Sunday, November 11, 2007

၃/၉၆

၃/၉၆ က ပြီးခဲ့တဲ့လမှာ ရေးထားပြီးခဲ့တဲ့ ၂/၉၆ ရဲ့ အဆက်ဖြစ်ပါတယ်။ ၉၆ ခုနှစ်ဟာ ကျွန်တော်ရဲ့ တက္ကလိုလ်သက်တမ်းမှာ အပျော်ဆုံးနှစ်ဖြစ်လို့ အခုလိုရေးဖြစ်သွားတာပါ။

အလုပ်ရှုပ်တာ အကြောင်းပြပြီး အပျင်းထူပြီး ၂/၉၆ ကို ဆက် မရေးဖြစ်တာကို တောင်းပန်ပါတယ်။ တော်သေးတာက ကျွန်တော့်ဆီကို ရင်နှီးသူတွေပဲ လာတာများလို့ နားလည် ခွင့်လွှတ်ကြမယ်လို့ မျှော်လင့်ပါတယ်။
(ခွင့်မလွှတ်သူများ ပီတိကို မုန့်ဝယ်ကျွေးသွားလို့ရပါတယ်။ :D)




ဖေဖော်ဝါရီ တလလုံး စနေ၊ တနင်္ဂနွေ နှစ်ရက် နဲ့ ကြားရက်တွေမှာ training ဆင်းထားတော့ မတ်လထဲရောက်တော့ တော်တော် ကျင့်သားရနေပြီ။ နေပူထဲမှာ လမ်းလျှောက်တာများတော့ လူပုံစံမှာလည်း ပိန်ပိန်မဲမဲဖြစ်နေကာ အစာမ၀သည့် အလုပ်ကြမ်းသမားပုံစံပေါက်နေပါသည်။

ကျွန်တော်နောက်မှာ hiking အဖွဲ့ကို ပါဝင်လာ သူတော်တော်များပါသည်။ နောက်မှ အဖွဲ့ထဲကိုဝင်ပြီး တော်တော်များများ စိတ်ဝင်စားမှုခံရတာကတော့ မို့မို့ နဲ့ သဲသဲ တို့နှစ်ယောက်ပေါ့။ မို့မို့ က လမ်းလျှောက်ရင် စားကလေး ခုန်သလို လမ်းလျှောက်တတ်ပြီး သဲသဲကတော့ လမ်းလျှောက်ရင် ဘေးကိုရမ်းလျှောက်တတ်သည်။ နှစ်ယောက်စလုံးက ငယ်ငယ်ချောချောလေးတွေဆိုတော့ အားလုံးက သူတို့ရဲ့လမ်းလျှောက်ပုံကိုရော လူကိုရော စိတ်ဝင်စားမှု ရှိကြပါသည်။

မတ်လထဲမှာ မိုခမ်း training လာပြီး လမ်းမလျှောက်ဖြစ်တာ သတိထားမိလာသည်။ ကျောင်းမှာတွေတော့
`ဟဲ့ မိုခမ်း၊ နင်လမ်းလည်းလာမလျှောက်ပါလား။ တော်ကြာ အမှတ်မမှီလို့ ခရီးစဉ်ကို မလိုက်ရပဲနေဦးမယ်နော်´
`အေးပါဟာ၊ ငါလည်း မအားလို့ပါ။´
မိုးခမ်းရဲ့မျက်နှာက သိပ်တော့မကောင်းလှ။

အပတ်စဉ် စနေ၊ တနင်္ဂနွေ နေ့တိုင်းလျှောက်တာ ကျောင်းမှ မင်္ဂလာဒုံဈေး အသွားအပြန်ဖြစ်နေပါပြီ။ ဒီထက်ဆက်တိုး လျှောက်ဖို့ကတော့ မလွယ်လှပေ။ မနက်အစော ၅ နာရီ စထွက်ကာ နေ့လည် ၁၁း၃၀ လောက်မှာပြီးလေ့ရှိတော့ ဒီထက်ပိုလျှောက်မယ်ဆိုရင် ခံနိုင်မည်မထင်။

ကြားရက်များတွင် လမ်းလျှောက်ရာတွင် လမ်းကြောင်းအသစ် အဖြစ် ရန်ကုန်တက္ကသိုလ် ပင်မ မှ ကန်တော်ကြီး ကိုတပတ် လမ်းလျှောက်သည်။ တခါတရံ အာစီတူးကို တပတ်လျှောက်လေ့ရှိသည်။

