Wednesday, January 9, 2008

မင်္ဂလာပါ ၂၀၀၈

နှစ်သစ်မှာ အားလုံးသော မိတ်ဆွေများ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းလိုက် ပါတယ်။

နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းတိုင်း ကိုယ်ဘာတွေလုပ်ခဲ့တယ် ဆိုတာကို သုံးသပ်ရင်း ရှေ့နှစ်မှာ ဘာတွေလုပ်ရင် ကောင်းမယ်ဆိုတာ တွေးကြည့်မိပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၇ မှာတော့ လုပ်မယ်ဆုံးဖြတ်ခဲ့တဲ့ ကျောင်းဆက်တက်ဖြစ်တာကို အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။ အလုပ်မှာ တိုးတက်အောင်လုပ်မယ်ဆိုတာကတော့ တိုးတက်သလောက်ဖြစ်ခဲ့ပေမယ့် ရည်မှန်းထားသလောက်တော့ မဖြစ်ခဲ့ပါဘူး။

ကျောင်းကတဘက်ရှိနေတော့ ကျွန်တော့်ဘက် အားအပြည့်စိုက်ထုတ်နိုင်မှုများလျော့ခဲ့မယ် ထင်ပါတယ်။ နားလည်ပေးသော လုပ်ဖော်ကိုင်ဖက်များကို ကျေးဇူးတင်ပါတယ်။

နောက်ပြီး ဘ၀ရှေ့ရေးအတွက်ဘာများ ဆက်လုပ်မလဲဆိုတော့ သိပ်ပြီးတော့ မစဉ်းစားရသေးပါဘူး။ ရင်ထဲက ခံစားချက်အတိုင်းပဲ ဆက်ပြီးလုပ်နေမိတယ်။ သူငယ်ချင်းအများစုကတော့ ရှေ့ဆက်ပြီးလျှောက်ပါ။ လက်ရှိအနေအထားကို ဘ၀ရဲ့တခန်းရပ် အဖြစ်ထားခဲ့ပါလို့ အကြံပေးကြတယ်။ ဒီကိစ္စမှာ ကိုယ်က ခေါင်းမာနေတာမဟုတ်ဘူး။ ကိုယ့်နှလုံးသားက ပြောင်းလဲလို့မရသေးတာ။


နှစ်အကုန်ပိုင်းမှာ တစုံတယောက် ဒီကို မပြောမဆို တိတ်တိတ်လေးရောက်လာပါတယ်။ အဖြစ်တွေအားလုံးက စိတ်ထဲမှာ အိပ်မက်မက်နေသလိုပဲ။ နောက်ပြီး သူပြန်သွားတော့မှ အိပ်မက်ကနိုးလာသလို… သေချာတွေးမိတော့ သူငါ့ကို လက်ခံနိုင်အောင် မလုပ်နိုင်သေးပါလား။ ဘာကိုမဆို ဇွတ်မလုပ်တတ်တဲ့ ကိုယ့်အကျင့်ကြောင့်လား၊ ဘာမဆို ပြည့်စုံမှုကို လိုချင်တဲ့သူ့ကြောင့်လား။ …. ?

ဘာကြောင့်မှန်းတော့မသိ ဆက်ပြီး ချစ်နေမိတယ်။ အပျော်ဆုံးကတော့ ကျွန်တော် ချက်တဲ့ဟင်းတွေကို သူက စားလို့လည်းကောင်းတယ် ကြိုက်လည်းကြိုက်တယ်လို့ ပြောတုန်းကပဲ။ အမြဲတန်းစားချင်တယ်ဆိုရင်တော့ ခေါင်းလေးတချက်ပဲ ငြိမ့်လိုက်ပါနော်။

