Friday, January 11, 2008

၎/၉၆ - ဒုတိယပိုင်း

အခု ၄/၉၆ - ဒုတိယပိုင်း ဖြစ်ပါတယ်။ အလုပ်ရှုပ်နေလို့ ဆက်မရေးနိုင်တာကို ခွင့်လွတ်ပါ။
သည်းခံပြီး စာဖတ်ပေးသော မိတ်ဆွေများကို ကျေးဇူးတင်ပါတယ်။

~~~~~~~~~~~~~~~~

၎/၉၆ - ပထမပိုင်း ...............................
တယောက်ထည်း အိတ်တွေနဲ့ ညောင်ဦးက ပုဂံ ၄ မိုင်လောက်ခရီးကိုသွားလို့မဖြစ်။

အဲဒိလို ဘာလုပ်ရမှန်းမသိ ဖြစ်ကာ အိမ်ဘက်ကို စက်ဘီးစီးလာရင်း …
~~~~~~~~~~~~~~~~


ကျွန်တော့်ရဲ့ အဘ (အဘိုး) ရဲ့အိမ်ရှေ့က မီးလင်းနေတာတွေ့လိုက်ရသည်။ လမ်းပေါ်ကနေပြီး အိမ်နားကိုသွားကြည့်လိုက်တော့ ကျွန်တော့်ရဲ့ ဦးလေးက အိမ်ရှေ့မှာ ကားပြင်နေတွေ့လိုက်တော့ တော်တော်အားတက်သွားသည်။
`အန်ကယ်…အန်ကယ်…´


ကျွန်တော့် ထက် အသက် ၆နှစ်ကျော်သာကြီးသော ဦးလေးကို တမျိုးလုံးက အန်ကယ်ပဲခေါ်ကြသည်။ နောက်ပြီး ကျွန်တော်တို့နဲ့က သူငယ်ချင်းလိုနေတော့ ရင်နှီးသည်။

`အန်ကယ်…´
`အေး… ပီတိ။ ညကြီး မိုးချုပ် ဘာဖြစ်လို့လဲ´
ဖြစ်ကြောင်းစုံလင် အတိုချုပ်ပြောပြီး
`… အဲဒါ… အန်ကယ် ကျွန်တော့်ကို လိုက်ပို့ပေးပါ။ ကျွန်တော် အိမ်ပြန်ပြီး အိတ်တွေထုတ်လိုက်ဦးမယ်´
`အေးအေး… ငါလည်း ကားထုတ်ပြီးလာခဲ့မယ်။ မင်း အိမ်ကနေစောင့်နေ…´
`ဟုတ်…´

ပြောပြောဆိုဆို စက်ဘီးကို အမြန်နင်းပြီး ထွက်လာခဲ့သည်။ အိမ်ရောက်တော့ အိတ်တွေကို အိမ်ရှေ့ထုတ်၊ ပြီးတော့ အိမ်ထဲကိုဝင်ပြီး တံခါးသေချာပိတ်မပိတ်စစ်၊ မီးဖိုကို မီးရှိသေးလားစစ်။ နောက်တော့ အပြင်မှာ ရှိတဲ့ယူသွားရမယ့် ပစ္စည်းတွေကိုထပ်ပြီးစစ်။ အိမ်ကိုသော့ပိတ်ထားခဲ့မှာ အပြင်၊ သော့ကိုအိမ်ထဲမှာ ထည့်ပြီး ခတ်ရမှာဆိုတော့ ယူစရာ ပစ္စည်းကျန်ခဲ့ရင် အခက်တွေ့မှာဆိုတော့ သေချာအောင် နှစ်ခေါက်စစ်ဆေးပါသည်။ အဆင်သင့်ဖြစ်တော့ အိမ်ကိုသော့ခတ်ပြီး ကားအလာကိုစောင့်နေပါသည်။

အန်ကယ်တယောက် နောက်ကြပြီးအိပ်တာ ပီတိ ကံကောင်းစေတာပါပဲ။ သူကတော့ ကံဆိုးသွားတာပေါ့။

အန်ကယ်ကို ဗူးဘုရားကိုမောင်းခိုင်းပါသည်။ ဗူးဘုရားကိုရောက်တော့ ကုန်လမ်းပို့ဆောင်ရေးက အပြာရောက် TE.11 တစီး နဲ့ တရုတ်ပြည်လုပ် ဒေါင်ဖန်း တစီး ရပ်ထားပြီး ဆရာမျိုးနဲ့ အဖွဲ့သားတွေ တန်းစီနေတာကိုတွေ့လိုက်ရသည်။ အားလုံးကိုကြည့်ရတာ ခရီးပန်းနေပုံပေါက်သည်။ ဒါပေမယ် စိတ်ကတော့ တော်တော် တက်ကြွနေကြပါသည်။

