Saturday, November 24, 2007

တန်ဆောင်မုန်းလပြည့်နေ့ အလွမ်းပြေ


ဒီကယူထားပါသည်။

တန်ဆောင်မုန်းလပြည့်က ကျွန်တော်ရဲ့ဇာတိမြို့ရဲ့ ကျက်သရေဆောင် ရွှေစည်းခုံစေတီတော်ရဲ့ ဘုရားပွဲတော်ဖြစ်ပါတယ်။ ရွှေစည်းခုံဘုရားပွဲတော်ကို အနီးအနားပတ်ဝန်းကျင် မြို့တွေ၊ ရွာတွေက လာရောက်လေ့ရှိပါသည်။ ဘုရားပွဲတော်ကို ပွဲဈေးတန်းများ၊ ဇာတ်ပွဲများ၊ အငြိမ့်များ၊ မျက်လှည့်ပွဲများ နဲ့ စည်ကားစွာ နှစ်စဉ် ကျင်းပလေ့ရှိပါသည်။

ပွဲဈေးတန်းတွေမှာတော့ ဆိုင်ခန်းပေါင်း ငါးရာကျော်ခန့်ရှိပါသည်။ ရောင်ချသည့် ပစ္စည်းတွေကလည်း စုံလင်လှပါသည်။ စဥ့်အိုး၊ပန်အိုး၊ဖျာ၊ မီးဖိုချောင်သုံး ပစ္စည်း၊ အခြောက်အခြမ်း၊ အ၀တ်အထည်၊ အလှကုန်၊ ကလေးကစားစရာ၊ စသည်တို့ ရောင်ချသည့်ဆိုင်များအပြင် စားသောက်ဆိုင်များရှိပါသည်။ ဆိုင်တန်းများကို ရွှေစည်းခုံဘုရား၏ တောင်ဘက်စောင်းတန်း နှင့် ဘောလုံးကွင်းကြားတွင် သတင်းကျွတ်ပြီ ဆိုကတည်းက စပြီးဆောက်လေ့ရှိပါသည်။ ဆိုင်များကိုတော့ ၀ါး၊ ထရံများဆောက်လုပ်ပါသည်။ တန်ဆောင်မုန်းလဆန်းဆိုလျှင် ဆိုင်များစတင်ရောက်ရှိလာပြီး လဆန်း ၈ ရက်နေ့လောက်ကစပြီး စတင်စည်ကားပြီဖြစ်ပါသည်။

ပွဲဈေးများသည် ညနေပိုင်း ၄နာရီလောက်မှာ စတင်စည်ကားပြီး ညစဉ်ဇာတ်ပွဲများ၊ အငြိမ့်ပွဲများရှိသောကြောင့် တညလုံးနီးပါး လူသူမပြတ်ရှိတတ်ပါသည်။ ဟိုးအရင်ခေတ်များက လမ်းပန်းဆက်သွယ်ရေးကြောင့် ပစ္စည်းများမှာ အခုခေတ်လို လိုအပ်သည့် ပစ္စည်းများကို ၀ယ်ယူချင်သော အချိန်တွင် ၀ယ်ယူဖို့ရန် အလွယ်ကူလှပေ။ ဒါကြောင့် တနှစ်စာလိုအပ်မည့် ပစ္စည်းများကို အခုလို ဘုရားပွဲများတွင် ၀ယ်ယူထားပြီး သုံးလေ့ရှိသည်။

ငယ်စဉ်တုန်းကတော့ မိဘများနဲ့ ပွဲဈေးတန်းလျှောက်ပါသည်။ လူကြီးတွေကတော့ အိမ်မှာ လိုအပ်သော ပစ္စည်းများကို ၀ယ်ချမ်းကြပါသည်။ ငယ်စဉ် ကျွန်တော့် အကြိုက်ဆုံးဆိုင်များမှာ ကလေးကစားစရာရောင်းချသောဆိုင်တန်းများပင်ဖြစ်သည်။ မိမိလိုချင်သော ကစားစရာများကို ၀ယ်ပေးရန် မမောမပန်း ပူဆာရသည်မှာ နှစ်စဉ်နှစ်တိုင်းပင်ဖြစ်ပါသည်။ များသောအားဖြင့် ပူဆာတတ်သည်မှာ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ကစားစရာကား၊ သေနတ်များပင်ဖြစ်ပါသည်။ ပွဲဈေးကိုသွားသောနေ့ဆိုလျှင် ညစာကို ပွဲဈေးမှာပဲ စားဖြစ်လေ့ရှိပါသည်။ များသောအားဖြင့် မုန့်တီ သို့မဟုတ် ဒန်ပေါက်ကိုစားပါသည်။
အနည်းဆုံးတော့ ပွဲဈေးကို ၅ ခေါက်တော့ ရောက်ဖြစ်ကြပါသည်။

တန်ဆောင်မုန်းလပြည့်နေ့ဆိုလျှင် မနက်အစောကြီး ဘုရားကိုသွားပြီး အာရုဏ်ဆွမ်းကပ်ပြီး သံဃာတော်များကို စုပေါင်းပြီး ဆွမ်းကြီးလောင်းကြပါသည်။ ညပိုင်းမှာတော့ မြတ်စွားဘုရားကို ဆီမီးများဖြင့် ပူဇော်ပါသည်။ နောက်ပိုင်းမှာတော့ မီးရှုးမီးပန်းများဖြင့်ပါ ပူဇော်ပါသည်။ ဘုရားပွဲတော်နေ့များတွင် ရင်ပြင်ပေါ်မှာ ဘုရားဖူးများအမြဲစည်ကားနေပါသည်။ လပြည့်နေ့ဆိုလျှင်တော့ ကြိတ်ကြိတ်တိုးစည်ကားပါသည်။ ရွှေစည်းခုံစေတီတော်မြတ်ရဲ့ ထူးခြားချက်ထဲမှာ ပါတဲ့ အတိုင်း ဘုရားဖူး မည်မျှပင်များစေကာမူ သွားမရလောက်အောင် ပြည့်သွားသည်မရှိပေ။

တောင်ကြီးမြို့သူမြို့သားများ တန်ဆောင်တိုင်ပွဲတော်ကို အမြဲမျှော်လင့်နေသလို ကျွန်တော် တို့မြို့သူမြို့သားသည် ရွှေစည်းခုံစေတီတော်ဘုရားပွဲတော်ကို သတိရနေမှာ သေချာပါသည်။


ဒီကယူထားပါသည်။

လာမယ့် တလကျော် ပြာသိုလပြည့်ဆိုလျှင်တော့ ပုဂံမှာရှိတဲ့ အာနန္ဒာဘုရား ပွဲတော်ဖြစ်ပါသည်။ အာနန္ဒာဘုရားတော်သည်လည်း အင်မတန် စည်ကားသောပွဲတော်ပင်ဖြစ်ပါသည်။ ကြိုတင်ပြီးလွမ်းထားတာပါ။

Read More...

Tuesday, November 20, 2007

ကူညီချင်ရင် ဒီကိုလာ…

ဒီတခါ သူငယ်ချင်းတွေဆီကနေ အကူအညီတခုတောင်းပါရစေ။ ကျွန်တော် သိသလောက် တတ်သလောက် အင်္ဂလိပ်လို ရေးထားတဲ့ ကဗျာမပီ စာမပီ စာပုဒ်လေးကို မြန်မာလိုဘယ်လို ပြန်ရင် ကောင်းမလဲလို့ပါ။

သူငယ်ချင်းတယောက်ရဲ့ မွေးနေ့ကို လက်ဆောင်ပေးဖို့ တကြောင်းစ နှစ်ကြောင်းစ ရေးရင် ရှည်သွားတာကနေ စာပုဒ် ဖြစ်သွားတယ်။

ကဗျာလေးကို ရိုးရိုးရှင်းရှင်းလေးပါ။ ဒီလောက်ပဲရေးတတ်လို့ပါ။ ဒါတောင် သူများ ကဗျာတွေကို ကြည့်ပြီးမှ ဒီလောက်ထွက်လာတာနော်။

ကူညီနိုင်ရင်တော့ ကွန့်မန့်မှာ ရေးပေးသွားပါ။ ကျေးဇူးတင်ပါတယ်။

ကဗျာလေးကို ဒီမှာ http://peti31-english.blogspot.com/ ဖတ်ပေးပါ။

ပန်ဒိုရာ က အခုလိုကူညီပြီး ဘာသာပြန်ပေးထားပါသည်။

မွေးနေ့မင်္ဂလာပါ သူငယ်ချင်းရာ
ပျော်ရွှင်မှုတွေ ဖြန့်ကျက်စေရာ

မိဘတွေကတော့ မင်းအသက်အကြောင်းပြောမကုန်
မင်းအဆင့်ဆင့်ကြီးပြင်းခဲ့ပုံ

မင်းဖေဖေ မေမေတို့ကို ရှိခိုးကန်တော့
ဘယ်မှာမှ မရနိုင်တဲ့ အရာတွေကို အမြဲပေးခဲ့ကြသူတွေပေါ့

မင်းက ကူညီတတ်ရုံမက
အသိဥာဏ်ယှဉ်ကြွယ်ဝ
အဲဒါကိုက မင်းအလှ

တို့နှစ်ဦးကြားကခင်မင်မ
ဘယ်တော့မှ မညိုးခြောက်ဖို့ ငါ့တောင်းဆု

ဒီနေ့မင်းကို လက်ဆောင်မွန်တစ်ခုပေးမယ
ဘယ်သူမှယူဆောင်သွားလို့မရတယ
အဲဒါကတော့ ငါ့နှလုံးသားအပိုင်းအစပေါ
မင်းဖယ်ခွာပစ်လိုက်ဖို့ခက်ခဲလေရော့။

ဒီကဗျာလေးက မင်းကိုပြုံးစေ
ခဏလေးအချိန်ယူလို့ဖတ်လိုက်ပါလေ။

အခုတော့ငါက ဟိုးအဝေး
မင်းနဲ့ဒီနေ့ အတူမရှိနိုင်သေး
ဘယ်လိုဖြစ်ဖြစ် မင်းရဲ့မင်္ဂလာမွေးနေ့ကလေး
ပျော်ရွှင်ပါစေလို့ ငါ ချစ်ခင်စွာ ဆုတောင်းလိုက်မယ်လေး။

Read More...

