Wednesday, December 31, 2008

နှစ်သစ် အတွေး

အသုံး
မနှစ်ကနဲ့မတူ
ဒီနှစ် ပိုလျော့ရမည်။

အပြုံး
မနှစ်ကနဲ့မတူ
ဒီနှစ် ပိုပေးရမည်။

အမုန်း
မနှစ်ကနဲ့မတူ
ဒီနှစ် ပိုခံရမည်။

အသစ်
မနှစ်ကနဲ့မတူ
ဒီနှစ် ပိုလိုချင်သည်။

အပြစ်
မနှစ်ကနဲ့မတူ
ဒီနှစ် ပိုထိန်းရမည်။

အချစ်
မနှစ်ကနဲ့မတူ
ဒီနှစ် ...... ။

Read More...

ကိုယ့်ကိုယ်ကို မုန်းသောအချက်များ

လင်းကရေးဖို့ပြောထားတာ ကြာနေပါပြီ။ ကိုယ့်ကိုယ်ကို မကြိုက်တဲ့ အချက်တွေ ၁၀ချက်ရေးပါတဲ့။ ကျွန်တော့်ထုံးစံအတိုင်း လာမည်ကြာမည် လို့ပြန်ပြောထားလိုက်တယ်။

အခုတော့ နှစ်မကုန်ခင် အကြွေးကုန်အောင်ရေးပေးလိုက်ပါတယ်။ ရေးခိုင်းတဲ့လူတောင် မေ့နေပြီထင်ပါတယ်။

ကဲလင်းရေ ၁၀ ချက်ကြီးများတောင်မကြိုက်မှတော့ ကိုယ်ကိုယ်ကို လက်ခံနိုင်ပါဦးမလား မသိတော့ဘူးနော်… အဲတော့ ရှိသလောက်ပဲရေးမယ်ဗျာ…

သေချာတာတစ်ခုကတော့ လူများခိုင်းလို့ တိုက်တွန်းတယ်ဆိုရင် ကောင်းတာကိုပဲဖြစ်ဖြစ် မကောင်းတာကိုပဲဖြစ်ဖြစ် မလုပ်ချင်ပါဘူး။ အခုပဲကြည့်လေ ဘယ်သူတွေလာတက်ဂ်လုပ်တော့် ရေးတော့ရေးပေးတယ်… ဒါပေမယ့် မလုပ်ချင်လုပ်ချင်နဲ့လေ။

ငယ်ငယ်တုန်းကဆို စိတ်ပါလက်ပါနဲ့ စာကျက်ဖို့ ပြင်ဆင်နေတုန်း တစ်ယောက်ယောက်က စာကျက်နော်လို့ လာပြောလိုက်ရင် စာမကျက်တော့ပဲ ချက်ချင်းအိပ်တာမျိုးလုပ်ခဲ့ပါတယ်။ ပျင်းပြီး စာမကျက်တဲ့အချိန်ဆိုလည်း စာကျက်လို့ပြောလည်း မကျက်ခဲ့ပါဘူး။ တကယ်တော့ ပျင်းတာကိုက ကိုယ့်ကိုယ်ကို မကြိုက်တဲ့အရာတစ်ခုပဲလေ။

The Ants အဖွဲ့ရဲ့ ပထမဆုံးအခွေထဲမှာ မောင်မောင်ဇော်လတ်ရေးထားတဲ့ ငပျင်းသီချင်းဖွင့်ပြီဆို မေမေက ငါ့သားကိုမြင်ပြီးရေးထားတာလားမသိဘူး လို့တောင်ပြောယူရတယ်။ သီချင်းစာသားထဲမှာ မေမေကြားတာက “… ငါ့မှာ ပျင်းရမှာတောင် ပျင်း ... ငပျင်း…” တဲ့လေ…

နောက်ပြီး ကျွန်တော်မှာ တစ်ချက်ဒေါသကြီးတာပါပဲ။ တစ်ခုခုဒေါသထွက်ပြီဆို ချက်ချင်းကောက်လုပ်မိတတ်ပါတယ်။ ပြီးတော့မှ အဲဒါမျိုး လုပ်ဖို့ မသင့်တော်ဘူးဆိုတာ သိလိုက်တာမျိုးပေါ့။ အသက်ကြီးလာတော့ နည်းနည်းတော့ ထိန်းနိုင်လာပါတယ်။

အရွဲ့တိုက်တတ်တာလည်း ပြင်သင့်ပါတယ်။ အခုတော့ မရှိသလောက်တော့ နည်းပေမယ့် ရှိတော့ ရှိနေပါသေးတယ်။ ငယ်ငယ်တုန်းက အလုပ်လုပ်တုန်းကဆို ရှိခွန်အား တတ်တဲ့ပညာ နဲ့ အတတ်နိုင်ဆုံး အလုပ်တစ်ခု လုပ်ထားတာကို အသုံးမကျဘူးလို့ ပြောတဲ့ လူကြီးတစ်ယောက်ကို ရွဲ့ပြီးပြောလိုက်လို့ နောက်ပိုင်း အဲဒီလူကြီးနဲ့ အဆင်မပြေတော့ပါဘူး။ ပြီးတော့ နောက်ကွယ်မှာ ရိုင်းတယ်ဆိုပြီး အပြောခံရပါတယ်။ လူလောကဆိုတာ နောက်ကွယ်မှာလုပ်ချင်ရာလုပ် ရှေ့မှာ သွားဖြီးပြရင် အဆင်ပြေတတ်ပါတယ်။ အခုတော့ အဲဒီ လူလောကကြီးထဲမှာ နေတတ်လာပါပြီ။

နောက်ဆုံးတစ်ခုကတော့ အသက်ငယ်စဉ်တုန်းကဖြစ်ခဲ့တဲ့ ကလဲ့စားချေလိုတဲ့စိတ်ပါပဲ။ ကိုယ်ခံစားရသလို တစ်ဖက်လူကိုပြန်ခံစားစေချင်တဲ့စိတ်ပါပဲ။ တစ်ချို့ ကိစ္စတွေမှာ တစ်ဖက်လူက ရည်ရွယ်ပြီး လုပ်တာမဟုတ်ပဲ မတော်တဆလည်းဖြစ်တတ်တယ်ဆိုတာကို နားလည်သင့်တာတွေရှိပါတယ်။ အသက်ကြီးလာတော့ ကိုယ့်ကိုရည်ရွယ်လုပ်ရင်တောင် စိတ်ဒေါသမထွက်ပဲ ကိုယ်ကိုယ်ကို ထိန်းနိုင်တယ်ဆို ကိုယ်ပဲစိတ်သက်သာရာရတယ်ဆိုတာ ပိုသိလာပြီး ကလဲ့စားချေချင်ရင်တောင် အဲဒီအတွေးကိုဖျောက်ပစ်လိုက်ပါတယ်။

ကျန်တဲ့ အပေါ်က မကြိုက်တဲ့ အချက်တွေကိုလည်း ကြိုးစားပြီးပြင်သွားမှာပါ။ တချို့ဟာတွေက ကိုယ့်ဆီမှာစွဲကပ်နေတာကြာပြီးဆိုတော့လည်း ပြင်ဖို့ရာ အချိန်တော်တော်လေးယူရမှာပေါ့။

ပျင်းတာကိုပြင်ဖို့ကို ပျင်းနေတာ… :P

Read More...

Wednesday, December 17, 2008

လပြည့်ည


လေပြေညှင်းသွဲ့
တိမ်ကင်းစင်တဲ့ ညအခါ
ချောင်းနံဘေးက
တံတား အထက်မှာ
ထိန်ထိန်သာတဲ့
ငွေသော်တာ...

Read More...

