Wednesday, February 27, 2008

တွယ်ရာမဲ့ ရှင်သန်ကျန်ရစ်ကြသူများ

ကျွန်တော့်ဆီကို အဖြူအမဲ စာရွက်ခေါက်လေးတစ်ခု လက်ဆင့်ကမ်းပြီးရောက်လာပါတယ်။ မျက်နှာဖုံးမှာ သန်းမြင့်အောင် ၊ တွယ်ရာမဲ့ ရှင်သန်ကျန်ရစ်ကြသူများ လို့ ခေါင်းစဉ် တပ်ထားတာကိုတွေ့လိုက်ရတော့ ဆရာမ သန်းမြင့်အောင် နဲ့ ယှဉ်ပြီး နာရေးကူညီမှုအသင်းနဲ့ ဆက်စပ်ပြီး မျက်စိထဲမှာမြင်လိုက်မိပါတယ်။ နောက်ပြီး အထဲမှာပါထဲ အကြောင်းအရာကိုဖတ်ပြီးတော့လည်း စိတ်ထဲမှာ မကောင်းဖြစ်မိပါတယ်။ တယောက်ထဲဖြစ်နေတာထက် အများသိဖို့လိုအပ်တယ်လို့ ယူဆပြီး ဒီပို့စ်ကို တင်လိုက်ပါတယ်။ အောက်မှာပါတဲ့ အချက်အလက်တွေကတော့ အဲ့ဒီ စာရွက်ကလေးထဲမှာပါတဲ့ အကြောင်းအရာလေးတွေပါ။

အကြောင်း အမျိုးမျိုးကြောင့် ဒီစာဖော်ပြခွင့်ကို စာရေးသူထံမတောင်းနိုင်တာကို နားလည်ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

တွယ်ရာမဲ့ ရှင်သန်ကျန်ရစ်ကြသူများ

ပြောင်းလဲခြင်းများဖြင့် ထာဝရတည်မြဲနေသော လူမှုဘ၀ လူ့အဖွဲ့အစည်းကြားမှာ အနေကြာလာတာနဲ့အမျှ ကျွန်မရဲ့ခြေလှမ်းတွေက မှန်းဆလို့မရသေးတဲ့ လမ်းသစ်တွေဆီ ဦးတည်နေချင်စိတ်ကို မနည်းဖိသိပ်ချိုးနှိမ်ရင်း ဘ၀အမောတွေကြားမှာ သက်ပြင်းကို အခါခါချနေရပေသည်။

ဒုလ္လဘတစ်ပါးဟု တင်စားရလေသော ရခဲလှသည့် လူ့ဘ၀တလျောက်မှ လူသားတို့၏ အို၊ နာ၊ သေဘေး ၀ဋ်ဒုက္ခသည်ကား ဘ၀၏နောက်ဆုံးကာလများတွင် မည်သူမျှ ရှောင်လွဲ၍မရလေသော အကြောင်းတရားများပင်တည်း။

ထိုရှောင်လွဲ၍မရလေသော အကြောင်းတရားများနှင့် ရင်ဆိုင်နေကြရသော သူတို့အတွက် ၄င်းတို့၏ဘ၀တစ်လျှောက်လုံး ကျင်လည်၊ ရှင်သန်၊ သာယာခဲ့သော မိသားစု ပတ်ဝန်းကျင် အသိုင်းအ၀န်းတို့ ပျောက်ကွယ်ပျက်သုန်း၍ ပျော်ရွှင်မှုမဲ့ခဲ့သော အထီးကျန်ဘ၀သို့ ရောက်ကြလေသောအခါ…

x x x x x x x x x x x

နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် ၇ နှစ်တာကာလအတွင် ဆင်းရဲချမ်းသာလူမျိုးဘာသာ အသက်အရွယ်မရွေး နာရေးကိစ္စများ လိုက်လံသယ်ယူပို့ဆောင် ကုသိုလ်ယူခဲသော ကျွန်မနှင့်တကွ လုပ်ဖေါ်ကိုင်ဖက် ပရဟိတ ညီအစ်ကိုမောင်နှမများအတွက် လူသားတစ်ယောက်၏ ဘ၀နိဂုံး အဆုံးသတ်ချိန်တွင် အကြောင်းတရားအမျိုးမျိုးနှင့် လူ့ဘ၀ထဲမှ ထွက်ခွာသွားကြသူပေါင်းများစွာကို တွေ့မြင်ခဲ့ကြရသလို ကျန်ရစ်သူတို့၏ ဘ၀ရှင်သန်မှုများစွာကိုလည်း မျက်မြင်ကြုံတွေ့ခဲရခြင်းမှတဖန် ပဟေဠိပေါင်များစွာနှင့်လည်း ရင်ဆိုင်ခဲ့ရပြန်သေး၏။

မိသားစုပေါင်းများစွာထဲက ထွက်ခွာနေကြသည့် တစ်ယောက်ချင်းသော ဘ၀ကူးကောင်းသည့် မကောင်းသည့် သူတွေ၏နောက်မှာ --

`ကျွန်မတို့ ဘယ်သူ့ကို အားကိုးရတော့မှာလဲ´…

`သမီးတို့ကို ပစ်ထားခဲ့ပြီလား အမေရဲ့´…

`ကျုပ်တို့ရဲ့ ဒုက္ခတွေကို ဘယ်သူလာကယ်တော့မှာလဲ ကျေးဇူးရှင်ကြီးရဲ့´…

စသည့် အသံပေါင်းများစွာက ဘ၀ကို ဆက်လက်ရုန်းကန်ရင်ဆိုင်နိုင်ရန်ကိုတော့ ဘယ်နည်းနှင့်မဆို အင်အားတစ်စုံတစ်ရာကို ဆုပ်ကိုင်မိဖို့ ကြိုးစားနိုင်ကြဦးမည်ပင်။ တစ်သက်တာ ချစ်မြတ်နိုးစွာ အတူတကွ နေထိုင်လာကြရသော မိသားစု၏ ပျော်ရွှင်မှု၊ သံယောဇဉ်၊ ကျေးဇူးတရားနှင့် ခိုင်မြဲသောမေတ္တာနှောင်ကြိုးကြားမှ ရုန်းထွက်သွားသူအတွက် ယူကြုံးမရသည့် သောကဗျာပါဒတွေကိုလည်း ကြားရသူတိုင်း စာနာနားလည်နိုင်ကြပါသည်။

ကျွန်မအတွက် တကယ်တမ်းရင်ထဲမှာ တမြေ့မြေ့ လောင်ကျွမ်းပြီး မေ့ပစ်၍မရနိုင်သည့် ထွက်ခွာသွားကြသူတို့နှင့် ကျန်ရစ်သူ အချို့၏ ဘ၀များသည်ကား…

x x x x x x x x x x x


အချိန်ကာလကို အတိအကျပြောမပြလိုပေမင့် မကြာခဏ တွေ့ကြုံရသော အဖြစ်အပျက်များပင်ဖြစ်သည်။

ပထမဦးဆုံး ကျွန်မရင်ထဲဝင်ရောက်ခဲဖူးသည့် သက်ကြီးရွယ်အိုတစ်ဦးကား ရန်ကုန်မြို့ထဲမှ သူကိုယ်တိုင်ပင် အမေ့မေ့အလျော့လျော့ ဖြစ်နေပြီးဖြစ်သော သူပိုင်တိုက်ခန်း၏ အတွင်းမှာဖြစ်သည်။ ခြောက်ပေ x ကိုးပေခန့်ရှိ နောက်ဘက်ကျကျ မှောင်မိုက်နံစော်နေသော အခန်းကျဉ်းကလေးထဲတွင် သူ့ကို ကျွန်မ မကြာခဏ သွားရောက်တွေ့ဆုံခဲ့ရဘူးခြင်းကြောင့် ဖြစ်သည်။

တင်ပဆုံရိုးကျိုးပြီး အောက်ပိုင်းချိနေသော ထိုအမေအိုသည် မိဘဘိုးဘွာအစဉ်အဆက် တောင့်တောင့်တင်းတင်းနေလာကြရာမှ သက်ကြိးရွယ်အိုဘ၀တွင် ဆွေမရှိမျိုးမရှိ မောင်နှမနှစ်ယောက် ကိုယ်ပိုင်တိုက်ခန်းကလေးဖြင့် အဖော်ရအောင် ဆွေမျိုးနီးစပ်တော်သူ မွေစားသားတစ်ယောက်နှင့် အတူနေထိုင်ကြရင်း၊ နောက်ပိုင်းတွင် မွေးစားသားက အိမ်ထောင်ကျ၊ ကလေးဘုစုခရုနှင့် အဘိုးကြီး၊ အဘွားကြီး မောင်နှမအတွက် အဖော်မရဘဲ အစ်ကိုကြီး (၇၈)နှစ်က ညီမ (၇၅)နှစ်အား မုန့်ဝယ်ထွက်ပေးပြီး ပြင်ကျွေးရသည့် အခြေအနရောက်လာသည်။ တစ်နေ့ အစ်ကိုကြီးဆုံးသွားသောအခါ ညီမ အမယ်အိုအတွက် အခက်တွေ့ရသည်ကား အားကိုးစရာကောက်ရိုးတမျှင်ပင် လက်လှမ်း၍ မမှီနိုင်လောက်အောင် သောကရောက်ရတော့သည်။