ဆရာကိုတွေ့တော့ အပြေးကားပေါ်ကဆင်းပြီးတော့
`ဆရာ… ဒီဗူးဘုရားကျောင်းက မရတော့လို့ ဆုတောင်ပြည့်ကျောင်းမှာ စီစဉ်ထားတယ်။´
`အေးအေး… ဟုတ်ပြီ။ ဘယ်လိုသွားရမလဲ။´
`ကားသမားကို ကျွန်တော်လမ်းပြလိုက်မယ် ဆရာ။´

`ကဲ…အားလုံး ကားပေါ်ပြန်တက်မယ်။ ပီတိစီစဉ်ထားတဲ့ ဘုန်းကြီးကျောင်းကို သွားပြီး ညအိပ်ကြမယ်။´
ဆရာမျိုးက အားလုံးကို အသံမြှင့်ြ့ပီးပြောလိုက်သည်။

`ဆရာ… ရောက်တာ နောက်ကျတယ်နော်။ ကျွန်တော်တောင်စိတ်ပူနေတာ´
`အေး… ကားက ဘီးမကောင်းတော့ လမ်းမှာ ဘီးခဏခဏပေါက်နေလို့။´
ဆရာမျိုးက တိုတိုတုတ်တုတ်ပဲဖြေသည်။

ကျွန်တော်လည်း အိတ်တွေကိုကားတစီးရဲ့နောက်ကို တင်လိုက်ပြီး ကားမောင်သမားဘေးက ခြေနင်းခုံပေါ် တွယ်လိုက်ရင် လမ်းညွှန်ပါသည်။ ဆုတောင်ပြည့်ကျောင်း ကိုရောက်တော့ ကျိန်းနေသောဘုန်းကြီး နဲ့ အိပ်ပျော်နေသော ဘုန်ကြီးကျောင်းသားတွေ ကားသံကြားတော့ နိုးလာပြီး အိပ်ရမည့်နေရာကို ပြပါသည်။

စုစုပေါင်း ယောက် ၈၀ ကျော်အတွက် အိပ်ဖို့ နေရာက မလုံလောက်တော့ ဆရာမတွေနဲ့ ကျောင်းသူတွေကို ဦးစားပေးပြီး ကျန်တဲ့လူတွေက ကားပေါ်မှာ အိပ်ဖို့စီစဉ်ကြပါသည်။ တချို့ကတော့ ဆုတောင်ပြည့်ဘုရားရင်ပြင်ပေါ်မှာ သွားအိပ်ဖို့ပြင်ကြပါသည်။

အားလုံး အေးအေးဆေးဆေးဖြစ်သွားတော့ သူငယ်ချင်းတွေကို နှုတ်ဆက်ပါသည်။ ကျွန်တော့်ကိုသေချာတွေ့တော့ အားလုံးက

`ဒီကောင့် ဦးထုပ်က အဖြူရောင် ဖွေးဖွေးလေးပဲရှိသေးတယ်။´
နောက်တယောက်ကလည်း ထောက်ခံပါသည်။

`အေး ဟုတ်တယ်။ ငါတို့နဲ့တူသွားအောင်… လာခဲ့..´
ကျွန်တော် မရှောင်နိုင်ခင် ဦးထုပ်ကို သူတို့လက်တွေနဲ့ လာကိုင်သွားသည်။ ချွတ်ကြည့်တော့ ဖြူဖြူဖွေးဖွေး ဦးထုပ်ကနေ မည်းမည်ညစ်ညစ်ဖြစ်သွားသည်။

လမ်းလျှောက်တုန်းက ရင်နှီးနေသော သူရကိုတွေ့တော့
`မင်းတို့ကို ငါအော်ခေါ်တာ မကြားဘူးလား။ ကားရပ်ပါလို့…´
`အော် မြို့အ၀င်မှာလား။ ပီတိကြီး အော်တာလား။ ကြားလိုက်တယ်။ ငါတို့က ကိုမျိုးချစ် သူငယ်ချင်းတယောက် အော်တာပဲ ဆိုပြီး ထားလိုက်တာ´
`အေး…ငါတို့က ကားပေါ်မှာအိပ်နေတော့ သေချာမကြားလိုက်ဘူး…´
အောင်စိုးမင်း က၀င်ပြောသည်။