Monday, December 15, 2008

ဒီရေး ဟိုရောက် ၊ ဟိုရေး ဒီရောက် - ၅

ဒီဇင်ဘာလ…

နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်ပြီး X’mas New Year စတဲ့ ပိတ်ရက်တွေ ပွဲတော်တွေလည်းရှိ အပိုလစာတွေလည်းရတတ်လေ့ရှိတာတွေကြောင့် ဒီလရောက်ပြီဆို စိတ်ထဲမှာ အလိုလိုပျော်နေတတ်ပြီး အလုပ်လုပ်ချင်စိတ်တွေနည်းနေတတ်ကြပါတယ်။

ဒီနှစ် ဒီဇင်ဘာမှာတော့ ကမ္ဘာ့စီးပွားရေးကပျက်နေတော့ အရင်နှစ်တွေလောက် ကမ္ဘာကြီးကပျော်ရွှင်နိုင်မယ်မထင်ပါဘူး။ အထောက်အထား အချက်အလက်တွေထက် ပတ်ဝန်းကျင် အနေအထားနဲ့ ကိုယ့်အခြေအနေကို အခြေခံပြီး ပြောတာပါ။

အရင်လ နိုဝင်ဘာလ အစလောက်ကတည်းက အလုပ်အသစ်ရတာ သိသိသာသာနည်းသွားတာ လကုန်လောက်လည်းရောက်ရော အလုပ်က လုံးဝမရှိသလောက်ဖြစ်တော့ ရုံးမှာရှိတဲ့လူအကုန် စိတ်ပင်ပန်း လူပင်ပန်းဖြစ်ပြီး အလုပ်အသစ်ရရှိရေး အစွမ်းကုန် ကြိုးပမ်းရပါတော့တယ်။

အဲဒီအချိန်မှာ ရန်ကုန်က ဧည့်သည်တွေရောက်နေတော့ ရုံးပိတ်ရက်အချိန်မှာ သွားစရာရှိတဲ့ နေရာတွေလိုက်ပို့၊ ပြောစရာရှိတာတွေ ပြောကြဆိုတော့ အထိုက်အလျောက်တော့ စိတ်အပြောင်းအလဲတော့ ဖြစ်သွားပါတယ်။

ရန်ကုန်ကလူတွေနဲ့ ပြောကြတဲ့စကားတွေက အထူးအဆန်း မဟုတ်ပေမယ့် တိုးတက်ခြင်းမရှိ ဆုတ်ယုတ်လာတဲ့ မြန်မာလူငယ်တွေအကြောင်းကို ပိုပြီးသိလာရတော့ စိတ်မကောင်း ဖြစ်မိပါတယ်။ အခုခေတ်တက်လူငယ်တွေကြားမှာ ဖြစ်ချင်လိုချင်တဲ့အရာတစ်ခုကို ကြိုးစားပြီး ရယူလိုခြင်းထက် ဖြတ်လမ်းနည်း ဒါမှမဟုတ် ကြိုးမှုမပါပဲနဲ့အလွယ်တကူရလိုတဲ့ စိတ်ဓာတ်တွေ များပြားလာတဲ့အကြောင်းတွေပါပဲ။ နေထိုင်ရာ ပတ်ဝန်းကျင်နဲ့လည်း ဆိုင်မှာပေါ့။

ရန်ကုန်ကအလည်လာတဲ့ တစ်ယောက်က သူတို့အလုပ်မှာ အင်တာဗျူးတဲ့ အတွေ့အကြုံကိုပြောပြပါတယ်။ အလုပ်လာလျှောက်တဲ့ လူငယ်အများစုရဲ့ အလုပ်လျှောက်ထားတဲ့ ကိုယ်ရေးရာဇ၀င် (Resume) တွေဟာ ဖြစ်သလို ရေးထားတတ်ကြပြီး မမှားသင့်တဲ့ အင်္ဂလိပ်လို အမှားတွေလည်း အများကြီးတွေ့ရတယ် လို့ပြောပါတယ်။ အဆိုးဆုံးကတော့ ကိုယ်လျှောက်ထားတဲ့ အလုပ်ရဲ့အကြောင်းကို လုံးဝမသိခြင်းပါပဲ လို့ပြောပါတယ်။ အင်တာဗျူးတဲ့ အခါမှာ ဖြေဆိုတဲ့မှာလည်း အချိန်နောက်ကျတာကလည်း လူတိုင်းနီးပါးဖြစ်နေတယ်လို့ ဆက်ပြောပါသေးတယ်။

တကယ်တော့ ၀န်ထမ်းသစ်တစ်ယောက်ကို ခန့်ထားတယ်ဆိုတာ လုပ်ငန်းရှင်အတွက်က အင်မတန်အရေးကြီးပါတယ်။ ခန့်ထားလိုက်တဲ့ ၀န်ထမ်းတစ်ယောက်ကြောင့် လုပ်ငန်းမှာ အများကြီးတိုးတက်ပြောင်းလဲသွားနိုင်သလို လက်ရှိအလုပ်တွေလည်း အဆင်မပြေမှုတွေ ဖြစ်သွားနိုင်ပါတယ်။ ရာထူးကြီးငယ်မဟူ ၀န်ထမ်းအသစ်ခန့်ထားခြင်း အရေးပါလှပါတယ်။ အဲလိုအချိန်မှာ အလုပ်လျှောက်ထားတဲ့သူက မိမိအကြောင်းရေးထားတဲ့ resume ကို မလေးမစားရေးခြင်း၊ ကိုယ်လျှောက်တဲ့ အလုပ်ရဲ့အကြောင်း နဲ့ ရာထူးအကြောင်း ကို လေ့လာထားခြင်းမရှိခြင်း၊ အင်တာဗျူးချိန်နောက်ကျခြင်း နဲ့ အင်တာဗျူးကောင်းစွာ မဖြေနိုင်ခြင်း ဆိုတာတွေက အလုပ်မရခြင်းရဲ့ အကြောင်းတွေဖြစ်ပါတယ်။

ရန်ကုန်က အလုပ်တော်တော်များများဟာ နီးစပ်ရာလူတွေပဲ ခန့်ထားတာဖြစ်လို့ နီးစပ်ရာအားကိုးရာမရှိရင် အလုပ်မရနိုင်ဆိုတဲ့ အသံတွေလည်းကြားရပါတယ်။ အဲလိုဖြစ်တာတွေရှိပေမယ့် ၁၀၀% အလုပ်လျှောက်တိုင်း ဖြစ်နေတယ်လို့ ကျွန်တော်မယူဆပါဘူး။ မိမိနဲ့ကိုက်ညီမယ့် အလုပ်ကိုရွေး၊ သေသေချာချာ resume ကိုရေး၊ အလုပ်အကြောင်းကိုလေ့လာ၊ အင်တာဗျူးကို လေ့ကျင့်ပြင်ဆင်ပြီးမှ အလုပ်လျှောက်မယ်ဆို ရနိုင်ဖို့ အခွင့်အလမ်းတွေ များလာမှာဖြစ်မှာဖြစ်ပါတယ်။

နောက်ဧည့်သည်တစ်ယောက်က ကျွန်တော်တို့ပြောနေတာကြားပြီးတော့ ၀င်ပြီးဆက်ပြောပါသေးတယ်။ သူပြောတာကတော့ အလုပ်အင်တာဗျူးအကြောင်းတော့ မဟုတ်ပါဘူး။ နိုင်ငံခြားကို ပညာတော်သင်သွားဖို့ လုပ်တဲ့ အင်တာဗျူးအကြောင်းပါပဲ။ လူတွေ့မေးတဲ့အခါမှာ ဘယ်နိုင်ငံက ဘယ်သင်တန်းကို သွားတက်ရမယ်ဆိုတာကို သေချာစွာမသိပဲ လျှောက်လွှာ တင်ထားတဲ့လူတွေ အများကြီးပါတာကို တွေ့ရတယ် လို့ပြောပါတယ်။ နောက်ဆုံးတော့ အင်တာဗျူးတဲ့ဆရာမကြီးတစ်ယောက်က အင်တာဗျူးလာတဲ့ ကျောင်းသူတစ်ယောက်ကို “အီသီယိုပီးယားမှာကျောင်းသွားတက်ရမှာ သွားမှာလားလို့…” မေးလိုက်တော့… “တကယ်လား…” လို့ ပြန်မေးလေရဲ့…. တဲ့

ကိုယ်လိုချင်ရင် ကိုယ်က လုံ့လ၀ီရိယနဲ့ ကြိုးစားအားထုတ်ရမယ်ဆိုတာကို ကျောင်းတွေက မသင်ပေးနိုင်တော့တဲ့ အဖြစ်တွေပဲလားတော့မသိပါဘူး။ (အဲဒါနဲ့ ပတ်သက်ပြီး ကိုရဲမွန်လည်း သူရဲ့ ခံစားချက်ကိုရေးထားတာလေးရှိပါတယ်။ ဒီမှာပါ...)

