Saturday, November 24, 2007

တန်ဆောင်မုန်းလပြည့်နေ့ အလွမ်းပြေ


ဒီကယူထားပါသည်။

တန်ဆောင်မုန်းလပြည့်က ကျွန်တော်ရဲ့ဇာတိမြို့ရဲ့ ကျက်သရေဆောင် ရွှေစည်းခုံစေတီတော်ရဲ့ ဘုရားပွဲတော်ဖြစ်ပါတယ်။ ရွှေစည်းခုံဘုရားပွဲတော်ကို အနီးအနားပတ်ဝန်းကျင် မြို့တွေ၊ ရွာတွေက လာရောက်လေ့ရှိပါသည်။ ဘုရားပွဲတော်ကို ပွဲဈေးတန်းများ၊ ဇာတ်ပွဲများ၊ အငြိမ့်များ၊ မျက်လှည့်ပွဲများ နဲ့ စည်ကားစွာ နှစ်စဉ် ကျင်းပလေ့ရှိပါသည်။

ပွဲဈေးတန်းတွေမှာတော့ ဆိုင်ခန်းပေါင်း ငါးရာကျော်ခန့်ရှိပါသည်။ ရောင်ချသည့် ပစ္စည်းတွေကလည်း စုံလင်လှပါသည်။ စဥ့်အိုး၊ပန်အိုး၊ဖျာ၊ မီးဖိုချောင်သုံး ပစ္စည်း၊ အခြောက်အခြမ်း၊ အ၀တ်အထည်၊ အလှကုန်၊ ကလေးကစားစရာ၊ စသည်တို့ ရောင်ချသည့်ဆိုင်များအပြင် စားသောက်ဆိုင်များရှိပါသည်။ ဆိုင်တန်းများကို ရွှေစည်းခုံဘုရား၏ တောင်ဘက်စောင်းတန်း နှင့် ဘောလုံးကွင်းကြားတွင် သတင်းကျွတ်ပြီ ဆိုကတည်းက စပြီးဆောက်လေ့ရှိပါသည်။ ဆိုင်များကိုတော့ ၀ါး၊ ထရံများဆောက်လုပ်ပါသည်။ တန်ဆောင်မုန်းလဆန်းဆိုလျှင် ဆိုင်များစတင်ရောက်ရှိလာပြီး လဆန်း ၈ ရက်နေ့လောက်ကစပြီး စတင်စည်ကားပြီဖြစ်ပါသည်။

ပွဲဈေးများသည် ညနေပိုင်း ၄နာရီလောက်မှာ စတင်စည်ကားပြီး ညစဉ်ဇာတ်ပွဲများ၊ အငြိမ့်ပွဲများရှိသောကြောင့် တညလုံးနီးပါး လူသူမပြတ်ရှိတတ်ပါသည်။ ဟိုးအရင်ခေတ်များက လမ်းပန်းဆက်သွယ်ရေးကြောင့် ပစ္စည်းများမှာ အခုခေတ်လို လိုအပ်သည့် ပစ္စည်းများကို ၀ယ်ယူချင်သော အချိန်တွင် ၀ယ်ယူဖို့ရန် အလွယ်ကူလှပေ။ ဒါကြောင့် တနှစ်စာလိုအပ်မည့် ပစ္စည်းများကို အခုလို ဘုရားပွဲများတွင် ၀ယ်ယူထားပြီး သုံးလေ့ရှိသည်။