မွေးစားသားအမည်နှင့် လွှဲပေးထားခဲ့သော တိုက်ခန်းကလေး၏ နောက်ဘက်ကျကျအခန်းကလေးသို့ သီသန့်လွတ်လွတ်လပ်လပ်နေရအောင်ဟူသော အကြောင်းပြချက်ဖြင့် ရွှေ့ပြောင်းခံလိုက်ရပြီးသည့်နောက်တွင်မူ အဘွားအိုခမျာ လူသူအရိပ်အရောင်ကိုပင် မြင်တွေ့ရခွင့် နည်းပါးသွားရပြန်ပါသည်။

အကွက်မပေါ် နံစော်မာခေါက်နေသော ခန်ဆီးလိုက်က၏နောက်မှ မှောင်မိုက်မိုက်အခန်းကလေးထဲတွင် ရေမိုးချိုးမည့်သူမရှိ၊ ဆံပင်ဖြီးသင်ပေးမည့်သူမရှိ။ ထမင်းစားချိန်တွင် ထမင်းနှင့်ဟင်ကို သူ့အတွက် သတ်မှတ်ပေးထားသော ပန်းကန်ထဲတွင် တစ်ခါပြင်စာကလေးပုံ၍ လိုက်ကာအောက်မှ ထိုးသွင်းပေးလိုက်သည့်အတွက် ထမင်းကလေးတော့ဖြင့် ဟင်းကောင်းကောင်းနှင် မဟုတ်တောင် ကျွေးဖော်ရ၍ ကျေးဇူးတင်ရပေသေးသည်။ သည်အဘွားအိုနှင့် အသိအကျွမ်းဖြစ်ခံဖူးသော စာပေနယ်မှ ကျွန်မ၏အစ်မကဲသို့သော ဆရာမကြီးတစ်ယောက်ကြောင့် ထို ဒုက္ခိတအဘွားအိုနှင့် ကျွန်မ ကာလအတန်ကြာ ဆက်သွယ်ပတ်သက်ခံရဖူးခြင်းဖြစ်သည်။

`မမတို့ သွားလာဝင်ထွက်ရင် သူ့အိမ်က မိသားစုက မကြိုက်ချင်ဘူးညီမရေ၊ သူတို့ သိက္ခာကျတယ်လို့ ယူဆတယ်ထင်ပါရဲ့၊ အဘွားကြီးခမျာ ကလေးတစ်ယောက်လိုပဲ အပေါ့အလေးစွန့်ချင်ရင်လည်း လက်နှစ်ဘက်ကို အားပြုပြီး ဖင်ဒရွတ်ဆွဲနဲ့ လိုက်ကကြားထွက်ပြီး မနီးမဝေးမှာရှိတဲ့ အိမ်သာလေးဆီရောက်အောင်သွားရတာ။ လမ်းမှာထွက်ကျလို့ ပေကျံရင်လဲ ငြိုငြင်ငေါက်ငမ်းခံရသေးတော့ အန္တရာယ်ကိုမလွယ်နိုင်မှာစိုးလို့ သူ့ခမျာ အစားအသောက်တောင် သိပ်မစားရဲရှာပါဘူး။ အဲဒီ အဘွားကြီးအတွက် မရှိမဖြစ်အရေးကြီးတာက ဖယောင်းတိုင်နဲ့မီးခြစ်ပဲ၊ မမက တစ်လတစ်ခါ ဖယောင်းတိုင်အသေးလေးတွေရယ်၊ မီးခြစ်နဲ့ အ၀တ်အစားတစ်စုံ၊ ပြီးတော့ မုန်ကလေးနည်းနည်း ဒါမှမဟုတ် သူစားချင်တာစားရအောင် ပိုက်ဆံကို အကြွေကလေးတွေအမ်းပြီး အဲဒီအိမ်သားတွေ ငြိုငြင်နေတဲ့ကြားပဲ သွားသွားပို့ပေးနေရတယ်။ သူ့အခန်းကလေးထဲမှာက နေ့ညမပြတ် ဖယောင်းတိုင်ထွန်းထားရတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ကြွက်တွင်းပေါက်တွေနဲ့ ပြည့်နှက်ပြီး မြေကြီးတွေ အမှိုက်တွေ ပွစာကြဲနေတဲ့ အတွက် အလင်းရောင် နဲနဲမရှိရင် မြေကြွက်တွေက လူကိုလာလာကိုက်နေလို့ပဲ။´

အို… ဖြစ်မှဖြစ်ရလေနော်၊ ကျွန်မရင်ထဲ ကျင်ကနဲဖြစ်သွားခံသည့် ထိုခံစားချက်က ခုချိန်ထိမပြေနိုင်သေးပါ။

`ချေးညှော်အထပ်ထပ်နဲ့ ဖြစ်သလိုနေရတဲ့ သူ့အတွက် တစ်လတစ်ကြိမ် ပို့ပေးတဲ့ တစ်ပတ်ရစ် ၀တ်စုံတစ်စုံက တစ်လလုံးအတွက် တစ်ခါသုံးပစ္စည်းပေါ့။ မုန့်ဖိုးပေးရင် အိမ်က ကလေးတွေက မုန့်ဝယ်ပေးတယ်။ ဒါပေမယ့် မုန့်ဝယ်မဲ့ ပိုက်ဆံရော၊ သူတို့ကို မုန့်ဝယ်ခပေးတဲ့ ပိုက်ဆံပါ အတိအကျပေးလိုက်မှ၊ နို့မဟုတ် ပြန်အမ်းရမဲ့ ငွေစက္ကူပေးလိုက်လို့ကတော့ ဘယ်တော့မှ ပြန်မရဘူးဆိုပဲ။ ကိုယ့်မလဲ ခေါ်ထားစရာနေရာကမရှိ၊ သူနဲ့ အတူတူနေသူတွေကလည်း လူမှုရေးအသိစေတနာက ခေါင်းပါးတော့ အရင်တုံးက သူ့ကိုမြင်ဖူးတွေ့ဖူး သိခဲ့ဖူးတဲ့ လူအချို့ အဲဒီပတ်ဝန်းကျင်မှာ ရှိနေသေးရင်အောင် ဒီတိုက်ခန်းကလေးရဲ့ နောက်ဘက်အမှောင်ထဲမှာ ဒုက္ခိတအမေအိုကြီးတစ်ယောက် ရှိနေတယ်လို့ ဘယ်သူမှ ထင်မှာ မဟုတ်ကြတော့ဘူး၊ သူ့ကို မေ့ကုန်ကြရောပေါ့လို့ သူသတိရတဲ့အခါ ပြောလေ့ရှိတယ်။´

နောက်ဆုံးတော့ ထိုအစ်မပေးသော အလုပ်တာဝန်ကို ကျွန်မ လိုလိုလားလားပင် လွှဲယူလက်ခံလိုက်ပြီး အလိုမကျသော မျက်နှာကြားမှ တစ်လတစ်ကြိမ် မျက်နှာပြောင်တိုက်ကာ ကျွန်မ ထိုအဘွားအိုထံ သွားရပါတော့သည်။

ချေးအထပ်ထပ်နှင့် ဂျပ်ခဲလိန်ကျစ်နေသော ဆံပင်များ၊ နံစော်ပေပွနေသော အ၀တ်များနှင့် ပိန်လှီလှီနဲ့ ခန္ဓာကိုယ်ပိုင်ရှင်၏ အရောက်မွဲနေသော မျက်ဝန်းများကိုတော့ ကျွန်မ ဘယ်အချိန်အခါတွင်မှ မေ့ပျောက်နိုင်လိမ့်မည် မထင်မိပါ။

ကျွန်မနှင့် အခါများစွာတွေ့ပြီးသောတစ်နေ့တွင် ထိုအဘွားအိုမှာ လူ့လောကကြီးမထဲမှ ထွက်ခွာသွားခွင့်ရသွားရှာလေတော့သည်။ ထိုအခါ ကျွန်မသည်