`ပီတိ… ဒီမြို့မှာ မင်း အသိ ဘီးဖာတဲ့ဆိုင်ရှိလား´ ထွန်းလှအောင်က လာမေးပါသည်။
`ရှိတယ်။ ဒါပေမယ့် ဒီပုဂံမှာတော့ မဟုတ်ဘူး… ညောင်ဦးမှာ... ဘာလို့လဲ´
` TE က ဘီးပေါက်သွားပြန်ပြီးတဲ့။ မနက်ကျမှ ပြင်ရင် ဟိုဘက်ကမ်းကိုကူးဖို့ ဇက်အချိန်က မနက် အစောဆိုတော့ မမှီမှာစိုးလို့´
`ဒီအချိန်မှတော့ မလွယ်တော့ဘူး။ မနက်ကျမှပဲပြင်တာကောင်းလိမ့်မယ်။´

ကားသမားကလည်း ပင်ပန်းနေတော့
`ရမှာပါ။ မနက်ကျမှလုပ်တာပေါ့။´

သူငယ်ချင်းတွေတွေ့တော့ မအိပ်ချင်ပဲ စကားတွေ ပြောနေမိသည်။ လမ်းတလျောက်ဖြစ်ခဲ့တယ်တွေကို ကျွန်တော့်ကို ဝေမျှရင် အသစ်ရလာကြတဲ့ နာမည်ပြောင်တွေကို ပြောပြကြပါတယ်။

ထိုစဉ် အနားကို မြင့်ထွန်းရောက်လာတော့ သူရက
‘ပီတိသိလား… မြင့်ထွန်းကို ဘယ်လိုခေါ်လဲ သိလား။’
မြင့်ထွန်းက ကြားသွားပြီး
`ဟေ့ကောင်.. သူရ မင်းမဟုတ်တာ ဖွတော့မယ်´
ကျွန်တော့်က သိချင်စိတ်များသွားပြီး
`သူရ.. ပြောစမ်းပါ…ဘယ်လိုခေါ်လဲ´
`မြင့်ထွန်း လေ… ဒီကိုထွက်မလာခင် မနက်က အဆောင်က ရေကန်မှာ ရေချိုးတော့ အကုန်လုံးချွတ်ပြီး ရေချိုးတယ်လေ။ ငါတို့ ဓာတ်ပုံရိုက်ထားတယ်။ အခုငါတို့ သူ့ကို တုံးလုံးလို့ခေါ်တယ်…´
`ဟားဟား… ´

`ဟေ့ကောင်တွေ အဲ့ဒီ ဓာတ်ပုံကို ကူးရဲကူးကြည့်… ´ မြင့်ထွန်းက၀င်ပြီးပြောသည်။
` ပီတိရာ မင်းစဉ်းစားကြည့် ခရီးထွက်ခါနီး အ၀တ်ရေစိုရင် အလုပ်ရှုပ်တော့… ငါက အကုန်ချွန်ပြီး ရေချိုးတာပေါ့။ ဒါကို ဒီကောင်တွေ မမြင်ဖူးတာကြလို့… ´
အနားမှာရှိတဲ့ လူတွေအားလုံး ၀ိုင်းရီကြသည်။

သူရက ရီပြီး ဆက်ပြောသည်။
`ရှိသေးတယ် နောက် နာမည်ပြောင်တခု… မင်းသူလေ ငါတို့ ဂွေးချိုကထွက်လာတော့ သူက ဂွေးချိုပြီးတော့ ဂွေးတိုသွားမယ်လို့ပြောလိုက်တာ… အခုသူ့နာမည် ဂွေးတို ဖြစ်နေပြီး… ဟားဟား… မင်း သူ့ကိုသွားခေါ်ရင် စိတ်ဆိုးတယ်… ´
(ဂွေးချိုဆိုတော ရေနံချောင်း-ကျောက်ပန်းတောင်း လမ်းပေါ်က ချောက်လမ်းခွဲမှာရှိတဲ့ လမ်းဆုံရွာ ဖြစ်ပါသည်။)