Saturday, November 17, 2007

၎/၉၆ - ပထမပိုင်း

အခု ၄/၉၆ - ပထမပိုင်း ပြီးသွားပါပြီ။ တောင်တက်ဖို့ရာ လေ့ကျင့်ရာမှ ရေးခဲ့တာ တောင်တက်ဖို့ ခရီးစထွက်ပါပြီ။ ဒါပေမယ် တောင်တက်ဖို့တာမရောက်သေးပဲ လမ်းမှာပဲ ရှိပါသေးတယ်။ ၄/၉၆ ကတော့ ရေးပြီးခဲ့တဲ့ ၂/၉၆ နဲ့ ၃/၉၆ တို့ရဲ့ အဆက်ဖြစ်ပါတယ်။

လာရောက် ဖတ်ရှုတာ ကျေးဇူးတင်ပါတယ်။




ဒီနေ့က mid-term break မတိုင်ခင်နောက်ဆုံးနေ့။ မနက်ဖြန် စနေနေ့ ဧပြီ်လ ၆ ရက်နေ့မှာစပြီး သင်္ကြန်ပြီး တနင်္ဂနွေနေ့ အထိကျောင်းပိတ်တော့မည်။

ကျောင်းကိုရောက်တော့ ပထမအချိန်လွတ်သွားသည်။ ကားဂိတ်မှ လမ်းလျှောက်လာတုန်း ကျောင်းသားတွေ လက်ထဲမှာ ရေသန့်ဗူးတွေနဲ့ ကျောင်းသူတွေကို ရေလိုက်လောင်းနေသည်။ သင်္ကြန်တွင်းမှာ ကျောင်းပိတ်မည်ဆိုတော့ အာစီတူးမှာ သင်္ကြန်ကြိုတင်ကျနေပါသည်။

ကျောင်းစာတိုက်နားရောက်တော့ သူငယ်ချင်း ကျော်ကျော် နဲ့ ၀ဏ္ဏ ခုံမှာထိုင်နေတာ ကို တွေ့လိုက်သည်။
`ဟေ့ရောင်တွေ၊ အတန်းမတက်ဘူးလား´
`ဟေ့ ငပီတိ၊ မတက်တော့ဘူးကွာ၊ အပြင်မှာပဲ ကောင်မလေးတွေကို ရေလိုက်လောင်းမယ်။ ရေစိုနေတဲ့ ကောင်မလေးတွေကို ကြည့်မယ်…´
ကျော်ကျော်ကတော့ သူ့ထုံးစံအတိုင်း ခပ်ပြောင်ပြောင်ပဲ။

`အေး ကောင်းတယ်။ ငါကတော့ အတန်းသွားတက်မယ်။ ပြီးရင်ထွက်လာမယ်၊ ခဏစောင့်…´
`မင်း…တက်နေ အတန်းထဲမှာ ဘယ်သူမှ မရှိလို့ ငါတို့ထွက်လာတာ။ ´
`ဟုတ်လို့လားကွာ၊ Paper 2 ချိန် အတန်းမတက်ကြဘူး ဆိုတာတော့ မဖြစ်နိုင်ပါဘူး…´
ကျွန်တော်တို့က ဒီကောင့်စကားဆိုရင် ဘယ်တော့မှ ချက်ချင်းလက်မခံ။

ခပ်အေးအေး ၀ဏ္ဏကတောင်
`အတန်းကရှိတယ်။ ဒါပေမယ်သွား မနေပါနဲ့ကွာ။ သင်္ကြန်အတွက် ၀အောင် ကြည့်သွား။ ပြီးရင် မင်းက တောထဲသွားမယ့်ကောင်။ ဒီလို ရိက္ခာလည်း သယ်သွားရတယ်။´
`အေးပါကွာ။ မင်းတို့နဲ့စကားပြောတာနဲ့တင် အတန်းကနောက်ကျနေပြီ။´
ကျွန်တော်လည်း အတန်းထဲမသွားတော့ပဲ သူတို့နဲ့ထိုင်လိုက်သည်။

ခဏနေတော့ ကျော်ကျော်က ထိုင်နေရာနောက်လှည့်ကြည့်ပြီး
`ဟေ့ရောင်တွေ၊ မပြောမရှိနဲ့ လင်မျှော်ကုန်းမှာ ပိစိတို့ အဖွဲ့ထိုင်နေတယ်။ ရေသွား လောင်းရအောင်´
(လင်မျှော်ကုန်းဆိုတာ အာစီတူးကို စာတိုက်နားက ၀င်ပေါက်က၀င်လျှင် လှေကားထိပ်က ထိုင်ခုံလေးတွေရှိတဲ့ နေရာကိုခေါ်တာပါ။ များသောအားဖြင့် မိန်ကလေးတွေ အထိုင်များပြီး `လင်မျှော်ကုန်း´ ဆိုတဲ့ နာမည်ကို ဘယ်သူက စခေါ်လိုက်သည်မသိပါ။ ၁၉၉၃-၁၉၉၆ တက္ကသိုလ် ကျောင်းသူကျောင်းသားများတွေကတော့ ဒီနာမည်ကို ရင်းနှီးကြပါတယ်)

နှစ်ခါမခေါ်လိုက်ရဘူး အားလုံးက ထလိုက်ပြီးသား။ ရေဘူးကိုဖွက်ပြီး သွားတော့ ပိစိတို့မရိပ်မိ။ သူတို့နောက်ရောက်မှ ရုတ်တရက်လောင်းလိုက်တော့ လန့်သွားပြီး ပိစိကထရောင်ပါတော့သည်။ ပိစိရောင်လျှင် ကုလားကြီး အစ၊ေ-ာက်ပလုတ်တုတ် အလယ်၊ သေချင်းဆိုး အဆုံး ပါသည်။

`နင်တို့တွေ အတန်းသူ အတန်းသားချင်း ရေလောင်းရသလား၊ လောင်းချင်ရင် တခြားကောင်မလေးတွေကို သွားလောင်း။ ငါတို့က အခြားလူလောင်းမလားလို့ ဒီမှာလာထိုင်တာ.. သွား.. သွား..´
စိတ်မဆိုးပဲ ဆိုးချင်ဟန်ဆောင်ပြီး ကျွန်တော်တို့ကို မောင်းထုတ်လိုက်ပါသည်။

နောက်တော့ ကင်တင်းမှာ သွားထိုင်ကာ နေ့လည်စာစားပြီး ရေစိုနေသော အလှအပတွေကို ငေးပါတော့သည်။ အလှအပအပေါင်းခံစားပြီး ကျောင်းကနေ အဆောင် ကိုပြန် ပစ္စည်းသိမ်းပါသည်။

ညနေကျတော့ ဆရာမျိုး၏ အဆောင်ကို သွားနှုတ်ဆက်ပါသည်။ ဆရာမျိုးက ပြောစရာ၊ မှာစရာရှိဆီက လိုအပ်သော စာရွက်စာတန်းများကို ယူခဲ့ပါသည်။



သွားမည့် ခရီးစဉ်က ပြည်မြို့၊ ပုဂံ ညောင်ဦးမြို့၊ ပခုက္ကူမြို့မှာ ညအိပ်ရပ်နားဖြစ်လို့ ဆရာမျိုးက ကျွန်တော်နဲ့ ခင်မောင်ကျော် ကို တည်းခိုဖို့ရာ စီစဉ်ဖို့ရာ ရှေ့ပြေးအနေနဲ့သွားဖို့ရာ တာဝန်ပေးပါသည်။ ပြည်မြို့မှာတော့ စီစဉ်ပြီးသားဖြစ်လို့ ပုဂံ ညောင်ဦးမြို့၊ ပခုက္ကူမြို့မှာပဲ စီစဉ်ရမှာဖြစ်ပါသည်။


တချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့ ကျွန်တော်က သွားရမည့်ရက်ထက် စောသွားပြီး ညောင်ဦးမြို့အနီး မှာရှိတဲ့မြို့မှာ တာဝန်ကျနေသော ဖခင်ထံ အလည်ဝင်ရောက်နှုတ်ပါသည်။
စေ့စပ်သေချာသော ကျွန်တော့်အဖေက ခရီးထွက်ရင် လိုအပ်မည့် ပစ္စည်းများကို စစ်ဆေးပေးပါသည်။

စစ်ကျောပိုးအိတ်၊ စစ်သုံး equipment၊ စစ်သုံးရေဗူး၊ ဟန်းကော ခေါ် ထမင်းချက်လို့ရတဲ့ ထမင်းချိုင့်၊ စစ်ဘောင်းဘီ၊ စစ်ဖိနပ်၊ စစ်ခြေအိတ်၊ သံလိုက်အိမ်မြောင်၊ ဓာတ်မီး၊ မီးချစ်၊ အရေးပေါ်မီးရှုး (ကားတွေမှာပါသော မီးရှုးမျိုးဖြစ်ပါတယ်) တွေကိုတွေ့တော့
`သား တောင်တက်သွားတာ သယ်သွားမယ့် ပစ္စည်းတွေက စစ်တိုက်ထွက်သလိုပါ့လားကွ သေနတ်ပဲလိုတော့တယ်´
`ဟုတ်တယ်၊ တောထဲသွားမှာ ဆိုတော့ ပစ္စည်းတွေကို မင်္ဂလာဒုံဈေးက၀ယ်လာတာ ´
ကျောင်းသားလည်းဖြစ် နော် မိဘက ၀န်ထမ်းတွေဖြစ်တော့ ဈေးပေါပြီး အသုံးတည့်တဲ့ စစ်သုံးပစ္စည်းတွေနဲ့ပဲ တောင်တက်ဖို့ပြင်ဆင်ထားပါသည်။

`သား ရန်ကုန်က ဓားဝယ်ဖို့မေ့လာတယ်´
`ဟုတ်လား ဒီမှာတော့ အင်းမ ဓားမရှိတယ်။ ခပ်သေးသေး တချောင်းရှာဝယ်သွားဖို့´
ပြည်တွင်းဖြစ်ကို အားပေးတဲ့အနေနဲ့ အင်းမဓားမ သေးသေး တချောင်းကို တောထဲမှာ တောခုတ်ဖို့ ဖြစ်ဖြစ်၊ ထင်ခုတ်ဖို့ဖြစ်ဖြစ်၊ လိုအပ်ပါက အရေးပေါ်သုံးဖို့ဖြစ်ဖြစ် ၀ယ်လိုက်ပါသည်။

နောက်နေ့ တနင်္လာနေ့မှာ ညောင်ဦး ကို သွား၍ အင်္ဂါနေ့မှာရောက်မည့် ခင်မောင်ကျော်ကို စောင့်ဖို့ ထွက်လာပါသည်။ ခင်မောင်ကျော်ဆိုတာက ပထမဆုံးလမ်းစလျှောက်တဲ့နေ့က ကျွန်တော့်ကို ဖိနပ်ပေါက်မည် လို့ ဆရာလုပ်သည် ထင်ခဲ့သော ကုလားဆင် တယောက်ဖြစ်ပါသည်။

ကျွန်တော်နဲ့ အတူ မေမေနဲ့အမပါ ညောင်ဦး ကိုလိုက်လာပါသည်။ ညောင်ဦးကို အသွားလမ်းတွင် ပုဂံကိုဝင်ပြီးတော့ ဗူးဘုရား ဘုန်ကြီးကျောင်းကိုသွားပြီး ခြေလျင်တောင်တက်အသင်း ညအိပ်ရပ်နားဖို့ လျှောက်ထားပါသည်။ ကျောင်းထိုင်ဘုန်းကြီးက ဘုရားဖူးအဖွဲ့ တဖွဲ့က တည်းဖို့လျှောက်ထားပြီးဖြစ်နေလို့ လက်ခံလို့မရကြောင်း ပြောလိုက်ပါသည်။ သေချာစေရန် မနက်ဖြန်တခေါက်လာပြီးကြည့်ဖို့ မိန့်ကြားလိုက်ပါသည်။

