Wednesday, February 27, 2008

တွယ်ရာမဲ့ ရှင်သန်ကျန်ရစ်ကြသူများ

ကျွန်တော့်ဆီကို အဖြူအမဲ စာရွက်ခေါက်လေးတစ်ခု လက်ဆင့်ကမ်းပြီးရောက်လာပါတယ်။ မျက်နှာဖုံးမှာ သန်းမြင့်အောင် ၊ တွယ်ရာမဲ့ ရှင်သန်ကျန်ရစ်ကြသူများ လို့ ခေါင်းစဉ် တပ်ထားတာကိုတွေ့လိုက်ရတော့ ဆရာမ သန်းမြင့်အောင် နဲ့ ယှဉ်ပြီး နာရေးကူညီမှုအသင်းနဲ့ ဆက်စပ်ပြီး မျက်စိထဲမှာမြင်လိုက်မိပါတယ်။ နောက်ပြီး အထဲမှာပါထဲ အကြောင်းအရာကိုဖတ်ပြီးတော့လည်း စိတ်ထဲမှာ မကောင်းဖြစ်မိပါတယ်။ တယောက်ထဲဖြစ်နေတာထက် အများသိဖို့လိုအပ်တယ်လို့ ယူဆပြီး ဒီပို့စ်ကို တင်လိုက်ပါတယ်။ အောက်မှာပါတဲ့ အချက်အလက်တွေကတော့ အဲ့ဒီ စာရွက်ကလေးထဲမှာပါတဲ့ အကြောင်းအရာလေးတွေပါ။

အကြောင်း အမျိုးမျိုးကြောင့် ဒီစာဖော်ပြခွင့်ကို စာရေးသူထံမတောင်းနိုင်တာကို နားလည်ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

တွယ်ရာမဲ့ ရှင်သန်ကျန်ရစ်ကြသူများ

ပြောင်းလဲခြင်းများဖြင့် ထာဝရတည်မြဲနေသော လူမှုဘ၀ လူ့အဖွဲ့အစည်းကြားမှာ အနေကြာလာတာနဲ့အမျှ ကျွန်မရဲ့ခြေလှမ်းတွေက မှန်းဆလို့မရသေးတဲ့ လမ်းသစ်တွေဆီ ဦးတည်နေချင်စိတ်ကို မနည်းဖိသိပ်ချိုးနှိမ်ရင်း ဘ၀အမောတွေကြားမှာ သက်ပြင်းကို အခါခါချနေရပေသည်။

ဒုလ္လဘတစ်ပါးဟု တင်စားရလေသော ရခဲလှသည့် လူ့ဘ၀တလျောက်မှ လူသားတို့၏ အို၊ နာ၊ သေဘေး ၀ဋ်ဒုက္ခသည်ကား ဘ၀၏နောက်ဆုံးကာလများတွင် မည်သူမျှ ရှောင်လွဲ၍မရလေသော အကြောင်းတရားများပင်တည်း။

ထိုရှောင်လွဲ၍မရလေသော အကြောင်းတရားများနှင့် ရင်ဆိုင်နေကြရသော သူတို့အတွက် ၄င်းတို့၏ဘ၀တစ်လျှောက်လုံး ကျင်လည်၊ ရှင်သန်၊ သာယာခဲ့သော မိသားစု ပတ်ဝန်းကျင် အသိုင်းအ၀န်းတို့ ပျောက်ကွယ်ပျက်သုန်း၍ ပျော်ရွှင်မှုမဲ့ခဲ့သော အထီးကျန်ဘ၀သို့ ရောက်ကြလေသောအခါ…

