Sunday, March 30, 2008

ပန်းတပွင့်ကိုချစ်ခြင်း ရဲ့ ဒိုင်ယာရီ

ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှာ ၁၉၉၅မှာ ပထမနှစ်တက်တုန်းကပေါ့။ ငါတို့တက်ခဲ့တဲ့နေရာက အများက မဲဇာလိုခေါ်တဲ့ ချောင်ထဲက အဆောင်၁၉ တစ်ထပ်ဆောင်လေးမှာလေ။

အတန်းရဲ့ ရှေ့နားမှာထိုင်တတ် အေးအေးလေးနေတတ်တဲ့ နင့်ကို ငါ သတိထားမိပြီး စိတ်ဝင်စားနေခဲ့တယ်မိတယ်။

ငါတို့ ယောင်္ကျားလေးတွေ အနောက်ဘက်ဆုံးမှာထိုင်ပြီး စာသင်နေတုန်း ခိုးပြီး အပြင်ကိုထွက်မယ်ဆိုရင် ပြတင်းပေါက်ကနေကျော်ထွက် နောက်ပြီး အဆောင်ကိုပတ်ပြီး ကန်တင်းကိုသွားနေကြပေါ့။ အဲလိုသွားတိုင်း ငါက ရှေ့နားမှာထိုင်တတ်တဲ့ နင့်ကို လှမ်းကြည့်မိတယ်။ တခါတလေနင် မော့အကြည့်ကိုတွေ့လိုက်ရင် ငါရင်ခုန်မိတယ်။


ငါ နင့်ကို ချဉ်းကပ်ပြီးပြောဖို့ရာ မ၀ံ့ရဲဘူး။ မတတ်နိုင်တဲ့ ငါ့ဘ၀က ငါရဲ့ သတ္တိတွေကို လျော့နဲစေခဲ့တယ်။ ငါ့မှာ တခြား ဦးစားပေးစရာတွေ နဲ့ အခက်အခဲတွေ အများကြီးရှိခဲ့တယ်။

ငါ့စိတ်ထဲမှာ စွဲနေတာကတော့ နင် အစိမ်းရောင် လေးဝတ်လာတဲ့ နေ့ကပဲ။ နင်ရဲ့ ဖြူဝင်းတဲ့အသားအရေနဲ့ အဲဒီအစိမ်းရောင်လေး နဲ့ လိုက်ဖက်တော့ ငါ့အတွက်ကတော့ နတ်မိမယ်လေးပေါ့ကွာ။

ဒုတိယနှစ်မှာ ငါ့ရဲ့ ကြိုးစားမှုကနည်းတော့ ဂုဏ်ထူးတန်းကိုမ၀င်ခဲ့ဘူး။ ဖြစ်သမျှအကြောင်း အကောင်းပေါ့လို့ တွေးခဲ့တာပေါ့။ နင့်အတွက်ကတော့ ကံမကောင်းစွာ ဂုဏ်ထူးတန်းကို မ၀င်ခဲ့ဘူးလေ။ ငါ့အတွက်တော့ အင်မတန် ကံကောင်းခဲ့တယ်။ ဘာလို့လဲဆိုတော့ နင်နဲ့ငါ ကျောင်းအတူ အတန်းတူ တက်ရတော့မှာလေ။

ငါတို့ တတိယနှစ် ကျောင်းတက်တော့ အင်္ဂလိပ်စကားပြောကို ဆရာမ ခေါ်သင်မယ်လုပ်ခဲ့တယ်။ ပထမတော့ ငါတို့နဲ့ နင်လာတက်မယ်လို့ မထင်မိဘူး။ နောက်တော့ ငါသိတော့၊ ငါလေ တကယ်ဝမ်းသာသွားတယ်။ အနည်းဆုံးတော့ နင့်ကို အနီးကပ်တွေ့ရတော့မှာပေါ့။

စာသင်တော့ စားပွဲဝိုင်းနဲ့ သင်တော့ နင့်ကို ခိုးကြည့်လို့ရတယ်လေ။ ဘယ်သူ့ကိုမှ စကားပြောရမှာ မ၀ံ့မရဲ မဖြစ်တတ်တဲ့ငါ နင့်ကို ဘယ်ကစကားစပြောရမှန်းမသိဘူး ဖြစ်နေတတ်တယ်။ နင် ငါ့အနားမှာရှိနေတိုင်း ငါ ရင်ခုန် စိတ်လှုပ်ရှားနေတတ်တယ်။