ကားပေါ်ကဆင်းပြီး အိမ်ထဲဝင်လိုက်တာနဲ့ အိမ်ဆိုသော အငွေ့အသက်ကို ခံစားလိုက်ရသည်။ ကလေးဘ၀က ပျော်ရွှင်ခဲ့သော၊ မိသားစု စုံစုံလင်လင်နဲ့နေခဲ့သော အိမ်ကို မရောက်တာကြာပြီ။ ဆယ်တန်းစာမေးပွဲဖြေပြီးကတည်းက ရန်ကုန်ကိုရောက် သင်တန်းတက် တက္ကသိုလ်တက် နဲ့ အိမ်နဲ့ဝေးသွားခဲ့တာ ပြန်ရောက်တော့ အိမ်ကတော့ နွေးထွေစွာကြိုဆိုလျက်ပါပဲ။
`အမေ၊ အိမ်လို့ပြောလိုက်ရင် စိတ်ထဲမှာ ဒီအိမ်ကိုပဲ ပေါ်လာတယ်´
`အေး ဟုတ်တယ်သား။ အမေတို့လည်းဒီလိုပဲ ခံစားရတာပဲ´

ငယ်ငယ်က အမြဲနေခဲ့သော အိပ်ခန်းထဲမှာ အမြဲအိပ်ခဲ့သော ကုတင်ပေါ်မှာ နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့သည်။ နောက်နေ့ အိပ်ယာကနိုးတော့ စိတ်က လန်းဆန်းလျက်ရှိနေပါသည်။ မနက်စား အညာ မုန့်ပျားသလက်နဲ့အကြော်သုတ်ကိုစားပြီး သန့်ရှင်းလတ်ဆတ်သော အညာလေကိုရူရင်း အိမ်ရှေ့ထွက်လာပါသည်။ အိမ်ရှေ့က ထိုင်ခုံတွင်ထိုင်ရင်း လမ်းဘက်ကို ငေးကြည့်နေမိပါသည်။ အိမ်ရှေ့နားက ဆိုက်ကားသမားတွေနဲ့ စကားပြောနေသူကို သတိထားကြည့်မိတော့ ခင်မောင်ကျော် ဖြစ်နေသည်။ သူက ဆိုက်ကားသမားတွေကို ကျွန်တော့်အိမ်ကိုမေးနေတာဖြစ်သည်။

`ဟေး… ကိုခင်မောင်ကျော်၊ ဒီမှာ ကျွန်တော့်အိမ်က´
သူကြားသွားပြီးအိမ်ဘက်ကို လမ်းလျှောက်လာသည်။ ကျွန်တော်တို့မြို့လေးက တော်တော်ငယ်တော့ လမ်းနာမည်တွေ အိမ်နံပတ်တွေမရှိပါ။ ရပ်ကွက်နာမည်ပြော၊ နာမည်ပြောရုံနဲ့ ရှာလို့တွေ့ပါသည်။ အိမ်နားမှာ ရှိသော ထင်ရှားသော အမှတ်အသားကို ညွှန်းပြီး လမ်းညွှန်လေ့ရှိပါသည်။
ဥပမာ - ဈေးနားက ညောင်ပင်ဝိုင်းနား၊ ဘုရားနီနား၊ ဆေးရုံးဟောင်းနား၊ မီးသတ်ရေကန်နား စသည်ဖြင့် လမ်းညွှန်လေ့ရှိပါသည်။

လမ်းမှာအိပ်ရေးပျက်လာသော ခင်မောင်ကျော်တယောက် အိမ်မှာတရေးမောအိပ်ပြီး သူနိုးတော့ ရေမိုချိုပြီး မြို့နယ် အုပ်ချုပ်ရေးရုံးကိုသွားပြီး ဆရာမျိုးပေးလိုက်သောစာကို သွားရောက်ပေးပို့ပါသည်။ ကျောင်းသားအဖွဲ့ ဒီမြို့ကို ဘယ်နေ့မှာ ဘယ်အတွက်ကြောင့်လာသည့် အကြောင်းကြားစာဖြစ်ပါသည်။ ကိစ္စတခုခုဖြစ်ခဲ့ပါက မိမိဘက်က အမှာအယွင်းမရှိစေရန် ဆောင်ရွက်တတ်သော ဆရာမျိုးရဲ့ စေ့စပ်သေချာမှုတခုဖြစ်ပါသည်။



နောက်တော့ နေ့လည်စာအိမ်ပြန်စားပြီး ဗူးဘုရားကို စက်ဘီးနဲ့ သွာခဲ့ပါသည်။ အညာရဲ့နွေနေပူပူအလယ်မှာ နှစ်ယောက်သား တယောက်စက်ဘီးတစီးစီနဲ့ ချွေးသံလုံးလုံး ဖြစ်နေပါသည်။
ဘာရယ်မဟုတ် ခင်မောင်ကျော်ကို အားနာနေမိသည်။
`ရလား ကိုခင်မောင်ကျော်၊ မောရင် နားလေ´
`မင်းကလည်းကွာ၊ တောင်တက်သမားပါကွ၊ ဒီလောက်တော့ရပါတယ်´
တောင်တက်သမားတွေက အဲဒီလိုမာနကြီးပါသည်။ ဘာပဲလုပ်လုပ် ဒီလောက်တော့ ခံနိုင်ရမှာပေါ့ ငါက တောင်တက်သမားပဲ လို့။ နောက်ဆုံး မခံနိုင်တော့မှ လဲရင်လဲကျပါစေတော့။

ဗူးဘုရားကျောင်း ဆရာတော်ကတော့ နေရာက သူများဦးသွားတာ သေချာသွားပြီဖြစ်ကြောင်း အခြားနေရာကို ရှာပါဆိုပြီး ဆုတောင်းပြည့်ဘုရားနားက ဘုန်ကြီးကျောင်းကို လမ်းညွှန်လိုက်ပါသည်။
အချိန်က သင်္ကြန်ရက်နီးနေတော့ ဘုန်ကြီးကျောင်းတွေ၊ ဘုရားဇရပ်တွေ တော်တော်များမျာက နေရာပြည့်နေပြီးဖြစ်သည်။

ကံကောင်းထောက်မစွာ အာနန္ဒာဘုရားနားက ဆုတောင်းပြည့် ဘုန်ကြီးကျောင်းကို ညအိပ်ရပ်နားဖို့ နေရာတစ်ခုတော့ရလိုက်ပါသည်။ ကျောင်လေးက သေးပေမယ် အနည်းဆုံးနားဖို့နေရာလေးရှိတာပေါ့။

နေရာအတွက်စိတ်အေးသွားတော့ ခင်မောင်ကျော်က ယွန်းထည်ဝယ်ချင်တယ် နောက်ပြီး စာတန်းလည်းထိုးချင်တယ်လို့ပြောလာပါသည်။ အနီးဆုံး ဗူးဘုရားဆိုင်တန်းတွေကိုသွားကြည့်တော့ သူကြိုက်တဲ့ ပစ္စည်းကမရှိ။
`ကိုခင်မော်ကျော် နင်းနိုင်သေးရင်တော့ ပုဂံမြို့သစ်ကိုသွားရှာမယ်လေ။ အဲဒီမှာတော့ ဆိုင်တွေများတယ်၊ နောက်တော့ ပင်ရင်းတွေဆိုတော့ ရေးချင်တဲ့ စာလည်း ကောင်းကောင်းရေးပေးနိုင်မှာပါ။´
`အေးသွားတာပေါ့၊ နင်းနိုင်ပါတယ်။´

ပုဂံမြို့သစ်ကိုသွား ယွန်းထည်ဝယ်ပြီး စာတန်းထိုးတော့ ကျွန်တော့်ကို မလိုက်စေလိုပါ။ ဘာတွေစာတန်းထိုးမည်လည်းမသိ။

ပုဂံအပြန်နေလည်းတော်တော်စောင်းနေပြီ။ အိမ်ရောက်တော့ ညစာစာပြီး နှစ်ယောက်သား ပင်ပင်ပန်းပန်းနဲ့အိပ်ပျော်သွားပါသည်။ နောက်နေ့မနက် ခင်မောင်ကျော်က ပခုက္ကူကိုဆက်သွားမှာဖြစ်လို့ စောစောထ မနက်စာစားပြီး သူ့ကို ညောင်ဦးဆိပ်ကမ်းကိုလိုက်ပို့ပါသည်။

`ကိုခင်မောင်ကျော်.. ဆရာနဲ့ပြောထားတာက ဗူးဘုရားမှာအိပ်မှာ။ အခုနေရာက ပြောင်းသွားပြီ။ ဆရာတို့အဖွဲ့လာတော့ ဘယ်မှာဆုံမှာလည်း မချိန်းရသေးဘူး။ ဘယ်လိုလုပ်ရင်ကောင်းမလဲ´
ခင်မောင်ကျော်က တွေးတွေဆဆနဲ့
`အင်းနော်… ဆရာတို့က ဒီနေ့ဆို ပြည်က အစောကြီးထွက်လာပြီ။ ဒီလိုလုပ်ပါ့လား မင်းတို့အိမ်က မြို့အ၀င်မှာရှိတော့ သုံးထပ်ပြားပေါ် တောင်တက်အသင်း ဒီမှာရပ်ပါလို့ စာရေးပြီး အိမ်ရှေ့မှာ ထောင်ထားလိုက်ပေါ့´
`ဟာ.. မင်းကလည်း အဖွဲ့က ညမှရောက်မှာ ဘယ်လုပ် သတိထားမိမှာလဲ´
`…´
`ရပါတယ်။ ကျွန်တော်ကြည့်လုပ်လိုက်ပါ့မယ်။ မင်း မော်တော်ကထွက်တော့မယ်။ နောက် မင်းက ဟိုမှာ စီစဉ်ရဦးမှာရှိသေးတယ်။´
`အေး…ဟုတ်ပါပြီး။ ငါစိတ်ချမယ်နော်။ သွားတော့မယ် ပီတိ။ မင်းအမေကိုလည်ပြောလိုက်ပါ ကျေးဇူးတင်တယ်လို့။ နောက်ပြီး…´
`နောက်ပြီး မနေနဲ့သွားတော့။ မင်းဘာပြောမယ်ဆိုတာသိတယ်´
`ဟားဟား အေးပါ… ငါကအကောင်းပြောမလို့ မင်းအမ ဟင်းချက်တာက ကောင်းတယ်လို့´
`အေးအေး…ငါသိနေတယ် မင်းဒါမျိုးပြောတော့မယ်ဆိုတာ…´
` ဟားဟား နောက်မှတွေ့မယ် ပီတိ.. ငါသွားပြီ´

ခင်မောင်ကျော်ထွက်သွားတော့ ကျွန်တော်လည်းအိမ်ကို ပြန်လာပါသည်။ အိမ်ကိုရောက်တော့
`သားရေ ခုနကပဲ သားဖေဖေဆီက ဖုန်းလာတယ်။ သားဖေဖေ အလုပ်မှာ fieldးဆင်းနေတဲ့ ဘူမိဗေဒကျောင်းသားတွေရဲ့ camp fire ကို ဒီနေ့လုပ်မှာတဲ့။ အဲဒါ မေမေတို့ကို လာခဲ့ဖို့ ပြန်ခေါ်နေတယ်။´
`ဟင် အိမ်မှာ သားတယောက်ထဲ ဖြစ်နေမှာပေါ့။ အိမ်သော့ကျတော့ ဘယ်လိုလုပ်မလဲ။´

ကျောင်းသားတွေ field ဆင်းပြီးတိုင်း camp fire ကို ညစားတွေ၊ တီးဝိုင်းတွေနဲ့ သေချာလုပ်ပေးလေ့ရှိတော့ တော်တော်ပျော်ဖို့ကောင်းပါသည်။ မေမေကြည့်ရတာလည်း camp fire ကိုသွားချင်ပုံရပါသည်။

