Saturday, November 17, 2007

၎/၉၆ - ပထမပိုင်း

အခု ၄/၉၆ - ပထမပိုင်း ပြီးသွားပါပြီ။ တောင်တက်ဖို့ရာ လေ့ကျင့်ရာမှ ရေးခဲ့တာ တောင်တက်ဖို့ ခရီးစထွက်ပါပြီ။ ဒါပေမယ် တောင်တက်ဖို့တာမရောက်သေးပဲ လမ်းမှာပဲ ရှိပါသေးတယ်။ ၄/၉၆ ကတော့ ရေးပြီးခဲ့တဲ့ ၂/၉၆ နဲ့ ၃/၉၆ တို့ရဲ့ အဆက်ဖြစ်ပါတယ်။

လာရောက် ဖတ်ရှုတာ ကျေးဇူးတင်ပါတယ်။




ဒီနေ့က mid-term break မတိုင်ခင်နောက်ဆုံးနေ့။ မနက်ဖြန် စနေနေ့ ဧပြီ်လ ၆ ရက်နေ့မှာစပြီး သင်္ကြန်ပြီး တနင်္ဂနွေနေ့ အထိကျောင်းပိတ်တော့မည်။

ကျောင်းကိုရောက်တော့ ပထမအချိန်လွတ်သွားသည်။ ကားဂိတ်မှ လမ်းလျှောက်လာတုန်း ကျောင်းသားတွေ လက်ထဲမှာ ရေသန့်ဗူးတွေနဲ့ ကျောင်းသူတွေကို ရေလိုက်လောင်းနေသည်။ သင်္ကြန်တွင်းမှာ ကျောင်းပိတ်မည်ဆိုတော့ အာစီတူးမှာ သင်္ကြန်ကြိုတင်ကျနေပါသည်။

ကျောင်းစာတိုက်နားရောက်တော့ သူငယ်ချင်း ကျော်ကျော် နဲ့ ၀ဏ္ဏ ခုံမှာထိုင်နေတာ ကို တွေ့လိုက်သည်။
`ဟေ့ရောင်တွေ၊ အတန်းမတက်ဘူးလား´
`ဟေ့ ငပီတိ၊ မတက်တော့ဘူးကွာ၊ အပြင်မှာပဲ ကောင်မလေးတွေကို ရေလိုက်လောင်းမယ်။ ရေစိုနေတဲ့ ကောင်မလေးတွေကို ကြည့်မယ်…´
ကျော်ကျော်ကတော့ သူ့ထုံးစံအတိုင်း ခပ်ပြောင်ပြောင်ပဲ။

`အေး ကောင်းတယ်။ ငါကတော့ အတန်းသွားတက်မယ်။ ပြီးရင်ထွက်လာမယ်၊ ခဏစောင့်…´
`မင်း…တက်နေ အတန်းထဲမှာ ဘယ်သူမှ မရှိလို့ ငါတို့ထွက်လာတာ။ ´
`ဟုတ်လို့လားကွာ၊ Paper 2 ချိန် အတန်းမတက်ကြဘူး ဆိုတာတော့ မဖြစ်နိုင်ပါဘူး…´
ကျွန်တော်တို့က ဒီကောင့်စကားဆိုရင် ဘယ်တော့မှ ချက်ချင်းလက်မခံ။

ခပ်အေးအေး ၀ဏ္ဏကတောင်
`အတန်းကရှိတယ်။ ဒါပေမယ်သွား မနေပါနဲ့ကွာ။ သင်္ကြန်အတွက် ၀အောင် ကြည့်သွား။ ပြီးရင် မင်းက တောထဲသွားမယ့်ကောင်။ ဒီလို ရိက္ခာလည်း သယ်သွားရတယ်။´
`အေးပါကွာ။ မင်းတို့နဲ့စကားပြောတာနဲ့တင် အတန်းကနောက်ကျနေပြီ။´
ကျွန်တော်လည်း အတန်းထဲမသွားတော့ပဲ သူတို့နဲ့ထိုင်လိုက်သည်။