x x x x x x x x x x x

နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် ၇ နှစ်တာကာလအတွင် ဆင်းရဲချမ်းသာလူမျိုးဘာသာ အသက်အရွယ်မရွေး နာရေးကိစ္စများ လိုက်လံသယ်ယူပို့ဆောင် ကုသိုလ်ယူခဲသော ကျွန်မနှင့်တကွ လုပ်ဖေါ်ကိုင်ဖက် ပရဟိတ ညီအစ်ကိုမောင်နှမများအတွက် လူသားတစ်ယောက်၏ ဘ၀နိဂုံး အဆုံးသတ်ချိန်တွင် အကြောင်းတရားအမျိုးမျိုးနှင့် လူ့ဘ၀ထဲမှ ထွက်ခွာသွားကြသူပေါင်းများစွာကို တွေ့မြင်ခဲ့ကြရသလို ကျန်ရစ်သူတို့၏ ဘ၀ရှင်သန်မှုများစွာကိုလည်း မျက်မြင်ကြုံတွေ့ခဲရခြင်းမှတဖန် ပဟေဠိပေါင်များစွာနှင့်လည်း ရင်ဆိုင်ခဲ့ရပြန်သေး၏။

မိသားစုပေါင်းများစွာထဲက ထွက်ခွာနေကြသည့် တစ်ယောက်ချင်းသော ဘ၀ကူးကောင်းသည့် မကောင်းသည့် သူတွေ၏နောက်မှာ --

`ကျွန်မတို့ ဘယ်သူ့ကို အားကိုးရတော့မှာလဲ´…

`သမီးတို့ကို ပစ်ထားခဲ့ပြီလား အမေရဲ့´…

`ကျုပ်တို့ရဲ့ ဒုက္ခတွေကို ဘယ်သူလာကယ်တော့မှာလဲ ကျေးဇူးရှင်ကြီးရဲ့´…

စသည့် အသံပေါင်းများစွာက ဘ၀ကို ဆက်လက်ရုန်းကန်ရင်ဆိုင်နိုင်ရန်ကိုတော့ ဘယ်နည်းနှင့်မဆို အင်အားတစ်စုံတစ်ရာကို ဆုပ်ကိုင်မိဖို့ ကြိုးစားနိုင်ကြဦးမည်ပင်။ တစ်သက်တာ ချစ်မြတ်နိုးစွာ အတူတကွ နေထိုင်လာကြရသော မိသားစု၏ ပျော်ရွှင်မှု၊ သံယောဇဉ်၊ ကျေးဇူးတရားနှင့် ခိုင်မြဲသောမေတ္တာနှောင်ကြိုးကြားမှ ရုန်းထွက်သွားသူအတွက် ယူကြုံးမရသည့် သောကဗျာပါဒတွေကိုလည်း ကြားရသူတိုင်း စာနာနားလည်နိုင်ကြပါသည်။

ကျွန်မအတွက် တကယ်တမ်းရင်ထဲမှာ တမြေ့မြေ့ လောင်ကျွမ်းပြီး မေ့ပစ်၍မရနိုင်သည့် ထွက်ခွာသွားကြသူတို့နှင့် ကျန်ရစ်သူ အချို့၏ ဘ၀များသည်ကား…

x x x x x x x x x x x


အချိန်ကာလကို အတိအကျပြောမပြလိုပေမင့် မကြာခဏ တွေ့ကြုံရသော အဖြစ်အပျက်များပင်ဖြစ်သည်။

ပထမဦးဆုံး ကျွန်မရင်ထဲဝင်ရောက်ခဲဖူးသည့် သက်ကြီးရွယ်အိုတစ်ဦးကား ရန်ကုန်မြို့ထဲမှ သူကိုယ်တိုင်ပင် အမေ့မေ့အလျော့လျော့ ဖြစ်နေပြီးဖြစ်သော သူပိုင်တိုက်ခန်း၏ အတွင်းမှာဖြစ်သည်။ ခြောက်ပေ x ကိုးပေခန့်ရှိ နောက်ဘက်ကျကျ မှောင်မိုက်နံစော်နေသော အခန်းကျဉ်းကလေးထဲတွင် သူ့ကို ကျွန်မ မကြာခဏ သွားရောက်တွေ့ဆုံခဲ့ရဘူးခြင်းကြောင့် ဖြစ်သည်။

