Saturday, October 27, 2007

၂/၉၆ - တတိယပိုင်း

`အားလုံး ဒီမှာတန်းစီမယ်။ ၁၀ ယောက် တစ်တန်းစီ စီပါ။ ပိုနေရင် အတန်းအသစ်စီပါ။ ´
ခေါင်းဆောင်ဆရာ ဦးမျိုးသန့်က အားလုံးကို အော်ပြောလိုက်ပါသည်။

အားလုံးတန်းစီပြီးတော့
`အခု ကျောင်းကို ပြန်လမ်းလျှောက်မယ်။ Training ကနဲနဲ ဝေးတော့ အသစ်စလျှောက်တဲ့သူတွေ နဲ့ ဆက်မလျှောက်နိုင်တော့တဲ့သူတွေ ဒီက ဆရာနဲ့ ပြန်လိုက်သွားလို့ရတယ်။ ဒီဆရာက သွားစရာရှိလို့ ဒီကနေ Bus နဲ့ပြန်မှာ။´ ဆိုပြီး နဲနဲ ၀၀ ပုပု ဆရာကို ညွှန်ပြပါသည်။

အဲဒီဆရာကတော့ ပင်းယဆောင်က Hall Tutor ဆရာစိန် ဖြစ်ပါတယ်။ အစကတော့ သူ့ကို သိပ်မကြည်ပါဘူး။ ဘာလို့လဲဆိုတော့ တခါက အဆောင်မှာ ဂဏန်းသင်္ချာတွက်ချက်ရေး လေ့ကျင့်တာ တွေ့သွားတော့ ဆက်တွက်လို့မရအောင် ဘုရင်တွေ ဘုရင်မတွေ ကို ဖမ်းသွားလို့ပါ။ နောက်တော့ ဆရာတပည့် သူငယ်ချင်း အရင်းလိုဖြစ်သွားခဲ့ပါတယ်။

ပြီးတော့ ဆက်ပြီး
`လမ်းလျှောက်တဲ့သူတွေ၊ ဒီကနေလျှောက်ပြီး ၈မိုင်ကျမှ နားမယ်။ မြန်မြန်လျှောက်ပါ။ မဟုတ်ရင် နေပူလာပြီး ပိုပင်ပန်းပါမယ်။ ကဲ နှစ်ယောက်တစ်တွဲ တန်းစီမယ်။ ရှေ့က ရက်ကင်းကို ကျော်မတက်ပါနဲ့ နောက်က ဘက်ကင်း နောက်မှာချန် မနေပါနဲ့။ ဆက်မလျှောက်နိုင်တော့ဘူးဆိုရင် နာမည်နဲ့ အတန်းကို ဘက်ကင်း ပြောသွားပါ။ အားလုံး စည်းကမ်းတကျ လျှောက်ပါ။´


ကျွန်တော်ကတော့ အပြန်ကိုလည်း လမ်းလျှောက်ပြန်မယ်လို့ ဆုံးဖြစ်ထားတော့ ဆရာစိန် နောက်ကို မလိုက်တော့ပါ။ မိုခမ်းကတော့ပြောပါသည်။
`နင် လမ်းမလျှောက်နိုင်တော့ရင် ပြန်လိုက်သွာလေ Busကား နဲ့´
`မလိုက်တော့ပါဘူး။ ငါလျှောက်နိုင်မှာပါ။´
နဲနဲဟန်လုပ်ပြီးပြောပေမယ့် ခြေဖ၀ါးက တော်တော်နာနေသည်။ ပိုက်ဆံပါမလာတာ ကတကြောင်း နောက်ပြီးတော့ ဒီလမ်းကိုလျှောက်မယ်လို့ ဆုံးဖြစ်ထားတာကတကြောင်း ဆိုတော့ Busကား မလိုက်တော့ဘူး။

အားလုံးတန်းစီပြီး ဓာတ်ဆီဆိုင်ကနေ လာရာလမ်း ပြည်လမ်းမကြီးအတိုင်း လှည်းတန်းဘက်ကို ပြန်ထွက်လာခဲ့သည်။ စလျှောက်ခါစမှာတော့ ခြေတောက်က တော်တော်နာနေသည်။ သွေးအေးသွားလို့ထင်ပါတယ်။ ကြိုးစားလျှောက်ရင် ခဏနေတော့ နဲနဲအဆင်ပြေသွားပြီး လျှောက်လို့ရသွားပါသည်။
ကြည့်လိုက်တော့ တော်တော်များများက ကိုယ့်ရှေ့မှာရောက်သွားကြပြီ။ တကယ် တောင်တက်ခရီးကို သွားတော့မယ် ဆိုရင် ကြိုတင်ပြင်ဆင်ထားမှ ဆိုတဲ့ အသိက ပထမဆုံး training မှာတင်ပဲ နားလည်လိုက်ပါသည်။