ခဏနေတော့ ကျော်ကျော်က ထိုင်နေရာနောက်လှည့်ကြည့်ပြီး
`ဟေ့ရောင်တွေ၊ မပြောမရှိနဲ့ လင်မျှော်ကုန်းမှာ ပိစိတို့ အဖွဲ့ထိုင်နေတယ်။ ရေသွား လောင်းရအောင်´
(လင်မျှော်ကုန်းဆိုတာ အာစီတူးကို စာတိုက်နားက ၀င်ပေါက်က၀င်လျှင် လှေကားထိပ်က ထိုင်ခုံလေးတွေရှိတဲ့ နေရာကိုခေါ်တာပါ။ များသောအားဖြင့် မိန်ကလေးတွေ အထိုင်များပြီး `လင်မျှော်ကုန်း´ ဆိုတဲ့ နာမည်ကို ဘယ်သူက စခေါ်လိုက်သည်မသိပါ။ ၁၉၉၃-၁၉၉၆ တက္ကသိုလ် ကျောင်းသူကျောင်းသားများတွေကတော့ ဒီနာမည်ကို ရင်းနှီးကြပါတယ်)

နှစ်ခါမခေါ်လိုက်ရဘူး အားလုံးက ထလိုက်ပြီးသား။ ရေဘူးကိုဖွက်ပြီး သွားတော့ ပိစိတို့မရိပ်မိ။ သူတို့နောက်ရောက်မှ ရုတ်တရက်လောင်းလိုက်တော့ လန့်သွားပြီး ပိစိကထရောင်ပါတော့သည်။ ပိစိရောင်လျှင် ကုလားကြီး အစ၊ေ-ာက်ပလုတ်တုတ် အလယ်၊ သေချင်းဆိုး အဆုံး ပါသည်။

`နင်တို့တွေ အတန်းသူ အတန်းသားချင်း ရေလောင်းရသလား၊ လောင်းချင်ရင် တခြားကောင်မလေးတွေကို သွားလောင်း။ ငါတို့က အခြားလူလောင်းမလားလို့ ဒီမှာလာထိုင်တာ.. သွား.. သွား..´
စိတ်မဆိုးပဲ ဆိုးချင်ဟန်ဆောင်ပြီး ကျွန်တော်တို့ကို မောင်းထုတ်လိုက်ပါသည်။

နောက်တော့ ကင်တင်းမှာ သွားထိုင်ကာ နေ့လည်စာစားပြီး ရေစိုနေသော အလှအပတွေကို ငေးပါတော့သည်။ အလှအပအပေါင်းခံစားပြီး ကျောင်းကနေ အဆောင် ကိုပြန် ပစ္စည်းသိမ်းပါသည်။

ညနေကျတော့ ဆရာမျိုး၏ အဆောင်ကို သွားနှုတ်ဆက်ပါသည်။ ဆရာမျိုးက ပြောစရာ၊ မှာစရာရှိဆီက လိုအပ်သော စာရွက်စာတန်းများကို ယူခဲ့ပါသည်။



သွားမည့် ခရီးစဉ်က ပြည်မြို့၊ ပုဂံ ညောင်ဦးမြို့၊ ပခုက္ကူမြို့မှာ ညအိပ်ရပ်နားဖြစ်လို့ ဆရာမျိုးက ကျွန်တော်နဲ့ ခင်မောင်ကျော် ကို တည်းခိုဖို့ရာ စီစဉ်ဖို့ရာ ရှေ့ပြေးအနေနဲ့သွားဖို့ရာ တာဝန်ပေးပါသည်။ ပြည်မြို့မှာတော့ စီစဉ်ပြီးသားဖြစ်လို့ ပုဂံ ညောင်ဦးမြို့၊ ပခုက္ကူမြို့မှာပဲ စီစဉ်ရမှာဖြစ်ပါသည်။


တချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့ ကျွန်တော်က သွားရမည့်ရက်ထက် စောသွားပြီး ညောင်ဦးမြို့အနီး မှာရှိတဲ့မြို့မှာ တာဝန်ကျနေသော ဖခင်ထံ အလည်ဝင်ရောက်နှုတ်ပါသည်။
စေ့စပ်သေချာသော ကျွန်တော့်အဖေက ခရီးထွက်ရင် လိုအပ်မည့် ပစ္စည်းများကို စစ်ဆေးပေးပါသည်။

စစ်ကျောပိုးအိတ်၊ စစ်သုံး equipment၊ စစ်သုံးရေဗူး၊ ဟန်းကော ခေါ် ထမင်းချက်လို့ရတဲ့ ထမင်းချိုင့်၊ စစ်ဘောင်းဘီ၊ စစ်ဖိနပ်၊ စစ်ခြေအိတ်၊ သံလိုက်အိမ်မြောင်၊ ဓာတ်မီး၊ မီးချစ်၊ အရေးပေါ်မီးရှုး (ကားတွေမှာပါသော မီးရှုးမျိုးဖြစ်ပါတယ်) တွေကိုတွေ့တော့
`သား တောင်တက်သွားတာ သယ်သွားမယ့် ပစ္စည်းတွေက စစ်တိုက်ထွက်သလိုပါ့လားကွ သေနတ်ပဲလိုတော့တယ်´
`ဟုတ်တယ်၊ တောထဲသွားမှာ ဆိုတော့ ပစ္စည်းတွေကို မင်္ဂလာဒုံဈေးက၀ယ်လာတာ ´
ကျောင်းသားလည်းဖြစ် နော် မိဘက ၀န်ထမ်းတွေဖြစ်တော့ ဈေးပေါပြီး အသုံးတည့်တဲ့ စစ်သုံးပစ္စည်းတွေနဲ့ပဲ တောင်တက်ဖို့ပြင်ဆင်ထားပါသည်။