ကျွန်တော့်ရဲ့ လမ်းလျှောက်ဖိနပ်က လဆန်းကတည်းက ပျက်သွားကာ စီးလို့မရတော့ပေ။ ဒါကြောင့်တရုတ်ဖြစ် ပျောက်ကျားဖိနပ်ကလေးကို မင်္ဂလာဒုံဈေးမှ ၀ယ်ပြီးစီးရသည်။ ပျောက်ကျားဖိနပ်သည်လည်း လမ်းလျှောက်မှုဒဏ်ကြောင့် တိုက်စားပွန်ပဲ့ကာ ခရီးစဉ် တကယ်ထွက်ရင် နောက် ဖိနပ် အသစ်တရံဝယ်ရပေဦးမည်။

ကျောင်းမှာ တနေ့ အာစီတူး စာတိုက်နားက ဆိုင်မှာ သူငယ်ချင်းတွေနဲ့ ထိုင်ဖို့ဝင်လိုက်တော့ မိုးခမ်းတယောက် တခါမှ မမြင်ဘူးသေးတဲ့ ကောင်လေးယောက်နဲ့ ထိုင်နေတာကို တွေ့လိုက်သည်။ အမြဲတွဲနေကျ စိုးစိုးတယောက်ကို တော့ မတွေ့မိ။

မိုးခမ်းက ကျွန်တော့်ကို တွေ့သွားပြီး
`ဟေး ပီတိ ခဏလာဦး… မိတ်ဆက်ပေးမလို့၊ ဒါ ငါရဲ့ မောင် ….´
`အော်…အေး.. တွေ့ရတာ ၀မ်းသာပါတယ်။ ´
ပြုံးပြနှုတ်ဆက်လိုက်ပြီး နောက် အငယ်ဆုံးလို့သိထားသော မိုခမ်းမှာ မောင်အရင်း ရှိစရာ အကြောင်းမရှိလို့ တွေးမိပြီး
`နင်ရဲ့မောင် တ၀မ်းကွဲလား…´
မိုးခမ်းက မျက်နှာနီခါ ရှက်သွားပြီး `နင်ကလည်းလေ… ´

`သြော်´ ဆိုပြီး ကျွန်တော်လည်း သဘောပေါက်သွားသည်။
သူ့ကောင်လေးကတော့ မကြည်တော့ပဲ ကလေးတယောက် စိတ်ဆိုးနေပုံလေးဖြစ်နေသည်။ သူတို့ကို နှုတ်ဆက်ပြီး သူငယ်ချင်းတေရွဲ့ဝိုင်းကိုပြန်လာတော့ အားလုံးက
`ဟေ့ကောင် အဲဒီချာတိတ်ကလေးက မိုးခမ်းရဲ့ဘဲလား´
`အေး ဟုတ်တယ်၊ ဘာလို့လဲ´
`ကြည့်ရတာ ကောင်းလေးက စိတ်ကောက်လို့ မိုခမ်းက ချော့နေတဲ့ ပုံပဲ…´
ဆက်စပ်ပြီးတွေကြည့်တော့ မိုးခမ်း လမ်းလာမလျှောက်တာ ဒီကောင်းလေးကြောင့်လားမသိ ဆိုတဲ့ အတွေးဝင်လာပါသည်။

အတန်းထဲမှာ ဆရာမ စာသင်နေတုန်း မေးချင်စိတ်ကို တားမရတော့ ရှေ့တတန်းမှာ ထိုင်နေသော မိုခမ်းနဲ့စိုးစိုးတို့ ခုံကိုပြောင်းထိုင်ပြီး
`ဟဲ့ မိုးခမ်း နင် လမ်းလာမလျှောက်တာ နင့်ကောင်လေးကြောင့်လား။´
`ဟဲ့ စာသင်နေတယ်လေ.. နောက်မှမေးပါလား´
`ငါအခု သိချင်လာလို့ပေါ့ဟ´
`အေး ဟုတ်တယ်။ သူက ငါ့ကို တခြား ယောင်္ကျားလေးတွေနဲ့ မရောစေချင်ဘူးတဲ့။ နောက်ပြီး ခရီးစဉ် ကိုလည်း ငါ့ကို မလိုက်စေချင်ဘူးတဲ့ဟ။´
`ဟာ နင်အဲလိုတော့ မလုပ်ပါနဲ့ကွာ၊ နင်ခေါ်လို့ ငါ ဒီအသင်းထဲဝင်လာတာ။ နောက်ပြီး ခရီးစဉ် မှာ နင်ပါတော့ ငါတို့ပိုပျော်ကောင်းတာပေါ့။ တကယ်ဆို နင်လည်းလိုက်ချင်လို့ပဲ အသင်းဝင်ပြီး အပင်ပန်းခံ လမ်းလျှောက်ထားတာလေဟာ။ နင့်ကောင်လေးကို နားလည်အောင်ပြောကွာ။´
`အေးပါကွာ။ ခုနကလည်း ငါ သူ့ကို အဲဒီ ကိစ္စကိုပြောနေတာ။ သူကတော့ ခွင့်မပြုဘူး ဖြစ်နေတယ်။´
`နင်ကလည်းဟာ…´