သူရက တယောက်ပြီး တယောက် နာမည်ပြောရင်း ရီကြရင်း တော်တော် တောင်ကြာသွားသည်။

အောာင်စိုးမင်း ကို ဂဏန်း၊ ဇေယျာထက် ကို နဂါး၊ ဇော်မင်းထွန်းကို ဝေလ၊ သန့်စင်ထွန်းကို Dirty၊ သန့်ဇင် ကို ဇာတ်ရူး၊ မိုးဝင့်ဇော်ကို မပုတု၊ စထွန်းကျော် ကို ကရင်မ၊ ကျော်ကျော်ကို မိကျော်မ စသည့်နာမည်ပြောင်တွေပေးပြီး နေကြပြီ ဖြစ်သည်။

သူငယ်ချင်းတယောက်ပြီးတယောက် လိုက်နှုတ်ဆက်ပြီး အိပ်ဖို့ပြင်တော့ ဘယ်နေရာမှ အိပ်စရာမရှိတော့ ကားပေါ်မှာပဲဖြစ်သလိုအိပ်လိုက်သည်။

`ရွီ….´
နားယဉ်နေပြီးဖြစ်သော ၀ီစီ သံကိုကြားလိုက်တော့ နိုးလာသည်။ နာရီကိုကြည့်လိုက်တော့ မနက်လေးနာရီ။ အိပ်နေရာကထ ကားပေါ်ကဆင်းပြီး မျက်နှာသစ်ဖို့ကြည့်တော့ စဥ့်အိုးလေးနှစ်လုံးဘေးမှာ လူတွေအုံပြီး ရေခပ်နေကြသည်။ အိပ်သာသွားမည် ဆိုပြန်တော့ ဆရာမတွေ ကျောင်းသူတွေ အများကြီး တန်းစီနေတာကိုတွေ့ရသည်။

ဘုန်းကြီးကျောင်းရှေ့ပြန်လာပြီး သောက်ရေဗူးထဲက ရေနဲ့သွားတိုက် မျက်နှာသစ်လိုက်ပါသည်။ ခဏနေတော့ ကားဘီးပြင်ဖို့ ညောင်ဦးမြို့ဘက်ထွက်လာပါသည်။ ကျန်ခဲတဲ့ အဖွဲ့သားတွေကတော့ တန်းဆီလမ်းလျှောက်ပြီး ဇက်ဆိပ်ကို ထွက်သွားကြပါသည်။

ညောင်ဦးကို အသွား ၀က်ကြီးအင်းရွာမှာ ဘီးပြင်ဆိုင်တွေ့တော့ ကားသမားကို ဒီမှာပြင်ရင်ကောင်းမယ်ထင်တယ်၊ နီးနီးနားနား ဆိုတော့ သွားရတာသက်သာတာပေါ့။
ကားသမာလည်း သဘောတူပြီး ကားရပ်လိုက်ပါသည်။ ဘီးပြင်ဆိုင်ကလူကို ရအောင်နိုး အကျိုးအကြောင်းပြောကာ အကူအညီတောင်းရပါသည်။

ဘီးပြင်ပြီး ဇက်ဆိပ်ကိုရောက်တော့ ဇက်က ပုဂံ ဧရာဆိပ်က စထွက်နေပြီဖြစ်ပါသည်။ ကျွန်တော်တို့ကားကိုမြင်တော့မှာ ကမ်းကိုပြန်ကပ်လာပြီး ခေါ်ပါသည်။ ကားက ကားကြီးဖြစ်သဖြင့် အရှိန်နဲ့တက်ရမည် ဖြစ်လို့ ကားလေး တစ်စီး ပြန်ဆင်းပေးဖို့ တောင်းပန်တာ ကားလေးပိုင်ရှင်က လက်မခံပါ။ ဒါနဲ့ပဲ တီအီးကားမောင်းသမားလည်း အရှိန်ကို တတ်နိုင်သလောက် ထိန်းပြီး ဇက်ပေါ်ကို တက်ဖို့ကြိုးစားတာ မအောင်မြင်ဘူးဖြစ်နေပါသည်။ သုံးကြီမ်မြောက်တွင် အရှိန်ကိုမြှင့်ပြီတက်တော့ တီအီးကား ဇက်ပေါ်အရောက် ဘရိတ်ကိုအားကုန်အုပ်သော်လည်း ရှေ့မှာရပ်ထားသော ဗင်ကားလေးကို ၀င်ဆောင့်မိပါသည်။ တီအီးကားမောင်းသူမှာ မျက်နှာငယ်လေးနဲ့ ဖြစ်နေပါသည်။ ဟုတ်မှာပေါ့.. သူတို့က အစိုးရ၀န်ထမ်း ကားမောင်းသမားတွေ။ တကယ်ရိုးရိုးသားသားလုပ်ရင် လျော်ရမည့် တန်းဖိုးမှာ သူ့အတွက် တော်တော်ကြီးပေမည်။ ဆရာမျိုးကတော့ သူတာဝန်ရှင်းပေးပါမည် လို့ပြောလိုက်တော့မှ ကားမောင်းမှာ စိတ်သက်သာ သွားပါသည်။