ကြိုးစားပြီး အမြန်လျှောက်ပေမယ့်လည်း ခြေတောက်ကနာနေတော့ လျှောက်လို့အဆင်မပြေပါဘူး။ လေတပ်နား ပြန်ရောက်တော့ ကျောင်းသားတွေကို မတွေ့တော့လို့တော်သေးတယ်။ တွေ့များပြန်တွေ့ရင် အဟားခံနေရဦးမယ်။

ဘက်ကင်း နောက်မှာမလျှောက်နဲ့ဆိုပေမယ့် ဘက်ကင်း ကိုမျိုးချစ်တို့ကတော့ မြန်မြန် မလျှောက်နိုင်တော့တဲ့သူတွေကို
`ဖြည်းဖြည်း လျှောက်လာကြ။ သွားနှင်တော့မယ်။´
ဆိုပြီး ပြောပြောဆိုဆို ကျော်တက်သွားကြပါသည်။ ဆရာပြောသလို ကျွန်တော်တို့ နောက်က မလျှောက်ပါ။ နောက်မှာနေရမယ့်သူတွေက မနေတာဖြစ်ပါသည်။

ဒီလိုနဲ့ တဖြည်းဖြည်းနဲ့ ၈မိုင်နားရောက်လာပါသည်။ နားရတော့မယ်ဆိုတဲ့ စိတ်နဲ့ ကြိုးစားလျှောက်ပေမယ့် ခြေဖ၀ါးက မီးစနဲ့ထိုးသလိုပူနေကာ ထောက်လိုက်တိုင်းနာနေပါသည်။ လျှောက်နေသည့်ပုံစံကတော့ ထော့နဲ့ထော့နဲ့ ဖြစ်နေတော့တာပေါ့။

၈မိုင်ရောက်တော့ နားနေတဲ့သူတွေကိုမတွေ့ပါဘူ။ ကိုမျိုးချစ်တို့ အဖွဲ့ကိုပဲတွေရပြီး
`ဆရာတို့က ကြာနေတော့ မစောင့်တော့ဘူး သွားနှင့်ပြီး။ သိပ်ကြာကြာမနားနဲ့ တော်ကြာ အရမ်းနောက်ကျနေမယ်။´

ဟမ် ၊ သူတို့က ဆရာ့အတိုင်းပဲ ပြောနေလိုက်တာ လို့ထင်မိသွားသည်။ အော် ဒါကြောင့် hiking မှာ backing ဆိုတာ နာမည်ကြီးတာပေါ့ လို့ နောက်တော့ သဘောပေါက်သွားပါသည်။

တချိန်မှာ ကိုယ်က ဘက်ကင်း တာဝန်ယူရမယ်လို့ ဘယ်လို့မှ မတွေးထားမိခဲ့ပါ။

နဲနဲပြီးတော့ ကိုမျိုးချစ်ဆိုတဲ့လူက
`ကဲသွားမယ် ထတော့´
`နဲနဲတော့ နားပါရစေဦး မောလို့ပါ´ zoo. က အမ တယောက်ကပြောရှာသည်။
`ကျောင်းရောက်မှနား။ ဒီမှာနားရင် နေပူတယ်။´
ဟင် လမ်းလျှောက်ရင်နေပူမှာကို ဘာတွေလာပြောနေတာလဲ။

မလျှောက်လို့ရလည်းမရ။ မလျှောက်ရင် ဆွဲထူမယ့်ပုံနဲ့ပြောနေတော့လည်း ကြုံးရုံးထကာ လျှောက်မယ်ပြင်ရပါတော့သည်။ ခြေထောက် ထောက်လိုက်ရင်ပဲ တော်တော်နာနေတာ လမ်းများလျှောက်ရင်ဖြင့် အသဲခိုက်ပေတော့မည်။