အရင်နှီးဆုံး သူငယ်ချင်းတယောက် သူလုပ်ချင်သောဆန္ဒက ချစ်သူ့ဆန္ဒနဲ့ မတူညီတော့ အလျော့ပေးပြီး သူ့ဆန္ဒကို ချိုးနှိမ်လိုက်ရတာကို သိလိုက်ရတော့…စိတ်ထဲမှာ တော်တော် စိတ်မကောင်းဖြစ်သွားသည်။

ချစ်တယ်ဆိုတာ ချစ်တဲ့သူကို ငှက်ကလေးလို လှောင်ချိုင့်ထဲမှာ ထည့်ထားခြင်း မဟုတ်ဘူးလေ။ နားလည်စွာ ချစ်တတ်မှု သာလျှင် နှစ်ဦးနှစ်ဘက် စိတ်ချမ်းသာစေတာ မဟုတ်ပါလား။

မိုခမ်း မလာတော့တာကို သတိပြုမိတဲ့ သူငယ်ချင်းတွေကမေးတော့ သူ့မှာ အခက်အခဲ ရှိလို့ လမ်းမလျှောက်တော့ဘူး လို့ ပြောလိုက်တော့ အားလုံးက စိတ်မကောင်းဖြစ်သွားကြသည်။

နောက်ဆုံး traning အဖြစ် ရန်ကုန်တက္ကသိုလ်မှ လှော်ကား ဥယျာဉ်ထိ လမ်းလျှောက်မှာ ဖြစ်ပါသည်။ အဖွဲ့ဝင် ကျောင်းသူ ကျောင်းသား အားလုံး စိတ်တက်ကြွစွာ စောင့်မျှော်နေသော နောက်ဆုံး training ကို မတ်လ ၃၁ ရက်နေ့ မနက် ၄နာရီမှာ ရန်ကုန်တက္ကသိုလ် မန္တလေးဆောင်ရှေ့မှ စတင်ထွက်ခွါကြပါသည်။ အဖွဲ့ထဲမှာ အရင်က မမြင်ဘူးသော အသက်ခပ်ကြီးကြီး အကိုကြီး အမကြီး များကိုတွေ့ရပါသည်။

`အဲဒီလူတွေက ဘယ်သူတွေလဲ´
ဘေးမှာရှိတဲ့ ခင်မောင်ကျော် ကိုမေးကြည့်မိသည်။ သူက ထုံးစံအတိုင် ဆရာကြီးလေသံနဲ့
`ဟာ… မင်းကလည်း အဲဒါ အဖွဲ့ချုပ်ကလေကွာ´

နောက်တော့မှ ဒီ ခရီစဉ်ကို မြန်မာနိုင်ငံခြေလျင်နှင့်တောက်တက်အဖွဲ့ချုပ် အဖွဲ့ဝင်များပါ ပါဝင်ပူပေါင်း တက်ရောက်မည်လို့ သိရပါသည်။ အတွေ့အကြုံများသည့် သူများပါတော့ ပိုကောင်းတာပေါ့။