တင်ပဆုံရိုးကျိုးပြီး အောက်ပိုင်းချိနေသော ထိုအမေအိုသည် မိဘဘိုးဘွာအစဉ်အဆက် တောင့်တောင့်တင်းတင်းနေလာကြရာမှ သက်ကြိးရွယ်အိုဘ၀တွင် ဆွေမရှိမျိုးမရှိ မောင်နှမနှစ်ယောက် ကိုယ်ပိုင်တိုက်ခန်းကလေးဖြင့် အဖော်ရအောင် ဆွေမျိုးနီးစပ်တော်သူ မွေစားသားတစ်ယောက်နှင့် အတူနေထိုင်ကြရင်း၊ နောက်ပိုင်းတွင် မွေးစားသားက အိမ်ထောင်ကျ၊ ကလေးဘုစုခရုနှင့် အဘိုးကြီး၊ အဘွားကြီး မောင်နှမအတွက် အဖော်မရဘဲ အစ်ကိုကြီး (၇၈)နှစ်က ညီမ (၇၅)နှစ်အား မုန့်ဝယ်ထွက်ပေးပြီး ပြင်ကျွေးရသည့် အခြေအနရောက်လာသည်။ တစ်နေ့ အစ်ကိုကြီးဆုံးသွားသောအခါ ညီမ အမယ်အိုအတွက် အခက်တွေ့ရသည်ကား အားကိုးစရာကောက်ရိုးတမျှင်ပင် လက်လှမ်း၍ မမှီနိုင်လောက်အောင် သောကရောက်ရတော့သည်။

မွေးစားသားအမည်နှင့် လွှဲပေးထားခဲ့သော တိုက်ခန်းကလေး၏ နောက်ဘက်ကျကျအခန်းကလေးသို့ သီသန့်လွတ်လွတ်လပ်လပ်နေရအောင်ဟူသော အကြောင်းပြချက်ဖြင့် ရွှေ့ပြောင်းခံလိုက်ရပြီးသည့်နောက်တွင်မူ အဘွားအိုခမျာ လူသူအရိပ်အရောင်ကိုပင် မြင်တွေ့ရခွင့် နည်းပါးသွားရပြန်ပါသည်။

အကွက်မပေါ် နံစော်မာခေါက်နေသော ခန်ဆီးလိုက်က၏နောက်မှ မှောင်မိုက်မိုက်အခန်းကလေးထဲတွင် ရေမိုးချိုးမည့်သူမရှိ၊ ဆံပင်ဖြီးသင်ပေးမည့်သူမရှိ။ ထမင်းစားချိန်တွင် ထမင်းနှင့်ဟင်ကို သူ့အတွက် သတ်မှတ်ပေးထားသော ပန်းကန်ထဲတွင် တစ်ခါပြင်စာကလေးပုံ၍ လိုက်ကာအောက်မှ ထိုးသွင်းပေးလိုက်သည့်အတွက် ထမင်းကလေးတော့ဖြင့် ဟင်းကောင်းကောင်းနှင် မဟုတ်တောင် ကျွေးဖော်ရ၍ ကျေးဇူးတင်ရပေသေးသည်။ သည်အဘွားအိုနှင့် အသိအကျွမ်းဖြစ်ခံဖူးသော စာပေနယ်မှ ကျွန်မ၏အစ်မကဲသို့သော ဆရာမကြီးတစ်ယောက်ကြောင့် ထို ဒုက္ခိတအဘွားအိုနှင့် ကျွန်မ ကာလအတန်ကြာ ဆက်သွယ်ပတ်သက်ခံရဖူးခြင်းဖြစ်သည်။