`ကြိုးစားထား ရောက်တော့မယ်´
Hiking ရောက်တော့မယ် ဆိုတာ နဲနဲသဘောပေါက်လာပြီ။

စိတ်ထဲမှာ နာနေသောစိတ်ကို မရောက်အောင် လှမ်းနေတဲ့ ခြေလှမ်းတွေကို လိုက်ရေတွက်မိနေသည်။ ဒီနည်းက တော်တော်အဆင်ပြေသွားသည်။ ကျောင်းကွေ့ကိုကျော် အင်းလျားကန်ဘောင်နားကိုရောက်တော့ မှာ ကျောင်းကိုရောက်တော့မှာပါလား ဆိုတာ အသိရောက်လာသည်။

`ကဲ ဒီတခါ တကယ် ရောက်တော့မယ် ကြိုးစားထား။´
ကိုယ်ကိုကိုယ့် အားပေးရင်ဆက်လျှောက်လိုက်ပါသည်။

ကျောင်းထဲကို Eco ဘက်အပေါက်က ထော့ကျိုးကျိုးနဲ့ဝင်။ အိုး ကောင်မလေးတွေအများကြီးပါလား ကျောင်းထဲမှာ။ တချို့က ကြည့်ပြီး ပြုံးစစ၊ တချို့ကတော့
`ဘယ်ကိုသွားလို့ ဒီလိုဖြစ်တာလဲမသိဘူး… သနားပါတယ်နော်…´

`ဘယ်မှမသွားဘူးဟေ့၊ လမ်းလျှောက်လို့ ခြေထောက်ပေါက်တာဟဲ့…´ စိတ်ထဲကပဲ ပြောလိုက်မိသည်။ အေးပေါ့ကွာ တူဖြစ်တုန်းကထုခဲ့တာ ပေဖြစ်တော့ခံပေါ့။

အရင်တုန်းက လမ်းလျှောက်ရင် ခဏလေးနဲ့ ပြီးသွားတဲ့ အဓိပဓိလမ်းကလည်း ဘာလို့ အခုမှရှည်နေတယ်မသိဘူး။ ထော့ကျိုး ထော့ကျိုးနဲ့ မန္တလေးဆောင်ကို ပြန်ရောက်လို့လာပါပြီ။

စပြီး ရောက်တော့ အားပေးကြတာကတော့ ရီလိုက်တဲ့ အသံပါပဲ။ သူများ ဒုက္ခခံပြီး လမ်းလျှောက်လာကို ရီစရာလို့ မြင်တတ်တယ့်သူတွေကို အမှန်အတိုင်းပြောရရင် စိတ်ထဲ ထောင်းကနဲဖြစ်သွားပါသည်။

နောက်တော့ ဆရာက `ဒါဟာ ရီစရာ မဟုတ်ဘူး။ ကြိုးစားပြီး ဇွဲ နဲ့လျှောက်တာ အားပေးရမှာ။´
ကျေးဇူးပါဆရာ။ ကျွန်တော်လျှောက်တာ ပီတိ နဲ့ပါ။

အဲ့ဒီတော့မှာ အားလုံးက နောက်ဆုံးရောက်လာတယ့် ကျွန်တော်နဲ့ ကျောင်းသူတယောက် ကို လက်ခုပ်တီးပြီး ကြိုပါတယ်။ အော် ဒီလိုတော့လည်း အားတက်စရာပါပဲလား။

အချိန်ကိုကြည့်တော့ နေ့လည် ၁၂နာရီနီးပါး ။ မိုခမ်းကိုမေးကြည့်တော့ စောင့်နေရတာ နာရီဝက်ကျော်နေပြီတဲ့။