`သား ရန်ကုန်က ဓားဝယ်ဖို့မေ့လာတယ်´
`ဟုတ်လား ဒီမှာတော့ အင်းမ ဓားမရှိတယ်။ ခပ်သေးသေး တချောင်းရှာဝယ်သွားဖို့´
ပြည်တွင်းဖြစ်ကို အားပေးတဲ့အနေနဲ့ အင်းမဓားမ သေးသေး တချောင်းကို တောထဲမှာ တောခုတ်ဖို့ ဖြစ်ဖြစ်၊ ထင်ခုတ်ဖို့ဖြစ်ဖြစ်၊ လိုအပ်ပါက အရေးပေါ်သုံးဖို့ဖြစ်ဖြစ် ၀ယ်လိုက်ပါသည်။

နောက်နေ့ တနင်္လာနေ့မှာ ညောင်ဦး ကို သွား၍ အင်္ဂါနေ့မှာရောက်မည့် ခင်မောင်ကျော်ကို စောင့်ဖို့ ထွက်လာပါသည်။ ခင်မောင်ကျော်ဆိုတာက ပထမဆုံးလမ်းစလျှောက်တဲ့နေ့က ကျွန်တော့်ကို ဖိနပ်ပေါက်မည် လို့ ဆရာလုပ်သည် ထင်ခဲ့သော ကုလားဆင် တယောက်ဖြစ်ပါသည်။

ကျွန်တော်နဲ့ အတူ မေမေနဲ့အမပါ ညောင်ဦး ကိုလိုက်လာပါသည်။ ညောင်ဦးကို အသွားလမ်းတွင် ပုဂံကိုဝင်ပြီးတော့ ဗူးဘုရား ဘုန်ကြီးကျောင်းကိုသွားပြီး ခြေလျင်တောင်တက်အသင်း ညအိပ်ရပ်နားဖို့ လျှောက်ထားပါသည်။ ကျောင်းထိုင်ဘုန်းကြီးက ဘုရားဖူးအဖွဲ့ တဖွဲ့က တည်းဖို့လျှောက်ထားပြီးဖြစ်နေလို့ လက်ခံလို့မရကြောင်း ပြောလိုက်ပါသည်။ သေချာစေရန် မနက်ဖြန်တခေါက်လာပြီးကြည့်ဖို့ မိန့်ကြားလိုက်ပါသည်။

ကားပေါ်ကဆင်းပြီး အိမ်ထဲဝင်လိုက်တာနဲ့ အိမ်ဆိုသော အငွေ့အသက်ကို ခံစားလိုက်ရသည်။ ကလေးဘ၀က ပျော်ရွှင်ခဲ့သော၊ မိသားစု စုံစုံလင်လင်နဲ့နေခဲ့သော အိမ်ကို မရောက်တာကြာပြီ။ ဆယ်တန်းစာမေးပွဲဖြေပြီးကတည်းက ရန်ကုန်ကိုရောက် သင်တန်းတက် တက္ကသိုလ်တက် နဲ့ အိမ်နဲ့ဝေးသွားခဲ့တာ ပြန်ရောက်တော့ အိမ်ကတော့ နွေးထွေစွာကြိုဆိုလျက်ပါပဲ။
`အမေ၊ အိမ်လို့ပြောလိုက်ရင် စိတ်ထဲမှာ ဒီအိမ်ကိုပဲ ပေါ်လာတယ်´
`အေး ဟုတ်တယ်သား။ အမေတို့လည်းဒီလိုပဲ ခံစားရတာပဲ´