`အိမ်သော့ကနှစ်စုံရှိတယ် ဆိုတော့၊ တစ်စုံကို မေမေတို့ယူသွားမယ်။ သားကတစ်စုံယူထားပြီး ထွက်သွားတဲ့အခါ သော့ကိုအိမ်ထဲမှာထားခဲ့ပြီးတော့ ခတ်လိုက်ပေါ့။´
`ဟုတ်ကဲ့´

ညနေ ၃နာလောက်ကျတော့ ဖေဖေဆီက လာခေါ်တဲ့ကားနဲ့ မေမေ နဲ့ အမနဲ့က ထွက်သွားပါသည်။ ညနေစာကိုတော့ အပြင်မှာပဲဝယ်စားဖို့၊ အိမ်ကိုသော့သေချာခတ်ဖို့၊ ခရီးသွားရင် ဂရုစိုက်ဖို့ မှာရင်း လက်ပြနှုတ်ဆက်သွားပါသည်။

တယောက်ထဲ အိမ်ထဲမှာ ကျန်ခဲ့တော့ စိတ်ထဲမျာ တမျိုးပဲ။ နောက်တော့ စာအုပ်စင်မှာရှိတဲ့ စာအုပ်တအုပ်ကို ဖတ်ရင် မှေးကနဲ အိပ်ပျော်သွားသည်။ အိပ်ယာကနိုးတော့ ညနေ ၅း၃၀ ရှိနေပြီ။ ရုတ်တရက်ထလိုက်ပြီး စိတ်ထဲမှာ အဖွဲ့ကားများ ဖြတ်သွားပြီးလားလို့ စိုးရိမ်မိသည်။ ပြည်မြို့မှ မနက်အစောကြီးထွက်လာမည်ဖြစ်သောကြောင့် ညနေစောင်းလျှင် ညောင်ဦးကိုရောက်မည် ခန့်မှန်ချက်နဲ့ စိတ်ပူသွားခြင်းဖြစ်ပါသည်။ အိမ်ရှေ့ကိုထွက်ပြီး ဆိုက်ကားသမားတွေကိုမေးကြည့်တော့ အတွေ့မိသေးဘူးလို့ကြားတော့မှ စိတ်အေးသွားပါသည်။

အိမ်ထဲကိုဝင် ရေချိုး အ၀တ်အစားလဲပြီး အိမ်နားမှာရှိတဲ့ စားသောက်ဆိုင်ကို ညစာထွက်စားပါသည်။ ဆိုင်က လမ်းမဘေးတွင်ဆိုတော့ တောင်တက်အဖွဲ့ကားတွေ လာရင်လည်းမြင်ရပါသည်။ အတွေ့တာကြာတော့ ဆိုင်ရှင်တွေက ဘယ်ရောက်နေလဲ ဘာလုပ်နေလဲ မေးပြန်တာကို ဖြေကြားပြီး တော်တော်ကြာအောင်ထိုင်နေမိပါသည်။

စောင့်နေတာကကြာ၊ လာလည်းမလာတော့ နဲနဲစိတ်ပူလာပါပြီ။ ဘယ်လိုပဲမောင်းမောင်း သာမာန်အားဖြင့် ပြည်မြို့မှ မနက်စောစောထွက်လာပါက အခုချိန်ဆိုလျှင် ရောက်သင့်ပြီ။ ည ၈နာရီခွဲလောက်ရှိတော့ အိမ်ကိုပြန်လာပြီး အိမ်ရှေ့ကခုံမှာ ထွက်ထိုင်စောင့်နေပြန်ပါသည်။ ၁၀နာရီကျော်တဲ့အထိစောင့်ပြီးတော့ အိမ်ထဲကိုပြန်ဝင်လာပြီး အပေါ်ထပ်က လသာဆောင်မှာတက်နေမိသည်။ ဘာများဖြစ်နေလို့ ဒီလောက်နောက်ကျနေပါလိမ့်။ ဘာမှ မဖြစ်ပါစေနဲ့လို့ စိတ်ထဲမှာ ဆုတောင်းမိနေသည်။

လသာဆောင်မှာထိုင်နေလို့ ၁နာရီလောက်ကြာတော့ ကုန်ကားကြီးများ အဝေးမှမောင်းလာသော ကားတာယာသံကိုကြားတော့ ခေါင်းထောင်ကြည့်မိသည်။ အနီးအနားရောက်တော့ သီချင်းဆိုသံတွေကြားရတော့ တောင်တက်အသင်းဖြစ်တယ်ဆိုတာ သေချာသွားသည်။
ဒါပေမယ် အိမ်အောက်ကိုဆင်းပြီးတားဖို့က မမှိနိုင်တော့ဆိုတာသိသည်။ ကားတွေကလည်း အိမ်နဲ့တော်တော်နီးရောက်လာပြီ။ ဘာလုပ်ရမလဲ ဆိုတာ အမြန်တွေးလိုက်သည်။
ဘာအဖြေမှ မထွက်ခင် ကားတွေကအိမ်ရှေ့ကနေဖြစ်နေပြီ….။

နောက်ဆုံး ကြံရာမရတော့ …
`ဆရာမျိုး… ဆရာမျိုး…´
`ကိုမျိုးချစ်… ကိုမျိုးချစ်…. ကားရပ်ပါ…….´

အသံကုန် ဖျစ်ညှစ်အော်လိုက်သည်။ ကားပေါ်မှာ

`၀ူး………´ လို့ပြန်ထူသံကြားလိုက်တော့ သူတို့ကြားတယ်ဆိုတာအားတက်ပြီး အမြန်ဆုံး အိမ်အောက်ကိုပြေးဆင်း တံခါးဖွင့်၊ စက်ဘီးထုတ်၊ ပြီးတော့ အိမ်မှာ တယောက်ထဲ့ဆိုတော့ သော့ပြန်ပိတ်။ စက်ဘီးကို အသော့နှင်ပြီး ကားနောက်ကိုလိုက်ပါသည်။ ကျွန်တော်အော်တဲ့ အသံကြားပြီး ကားများရပ်မလား ဆိုတဲ့ အထင်နဲ့ဖြစ်ပါသည်။ ဈေးနားရောက်သည်ထိ ကားရပ်ထားတာ အတွေ့တော့ မရပ်ပဲ ဆက်မောင်းသွားသည်ကို သိလိုက်ရသည်။

ခေါင်းထဲမှာ စိုးရိမ်စိတ်တွေဝင်လာသည်။ အဖွဲ့ကလူတွေ ကျွန်တော့်နဲ့ အဆုံလိုက်တော့ ဘယ်မှာ အိပ်ရမည်ကိုသိမည်မဟုတ်။ မူလက ချိန်းထားသည့် ဗူးဘုရားကျောင်းမှ နေရာကမရှိ။

နောက်ပြီး အိမ်မှာက ကျွန်တော် တယောက်ထဲ ဘယ်သူမှမရှိ၊ ဆွေမျိုး သူငယ်ချင်းတွေကို အကူအညီတောင်းရအောင်ကလည်း ညဥ့်နက်နေပြီး တမြို့လုံးက အိပ်စက်နေပြီ။