ချက်ချင်းပဲ စောင့်နေတဲ့ လမ်လျှောက်အဖွဲ့တွေက တန်းစီးကာ ဆရာက စကားပြောပါသည်။

`ဒီနေ့ training က နဲနဲတော့ ပိုပင်ပန်းမယ်။ ဒီလို အပင်ပန်ခံထားမှ တကယ် တောင်တက်သွားတယ့်အခါ သက်သာမှာ ဖြစ်တယ်။ နောက် စနေ တနင်္ဂနွေ မှာ တဖြည်းဖြည်းပိုလုပ်သွားမှာဖြစ်တယ်။ အခုလမ်းလျှောက်နေတဲ့လူတွေအားလုံး ခရီးစဉ်ကိုလိုက်ဖို့ မခေါ်ပါဘူး။ အပတ်စဉ် ပုံမှန်လမ်းလျှောက်တဲ့လူတွေကို အမှတ်ပေးသွားမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ အမှတ်ပြည့်တဲ့လူတွေကို နောက်ဆုံး training အဖြစ်ကို မတ်လ ၃၁ ရက်မှာ ဒီကနေ လှော်ကားကို လျှောက်မှာဖြစ်ပါတယ်။ အဲဒီ training မှာ ပြီး အောင်လျှောက်နိုင်တဲ့ သူတွေကိုပဲ တောင်တက်ခရီးစဉ်မှာ ခေါ်မှာ ဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ ၁၉၈၆ ခုနှစ်နောက်ပိုင်း ရန်ကုန်တက္ကသိုလ် အနေနဲ့ ပထမဆုံး သွားခွင့်ရတဲ့ ခရီးစဉ်ဖြစ်တယ်။ နောက်ပိုင်း တောင်တက်ခရီးစဉ်တွေ သွားခွင့်ရဖို့ဆိုတာ အခုသွားမယ့် ခရီးစဉ်နဲ့ဆိုင်တယ်။ အဲဒီတော့ ဘာမှ အမှားမရှိချင်ဘူး။ ´

စကား အရှည်ကြီးပြောပြီး ထုံးစံအတိုင်း ဆရာက စကားပြောရင် မျက်စိမှိတ်ကာ အားယူပြီး ဆက်ပြောပါတယ်။

`နောက်ပြီး အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်မှ သွားမယ့် ခရီးစဉ်က အောင်မြင်မှာပါ။ သူများ အခက်ရှိတာကို ကူညီရမယ်။ အဲဒါကို နောက်တာပြောင်တာ လှောင်တာတွေ မလုပ်ပါနဲ့။ ဒီဟာက အင်မတန် အရေးကြီးပါတယ်။´

`နောက်အပတ်က စပြီး အားလုံး လမ်းလျှောက်ရင် ကျောပိုးအိတ်လွယ်ပါ။ နောက် အလေးအပင်တွေထည့်ပြီး လေ့ကျင့်ပါ။ ဒါမှာ အလေ့အကျင့်ရမှာ ဖြစ်ပါတယ်။ ဘာပြောစရာရှိသေးလဲ။ ´

`မရှိပါဘူး…´

`မရှိရင် သွားလို့ရပါပြီ။ မနက်ဖြန်မှာလည်း ဒီနေ့အတိုင်း ဓာတ်ဆီဆိုင်အထလျှောက်မယ်။ ´

ပထမဆုံးနေ့ကို အောင်မြင်စွာ လမ်းလျှောက်နိုင်ခဲ့ပြီ။ အမှန်အတိုင်းပြောရရင် ကိုယ့်ကိုကိုယ်တောင် အံ့သြပါသည်။ ဒီနေ့လျှောက်ပြီးတော့ နောက်နေ့တွေမှာ ဆက်လျှောက်နိုင်တယ်ဆိုတာ ပိုမိုယုံကြည်သွားပါပြီ။

ထော့နဲ့ထော့နဲ့လျှောက်ရင်း အဆောင်ကိုပြန်လာပြီး ရေမိုးချိုး။ ပြီးတော့ တခါတည်း ပစ်လှဲအိပ်ချင်လောက်အောင်း ပင်ပန်းပါသည်။ အိပ်ယာပေါ်မှာလှဲနေရင်နဲ့ ဗိုက်အရမ်းဆာလောတော့ အဆောင်နောက်မှာ ရှိတဲ့ ထမင်းဆိုင်ကို ကြိုးစားသွားပြီး နေ့လည်စာစားပါသည်။ တွေ့တဲ့လူအပေါင်းကို ကျွန်တော် ဘာကြောင့် ထော့နဲ့ ဖြစ်နေတယ်ဆိုတာ ရှင်းပြရတာများတော့ စာကိုချိတ်ထားချင်စိတ်ပေါက်လာပါသည်။
အဆောင်ပြန်ရောက်ပြီး အိပ်လိုက်တာ သူငယ်ချင်း စိုးမြင့် ညနေစာ အဆောင်ထမင်းစားဖို့ လာနှိုးမှ နိုးပါတော့သည်။