သတိထားမိတော့ ဇက်က မြစ်လယ်ကို ရောက်နေပြီးဖြစ်ပါသည်။ ပုဂံဘက်ကမ်းကို ပြန်ကြည့်တော့ ဘုရား၊စေတီ၊ပုထိုးများ မြင်ကွင်းကျယ်ကျယ်မှာ မျက်စီတဆုံးမှာ နံနက်ခင်ရဲ့ နေရောက်ခြည်အောက်မှာ မြင်ရတဲ့ ရှုခင်က ပန်းချီကားတချပ်လိုပင် လှပနေပါတော့သည်။

`ပီတိ.. မနက်စာစားပြီးပြီလား…´
အသံကြားလို့လှည့်ကြည့်လိုက်တော့ ကိုလှမင်း ကိုတွေ့လိုက်ရသည်။
`မစားရသေးဘူး ကိုကြီး။ ကိုကြီးရော…´
`အေး… ဇက်ဆိပ်က မုန့်ဟင်းခါးစားလာတယ်။´
`ကောင်းလို့လား။´
အညာမုန့်ဟင်းခါး အကြောင်းကိုသိနေသော ကျွန်တော်က မေးလိုက်မိသည်။
`စားလို့မကောင်းဘူး… ဆန်လုံးရှည်ကြမ်း တုတ်တုတ်ကို ပဲဟင်းရည်ထည့်ပေးပြီး မုန့်ဟင်ခါးတဲ့´
`ဟားဟား.. ဟုတ်တယ် ကိုကြီး။ အညာမုန့်ဟင်းခါးက အဲဒီလိုပဲ။ ကျွန်တော်ကတော့ မကြိုက်လို့ မစားဘူး။ ကျွန်းချောင်းဘက်ရောက်မှ လက်ဖက်ရည်သောက်တော့မယ်။´

ခဏနေတော့ ကျွန်းချောင်းဘက် ဆိပ်ကမ်းကိုရောက်ပါတော့သည်။

ကားတွေ အောက်ရောက်တော့ ဇက်ပေါ်မှာ ဖြစ်ခဲ့တဲ့ မတော်တဆမှုကို ဖြေရှင်းရတော့သည်။ ပထမတော့ ဗင်ကားက လျော်ကြေး ၄၀၀၀ တောင်းသည်။ ကျွန်တော်တို့ဘက်ကလည်း ၃၀၀၀ ပဲလျော်နိုင်မယ် ပြောတော့ ဗင်ကားပေါ်မှာ ပါလာတဲ့ မျက်နှာခပ်တင်းတင်းနဲ့လူက ၄၀၀၀ ပေးနိုင်ရင်ပေး မပေးနိုင်လျှင် တပ်ထဲလိုက်ခဲ့ လို့ပြောလာပါတယ်။
ကျောင်းသားတော်တော်များများလည်း စိတ်တိုသွားပြီး… ဟုတ်ပြီ မပေးဘူး၊ တပ်ထဲသွားမယ် လို့ပြောတော့၊ ဗင်ကားက နောက်တယောက်က လာပြီး ညီလေးတို့ရယ် ၃၀၀၀ နဲ့ဆိုကျေနပ်ပါပြီ လို့ပြောတော့ အားလုံး အဆင်ပြေသွားပါသည်။

နောက်တော့မှ သိရတာကတော့ လာတောင်းပန်တဲ့လူက ကားပိုင်ရှင်ဖြစ်ပြီး မျက်နှာခပ်တင်းတင်းနဲ့လူကတော့ တပ်ရင်မှုးရဲ့သားဖြစ်ပါတယ်။ တပ်ရင်မှုးရဲ့သားက ကားကို ချောဆွဲပြီး ခရီးထွက်တာ ဒီလိုဖြစ်တော့ သူက ၀င်ပြီး ပါဝါပြခြင်းဖြစ်ပါသည်။

တီအီးကားရဲ့ ပြင်ခဲ့သော ကားဘီးသည် ပြန်ပေါက်သွားသည်။ ကားဘီးပြင်ပြီး ကျွန်းချောင်းကနေထွက်တော့ မနက် ၁၀နာရီ ဖြစ်နေပါပြီ။ အညာနေက စတင်ပူလာပြီးဖြစ်လို့ စောင်တွေ၊ ground sheet တွေကို အမိုးလုပ်ကာ နေကာလုပ်နေရပါသည်။