`မမတို့ သွားလာဝင်ထွက်ရင် သူ့အိမ်က မိသားစုက မကြိုက်ချင်ဘူးညီမရေ၊ သူတို့ သိက္ခာကျတယ်လို့ ယူဆတယ်ထင်ပါရဲ့၊ အဘွားကြီးခမျာ ကလေးတစ်ယောက်လိုပဲ အပေါ့အလေးစွန့်ချင်ရင်လည်း လက်နှစ်ဘက်ကို အားပြုပြီး ဖင်ဒရွတ်ဆွဲနဲ့ လိုက်ကကြားထွက်ပြီး မနီးမဝေးမှာရှိတဲ့ အိမ်သာလေးဆီရောက်အောင်သွားရတာ။ လမ်းမှာထွက်ကျလို့ ပေကျံရင်လဲ ငြိုငြင်ငေါက်ငမ်းခံရသေးတော့ အန္တရာယ်ကိုမလွယ်နိုင်မှာစိုးလို့ သူ့ခမျာ အစားအသောက်တောင် သိပ်မစားရဲရှာပါဘူး။ အဲဒီ အဘွားကြီးအတွက် မရှိမဖြစ်အရေးကြီးတာက ဖယောင်းတိုင်နဲ့မီးခြစ်ပဲ၊ မမက တစ်လတစ်ခါ ဖယောင်းတိုင်အသေးလေးတွေရယ်၊ မီးခြစ်နဲ့ အ၀တ်အစားတစ်စုံ၊ ပြီးတော့ မုန်ကလေးနည်းနည်း ဒါမှမဟုတ် သူစားချင်တာစားရအောင် ပိုက်ဆံကို အကြွေကလေးတွေအမ်းပြီး အဲဒီအိမ်သားတွေ ငြိုငြင်နေတဲ့ကြားပဲ သွားသွားပို့ပေးနေရတယ်။ သူ့အခန်းကလေးထဲမှာက နေ့ညမပြတ် ဖယောင်းတိုင်ထွန်းထားရတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ကြွက်တွင်းပေါက်တွေနဲ့ ပြည့်နှက်ပြီး မြေကြီးတွေ အမှိုက်တွေ ပွစာကြဲနေတဲ့ အတွက် အလင်းရောင် နဲနဲမရှိရင် မြေကြွက်တွေက လူကိုလာလာကိုက်နေလို့ပဲ။´

အို… ဖြစ်မှဖြစ်ရလေနော်၊ ကျွန်မရင်ထဲ ကျင်ကနဲဖြစ်သွားခံသည့် ထိုခံစားချက်က ခုချိန်ထိမပြေနိုင်သေးပါ။

`ချေးညှော်အထပ်ထပ်နဲ့ ဖြစ်သလိုနေရတဲ့ သူ့အတွက် တစ်လတစ်ကြိမ် ပို့ပေးတဲ့ တစ်ပတ်ရစ် ၀တ်စုံတစ်စုံက တစ်လလုံးအတွက် တစ်ခါသုံးပစ္စည်းပေါ့။ မုန့်ဖိုးပေးရင် အိမ်က ကလေးတွေက မုန့်ဝယ်ပေးတယ်။ ဒါပေမယ့် မုန့်ဝယ်မဲ့ ပိုက်ဆံရော၊ သူတို့ကို မုန့်ဝယ်ခပေးတဲ့ ပိုက်ဆံပါ အတိအကျပေးလိုက်မှ၊ နို့မဟုတ် ပြန်အမ်းရမဲ့ ငွေစက္ကူပေးလိုက်လို့ကတော့ ဘယ်တော့မှ ပြန်မရဘူးဆိုပဲ။ ကိုယ့်မလဲ ခေါ်ထားစရာနေရာကမရှိ၊ သူနဲ့ အတူတူနေသူတွေကလည်း လူမှုရေးအသိစေတနာက ခေါင်းပါးတော့ အရင်တုံးက သူ့ကိုမြင်ဖူးတွေ့ဖူး သိခဲ့ဖူးတဲ့ လူအချို့ အဲဒီပတ်ဝန်းကျင်မှာ ရှိနေသေးရင်အောင် ဒီတိုက်ခန်းကလေးရဲ့ နောက်ဘက်အမှောင်ထဲမှာ ဒုက္ခိတအမေအိုကြီးတစ်ယောက် ရှိနေတယ်လို့ ဘယ်သူမှ ထင်မှာ မဟုတ်ကြတော့ဘူး၊ သူ့ကို မေ့ကုန်ကြရောပေါ့လို့ သူသတိရတဲ့အခါ ပြောလေ့ရှိတယ်။´

နောက်ဆုံးတော့ ထိုအစ်မပေးသော အလုပ်တာဝန်ကို ကျွန်မ လိုလိုလားလားပင် လွှဲယူလက်ခံလိုက်ပြီး အလိုမကျသော မျက်နှာကြားမှ တစ်လတစ်ကြိမ် မျက်နှာပြောင်တိုက်ကာ ကျွန်မ ထိုအဘွားအိုထံ သွားရပါတော့သည်။