တကိုယ်လုံးကိုင်ရိုက်ထားသလိုနာကျင်နေတုန်း။ ခြေထောက်နှစ်ဘက်စလုံးမှာလည်း အရည်ကြည်ဖု အကြီးကြီး တွေက အပြည့်။ လမ်းလျှောက်ရင်လည်း ထော့နဲ့နဲ့ ဖြစ်တုန်း။


နောက်နေ့ တနင်္ဂနွေနေ့မှာတာ့ training ကိုဘယ်လိုမှ မသွားနိုင်ခဲ့။ မြို့ထဲက အိမ်ကိုသွားပြီး လမ်းလျှောက်ဖိနပ်ကို သွားယူပါသည်။ ဟိုကိုရောက်တော့ အမတွေက ခြေထောက်ကိုကြည့်ပြီး အရည်ကြည့်ဖုတွေကို ဖောက်လိုက်မှ သက်သာမှာဆိုပြီး ဖောက်လိုက်ပြီး ဆေးထည့်ပေးလိုက်တော့မှ လမ်းလျှောက်ရတာ နဲနဲ အဆင်ပြေသွားပါသည်။ အရည်ကြည်ဖုတွေက အကြီးကြီးတွေဆိုတော့ ကိုယ့်ဘာသာကိုဆိုတော့ မဖောက်ရဲဘူး။ လမ်းကိုတော့ ဒီတပတ်နားပြီး နောက်တပတ်မှပဲ ပြန်လျှောက်တော့ရတော့မှာပေါ့။

ကျောင်းမှာ ရောက်တော့ ချောင်းသာအတွေအကြုံတွေပြောနေသာ သူငယ်ချင်းတွေကို နားထောင်ပေးရတော့ပါသည်။ အဲဒီတုန်းကတော့ အရမ်းပျော်ဖို့ကောင်းတဲ့ ခရီးကို မလိုက်မိပဲ ခြေလျင်တောင်တက် training လိုက်မိတာ နောင်တရမိသလိုပါပဲ။

မိုးခမ်းကတော့ ကျွန်တော့်လမ်းလျှောက်ခဲ့တဲ့ပုံစံကို စိုးစိုးကိုပြောပြီး ကျွန်တော်ကို နောက်နေပါသေးတယ်။

ကြာသာပတေးနေ့လောက်ကျတော့ တော်တော်သက်သွားပြီ။

စနေနေ့မှာ လမ်းပြန်လျှောက်တော့
`ဟိုနေ့က ကောင်းလေးလမ်းပြန်လျှောက်တယ်ဟ။´ ဆိုတဲ့ အသံကိုကြားလိုက်ပါတယ်။
အမကြီစတိုင်နဲ့ တယောက်က (ဟိုတနေ့က ရီတဲ့ အထဲမှာပါတယ်ဆိုတာ မှတ်မိပါသည်။)

`ငါတို့က နင့်ကို ပထမဆုံးနေ့မှာတင် လန့်သွားပြီး ပျောက်သွားပြီ အောက်မေ့နေတာ´
`မဟုတ်ပါဘူး။ ခြေထောက်မှာ အရည်ကြည်ဖုတွေကြောင့် အလျှောက်နိုင်လို့ပါ။ ´
`ဘယ်လိုလဲ သက်သာသွားပြီလား။ ´
`ဟုတ်တော်တော်သက်သာသွားပါပြီ။´

ဒီလိုနဲ့ တခြားအဖွဲ့သားတွေ နဲ့ ခင်လာပါသည်။ Training ဆင်းနေတုန်းမှာတော့ အဖွဲ့လေးတွေ ကွဲနေတုန်ပါ။ ကျွန်တော် စခင်မိတာကတော့ ပင်းယဆောင်က ပထမနှစ်က တရုတ်လေး နဲ့ ကုလားလေး ကောင်လေး နှစ်ယောက်။ နောက်တော့ ရတနာဆောင်က တတိယနှစ် နဲ့ နောက်ဆုံးနှစ်က အမကြီးများ။

ဒီလိုနဲ့ အပတ်စဉ် စနေ၊ တနင်္ဂနွေတိုင်း နဲ့ တချို့ ကြားရက်တွေမှာပါ လျှောက်ရင် ဖေဖော်ဝါရီလကုန်လောက်မှာ မင်္ဂလာဒုံဈေး အထိ တိုးလျှောက်ပြီး training ဆင်းရသည်။ ကြားရက်မှာဆိုရင်တော့ အင်းလျားကန်ဘောင်မှာ ရှိတဲ့ လှေကားများကို တက်လိုက် ဆင်းလိုက်လုပ်ပြီး လေ့ကျင့်ပါသည်။