သံယောဇဉ်ကြိုးတစ်မျှင်ကြားမှပင် ၀မ်းပမ်းတသာ ရေရွတ်လိုက်မိသည်မှာ…

`၀ဋ်ကျွတ်သွားပြီပေါ့ အဘွားရယ်…´ ဟုသာ။

x x x x x x x x x x x


ဒေါ်ကျော့မြိုင်
အသက် (၅၅) နှစ်

အမည်က `ကျော့´ ပေမယ့် လူကတော့ဖြင့် ကျော့ကျော့မော့မော့ကလေးထဲက မဟုတ်တာသေချာပါသည်။ ထိုဈာပနကိစ္စကို သဂြိုဟ်ပေးရန် သွားရောက်သယ်ဆောင်ရသော ကျွန်မတို့ပင်လျှင် စိတ်မောလူမောနှင့် ဇောချွေးဖြိုင်ဖြိုင်ကျခဲ့ရသည့်အဖြစ်၊ သူတို့ ဆက်သွယ်အကြောင်းကြားထားသော လမ်းညွှန်းအတိုင်း မြို့သစ်ကလေးတစ်ခု၏ အစွန်အဖျားသို့ရောက်သည့်တိုင်အောင် ချိန်းဆိုထားသော နာရေးရှင်နှင့် အတန်ကြာလွဲချော်နေခဲ့ရာမှ တွေ့ကြပြန်သောအခါတွင်လည်း ထိုနေရာထက် ပိုဝေးပြီး ကားဝင်၍မရသော လမ်းရှည်ရှည်ကျဉ်းကျဉ်းကလေးထဲမှာမို့ ခေါင်းအလွတ်ကိုသယ်ကာ ခြေလျင် လျှောက်ခဲ့ရသော ခရီးကလည်း မနီးလှပါ။

နေ့ချင်း သဂြိုဟ်ပေးရန် အကြောင်းကြားထားသော နာရေးအိမ်သို့ရောက်သောအခါတွင်မူ လူရိပ်လူယောက်က ရှားပါးလှချေသည်။ ကျွန်မနှင့်အတူပါလာသော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် မောင်လေးနှစ်ယောက်က ဒေါ်ကျော့မြိုင်၏ ရုပ်ကလာပ်အား ဂရုတစိုက် အောက်ခံကပ်ထဲထည့်ပြီး အပေါ်မှ အလျူမီနီယံခေါင်းဖုံးဖြင့် အုပ်လိုက်ပြီးသောအခါတွင်တော့ ကားဆီရောက်အောင် သယ်ယူဖို့ရန် ကျွန်မ အကူအညီတောင်းရတော့သည်။

`ယောင်္ကျားလေး သုံးလေးယောက်လောက် ကျွန်မတို့ကို ကူညီပါဦး၊ လမ်းထိပ်ရောက်တဲ့အထိ ကျွန်မတို့ချည်း မနိုင်လို့ပါ။´

`ယောင်္ကျားဆိုလို့ မြင်တဲ့အတိုင်းပဲ ဟိုမှာထိုင်နေတဲ့ မျက်မမြင် အဘိုးကြီးတစ်ယောက်ရယ်၊ ဟောဒီကလေးနှစ်ယောက်ရယ်၊ ကျွန်တော်ရယ်ပဲရှိတာ၊ ဒီအိမ်က သားအဖနှစ်ယောက်ထဲနေတာ၊ သူတို့က အိမ်နီးချင်းတွေ လာဝိုင်းကူပေးနေကြတာ၊ ဟိုမှာထိုင်နေတဲ့ အသက်ရှစ်ဆယ်ကျော် မျက်စေ့ကွယ်နေတဲ့ အဘက ဆုံးသွားတဲ့အဒေါ်ရဲ့ အဖေပေါ့´

ဆယ့်ငါးနှစ်သာသာ ကလေးနှစ်ယောက်ကိုညွှန်ပြရင်း ပြောလိုက်သည့် စောစောက ကျွန်မတို့ကိုလာကြိုသည့် လူရွယ်၏စကားကြောင့်…

`ဒါဆို နာရေးရှင်က ဘယ်သူလဲ၊ ရှင်မဟုတ်ဘူးလား။ ကျွန်မတို့အသင်းကို စာရင်းပေးထားတဲ့ မိသားစုဝင်နာမည်က ရှင့်နာမည်ဆို´

`ဟုတ်ပါတယ် ကျွန်တော်က အခုဆုံးသွားတဲ့ အဒေါ်ရဲ့ ယောင်္ကျားဘက်က တော်တဲ့တူပါ။ ကျွန်တော့် ဦးလေးက ပြီးခဲ့တဲ့ခြောက်နှစ်လောက်က ဆုံးသွားတာမို့ အဒေါ်နဲ့ မျက်စေ့မမြင်တဲ့အဘိုးဆီကို တစ်ခါတစ်ခါလာကြည့်ရင်းနဲ့ အဒေါ်ဆုံးတာနဲ့ကြုံလို့ပါ။ ကျွန်တော်က စက်မှုကတွင်ခုံမှာ အလုပ်လုပ်ပြီး အလုပ်ရှင်နဲ့ နေရတာပါ။´

သူ့စကားကြောင့် ကျွန်မ စိတ်မကောင်းဖြစ်သွားသည်။

`သြော်… ဟုတ်လား… တော်သေးတာပေါ့ကွာ မင်းရောက်လာလို့၊ ကဲ…ကဲ သယ်ကြရအောင်။ ရှိတဲ့လူနဲ့ပဲ သယ်ကြတာပေါ့ ဒီလမ်းထဲကိုမှ ကားမှဝင်လို့မရဘဲ။ သားလေးတို့လည်း ၀ိုင်းကူပေးနော်´

ပြောပြောဆိုဆိုနှင့် ကျွန်မတို့ လှုပ်ရှားစပြုချိန်တွင် အနားမှ အသက်ငါးဆယ်ကျော် အမျိုးသမီးကြီးတစ်ယောက်က

`ခဏ… ခဏ လေးပါ ဆရာမရယ် တစ်ခုလောက် ပြောပါရစေ´

`ဟုတ်ကဲ့ ပြောပါ´

သူက တစ်ခုခုကို ချိန်ဆနေသလို အနည်းငယ်တုံ့ဆိုင်းနေပြီးမှ ….

`ဒီ… ဒီ အဘကိုပါ ခေါ်သွားလို့ မရဘူးလားဟင်´ တဲ့

`ရပါတယ် အဘက သူ့သမီး အသုဘကို လိုက်ပို့ချင်မှာပေါ့ ကျွန်မတို့ကားက နောက်ခန်းမှာ မိသားစုဝင် နှစ်ဦးလိုက်ခွင့်ရှိပါတယ်´ ဟု ကျွန်မက ဆိုတော့

`အသုဘ ပို့ဖို့မဟုတ်ပါဘူး၊ သူ့သမီးမရှိရင် အဘကို ဘယ်သုမှ ရှာဖွေ ကျွေးမွေးပြုစုမယ့်လူမရှိပါဘူး၊ ဒီကောင်လေးကလည်း သူ့ဟာသူတောင်မှ အနိုင်နိုင်ရယ်၊ ကျွန်မတို့မှာလည်း ကိုယ့်မိသားစုနဲ့ကိုယ်မို လာလည်းကြည့်မပေးနိုင်၊ ကျွေးဖို့လည်း မတတ်နိုင်လို့ တစ်ခါတည်းသာ ခေါ်သွားပေးပါလား ဆရာမရယ်´

`ရှင်… ကျွန်မက ဘယ်ကိုခေါ်သွားပေးရမှာလဲ´

`တစ်နေရာရာပေါ့၊ ဘယ်နေရာပဲ ဖြစ်ဖြစ်ပါ။ သူ့ကိုကြည့်မယ့်လူမရှိလို့ ကူညီပါနော်´

`ဟုတ်ပါတယ် ဆရာမရယ် ကျွန်တော်လည်း တောင်းပန်ပါတယ်။ အဒေါ်ရှိတုံးကဆို အဘကို ထမင်းကအစ ခွံ့ကျွေးရတာပါ။ အခု အဒေါ်က ချက်ချင်းကြီး ကောက်ခါငင်ခါ ဆုံးသွားတော့ အဘအတွက် ကျွန်တော်တို့ဘာလုပ်ရမှန်းကို မသိတော့ဘူး။ မျက်စေ့မမြင်တဲ့အပြင်၊ နားကပါမကြားတော့ သနားစရာပါ´

ဘုရားရေ… ဒုက္ခပါပဲ။
ကျွန်တော်တို့ ပြောနေကြတာတွေကို ဘာမှမမြင်ရ မကြားရဘဲ မျက်နှာငယ်လေးဖြင့် ထိုင်နေသော အဘိုးအိုကို တစ်လှည့် သနားကြင်နာခြင်းမှလွဲ၍ ဘာမှမပေးနိုင်ကြသော ပုဂ္ဂိုလ်များကို တစ်လှည့်ကြည့်ကာ သက်ပြင်းကိုသာ အခါခါချနေရုံနေမှတစ်ပါး ကျွန်မရော ဘာများတတ်နိုင်ပါလိမ့်ဦးမည်နည်း။

x x x x x x x x x x x


နောက်တစ်ကြိမ် ကျွန်မ ကြုံတွေ့ရသည်နေရာကား တောင်ဒဂုံ( ) ရပ်ကွက် အနီးမှာဖြစ်ပြီး လူနေထူထပ်သော်လည်း စီးပွားရေးနိမ့်ကျသော အခြေခံလူတန်းစား အသိုင်းအ၀ိုင်းထဲမှဖြစ်သည်။

