Friday, February 1, 2008

ဟိုဘက် ဒီဘက်

အမှောင် နဲ့ အလင်း မကွဲ ပြားတာ
ငါတို့ အားလုံးက မီးမရှိတဲ့ ဘ၀မှာ ရောက်နေလို့ကွ။

သူငယ်ချင်း မင်းက အလင်းထဲမှာ လို့ထင်နေတာ၊
မင်းက မီးခလုတ်ကို ကိုင်ခွင့်ရတဲ့သူ မို့လို့ပါ၊

ဖွင့်တိုင်း မပွင့်တဲ့မီးရဲ့ ခလုတ်ကို ကိုင်ပြီး
ကျန်တဲ့လူတွေကို အမှောင်ထဲမှာလို့ မစွပ်စွဲပါနဲ့။

ခလုတ်ကိုင်ခွင့်မရှိတဲ့နေ့မှာ
မင်းလည်း အမှောင်ထဲကကောင်လို့ အပြောခံရပြီး
ကန်ချခံရမယ် ဆိုတာ နားလည်ထားပါ။

တကယ်တော့ မင်းလည်းပဲ အမှောင်ထဲမှာပါ၊
ပိုဆိုးတာက မင်းရဲ့အမှောင်က
အသိတရားမရှိတဲ့ အမှောင်ဖြစ်နေတာပဲ။

အထင်နဲ့ပြောတာ မဟုတ်ဘူး သူငယ်ချင်း၊
တရာမှာ ကိုးဆယ့်ကိုးယောက်က ငါ့ကို ထောက်ခံတယ်၊
မထောက်ခံတဲ့တယောက်က မင်းပဲ။

ဒါပေမယ့် ငါစိတ်မပျက်ဘူး၊ မင်းကို အလင်းထဲရောက်စေချင်တယ်၊
ငါတို့ တကယ်လိုအပ်တာ လင်းလင်းချင်းချင်း နေရခြင်းပဲ။

4 comments:

ပြည့်စုံ said...

အမှောင် နဲ့ အလင်း မကွဲ ပြားတာ
ငါတို့ အားလုံးက မီးမရှိတဲ့ ဘ၀မှာ ရောက်နေလို့ကွ။

ကဗျာစကားလုံးတွေက ....
ထိတယ် မိတယ်... စကားလုံးတိုင်းလိုလိုပါပဲ...

အလင်းကိုတောင်တကြသူတွေအများကြီးပါ...
မှောင်နေရင်လေ မီးထွန်းလိုက်တဲ့.....
စာလောင်သူကို မျှဝေလိုက်ကြယုံပါပဲနော်...

အားလုံး အဆင်ပြေပါစေဗျာ...

ပြည့်စုံ

ဂျစ်တူး - gyit_tu said...

ဟိုဘက် ဒီဘက် ...

တကယ်တော့ အဲဒီ နှစ်ဘက်ကြား ခြားနေတဲ့ စည်းလေးက သေး၂လေးပါ ။

Saung Yune La (aka) Way said...

သူငယ်ချင်း မင်းက အလင်းထဲမှာ လို့ထင်နေတာ၊
မင်းက မီးခလုတ်ကို ကိုင်ခွင့်ရတဲ့သူ မို့လို့ပါ၊

ဖွင့်တိုင်း မပွင့်တဲ့မီးရဲ့ ခလုတ်ကို ကိုင်ပြီး
ကျန်တဲ့လူတွေကို အမှောင်ထဲမှာလို့ မစွပ်စွဲပါနဲ့။
အဓိပ္ပာယ်တော်တော်ရှိတဲ့ကဗျာလေးတပုဒ်ပါ.
ကြိုက်တယ်..အပေါ်က၂ပိုဒ်ကိုအကြိုက်ဆုံးပါဘဲ

PeTi said...

ပြည့်စုံရေ… အမှောင်ထဲမှာ လူတွေများပြီး ဆာလောင်သူတွေ သိပ်များနေတော့ မီးထွန်းပေးပြီး မျှဝေဖို့ အားများများလိုနေပါတယ်။ အားပေးတာ ကျေးဇူးပါဗျာ။

ဂျစ်တူးရေ… အမှောင်ကင်းလို့ အလင်းရောက်ပြီးဆိုလျှင် ခြားနေတဲ့ စည်းလေး ပျောက်သွားမှာပါ။

ဆောင်းယွန်းလ…အခုလို အားပေးတာကို ကျေးဇူးတင်ပါတယ်။

အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ။

Ratings