အဲဒီမှာ ကျွန်တော်ရဲ့ နောက်ပြောင်တတ်မှုကြောင့် တယောက်သော သူငယ်ချင်း စိတ်ဆိုးဖူးပါသည်။

အဖြစ်ကဒီလို။ အင်းလျာကန်ဘောင်ကို တက်သည့် လှေကားတစ်ခုက နဲနဲ ကျဉ်းပါသည်။ တယောက်ချင်းသာ ပြေးတက်လို့ အဆင်ပြေတော့ နောက်ကနေ ရှေ့ကလူတွေကို စောင့်ပြီးမှာသွားရပါသည်။ များသောအားဖြင့် ကျောင်းသူတွေက ရှေ့ကလျှောက်လေ့ရှိတော့၊
`ladies first…´ ကျွန်တော်ကအော်လိုက်ပါသည်။
ကျောင်းသူတွေပြီးတော့ သူတို့နောက်က ကျောင်းသားတယောက်က နောက်ကဆက် လိုက်ဖို့ပြင်ပါသည်။ နောက်ကနေကျော်တက်လာသော ဆရာကြီးပုံစံနဲ့တစ်ယောက်ပေါ့။

ကျွန်တော်ကလည်း နောက်ချင်တာနဲ့
`Gay second, Gentlemen third…´
လို့ဆိုလိုက်ရော ပြေးတက်နေတာ ရပ်ပြီး

`မင်းက ငါ့ကို gay လို့ပြောတာပေါ့´
`ဟာ မဟုတ်ပါဘူး.. အဲလိုဖြစ်သွားတာပါ…ဟီးဟီး´

အဲလို ပြောခါမှာ ပိုစိတ်ဆိုးပြီး ကျွန်တော့်ကို မခေါ်တော့ပါဘူး။ နောက်တော့လည်း ပိုခင်သွားတော့ ဘာမှာမဖြစ်တော့ပါ။ အဲ့လိုနောက်တတ်လို့ စိတ်ဆိုးဖူးတဲ့လူတွေမနဲပါဘူး။

ဒီမှာပဲ ၂/၉၆ ကို အဆုံးသတ်ပါတယ်။ နောက်လာမှာကတော့ ၃/၉၆ ဖြစ်သွားပြီပေါ့။

4 comments:

Ye-Mon said...

ပီတိရေ
မြောက်တော့ မသွားနဲ့ .. မောင်ရင့် အရေးအသားတွေ အတော် ပြောင်မြောက်လာပြီ။ descriptive ပုံစံရေးထားတာများ ကိုယ်တိုင် ထရိန်နင် လိုက်ဆင်းနေမိသလား အောင်းမေ့ရတယ်။ ဆက်လုပ်ကိုယ့်လူ။

PeTi said...

ဟဲဟဲ အခုတောင် ခေါင်းနဲ့ မျက်နှာကြက်နဲ့တိုက်နေပြီ။ ဘာပဲ ရေးရေး ကွန့်မန့်ရေးရင် အားဖြစ်ပါတယ်။ ကြိုးစားပြီး ဆက်ရေးမှာပါ။ ကျေးဇူး..

ဂျစ်တူး - gyit_tu said...

အဟိ .. အရည်ကြည်ဖု ကြီးတွေနဲ့ ထော့နဲ့ ထော့နဲ့ နောက်ဆုံးက ပန်းဝင်လာသော ကိုပီတိကြီးအား ပန်းကုံးစွတ်၍ လှိုက်လှဲစွာ ကြိုဆိုပါ၏ ကြိုဆိုပါ၏း)

ladies first.. gay second.. gentlemen third ဆိုတာလေးကတော့ မိုက်သဗျး)

thinpapa said...

hello ကိုပီတိ
hiking အကြောင်းတွေကို ဖတ်၇တာ ကိုယ်ကိုယ်တိုင် လမ်းလျှောက်နေ၇သလိုပါပဲ
ပတို.၇ဲ. senior အစ်ကိုကြီး အစ်မကြီးတွေကို လေးစားပါတယ်

Ratings