ဒီလိုနဲ့ ပခုက္ကူမြီု့ကို နေ့လည် ၁၂ နာရီလောက်တွင် ရောက်လာမိတော့သည်။ ကိုလှမင်းကတော့ `ပခုက္ကူ အဟုတ်ပူ၊ ဖုတ်ထူလေသည်´ လို့ မှတ်ချက်ချပါတော့သည်။

ပခုက္ကူမြီု့မှာ ညအိပ်ရပ်နားပြီး မင်းတပ်မြို့ကို တက်မည့်ကားစောင့်ရမည် ဖြစ်ပါသည်။
တည်းခိုးသည့်နေရာကတော့ ဆရာအတတ်သင်ကျောင်း မြဧရာဆောင်တွင် ဖြစ်ပါသည်။ မိန်းကလေးများကို အပေါ်ထပ်တွင် နေစေပြီး ယောင်္ကျားလေးများက အောက်ထပ်တွင် နေစေပါသည်။

ရောက်ရောက်ချင်း ပစ္စည်းချ၊ ခဏနားပြီးတော့ ရေချိုးဖို့ပြင်ပါတော့သည်။ ရေချိုးပြီးသော်လည်း အညာနွေရဲ့ ပူပြင်းသောရာသီဥတုကြောင့် ချွေးများပြန်ထွက်လာပါသည်။ ရောက်ရောက်ချင်း နေ့လည်စာကိုတော့ အနီးအနားမှာ ရှိတဲ့ အဝေးပြေးဂိတ်မှာရှိတဲ့ ထမင်းဆိုင်တွင်ပဲစားလိုက်ပါသည်။



စားသောက်ပြီးတော့ လက်ဖက်ရည်ဆိုင်တွင် သူငယ်ချင်းများနဲ့ထိုင်နေတုန်း မကလျာနဲ့ မသူဇာ တိုနဲ့ ဆရာစိန်တို့ မြို့ထဲကို မြင်လှည်းနဲ့သွားကြမယ်ဆိုတော့ လိုက်လာခဲ့ပါသည်။ ပခုက္ကူမြီု့ရဲ့ ကျက်သရေဆောင် သီဟိုဠ်ရှင်ဘုရားကို သွားပြီး ဖူးမြှော်ပါသည်။ နောက်တော့ ပခုက္ကူမြီု့မ ဈေးမှာ အသုံတည့်မည့် ပစ္စည်းတွေကိုပြီး တည်းဆိုရာ အဆောင်ကို ပြန်ခဲ့ပါတော့သည်။

အဆောင်ပြန်ရောက်ပြီး ခဏနား ပြီးတော့ ကျွန်တော်တို့ရဲ့ စားဖိုမှုး ဦးကျော်လင်း စီစဉ်ပေးသော ညနေစာကို ထမင်းစားဆောင်မှာ အားလုံးပျော်ပျော်ပါးပါးစားကြပါသည်။ စိတ်ထဲမှာ လွတ်လွတ်လပ်လပ် နေ့စဉ် ပျော်ပွဲစားထွက်နေရသလိုပင် အားလုံးပျော်ရွှင်နေကြပါသည်။

ညနေစာစားပြီးတော့ အဆောင်ရဲ့ အပြင်ဘက်တွင် လူစုမိတော့
`ဂိမ်းဆော့မယ်´
`ဂစ်တာတီးမယ်´
`ကစားမယ်´
တယောက်တပေါက် ပြောနေကြသည်။ နောက်ဆုံးတော့ ဂစ်တာတီးမည့် အဆိုက အတည်ပြုဖြစ်သွားသည်။ ညနေစာစားပြီး ဗိုက်ပြည့်နေလို့ မည်သူမှ မလှုပ်ချင်သေးလို့ပေါ့။

ဂစ်တာယူကာ အဆောင်အပြင်ဘက် စိန်ပန်းပင်အောက်က အုတ်ခုံလေးမှာ အားလုံးစုထိုင်ပြီး သီချင်းတွေကို အော်ဟစ်ကြပါသည်။



သိပ်မကြာခင် တနေကုန် ရှေ့ဆက်ရမည့်ခရီးအတွက်စီစဉ်နေသော ဆရာမျိုးနဲ့ ခင်မောင်ကျော်ပြန်ရောက်လာပြီး မနက်ဖြန်အတွက် အစီအစဉ်ကို ပြောပါသည်။