ချေးအထပ်ထပ်နှင့် ဂျပ်ခဲလိန်ကျစ်နေသော ဆံပင်များ၊ နံစော်ပေပွနေသော အ၀တ်များနှင့် ပိန်လှီလှီနဲ့ ခန္ဓာကိုယ်ပိုင်ရှင်၏ အရောက်မွဲနေသော မျက်ဝန်းများကိုတော့ ကျွန်မ ဘယ်အချိန်အခါတွင်မှ မေ့ပျောက်နိုင်လိမ့်မည် မထင်မိပါ။

ကျွန်မနှင့် အခါများစွာတွေ့ပြီးသောတစ်နေ့တွင် ထိုအဘွားအိုမှာ လူ့လောကကြီးမထဲမှ ထွက်ခွာသွားခွင့်ရသွားရှာလေတော့သည်။ ထိုအခါ ကျွန်မသည်

သံယောဇဉ်ကြိုးတစ်မျှင်ကြားမှပင် ၀မ်းပမ်းတသာ ရေရွတ်လိုက်မိသည်မှာ…

`၀ဋ်ကျွတ်သွားပြီပေါ့ အဘွားရယ်…´ ဟုသာ။

x x x x x x x x x x x


ဒေါ်ကျော့မြိုင်
အသက် (၅၅) နှစ်

အမည်က `ကျော့´ ပေမယ့် လူကတော့ဖြင့် ကျော့ကျော့မော့မော့ကလေးထဲက မဟုတ်တာသေချာပါသည်။ ထိုဈာပနကိစ္စကို သဂြိုဟ်ပေးရန် သွားရောက်သယ်ဆောင်ရသော ကျွန်မတို့ပင်လျှင် စိတ်မောလူမောနှင့် ဇောချွေးဖြိုင်ဖြိုင်ကျခဲ့ရသည့်အဖြစ်၊ သူတို့ ဆက်သွယ်အကြောင်းကြားထားသော လမ်းညွှန်းအတိုင်း မြို့သစ်ကလေးတစ်ခု၏ အစွန်အဖျားသို့ရောက်သည့်တိုင်အောင် ချိန်းဆိုထားသော နာရေးရှင်နှင့် အတန်ကြာလွဲချော်နေခဲ့ရာမှ တွေ့ကြပြန်သောအခါတွင်လည်း ထိုနေရာထက် ပိုဝေးပြီး ကားဝင်၍မရသော လမ်းရှည်ရှည်ကျဉ်းကျဉ်းကလေးထဲမှာမို့ ခေါင်းအလွတ်ကိုသယ်ကာ ခြေလျင် လျှောက်ခဲ့ရသော ခရီးကလည်း မနီးလှပါ။

နေ့ချင်း သဂြိုဟ်ပေးရန် အကြောင်းကြားထားသော နာရေးအိမ်သို့ရောက်သောအခါတွင်မူ လူရိပ်လူယောက်က ရှားပါးလှချေသည်။ ကျွန်မနှင့်အတူပါလာသော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် မောင်လေးနှစ်ယောက်က ဒေါ်ကျော့မြိုင်၏ ရုပ်ကလာပ်အား ဂရုတစိုက် အောက်ခံကပ်ထဲထည့်ပြီး အပေါ်မှ အလျူမီနီယံခေါင်းဖုံးဖြင့် အုပ်လိုက်ပြီးသောအခါတွင်တော့ ကားဆီရောက်အောင် သယ်ယူဖို့ရန် ကျွန်မ အကူအညီတောင်းရတော့သည်။

`ယောင်္ကျားလေး သုံးလေးယောက်လောက် ကျွန်မတို့ကို ကူညီပါဦး၊ လမ်းထိပ်ရောက်တဲ့အထိ ကျွန်မတို့ချည်း မနိုင်လို့ပါ။´