ငယ်ငယ်က အမြဲနေခဲ့သော အိပ်ခန်းထဲမှာ အမြဲအိပ်ခဲ့သော ကုတင်ပေါ်မှာ နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့သည်။ နောက်နေ့ အိပ်ယာကနိုးတော့ စိတ်က လန်းဆန်းလျက်ရှိနေပါသည်။ မနက်စား အညာ မုန့်ပျားသလက်နဲ့အကြော်သုတ်ကိုစားပြီး သန့်ရှင်းလတ်ဆတ်သော အညာလေကိုရူရင်း အိမ်ရှေ့ထွက်လာပါသည်။ အိမ်ရှေ့က ထိုင်ခုံတွင်ထိုင်ရင်း လမ်းဘက်ကို ငေးကြည့်နေမိပါသည်။ အိမ်ရှေ့နားက ဆိုက်ကားသမားတွေနဲ့ စကားပြောနေသူကို သတိထားကြည့်မိတော့ ခင်မောင်ကျော် ဖြစ်နေသည်။ သူက ဆိုက်ကားသမားတွေကို ကျွန်တော့်အိမ်ကိုမေးနေတာဖြစ်သည်။

`ဟေး… ကိုခင်မောင်ကျော်၊ ဒီမှာ ကျွန်တော့်အိမ်က´
သူကြားသွားပြီးအိမ်ဘက်ကို လမ်းလျှောက်လာသည်။ ကျွန်တော်တို့မြို့လေးက တော်တော်ငယ်တော့ လမ်းနာမည်တွေ အိမ်နံပတ်တွေမရှိပါ။ ရပ်ကွက်နာမည်ပြော၊ နာမည်ပြောရုံနဲ့ ရှာလို့တွေ့ပါသည်။ အိမ်နားမှာ ရှိသော ထင်ရှားသော အမှတ်အသားကို ညွှန်းပြီး လမ်းညွှန်လေ့ရှိပါသည်။
ဥပမာ - ဈေးနားက ညောင်ပင်ဝိုင်းနား၊ ဘုရားနီနား၊ ဆေးရုံးဟောင်းနား၊ မီးသတ်ရေကန်နား စသည်ဖြင့် လမ်းညွှန်လေ့ရှိပါသည်။

လမ်းမှာအိပ်ရေးပျက်လာသော ခင်မောင်ကျော်တယောက် အိမ်မှာတရေးမောအိပ်ပြီး သူနိုးတော့ ရေမိုချိုပြီး မြို့နယ် အုပ်ချုပ်ရေးရုံးကိုသွားပြီး ဆရာမျိုးပေးလိုက်သောစာကို သွားရောက်ပေးပို့ပါသည်။ ကျောင်းသားအဖွဲ့ ဒီမြို့ကို ဘယ်နေ့မှာ ဘယ်အတွက်ကြောင့်လာသည့် အကြောင်းကြားစာဖြစ်ပါသည်။ ကိစ္စတခုခုဖြစ်ခဲ့ပါက မိမိဘက်က အမှာအယွင်းမရှိစေရန် ဆောင်ရွက်တတ်သော ဆရာမျိုးရဲ့ စေ့စပ်သေချာမှုတခုဖြစ်ပါသည်။



နောက်တော့ နေ့လည်စာအိမ်ပြန်စားပြီး ဗူးဘုရားကို စက်ဘီးနဲ့ သွာခဲ့ပါသည်။ အညာရဲ့နွေနေပူပူအလယ်မှာ နှစ်ယောက်သား တယောက်စက်ဘီးတစီးစီနဲ့ ချွေးသံလုံးလုံး ဖြစ်နေပါသည်။
ဘာရယ်မဟုတ် ခင်မောင်ကျော်ကို အားနာနေမိသည်။
`ရလား ကိုခင်မောင်ကျော်၊ မောရင် နားလေ´
`မင်းကလည်းကွာ၊ တောင်တက်သမားပါကွ၊ ဒီလောက်တော့ရပါတယ်´
တောင်တက်သမားတွေက အဲဒီလိုမာနကြီးပါသည်။ ဘာပဲလုပ်လုပ် ဒီလောက်တော့ ခံနိုင်ရမှာပေါ့ ငါက တောင်တက်သမားပဲ လို့။ နောက်ဆုံး မခံနိုင်တော့မှ လဲရင်လဲကျပါစေတော့။

ဗူးဘုရားကျောင်း ဆရာတော်ကတော့ နေရာက သူများဦးသွားတာ သေချာသွားပြီဖြစ်ကြောင်း အခြားနေရာကို ရှာပါဆိုပြီး ဆုတောင်းပြည့်ဘုရားနားက ဘုန်ကြီးကျောင်းကို လမ်းညွှန်လိုက်ပါသည်။
အချိန်က သင်္ကြန်ရက်နီးနေတော့ ဘုန်ကြီးကျောင်းတွေ၊ ဘုရားဇရပ်တွေ တော်တော်များမျာက နေရာပြည့်နေပြီးဖြစ်သည်။