အသက်(၄၀)ခန့် ခေတ်ပေါ်ရောဂါတစ်ခုဖြင့် ကွယ်လွန်သွားသော လူတစ်ယောက်၏ဘေးတွင် ဇနီးနှင် သားသမီးနှစ်ယောက်က တရှုံ့ရှုံ့ငိုကျွေးနေကြသောမြင်ကွင်းထက် ကျွန်မက ခပ်လှမ်းလှမ်းမှ သင်ဖျူးအဟောင်းကလေးတစ်ချပ်ပေါ်တွင် ယင်ကောင်အချို့ ၀ိုင်းအုံနေကြသော အသက် (၇၀) ခန့် တတိယအရွယ် ဝေဒနာသည်တစ်ဦးကို ပို၍ငြိတွယ်နေမိသည်။

ကွယ်လွန်သူ၏ ရုပ်ကလာပ်ကို သယ်ယူမသွားခင် ဇနီးနှင် သားသမီးများအတွက် ရနိုင်သလောက် အချိန်ပေးရင် နာရေးပို့ဆောင်သူများအကြားမှ စကားသံတွေကို ကျွန်မမကြားချင်ပါဘဲနဲ့ ကြားနေရပြန်သည်။

`တကယ်တော့ ဘယ်သူမပြုမိမိမှုပဲလို့ ပြောလို့ရပေမယ့် ဖြစ်လာတော့ သားမယား၊ သားသမီးတွေပါ မျက်နှာငယ်ရတာပဲ မဟုတ်လားကွ´

`ကလေးတွေသနားပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဖတဆိုးဖြစ်ရရှာတယ်´

`မိုက်လိုက်တဲ့လူကွာ´

ကျွန်မ အဲသည်လို ပြောနေကြသူတွေကို ရင်ထဲကနေ… `ရှင်တို့ အဲဒီလိုပဲ ဝေဖန်အပြစ်တင်နေကြမယ့်အစား နားလည်စာနာပြီ ကူညီဖေးမပေးကြဖို့ မစဉ်းစားမိကြဘူးလား၊ လူတစ်ဘက်သားကို ပါးစပ်အရသာခံပြောပြီး သနားတဲ့ မျက်လုံးတွေနဲ့ ၀ိုင်းကြည့်နေကြမယ့်အစား၊ ရှင်တို့ရဲ့ ကြင်နာတဲ့နှလုံးသား၊ နွေးထွေးတဲ့ လက်ဖ၀ါးတွေနဲ့ တွဲထူပြီး အဲဒီ လူမမယ်ကလေးတွေရဲ့ နှလုံးသားထဲကို သံမဏိစိတ်တွေ သွင်းမပေးနိုင်ကြဘူးလား´ ဟု တုံ့ပြန်ပြောဆိုနေလိုက်မသည်။ မကြာခင်အချိန်မှာပင် နာရေးလာပို့သူတစ်ယောက်က ကျွန်မကို လာနှုတ်ဆက်သည်။ ယခင်က သိဟောင်းကျွမ်းဟောင်းတစ်ယောက်ဖြစ်နေ၍ ကျွန်မ၏အတွေအာရုံက ထိုသူတွေထံမှာ သူ့ဆီကသို့ မြှားဦးလှည့်လိုက်မိသည်။

`ဆရာမနဲ့ မတွေ့တာ ကြာပြီနော်၊ ကျွန်တော်လည်း တာမွေက ပြောင်းလာပြီးကတည်းက ဒီမှာ ဆိုင်ကလေးဖွင့်ထားတော့ အပြင်သိပ်မထွက်ဖြစ်တော့ဘူး၊ အခုလိုမျိုး နာရေးကိစ္စတွေ ဘာတွေရှိမှပဲ မဖြစ်မနေထွက်ရတာ´ ဟုတ် အာလာပသလ္လာပတွေ ပြောဆိုအပြီးမှာ စောစောကတည်းက ကျွန်မသတိပြုနေမိသော ဝေဒနာသည် အမေကြီးထံ ညွှန်ပြ၍ -

`အဲဒါက ဆုံးသွားတဲ့ ကို …. ရဲ့ အမေပေါ့ ကိုယ်တစ်ခြမ်းလေဖြတ်ပြီး အိပ်ရာထဲလဲနေတာကြာပြီ။ အခု သူ့သားကလည်း ဆုံးပြီးဆိုတော့ ချွေးမနဲ့ကလေးတွေက ကောင်မလေး မိဘများရှိရာအရပ်ကို ပြန်မယ်လို့ပြေနေကြတယ်။ ငှားနေကြတဲ့ ဒီအိမ်ကလေးကိုလည်း ပြန်အပ်ရတော့မှာ၊ ခက်နေတာက ဒီလေရောဂါဝေဒနာသည်ကြီးပဲ၊ သေလည်းမသေ၊ ကောင်လည်းမကောင်းတော့ သူ့ကို ဘယ်နားသွားထားရမှန်း မသိကြဘူးဖြစ်နေတယ်။ အဲဒါ ဆရာမများ နည်းနည်းပါးပါး မကူညီနိုင်ဘူးလား၊ သူ့မှာ အခြား သားထောက်သမီးခံကလည်း မရှိတော့လို့ပါ ဖြစ်နိုင်ရင် ကူညီပါဦး´

ဟုတ်ကဲ့… ကျွန်မကူညီချင်ပါတယ်… ဒါပေမယ့်….။

သန်းမြင့်အောင်





အဲဒီလို…
ခိုကိုးရာမဲ့ ဂီလာနပုဂ္ဂိုလ်တွေအတွက်
အကောင်းဆုံးဖြစ်အောင်
ကျွန်တော်တို့ ဘယ်လိုများ
အကူအညီပေးနိုင်မလဲလို့
စဉ်းစားကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။


Read More...

Tuesday, February 19, 2008

မေမေ ရှင်းပြတဲ့ ဗုဒ္ဓ ရဲ့ မင်္ဂလာတရားတော် - ၎

သားငယ်
ကျောင်းရောက်ပြီဆိုရင် စတွေ့ရသူက ဆရာနဲ့ အပေါင်းအသင်းပဲရှိတယ်။ ဆရာကိုတော့ ရွေးလို့မရဘူးနော်။ မလွဲမသွေကိုပေါင်းရမှာ။ ဒါကြောင့် အရင်စာထဲမှာ “ဆရာ ကိုယ်တိုင်လူမိုက်မဖြစ်ဖို့ အရေးကြီးတယ်” လို့ ရေးခဲ့ တာပေါ့။

အခုစာမှာ ဦးဇင်းရဝေနွယ် (အင်းမ)ရေးတဲ့ မင်္ဂလာ အတွေးများလို့ စရရင်-

ပဏ္ဍိတာနဉ္စ သေ၀နာ၊ ဧမင်္ဂလမုတ္တမံ။
ပညာရှိကို မှီဝဲဆည်းကပ်ခြင်းသည်
ကောင်းမြတ်သော မင်္ဂလာမည်၏။
ပညာရှိကိုအရှည်တွဲလို့ မှီဝဲဆည်းကပ်နည်းယူလေ။

အပေါင်းအသင်းကိုတော့ ရွေးပေါင်းလို့ရတယ်။ ဘယ် လိုဟာ ပေါင်းရမလဲ။ တောင်မြို့၊ မဟာဂန္ဓာရုံဆရာတော် အရှင် ဇနကာဘိဝံသကတော့ မှတ်မိလွယ်အောင် မိန့်မြွက်ထားတယ်။

“အပေါင်းအသင်းကြောင့် ဆင်းရဲဒုက္ခဖြစ်ရရင်၊ အဲဒီ အပေါင်းအသင်းကို ဗာလလို့မှတ်ပါ။ မပေါင်းဘဲနေလို့ရရင် နေပါ။ မပေါင်းဘဲနေလို့မဖြစ်လို့ ပေါင်းသင်းဆက်ဆံရရင် သတိကြီးစွာထား ပေါင်းပါ။ အပေါင်းအသင်းကြောင့် ချမ်းသာသုခရရင် သူ့ကို မခွဲတမ်း ပေါင်းသင်းကာ ချစ်ခင်မြတ်နိုး အားကိုးကြပါ” တဲ့။

ဆရာတော်ကြီး မိန့်ကြားချက်က မှတ်လို့လွယ်တယ် နော်။ မြတ်စွာဘုရားက ပညာရှိဆိုတာ-

“ကောင်းတာတွေးနေတဲ့သူ၊
ကောင်းတာပြောနေတဲ့သူ၊
ကောင်းတာလုပ်နေတဲ့သူ”

လို့ ဖွင့်ပြတယ်။

ကံသုံးပါးစလုံး ကောင်းအောင်ပြုမှတော့ ပေါင်းသင်းသူ၊ တစ်ဖတ်သားကို ချမ်းသာသုခ ရစေတာပေါ့။ မြတ်စွာဘုရားရဲ့ ပညာရှိ အဓိပဍ္ဎါယ်ဖွင့်ပြချက်ကို အများနားလည်အောင် မှတ် လွယ်အောင် ဆရာတော်ကြီးက မိန့်ကြားထားတာ သားငယ်ရဲ့ ။ ဆိုလိုရင်းက တူပါတယ်။