တယောက်ထည်း အိတ်တွေနဲ့ ညောင်ဦးက ပုဂံ ၄ မိုင်လောက်ခရီးကိုသွားလို့မဖြစ်။

အဲဒိလို ဘာလုပ်ရမှန်းမသိ ဖြစ်ကာ အိမ်ဘက်ကို စက်ဘီးစီးလာရင်း …

~~~~~~~~ ဆက်ရန်

Read More...

Thursday, November 15, 2007

ကို့အတွက်

သူငယ်ချင်း စကားဖြူက သူရေးထားတာလေးကို ကျွန်တော့်ကိုလာပြပါတယ်။ ရေးထားတာက ခံစားချက်အပြည့်နဲ့ဆိုတော့ ဖတ်ပြီးပြီးချင်းကြိုက်လို့ ဒီမှာ ဖော်ပြခွင့်တောင်းလိုက်ပါတယ်။ သူကလည်း ကြည်ဖြူစွာ ခွင့်ပြုပါတယ်။ ကျေးဇူးတင်ပါတယ် စကားဖြူ။

အားလုံးလည်းကြိုက်မယ်လို့ မျှော်လင့်ပါတယ်။

(အခုပိုစ်က စကားဖြူရဲ့စာကို ဒုတိယအကြိမ်ဖော်ပြခြင်းပါ။ ပထမ ပိုစ်ကတော့ ဒီမှာပါ။)

[ပုံကို ဒီက ယူထားပါသည်]


ကိုသည်သာ ကျွန်မဘ၀လို့ ကျွန်မကြွေးကြော်ခဲ့ဖူးပါတယ်။ အခုထိလဲ ဒီစကားဟာ မှန်နေတုန်းပါ။ ကိုချစ်ခဲ့တုန်းက ကျွန်မ ကြည်နူးကျေနပ်ခဲ့သား။ ကို မချစ်တော့ကော ကျွန်မ ဘာကို မကျေမနပ် ဖြစ်နေရမှာလဲ။ ကျွန်မ ကျေနပ်ပါတယ်။ အချစ်အကြောင်းကို ကို့ထက်ပိုလို့တောင် ကျွန်မက နားလည်သေးတယ်ကို။ အချစ်ဟာ ဘယ်လိုမှကို ဖန်တီးလုပ်ယူလို့ မရတာ ကျွန်မသည်သာ အသိဆုံး။

ကို မချစ်တော့တာ သိစတုန်းက ကျွန်မအတော့်ကို ခံစားခဲ့ရတယ်။ လူလစ်ရင် ငိုလို့ကို မဆုံးနိုင်တော့တာ။ မေလထဲဆိုပေမယ့် ကျွန်မနေခဲ့တဲ့ မြို့လေးမှာ မိုးတွေ ရွာနေခဲ့တယ်။

ကျွန်မ ဆိုက်ကယ်လေးကို မိုးမမြင်၊ လေမမြင် လျှောက်မောင်းပြီး အသည်းကွဲနေခဲ့တယ်။ ကိုယ်က တာဝန်ကြီးကြီးယူထားရတော့ အလုပ်တွေ မလုပ်မဖြစ် ကျုံးလုပ်နေခဲ့ရသလို အလွမ်း၊ အဆွေးတွေနဲ့အတူ ရင်နာမှုကလည်း ရင်နဲ့ မမျှအောင်ပဲ ခံစားခဲ့ရတယ်။

ကလေးတစ်ယောက်လိုပဲ နာကျင်စွာ အော်ဟစ်ငိုကြွေးခဲ့မိတယ်။ အဲဒီလို နင့်နင့်သည်းသည်း ခံစားခဲ့ရတာ သိပ်မကြာခဲ့ပါဘူး ကို။ နှစ်လထဲပါ။ သေမလောက် ခံစားခဲ့ရပြီး တဖြည်းဖြည်း အသိတရားက လူကို ပြန်လာကပ်တယ်။

တကယ်တော့ ကို့ကို ချစ်ရင် ကိုပျော်တာကို ကျွန်မက မုဒိတာ ပွားနေရမှာပါ။ ကျွန်မအချစ်က ပေးဆပ်ခြင်းလို့ ကျွန်မပြောခဲ့ဖူးပါတယ်။ ကို နောက်တစ်ယောက်ကို ချစ်သွားလည်း ကိုပျော်နေရင် ကျွန်မကျေနပ်ရမှာပေါ့။ ကို့ဘ၀လေး သာယာနေရင် ကျွန်မဘ၀လေး ပြီးပြည့်စုံနေရမှာပေါ့။ ခုထိတော့ ကျွန်မ ခံစားနေရတုန်းပဲ။ ရင်ထဲ နည်းနည်း တည်ငြိမ်လာတာကလွဲလို့ ကျွန်မ တကယ့်ကို ခံစားနေရတုန်းပဲ။ တစ်ခါတလေ အရမ်းသတိရလာရင် မျက်ရည်ကျနေတုန်းပဲ။ ကျွန်မလိုအပ်နေတာက အချိန်တစ်ခုပဲဆိုတာ ကျွန်မသိပါတယ်။

အရာရာတိုင်းက ကို့ကို သတိရစေတယ် ကို။ ငါးနှစ်တာမျှ သံယောဇဉ်ဟာ လွယ်လွယ်နဲ့ ကိုက ဖြတ်တောက်နိုင်ပေမယ့် ကို့နှလုံးသားထက် အဆပေါင်းများစွာ နုနယ်တဲ့ ကျွန်မနှလုံးသားက ဘယ်လိုနည်းနဲ့မှ တိကနဲ ဖြတ်လို့မရဘူး ကို။ သံယောဇဉ်ကြီးတတ်လွန်းတဲ့ ကိုယ့်အဖြစ်ကိုပဲ အပြစ်တင်ရတော့မှာလား။

သစ္စာအကြောင်းကို ကိုပြောခဲ့ဖူးတယ်။ ကိုပဲ သစ္စာဖောက်ခြင်းကို ပြသသွားခဲ့တယ်။ တကယ်တော့ မချစ်တော့ရင် သစ္စာတွေ ဘာတွေ မလိုအပ်တော့ပါဘူး။ မချစ်နိုင်တော့မှတော့ ဘာကိုမှ စောင့်စည်းစရာ မလိုတော့တာမျိုးပါ။ ဒါကြောင့် ကို့ကို သစ္စာဖောက်သူကြီးရယ်လို့ ကျွန်မ မသတ်မှတ်တော့ပါဘူး။
ကိုဝေးဝေးသွားပါ။ မြင့်မြင့်ပျံပါ။

ဘယ်တော့မှ ကျွန်မကို လှည့်မကြည့်ပါနဲ့တော့။ တိုက်ဆိုင်မှုတွေ ရှိခဲ့ရင်တောင် ကျွန်မကို သတိမရပါနဲ့တော့။

ကျွန်မကို ကို့ရဲ့ ဦးနှောက်ထဲကနေ အပြီးထုတ်လိုက်ပါတော့။

ကို့အချစ်တွေကို တစ်ချိန်က ပိုင်ဆိုင်ခွင့်ရခဲ့ခြင်းကိုပဲ ကျွန်မ ရောင့်ရဲနေတတ်ပါပြီ။

ကျွန်မနှလုံးသားဟာ သေဆုံးသွားခဲ့ပါပြီ။

အချိန်တန်ရင် တဖန်ပြန်လည်လို့ နိုးထလာပါလိမ့်ဦးမည်။

ထိုအချိန်တွင် ကျွန်မချစ်မိမယ့်သူသည် ကို မဖြစ်ပါစေနဲ့လို့ ကျွန်မအကြိမ်ကြိမ် ဆန္ဒပြုနေမိပါသည်။

စကားဖြူ
နိုဝင်ဘာ ၁၅၊ ၂၀၀၇

Read More...

Sunday, November 11, 2007

My Celebrity Look-alikes

ကိုစိုးထက် ဆီမှာတွေ့လို့ My Celebrity Look-alikes ဆိုလို့
လက်တည့်စမ်းကြည့်တာ


My cool celebrity look-alike collage from MyHeritage.com. Get one for yourself.


Read More...

ဗွီလော့

သာမန် စာရေးသားပြီး အင်တာနက် web site ပေါ်မှာ ဖော်ပြခြင်းကို blog (web log) လို့ခေါ်တာကို ရှင်းပြစရာ မလိုတော့ပါဘူး။

အခု နောက်ပိုင်းမှာ ခေတ်စားလာတာကတော့ video blog၊ အတိုအားဖြင့် vlog လို့ခေါ်တဲ့ ကိုယ် ပြောချင်သော၊ ရေးချင်သော အကြောင်းအရာများကို video နဲ့မှတ်တမ်းတင်ပြီး ပြတာ ဖြစ်ပါတယ်။ ဘယ်အကြောင်းအရာတွေပဲ ဖြစ်ဖြစ် မှတ်တမ်းတင်ပြီး စကားပြောလေးတွေ ထည့်ပြီးပြတော့ မျက်စိထဲမှာ ရှင်ရှင်းလင်းလင်းမြင်ရတာပေါ့။

Vlog လုပ်ဖို့ရာ သိပ်မခက်သလို သိပ်တော့လည်း မလွယ်လှပါဘူး။ အကြောင်းအရာ တော်တော်များများကို video နဲ့ မှတ်တမ်းတင်ဖို့ရာ မလွယ်သလို၊ ပြောချင်တာကို video ရိုက်မယ်ဆိုရင်လည်း ရိုက်ဖို့ပြင်ရဆင်ရ နောက်ပြီး editing လုပ်ရနဲ့ဆိုတော့လည်း မလွယ်ပါဘူး။

Vlog ကိုတော့ စကားများများပြောချင်ပြီး စာရေးရတာ ပျင်းသူများအတွက် တော့ အဆင်ပြေမယ်ထင်ပါတယ်။ နောက်ပြီးတော့ စာနဲ့ရှင်းပြဖို့ခက်တဲ့ အကြောင်းအရာတွေကို လွယ်လွယ်ကူကူ ပြပြီး ပြောလို့ရတယ်။

BlogSpot (blogger.com) မှာလည် ပို့စ်ရေးနေရင် video ကို တင်လို့ရသလို YouTubeGoogle စတဲ့ video hosting တွေမှာလည်း တွေမှာတင်ပြီး မှ ကိုယ့်ရဲ့ blog မှာ ပြလို့ရပါတယ်။ ဖြစ်နိုင်ရင်တော့ video hosting site တွေရဲ့ စည်းကမ်းချက်တွေကို ဖတ်ပြီးမှ တင်နိုင်ရင်တော့ ကောင်းပါတယ်။ ပိုင်ဆိုင်မှု အငြင်းပွားဖွယ် ရှိလို့ဖြစ်ပါတယ်။

Vlog တွေထဲမှာဆိုရင်တော့ http://stevegarfield.blogs.com/videoblog/http://www.hugeinasia.com/http://japantechtoys.blogspot.com/http://www.lifeonterra.com/http://mnstories.com/ တွေက popular ဖြစ်ပါတယ်။ အခြားသော နာမည်ကြီး Vlog တွေရှိပါတယ်။ ကျွန်တော်ကတော့ လက်လှမ်းမီသသောက် ဖော်ပြပေးတာပါ။

နောက် မြန်မာ vlogger တယောက်ကို မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ အငြင်းပွားဖွယ်ရှိနိုင်သော (:P) ပထမဆုံးသော မြန်မာ vlogger ပါ ။ သူ့ရဲ့ ဆံပင်ညှပ်တဲ့ အကြောင်းကို ပြောပြထားပါတယ်။ သူ့ရဲ့ vlog ကို ဒီမှာ သွားကြည့်လို့ရပါတယ်။

အောက်မှာရှိတဲ့ video ကတော့ Singapore ရဲ့ Sentosa Resort Island က Asia တိုက်မကြီးရဲ့ တောင်ဘက်ဆုံး (Southernmost Point of Continental Asia) ဆိုတဲ့ နေရာလေးကနေ ရိုက်ထားတဲ့ ရှုခင်းပုံဖြစ်ပါတယ်။ ပင်လယ်ကူးသင်္ဘောတွေ အများကြီးတွေ့ရတဲ့ ပင်လယ်ပြင်၊ Singapore’s Happiest Family Beach လို့ကြော်ငြာထားတဲ့ Palawan Beach ဖြစ်ပါတယ်။