ငယ်စဉ်တုန်းကတော့ မိဘများနဲ့ ပွဲဈေးတန်းလျှောက်ပါသည်။ လူကြီးတွေကတော့ အိမ်မှာ လိုအပ်သော ပစ္စည်းများကို ၀ယ်ချမ်းကြပါသည်။ ငယ်စဉ် ကျွန်တော့် အကြိုက်ဆုံးဆိုင်များမှာ ကလေးကစားစရာရောင်းချသောဆိုင်တန်းများပင်ဖြစ်သည်။ မိမိလိုချင်သော ကစားစရာများကို ၀ယ်ပေးရန် မမောမပန်း ပူဆာရသည်မှာ နှစ်စဉ်နှစ်တိုင်းပင်ဖြစ်ပါသည်။ များသောအားဖြင့် ပူဆာတတ်သည်မှာ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ကစားစရာကား၊ သေနတ်များပင်ဖြစ်ပါသည်။ ပွဲဈေးကိုသွားသောနေ့ဆိုလျှင် ညစာကို ပွဲဈေးမှာပဲ စားဖြစ်လေ့ရှိပါသည်။ များသောအားဖြင့် မုန့်တီ သို့မဟုတ် ဒန်ပေါက်ကိုစားပါသည်။
အနည်းဆုံးတော့ ပွဲဈေးကို ၅ ခေါက်တော့ ရောက်ဖြစ်ကြပါသည်။

တန်ဆောင်မုန်းလပြည့်နေ့ဆိုလျှင် မနက်အစောကြီး ဘုရားကိုသွားပြီး အာရုဏ်ဆွမ်းကပ်ပြီး သံဃာတော်များကို စုပေါင်းပြီး ဆွမ်းကြီးလောင်းကြပါသည်။ ညပိုင်းမှာတော့ မြတ်စွားဘုရားကို ဆီမီးများဖြင့် ပူဇော်ပါသည်။ နောက်ပိုင်းမှာတော့ မီးရှုးမီးပန်းများဖြင့်ပါ ပူဇော်ပါသည်။ ဘုရားပွဲတော်နေ့များတွင် ရင်ပြင်ပေါ်မှာ ဘုရားဖူးများအမြဲစည်ကားနေပါသည်။ လပြည့်နေ့ဆိုလျှင်တော့ ကြိတ်ကြိတ်တိုးစည်ကားပါသည်။ ရွှေစည်းခုံစေတီတော်မြတ်ရဲ့ ထူးခြားချက်ထဲမှာ ပါတဲ့ အတိုင်း ဘုရားဖူး မည်မျှပင်များစေကာမူ သွားမရလောက်အောင် ပြည့်သွားသည်မရှိပေ။

တောင်ကြီးမြို့သူမြို့သားများ တန်ဆောင်တိုင်ပွဲတော်ကို အမြဲမျှော်လင့်နေသလို ကျွန်တော် တို့မြို့သူမြို့သားသည် ရွှေစည်းခုံစေတီတော်ဘုရားပွဲတော်ကို သတိရနေမှာ သေချာပါသည်။


ဒီကယူထားပါသည်။

လာမယ့် တလကျော် ပြာသိုလပြည့်ဆိုလျှင်တော့ ပုဂံမှာရှိတဲ့ အာနန္ဒာဘုရား ပွဲတော်ဖြစ်ပါသည်။ အာနန္ဒာဘုရားတော်သည်လည်း အင်မတန် စည်ကားသောပွဲတော်ပင်ဖြစ်ပါသည်။ ကြိုတင်ပြီးလွမ်းထားတာပါ။

4 comments:

SuN said...

မြန်မာဖတ်စာအုပ်ကြီး ဖတ်ရသလိုပဲ.. လွမ်းလိုက်တာ (ဖတ်စာအုပ်ကို) .. ပုဂံကို အမှတ်ရတာ.. ဘူးဘုရားပဲ.. နောက်မှ ပြောပြမယ်..

Ye-Mon said...

အာနန္ဒာ ဘုရားပွဲက ၀ိတိုရိယ ခရီးစဉ်နဲ့ အကိုက်ပဲ။ သတိရစရာတွေက များပါ့။

PeTi said...

ကိုမင်း ဟုတ်ပဗျာ။ နောက်တခေါက်ဆို ဘုရားပွဲသွားရင် ၀ိတိုရိယကို သွားကြရအောင်။ ပျော်ပျော်ပါးပါးပေါ့။

PeTi said...

SuN .. ရေးတာကို စိတ်တိုင်းမကျပေမယ့် အချိန်မှီရေးပြီး တင်လိုက်မိတယ်။ သည်းခံပြီးဖတ်တာ ကျေးဇူး။

Ratings