ကျောင်းသူကျောင်သား ဆရာ၊ ဆရာမ၊ တောက်တက်အဖွဲ့ချုပ် စသည့် အဖွဲ့ဝင်ပေါင်း ၈၀ ကျော်အဖွဲ့ဟာ ပြည်လမ်းမ တလျှောက် တက်ကြွစွာ လမ်းလျှောက်လာကြသည်။ မင်္ဂလာဒုံကျော်လျင် သာဓုကန် ဘက်မှ တဆင့် တောလမ်းအတိုင်း လှော်ကားဥယျာဉ်ကို လျှောက်မည်ဟု ဆရာမျိုးပြောထားသည်။ မလျှောက်ဘူးသေး လမ်းကို လျှောက်ရမည်ဆိုတော့ အားလုံးပျော်ရွှင်နေကြသည်။ တကယ် တောင်တက်ခရီးစဉ်ဆိုလျင် ဒီထက်အဆပေါင်းများစွာ စိတ်လှုပ်ရှားပျော်ရွှင်စရာ ကောင်းမည်ဆိုတာကို သိနေကြပါသည်။

မင်္ဂလာဒုံဈေးကိုရောက်တော့ မနက် ၆း၃၀ ခန့်ရှိပြီ။ အဖွဲ့ဝင်အားလုံး အတူ နီးပါးရောက်ကြပါသည်။ အားလုံးက လေ့ကျင့်ရည် ပြည့်ဝနေတော့ အစတုန်းကလိုသိပ်ပြီး စောင့်စရာမလို့တော့ပေ။ ဆရာမျိုးက

`အားလုံးဒီမှာ မနက်စာ စားဖို့ မီနစ် ၃၀ အချိန်ပေးပါမယ်။ မြန်မြန်စားလို့ရမှာကို မှာစားကြပါ။´

အဖွဲ့ဝင်အားလုံး အဆင်ပြေရာဆိုင်များတွင် အလျင်အမြန်စားကြသည်။

စားလို့မပြီးတပြီးတွင် ထုံးစံအတိုင်း `ရွှီ´ ဆိုတဲ့ ၀ီစီသံကိုကြားလိုက်ရသည်။ အားလုံးအလျင်အမြန်တန်းစီကာ ဆရာကလူစစ်ပါသည်။ လူစစ်ရာတွင် မိမိနီးစပ်ရာလူကို မတွေ့ပါကလည်း အကြောင်းကြားရပါသည်။

လူစုံလို့စထွက်မည်လုပ်တော့ အိပ်ယာထနောက်ကျ၍ မမှီလိုက်သော လှမျိုး နဲ့ အခြားအဖွဲ့ဝင်များ ဘတ်စ်ကားဖြင်လိုက်လာပါသည်။ ဆရာမျိုကိုတွေ့တော့ ပြုံးဖြီးဖြီးလုပ်ကာ အဖွဲ့နဲ့အတူ လမ်းဆက်လျှောက်ကြပါသည်။ ဆရာမျိုးကတော့ မျက်ထောင့်ကြီးနဲ့ကြည့်ကာ ဘာမှမပြောပဲ ရှေ့မှဆက်ထွက်သွားပါသည်။

မင်္ဂလာဒုံဈေးကိုကျော်ပြီး သိပ်မကြာခင် ရန်ကုန်စည်ပင်သာယာရေးကော်မတီ ဆိုင်ဘုတ်တပ်ထားသော အပေါက်မှဝင်ကာ သာဓုကန်ဘက်ကို သွားပါသည်။ လမ်းမတွင်လျှောက်နေရာမှ တောထဲတွင်လျှောက်ရသောအခါ လွတ်လပ်မှုကိုစတင် ခံစားရပါသည်။ နေကလည်း နဲနဲမြင့်လာတော့ နဲနဲတော့ ပိုပင်ပန်းလာပါသည်။

နောက်ကကျောပိုးအိတ်ကလည် တဖြည်းဖြည်းလေးလာပါသည်။ ကျောပိုးအိတ်ထဲတွင် တချို့က အုတ်နီခဲတွေထည့်လာပြီး ကျွန်တော်ကတော သောက်ရေသန့် ၃ဗူး ရေအပြည့် ထည့်လာခဲ့သည်။ ရည်ရွယ်ချက်ကတော့ မောရင်ရေသောက်လို့ရတယ်၊ သူများကိုလည်း တိုက်လို့ရတယ်၊ နောက် ရေသောက်လိုက်တော့ အလေးချိန်လျော့သွားတော့ ကျောပိုးအိတ် ပေါ့သွားအောင်လို့ပါ။