`ယောင်္ကျားဆိုလို့ မြင်တဲ့အတိုင်းပဲ ဟိုမှာထိုင်နေတဲ့ မျက်မမြင် အဘိုးကြီးတစ်ယောက်ရယ်၊ ဟောဒီကလေးနှစ်ယောက်ရယ်၊ ကျွန်တော်ရယ်ပဲရှိတာ၊ ဒီအိမ်က သားအဖနှစ်ယောက်ထဲနေတာ၊ သူတို့က အိမ်နီးချင်းတွေ လာဝိုင်းကူပေးနေကြတာ၊ ဟိုမှာထိုင်နေတဲ့ အသက်ရှစ်ဆယ်ကျော် မျက်စေ့ကွယ်နေတဲ့ အဘက ဆုံးသွားတဲ့အဒေါ်ရဲ့ အဖေပေါ့´

ဆယ့်ငါးနှစ်သာသာ ကလေးနှစ်ယောက်ကိုညွှန်ပြရင်း ပြောလိုက်သည့် စောစောက ကျွန်မတို့ကိုလာကြိုသည့် လူရွယ်၏စကားကြောင့်…

`ဒါဆို နာရေးရှင်က ဘယ်သူလဲ၊ ရှင်မဟုတ်ဘူးလား။ ကျွန်မတို့အသင်းကို စာရင်းပေးထားတဲ့ မိသားစုဝင်နာမည်က ရှင့်နာမည်ဆို´

`ဟုတ်ပါတယ် ကျွန်တော်က အခုဆုံးသွားတဲ့ အဒေါ်ရဲ့ ယောင်္ကျားဘက်က တော်တဲ့တူပါ။ ကျွန်တော့် ဦးလေးက ပြီးခဲ့တဲ့ခြောက်နှစ်လောက်က ဆုံးသွားတာမို့ အဒေါ်နဲ့ မျက်စေ့မမြင်တဲ့အဘိုးဆီကို တစ်ခါတစ်ခါလာကြည့်ရင်းနဲ့ အဒေါ်ဆုံးတာနဲ့ကြုံလို့ပါ။ ကျွန်တော်က စက်မှုကတွင်ခုံမှာ အလုပ်လုပ်ပြီး အလုပ်ရှင်နဲ့ နေရတာပါ။´

သူ့စကားကြောင့် ကျွန်မ စိတ်မကောင်းဖြစ်သွားသည်။

`သြော်… ဟုတ်လား… တော်သေးတာပေါ့ကွာ မင်းရောက်လာလို့၊ ကဲ…ကဲ သယ်ကြရအောင်။ ရှိတဲ့လူနဲ့ပဲ သယ်ကြတာပေါ့ ဒီလမ်းထဲကိုမှ ကားမှဝင်လို့မရဘဲ။ သားလေးတို့လည်း ၀ိုင်းကူပေးနော်´

ပြောပြောဆိုဆိုနှင့် ကျွန်မတို့ လှုပ်ရှားစပြုချိန်တွင် အနားမှ အသက်ငါးဆယ်ကျော် အမျိုးသမီးကြီးတစ်ယောက်က

`ခဏ… ခဏ လေးပါ ဆရာမရယ် တစ်ခုလောက် ပြောပါရစေ´

`ဟုတ်ကဲ့ ပြောပါ´

သူက တစ်ခုခုကို ချိန်ဆနေသလို အနည်းငယ်တုံ့ဆိုင်းနေပြီးမှ ….

`ဒီ… ဒီ အဘကိုပါ ခေါ်သွားလို့ မရဘူးလားဟင်´ တဲ့

`ရပါတယ် အဘက သူ့သမီး အသုဘကို လိုက်ပို့ချင်မှာပေါ့ ကျွန်မတို့ကားက နောက်ခန်းမှာ မိသားစုဝင် နှစ်ဦးလိုက်ခွင့်ရှိပါတယ်´ ဟု ကျွန်မက ဆိုတော့

`အသုဘ ပို့ဖို့မဟုတ်ပါဘူး၊ သူ့သမီးမရှိရင် အဘကို ဘယ်သုမှ ရှာဖွေ ကျွေးမွေးပြုစုမယ့်လူမရှိပါဘူး၊ ဒီကောင်လေးကလည်း သူ့ဟာသူတောင်မှ အနိုင်နိုင်ရယ်၊ ကျွန်မတို့မှာလည်း ကိုယ့်မိသားစုနဲ့ကိုယ်မို လာလည်းကြည့်မပေးနိုင်၊ ကျွေးဖို့လည်း မတတ်နိုင်လို့ တစ်ခါတည်းသာ ခေါ်သွားပေးပါလား ဆရာမရယ်´