အခုသားငယ်တို့ သူငယ်ချင်းသုံးယောက် အတူနေ ကြရာမှာ အဆင်ပြေကြတယ်၊ စိတ်ချမ်းသာကြတယ်၊ ပျော်ရွှင် ကြတယ်ဆိုတော့ အမေဖြင့် ၀မ်းသာနေရတယ်။

သားငယ်တို့ သူငယ်ချင်း သုံးယောက်စလုံး ရိုးရိုးသား သားနဲ့ ကြိုးစားနေကြသူတွေဖြစ်တယ်။ တစ်ဦးနဲ့တစ်ဦး ချစ်ခင် ကြတယ်။ စောင့်ရှောက်ကြတယ်။ မကောင်းတာ တားမြစ်ကြ တယ်။ ကောင်းတာညွှန်ပြကြတယ်။ တစ်ဦးရဲ့ကောင်းကျိုးကို တစ်ဦးက လိုလားကြတယ်။ အချင်းချင်း စာဆွေးနွေးကြတယ် ။တစ်ဦးစကား တစ်ဦးနားထောင်ကြတယ်။

သားငယ်တို့ သုံးယောက်စလုံးရဲ့ သဘောထားနဲ့ ပြုမှု ဆောင်ရွက်ပုံ ပုံရိပ်တွေဟာဖြင့် ပညာနဲ့တူတဲ့ မိတ်ဆွေကောင်း တို့ရဲ့ လက္ခဏာနဲ့ ကိုက်ညီနေတယ်ကွဲ့။

ဒါကြောင့်လည်း မိဘနဲ့ဝေးနေပေမယ့် စင်ကာပူမှာ နေရတာ ပျော်နေတာပေါ့။ ပျော်တယ်၊ အဆင်ပြေတယ်ဆိုတာ မိတ်ဆွေကောင်းအချင်းချင်း အတူတူပေါင်းသင်း နေထိုင်ရလို့ ပါပဲ။ မိတ်ဆွေကောင်းနဲ့ မပေါင်းရရင် အဆင်မပြေနိုင်ဘူး။ အဆင်မပြေရင် မပျော်နိုင်ဘူး။ နေ့စဉ်နဲ့အမျှ စိတ်ညစ်နေရမှာပဲ သားငယ်။

အခုလို သူငယ်ချင်းသုံးယောက်နဲ့အတူ မနေရခင်က ကျောင်းသားတစ်ဦးနဲ့ သားငယ် အတူနေခဲ့ကြတယ်နော်။ တစ်ခန်းထဲသာ အတူနေကြတယ်။ စကားမပြောမိကြဘူးတဲ့။ သူဘာလုပ်နေတယ် ကိုယ်မသိ၊ ကိုယ်ဘာလုပ်နေတယ်သူမသိ၊ နီးရက်နဲ့ဝေးနေကြတယ်။ နွေးနွေးထွေးထွေး မရှိကြတော့ သားငယ်စိတ်ညစ်ခဲ့တယ်မို့လား။

မေတ္တာခြုံမှ လုံတာတဲ့။ မေတ္တာဆိတ်သုဉ်း နေလေ တော့ အမေတို့လဲ သားငယ်အတွက် စိုးရိမ်ပူပန်လို့ပေါ့။

ဒါကြောင့် မြတ်စွာဘုရားက “မိတ်ဆွေကောင်း (ကလျာဏမိတ္တ) သည် လိုအပ်သော အကျိုးတရားအလုံးစုံ အပြည့်အ၀ ပြီးစေနိုင်သည်”လို့ အရှင်အာနန္ဒာ ကို မိန့်ကြားတော်မူခဲ့တယ်။

မြန်မာ့သမိုင်းကိုပြန်ကြည့်ရင် အနော်ရထာမင်းစောဟာ၊ ပညာရှိ အရှင်အရဟံကို ဆည်းကပ်႟ ပေါင်းသင်းရတဲ့အတွက် မြန်မာနိုင်ငံတော်မှာ ဗုဒ္ဓသာသနာတော်ဟာ နေလိုလလို ထွန်း လင်းတောက်ပခဲ့ရတယ်။ ပြည်သူတွေအတွက် ဘယ်လောက် အကျိုးများလဲ။ ကိုးကွယ်ရာ စင်ကြယ်ခဲ့ကြတယ်။ ချမ်းသာသုခ ရခဲ့ကြတယ်။ မှောင်ထဲနေခဲ့ကြရာက အလင်းထဲ ရောက်ခဲ့ကြ တယ်။ ဒါဟာ ပညာရှိတစ်ဦးကို ပေါင်းဖေၞရတဲ့ အကျိုးဆက် တွေလေ၊ အခုထိခံစားရဆဲမို့လား။

သားငယ်လဲ ပညာတတ်ဖြစ်အောင်ကြိုးစား။ ပညာ တတ်ပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့် သာသနာကို အကျိုးပြုပါကွယ်။ ဒါဟာ ကိုယ့်နိုင်ငံကို ကျေးဇူး ဆပ်ရာရောက်တယ်။ ကိုယ့်လူမျိုးကို ကျေးဇူးဆပ်ရာ ရောက် တယ်။ ကျေးဇူးတရား သိရမယ်။ သိပြီး ဆပ်ရမယ်။ ဒါမှ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်” ဖြစ်တယ်သားငယ်ရဲ့။

သားငယ်ရေ၊ မိတ်ဆွေကောင်းဆိုတာ လူငယ်လူကြီးမရွေး လိုအပ်တယ်။ အမေဖြင့်အသက်အရွယ်သာကြီး လာတယ်။ လစဉ်ထုတ် မဂ္ဂဇင်းထဲက ၀တ္ထုဆောင်းပါးတွေ ဖတ်ဆဲ၊ ဖတ်ရတာပျော်မွေ့ဆဲပေါ့။ တရားဘာဝနာနဲ့ ဝေးခဲ့ တယ်လေ။

အမေတို့ကျောင်းကို ဆရာမအသစ် ဒေါ်မြခင် ရောက် လာတယ်။ ဆရာမက ပရိတ်ကြီး(၁၁)သုတ် အာဂုံဆောင်တယ်။ နေ့စဉ်နေ့တိုင်း ရွတ်ဖတ်ပူဇော်တယ်။ ဘုရားရှိခိုးတယ်။ တရား ထိုင်တယ်။ ဆရာမရဲ့မျက်နှာဟာ ကြည်လင်ဝင်းပလို့နေတယ်။
ဆရာမနဲ့ ခင်မင်ရင်းနှီးလာတော့မှ ဆရာမရဲ့ဘာသာ တရားကိုင်းရှိုင်းမှုအလေ့၊ အမေ့ဆီ ကူးစက်လာတော့တယ်။ မိတ်ဆွေကောင်းနဲ့ ပေါင်းဖက်မိလို့ ကောင်းတဲ့အလေ့အကျင့်တွေ စွဲလာလိုက်တာ ဆရာမအငြိမ်းစားဘ၀မှာ အခြေအနေပေးလာ တော့ ဘာသာရေးသင်တန်းမျိုးစုံတွေ တက်ဖြစ်တယ်။ တရား ရိပ်သာ ၀င်ဖြစ်တယ်။ ကောင်းတဲ့အကျိုးဆက်ကတော့ စိတ်အေး ချမ်း၊ ချမ်းမြေ့ရပါတယ် သားငယ်။

လူမိုက်ကို မမှီဝဲ၊ မဆည်းကပ်ခြင်းနဲ့ ပညာရှိကို မှီဝဲ ဆည်းကပ်ခြင်းတို့ဟာ ခေါင်းနဲ့ပန်းလိုပါပဲ၊ ပူးတွဲလေ့လာသင့်တဲ့ အခြေခံမင်္ဂလာနှစ်ပါးဖြစ်တယ်။ ဒါကြောင့်လဲ မြတ်စွာဘုရားက ရှေးဦးစွာ ဟောတော်မူတာကွဲ့။

အပေါင်းအသင်းကို ရွေးပေါင်းရသလို၊ ကိုယ်တိုင်လဲ ကိုယ်ကိုယ်တိုင်ရဲ့ မကောင်းတဲ့အပြုအမှု၊ ကောင်းတဲ့အပြုအမှု များစွာထဲက ကောင်းတာရွေးလုပ်၊ ကောင်းတာရွေးပြော၊ ကောင်းတာရွေးကြံစည်ပြီး ကောင်းအောင်ကြိုးစားသူ မင်္ဂလာနဲ့ ပြည့်စုံသူဖြစ်ပါစေလို့ အမေဆန္ဒပြုပါတယ်။

မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ
အမေ

Read More...