အတွေ့အကြုံရှိတဲ့ အကိုကြီတွေကတော့ နေသိပ်မပူခင် မြန်မြန်လျောက်ခိုင်းပါတယ်။ နောက်ပိုင်းမှာသိလာတာကတော့ နေပူရင် ချွေးထွက်များပြီး အရမ်းပင်ပန်းတတ်ပါသည်။

မနက် ၉း၃၀ ခန်မှာ သာဓုကန်ဘေးမှာရှိတဲ့ သာဓုကန် စေတီတော်ကိုရောက်ပါသည်။ ကန်ဘောင်ပေါ်မှာ အဖွဲ့ဝင်အားလုံး ခေတ္တနားပြီး ရေသောက် အကြောလျော့ပြုလုပ် ကြပါသည်။

အဖွဲ့ထဲမှာ ၀ပေမယ့် တက်ကြွလွန်းတဲ့ ဒွေး (ရုပ်ရှင်မင်းသား ဒွေး နှင့် တိုက်ဆိုင်စွာ နာမည်တူခြင်းသာဖြစ်ပါသည်) ကတော့ အားလုံးထိုင်နေချိန်မှာ ကန်ဘောင်နှင့် စေတီကြားမှာရှိသော ခပ်မတ်မတ်ဆင်ခြေလျောကိုပြေးတက်သွားပါသည်။

`ဟေး ဒွေး ပြီးရင် ပြန်မဆင်း နိုင်ပဲနေမယ် ပြန်ဆင်းလာတော့…´
အားလုံးက ပြောပေမယ့် သူကတော့ မလျော့ပဲ ဆင်ခြေလျောထိပ် တံတိုင်းခြေထိ ရောက်အောင် ကြိုးစားပြီး တက်သွားပါသည်။ ထိပ်ရောက်တော့ နောက်ကိုလှည့်ကြည့်ကာ

`အမလေး..အမတ်ကြီးပဲ…´
ကြိုးစားပြီး နောက်ပြန်ဆင်းကြည့်သည်။ မဆင်းရတော့ ရောက်နေတယ့်နေရာနေမှာ လှည့်ထိုင်ပြီး ဖင်နဲ့ထိုင်ချကာ ဆင်းဖို့ကြိုးစားကြည့်သည်။ မရပေ၊ ပါးစပ်ကတော့ အော်နေသည်။
`လုပ်ကြပါဦး မဆင်းရဲတော့ဘူး… ဘယ်လိုဆင်းရမလဲ´
`မင်းကိုပြောသားပဲ မတက်ပါနဲ့ဆို…´
`အေးလေး.. နင့် ခန္တာကိုယ်နဲ့ ဆော့တာကို နည်းတောင် နည်းသေးတယ်။ ´
`ဒီအတိုင်း ဆင်းလို့မရင် လွယ်လွယ်လေးရယ် လှိမ့်ချလိုက်…´
`လှိမ့်ချလိုက်လို့ကတော့ ရေကန်ထဲ ကျသွားမှာ တခါတည်းပဲ…´
အားလုံးက တယောက်ပေါက်နဲ့ နောက်ပြောင်နေကြသည်။

ခေါင်းဆောင် ဆရာမျိုးက ရောက်လာပြီး
`ကဲ ဆင်းမရလည်းနေခဲ့တော့ ငါတို့က ဆက်သွားတော့မယ်´
`အာ.. ဆရာ ခဏစောင့်ပါ ကျွန်တော် ရအောင်ဆင်းပါ့မယ်´
ဒွေး တယောက်ကြိုးစားကာ ဖင်တရွတ်တိုက်ကာ ဆင်းလာပါသည်။ သစ်ရွက်ခြောက်များနဲ့ လျောဆင်းရင် သစ်ငုတ်ကလေးများက သူ့ကိုထိုးမိတိုင်း အား အား နဲ့အော် ကာ နောက်ဆုံးတော့ ကန်ဘောင်ကို ပြန်ဆင်းလာနိုင်ပါသည်။

`ရွှီ…´
`ကဲ ဆက်လျှောက်မယ်။ လှော်ကားကိုရောက်ဖို့လိုသေးတယ်။ နေပူလာပြီ မြန်မြန်လျောက်ကြပါ´

သာဓုကန် ကစပြီး လျှောက်ကတည်း က လွန်တီးခေါင်များသာဖြစ်ပြီး အရိပ်လုံးဝမရှိပါ။ နေကလည်း တော်တော်မြင့်လာသောကြောင့် ပင်ပန်းလာပြီဖြစ်သည်။