`ရှင်… ကျွန်မက ဘယ်ကိုခေါ်သွားပေးရမှာလဲ´

`တစ်နေရာရာပေါ့၊ ဘယ်နေရာပဲ ဖြစ်ဖြစ်ပါ။ သူ့ကိုကြည့်မယ့်လူမရှိလို့ ကူညီပါနော်´

`ဟုတ်ပါတယ် ဆရာမရယ် ကျွန်တော်လည်း တောင်းပန်ပါတယ်။ အဒေါ်ရှိတုံးကဆို အဘကို ထမင်းကအစ ခွံ့ကျွေးရတာပါ။ အခု အဒေါ်က ချက်ချင်းကြီး ကောက်ခါငင်ခါ ဆုံးသွားတော့ အဘအတွက် ကျွန်တော်တို့ဘာလုပ်ရမှန်းကို မသိတော့ဘူး။ မျက်စေ့မမြင်တဲ့အပြင်၊ နားကပါမကြားတော့ သနားစရာပါ´

ဘုရားရေ… ဒုက္ခပါပဲ။
ကျွန်တော်တို့ ပြောနေကြတာတွေကို ဘာမှမမြင်ရ မကြားရဘဲ မျက်နှာငယ်လေးဖြင့် ထိုင်နေသော အဘိုးအိုကို တစ်လှည့် သနားကြင်နာခြင်းမှလွဲ၍ ဘာမှမပေးနိုင်ကြသော ပုဂ္ဂိုလ်များကို တစ်လှည့်ကြည့်ကာ သက်ပြင်းကိုသာ အခါခါချနေရုံနေမှတစ်ပါး ကျွန်မရော ဘာများတတ်နိုင်ပါလိမ့်ဦးမည်နည်း။

x x x x x x x x x x x


နောက်တစ်ကြိမ် ကျွန်မ ကြုံတွေ့ရသည်နေရာကား တောင်ဒဂုံ( ) ရပ်ကွက် အနီးမှာဖြစ်ပြီး လူနေထူထပ်သော်လည်း စီးပွားရေးနိမ့်ကျသော အခြေခံလူတန်းစား အသိုင်းအ၀ိုင်းထဲမှဖြစ်သည်။

အသက်(၄၀)ခန့် ခေတ်ပေါ်ရောဂါတစ်ခုဖြင့် ကွယ်လွန်သွားသော လူတစ်ယောက်၏ဘေးတွင် ဇနီးနှင် သားသမီးနှစ်ယောက်က တရှုံ့ရှုံ့ငိုကျွေးနေကြသောမြင်ကွင်းထက် ကျွန်မက ခပ်လှမ်းလှမ်းမှ သင်ဖျူးအဟောင်းကလေးတစ်ချပ်ပေါ်တွင် ယင်ကောင်အချို့ ၀ိုင်းအုံနေကြသော အသက် (၇၀) ခန့် တတိယအရွယ် ဝေဒနာသည်တစ်ဦးကို ပို၍ငြိတွယ်နေမိသည်။

ကွယ်လွန်သူ၏ ရုပ်ကလာပ်ကို သယ်ယူမသွားခင် ဇနီးနှင် သားသမီးများအတွက် ရနိုင်သလောက် အချိန်ပေးရင် နာရေးပို့ဆောင်သူများအကြားမှ စကားသံတွေကို ကျွန်မမကြားချင်ပါဘဲနဲ့ ကြားနေရပြန်သည်။

`တကယ်တော့ ဘယ်သူမပြုမိမိမှုပဲလို့ ပြောလို့ရပေမယ့် ဖြစ်လာတော့ သားမယား၊ သားသမီးတွေပါ မျက်နှာငယ်ရတာပဲ မဟုတ်လားကွ´

`ကလေးတွေသနားပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဖတဆိုးဖြစ်ရရှာတယ်´