Read More...

မွေးနေ့ကဒ်လေးတခု

ဒီနေ့ Orchard လမ်းပေါ်မှာရှိတဲ့ Takashimaya Shopping Centre ထဲက မွေးနေ့ကဒ်လေးတွေ တွေ့လို့ နိုဝင်ဘာလဖွား ချစ်သော သူငယ်ချင်း အတွက် မွေးနေ့ကဒ်လေးတခု ၀ယ်လာပါတယ်။ သူက အလုပ်မှာ လုပ်ရတာ စိတ်ရှုပ်နေတဲ့ အချိန်လေးဖြစ်နေတော့ ဒီကဒ်လေးဆိုရင် သူ့အတွက် အဆင်ပြေမှာပဲလို့ တွက်ပြီး ၀ယ်လာခဲ့ပါတယ်။ မွေးနေ့ကို အချိန်မှီရောက်ဖို့ကို စာတိုက်က တဆင့် ပို့ပေးရမှာပါ။



သူ့ရဲ့ မွေးနေ့ကတော့ လိုပါသေးတယ်။ သူက Sagittarius ဖွားလေ။ Sagittarius ဖွားတွေက ခေါင်းမာတတ်လားမသိဘူးနော်။

Read More...

Joost

ကျွန်တော်က နည်းပညာအကြောင်းရေးဖြစ်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ဒီဘလော့မှာ အားလပ်ချိန်မှာ ၀ါသနာပါအရ စာရေးရင်း အပန်းဖြေတဲ့ သဘောနဲ့ရေးတော့ ကိုယ် သတိရတဲ့ စိတ်ထဲမှာ ရှိနေတဲ့ အကြောင်းလေးတွေကိုပဲ ရေးဖြစ်လို့ပါပဲ။
လာရောက် ဖတ်ရှုတဲ့ မိတ်ဆွေများကို ကျေးဇူးအထူးတင်ပါတယ်။



ဒီတခါတော့ နည်းပညာတခု အကြောင်း ကျွန်တော်ရေးချင်တာကတော့ Joost ဆိုတဲ့ Internet TV အကြောင်းပါ။ ကျွန်တော်က ဒီ TV ကို March 2007 လောက်ကတည်းက Beta version ကို စသုံးကြည့်ခဲ့တာပါ။ သူ့ရဲ့နည်းပညာကို စိတ်လှုပ်ရှားပြီး စမ်းသပ်ကြည့်ခဲ့တာပါ။ အဲဒီတုန်းကတော့ ကြည့်စရာ channel များများစားစားမရှိသေးပါဘူး နောက်ပြီး အားလုံးကိုလည်း download လုပ်ခွင့်မပေးခဲ့ပါဘူး ။ အခုတော့ Release Candidate (RC) အဆင့်ကိုရောက်နေပြီး လွတ်လပ်စွာ download လုပ်ခွင့်ပေးထားပါပြီ။

Joost ("jew-st" လို့ထွက်ပါတယ်) ကတော့ peer-to-peer TV technology ကိုသုံးထားတဲ့ FREE Internet TV ပါ။ Joost ရဲ့ တည်ထောင်သူတွေကတော့ Skype (အင်တာနက် ဆက်သွယ်ရေး စနစ် လို့ခေါ်ရမယ်ထင်ပါတယ်) နဲ့ Kazaa (peer-to-peer file sharing) ကို တည်ထောင်ခဲ့တဲ့ Niklas Zennström and Janus Friis ဖြစ်ပါတယ်။ သူတို့ဟာ Skype ၂၀၀၅ ခုနှစ်မှာ eBay လို့ခေါ်တဲ့ ကမ္ဘာ့အကြီးဆုံး online auction company ကို ငွေသား ဒေါ်လာ ၂.၆ ဘီလီယံ နဲ့ ရောင်းချပြီး Joost ကို တည်ထောင်ခဲ့တာပါ။ တကယ်တော့ ဒေါ်လာ ၂.၆ ဘီလီယံ ဆိုတာ အများကြီးပါ။ Joost တည်ထောင်ဖို့ရာ Skype ကို ရောင်းရငွေရဲ့ အစွန်းထွက်တောင် မလိုပါဘူး။

P2PTV (peer-to-peer TV technology) က သာမန် client-server architecture တွေနဲ့ ကွဲပြား ပါတယ်။ အဓိကကွဲပြားတာကတော့ ကိုယ့်က အစီအစဉ်တခုကိုကြည့်နေတယ်ဆိုရင် အဲဒီ အစီအစဉ်ကို ကိုယ့် ကွန်ပျူတာထဲ့ကို တခြား ကွန်ပျူတာထဲကနေ download နေသလို ကိုယ့်ကွန်ပျူတာထဲက download လုပ်ပြီးသားအပိုင်းကိုလည်း တချိန်ထဲမှာ ပြန် upload လုပ်ပေးနေပါတယ်။ တနည်းအားဖြင့် ကြည့်နေသူအားလုံးက ပြန်လည် ထုတ်လွှင့်နေသူများဖြစ်နေပါပဲ။ သုံးတဲ့လူတွေများလေလေ ကိုယ်ကြည့်ချင်တယ့် အစီအစဉ်ကို မြန်မြန်ကြည့်ရလေဖြစ်မှာဖြစ်ပါတယ်။

Joost ရဲ့ ရုပ်သံအရည်အသွေးက တီဗွီလိုင်းတွေက လာတဲ့ အရည်အသွေး နီးပါး ကောင်းမွန်ပါတယ်။ နောက်ပိုင်းမှာတော့ စိတ်ဝင်စားဖို့ပိုကောင်းတယ့် အစီအစဉ်တွေကို ထုတ်လွှင့်ဖို့ရှိတယ်လို့ သိရပါတယ်။ အခုလောလောဆယ်မှာ ရှိနေတဲ့ အစီအစဉ်နေမှာတော့ Wall to wall documentary နဲ့ Guinness world records TV တွေကို စိတ်ဝင်စားပါတယ်။
စမ်းသပ်ကြည့်ုလိုချင်ရင်တော့ http://www.joost.com ကိုသွားပြီး Download ဆိုတဲ့လင့်ကို နှိပ်ပြီး မိမိ ကွန်ပျူတာထဲမှာ install လုပ်ပါ။ နောက်ပြီးတော့ Joost ကိုကြည့်ရုံပါပဲ။

စမ်းသပ်ပြီး နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ :)

Read More...

၃/၉၆

၃/၉၆ က ပြီးခဲ့တဲ့လမှာ ရေးထားပြီးခဲ့တဲ့ ၂/၉၆ ရဲ့ အဆက်ဖြစ်ပါတယ်။ ၉၆ ခုနှစ်ဟာ ကျွန်တော်ရဲ့ တက္ကလိုလ်သက်တမ်းမှာ အပျော်ဆုံးနှစ်ဖြစ်လို့ အခုလိုရေးဖြစ်သွားတာပါ။

အလုပ်ရှုပ်တာ အကြောင်းပြပြီး အပျင်းထူပြီး ၂/၉၆ ကို ဆက် မရေးဖြစ်တာကို တောင်းပန်ပါတယ်။ တော်သေးတာက ကျွန်တော့်ဆီကို ရင်နှီးသူတွေပဲ လာတာများလို့ နားလည် ခွင့်လွှတ်ကြမယ်လို့ မျှော်လင့်ပါတယ်။
(ခွင့်မလွှတ်သူများ ပီတိကို မုန့်ဝယ်ကျွေးသွားလို့ရပါတယ်။ :D)




ဖေဖော်ဝါရီ တလလုံး စနေ၊ တနင်္ဂနွေ နှစ်ရက် နဲ့ ကြားရက်တွေမှာ training ဆင်းထားတော့ မတ်လထဲရောက်တော့ တော်တော် ကျင့်သားရနေပြီ။ နေပူထဲမှာ လမ်းလျှောက်တာများတော့ လူပုံစံမှာလည်း ပိန်ပိန်မဲမဲဖြစ်နေကာ အစာမ၀သည့် အလုပ်ကြမ်းသမားပုံစံပေါက်နေပါသည်။

ကျွန်တော်နောက်မှာ hiking အဖွဲ့ကို ပါဝင်လာ သူတော်တော်များပါသည်။ နောက်မှ အဖွဲ့ထဲကိုဝင်ပြီး တော်တော်များများ စိတ်ဝင်စားမှုခံရတာကတော့ မို့မို့ နဲ့ သဲသဲ တို့နှစ်ယောက်ပေါ့။ မို့မို့ က လမ်းလျှောက်ရင် စားကလေး ခုန်သလို လမ်းလျှောက်တတ်ပြီး သဲသဲကတော့ လမ်းလျှောက်ရင် ဘေးကိုရမ်းလျှောက်တတ်သည်။ နှစ်ယောက်စလုံးက ငယ်ငယ်ချောချောလေးတွေဆိုတော့ အားလုံးက သူတို့ရဲ့လမ်းလျှောက်ပုံကိုရော လူကိုရော စိတ်ဝင်စားမှု ရှိကြပါသည်။

မတ်လထဲမှာ မိုခမ်း training လာပြီး လမ်းမလျှောက်ဖြစ်တာ သတိထားမိလာသည်။ ကျောင်းမှာတွေတော့
`ဟဲ့ မိုခမ်း၊ နင်လမ်းလည်းလာမလျှောက်ပါလား။ တော်ကြာ အမှတ်မမှီလို့ ခရီးစဉ်ကို မလိုက်ရပဲနေဦးမယ်နော်´
`အေးပါဟာ၊ ငါလည်း မအားလို့ပါ။´
မိုးခမ်းရဲ့မျက်နှာက သိပ်တော့မကောင်းလှ။

အပတ်စဉ် စနေ၊ တနင်္ဂနွေ နေ့တိုင်းလျှောက်တာ ကျောင်းမှ မင်္ဂလာဒုံဈေး အသွားအပြန်ဖြစ်နေပါပြီ။ ဒီထက်ဆက်တိုး လျှောက်ဖို့ကတော့ မလွယ်လှပေ။ မနက်အစော ၅ နာရီ စထွက်ကာ နေ့လည် ၁၁း၃၀ လောက်မှာပြီးလေ့ရှိတော့ ဒီထက်ပိုလျှောက်မယ်ဆိုရင် ခံနိုင်မည်မထင်။

ကြားရက်များတွင် လမ်းလျှောက်ရာတွင် လမ်းကြောင်းအသစ် အဖြစ် ရန်ကုန်တက္ကသိုလ် ပင်မ မှ ကန်တော်ကြီး ကိုတပတ် လမ်းလျှောက်သည်။ တခါတရံ အာစီတူးကို တပတ်လျှောက်လေ့ရှိသည်။

ကျွန်တော့်ရဲ့ လမ်းလျှောက်ဖိနပ်က လဆန်းကတည်းက ပျက်သွားကာ စီးလို့မရတော့ပေ။ ဒါကြောင့်တရုတ်ဖြစ် ပျောက်ကျားဖိနပ်ကလေးကို မင်္ဂလာဒုံဈေးမှ ၀ယ်ပြီးစီးရသည်။ ပျောက်ကျားဖိနပ်သည်လည်း လမ်းလျှောက်မှုဒဏ်ကြောင့် တိုက်စားပွန်ပဲ့ကာ ခရီးစဉ် တကယ်ထွက်ရင် နောက် ဖိနပ် အသစ်တရံဝယ်ရပေဦးမည်။