ကံကောင်းထောက်မစွာ အာနန္ဒာဘုရားနားက ဆုတောင်းပြည့် ဘုန်ကြီးကျောင်းကို ညအိပ်ရပ်နားဖို့ နေရာတစ်ခုတော့ရလိုက်ပါသည်။ ကျောင်လေးက သေးပေမယ် အနည်းဆုံးနားဖို့နေရာလေးရှိတာပေါ့။

နေရာအတွက်စိတ်အေးသွားတော့ ခင်မောင်ကျော်က ယွန်းထည်ဝယ်ချင်တယ် နောက်ပြီး စာတန်းလည်းထိုးချင်တယ်လို့ပြောလာပါသည်။ အနီးဆုံး ဗူးဘုရားဆိုင်တန်းတွေကိုသွားကြည့်တော့ သူကြိုက်တဲ့ ပစ္စည်းကမရှိ။
`ကိုခင်မော်ကျော် နင်းနိုင်သေးရင်တော့ ပုဂံမြို့သစ်ကိုသွားရှာမယ်လေ။ အဲဒီမှာတော့ ဆိုင်တွေများတယ်၊ နောက်တော့ ပင်ရင်းတွေဆိုတော့ ရေးချင်တဲ့ စာလည်း ကောင်းကောင်းရေးပေးနိုင်မှာပါ။´
`အေးသွားတာပေါ့၊ နင်းနိုင်ပါတယ်။´

ပုဂံမြို့သစ်ကိုသွား ယွန်းထည်ဝယ်ပြီး စာတန်းထိုးတော့ ကျွန်တော့်ကို မလိုက်စေလိုပါ။ ဘာတွေစာတန်းထိုးမည်လည်းမသိ။

ပုဂံအပြန်နေလည်းတော်တော်စောင်းနေပြီ။ အိမ်ရောက်တော့ ညစာစာပြီး နှစ်ယောက်သား ပင်ပင်ပန်းပန်းနဲ့အိပ်ပျော်သွားပါသည်။ နောက်နေ့မနက် ခင်မောင်ကျော်က ပခုက္ကူကိုဆက်သွားမှာဖြစ်လို့ စောစောထ မနက်စာစားပြီး သူ့ကို ညောင်ဦးဆိပ်ကမ်းကိုလိုက်ပို့ပါသည်။

`ကိုခင်မောင်ကျော်.. ဆရာနဲ့ပြောထားတာက ဗူးဘုရားမှာအိပ်မှာ။ အခုနေရာက ပြောင်းသွားပြီ။ ဆရာတို့အဖွဲ့လာတော့ ဘယ်မှာဆုံမှာလည်း မချိန်းရသေးဘူး။ ဘယ်လိုလုပ်ရင်ကောင်းမလဲ´
ခင်မောင်ကျော်က တွေးတွေဆဆနဲ့
`အင်းနော်… ဆရာတို့က ဒီနေ့ဆို ပြည်က အစောကြီးထွက်လာပြီ။ ဒီလိုလုပ်ပါ့လား မင်းတို့အိမ်က မြို့အ၀င်မှာရှိတော့ သုံးထပ်ပြားပေါ် တောင်တက်အသင်း ဒီမှာရပ်ပါလို့ စာရေးပြီး အိမ်ရှေ့မှာ ထောင်ထားလိုက်ပေါ့´
`ဟာ.. မင်းကလည်း အဖွဲ့က ညမှရောက်မှာ ဘယ်လုပ် သတိထားမိမှာလဲ´
`…´
`ရပါတယ်။ ကျွန်တော်ကြည့်လုပ်လိုက်ပါ့မယ်။ မင်း မော်တော်ကထွက်တော့မယ်။ နောက် မင်းက ဟိုမှာ စီစဉ်ရဦးမှာရှိသေးတယ်။´
`အေး…ဟုတ်ပါပြီး။ ငါစိတ်ချမယ်နော်။ သွားတော့မယ် ပီတိ။ မင်းအမေကိုလည်ပြောလိုက်ပါ ကျေးဇူးတင်တယ်လို့။ နောက်ပြီး…´
`နောက်ပြီး မနေနဲ့သွားတော့။ မင်းဘာပြောမယ်ဆိုတာသိတယ်´
`ဟားဟား အေးပါ… ငါကအကောင်းပြောမလို့ မင်းအမ ဟင်းချက်တာက ကောင်းတယ်လို့´
`အေးအေး…ငါသိနေတယ် မင်းဒါမျိုးပြောတော့မယ်ဆိုတာ…´
` ဟားဟား နောက်မှတွေ့မယ် ပီတိ.. ငါသွားပြီ´