ကျွန်တော်တို့ငယ်စဉ်ကတော့ စာမေးပွဲဖြေဖို့အတွက်ဆို ကိုယ်တိုင် စာတွေကျက်မှတ် တွက်ချက်ပြီးပြင်ဆင်ရပါတယ်၊ ကိုယ်ပိုင်ဥာဏ်နဲ့ အားထုတ်ပြီးတော့ ဖြေဆိုရပါတယ်။ စာမေးပွဲကို ကိုယ်ပိုင်ဥာဏ်နဲ့ ဖြေဆိုရတာ၊ ဖြေပြီးတဲ့အချိန်မှာ တော်တော်လေးအရသာရှိတဲ့ ခံစားချက်ပါပဲ။

ကျွန်တော်တို့လည်း ခေတ်ကောင်းတွေပဲ ဖြတ်သန်းခဲ့ရတာမဟုတ်တော့ စာမေးပွဲမှာ စာတွေကူးချဖူးခဲ့ပါတယ်။ ၁၉၉၆ ဒီဇင်ဘာမှာ ကျောင်းပိတ်လိုက်ပြီးတော့ တက္ကသိုလ်စာမေးပွဲတွေကို အထက်တန်းကျောင်းတွေမှာဖြေတုန်းကပေါ့။ အဲဒီစာမေးပွဲဖြေပြီးတော့ ဘာမှမခံစားရသလို၊ ဂုဏ်လည်းမယူနိုင်ခဲ့ပါဘူး။ အဲဒီ စာမေးပွဲဖြေပြီးတော့ ပေါ့ပါးပြီးလွတ်လပ်တဲ့အရသာမခံစားရပဲ စိတ်ထဲမှာ နောက်ကျိပြီး ရှုတ်ထွေးသွားပါတယ်။

ဟိုရောက်ဒီရောက် တွေးမိတော့ တခါတလေမှာ ကိုယ့်ကိုကိုယ် အထင်ကြီးခြင်းတွေများတာကလည်း ကိုယ့်အခြေအနေမှန်ကို သေချာ မသိတာလည်းဖြစ်နိုင်ပါတယ်။ ရန်ကုန်ကနေပြီး အလုပ်လာရှာမယ့်သူငယ်ချင်းတွေကို မပျက်မကွက် မှာလေ့ရှိတာကတော့ language ကိုသေချာလုပ်လာဖို့ပါပဲ။ အဓိက ကတော့ အင်တာဗျူးကောင်ကောင်းဖြေနိုင်ဖို့နဲ့ လုပ်ငန်းခွင်အဆင်ပြေစေဖို့ပါပဲ။

အဲလိုပြောလိုက်တယ်ဆိုရင်
“ဘာ language ကိုလုပ်လာရမှာလဲ။ တရုတ်စကားပြောလားလို့…” အမေးခံရပါတယ်။
“English စကားပြောအဓိကထားလုပ်ရမှာ…” လို့ ပြောလိုက်တယ်ဆို
“ဟာကွာ မင်းကလည်း ဒီလောက်တော့ ငါတို့လည်း ပြောတတ်ပါတယ်…” ဆိုပြီး ပြန်ပြောပါတယ်။

ရန်ကုန်က သင်တန်းတက်ပြီး ပြီးမနေပဲ အင်္ဂလိပ်အသံထွက် ဇာတ်ကားတွေကြည့်၊ သတင်းတွေကြည့် သူတို့ပြောတာတွေနားထောင် အတုခိုး လိုက်ပြောကြည့်နဲ့ လုပ်သင့်ပါတယ်။ ကျွန်တော်ကိုယ်တိုင် အင်္ဂလိပ်လို အင်မတန်တော်နေ တတ်နေလို့ ပြောနေတာ မဟုတ်ပါဘူး။ ကိုယ်တိုင်လည်း အဲလိုလေ့လာခဲ့ဖူးလို့၊ အခုအခြေအနေမှာ ကိုယ့်ကို အထင်အမြင်အသေးမခံရလောက်အောင်တော့ အင်္ဂလိပ်လို ပြောနိုင် ဆိုနိုင် နေပါတယ်။ အကြောင်းလည်း တိုက်ဆိုင်လို့ပြောလိုက်တာပါ။

တကယ်ဆို ဘယ်အရာမှ လေ့လာလို့ ပြီးပြည့်စုံသွားတယ်လို့ မရှိပါဘူး လေ့လာလေ မသိတာတွေများလေပါပဲ။


စကားဆက်ပြောကြတော့လည်း စကားတွေက ဟိုရောက်ဒီရောက်ပေါ့။ ဒီခေါင်းစဉ်လိုပါပဲ…

ဧည့်သည်ထဲက လုပ်ငန်းရှင်တစ်ယောက်ပြောတာကလည်း စိတ်ဝင်စားစရာပါပဲ။ ရန်ကုန်က လုပ်ငန်းခွင်မှာ အလုပ်ကြိုးစားလုပ်ခြင်း မလုပ်ခြင်းဟာ လစာနည်းခြင်း မနည်းခြင်းနဲ့ မဆိုင်ဘူးလို့ ဆိုတာပါတယ်။

အဲဒါလည်း ဟုတ်ပါတယ်။ လစာနည်းလို့ အလုပ်ကိုကောင်းကောင်းမလုပ်ဘူးဆိုတာက လွဲမှားတဲ့ စိတ်ဓာတ်ပါပဲ။ လစာပေးတာနည်းလို့မလုပ်ဘူးဆို ဒီအလုပ်ကို ဒီလစာနဲ့လုပ်မယ်လို့ ဘဘောတူခဲ့တာကလည်း ကိုယ်တိုင်ပဲလေ။ အဲတော့ ကိုယ့်ရဲ့အလုပ်ကိုလည်း ကြိုးကြိုးစားစား လုပ်ရမှာကလည်း ကိုယ့်ရဲ့တာဝန်ပဲပေါ့။ အမှန်က အလုပ်မှာ တာဝန်ပေါ့ပေါ့လျော့လျော့လုပ်ခြင်းဟာ လုပ်ငန်းရှင်ကိုထိခိုက်တာထက် ကိုယ့်ကို ထိခိုက်တာက ပိုများပါတယ်။ ဘာကိုထိခိုက်တာလဲဆိုတော့ စိတ်ဓာတ်ပါ။

အလုပ်ကို ကြိုးကြိုးစားစားလုပ်ချင်ပြီး တာဝန်ကျေချင်တဲ့ ကိုယ်ရဲ့ပင်ကိုယ်မူလ စိတ်ဓာတ်တွေကို မဖျက်စီးပစ်လိုက်ပါနဲ့။

နောက်ပြီး အဲဒီလုပ်ငန်းရှင်ကပဲဆက်ပြီးပြောတာကတော့ ကွန်ပျူတာလုပ်ငန်း လုပ်နေတဲ့ လုပ်ငန်းရှင်တစ်ယောက်ပြောတယ်တဲ့ မြန်မာနိုင်ငံမှာ အိန္ဒိယက ကျောင်းဆင်းပြီးစ programmer တစ်ယောက်ကို USD 300 ပေးတာက မြန်မာနိုင်ငံမှာက programmer တစ်ယောက်ကို USD 100 ပေးခန့်ထားရတာထက် ပိုပြီးတွက်ခြေကိုက်တယ်လို့ ပြောဖူးပါတယ်တဲ့…

အကယ်၍ တကယ်ပဲ အဲဒီလိုမျိုး ကောက်ချက်မျိုးကို လုပ်ငန်းရှင်ကြီးတစ်ယောက်က ချခဲ့တယ် ဆိုလို့ရှိရင် တော်တော်လေး စဉ်းစားသင့်တဲ့အချက်ပါပဲ။ ရန်ကုန်မှာ တကယ်ပဲ အလုပ်ကြိုးစားချင်သူတွေ နည်းနေပြီလားဆိုတာပါပဲ။

အဲလိုပြောလိုက်တော့ ပိုက်ဆံများများပေးရင် အလုပ်တွေကြိုးစားပါတယ်၊ နိုင်ငံခြားမှရှိတဲ့ မြန်မာတွေကို ကြည့်ပါလား၊ အလုပ်ကြိုးစားလို့ နာမည်ကောင်းတွေထွက်နေပါတယ် လို့ ပြောမယ်ထင်ပါတယ်။ အဲဒီအတွက်တော့ သိပ်ပြီးမပြောလိုပါဘူး…

ဒါပေမယ့် ဒီမှာတော့ အထက်အရာရှိက မြန်မာဆိုလို့ရှိရင် အောက်အဆင့်က မြန်မာက အလုပ်ကောင်းကောင်းမလုပ်ဘူး ကလန်ကဆန်လုပ်တတ်တယ်လို့ ပြောသံတွေကြားဖူးရဲ့…

မြန်မာတွေ စိတ်ဓာတ်ကို ပြင်ဖို့လိုနေပြီ လို့ထင်ပါတယ်။

ကျွန်တော်လည်း အပါအ၀င်ပေါ့…

Read More...