ကျောင်းမှာ တနေ့ အာစီတူး စာတိုက်နားက ဆိုင်မှာ သူငယ်ချင်းတွေနဲ့ ထိုင်ဖို့ဝင်လိုက်တော့ မိုးခမ်းတယောက် တခါမှ မမြင်ဘူးသေးတဲ့ ကောင်လေးယောက်နဲ့ ထိုင်နေတာကို တွေ့လိုက်သည်။ အမြဲတွဲနေကျ စိုးစိုးတယောက်ကို တော့ မတွေ့မိ။

မိုးခမ်းက ကျွန်တော့်ကို တွေ့သွားပြီး
`ဟေး ပီတိ ခဏလာဦး… မိတ်ဆက်ပေးမလို့၊ ဒါ ငါရဲ့ မောင် ….´
`အော်…အေး.. တွေ့ရတာ ၀မ်းသာပါတယ်။ ´
ပြုံးပြနှုတ်ဆက်လိုက်ပြီး နောက် အငယ်ဆုံးလို့သိထားသော မိုခမ်းမှာ မောင်အရင်း ရှိစရာ အကြောင်းမရှိလို့ တွေးမိပြီး
`နင်ရဲ့မောင် တ၀မ်းကွဲလား…´
မိုးခမ်းက မျက်နှာနီခါ ရှက်သွားပြီး `နင်ကလည်းလေ… ´

`သြော်´ ဆိုပြီး ကျွန်တော်လည်း သဘောပေါက်သွားသည်။
သူ့ကောင်လေးကတော့ မကြည်တော့ပဲ ကလေးတယောက် စိတ်ဆိုးနေပုံလေးဖြစ်နေသည်။ သူတို့ကို နှုတ်ဆက်ပြီး သူငယ်ချင်းတေရွဲ့ဝိုင်းကိုပြန်လာတော့ အားလုံးက
`ဟေ့ကောင် အဲဒီချာတိတ်ကလေးက မိုးခမ်းရဲ့ဘဲလား´
`အေး ဟုတ်တယ်၊ ဘာလို့လဲ´
`ကြည့်ရတာ ကောင်းလေးက စိတ်ကောက်လို့ မိုခမ်းက ချော့နေတဲ့ ပုံပဲ…´
ဆက်စပ်ပြီးတွေကြည့်တော့ မိုးခမ်း လမ်းလာမလျှောက်တာ ဒီကောင်းလေးကြောင့်လားမသိ ဆိုတဲ့ အတွေးဝင်လာပါသည်။

အတန်းထဲမှာ ဆရာမ စာသင်နေတုန်း မေးချင်စိတ်ကို တားမရတော့ ရှေ့တတန်းမှာ ထိုင်နေသော မိုခမ်းနဲ့စိုးစိုးတို့ ခုံကိုပြောင်းထိုင်ပြီး
`ဟဲ့ မိုးခမ်း နင် လမ်းလာမလျှောက်တာ နင့်ကောင်လေးကြောင့်လား။´
`ဟဲ့ စာသင်နေတယ်လေ.. နောက်မှမေးပါလား´
`ငါအခု သိချင်လာလို့ပေါ့ဟ´
`အေး ဟုတ်တယ်။ သူက ငါ့ကို တခြား ယောင်္ကျားလေးတွေနဲ့ မရောစေချင်ဘူးတဲ့။ နောက်ပြီး ခရီးစဉ် ကိုလည်း ငါ့ကို မလိုက်စေချင်ဘူးတဲ့ဟ။´
`ဟာ နင်အဲလိုတော့ မလုပ်ပါနဲ့ကွာ၊ နင်ခေါ်လို့ ငါ ဒီအသင်းထဲဝင်လာတာ။ နောက်ပြီး ခရီးစဉ် မှာ နင်ပါတော့ ငါတို့ပိုပျော်ကောင်းတာပေါ့။ တကယ်ဆို နင်လည်းလိုက်ချင်လို့ပဲ အသင်းဝင်ပြီး အပင်ပန်းခံ လမ်းလျှောက်ထားတာလေဟာ။ နင့်ကောင်လေးကို နားလည်အောင်ပြောကွာ။´
`အေးပါကွာ။ ခုနကလည်း ငါ သူ့ကို အဲဒီ ကိစ္စကိုပြောနေတာ။ သူကတော့ ခွင့်မပြုဘူး ဖြစ်နေတယ်။´
`နင်ကလည်းဟာ…´

အရင်နှီးဆုံး သူငယ်ချင်းတယောက် သူလုပ်ချင်သောဆန္ဒက ချစ်သူ့ဆန္ဒနဲ့ မတူညီတော့ အလျော့ပေးပြီး သူ့ဆန္ဒကို ချိုးနှိမ်လိုက်ရတာကို သိလိုက်ရတော့…စိတ်ထဲမှာ တော်တော် စိတ်မကောင်းဖြစ်သွားသည်။

ချစ်တယ်ဆိုတာ ချစ်တဲ့သူကို ငှက်ကလေးလို လှောင်ချိုင့်ထဲမှာ ထည့်ထားခြင်း မဟုတ်ဘူးလေ။ နားလည်စွာ ချစ်တတ်မှု သာလျှင် နှစ်ဦးနှစ်ဘက် စိတ်ချမ်းသာစေတာ မဟုတ်ပါလား။

မိုခမ်း မလာတော့တာကို သတိပြုမိတဲ့ သူငယ်ချင်းတွေကမေးတော့ သူ့မှာ အခက်အခဲ ရှိလို့ လမ်းမလျှောက်တော့ဘူး လို့ ပြောလိုက်တော့ အားလုံးက စိတ်မကောင်းဖြစ်သွားကြသည်။

နောက်ဆုံး traning အဖြစ် ရန်ကုန်တက္ကသိုလ်မှ လှော်ကား ဥယျာဉ်ထိ လမ်းလျှောက်မှာ ဖြစ်ပါသည်။ အဖွဲ့ဝင် ကျောင်းသူ ကျောင်းသား အားလုံး စိတ်တက်ကြွစွာ စောင့်မျှော်နေသော နောက်ဆုံး training ကို မတ်လ ၃၁ ရက်နေ့ မနက် ၄နာရီမှာ ရန်ကုန်တက္ကသိုလ် မန္တလေးဆောင်ရှေ့မှ စတင်ထွက်ခွါကြပါသည်။ အဖွဲ့ထဲမှာ အရင်က မမြင်ဘူးသော အသက်ခပ်ကြီးကြီး အကိုကြီး အမကြီး များကိုတွေ့ရပါသည်။

`အဲဒီလူတွေက ဘယ်သူတွေလဲ´
ဘေးမှာရှိတဲ့ ခင်မောင်ကျော် ကိုမေးကြည့်မိသည်။ သူက ထုံးစံအတိုင် ဆရာကြီးလေသံနဲ့
`ဟာ… မင်းကလည်း အဲဒါ အဖွဲ့ချုပ်ကလေကွာ´

နောက်တော့မှ ဒီ ခရီစဉ်ကို မြန်မာနိုင်ငံခြေလျင်နှင့်တောက်တက်အဖွဲ့ချုပ် အဖွဲ့ဝင်များပါ ပါဝင်ပူပေါင်း တက်ရောက်မည်လို့ သိရပါသည်။ အတွေ့အကြုံများသည့် သူများပါတော့ ပိုကောင်းတာပေါ့။

ကျောင်းသူကျောင်သား ဆရာ၊ ဆရာမ၊ တောက်တက်အဖွဲ့ချုပ် စသည့် အဖွဲ့ဝင်ပေါင်း ၈၀ ကျော်အဖွဲ့ဟာ ပြည်လမ်းမ တလျှောက် တက်ကြွစွာ လမ်းလျှောက်လာကြသည်။ မင်္ဂလာဒုံကျော်လျင် သာဓုကန် ဘက်မှ တဆင့် တောလမ်းအတိုင်း လှော်ကားဥယျာဉ်ကို လျှောက်မည်ဟု ဆရာမျိုးပြောထားသည်။ မလျှောက်ဘူးသေး လမ်းကို လျှောက်ရမည်ဆိုတော့ အားလုံးပျော်ရွှင်နေကြသည်။ တကယ် တောင်တက်ခရီးစဉ်ဆိုလျင် ဒီထက်အဆပေါင်းများစွာ စိတ်လှုပ်ရှားပျော်ရွှင်စရာ ကောင်းမည်ဆိုတာကို သိနေကြပါသည်။

မင်္ဂလာဒုံဈေးကိုရောက်တော့ မနက် ၆း၃၀ ခန့်ရှိပြီ။ အဖွဲ့ဝင်အားလုံး အတူ နီးပါးရောက်ကြပါသည်။ အားလုံးက လေ့ကျင့်ရည် ပြည့်ဝနေတော့ အစတုန်းကလိုသိပ်ပြီး စောင့်စရာမလို့တော့ပေ။ ဆရာမျိုးက

`အားလုံးဒီမှာ မနက်စာ စားဖို့ မီနစ် ၃၀ အချိန်ပေးပါမယ်။ မြန်မြန်စားလို့ရမှာကို မှာစားကြပါ။´

အဖွဲ့ဝင်အားလုံး အဆင်ပြေရာဆိုင်များတွင် အလျင်အမြန်စားကြသည်။

စားလို့မပြီးတပြီးတွင် ထုံးစံအတိုင်း `ရွှီ´ ဆိုတဲ့ ၀ီစီသံကိုကြားလိုက်ရသည်။ အားလုံးအလျင်အမြန်တန်းစီကာ ဆရာကလူစစ်ပါသည်။ လူစစ်ရာတွင် မိမိနီးစပ်ရာလူကို မတွေ့ပါကလည်း အကြောင်းကြားရပါသည်။

လူစုံလို့စထွက်မည်လုပ်တော့ အိပ်ယာထနောက်ကျ၍ မမှီလိုက်သော လှမျိုး နဲ့ အခြားအဖွဲ့ဝင်များ ဘတ်စ်ကားဖြင်လိုက်လာပါသည်။ ဆရာမျိုကိုတွေ့တော့ ပြုံးဖြီးဖြီးလုပ်ကာ အဖွဲ့နဲ့အတူ လမ်းဆက်လျှောက်ကြပါသည်။ ဆရာမျိုးကတော့ မျက်ထောင့်ကြီးနဲ့ကြည့်ကာ ဘာမှမပြောပဲ ရှေ့မှဆက်ထွက်သွားပါသည်။

မင်္ဂလာဒုံဈေးကိုကျော်ပြီး သိပ်မကြာခင် ရန်ကုန်စည်ပင်သာယာရေးကော်မတီ ဆိုင်ဘုတ်တပ်ထားသော အပေါက်မှဝင်ကာ သာဓုကန်ဘက်ကို သွားပါသည်။ လမ်းမတွင်လျှောက်နေရာမှ တောထဲတွင်လျှောက်ရသောအခါ လွတ်လပ်မှုကိုစတင် ခံစားရပါသည်။ နေကလည်း နဲနဲမြင့်လာတော့ နဲနဲတော့ ပိုပင်ပန်းလာပါသည်။

နောက်ကကျောပိုးအိတ်ကလည် တဖြည်းဖြည်းလေးလာပါသည်။ ကျောပိုးအိတ်ထဲတွင် တချို့က အုတ်နီခဲတွေထည့်လာပြီး ကျွန်တော်ကတော သောက်ရေသန့် ၃ဗူး ရေအပြည့် ထည့်လာခဲ့သည်။ ရည်ရွယ်ချက်ကတော့ မောရင်ရေသောက်လို့ရတယ်၊ သူများကိုလည်း တိုက်လို့ရတယ်၊ နောက် ရေသောက်လိုက်တော့ အလေးချိန်လျော့သွားတော့ ကျောပိုးအိတ် ပေါ့သွားအောင်လို့ပါ။

အတွေ့အကြုံရှိတဲ့ အကိုကြီတွေကတော့ နေသိပ်မပူခင် မြန်မြန်လျောက်ခိုင်းပါတယ်။ နောက်ပိုင်းမှာသိလာတာကတော့ နေပူရင် ချွေးထွက်များပြီး အရမ်းပင်ပန်းတတ်ပါသည်။

မနက် ၉း၃၀ ခန်မှာ သာဓုကန်ဘေးမှာရှိတဲ့ သာဓုကန် စေတီတော်ကိုရောက်ပါသည်။ ကန်ဘောင်ပေါ်မှာ အဖွဲ့ဝင်အားလုံး ခေတ္တနားပြီး ရေသောက် အကြောလျော့ပြုလုပ် ကြပါသည်။

အဖွဲ့ထဲမှာ ၀ပေမယ့် တက်ကြွလွန်းတဲ့ ဒွေး (ရုပ်ရှင်မင်းသား ဒွေး နှင့် တိုက်ဆိုင်စွာ နာမည်တူခြင်းသာဖြစ်ပါသည်) ကတော့ အားလုံးထိုင်နေချိန်မှာ ကန်ဘောင်နှင့် စေတီကြားမှာရှိသော ခပ်မတ်မတ်ဆင်ခြေလျောကိုပြေးတက်သွားပါသည်။