Friday, February 15, 2008

အချစ်ဆိုတာ…

အချစ်အကြောင်းပြောတာ ဘယ်သူစလိုက်သလဲတော့ မသိဘူး။ အချစ်အကြောင်းတွေ လာလာပြောကြတော့ လေးဖြူလို `နဲနဲလျော့ပါဦး ခင်ဗျားတို့ အချစ်အကြောင်း…´ လို့ပြောရမလိုဖြစ်နေပြီ။

အဲသလိုပြောလိုက်တော့ သူငယ်ချင်းတွေက ကျွန်တော့်ကို ၀ိုင်းပြောပါလိမ့်မယ်။
အဟဲ ကျွန်တော် အချစ်အကြောင်းမပြောတာ ၁ ပတ်တောင် မပြည့်သေးဘူးလေ…


ပထမတော့ ဂျစ်တူးက ဒီမှာ အားလုံးဖွင့်ဆိုတဲ့ အချစ်စစ် ဆိုပြီး စုတင်ထားပေးပါတယ်။
နောက်ပြီး သတင်းစာထဲက အချစ်စစ် အချစ်မှန်အကြောင်း ဆိုပြီး ဒီမှာ ဘာသာပြန်ထားပေးသေးတယ်လေ။

ပြီးတော့ အိမ်ကိုလွမ်းတယ်တဲ့ ရွှေဂျမ်းကလည်း ပြောထားတယ် အချစ်ဆိုတာ သစ်ပင်လိုပဲတဲ့။
ဒီနေ့တော့ `အချစ်ဆိုတာ အတိတ်ဘ၀ရဲ့ ၀ဋ်ကြွေးကို ကြည်နူးရင်ခုန် ကျေနပ်ပျော်ရွှင်မှု အပြည့်နဲ့ ပေးဆပ်တာ´ လို့ပြောတဲ့ နိုင်းနိုင်း က အချစ်ဆိုတာလေးကိုဖတ်ပြီး ဘာသာပြန်ပေး ပါလားတဲ့…

"Love is patient. Love is kind. Love isn't jealous. It doesn't sing its own praises. It isn't arrogant. Love never stops being patient, never stops believing, never stops hoping, never gives up. Love never comes to an end." [1 Corinthians 13:4]

`ဟေ့ရောင် ငါ အချစ်အကြောင်းမပြောချင်လို့ ခဏနားနေတာလေကွာ… လုပ်မပေးဘူး..´ လို့ ပြောမထွက်ခဲ့ပါဘူး။ ပြောရပြန်ပြီ အချစ်အကြောင်း… နိုင်းနိုင်း မြှောက်ပေးလို့ တင်လိုက်ပါတယ်…


အချစ်ဆိုတာ…
ကြင်နာခြင်း နဲ့ သည်းခံတတ်တယ်။

အချစ်ဆိုတာ…
မနာလို၊ ရန်လို၊ ဘ၀င်မြင့်တာတွေ ကင်းတယ်။

အချစ်ဆိုတာ…
ယုံကြည်မှုအပြည့်နဲ့ နောက်မဆုတ်တမ်း စောင့်မျှော်လေ့ရှိတယ်။

အချစ်ဆိုတာ…
ပန်းတိုင်တခုလို အဆုံးသတ် မရှိဘူး…

အချစ်ဆိုတာ…
……………………………

Read More...

Thursday, February 14, 2008

`……… နေ့´


အချစ်တွေမြူးကြွပြီး ပျော်ကြတဲ့နေ့
အပြစ်တွေမမြင် အချစ်တွေဝင်တဲ့နေ့
လက်ဆောင်တွေပေး အချစ်တွေဝေတဲ့နေ့
ဘေးကအပျော်တွေ ကူးစက်ခံရတဲ့နေ့
ချောကလက် နဲ့ နှင်းဆီနီတွေ လွှမ်းခြုံတဲ့နေ့
အဝေးက ချစ်သူကို ပိုပြီး လွမ်းဆွတ်တဲ့နေ့
မချစ်တတ်သူတွေတောင် အားကျလာတဲ့နေ့
စားသောက်ဆိုင်တွေ စုံတွဲခုံစီပြီး ရောင်းတဲ့နေ့
ပန်းရောင်းသူတွေ ပျော်ရွှင်တဲ့နေ့
ဘယ် St. Valentine ကို သတိရမှန်းမသိတဲ့နေ့

ဘာတဲ့ ချစ်သူများနေ့ တဲ့…

ပြီးတော့….ငါ့ရဲ့ ပြက္ခဒိန်မှာ ပျောက်နေတဲ့နေ့…

Read More...

Wednesday, February 13, 2008

ပြည်သူ့ရင်ထဲက ဗိုလ်ချုပ်

မြန်မာ့လွတ်လပ်ရေး ဗိသုကာ - ဗိုလ်ချုပ်အောင်ဆန်း

ပုံကို ဒီကနေယူပြီး ဂုဏ်ပြုထားပါသည်။


၁၉၁၅ခုနှစ် ဖေဖေါ်ဝါရီ ၁၃ ရက် နတ်မောက်မြို့မှာ မွေးဖွားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ဟာ တစ်ခေတ်မှာ တစ်ယောက်ထွန်း တဲ့ ယောင်္ကျားဇာနည်ပါ။

၃၂ နှစ်ဆိုတဲ့ အသက်ရှင်သန်ချိန် အတွင်းမှာ မိမိအတွက် အချိန်မရှိသလောက် ရှားပါးခဲ့ပြီး၊ တိုင်းပြည်နဲ့ လူမျိုးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ပါတယ်။

ဗိုလ်ချုပ်ရဲ့ တိုင်းပြည်အပေါ်မှာထားရှိတဲ့ ဖြူစင်တဲ့ စိတ်ထားစေတနာ၊ စွမ်းစွမ်းတမံ ကိုယ်ကျိုးစွန့် ဆောင်ရွက်မှုတွေကြောင့် ပြည်သူ့ရဲ့ ဗိုလ်ချုပ် ဖြစ်ခဲ့ပါတယ်။

အဆောင်အယောင်ကင်းတဲ့ ဗိုလ်ချုပ်
တိုင်းပြည်ကို ချစ်တဲ့ ဗိုလ်ချုပ်
မာန်မာနမရှိတဲ့ ဗိုလ်ချုပ်
ကိုယ်ကျိုးစွန့်တဲ့ ဗိုလ်ချုပ်

ဘယ်လိုပဲ ဗိုလ်ချုပ် ရဲ့ အကြောင်း၊ ဗိုလ်ချုပ် ရဲ့ ပုံရိပ် ဖျောက်ဖျက်ဖို့ ကြိုးပမ်းကြပါစေ၊ ပြည်သူ့ရင်ထဲကနေတော့ ဗိုလ်ချုပ် ကို ဆွဲထုတ်ယူလို့ မရနိုင်ပါဘူး။

နောင်နှစ်ပေါင်းများစွာ ဗိုလ်ချုပ်ရဲ့ အကြောင်း လွတ်လပ်စွာ ဖော်ထုတ်ခွင့် မရှိသည့်တိုင် နောက်မျိုးဆက်တွေ ရင်ထဲမှာ ဗိုလ်ချုပ်ဟာ လက်ဆင့်ကမ်းပြီး ရှိနေဦးမှာပါပဲ။

တကယ်ကို တိုင်းပြည်အတွက် တာဝန်ကျေပွန်သော ဆွေစဉ်မျိုးဆက်ပါပဲ။ လေးစားစွာ ဂုဏ်ပြုပါတယ်။

Read More...

Tuesday, February 12, 2008

ပြည်ထောင်စုနေ့ တို့မမေ့

ပြည်ထောင်စုနေ့ တို့မမေ့

ဒီနေ့ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုနေ့ဖြစ်တယ်။ ပြည်ထောင်စုနေ့ ဘယ်လိုဖြစ်လာတယ်ဆိုတာ ပင်လုံညီလာခံရစရမှာပါ။ ပင်လုံညီလာခံကို ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့မှာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ မှာ ကျင်းပခဲ့ပါတယ်။ ရှမ်း၊ ကချင်၊ ချင်း နဲ့ ဗမာ ခေါင်းဆောင်များ အင်္ဂလိပ်လက်အောက်မှ အတူအတွ လွတ်မြောက်ဖို့ နဲ့ လွတ်လပ်ရေးရပြီး အတူတကွ ညီညွတ် ချစ်ခင်စွာ နေထိုင်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြတယ်။

ညီလာခံမှာ တိုင်းရင်းသားများအားလုံးနဲ့ သဘောတူညီချက်ကို ရရှိခဲ့ပြီး ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ တိုင်းရင်းသားကိုယ်စားလှယ် စုစုပေါင်း လက်မှတ် ၂၃ ခုရေးထိုးခဲ့ပြီး လွတ်လပ်ရေး အလျင်အမြန်ရရှိရေး၊ လွတ်လပ်ရေး အလျင်အမြန်ရရှိပြီးနောက် ပြည်ထောင်စုမြန်မာနိုင်ငံတော် အဖြစ် အတူတကွ ယှဉ်တွဲနေထိုင်ရေးကို သဘောတူညီခဲ့တယ်။