Wednesday, December 3, 2008

Cavenagh Bridge - Photos

တစ်နေ့က ကာဗာနာ တံတား (Cavenagh Bridge - အသံထွက်မှားရင် ပြင်ပေးသွားပါ) နားရောက်တုန်းက ကို ရိုက်ထားတဲ့ ဓာတ်ပုံတွေပါ။

ကာဗာနာတံတားက စင်ကာပူမှာ တစ်ခုတည်းသော ကြိုးဆိုင်းတံတားဖြစ်ပြီး သက်တမ်းအရင့်ဆုံးတံတားတစ်စင်းလည်းဖြစ်တယ်လို့ ဆိုပါတယ်။ ၁၈၇၀ ခုနှစ်မှာဖွင့်လှစ်ခဲ့တာပါ။ အပြည့်အစုံကို ၀ီကီပီဒီယား မှာ ဖတ်ကြည့်နိုင်ပါတယ်


တံတားမှာအလှဆင်ထားတဲ့ မီးရောင်သုံးမျိုးနဲ့ သုံးပုံပါ။ စင်ကာပူမြစ်ထဲသွားတဲ့ အပျော်စီး စက်လှေဖြတ်ချိန်ကို စောင့်ပြီးရိုက်ထားတာပါ။

From Cavenagh Bridge


From Cavenagh Bridge


From Cavenagh Bridge


Exposure: 30 sec (မိနစ်ဝက် အသက်မအောင့်နိုင်ပါက သုံးချောင်းထောက်နဲ့ရိုက်ပါ :P)
Aperture: f/22
ISO Speed: 100
White Balance: Auto (edited)
Camera: Nikon D60
Lens: Tamron 18-200
(ကင်မရာ အယူအဆကို TZA - ဒီကိုလာ ရဲ့ပုံစံကို အတုယူပြီး ရေးထားပါတယ်)

မှတ်ချက်။ ။ ကိုယ်ပိုင်ရိုက်ထားသော ဓာတ်ပုံတွေဖြစ်ပါသည်။ ဖလစ်ကာမှာ ရှာဖွေတွေ့ရှိပါကလည်း မူလပိုင်ရှင်သည် ပီတိသာလျှင်ဖြစ်ပါသည်။ အလကားယူသုံးခြင်းသည်းခံပါ။ အသုံးပြုလိုပါက ပိုက်ဆံပေးပြီး သုံးနိုင်ပါသည်။ :P :D

Read More...

Monday, November 24, 2008

အမှတ်တရ ၉ ဒေါ်လာ

လက်ဆောင်ပေးတယ် ဆိုတာကတော့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်ရင်းနှီးမှုကို ဖော်ပြမှုပင်ဖြစ်ပါတယ်။

ဆိုပြီး ကျွန်တော် လက်ဆောင် ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးခဲ့ဖူးပါတယ်။

ချစ်ခင်ရင်းနှီးမှုတွေ အကြောင်းအမျိုးမျိုးကြောင့် လျော့နည်းပျောက်ဆုံးသွားတဲ့ အချိန်မှာကျတော့ ပေးထားတဲ့လက်ဆောင် ပစ္စည်းတွေကို ပြန်ပေးလေ့ရှိကြတယ်။

ကျွန်တော်ရဲ့ ခံယူချက်ကတော့လေ လက်ဆောင်ကိုပေးလိုက်ပြီးပြီဆိုရင် လက်ခံလိုက်တဲ့သူက ပိုင်ရှင်ဖြစ်သွားပါပြီ။ ပေးတဲ့လူနဲ့ လက်ဆောင်ပစ္စည်းတွေဟာ ပိုင်ဆိုင်မှုအရ ဆက်နွယ်မှုမရှိတော့ပါဘူး။

အဲဒါကြောင့် ပေးထားတဲ့ လက်ဆောင်ပစ္စည်းတွေကို ဘယ်တော့မှ ပြန်မတောင်းတတ်သလို၊ ကိုယ်လက်ခံထားတဲ့ လက်ဆောင်တွေကိုလည်း ဘယ်တော့မှလည်း ပြန်ပေးလေ့မရှိပါဘူး။ အဲတော့ အဆင်မပြေရင် ပြန်ရမှာပဲဆိုပြီးတော့ တွက်ကိန်းနဲ့တော့ ကျွန်တော့်ကိုလက်ဆောင် မပေးလေနဲ့.. ဘယ်တော့မှ ပြန်မရဘူးမှတ် :P

ပေးထားတဲ့လက်ဆောင် ပြန်အပေးခံရပြီဆိုရင်လည်း စိတ်မကောင်းသလို… စိတ်လည်းဆိုးပါတယ်…. အဲလိုလုပ်တာက မရင့်ကျက်တဲ့ ကလေးအတွေးတွေပါ…

ပေးထားတဲ့ ပစ္စည်းကို သုံးလို့ရင်သုံးလိုက်ပေါ့… အဲလိုမှ မသုံးချင်ရင်လည်း သူများပေးပစ်လိုက်လို့လည်းရပါတယ်။ ယုတ်စွအဆုံး အမှိုက်ပုံးထဲ လွင့်ပစ်လိုက်ပါ။

အဲ… ဘယ်လိုမှ မနေနိုင်တော့ဘူး ပြန်ပေးလိုက်ရမှ စိတ်ကျေနပ်မယ်ဆိုရင်လည်း ပို့ခလေးတော့ အပြည့်အ၀ပေးပြီး ပို့ပါဗျာ...

အခုတော့ အထုပ်ပို့လိုက်တယ် လာယူပါဆိုလို့ ဖုန်းဆက်တာနဲ့ သွားယူတာ ၉ဒေါ်လာလည်း ပေးလိုက်ရသေးတယ်။ ပြီးတော့ ဖွင့်ကြည့်လိုက်တော့ တွေ့လိုက်ရတာကတော့…




ပြန်ပို့လိုက်တဲ့သူရဲ့ မွေးနေ့အမှတ်တရ ကို ဖြစ်လို့… ပေးလိုက်ရတာ ၉ ဒေါ်လာ… ၉ ဒေါ်လာ :D

Read More...

Saturday, November 8, 2008

ဓာတ်ပန်းချီ - သူမ

အရင်တပတ်က သူမ ကို အပြင်သွားဖို့ခေါ်လိုက်ပါတယ်။ ပြီးတော့ အင်္ကျီအပိုတစ်စုံလည်း ယူခဲ့ပါလို့ ခိုင်းလိုက်တယ်လေ…

သူမက တွေ့တော့… ဘယ်သွားမှာလဲတဲ့… ကျွန်တော်ကတော့ ဒီနားလေးတင်ပဲလို့ပြောပြီး သူ့ကို ဂရုမစိုက်အားပဲ နေရာလိုက်ရှာနေမိတယ်… သြော်… နေရာဆိုတာ နောက်ခံကောင်းတဲ့နေရာ.. ပြောရင်းရှုပ်ကုန်ပြီ… ဓာတ်ပုံရိုက်ဖို့ နောက်ခံကောင်းတဲ့နေရာ… ဟုတ်ပြီနော်… တစ်မျိုးတွေးမိကုန်မှာစိုးလို့ပါ။

ဒီနေရာလေးမှာထိုင်ဆိုတော့ သူမက အတူတူထိုင်မှာလားတဲ့… ကျွန်တော်က မဟုတ်ဘူးလေ… ဓာတ်ပုံရိုက်မလို့ ဆိုလိုက်ရော… စိတ်ကောက်သွားပါလေရော…

စိတ်ကောက်တာ ဒီဘက်ကိုတောင်မကြည့်ဘူး…



နောက်တစ်ဖက်ကိုတောင် ဒီလို လှည့်သွားတယ်…


ချော့လိုက်တော့ နည်းနည်းတော့ စိတ်ဆိုးပြေသွားတယ်... ဒီဘက်ကို နည်းနည်းလေး ခိုးကြည့်လိုက်တယ်…


စိတ်ကောက်ပြေသွားတော့ သူမရဲ့ အပြုံးလေးနဲ့ လှမ်းကြည့်လိုက်တယ်…


သူမကို လှတယ်လို့ပြောတော့ မြှောက်တာကလည်း လွန်းရောပဲဆိုပြီး ရီလိုက်တာ…


ဒီဖက်လှည့်ပါဦးဆိုတော့… သူမက ခပ်ပြုံးပြုံးလေးနဲ့ လှည့်ကြည့်လိုက်တယ်…


ကဲ… အ၀တ်သွားလဲတော့ လည်းဆိုရော… ရေသွားကူးမယ်မှတ်တာ လက်စသတ်တော့ ဓာတ်ပုံရိုက်ဖို့ကိုး ဆိုပြီးတော့ မကြည်မလင်ဖြစ်နေပါတယ်။


သူမရဲ့ ဆံပင်လေးတွေကကောင်းတော့ ဆံပင်အသားပေးရိုက်ဖို့ ဆံပင်ကိုလှည့်ခိုင်းပြီးရိုက်လိုက်တာလေ…


ပြီးတော့ တရုတ် ၇ လပိုင်းကို ရောက်နေသလိုပဲလဲဆိုတော့ …. ဘယ်လုပ်ပြတယ်မှတ်လဲ…

Read More...