`ဟေး ဒွေး ပြီးရင် ပြန်မဆင်း နိုင်ပဲနေမယ် ပြန်ဆင်းလာတော့…´
အားလုံးက ပြောပေမယ့် သူကတော့ မလျော့ပဲ ဆင်ခြေလျောထိပ် တံတိုင်းခြေထိ ရောက်အောင် ကြိုးစားပြီး တက်သွားပါသည်။ ထိပ်ရောက်တော့ နောက်ကိုလှည့်ကြည့်ကာ

`အမလေး..အမတ်ကြီးပဲ…´
ကြိုးစားပြီး နောက်ပြန်ဆင်းကြည့်သည်။ မဆင်းရတော့ ရောက်နေတယ့်နေရာနေမှာ လှည့်ထိုင်ပြီး ဖင်နဲ့ထိုင်ချကာ ဆင်းဖို့ကြိုးစားကြည့်သည်။ မရပေ၊ ပါးစပ်ကတော့ အော်နေသည်။
`လုပ်ကြပါဦး မဆင်းရဲတော့ဘူး… ဘယ်လိုဆင်းရမလဲ´
`မင်းကိုပြောသားပဲ မတက်ပါနဲ့ဆို…´
`အေးလေး.. နင့် ခန္တာကိုယ်နဲ့ ဆော့တာကို နည်းတောင် နည်းသေးတယ်။ ´
`ဒီအတိုင်း ဆင်းလို့မရင် လွယ်လွယ်လေးရယ် လှိမ့်ချလိုက်…´
`လှိမ့်ချလိုက်လို့ကတော့ ရေကန်ထဲ ကျသွားမှာ တခါတည်းပဲ…´
အားလုံးက တယောက်ပေါက်နဲ့ နောက်ပြောင်နေကြသည်။

ခေါင်းဆောင် ဆရာမျိုးက ရောက်လာပြီး
`ကဲ ဆင်းမရလည်းနေခဲ့တော့ ငါတို့က ဆက်သွားတော့မယ်´
`အာ.. ဆရာ ခဏစောင့်ပါ ကျွန်တော် ရအောင်ဆင်းပါ့မယ်´
ဒွေး တယောက်ကြိုးစားကာ ဖင်တရွတ်တိုက်ကာ ဆင်းလာပါသည်။ သစ်ရွက်ခြောက်များနဲ့ လျောဆင်းရင် သစ်ငုတ်ကလေးများက သူ့ကိုထိုးမိတိုင်း အား အား နဲ့အော် ကာ နောက်ဆုံးတော့ ကန်ဘောင်ကို ပြန်ဆင်းလာနိုင်ပါသည်။

`ရွှီ…´
`ကဲ ဆက်လျှောက်မယ်။ လှော်ကားကိုရောက်ဖို့လိုသေးတယ်။ နေပူလာပြီ မြန်မြန်လျောက်ကြပါ´

သာဓုကန် ကစပြီး လျှောက်ကတည်း က လွန်တီးခေါင်များသာဖြစ်ပြီး အရိပ်လုံးဝမရှိပါ။ နေကလည်း တော်တော်မြင့်လာသောကြောင့် ပင်ပန်းလာပြီဖြစ်သည်။

`ရေဆာလား၊ ရေသောက်မလား…´ ရေကုန်ချင်လို့ အနားမှာရှိတဲ့ သူငယ်ချင်းတွေကို လိုက်မေးနေသည်။
`ဟေး.. ပီတိ မင်းက ရေကုန်ချင်တိုင်းလိုက်တိုက်နေ… ငါကတော့ မသောက်ချင်ဘူး.. ကုန်ချင်ရင် သွန်ပစ်လိုက်…´

ဦးထုပ်ပါပေမယ် နေပြင်းပြင်ပူလာတော့ ခေါင်းကိုကချင်သလိုတောင်ဖြစ်လာသည်။ ဆက်လျှောက်ရင်းနဲ့ လှေကားကိုသွားတဲ့ မြေနီကားလမ်းမကိုရောက်လာသည်။ နေကတော့ ခေါင်းပေါ်တည့်တည့်မှာ ချစ်ချစ်တောက်ပူလျက်ရှိနေသည်။

ရှေ့နားမှာ မသူဇာ နဲ့ မကလျာ၊ နောက်တော့ ကိုထွန်းလှအောင် တို့ နားနေတာကိုတွေ့ရသည်။
`နေပူထဲမှာ ဘာလို့နားနေတာလဲ။ နဲနဲလျှောက်လိုက် ရောက်တော့မယ်။ ´
`နားနေတာမဟုတ်ဘူး။ သူဇာ ဆက်မလျှောက်နိုင်လို့ ရပ်နေတာ။´
`ပီတိ ရေကျန်သေးလား..´
`ကျန်သေးတယ်.. ရော့´
ရေ တဗူးအပြည့်ကျန်သေးတာကို လှမ်းပေးလိုက်သည်။

ထိုစဉ် ဘတ်စ်ကားအလွတ်တစီး လာနေတာတွေ့တော့ ယောင်္ကျားလေးများက ကားကိုတားပြီး အကြိုအကြောင်းရှင်းပြကာ ဆက်မလျှောက်နိုင်သော မိန်းကလေးများကို တင်ပေးလိုက်သည်။

နောက်ထပ်နာရီဝက်လောက်လျှောက်လိုက်တော့ လှော်ကားဥယျာဉ်အ၀င်ဝက ဆိုင်တွေကို လှမ်းတွေ့လိုက်ရသည်။
ဒီနေ့ပန်းတိုင်ကိုတော့ အောင်မြင်စွာရောက်ခဲ့ပြီ။ သစ်ပင်ရိပ်မှာ အရင်ရောက်နှင့်နေတဲ့ အဖွဲ့တွေနဲ့အတူ ရေသောက်ကာ နားရင်း စကားပြောနေပါသည်။ အနားကို ကျော်ကျော် ရောက်လာတော့

`ကျော်ကျော် … မောနေပြီလား…´
`ပြောချင်ပါဘူး ပီတိရယ်.. အောင်မလေး လို့တောင် မအော်နိုင်တော့ပါဘူး…´
သူက အောင်မလေးကို အကျယ်ကြီးအော်ပြီးတော့မှ မအော်နိုင်တော့ပါဘူးဆက်လိုက်တော့ အနားကဈေးသယ်တွေတောင် ပြုံးစိစိဖြစ်ကုန်သည်။

အမောလည်းပြောရော ဗိုက်ဆာလာပြန်သည်။ ကြည့်လိုက်တော့ အကုန်လုံးမရောက်သေးဘူး၊ စောင့်ရရင်လည်း ဘယ်လောက်ကြာမှန်းမသိတော့ ဆရာ့ထံခွင့်တောင်းပြီး အနားမှာရှိတဲ့ ထမင်းဆိုင်မှာ နေ့လည်စာ စားသောက်လိုက်ပါသည်။ အချိန်ကတော့ နေ့လည် ၁၂ နာရီကျော်နေပြီ။

နောက်ဆုံး ဘက်ကင်း ရောက်လာတော့ ဆရာက တန်းမစီစေပဲ နေ့လည်စာ စားခွင့်ပြုလိုက်ပါသည်။ စားပြီးတော့မှ အရိပ်ကောင်းသောနေရာတွင် အဖွဲ့ဝင်များအားလုံး ၀ိုင်းထိုင်ကာ အဖွဲ့ချုပ်မှ အကိုကြီးတွေနဲ့ ဆရာမျိုးက မိတ်ဆက်ပေးပါသည်။
`အခု ဆရာတို့သွားမယ့် ခရီးစဉ်မှာ သီဆိုဖို့ သီချင်းတိုက်မှာဖြစ်တယ်။ သီချင်းတွေကို ကိုလှမင်းက ရှေ့ကနေဆိုပေးပါလိမ့်မယ်။´

ခြေလျင်ချီတက်မယ် တောင်တက်အဖွဲ့လာပြီ၊ ရည်ရွယ်မျှော်မှန်းချက် ကိုယ်လက်ကြံ့ခိုင်မည်။ ….အစပြုတဲ့ သီချင်းကို စသီဆိုပြပါသည်။ နောက်တပုဒ်ကတော့ သူ မြန်မာစာသားထည့်ထားပြီး အခုခရီးစဉ် အတွက် စပ်ထားသောသီချင်တပုဒ် ဖြစ်ပါသည်။ အားလုံးပျော်ပျော်ရွှင်ရွှင် သီချင်းတိုက်ပြီးတော့ ဆရာမျိုးက စကားဆက်ပြောပါသည်။

`အခုသွားမယ့် ခရီးစဉ်က အဖွဲ့အစည်းနဲ့ သွားမှာဖြစ်တယ်။ အဖွဲ့အစည်းနဲ့ သွားတဲ့အခါမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို စတေးရမှာ ဖြစ်တယ်။ ဒါပေမယ်လို့ မိမိ တယောက်တည်း ဆောင်ရွက်လို့မရနိုင်တဲ့ အခွင့်အရေးတွေကို အဖွဲ့စည်း အနေအထားနဲ့ရမှာဖြစ်တယ်။ အဖွဲ့အစည်းနဲ့လုပ်တဲ့အခါမှာ One for all, and all for one ဆိုတဲ့စိတ်ဓာတ်ထားပြီး လုပ်သွားရင် အားလုံးအဆင်ပြေသွားမှာပါ။
နောက်ပြီး လမ်းလျှောက်ခဲ့တဲ့ အမှတ်တွေကိုစီစစ်ပြီး လိုက်ပါခွင့်ရတဲ့ လူတွေနဲ့ တပ်စိတ် ဖွဲ့စည်ပုံကို လာမယ့် ဗုဒ္ဓဟူးနေ့ ညနေမှာ အာစီမှာ ကပ်ထားမှာဖြစ်တယ်။ အခု ပြောစရာရှိတာကတော့ဒီလောက်ပါပဲ။ ဆရာတို့ ကျောင်းကို ပြန်ဖို့ ကားတွေ စီစဉ်ထားတယ်။´

ခရီးစဉ်အတွက်ကတော့ လေ့ကျင့်ရေးပြီးဆုံးသွားပြီဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ ညနေမှာ ကျောင်းပြီးတော့ ရန်ကုန်တက္ကသိုလ် ပင်မထဲက အာစီကိုဝင်ပြီး ခရီးစဉ်ကို လိုက်ပါခွင့်ရတဲ့ လူစာရင်းကိုဝင်ကြည့်တော့ အခြားသူငယ်ချင်းတွေပါ လာရောက်ကြည့်နေကြတာကို တွေ့ရသည်။ မိမိလိုက်ပါခွင့်ရမည်ကို သိနေသော်လည်း စာမေးပွဲအောင်စာရင်းကြည့်သလို စိတ်လှုပ်ရှားနေမိပါသည်။ ကြည့်လိုက်တော့ ကျွန်တော်က တပ်စိတ် ၉ မှာ အဖွဲ့ဝင်၊ ကိုမျိုးချစ်က တပ်စိတ် ၉ ရဲ့ တပ်စိတ်မှုး၊ မောင်ကြီးက တပ်စိတ် ၉ ရဲ့ ဆေးမှုး အဖြစ်ကြေငြာထားသည်ကို ကိုတွေ့လိုက်ရပါသည်။

သေချာကြည့်လိုက်တော့ အားလုံးပေါင်း တပ်စိတ် ၉ စိတ်ရှိပါသည်။ တပ်စိတ် တစိတ်လျှင် ၈ ယောက်စီ ဆိုတော့ အားလုံးပေါင်း ၇၂ ယောက်။ အုပ်ချုပ်သူ ဆရာ၊ဆရာမ စုစုပေါင် ၇ယောက်ဆိုတော့ စုစုပေါင်း အဖွဲ့ဝင် ၇၉ ယောက်ဖြစ်ပါသည်။

ကျွန်တော်တို့တတွေ စိတ်လှုပ်ရှားစွာ ပြောနေကြတာကတော့ ခရီးစဉ်ကြောင်းပဲဖြစ်ပါသည်။ အားလုံးစိတ်ထဲမှာ အခုလောလောဆယ် ဒီအကြောင်းပဲရှိနေကြပါသည်။

ခရီးစတင်ထွက်မည့် ဧပြီလ ၉ ရက်နေ့ ၁၉၉၆ ခုနှစ် ကို အားလုံးစောင့်မျှော်နေကြရင်း….

သွားမည့် ခရီးစဉ်ကတော ချင်းပြည်နယ် ကန်ပက်လက်မြိုနယ်မှာရှိတဲ့ အမြင့်ပေ ၁၀၅၀၀ ရှိ ခေါနူးသုမ် ခေါ် နတ်မတောင် ခေါ် Mt. Victoria ဖြစ်ပါတယ်။

Read More...

Ratings