ပင်လုံစာချုပ်ကြောင့် အင်္ဂလိပ်တို့ မြန်မာပြည်ကို ချွင်းချက်မရှိ လွတ်လပ်ရေးပေးခဲ့ရပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော် အဖြစ်တည်ရှိခဲ့ပါတယ်။

ပင်လုံစာချုပ်သည် မြန်မာနိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသားများ အားလုံး၏ စည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့သော သာဓကကောင်းတခုဖြစ်ပါ။ စည်းလုံးညီညွတ်မှု သည် အောင်မြင်ဖို့ရာ အတွက် အဓိကသော့ချက်ဖြစ်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

ကျွန်တော်တို့အားလုံး မကောင်းတဲ့မူ၊ မမှန်တဲ့လူတွေကြောင့် စည်းလုံးမှု အားနည်းခဲ့တာတွေ၊ အတွေးအခေါ် မမှန်ခဲ့တာ၊ အချက်အလက်မှားတွေကို သိခဲ့ကြလို့ အမြင်မကြည်လင်တာတွေ ရှိခဲ့ကြမှာပါ။

အခုအချိန်မှာ မြန်မာပြည်သူအားလုံး တောင့်တနေတာကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ စနစ်တစ်ခု အောက်မှာ အဆင့်အတန်းမှီ ပညာရေး၊ ကျန်မာရေးစောင့်ရှောက်မှု နဲ့ အသက်မွေးဝမ်းကျောင်းရေး တို့ဖြစ်ပါတယ်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ရက်နေ့မှာ ရရှိခဲသော ပင်လုံ စိတ်ဓာတ်ကို ကျွန်တော်တို့တတွေ အခုအချိန်မှာ အရေးတကြီးလိုအပ်နေပြီဖြစ်ပါတယ်။

ဒီနေ့ ၂၀၀၈ခုနှစ် ဖေဖော်ဝါရီ ၁၂ရက်နေ့မှ စတင်ပြီး ကျွန်တော်တို့အားလုံး ပင်လုံစိတ်ဓာတ်ကို ပြန်လည်မွေးမြူကြပြီး လွတ်လပ်ပြီး တရားမျှတတဲ့ စနစ်တစ်ခု ရရှိအောင် မိမိတတ်နိုင်သလောက် ဆောင်ရွက်ကြပါစို့။

Read More...

Monday, February 11, 2008

စာမရေးဖြစ်တဲ့ အကြောင်းများ…

ကျွန်တော်တို့ဆီမှာ တရုတ်နှစ်သစ်ကူးဖြစ်လို့ ရုံး ၄ရက်ဆက်တိုက်၊ ကြာသာပတေးနေ့မှ တနင်္ဂနွေနေ့အထိ ပိတ်ပါတယ်။ ရုံးရက်ရှည်ပိတ်တော့ လုပ်ချင်တာတွေကများပါတယ်။

ပထမတော့ အပြင်သွားရတာများလို့ အိမ်မှနေပြီး စာအုပ်ဖတ် စာရေးမယ်လို့ စိတ်ကူးခဲ့တာပေါ့။ ဆက်မရေးဖြစ်တာကြာပြီဖြစ်တဲ့ ၄/၉၆ ကို ဆက်ရေးမယ်၊ နောက်ပြီး စာအုပ်အဟောင်းလေးတွေ ဇိမ်နဲ့ အိပ်ယာထဲမှာ ဖတ်မယ်၊ နောက်ပြီး ဖိတ်ထားသော အလှုများကို သွားစားမယ် စတဲ့ အစီအစဉ်လေးတွေရှိတယ်လေ။


ဗုဒ္ဓဟူးနေ့ ရုံးကပြန်လာ၊ စာအုပ်ဆိုင်ကိုဝင်ပြီး စာအုပ်ရွေးပါတယ်။ ငယ်ငယ်တုန်းကဖတ်ဖူးတဲ့ ဦးနု ရဲ့ ငရဲဆိုတာချိုနဲ့လား၊ နောက်ပြီး မဖတ်ဖူးသေးတဲ့ သိန်ဖေမြင့် ရဲ့ သပိတ်မှောက်ကျောင်းသား စာအုပ်တွေ့တော့ ငှားလာခဲ့ပါတယ်။ အိမ်ရောက်ရင် ကွန်ပျူတာမဖွင့်ပဲ စာအုပ်ဖတ်တော့မယ်စိတ်ကူးနဲ့ပေါ့။ အိမ်အပြန် သူငယ်ချင်းက ညစာစားဖို့ဖိတ်ပါတယ်။ ညစာစားပြီးတော့ ဖဲရိုက်မယ်ဆိုပြီး ရိုက်လိုက်တာ မနက် ရနာရီထိုးမှပဲထပြီး ပြန်လာတော့မယ်။

ဘယ်စာအုပ်ကိုမှ့ မဖတ်လိုက်ရသေးဘူး။

အိမ်ပြန်ရောက်ပြီး အိပ်တုန်း ၁၀း၃၀လောက်ကျတော့ အတူနေသူငယ်ချင်းက လာနိုးပြီး အိမ်တက်ဖိတ်ထားသော သူငယ်ချင်းအိမ်ကိုချီတက် ဒန်ပေါက်စား။ ပြန်လာတော့ အဆီရစ်ပြီး ပြန်အိပ်။ နိုးလာတော့မှ ငှားလာသောစာအုပ်တွေ ကိုစဖတ်ဖြစ်ပါတော့တယ်။

သောကြာနေ့မှာတော့ အိမ်မှာပဲ နားနားနေနေ နေရင် အခန်းကိုရှင်းလင်းရေးလုပ်၊ နောက်ပြီး အိပ်ယာပေါ်မှာ ဇိမ်ရှိရှိ စာအုပ်တွေကို ဖတ်နိုင်ပါတော့တယ်။ အခုလို အေးအေးဆေးဆေး စာမဖတ်ဖြစ်တာ အတော်တောင်ကြာခဲ့ပြီပဲ။

စနေနေ့မှာတော့ အတော်ပွဲဆက်များပါတယ်။ မနက်နိုးလာတော့ ၉း၃၀ ရှိနေပြီး။ ရေချိုးပြီး အိမ်နားက ဘုန်းကြီးကျောင်းမှာ နေ့ဆွမ်းအလှုလုပ်မယ့် သူငယ်ချင်းဆီသွားပါတယ်။ ဘုန်းကြီးကျောင်းကိုရောက်တော့ အလှုရှင်တွေက မရောက်သေးပေ။ ဘုန်းကြီးရဲ့ စကားစမြည်ပြောလို့ တော်တော်ကြာတော့လည်း အလှုရှင်ကရောက်မလာသေး။ နောက်ထပ် စားဖို့ရာ ကြာဇံချက်ကလည်း စောင့်နေလေတော့ အလှုရှင်ရောက်ရောက်ချင်း၊ အလှုငွေကိုပေးပြီး၊ သွားစရာရှိလို့ တောင်းပန် ထွက်လာခဲ့ပါတယ်။

ကြာဇံချက် စားပြီး စကားပြော နေ့ခင်း ၂နာရီ လောက်ဆိုပြန်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ငယ်သူငယ်ချင်းတွေ ဆုံတဲ့နေရာကို ၄နာရီရောက်မယ်လို့ ပြောခဲ့မိတယ်။ ကြဇံချက်က အလွန်ကောင်း၊ စကားပြောရတာလည်း ကောင်းလိုက်တာ ၄နာရီနဲ့လည်း မပြီး၊ သူငယ်ချင်းတွေက ဖုန်းဆက်ခေါ်၊ စကားကလည်းမပြတ်၊ လဖက်ကလည်း ၂ ပွဲ၊ ၃ ပွဲ ကုန်ပြီးသော်လည်း ဆက်ပြီးလည်း ပြောနေချင်သေးတယ်။ နောက်ဆုံးတော့ ၄း၄၅ လောက်မှ စကားအတင်းဖြတ်ပြီး တက္ကစီ စီးပြီး နောက်တနေရာသွားရတာပေါ့။

စောင့်နေတဲ့သူငယ်ချင်းတွေကတော့ ကောင်းချီးပေးပါတယ်။ တစုံတယောက်က မကြိုက်တာ အဲဒါတွေကြောင့်နေမှာတဲ့။ ဘာမှလည်း မဆိုင်ဘူး။

မြက်ခင်းပြင်ပေါ်မှာ ကလေးဘ၀တုန်းက ကစားသလို ဘောလုံးကန်၊ နောက်ပြီး ရှိတဲ့လူ နှစ်ဘက်ခွဲ၊ ပုံးတွေစီ၊ ဘောလုံးနဲ့ပေါက်တဲ့ အဖွဲ့ကပေါက်၊ ပြေးတဲ့ အဖွဲ့ကပြေး နဲ့ တော်တော်လွတ်လွတ်လပ်လပ် ကစားခဲ့တယ်။ (ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ မောနင်း လို့ ခေါ်တဲ့ ကစားနည်းပါ။ တနေရာနဲ့ တနေရာ အခေါ်တူမယ် မထင်ပါဘူး။) စိတ်လက် ပေါ့ပါးပြီး ကလေးဘ၀ကို ပြန်ရောက်သွားသလိုပဲ။ ပြန်မရတော့တာကတော့ ငယ်ရွယ်နုပျိုခြင်းပဲ။ ၆ ပွဲလောက် ကစားပြီး အားလုံး ဟောဟဲဆိုက်ပြီး ဆက်မကစားနိုင်တော့ပဲ နားလိုက်ရပါတယ်။