ခင်မောင်ကျော်ထွက်သွားတော့ ကျွန်တော်လည်းအိမ်ကို ပြန်လာပါသည်။ အိမ်ကိုရောက်တော့
`သားရေ ခုနကပဲ သားဖေဖေဆီက ဖုန်းလာတယ်။ သားဖေဖေ အလုပ်မှာ fieldးဆင်းနေတဲ့ ဘူမိဗေဒကျောင်းသားတွေရဲ့ camp fire ကို ဒီနေ့လုပ်မှာတဲ့။ အဲဒါ မေမေတို့ကို လာခဲ့ဖို့ ပြန်ခေါ်နေတယ်။´
`ဟင် အိမ်မှာ သားတယောက်ထဲ ဖြစ်နေမှာပေါ့။ အိမ်သော့ကျတော့ ဘယ်လိုလုပ်မလဲ။´

ကျောင်းသားတွေ field ဆင်းပြီးတိုင်း camp fire ကို ညစားတွေ၊ တီးဝိုင်းတွေနဲ့ သေချာလုပ်ပေးလေ့ရှိတော့ တော်တော်ပျော်ဖို့ကောင်းပါသည်။ မေမေကြည့်ရတာလည်း camp fire ကိုသွားချင်ပုံရပါသည်။

`အိမ်သော့ကနှစ်စုံရှိတယ် ဆိုတော့၊ တစ်စုံကို မေမေတို့ယူသွားမယ်။ သားကတစ်စုံယူထားပြီး ထွက်သွားတဲ့အခါ သော့ကိုအိမ်ထဲမှာထားခဲ့ပြီးတော့ ခတ်လိုက်ပေါ့။´
`ဟုတ်ကဲ့´

ညနေ ၃နာလောက်ကျတော့ ဖေဖေဆီက လာခေါ်တဲ့ကားနဲ့ မေမေ နဲ့ အမနဲ့က ထွက်သွားပါသည်။ ညနေစာကိုတော့ အပြင်မှာပဲဝယ်စားဖို့၊ အိမ်ကိုသော့သေချာခတ်ဖို့၊ ခရီးသွားရင် ဂရုစိုက်ဖို့ မှာရင်း လက်ပြနှုတ်ဆက်သွားပါသည်။

တယောက်ထဲ အိမ်ထဲမှာ ကျန်ခဲ့တော့ စိတ်ထဲမျာ တမျိုးပဲ။ နောက်တော့ စာအုပ်စင်မှာရှိတဲ့ စာအုပ်တအုပ်ကို ဖတ်ရင် မှေးကနဲ အိပ်ပျော်သွားသည်။ အိပ်ယာကနိုးတော့ ညနေ ၅း၃၀ ရှိနေပြီ။ ရုတ်တရက်ထလိုက်ပြီး စိတ်ထဲမှာ အဖွဲ့ကားများ ဖြတ်သွားပြီးလားလို့ စိုးရိမ်မိသည်။ ပြည်မြို့မှ မနက်အစောကြီးထွက်လာမည်ဖြစ်သောကြောင့် ညနေစောင်းလျှင် ညောင်ဦးကိုရောက်မည် ခန့်မှန်ချက်နဲ့ စိတ်ပူသွားခြင်းဖြစ်ပါသည်။ အိမ်ရှေ့ကိုထွက်ပြီး ဆိုက်ကားသမားတွေကိုမေးကြည့်တော့ အတွေ့မိသေးဘူးလို့ကြားတော့မှ စိတ်အေးသွားပါသည်။

အိမ်ထဲကိုဝင် ရေချိုး အ၀တ်အစားလဲပြီး အိမ်နားမှာရှိတဲ့ စားသောက်ဆိုင်ကို ညစာထွက်စားပါသည်။ ဆိုင်က လမ်းမဘေးတွင်ဆိုတော့ တောင်တက်အဖွဲ့ကားတွေ လာရင်လည်းမြင်ရပါသည်။ အတွေ့တာကြာတော့ ဆိုင်ရှင်တွေက ဘယ်ရောက်နေလဲ ဘာလုပ်နေလဲ မေးပြန်တာကို ဖြေကြားပြီး တော်တော်ကြာအောင်ထိုင်နေမိပါသည်။

