ဒီကုလား သူက စီနီယာဖြစ်တယ်ဆိုပြီး ဆရာလာလုပ်နေတယ်လို့ စိတ်ထဲတွေးလိုက်မိသေးသည်။ နောက်တော့ ရင်းနှီးသွားတော့မှာ သူက ဒီလိုပဲ ပြောတတ်လို့ သူ့နာမည်ပြောင်တောင် ပုံကြီး ဖြစ်သွားတယ်လေ။ ပုံပြောတတ်လွန်းလို့။

ရန်ကုန် တက္ကသိုလ် မိန်းပေါက်မှထွက် တက္ကသိုလ်ရိပ်သာလမ်း အတိုင်း လှည်းတန်းဘက်ကိုလျှောက်၊ နောက်ပြည်လမ်းမှကြီးအတိုင်း လျှောက်ကြသည်။ လျှောက်စကတော့ အားလုံးက တက်တက်ကြွကြွနဲ့။

IBC နားရောက်လာတော့ ကျွန်တော့် ဖိနပ်က ပညာပြပါတော့သည်။ နောက်အားကစားကို အားမှကစားတော့ ဒီလောက်လျှောက်တော့ စပြီးတော့ မောလာပါပြီ။ မိုးခမ်းကတော့ ဟိုလူ့လိုက်စလိုက် ဒီလူ့စလိုက်နဲ့ တက်ကြွနေပါသေးတယ်။ နောက်ကိုကြည့်တော့ ဘက်ကင်း ကိုခေါ်တဲ့ ကိုမျိုးချစ်တို့က ကပ်နေပါသည်။

ကားနဲ့သွားတော့ နီးနီးလေး၊ အခုလမ်းလျှောက်တော့ မလွယ်ပါ့လား။ ကျောင်းကွေ့တောင်မရောက်သေးဘူး စောဘွားကြီးကုန်းဆိုတာ အဝေးကြီးလိုသေးတယ်။ အို… တောင်တက်ဖို့တောင် ရည်ရွယ်ထားတာ ဒီလောက်နဲ့တော့ စိတ်မပျက်ဘူး။ ရအောင်လျှောက်မယ်လို့ စိတ်တင်းထားလိုက်တယ်။

`ကောင်လေး မောနေပြီလား။ လျှောက်ထား..´ နောက်က ကိုမျိုးချစ်တို့က အားပေးပါသည်။
အင်း ဟို ကုလားပြောထားတာ ဟုတ်သားပဲလို့ အတွေးထဲရောက်လာပါသည်။
အင်း နောက်ဆို လုပ်စရာရှိတာကို ပြင်ဆင်ပြီးမှလုပ်ပါ ပီတိ။

တကယ်တော့ training စနေတာ တလလောက်ရှိနေပါပြီ။ ကျွန်တော်က နောက်ကျမှသိတော့ သူများတွေ အကျင့်တော်တော်ရပြီးမှ စပြီးလုပ်သလိုဖြစ်နေသည်။ သူများထက်တော့ ပိုကြိုးစားရမှာပေါ့။

အသင်းအဖွဲ့နဲ့ လုပ်နေတော့ အရမ်းနှေးနှေးလည်းလျှောက်လို့မရပေ။ ကိုယ်ကို သူများတွေစောင့်နေရတာ သိရတော့ တတ်နိုင်သလောက်မြန်မြန်ကြိုးစားလျှောက်ရသည်။

ဒီလိုနဲ့ ကိုးမိုင် စိုက်ပျိုးရေးရုံးနားရောက်တော့ တော်တော်ကို ခြေတောက်ကနာနေပြီ။
မိုခမ်းကလည်း အားပေးသည်။ `ရှေ့နားဆိုနားတော့မှာ ကြိုးစားထား ´

အဲဒီတုန်းကတော့ Hiking ရှေ့နားဆိုတာမသိတော့ နားရတော့မှာပဲ ဆိုပြီး အားတက်ကာလျှောက်မိသည်။ မိုးခမ်းတောင် လျှောက်နိုင်တာ၊ ငါလည်းလျှောက်နိုင်ရမှာပေါ့။

လေဆိပ်လမ်းခွဲကျော်ပြီး သစ်ပင်ရိပ်တွင် နားနေသော ရှေ့က အဖွဲ့သားတွေတွေ့လိုက်တော့ နားရတော့မှာဆို တော်တော်ပျော်သွားသည်။ လမ်းလျှောက်တယ်ဆိုတာတောင် အကျင့်မရှိ တော့မလွယ်ပါလားနော်။

`ဘက်ကင်း လာပြီ´ လို့တယောက်က ပြောသံကြားလိုက်သည်။ ဘက်ကင်းလာပြီဆိုလျှင် နောက်မှာ လူမကျန်တော့ဘူး ဆိုတဲ့ အဓိပ္ပာယ်ပေါ့။