Thursday, November 6, 2008

ကြီးတာကိုမှ ကြိုက်တဲ့ သူ

အဲ… ခေါင်းစဉ်ကိုဖတ်ပြီး ဘာတွေလဲလို့တွေးနေဦးမယ်နော်။ လက်ကျန် ဆား ကို ထပ်ချက်လိုက်ပါတယ်။ အဟဲ….

ကျွန်တော် ရေးထားတာတွေကို ဖတ်ဖတ်ပြီး ကျွန်တော် ငယ်စဉ်က အဖြစ်အပျက်တွေကို သတိရမိလာတဲ့ မေမေက စာရေးပြီး ပို့ထားတာလေးပါ။

မိဘဆိုတော့လည်း ကိုယ့်သားသမီးတွေရဲ့ ငယ်စဉ်က အဖြစ်အပျက်လေးတွေကို သတိရပြီး ပြန်ပြောနေလေ့ရှိပါတတ်ပါတယ်။ အကြောင်းအရာအားဖြင့် တခြားလူတွေအတွက် သိပ်ပြီးတော့ မထူးဆန်းလှပေမယ့် မိဘတစ်ယောက်က သားသမီးတွေကို သတိရလို့ရေးထားတာမို့ အမှတ်တရအဖြစ် တင်လိုက်ပါတယ်။

မေမေရေးပေးထားတာတော့ ကြာပါပြီ၊ အရင်ရေးထားတာတွေနဲ့ ဆက်တိုက်ဖြစ်နေရင် ငြီးငွေ့သွားမှာစိုးလို့ နည်းနည်းကြာတော့မှ တင်လိုက်တာပါ။


သက်စေ့ ရည်းစားရှိတယ်ဆိုတဲ့ သားငယ်ဟာ အမေ့ကျောင်းမှ ပျော်နေပါပြီ။ အမေစာသင်ချိန်မှာ ဆရာများနားနေခန်း (Common Room) ထဲမှာ အားချိန်ရတဲ့ ဆရာမတွေ နဲ့ စကားလက်ဆုံ ကျနေလေ့ရှိပါတယ်။

လေ့ကျင့်ခန်းစစ်စရာ၊ စာဖတ်စရာတွေရှိတဲ့အခါမှာတော့ သားငယ်ကို စာရွက်နဲ့ ခဲတံပေးပြီး ပုံဆွဲနေနော်လို့ ဆရာမတွေက ခိုင်းထားတတ်ပါတယ်။

သားငယ်က သူမြင်တွေ့နေကြဖြစ်တဲ့ ဆီဘောက်ဆာကားကြီးပုံတို့၊ လော်ရီကားကြီးပုံတို့ကို ဆွဲနေလေ့ရှိပါတယ်။

သားငယ်က ကားဆိုရင်လည်း အကြီးကြီးကိုကြိုက်ပါတယ်။

ချောက်မြို့ အရှေ့ဘက်၊ မြို့နဲ့ အတန်ဝေးတဲ့ ဂဲကြီးကုန်းမှာ နေရတဲ့ ဗျူဟာစစ်တပ်က ဆရာမငြိမ်းဆိုရင် စစ်လောရီကားကြီးနဲ့ ကျောင်းတက်ရပါတယ်။ ဆရာမကားနဲ့ ကားကြုံလိုက်တဲ့အချိန် ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားတွေဟာ လောရီကားကြီးအပြည့်ပါပဲ။

ဂဲကြီးကုန်းကနေ မြို့မြောက်ဖျားသို့ ဆင်းတဲ့လမ်းဘေးမှာ ကျွန်မတို့အိမ်ရှိတာဆိုတော့ တခါတလေ ကျွန်မတို့ သားမိတတွေ ငြိမ်း ရဲ့ကားကြီး အကြုံလိုက်ပါတယ်။ ကျောင်းက မြို့ရဲ့တောင်ဘက်၊ တမာအိုင့်ချောင်းတစ်ဖက်ကမ်းမှာရှိပါတယ်။ ကျောင်းတောင်ဘက်မှာ အဲဒီတုန်းက ဘာမှမရှိပါဘူး။ ယခုတော့ ကျောင်းက မြို့လယ်ဖြစ်နေပါပြီ။

ငြိမ်းက ရှိတဲ့ကားနဲ့ ကျောင်းကိုရောက်အောင်သာ လာခဲ့ရပေမယ့် စိတ်ညစ်ပါတယ်။ စိတ်ညစ်ရတဲ့ အကြောင်းက၊ ကားကြုံလိုက်သူတွေက ကားကြီးသလောက် အပြည့်ပါတာဆိုတော့ အိမ်နဲ့ကျောင်း၊ ကျောင်းနဲ့အိမ် အသွား အပြန်ခရီးကို ချောက်မြို့ကို အလျားလိုက် ဖြတ်သန်းသွားရပါတယ်။ မြို့ထဲ စည်ကားတဲ့နေရာ ဖြတ်သန်းရ၊ ကားရပ်ရဆိုတော့ သဲထိပ်ရင်ဖို ဖြစ်ရတာများတယ်ဆိုပဲ။

အကယ်၍ကားကြုံစီးသူများ မပါဘူးဆိုရင်တော့ ဂဲကြီးကုန်းနဲ့ အ.ထ.က (၁) ကို မြို့ထဲက မဖြတ်ပဲ တောလမ်းခရီးက ကုန်းတက်ကုန်းဆင်းသွားလို့ရတာကိုး။

အဲဒါကလည်း လမ်းရှင်းပေမယ် လမ်းအကွေ့အကောက်၊ ကုန်းတက်၊ ကုန်းဆင်း များတော့ ရင်တဖိုဖို၊ အသဲတအေးအေး ဖြစ်ရတာပဲတဲ့။ ကားငယ်ဆိုရင်တော့ ဒီလို မခံစားရတန်ဘူးလို့ ငြိမ်း က တွေးမိထင်ပါရဲ့။

“ဒေါ်လေးငြိမ်းကားကြီးက သိပ်ကောင်းတာပဲနော်၊ အကြီးကြီး အကြီးကြီး” နဲ့ သားငယ်က အားကျသံနဲ့ ပြောလို့မဆုံးရှိတတ်တယ်။

“သားငယ် ပြောတာနဲ့၊ ငါလည်း ကားကြီးကြီးစီးရလို့ စိတ်ညစ်တာတွေ ပျောက်သွားပြီဟဲ့…” လို့ ငြိမ်း က ပြန်ပြောလေတယ်။

တစ်ခါတုန်းက ရှေ့တန်းပြန်ရဲဘော်တွေကို သွားကြိုရပါတယ်။ လက်နက်ကြီး ကိုင်တောင်တဲ့ ရဲဘော်တွေကို အားကျခဲ့ဘူးတယ်။
“အဲဒါ ဘယ်သူတွေလဲ…” လို့ သားငယ်က မေးတယ်။
“စစ်သားတွေ…”
“ဟိုးး သေနတ်ငယ်ငယ်လေးကိုင် ထားတာကရော…”
“အဲဒါက စစ်ဗိုလ်…”
“ဒါဆို သားကြီးရင် စစ်သားကြီးလုပ်မယ်…” တဲ့

အဲလောက်ကြီးကြီးကြိုက်တဲ့သားငယ် အခုကြီးတော့ မိန်းမကြီးကြီးတော့ မယူတန်ကောင်းပါဘူးနော်… (မေမေပြောတာ… အသက်နော် အသက်…)