စောင့်နေတာကကြာ၊ လာလည်းမလာတော့ နဲနဲစိတ်ပူလာပါပြီ။ ဘယ်လိုပဲမောင်းမောင်း သာမာန်အားဖြင့် ပြည်မြို့မှ မနက်စောစောထွက်လာပါက အခုချိန်ဆိုလျှင် ရောက်သင့်ပြီ။ ည ၈နာရီခွဲလောက်ရှိတော့ အိမ်ကိုပြန်လာပြီး အိမ်ရှေ့ကခုံမှာ ထွက်ထိုင်စောင့်နေပြန်ပါသည်။ ၁၀နာရီကျော်တဲ့အထိစောင့်ပြီးတော့ အိမ်ထဲကိုပြန်ဝင်လာပြီး အပေါ်ထပ်က လသာဆောင်မှာတက်နေမိသည်။ ဘာများဖြစ်နေလို့ ဒီလောက်နောက်ကျနေပါလိမ့်။ ဘာမှ မဖြစ်ပါစေနဲ့လို့ စိတ်ထဲမှာ ဆုတောင်းမိနေသည်။

လသာဆောင်မှာထိုင်နေလို့ ၁နာရီလောက်ကြာတော့ ကုန်ကားကြီးများ အဝေးမှမောင်းလာသော ကားတာယာသံကိုကြားတော့ ခေါင်းထောင်ကြည့်မိသည်။ အနီးအနားရောက်တော့ သီချင်းဆိုသံတွေကြားရတော့ တောင်တက်အသင်းဖြစ်တယ်ဆိုတာ သေချာသွားသည်။
ဒါပေမယ် အိမ်အောက်ကိုဆင်းပြီးတားဖို့က မမှိနိုင်တော့ဆိုတာသိသည်။ ကားတွေကလည်း အိမ်နဲ့တော်တော်နီးရောက်လာပြီ။ ဘာလုပ်ရမလဲ ဆိုတာ အမြန်တွေးလိုက်သည်။
ဘာအဖြေမှ မထွက်ခင် ကားတွေကအိမ်ရှေ့ကနေဖြစ်နေပြီ….။

နောက်ဆုံး ကြံရာမရတော့ …
`ဆရာမျိုး… ဆရာမျိုး…´
`ကိုမျိုးချစ်… ကိုမျိုးချစ်…. ကားရပ်ပါ…….´

အသံကုန် ဖျစ်ညှစ်အော်လိုက်သည်။ ကားပေါ်မှာ

`၀ူး………´ လို့ပြန်ထူသံကြားလိုက်တော့ သူတို့ကြားတယ်ဆိုတာအားတက်ပြီး အမြန်ဆုံး အိမ်အောက်ကိုပြေးဆင်း တံခါးဖွင့်၊ စက်ဘီးထုတ်၊ ပြီးတော့ အိမ်မှာ တယောက်ထဲ့ဆိုတော့ သော့ပြန်ပိတ်။ စက်ဘီးကို အသော့နှင်ပြီး ကားနောက်ကိုလိုက်ပါသည်။ ကျွန်တော်အော်တဲ့ အသံကြားပြီး ကားများရပ်မလား ဆိုတဲ့ အထင်နဲ့ဖြစ်ပါသည်။ ဈေးနားရောက်သည်ထိ ကားရပ်ထားတာ အတွေ့တော့ မရပ်ပဲ ဆက်မောင်းသွားသည်ကို သိလိုက်ရသည်။

ခေါင်းထဲမှာ စိုးရိမ်စိတ်တွေဝင်လာသည်။ အဖွဲ့ကလူတွေ ကျွန်တော့်နဲ့ အဆုံလိုက်တော့ ဘယ်မှာ အိပ်ရမည်ကိုသိမည်မဟုတ်။ မူလက ချိန်းထားသည့် ဗူးဘုရားကျောင်းမှ နေရာကမရှိ။

နောက်ပြီး အိမ်မှာက ကျွန်တော် တယောက်ထဲ ဘယ်သူမှမရှိ၊ ဆွေမျိုး သူငယ်ချင်းတွေကို အကူအညီတောင်းရအောင်ကလည်း ညဥ့်နက်နေပြီး တမြို့လုံးက အိပ်စက်နေပြီ။