`ဆရာတို့ မနက်ဖြန် မနက်မှာ ဒီ ပခုက္ကူကနေ မင်းတပ်ကိုသွားမယ်။ လမ်းမှာ ပုံတောင်၊ ပုံညာကို ဖြတ်ရမှာဖြစ်တယ်။ ကိုယ် ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ အများနဲ့သွားတာဖြစ်လို့ ဒေသဓလေ့ ထုံစံတွေကို လိုက်နာရမည်။ မနက်ဖြန်မှာ အင်္ကျီအနီ၊ အနက် မ၀တ်ပါနဲ့။ မင်္ဂလာမရှိတဲ့ စကားမပြောပါနဲ့… မနက် ကားရောက်တာနဲ့ စောစောထွက်နိုင်အောင် ပြင်ဆင်ထားပါ။´

ဆရာပြောပြီးတော့ အားလုံးက အခန်းကိုပြန် နေ့လည်က လျော်ဖွတ်ထားသော ပစ္စည်းများကို သိမ်း၊ အိပ်ဖို့ရာ ပြင်ဆင်ပါသည်။ အခန်ထဲတွင် အိုက်လှောင်နေသည်မို့ အပြင်ထွက်ခဲ့ပါသည်။ အပြင်မှာ မကလျာတို့မိန်ကလေးအဖွဲ့ နဲ့ ယောင်္ကျားလေးများ စကားပြောနေသည်ကို တွေ့လိုက်သည်။

ကျွန်တော့်ကိုတွေ့တော့ မကလျာက
`ပီတိလာဟေ့… အိပ်လို့မရတာနဲ့ ဘာလုပ်ရင်ကောင်းမလဲ ပြောနေကြတာ´
`ဟုတ်လား… ဒီလိုညမျိုးမှာ သရဲအကြောင်းပြောရင် အကောင်းဆုံးပဲ´
`ဟေ့ဟေ့… မလုပ်နဲ့.. ငါကြောက်တတ်တယ်´
ခန္ဓာကိုယ် အကြီးဆုံး မအေးခိုင် က ထအော်လေသည်။
` မအေးခိုင် ကလည်း မကြောက်ပါနဲ့ အားလုံးရှိပါတယ်…´
`မရဘူး ကြိုက်တာလုပ် သရဲအကြောင်းတော့ မပြောနဲ့…´

မင်းသူကလည်းဝင်ပြီး `ကောင်းတယ် သရဲခြောက်တဲ့ အကြောင်းပြော စိတ်ဝင်စားဖို့ကောင်းတယ်။ အထူးသဖြင့် ဒီလိုအဆောင်တွေမှာ ညဆိုရင် သရဲတွေပေါတယ်တဲ့။´
မအေးခိုင် မျက်နှာပျက်နေပြီး မင်းသူရဲ့ နာမည်ပြောင်ကို သုံးပြီးတာရှာသည်။
`ဟဲ့ ဂွေးတို.. ဆက်မပြောနဲ့တော့… ´
မင်းသူကလည်း မရပ်ပါ
`ကျွန်တော်ကြားတာကတော့လေ ဟိုတလောက ဒီအဆောင်မှာနေတဲ့ ဆရာမတယောက် အိမ်ပြန်သွားတာ ပြန်မလာဘူးတဲ့။ နောက်တော့ ရေချိုးခန်းထဲမှာ သူ့ကိုတွေ့တယ်လို့ ပြောတယ်။ ရေချိုးရင် တယောက်ထဲမချိုးကြနဲ့နော်။ သတိထား´
မင်းသူရဲ့မျက်နှာ ခပ်တည်တည်နဲ့ ပြောနေတော့၊ မိန်ကလေးတော်တော်များများက မျက်နှာငယ်လေးတွေနဲ့ ဖြစ်နေကြသည်။
မကလျာက၊ တောင်ငူသူပီပီ
`မင်းတူ၊ နင်တကယ်ပြောတာလား၊ ဘယ်လိုလုပ်သိလဲ´
`လျာကြီး၊ မင်းသူလို့ မှန်အောင်ခေါ်ပြောပြမယ်။´ လို့ပြန်စနေပါသေးတယ်။