သင်ခန်းစာ အသစ်မသင်ရပဲ။ စာမေးတဲ့နေ့တွေမှာဆို ကျွန်မ သားငယ်ကို စာသင်ခန်းထဲခေါ်သွားပါတယ်။ ကျွန်မက ၉တန်း ရူပဗေဒသင်ရပါတယ်။ အရွေ့၊ အကွာအဝေး၊ အလျင်၊ အရှိန် တို့ကို ကွဲပြားအောင် ဥာဏ်စမ်း ပုစ္ဆာလေးတွေ ဆင်ပြီး မေးတတ်ပါတယ်။

ဥပမာ - မောင်မြဟာ သူ့အိမ်ရဲ့ အရှေ့ဖက် မီတာ ၁၀၀ ဝေးတဲ့ကျောင်းကို လမ်းလျှောက်သွားတယ်၊ ကျောင်းရောက်တဲ့အချိန်မှာ သူဘယ်လောက် ရွေ့ခဲ့ပြီလဲ။ ကွာအဝေးဘယ်လောက်လဲ…

အဲဒီ ပုစ္ဆာကို နောက်တစ်ခန်းမှာ အိမ်ရဲ့ အနောက်ဖက်လို့ ပြောမိရင်၊ သားငယ်က “မေမေ… အရှေ့ဘက်လေ… အရှေ့ဖက်…” လို့ ပြင်ပေးပါတယ်။

အကွာအဝေးကို ကိုက်၂၀၀ လို့ပြောလိုက်မိရင် “မီတာ ၁၀၀ ပါ.. မေမေကလည်း…” ပြင်ပေးပါတယ်။

“မေမေကလည်း… မှား မှား နေတာပဲ..” လို့လည်း ထပ်ဆင့်ပြောပါသေးတယ်။

အလျင်၊ အရှိန် တို့ရဲ့ ယူနစ်ကို ကျောင်းသားတွေကို မေးတဲ့အခါ ကျောင်းသားတွေက မဖြေနိုင်သေးခင် သားငယ်က ထောက်ပေးပါတယ်။

အရှိန် ရဲ့ ယူနစ်က ဖိပါစက္ကန့်စကွဲယား…
အလျင်ရဲ့ ယူနစ်က ဖိပါစက္ကန့် လို့ဖြေပါတယ်။
ယူနစ်တွေကို CGS, FPS System မှန်အောင် ပြောနိုင်ပါတယ်။

အမေက တစ်နေ့ ၆ ခန်းဝင်ရတာကိုး။ နေ့စဉ် အခါများစွာ အထပ်ထပ်ကြားနေရတော့လည်း မှတ်မိနေတာပေါ့။

ဥာဏ်ရည်ကောင်းတာကိုတော့ ၀မ်းသာမိပါပေမယ့်၊ လူကြီးတွေနဲ့ပေါင်း၊ စာကြီးတွေမှတ်နဲ့ အရွယ်နဲ့မလိုက်ဖက်တာတွေ တွေ့ကြုံရ၊ ကြားသိရ မှတ်နေရတာကိုတော့ ဂရုဏာသက်ခဲ့မိပါတယ်။

ကလေးဘ၀ အရွယ်တူတွေနဲ့ ပျော်ပျော်ရွှင်ရွှင်၊ ရွှင်ရွှင်မြူးမြူး ကြည်နူးစွာ ဖြတ်သန်းစေချင်ပါဘိတော့တယ်။


မေမေ
၁၄၊ ၈၊ ၂၀၀၈


ဆက်စပ်ဖတ်ရှုရန် ။ ။ ရည်းစား သက်စေ့ သားမှာရှိတယ်

Read More...

Wednesday, November 5, 2008

ဘာဖတ်မှာလဲ

ဒီမှာ ဒီမှာ…

တခါတရံမှာ
အတွေ့အကြုံကို မှတ်တမ်းလုပ်
ဗဟုသုတ အဖြစ်
ရေးတယ် ဗျာ…

တခါတရံမှာ
စိတ်ကူးတွေကို အဟုတ်လုပ်
ဇာတ်လမ်းပမာ အဖြစ်
ရေးတယ် ဗျာ…

တခါတရံမှာ
ဓာတ်ပုံတွေကို ထုတ်
စိတ်ဝင်စားတဲ့လူတွေ အတွက်
ရေးတယ် ဗျာ…

တခါတရံမှာ
ပေါက်ကွဲချင်တဲ့ အတွေးစုတ်နဲ့
ကဗျာအဖြစ် ခေါင်းစဉ်လုပ်ပြီး
ရေးတယ် ဗျာ…

ကဲ မိတ်ဆွေ..
ခင်ဗျားကရော ဘာဖတ်ချင်တာလဲ…


နေနေနိုင့်ဘလော့က မောင်ကြည်မွန်ရေးတဲ့ ဘာရောင်းပါသလဲ... ကဗျာကိုဖတ်ပြီး ရေးပါသည်။

Read More...

Tuesday, November 4, 2008

အချစ်ဆိုသည်မှာ… ၂

အချစ်ဆိုသည်မှာ… ကို တောင်းဆိုချက်ကြောင့် ဆက်ရေးပါသည်။ :)

************************************************************

ငါးနှစ်လောက်ကြာပြီးတော့….
စနေနေ့ညတစ်ခုမှာ သူငယ်ချင်း ကလျာ က ဖုန်းလှမ်းဆက်သည်။
“ဟဲ့ … နင့် စံပယ် ဒီမှာရောက်နေတယ်… နင်သိလား… ”

“ဟင်… တကယ်…… နင်ဘယ်လိုသိတာလဲ… လုပ်ပါဦး”

“အေး… ဟုတ်တယ်ထင်တာပဲ… ငါနေ့လည် အိပ်ပျော်နေတုန်း Gtalk ထဲမှာပြောသွားတယ်… ငါတို့နဲ့ အနီးဆုံးနေရာမှာရောက်နေတယ်တဲ့…”

ကလျာပြောတာကို ကျွန်တော်က မယုံပေ။
“ဟာ… ကလျာရယ်… မဟုတ်လောက်ပါဘူးကွာ… လာမယ်ဆိုရင် ငါတို့ကိုတော့ ပြောမှာပါ… တစ်ခါတုန်းကလည်း ငါ့ကို စံပယ်က နောက်ဖူးတယ်ကွ… ငါ့မှာတော့ အဟုတ်မှတ်လို့ သူက အေပရယ်ဖူး လုပ်တာလေ…”
“ဟုတ်လောက်တယ် နင်ကလည်း… ငါ့ အီးမေးထဲကိုလည်း ဓာတ်ပုံတွေပို့ထားတယ်… စင်ကာပူမှာရိုက်တယ်ထင်တာပဲ… ကြည့်ပေးပါလား.. ငါ့ နင့်ဆီကိုပို့လိုက်မယ်…”

ကလျာပို့လိုက်တဲ့ ဓာတ်ပုံကိုကြည့်တော့ ဟုတ်သည်။ စံပယ်… သူ ဒီကိုရောက်နေတာ သေချာသွားပြီ… လာမယ်ဆိုတာ ကျွန်တော့်ကိုဘာလို့ မပြောတာလဲကိုတော့ မစဉ်းစားတတ်အောင်ပင်။


ချက်ချင်းပဲ စံပယ်အကြောင်း သိလောက်တဲ့ သူငယ်ချင်း နှင်းရည် ဆီ ဆက်ကြည့်လိုက်သည်။
“ဟဲလို… နှင်းရည်... ငါဟ…”
“အေး… ဘယ်လိုဖြစ်တာလဲ မဆက်စဖူး ညကြီးမင်းကြီး… ”
“စံပယ်ဒီရောက်နေတာ နင်သိလား… ”
“ဟယ်… ရောက်နေတယ်… ဟုတ်လား… ငါကတော့ ဘယ်သိမလဲ… နင်နဲ့ နေ့တိုင်း နီးပါး အဆက်အသွယ်ရှိတယ်ဆို… နင်တောင် မသိတာ ငါက ဘယ်လုပ်သိမှာလဲ…”
“အေးလေ… လာမယ်ဆိုတာ ငါ့ကို ပြောမထားတော့ နင်တို့ကိုများ ပြောမလားလို့… ”
“နင်ပူမနေပါနဲ့… နင့်ဆီကို ဆက်သွယ်မှာပါဟာ…”
ကျွန်တော် နဲ့ စံပယ် အကြောင်း သိထားတဲ့ နှင်းရည်ကတော့ သေချာပေါက်ပြောနေသည်။