`ရေဆာလား၊ ရေသောက်မလား…´ ရေကုန်ချင်လို့ အနားမှာရှိတဲ့ သူငယ်ချင်းတွေကို လိုက်မေးနေသည်။
`ဟေး.. ပီတိ မင်းက ရေကုန်ချင်တိုင်းလိုက်တိုက်နေ… ငါကတော့ မသောက်ချင်ဘူး.. ကုန်ချင်ရင် သွန်ပစ်လိုက်…´

ဦးထုပ်ပါပေမယ် နေပြင်းပြင်ပူလာတော့ ခေါင်းကိုကချင်သလိုတောင်ဖြစ်လာသည်။ ဆက်လျှောက်ရင်းနဲ့ လှေကားကိုသွားတဲ့ မြေနီကားလမ်းမကိုရောက်လာသည်။ နေကတော့ ခေါင်းပေါ်တည့်တည့်မှာ ချစ်ချစ်တောက်ပူလျက်ရှိနေသည်။

ရှေ့နားမှာ မသူဇာ နဲ့ မကလျာ၊ နောက်တော့ ကိုထွန်းလှအောင် တို့ နားနေတာကိုတွေ့ရသည်။
`နေပူထဲမှာ ဘာလို့နားနေတာလဲ။ နဲနဲလျှောက်လိုက် ရောက်တော့မယ်။ ´
`နားနေတာမဟုတ်ဘူး။ သူဇာ ဆက်မလျှောက်နိုင်လို့ ရပ်နေတာ။´
`ပီတိ ရေကျန်သေးလား..´
`ကျန်သေးတယ်.. ရော့´
ရေ တဗူးအပြည့်ကျန်သေးတာကို လှမ်းပေးလိုက်သည်။

ထိုစဉ် ဘတ်စ်ကားအလွတ်တစီး လာနေတာတွေ့တော့ ယောင်္ကျားလေးများက ကားကိုတားပြီး အကြိုအကြောင်းရှင်းပြကာ ဆက်မလျှောက်နိုင်သော မိန်းကလေးများကို တင်ပေးလိုက်သည်။

နောက်ထပ်နာရီဝက်လောက်လျှောက်လိုက်တော့ လှော်ကားဥယျာဉ်အ၀င်ဝက ဆိုင်တွေကို လှမ်းတွေ့လိုက်ရသည်။
ဒီနေ့ပန်းတိုင်ကိုတော့ အောင်မြင်စွာရောက်ခဲ့ပြီ။ သစ်ပင်ရိပ်မှာ အရင်ရောက်နှင့်နေတဲ့ အဖွဲ့တွေနဲ့အတူ ရေသောက်ကာ နားရင်း စကားပြောနေပါသည်။ အနားကို ကျော်ကျော် ရောက်လာတော့

`ကျော်ကျော် … မောနေပြီလား…´
`ပြောချင်ပါဘူး ပီတိရယ်.. အောင်မလေး လို့တောင် မအော်နိုင်တော့ပါဘူး…´
သူက အောင်မလေးကို အကျယ်ကြီးအော်ပြီးတော့မှ မအော်နိုင်တော့ပါဘူးဆက်လိုက်တော့ အနားကဈေးသယ်တွေတောင် ပြုံးစိစိဖြစ်ကုန်သည်။

အမောလည်းပြောရော ဗိုက်ဆာလာပြန်သည်။ ကြည့်လိုက်တော့ အကုန်လုံးမရောက်သေးဘူး၊ စောင့်ရရင်လည်း ဘယ်လောက်ကြာမှန်းမသိတော့ ဆရာ့ထံခွင့်တောင်းပြီး အနားမှာရှိတဲ့ ထမင်းဆိုင်မှာ နေ့လည်စာ စားသောက်လိုက်ပါသည်။ အချိန်ကတော့ နေ့လည် ၁၂ နာရီကျော်နေပြီ။