`မိုက်လိုက်တဲ့လူကွာ´

ကျွန်မ အဲသည်လို ပြောနေကြသူတွေကို ရင်ထဲကနေ… `ရှင်တို့ အဲဒီလိုပဲ ဝေဖန်အပြစ်တင်နေကြမယ့်အစား နားလည်စာနာပြီ ကူညီဖေးမပေးကြဖို့ မစဉ်းစားမိကြဘူးလား၊ လူတစ်ဘက်သားကို ပါးစပ်အရသာခံပြောပြီး သနားတဲ့ မျက်လုံးတွေနဲ့ ၀ိုင်းကြည့်နေကြမယ့်အစား၊ ရှင်တို့ရဲ့ ကြင်နာတဲ့နှလုံးသား၊ နွေးထွေးတဲ့ လက်ဖ၀ါးတွေနဲ့ တွဲထူပြီး အဲဒီ လူမမယ်ကလေးတွေရဲ့ နှလုံးသားထဲကို သံမဏိစိတ်တွေ သွင်းမပေးနိုင်ကြဘူးလား´ ဟု တုံ့ပြန်ပြောဆိုနေလိုက်မသည်။ မကြာခင်အချိန်မှာပင် နာရေးလာပို့သူတစ်ယောက်က ကျွန်မကို လာနှုတ်ဆက်သည်။ ယခင်က သိဟောင်းကျွမ်းဟောင်းတစ်ယောက်ဖြစ်နေ၍ ကျွန်မ၏အတွေအာရုံက ထိုသူတွေထံမှာ သူ့ဆီကသို့ မြှားဦးလှည့်လိုက်မိသည်။

`ဆရာမနဲ့ မတွေ့တာ ကြာပြီနော်၊ ကျွန်တော်လည်း တာမွေက ပြောင်းလာပြီးကတည်းက ဒီမှာ ဆိုင်ကလေးဖွင့်ထားတော့ အပြင်သိပ်မထွက်ဖြစ်တော့ဘူး၊ အခုလိုမျိုး နာရေးကိစ္စတွေ ဘာတွေရှိမှပဲ မဖြစ်မနေထွက်ရတာ´ ဟုတ် အာလာပသလ္လာပတွေ ပြောဆိုအပြီးမှာ စောစောကတည်းက ကျွန်မသတိပြုနေမိသော ဝေဒနာသည် အမေကြီးထံ ညွှန်ပြ၍ -

`အဲဒါက ဆုံးသွားတဲ့ ကို …. ရဲ့ အမေပေါ့ ကိုယ်တစ်ခြမ်းလေဖြတ်ပြီး အိပ်ရာထဲလဲနေတာကြာပြီ။ အခု သူ့သားကလည်း ဆုံးပြီးဆိုတော့ ချွေးမနဲ့ကလေးတွေက ကောင်မလေး မိဘများရှိရာအရပ်ကို ပြန်မယ်လို့ပြေနေကြတယ်။ ငှားနေကြတဲ့ ဒီအိမ်ကလေးကိုလည်း ပြန်အပ်ရတော့မှာ၊ ခက်နေတာက ဒီလေရောဂါဝေဒနာသည်ကြီးပဲ၊ သေလည်းမသေ၊ ကောင်လည်းမကောင်းတော့ သူ့ကို ဘယ်နားသွားထားရမှန်း မသိကြဘူးဖြစ်နေတယ်။ အဲဒါ ဆရာမများ နည်းနည်းပါးပါး မကူညီနိုင်ဘူးလား၊ သူ့မှာ အခြား သားထောက်သမီးခံကလည်း မရှိတော့လို့ပါ ဖြစ်နိုင်ရင် ကူညီပါဦး´

ဟုတ်ကဲ့… ကျွန်မကူညီချင်ပါတယ်… ဒါပေမယ့်….။

သန်းမြင့်အောင်





အဲဒီလို…
ခိုကိုးရာမဲ့ ဂီလာနပုဂ္ဂိုလ်တွေအတွက်
အကောင်းဆုံးဖြစ်အောင်
ကျွန်တော်တို့ ဘယ်လိုများ
အကူအညီပေးနိုင်မလဲလို့
စဉ်းစားကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။


No comments:

Ratings