မနက် ၇ နာရီးကျော်လာပြီဆိုတော့ နေကလည်းစပူလာပြီ။ ရေကိုတော့ သိပ်မဆာပေမယ့် ခြေကတော့ နာနေသည်။

မိုခမ်းက သူငယ်ချင်းကို လာမေးရှာသည်။
`နင်တော်တော်နာနေလား။´
`အေးဟ.. ငါ့ဖိနပ်က အဆင်မပြေတော့ နာနေတယ်။´
`နင် ဒီဖိနပ်နဲ့လျှောက်တော့ နာမှာပေါ့။ ဒီလိုဖိနပ်နဲ့လျှောက်ရတယ်။ ဒါမှ အလေ့အကျင့်လည်းရ စီးလို့လည်း အဆင်ပြေတာ။´
သူက သူ့ရဲ့ ပျောက်ကျား စစ်ဖိနပ်ကိုပြပါသည်။

ဘေးက တယောက်လည်း ရှံ့မဲ့မဲ့ နဲ့
`ဒီနေ့မှ စလျှောက်တာလား…´
`ဟုတ်တယ်´
`အော်.. ကျွန်တော်လည်း ဒီနေ့မှ လျှောက်တာ..အခု ခြေထောက်နာနေပြီ´
`ဟုတ်တယ်။ ရောက်တော့မယ်ထင်ပါတယ်။´

ဘယ်မှာမှန်းမသိသော ဓာတ်ဆီဆိုင်ကို မှန်းဆလိုက်သည်။ မျက်စိထဲမှာတော့ စော်ဘွားကြီးကုန်း အဝေးပြေးဂိတ် အကျော်လေးက ဓာတ်ဆီဆိုင်။

နားလို့မ၀သေး ခင်…
`ရွှီ´ ဆိုသော ခပ်တိုတို ၀ီစီသံကိုကြားလိုက်ရသည်။ ၀ီစီသံကို စမုန်းတတ်လာပြီ။

ဆရာက ကျွန်တော်အပါအ၀င် နာနေတဲ့လူတွေကို ရှေ့ကနေ ရှောက်ခိုင်းပါသည်။ ဒါပေမယ် စော်ဘွားကြီးကုန်း အဝေးပြေးဂိတ် ရောက်တော့ နောက်ဆုံးရောက်သွားပါသည်။

`ဟော.. ရှေ့မှာ ရောက်ပြီး ဓာတ်ဆီဆိုင်´ အားရ၀မ်းသာဖြစ်ကာ ပါးစပ်ကထွက်သွားသည်။
ဘေးက တစ်ယောက်က
`ဒီဓာတ်ဆီဆိုင် မဟုတ်သေးဘူး။ ဂေါက်ကွင်း လမ်းခွဲနားက ဓာတ်ဆီဆိုင် လို့ပြောတယ်။´
`ဟာ.. ဒါဆို အဝေးကြီးလိုသေးတာပေါ့။´
`ဟုတ်တယ်။´

အားတောင် တော်တော်လျော့သွားသည်။ အတွေးထဲမှာတော့ `မဖြစ်သေးပါဘူး ရသလောက် ကြိုးစားလျှောက်ရမယ်။ မင်နာမည် ပီတိ။ နာမည်နဲ့လိုက်အောင် မလျော့ရဘူး။´
အင်း ဘာမှ မဆိုင်လည်း ဒီလိုပဲ ကိုယ်ကိုကိုယ် အားပေးရတော့မှာပဲ။

လေတပ်နားရောက်တော့ အလယ်ကျောင်းသားအရွယ်လေးတွေ အများကြီးကို တွေ့လိုက်ရသည်။ ဘာလုပ်နေတယ်တော့မသိ။ ခပ်နောက်နောက် ကောင်လေး ၃-၄ ယောက်လောက်က ပေါက်ကရပြောနေသည်။

ရှေ့ကနေ လျှောက်နေသော ရတနာသူ ခပ်၀၀ အမကြီးကို တခုခုပြောပုံရသည်။
`ဒီကလေးတွေ…´ လို့ လှမ်းပြောသံကြားလိုက်ရသည်။

သူတို့က ကျွန်တော်တို့ ကိုလည်းတွေ့ရော တယောက်က
`လာပြီ.. တရုတ်ဖြူ တယောက် ကွတကွတနဲ့´
နောက်တယောက်က
`.. တရုတ်ဖြူ မဟုတ်ပါဘူး.. တရုတ်မဲပါ…´
ဟင်း.. မောကမော၊ နေကပူ ရေကငတ်၊ ခြေထောက်ကနာ နေရတဲ့ အထဲ လာနောက်နေတာ့၊ စိတ်ကတိုသွားသည်။ တိုပေမယ့် ပြောတာ နဲ့ ကိုယ်ရဲ့ပုံစံနဲ့ က ဟုတ်နေတော့ ရီစရာကဖြစ်နေ။ စိတ်တောင်မတိုနိုင်တော့ပါဘူး။ ဆက်လျှောက်။
နေကတဖြည်းဖြည်နဲ့ ပူလာတော့ တော်တော်ပင်ပန်းလာသည်။ ကိုယ်လိုလူလည်း တစ်ယောက်ထဲမဟုတ် လေး၊ ငါးယောက်ဆိုတော့ အဖော်ရှိတာပေါ့။