တနင်္ဂနွေနေ့ မှာလည်း ပွဲဆက်တွေများဦးမှာဖြစ်လို့ စနေနေ့မှာ စောစောပဲ အနားယူဖြစ်ခဲ့တယ်။

တနင်္ဂနွေနေ့မှာ မင်္ဂလာဆောင်ပြီးစ သူငယ်ချင်း ဇနီးမောင်နှံက တိုပါးရိုးဘုန်းကြီးကျောင်းမှာ နေ့ဆွမ်းကပ်မှာဖြစ်လို့ စောစောထပြီး အချိုပွဲအတွက် မုန့်များကို ပန်နီဇူလာပလာဇာ မှာသွားယူပေးပါတယ်။

ဘုန်းကြီးကျောင်းရောက်တော့ ပြင်ဆင်စရာရှိတာတွေ ကူလုပ်ပြီး နောက်ကိုကြည့်လိုက်တော့ အခြားတဖွဲ့က အလှုလုပ်နေတာကိုတွေ့ရပါတယ်။ ကျွေးနေတာကိုကြည့်လိုက်တော့ ရှမ်းခေါက်ဆွဲ အရည်။ မစားရတာကြာတော့ စားချင်တဲ့ စိတ်ဖြစ်လာပါတယ်။

အနားမှာ ရှိတဲ့သူငယ်ချင်းကို လက်တို့ပြီး `ဟိုမှာ ရှမ်းခေါက်ဆွဲကျွေးနေတယ်။ စားချင်လိုက်တာ…´ လို့ပြောလိုက်တော့…..
အနားမှာ ရှိတဲ့ လူတယောက်ကကြားသွားပြီး `စားချင်ရင် လာ… ဘာမှ အားမနာနဲ့… ဟေ့… ဒီမှာ ရှမ်းခေါက်ဆွဲစားချင်လို့တဲ့..´လို့ အော်ပြောလိုက်ပါတယ်။
အလှုကိုဝိုင်းလုပ်နေကြတဲ့ ရှမ်းအသင်းကလူတွေက ကြားပြီး အားလုံးဖော်ဖော်ရွေရွေနဲ့ ၀ိုင်းပြီးခေါ်ကြပါတယ်။ ကျွန်တော်နဲ့ သူငယ်ချင်းကလည်း ရှက်ရှက်နဲ့ ရှမ်းခေါက်ဆွဲစား ၀င်ထိုင်ပြီး…. အားပါးတရစားခဲ့ပါတယ်။

စားလို့တော်တော်ကောင်းတဲ့ ရှမ်းခေါက်ဆွဲပါ။ သူတို့ပြောတာကတော့ ကျိုင်းတုံဘက်က ချက်တဲ့ ပုံစံမျိုးပါတဲ့။ ကျွန်တော်တခါမှ မစားဖူးသေးတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ လက်ပံပွင့်၊ တို့ဖူး၊ ၀က်သား နဲ့ ချက်ထားတဲ့ ခေါက်ဆွဲပါ။ နောက်ပြီး ၀က်ခေါက်ကြော်ကိုလည်း ကျွေးပါသေးတယ်။ ရှမ်းခေါက်ဆွဲကကောင်း၊ ဧည့်ခံတဲ့ ရှမ်းမလေးတွေကလည်းချော… အဟဲ… တော်တော် စားလို့ ကောင်းခဲ့ပါတယ်။ ပုံကိုသာကြည့်ပါတော့ ဘယ်လောက် စားလို့ကောင်းလောက်တယ်ဆိုတာကိုတော့။


ညနေကျတော့ ကြေးအိုးစားဖို့ဖိတ်ထားတဲ့ မိတ်ဆွေအိမ်ကိုသွားပါတယ်။ ကြေးအိုးကောင်းကောင်းမစားရတာကြာပြီး ဖြစ်လို့ တော်တော်ပဲ စားလို့ မြိန်ခဲ့ပါတယ်။ ဗိုက်ဆာနေလို့ ဓာတ်ပုံ ရိုက်ဖို သတိမရခင် ကြေးအိုးက ကုန်သွားခဲ့ပါတယ်။

နောက်လုပ်စားဖြစ်ရင် ဖိတ်မယ်လို့ပြောတော့ နောက်တခါမှပဲ ဓာတ်ပုံကြိုးစားရိုက်ရမယ်။

ကျွန်တော်ကတော့ ဒီရက်အတွင်း အစားတွေပဲ လိုက်စားနေရတော့ နဲနဲ ၀ိတ်တက်လာတယ်။ အဖြစ်ဘူးပြန်လျော့မှပဲ။

အဲဒီလိုနဲ့ ၄ ရက်သော အားလပ်ရက် ဘာစာမှ မရေးဖြစ်ပဲ ကုန်ဆုံးသွားတယ်ဆိုတာကို စာရေးပြီး ပြောလိုက်ပါတယ်။

နောက်တခါ ဒီလိုပိတ်ရက်ရဖို့ တနှစ်စောင့်ရပါဦးမယ်။ အားလုံး ရွှင်လန်းချမ်မြေ့ပါစေ။

Read More...

Wednesday, February 6, 2008

နေဘုန်းလတ်သို့ ….

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့  ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။
မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။
ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။
ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

Read More...

Saturday, February 2, 2008

အမှိုက်ပုံး ကမ္ဘာကြီး ?

မြန်မာပြည်က ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာကို ထိန်သိမ်းကြဖို့ တိုက်တွန်းထားတဲ့ ပညာပေးလက်ကမ်းစာရွက်လေးပါ။ ကမ္ဘာကြီးဟာ တနေ့တခြား အမှိုက်ပုံးနဲ့တူလာတယ် ဆိုလာတာလေးကို သတိထားပြီး ဆင်ခြင်ဖို့ရာ ပြောထားပါတယ်။




အောက်မှာကတော့ ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ သဘာဝတရားကြောင့် လှပနေတဲ့ တောရိုင်းပန်းကလေးတွေ ပါ...





















ကျွန်တော်တို့ ပလတ်စတစ် အမှိုက်နဲ့ အခြားဘေးဖြစ်စေတဲ့ အမှိုက်တွေကို မဆင်မခြင် စွန့်ပစ်နေမယ်ဆိုရင် ဒီလိုလှပတဲ့ သဘာဝတရားတွေ များမကြာခင်နှစ်များမှာ ပျောက်ကွယ်တော့မှာပါ။

တယောက်ချင်း လုပ်မှ အောင်မြင်မှာ ဖြစ်လို့ ပတ်ဝန်ကျင်ကို ကိုယ်တတ်နိုင်သလောက် ထိန်းသိမ်းဖို့ ထပ်ဆင့်ပြီး နှိုးဆော်ပါရစေ။

Read More...

Friday, February 1, 2008

ဟိုဘက် ဒီဘက်

အမှောင် နဲ့ အလင်း မကွဲ ပြားတာ
ငါတို့ အားလုံးက မီးမရှိတဲ့ ဘ၀မှာ ရောက်နေလို့ကွ။

သူငယ်ချင်း မင်းက အလင်းထဲမှာ လို့ထင်နေတာ၊
မင်းက မီးခလုတ်ကို ကိုင်ခွင့်ရတဲ့သူ မို့လို့ပါ၊

ဖွင့်တိုင်း မပွင့်တဲ့မီးရဲ့ ခလုတ်ကို ကိုင်ပြီး
ကျန်တဲ့လူတွေကို အမှောင်ထဲမှာလို့ မစွပ်စွဲပါနဲ့။

ခလုတ်ကိုင်ခွင့်မရှိတဲ့နေ့မှာ
မင်းလည်း အမှောင်ထဲကကောင်လို့ အပြောခံရပြီး
ကန်ချခံရမယ် ဆိုတာ နားလည်ထားပါ။

တကယ်တော့ မင်းလည်းပဲ အမှောင်ထဲမှာပါ၊
ပိုဆိုးတာက မင်းရဲ့အမှောင်က
အသိတရားမရှိတဲ့ အမှောင်ဖြစ်နေတာပဲ။

အထင်နဲ့ပြောတာ မဟုတ်ဘူး သူငယ်ချင်း၊
တရာမှာ ကိုးဆယ့်ကိုးယောက်က ငါ့ကို ထောက်ခံတယ်၊
မထောက်ခံတဲ့တယောက်က မင်းပဲ။

ဒါပေမယ့် ငါစိတ်မပျက်ဘူး၊ မင်းကို အလင်းထဲရောက်စေချင်တယ်၊
ငါတို့ တကယ်လိုအပ်တာ လင်းလင်းချင်းချင်း နေရခြင်းပဲ။

Read More...

Ratings