“မသိပါဘူးကွာ… ရောက်နေတာတောင် မသိလိုက်တော့ ဆက်သွယ်မလား ဘာလားတော့ မသိပါဘူးကွာ…”
“အဲလောက်လည်း ဖြစ်မနေပါနဲ့… စိတ်အေးအေးထားနော်… ငါ့ကလေး သိပ်လိုက်ဦးမယ်… နောက်မှ ပြောမယ်…”
“အေးအေး… အဲဒါဆို ဒါပဲလေ…”
“ဟဲ့… နင် စံပယ်ဆီက အဆက်အသွယ်ရရင် ငါ့ကိုလည်း ပြောဦး… သူငယ်ချင်းတွေ ဆုံကြရအောင်…နော်…”
“အေးအေး… ”

------ထ------

“ဟဲ့ကောင်… ငါပြောနေတာကြားရဲ့လား…” ဘေးက နှင်းရည်က စိတ်မရှည်သံနဲ့ ပြောတော့မှ…
“အင်း… ဘာပြောလိုက်တာလဲ…”
“ငါပြောနေတာ… နင် ပြန်တော့… နင့် ပရောဂျက်က ဒီနေ့ နောက်ဆုံး Presentation ဆို… သွားတော့… စံပယ်လည်း အထဲကို ၀င်သွားပြီ…”
Changi လေဆိပ်ရဲ့ Termianl 2 - Departure အ၀င်ပေါက်မှာ နှင်းရည် ကျွန်တော့်ကိုပြောနေခြင်း ဖြစ်ပါသည်။

“စံပယ်ကလည်း နင့်ကို ပြတ်ပြတ်သားသား ပြောထားတာပဲ… နင့်စိတ်ကို ဖြတ်လိုက်တော့… နင့်မှာလည်း ရှေ့ဆက်လုပ်စရာတွေရှိတာပဲကွာ…”
နှင်းရည် တစ်ယောက် သူငယ်ချင်းကောင်းပီသစွာ အားပေးစကားပြောရှာပါသည်။

“အေးပါ… ငါ နောက်ဆုံးတစ်ခါအနေနဲ့တော့ ကြိုးစားချင်သေးတယ်… သူစိတ်များ ပြောင်းလေမလားလို့ပေါ့…”

နှင်းရည်က သက်ပြင်းချကာ
“နင့်သဘောပဲ… အခုအဲဒါတွေ စဉ်းစားမနေနဲ့တော့… ပြန်တော့… ငါလည်း ကော်ဖီသွားသောက်ရင်း အလုပ်လုပ်လိုက်ဦးမယ်… ငါ့လေယာဉ်က နောက် ၁ နာရီလောက်နေမှထွက်မှာ…”
ထိုင်းကို အလုပ်ကိစ္စနဲ့သွားရမယ့် နှင်းရည်ကို နှုတ်ဆက်ထားခဲ့ပြီး အိမ်ပြန်ခဲ့ပါသည်။ စိတ်ထဲမှာတော့ အားမလျော့ချင်သေး။

------ထ------

ရင်ထဲက စကားလုံးတွေ ဖွင့်ထုတ်ချရင်း…. မျှော်လင့်ချက်လေးတော့ ထားလိုက်မိသည်။
ဘာတွေ ရေးထားတယ် ဆိုတာ စိတ်ဝင်စားမယ်ဆိုရင်တော့…. ဒီမှာပါ

------ထ------

စံပယ်ပြန်သွားပြီ နှစ်လလောက်နေတော့ နှင်းရည်တို့အိမ်မှာ သူငယ်ချင်းတွေ ထမင်း စုစားဖြစ်ကြသည်။

တစ်ယောက်တစ်ပေါက်စကားပြောရင်…

ကလျာက စပြီး…
“ဟဲ့… ဒီကောင် ရဲ့ ၁၃မျက်နှာ ကိစ္စပြောကြရအောင်…”
“ဘာလဲကွ ငါ့ရဲ့ ၁၃ မျက်နှာ… ”
“နင်လေ… စာရွက်ရေ ၁၃ မျက်နှာလောက် အသနားခံစာ ရေးပြီး စံပယ်ဆီ ပို့ထားတာလေ…”
“ဟင်… နင်တို့က ဘယ်လိုသိတာလဲ… ငါနင်တို့ကိုလည်း ပြောမထားပဲနဲ့…”
“စံပယ်ပြောတာပေါ့ဟဲ့… ငါတို့တောင် ဖတ်ရသေးတယ်” ဘေးက မဉ္ဇူက၀င်ပြောသည်။

“ဟင်…. ငါက သူဖတ်ဖို့ပဲပေးတာလေ… ဘာလို့ နင်တို့ဆီကို သူက ပို့ပြီး ဖတ်ခိုင်းတာလဲ…”
“… ”
“… ”

“နောက်ပြီး … နင်ကလည်း အသုံးမကျလိုက်တာ… နင့် တခြားကောင်မလေးဆီ ပို့ထားတဲ့ ကဗျာကို စံပယ်ဆီကို ပို့သေးတယ်လေ… အဲတော့ ဘယ်ကောင်မလေးက နင့်ကို ပြန်ကြိုက်မှာလဲ…” တည့်တည့်ပြောလေ့ရှိတဲ့ မဉ္ဇူကထပ်ပြောသည်။

“ဘယ်က ကဗျာလဲ… စံပယ်ဆီပို့တယ်ဆိုရင် သူ့အတွက်ပဲ ရည်စူးရေးတာပါ… ကဗျာကိုတော့ ငါ recycle မလုပ်ပါဘူးကွာ…”

အသည်းအသန် ခံစားခဲ့ရပြီး နှစ်လလောက်ကြာတော့ ကိုယ်စိတ်ကိုယ်ပြန်သိလာပြီထင်နေတုန်း အဟောင်းတွေ အသစ်တွေပြန်ဖြစ်လာသည်။

“သူ့မွေးနေ့တုန်းက ပို့တဲ့ ကဗျာလေဟာ… သူကပြောသွားတယ်… နင်က နင့်ရဲ့ ညီမလေးဆိုသူရဲ့ ၂၁ နှစ်ပြည့်အတွက် ပေးထားပြီးသားတဲ့…”

“အဲဒါကတော့ လုံးဝမဟုတ်ဘူး… စံပယ်က ဘာကိုကြည့်ပြီး ပြောတာလဲ…” ကျွန်တော့် စိတ်တွေ တော်တော်လှုပ်ရှားပြီး အသံတွေတောင် နည်းနည်းတုန်းလာသည်။

“အေး… နင်လုပ်ပြီး ဘာဖြစ်မှန်းတောင် မသိဘူး… တော်တော်လည်း တော်တဲ့ကောင်…” မဉ္ဇူက ထပ်ရွဲ့ပြောသည်။

“မဉ္ဇူရယ်… နင်ကလည်း စွတ်ပြောနေ… ဟိုအောင် ငိုတော့မယ်…” ဘေးက နှင်းရည်က ၀င်နောက်သည်။

“မငိုပါဘူးကွာ… ငါဘယ်လို အထင်လွဲတာလဲသိချင်လို့ပါ… ငါမလုပ်တဲ့ ကိစ္စ အပြောခံရတာ ဘာကြောင့်လဲလို့ သိချင်တာပါ….” ခပ်ထိန်းထိန်း ပဲ ပြန်ဖြေလိုက်သည်။

“ဒီလို… နင်ကဗျာ ပို့တုန်းက word ဖိုင်ဟုတ်… အေး အဲဒီဖိုင်ပေါ် mouse တင်ကြည့်လိုက်… for my sister’s 21st birthday ဆိုပြီး title ပေါ်နော်လိမ့်မယ်… အဲဒါပဲ… သိပြီလား…”

သြော်…. ဆိုးလိုက်တဲ့ကံ… ကဗျာကို English လိုရေးဖို့ ကျွန်တော် စု တု ပြု ရပါသည်။ စုတုန်းက ပထမဆုံးစာသားကို MS Word က ယူပြီး title လုပ်လိုက်တော့…. ဟားးးးးးးးးးးးးးးး
Bill Gates - ခင်ဗျားလုပ်လို့…. မရှိမဲ့ရှိမဲ့ အချစ်တွေ ကုန်ပြီဗျ….