နောက်ဆုံး ဘက်ကင်း ရောက်လာတော့ ဆရာက တန်းမစီစေပဲ နေ့လည်စာ စားခွင့်ပြုလိုက်ပါသည်။ စားပြီးတော့မှ အရိပ်ကောင်းသောနေရာတွင် အဖွဲ့ဝင်များအားလုံး ၀ိုင်းထိုင်ကာ အဖွဲ့ချုပ်မှ အကိုကြီးတွေနဲ့ ဆရာမျိုးက မိတ်ဆက်ပေးပါသည်။
`အခု ဆရာတို့သွားမယ့် ခရီးစဉ်မှာ သီဆိုဖို့ သီချင်းတိုက်မှာဖြစ်တယ်။ သီချင်းတွေကို ကိုလှမင်းက ရှေ့ကနေဆိုပေးပါလိမ့်မယ်။´

ခြေလျင်ချီတက်မယ် တောင်တက်အဖွဲ့လာပြီ၊ ရည်ရွယ်မျှော်မှန်းချက် ကိုယ်လက်ကြံ့ခိုင်မည်။ ….အစပြုတဲ့ သီချင်းကို စသီဆိုပြပါသည်။ နောက်တပုဒ်ကတော့ သူ မြန်မာစာသားထည့်ထားပြီး အခုခရီးစဉ် အတွက် စပ်ထားသောသီချင်တပုဒ် ဖြစ်ပါသည်။ အားလုံးပျော်ပျော်ရွှင်ရွှင် သီချင်းတိုက်ပြီးတော့ ဆရာမျိုးက စကားဆက်ပြောပါသည်။

`အခုသွားမယ့် ခရီးစဉ်က အဖွဲ့အစည်းနဲ့ သွားမှာဖြစ်တယ်။ အဖွဲ့အစည်းနဲ့ သွားတဲ့အခါမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို စတေးရမှာ ဖြစ်တယ်။ ဒါပေမယ်လို့ မိမိ တယောက်တည်း ဆောင်ရွက်လို့မရနိုင်တဲ့ အခွင့်အရေးတွေကို အဖွဲ့စည်း အနေအထားနဲ့ရမှာဖြစ်တယ်။ အဖွဲ့အစည်းနဲ့လုပ်တဲ့အခါမှာ One for all, and all for one ဆိုတဲ့စိတ်ဓာတ်ထားပြီး လုပ်သွားရင် အားလုံးအဆင်ပြေသွားမှာပါ။
နောက်ပြီး လမ်းလျှောက်ခဲ့တဲ့ အမှတ်တွေကိုစီစစ်ပြီး လိုက်ပါခွင့်ရတဲ့ လူတွေနဲ့ တပ်စိတ် ဖွဲ့စည်ပုံကို လာမယ့် ဗုဒ္ဓဟူးနေ့ ညနေမှာ အာစီမှာ ကပ်ထားမှာဖြစ်တယ်။ အခု ပြောစရာရှိတာကတော့ဒီလောက်ပါပဲ။ ဆရာတို့ ကျောင်းကို ပြန်ဖို့ ကားတွေ စီစဉ်ထားတယ်။´

ခရီးစဉ်အတွက်ကတော့ လေ့ကျင့်ရေးပြီးဆုံးသွားပြီဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ ညနေမှာ ကျောင်းပြီးတော့ ရန်ကုန်တက္ကသိုလ် ပင်မထဲက အာစီကိုဝင်ပြီး ခရီးစဉ်ကို လိုက်ပါခွင့်ရတဲ့ လူစာရင်းကိုဝင်ကြည့်တော့ အခြားသူငယ်ချင်းတွေပါ လာရောက်ကြည့်နေကြတာကို တွေ့ရသည်။ မိမိလိုက်ပါခွင့်ရမည်ကို သိနေသော်လည်း စာမေးပွဲအောင်စာရင်းကြည့်သလို စိတ်လှုပ်ရှားနေမိပါသည်။ ကြည့်လိုက်တော့ ကျွန်တော်က တပ်စိတ် ၉ မှာ အဖွဲ့ဝင်၊ ကိုမျိုးချစ်က တပ်စိတ် ၉ ရဲ့ တပ်စိတ်မှုး၊ မောင်ကြီးက တပ်စိတ် ၉ ရဲ့ ဆေးမှုး အဖြစ်ကြေငြာထားသည်ကို ကိုတွေ့လိုက်ရပါသည်။

သေချာကြည့်လိုက်တော့ အားလုံးပေါင်း တပ်စိတ် ၉ စိတ်ရှိပါသည်။ တပ်စိတ် တစိတ်လျှင် ၈ ယောက်စီ ဆိုတော့ အားလုံးပေါင်း ၇၂ ယောက်။ အုပ်ချုပ်သူ ဆရာ၊ဆရာမ စုစုပေါင် ၇ယောက်ဆိုတော့ စုစုပေါင်း အဖွဲ့ဝင် ၇၉ ယောက်ဖြစ်ပါသည်။