`training က အပတ်တိုင်း ဒီလောက်တောင် လျှောက်တာလား´
`မဟုတ်ဘူး။ အရင်အပတ်တွေက ခုနကနားတဲ့ လေဆိပ်လမ်းခွဲ အထိပဲ။ ဒီတပတ်ကျတော့မှ ဆရာက ထပ်တိုးလိုက်တာ။ တဖြည်းဖြည်းနဲ့တိုးသွားမှာလေ။ ပထမ ၂ ပတ်လောက်က ၈မိုင်အထိ။ နောက်တော့ လေဆိပ်လမ်းခွဲ အထိပဲ။ အခု အပတ် ဓာတ်ဆီဆိုင်။´

သေဟဲ့ နန္ဒိယ။ သေမဲ့နှစ် စစ်ထဲ ၀င်သလိုဖြစ်နေပါရောလား။

ဒီလိုနဲ့ တရွေ့ရွေ့နဲ့ တနေ့တလံ ပုဂံဘယ်ရွေ့မလဲ။ အင်း ကိုယ့်ဆီရွေ့လာရင်တော့ အကောင်းသားပဲနော်။

နောက်ဆုံးတော့ တွေ့ပါပြီ ဓာတ်ဆီဆိုင်။ တခြားလူတွေ နားနေလိုက်ကြတာ ကိုယ်ကတော့ ရောက်အောင်းလျှောက်ရဦးမှာပေါ့။
ရောက်တာနဲ့ ခြေပစ်လက်ပစ်နားကာ ဖိနပ်ကို ချွတ်.. ကြည့်လိုက်တော့ ခြေဖ၀ါးမှာ အရည်ကြည်တောင် စထွက်နေပြီ။ ရေကတော့ ကိုယ့်ဆီမှာ ပါမလာ။ သူများသောက်တာကြည့်တော့ ပိုငတ်လာသည်။ အနားမှာလည်း သောက်စရာ ရေအိုးစဉ်မရှိ။

`ဟေ့.. ပီတိ.. ရေသောက်မလား.. ´ ချစ်စရာကောင်းတဲ့ မိုးခမ်း။
`အေးသောက်မယ်။ ကျေးဇူးပဲ သူငယ်ချင်း။´
`…..´
ဘာမှမကြား ရေကိုပဲသောက်နေမိသည်။ ရေငတ်တော့ တော်တော်ပြေသွားပြီး။ ခြေထောက်ကတော့ နာနေတုန်း။
`နင် လျှောက်နိုင်သေးလား လို့မေးနေတယ်။´
`အော်.. လျှောက်နိုင်မှာပါ။´
`အေးအေး.. အေးဆေးလျှောက်ပေါ့ကွာ။´

`ရွှီ´

ဟာ.. လာပြန်ပြီ ဒီဝီစီသံ….

~~~~~~~~ ဆက်ရန်

5 comments:

Ye-Mon said...

ဘလောက် ဘက်ကင်း ကပ်လာပြီ ပီတိရေး တတိယပိုင်း ရေးပေတော့။

Ye-Mon said...

ဒီဝီစီသံ အကြောင်းတော့ မပြောပါနဲ့တော့။ တစ်ခါတုန်းက ခရီးတစ်ခုမှာ အဲဒီ ၀ီစီကို ဖွက်ထားဖို့ စိတ်ကူးကြသေးတယ်။ အကောင်အထည်တော့ မဖော်ဖြစ်ခဲ့ပါ။

PeTi said...

ဟုတ်တယ်.. အမောမပြေခင် ၀ီစီသံကြားရင်.. အမောဆို့သွားတယ်လေ…
ဝီစီသံကလည်း ဘယ်တော့မှ အမောပြေမှ ကြားရတယ်မရှိပါဘူး..
တကယ်တော့ ဒီအသံလေးကို အခုတော့ လွမ်းနေမိတယ်…

ဂျစ်တူး - gyit_tu said...

အဟီးးး တရုတ်ဖြူ ကိုပီတိ .. ကိုးရိုးကားယား ဖိနပ်ကြီးနှင့်း)

PeTi said...

အဲဒီတုန်းကပုံက တကယ်ရီစရာကြီး… ဟီးဟီး… ရေးရင်နဲ့တောင် စိတ်ထဲမှာ မြင်လာတယ်။

Ratings