မဉ္ဇူဆက်ပြီး
“အဲလောက်လည်း ဖြစ်မနေပါနဲ့… နင့်မှာလည်း သူမကြိုက်တာ အဲဒါလေးကြောင့် မဟုတ်ပါဘူး…. သူ ငါတို့ကို ပြောသွားတာကတော့ … နင့်မှာ အရင်က ရည်းစားတွေရှိခဲ့တယ်လေ…”
“အေးလေ… အဲတာတွေ ငါ သူ့ကို ပြောထားတာပဲ…”
“နေဦး… ငါပြောတာ မပြီးသေးဘူးလေ…. နင့်က မချမ်းသာဘူး…”
“သြော်… ”
“နင်က… သူအထင်ကြီးလောက်တဲ့ ၀င်ငွေလည်း မရှိဘူးတဲ့… ”
“သြော်… ”
“နောက်ရှိသေးတယ်… ဘာတဲ့… နင်က သိပ် roman မ tic လို့ဆိုလား…”
“သြော်… ”
“နောက်ပြီး… နင်က ရုပ်လည်းမချောလို့တဲ့… ”
“သြော်… ”
“ပြောသွားတာကတော့ စုံနေတာပဲ… ငါတို့လည်း သူ့ကို နားမလည်လိုက်ဘူးဟာ… ”
“သြော်… ”
“… ”
“… ”
“… ”
“သူလိုချင်တာ Perfect love … ”
“သြော်… ”
အချစ်ဆိုတာ တခါတလေတော့လည်း စိတ်ကူးယဉ်တာထက်တောင် ပိုပြီး ပြည့်စုံပါမှ ဖြစ်တတ်သည်ပါလား…
------ထ------


“နင်က ရည်စားတွေထားခဲ့… ဒီတစ်ယောက်ကိုလည်း ချစ်ခဲ့တော့ အချစ်ဆိုတဲ့အကြောင်းတွေ တော်တော် နားလည်မှာပေါ့….”
ရုတ်တရက် ကလျာက မေးလိုက်သည်။

“ငါလား… အခုအချိန်အထိ နားမလည်သေးဘူး… နားလည်ဖို့ ကြိုးစားနေတုန်းပဲ…”
“@#$#^$% &%^*#$^# $%@#%$… ”
“… ”



ဆက်ရေးဖို့ တောင်းဆိုပြီး စိတ်ရှည်လက်ရှည် စာဖတ် အားပေးတာကို ကျေးဇူးတင်ပါတယ်။


ဝန်ခံချက် -

ဒီပို့စ်ထဲမှာ တချို့အတွေ့အကြုံတွေသာ ဇာတ်လမ်းရဲ့ ကျောရိုးအဖြစ်နဲ့ အခြေခံထားတာသာလျှင်ဖြစ်ပြီး တချို့ အချက်အလက်တွေ နဲ့ စကားလုံးတွေဟာ ဇာတ်လမ်းအဖြစ် ဖတ်လို့ကောင်းစေရန် စိတ်ကူးနဲ့ရေးသားထားခြင်းသာလျှင် ဖြစ်ပါတယ်။

Read More...

Sunday, November 2, 2008

The New Paper Big Walk 2008 - Photos


ဒီနေ့မနက်က စင်ကာပူထုတ် သတင်းစာ the new paper  ကဦးဆောင်ကျင်းပတဲ့ BIG WALK on water လို့ခေါ်တဲ့ လမ်းလျှောက်ပွဲကို ၀င်ခဲ့ပါတယ်။ လမ်းလျှောက်ရင်း ရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ မှတ်တမ်းအဖြစ်တင်လိုက်တာပါ... 


မနက်စောစောထ အစောဆုံးရထားကိုစီး စုရပ်ဖြစ်တဲ့ SunTec City ကိုချီတက်ခဲ့ပါတယ်...


ရောက်တော့ လူတွေတော်တော်များများတောင် ရောက်နေပါပြီ...


တချို့က လမ်းလျှောက်ပွဲတံဆိပ်ကပ်နေတုန်း...


တချို့ကတော့ အချင်းချင်းမိတ်ဖွဲ့...


သားသားကတော့ အဲဒါကြီးကိုပဲလိုချင်တာ...


လမ်းလျှောက်ထွက်ဖို့အသင့်ပြင် အားလုံးလက်တွေ လေထဲမြှောက်ထားလိုက်...


အချက်ပေးလို့ညာသံအော် ထွက်လာပါပြီ လမ်းလျှောက် လမ်းလျှောက်...


ဆန်းတက်ကထွက် နီကိုးအဝေးပြေးလမ်းပေါ်ရောက်လာပြီ...


ဆန်းတက်ကိုနောက်မှာချန် ရှေ့သို့ဆက်လျှောက်ကာ...


Golden Mile ကိုမြင်ပြီလေ...


လေဆိပ်ဟောင်းကိုရောက်တော့ ညာဘက်ကွေ့...


ဖျက်မယ်တကဲကဲနဲ့ အားကစားကွင်း ကိုရောက်...


မိုးလုံလေလုံ အားကစားရုံကိုကျော် ဒီတံတားကိုဖြတ်ပြီနော်...


အိပ်ယာထရမှာပျင်းတဲ့ကျွန်တော် Tanjong Rhu နားကနေ Kallang River ဘေးက မတွေ့ဖူးသေးတဲ့ ရှုခင်းတွေကို ဒီလိုဒီလို အားရပါးရကြည့်...






ရဲတွေကလည်း ကူညီကာ လမ်းရှင်း...


လမ်းလျှောက်တဲ့လူတွေကလည်း တောနင်း...


ခဏလျှောက်တော့ Marina Bay Golf Course ဘေးကတောလမ်းလေးကိုရောက်...


တောပန်းလေးကို လှလှ ရိုက်...


ဂေါက်ကွင်းဘေးကနေလျှောက်ပြီး မကြာခင်မှာတော့ ကောင်ကင်ပြာပြာအောက်က Singapore Skyline ကိုတွေ့လိုက်ရပါတယ်...


လူတွေက ဟိုမှာဟိုမှာ ပြောသံကြာရာ ကြည့်လိုက်တော့ ပန်းတိုင်ဖြစ်တဲ့ Marina Barrage ကို အဝေးကနေ တွေ့လိုက်ရပါပြီ


အဝေးကနေ အနီး...


Marina Bay ကိုလည်း ပြန်မြင်နေရပြီ...


ဆက်လျှောက်လာရင်း... ရေပေါ်မှာလမ်းလျှောက်နေပါပြီ...


တစ်ဖက်ကိုကြည့်တော့ သင်္ဘောတွေအများကြီးရှိတဲ့ ပင်လယ်ပြင်ကြီး (မြင်ကတဲ့ သံတန်းကြီးကတော့ barrage ကို သင်္ဘောတွေတိုက်မိမယ့် အန္တရယ်ကနေ ကာကွယ်ထားတာပါတဲ့...)


တစ်ဖက်ကတော့...


ပန်းတိုင်နား ကြယ်ပွင့်တွေမှုတ်ထုတ်နေတဲ့နေရာမှာ ကြိုးစားပြီး ခူးဆွတ်နေကြပါတယ်... မမီတဲ့ကြယ် လက်နဲ့ရွယ်နေတာပေါ့...


လက်နဲ့ရွယ်နေတာ တစ်ယောက်မကများလာပါတယ်..


ပန်းတိုင်ကို အပြေး ရောက်လို့လာ...


ဘင်တွေတီးလို့ ကြိုလို့ကြိုလို့...


သူတို့လေးတွေလည်း ပါတယ်ဗျာ...


နံနက်စာတွေရောင်းတဲ့ဆိုင်တွေ


ဟောဒီမှာတော့ အလကားပေးနေ... (ကူပွန်တော့ပါရတယ်နော်...)


အဲလိုခြောက်နဲ့ သားသားကြောက်...


နေပူပူအောက် အပေါ်ရောက်တော့...


ပူတာပေါ့...



ပူတာပေါ့...


ပန်းတိုင်ကိုတော့ ၀င်လာမစဲ တသဲသဲနဲ့...


ပြခန်းထဲမှာတော့ ခြောက်ကပ်ကပ်...




အတွင်းနဲ့အပြင် အလင်းနဲ့အမှောင်


ပြန်ရဖိုအရေး တန်းစီပေ... အရမ်းကြာသလေ...


ပြန်ရောက်တော့ သူကမေး... ငါ့အတွက် ဘာပါသလဲတဲ့...


Marina Barrage အကြောင်းကိုတော့ ဒီကိုလာ က ဒီမှာ အသေးစိတ် ရေးထားပါတယ်။

Read More...

Ratings