တယောက်ထည်း အိတ်တွေနဲ့ ညောင်ဦးက ပုဂံ ၄ မိုင်လောက်ခရီးကိုသွားလို့မဖြစ်။

အဲဒိလို ဘာလုပ်ရမှန်းမသိ ဖြစ်ကာ အိမ်ဘက်ကို စက်ဘီးစီးလာရင်း …

~~~~~~~~ ဆက်ရန်

11 comments:

SuN said...

ဗျို့ ... ဆရာပီ..
ဝတ္ထုသာ ထုတ်ပါတော့

PeTi said...

အဟဲ… စု ဖတ်တာက မြန်လိုက်တာ ။ ထုတ်ပေးမယ့်လူရှိရင်တော့ စိတ်ဝင်စားသားပဲ.. ဟီး

ဂျစ်တူး - gyit_tu said...

ဟင် .. ကောင်းခန်းကြီး ရပ်ထားတယ် ။

အမြန်ဆက်ပါ .. ၀ီစီ မှုတ်မယ် ..

ရွှီ ............. ။

ဒါနဲ့ ကိုပီတိ တောင်တက်တာ စစ်တိုက်ထွက်သလိုပါလား အဟား ။ ဂျစ်တို့ တက်တုန်းက အဲလောက်မရှည်လို့ ထင်တယ် ။ နောက်ပြီး အလွယ်စားစရာတွေပဲ ယူတာလေ ။

pandora said...

တရဲနဲ့တွေ့ရောလား ဥစ္စာစောင့်နဲ့ တွေ့ရောလား

အလွမ်းအိမ် said...

စောင့်ရကျိုး နပ်အောင်ရေးပေးတတ်တယ်။ ကျေးဇူး။

PeTi said...

ဂျစ်တူးရေ… ဆက်ရေးရမှာတွေရှိနေသေးလို့ ခဏရပ်ထားတာပါ။ ဆက်ရေးမှာပါ။
ဟုတ်တယ်၊ ကျွန်တော်တို့သွားတာ လူအများကြီးနဲ့ဆိုတော့ လေ့ကျင့်မှုရှိမှရမှာ။ မဟုတ်ရင် လမ်းမှာကျမှ ဆက်မလိုက်နိုင်တော့ဘူးဆိုရင် ကျန်တဲ့လူတွေ ဒုက္ခရောက်မှာပေါ့။ နောက်ပြီးတော့ ကျွန်တော့်တို့သွားတယ့်နေရာက ဘာစခန်းမှ မရှိဘူး၊ ပစ္စည်းအားလုံး လူအားကိုးပြီး သယ်သွားရတယ်လေ။

ပန်ဒိုရာ… ကံကောင်းတယ်လူဆိုတော့ ကယ်မယ့်သူနဲ့တွေ့မှာပေါ့။ အဖြူရောင် မော်နီတာပေါ်မှာ ဆက်လက်ရှုစားပါ။

အလွမ်းအိမ်… တကူးတကလာဖတ်တဲ့ အတွက် ကျွန်တော်က ကျေးဇူးတင်ရမှာပါ။

Ye-Mon said...

ပီတိရေ Tempo တက်လာမှ ရပ်ပစ်လိုက်တယ်။ တော်တော် ဆိုးတာပဲ။ ကိုရီးယားကား ကျနေတာပဲ။ ဆက်ပါဦး မြန်မြန်လေး။

Ye-Mon said...

လှိုင်ကောလိပ် ဆိုင်းဘုတ် သံဂိုင်း ကွေးသွားတာ .. အခုမှ လက်သည်ပေါ်တော့တယ်။

PeTi said...

ဟုတ်ကဲ့ ဆက်ပြီးရေးမယ်။ အခု အခက်တွေ့နေတာက ကိုမင်းပြောသလို tempo ကိုမြှင့်လိုက်ပြီး ပြန်ထိန်းဖို့ခက်နေတယ်။

အဟဲ၊ ၉၆ တုန်းက အဲလောက် ၀သေးဘူးဗျ။

Maydarwii said...

ကိုပီတိရဲ့ ဘလော့ကို လာလည်ရင်းနဲ့ ၄/၉၆ ဖတ်လိုက်တာ မပြန်နိုင်တော့ဘဲ ... ၂/၉၆ ပထမပိုင်းကနေ ပြန်စဖတ်ဖြစ်သွားတယ်။ ကျမလည်း အာစီတူးတက်ခဲ့ဖူးတာမို့ ဓာတ်ပုံလေးကို မြင်ရတာ တော်တော်လေး လွမ်းသွားမိတယ်။ ၄/၉၆ ကို ဆက်ရေးပါအုံး လို့ တောင်းဆိုပါရစေရှင်။

PeTi said...

မမေဓါဝီ.. အခုလိုလာပြီး စာဖတ် ဝေဖန်သွားတာ ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ။ ကျွန်တော် က မမေဓါဝီ ရဲ့ ဘလော့ကို အမြဲတမ်းဖတ်တဲ့ ပရိတ်သတ်တယောက်ပါ။ ကျွန်တော် အသစ်ရေးဖြစ်တဲ့ အချိန်ကျရင် အကြောင်းကြားလိုက်ပါ့မယ်။

Ratings