ကျွန်တော်တော်တော်ခင်တဲ့ သူငယ်ချင်းတယောက် ၂၀၀၇ နှစ်ကုန်ပိုင်းမှာပဲ ဒီကို လာပြီးလည်ပါတယ်။ အရင်တခေါက်လာတုန်းက လိုက်ပို့ပေးမယ်ပြောပြီး ပျက်ကွက်ခဲ့တော့ ဒီတခါတော့ သူ့ကိုတတ်နိုင်သလောက် လုပ်ပေးခဲ့ပါတယ်။ ကျွန်တော်နဲ့သူက တယောက်နဲ့တယောက် တော်တော် ရင်းနှီးပြီး မောင်နှမလို ဖြူစင်စွာချစ်ခင်ပါတယ်။ ရှေးက ရေစက်ထင်ပါတယ်။ ပထမပိုင်းမှာ သူငယ်ချင်းတွေ အထင်မှားခဲ့ကြပါတယ်။ ယုတ်စွအဆုံး မိဘတွေကို မိတ်ဆက်ပေးတော့ သူတို့က မြန်မာဆန်စွာတွေးပြီး မေးခဲ့ကြသေးတယ်။ အခုတော့ အားလုံးက သူနဲ့ကျွန်တော်ရဲ့ ဆက်ဆံရေးကို နားလည်လက်ခံကြပါတယ်။ တစုံတယောက်သောသူလည်း ဒါတွေကို မကြိုက်တာလား မသိဘူး။ အားလုံးကို ပွင့်ပွင့်လင်းလင်းပဲပြောထား မိတ်ဆက်ပေးထားတော့ စိတ်ထဲမှာရှင်းပါတယ်။

၂၀၀၇ ထဲမှာ လုပ်ဖြစ်တဲ့ အထဲမှာ စိတ်ကျေနပ်မိတာကတော့ ဘလော့မှာ စာရေးဖြစ်တာပါပဲ။ စာရေးဖြစ်အောင် ကူညီအားပေးခဲတဲ့ သူငယ်ချင်းတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်ပြီး ဘလော့က တဆင့် တကယ်ခင်ဖို့ကောင်းတဲ့ သူငယ်ချင်းတွေ အများကြီးရလိုက်တာပါပဲ။ စာကိုလည်း ဆက်ပြီး ရေးသွားဖို့ရာကို ကြိုးစားသွာပါမယ်။

ရန်ကုန်တက္ကသိုလ် ခြေလျင်နှင့်တောင်တက် အသင်းကတော့ ၂၀၀၈ ရဲ့ ပထမဆုံးနေ့မှာ ၀ိတိုရိယတောင် ခေါ် ခေါနူသုမ် ကို အောင်မြင်စွာ ထပ်မံ တက်ရောက်နိုင်ခဲ့ပါပြီ။ ကျွန်တော့်ရဲ့ -/၉၆ ဇာတ်လမ်းကို အောင်မြင်စွာရေးဖို့ အားထုတ်ပါဦးမယ်။

၂၀၀၈ မှာ လုပ်သင့်တာတွေကို ဖြစ်မြောက်အောင် လုပ်ဆောင်ဖို့ရာ ဆုံးဖြတ်ရင်း အားလုံး ကိုယ်ကျန်းမာလို့ နေ့စဉ်အမျှ စိတ်ချမ်းသာပါစေ လို့ ဆုတောင်းလိုက်ပါတယ်။

3 comments:

ဂျစ်တူး - gyit_tu said...

ကိုပီတိရေ .. တစုံတယောက်အတွက် စိတ်ထဲ ခံစားချက်တွေ ပြင်းထန်လာရင် ၊ ဘလောဂ့်မှာချရေး ။ အားပေးမယ်း)

SuN said...

သိပ်ပြီး ပြင်းထန်လာရင်တော့ မလွယ်ဘူး .. လေထုညစ်ညမ်းနိုင်တယ်.. ဟိ

PeTi said...

အားပေးမယ်ဆိုလို့ ကျေးဇူးအထူးတင်ပါတယ် ဂျစ်တူး။ ကျွန်တော် ရေးထားတာလေး ရှိပါတယ်။ မပြီးသေးတာတကြောင်း ဘလော့မှာတင်ဖို့ရာ စဉ်းစားနေတာကတကြောင်း မို့လို့ မတင်ဖြစ်သေးတာ။

Sun .. လေထုညစ်ညမ်းလာရင် ဖြေရှင်းပေးမယ် မိတ်ဆွေတွေရှိတယ်လေ။ Sun က ထိပ်ဆုံးကပါတယ်နော်။ :P

Ratings