အဲဒီတုန်း ပိုးဟပ်တကောင် ချောင်ထဲက ပြေးထွက်လာကာ မင်းသူဆီကို ဦးတည်ပြီးသွားပါဘည်။

`အမေ့……………….´
မင်းသူအော်လိုက်တာ အားလုံးလန့်ဖြန့်သွားသည်။ အနားမှာရှိတဲ့ မိကျော်မ က ဖိနပ်နဲ့ ရိုက်လိုက်တော့ ပိုးဟပ်ကသေသွားသည်။ မင်းသူကတော့ ပိုးဟပ်ကို မကြည့်ရဲသေး။ မကလျာ ဘာစိတ်ကူးပေါက်သွားသည် မသိ၊ ချက်ချင်း အနားမှာရှိတဲ့ ပလတ်စတစ်အိတ်ထဲ ပိုဟပ်သေကို ရအောင်ထည့်ပြီး မင်းသူကို လိုက်တို့ပါသည်။

မင်းသူကကြောက်ပြီးထွက်ပြေး၊ မကလျာက လိုက်တို့နဲ့ တဆောင်လုံးဆူညံသွားပါသည်။ ခဏနေတော့ ဆရာမျိုးထွက်လာပါသည်။ ဆရာကတော့ ဘာမှမပြောသေးပဲ ကြည့်နေပါသည်။

`မအိပ်ကြသေးဘူးလား။ မနက်ကျရင် စောစောထရမယ်။´
`ဟုတ်ကဲ ဆရာ၊ အိပ်တော့မယ်´
အားလုံး ညီညီညာညာပြန်ဖြေကြသည်။

မင်းသူကို ကြည့်တော့ တကယ်ကိုကြောက်နေသည့်ပုံပေါ်နေသည်။ နောက်တော့မှ သိတာကတော့ သူ့မှာ ပိုဟပ်ကို ကြောက်တတ်သည့် အကျင့်ရှိသည်ကိုပါပဲ။

နောက်နေ့မှာ ဆက်သွားရမည့် ခရီးကို ရင်ခုန်စွာ စောင့်ရင်း ပူအိုက်သော အညာနွေညမှာ အိပ်ပျော်အောင် အိပ်လိုက်ပါတော့သည်။

~~~~~~~~ ဆက်ရန်

6 comments:

Ye-Mon said...

ပီတိရေ

မောင်ရင့် အခန်းဆက်က အခုမှပဲ ပြန်ပေါ်လာတော့တယ်။ ခပ်သွက်သွက်လေး ဆက်ရေးနော။ လည်ပင်းရှည်အောင် မလုပ်နဲ့။

PeTi said...

အဟဲ.. စိတ်ရှည်စွာ စောင့်ဖတ်တဲ့ အကိုကြီးကို ကျေးဇူးပါနော်။ ကျွန်တော်လည်း ကျောင်းနဲ့ ရှုပ်နေလို့ စာမရေးဖြစ်တာပါ။ အခုတော့ ပြန်ပြီး စာရေးနိုင်ပါပြီ။

pandora said...

ဒီပို့စ်တွေက ကိုယ့်ကို နောင်တ ရသထက်ရအောင် နှိပ်စက်နေတော့တာပဲ
သြော်.. မလိုက်ဖြစ်တဲ့ခရီးတွေ
ဆရာမျိုးကခေါ်ခဲ့သား.. အိ အိ

PeTi said...

ပန်ဒိုရာ လိုက်ခဲ့ရင် ကျွန်တော် စာရေးစရာ မရှိဖြစ်နေမှာပေါ့… ဟီး.. နောက်တာပါ။
တကယ် လိုက်သင့်တဲ့ ခရီးတွေပဲ သိလား။ ကျောင်းသားဘ၀က အတွေ့အကြုံ တသက်လုံး မမေ့နိုင်စရာ တွေပဲ…

ဂျစ်တူး - gyit_tu said...

ဟင် တောင်တက်သွားမယ့်လူတွေ ၀တ်ထားတာ မင်းသား ရှုံးတဲ့စတိုင်တွေနဲ့ပါလား ။

ခွိခွိ

အင်း .. ကျောင်းသားဘ၀က တော်တော်ပျော်စရာပဲ ။

ကိုရဲမွန်ကြီးပြောသလို ခပ်သွက်၂လေး ရေးပါ ။

thinpapa said...

ဟားဟား ဒီအပိုဒ်က ၇ယ်၇တယ်....အစ်ကိုတို.တုန်းက ခရီးကထောက်တယ်နော်...အခုတော.လမ်းတွေကောင်း..ပြီး ပုဂံကနေ မင်းတပ်ကို တစ်နေ.ပဲကားမောင်း၇တော.တယ်...

Ratings