ကျွန်တော်တို့တတွေ စိတ်လှုပ်ရှားစွာ ပြောနေကြတာကတော့ ခရီးစဉ်ကြောင်းပဲဖြစ်ပါသည်။ အားလုံးစိတ်ထဲမှာ အခုလောလောဆယ် ဒီအကြောင်းပဲရှိနေကြပါသည်။

ခရီးစတင်ထွက်မည့် ဧပြီလ ၉ ရက်နေ့ ၁၉၉၆ ခုနှစ် ကို အားလုံးစောင့်မျှော်နေကြရင်း….

သွားမည့် ခရီးစဉ်ကတော ချင်းပြည်နယ် ကန်ပက်လက်မြိုနယ်မှာရှိတဲ့ အမြင့်ပေ ၁၀၅၀၀ ရှိ ခေါနူးသုမ် ခေါ် နတ်မတောင် ခေါ် Mt. Victoria ဖြစ်ပါတယ်။

8 comments:

Ye-Mon said...

မောင်ရင်က တော်တော် မှတ်မိတာပဲ။ အားရင်ဆက်ပါဦး။ အဲဒီ ၀ိတိုရိယ ခရီးစဉ်က လိုက်ဖို့ရည်ရွယ်ခဲ့ပြီးမှ မလိုက်ဖြစ်ခဲ့တဲ့ ခရီးလေ။

PeTi said...

ဟုတ်တယ်ကိုမင်း။ တချို့ဖြစ်ရပ်တွေက စိတ်ကူးလိုက်ရုံနဲ့ ရုပ်ရှင်ကြည့်ရသလို စိတ်ထဲမှာပေါ်လာတယ်။ ကိုမင်း လိုက်ခဲ့ရင် ပိုပြီးပျော်စရာကောင်းမှာ။ ဆက်ပြီးရေးသွားဖို့ စိတ်ကူးရှိပါတယ်။ လာမယ် ကြာမယ်။ :D

ဂျစ်တူး - gyit_tu said...

ဟုတ်ပ ရေးထားတာ အတော် ဒီတေးပဲ ။

ဒွေးဆိုတဲ့လူ ပြန်မဆင်းနိုင်တာဖတ်ပြီး ရယ်လိုက်ရတာ အဟားးးးးး

pandora said...

ကောင်းပါ့ ကွယ်။ ဆရာမျိုး ခေါ်သား.။ မလိုက်ခဲ့မိတာ နောင်တ ရတယ်။ အိ အိ။

PeTi said...

ဟုတ်ပ သူ့ပုံကိုမြင်ရင် ပိုတောင်ရီရမှာ…

ပန်ဒိုရာ.. အခုမှတော့ စိတ်မကောင်း မဖြစ်ပါနဲ့။ အစအဆုံးရေးပါ့မယ်။ ဟီး ဖတ်ပြီးမှ ပိုပြီး စိတ်မကောင်းဖြစ်နေဦးမယ်။ နောက်တခေါက်သွားမယ်လေ လိုက်မလား။

thinpapa said...

ဟုတ်တယ် ကိုပီတိ
ေ၇းထားတာ ဖတ်၇တာ ပတို.တွေ training ဆင်းပြီး ခရီးးသွား၇တာနဲ. အကုန်အတူတူပါပဲ
ပတို.သွားခဲ.တဲ. ခရီးစဉ်တွေကိုတောင် ပြန်လွမ်းမိတယ် ။ senior အဟောင်းအကုန်လုံးနီးပါးကိုသိပါတယ် .....ကိုပီတိ တစ်ယောက်ကိုပဲ အခုစာဖတ်မှပဲသိတော.တယ်...training ဆင်း၇တဲ.လမ်းကြော တွေက အတူတူပါပဲ

thinpapa said...

ဆက်ေ၇းပါ.............. အားပေးနေပါတယ်..ခရိးစဉ်သွားတဲ.အကြောင်းတွေကိုဖတ်ချင်လှပါပြီ

Lamin said...

4/96 ကေ hikerသူငယ်ချင်းတွေ ကို သတိရလိုက်တာ

Ratings