၁၉၉၆ခုနှစ် ဒီဇင်ဘာမှာ ငါတို့ကျောင်းတွေပိတ်တော့ သင်တန်းကို မပိတ်ပဲ စာဆက်သင်ခဲ့တယ်လေ။ နောက်ပိုင်းတော့ လူတွေမစုံတော့တာနဲ့ သင်တန်းကို ဖျက်လိုက်တော့တယ်။

နောက်တော့ ကျောင်းတွေပိတ်။ ငါတို့တတွေ မတွေ့ဖြစ်ကြတော့ဘူးနော်။ ငါလည်း အလုပ်ဝင်လုပ်တော့ နေ့စဉ်နဲ့ အမျှအလုပ်ရှုပ်နေတယ်။ အလုပ်ကို ကိုယ်ရောစိတ်ပါ လုပ်နေမိတော့ အိမ်ကိုတောင် ပြန်မအိပ်ဖြစ်နဲ့နေ့တွေတောင် ရှိလာတယ်။

အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ မော်လမြိုင်၊ ကော့သောင်း စုံအောင်ရောက်ခဲ့တယ်။ ရောက်တဲ့နေရာတိုင်း လွမ်းစရာနေရာလေးတွေ တွေ့တိုင်းနင့်ကို သတိရမိတယ်ကွာ။

၂၀၀၀ ခုနှစ်မှာ ငါတို့ကျောင်းက ပြန်ဖွင့်တော့မယ်ဆိုလို့ ငါတို့ လှိုင်နယ်မြေကနေ ဒဂုံတက္ကသိုလ်ကို ပြောင်းတက်ရတယ်လေ။ နင် မှတ်မိမလား၊ ကျောင်းသွားအပ်တော့ လျောက်လွှာတွေတင်ပြီး အကြာကြီးစောင့်နေရတာလေ။ နင့် လျှောက်လွှာက ပြန်မခေါ်သေးဘူး နင့် သူငယ်ချင်းတွေက မုန့်သွားစားမယ်လုပ်လို့ ငါက နင်သွားစားလိုက် ငါစောင့်နေလိုက်မယ်ပြောတာလေ။ အပြန်မှာ နင်က ငါ့အတွက် အအေး ၀ယ်လာပေးတယ်။ ၀ယ်လာတဲ့ အအေးက မအေးပေမယ့် ငါ့ရင်ထဲမှာတော့ အေးသွားတာပါပဲ။

ကျောင်းတွေပြီးတော့ ငါလည်း နင်နဲ့ဝေးရာ တိုင်းပြည် အပြင် ကိုထွက်လာခဲ့တယ်။ ဘ၀အတွက် တိုးတက်ရာ ရှာရင်းပေါ့လေ။ ပြီးတော့ ကျောင်းဆက်တက် ပြီးတော့ အလုပ်လုပ်နဲ့ ငါမအားခဲ့ဘူး။

အနေဝေးနေပေမယ့် နင်က ငါ့စိတ်ထဲမှာ ရှိနေသေးတယ်ဆိုတာ။ တိုက်ဆိုင်မှုရှိတိုင်း သတိရတယ်လို့ပြောရင် မလွန်လောက်ဘူးထင်ပါတယ်။ ကျောင်းပြီးတော့ အလုပ်စလုပ်တော့ ဘာကိုမှ သတိမရနိုင်တော့ဘူး။ အလုပ်က နည်းနည်း အထိုင်ကျလာတော့မှ တဆင့်ရခဲ့တဲ့ နင့်ရဲ့ဖုန်းနံပါတ်ကို ဆက်ဖြစ်တယ်။ နင်က ငါ့ကို မှတ်မိတယ် လက်ခံစကားပြောတယ်ဆိုတော့ ၀မ်းသာခဲ့တယ်။

နောက်ပိုင်းမှာ နင်လည်း အလုပ်မှာ အင်တာနက်သုံးလို့ရတော့ ငါတို့ နည်းမျိုးစုံသုံးပြီး chat ခဲ့ကြတယ်နော်။ နင်က ဓာတ်ပုံပို့ပေးဖို့ သဘောတူပြီး ပို့တုန်းက ငါတကယ်ပဲ စိတ်လှုပ်ရှားတယ်။

ငါ နင့်ကို အဲဒီအချိန်အထိ သူငယ်ချင်းတယောက်လိုပဲ ပြောနေခဲ့တယ်နော်။ စိတ်ထဲမှာ ချစ်နေတဲ့စိတ်ကို နင်မသိအောင် ထိန်းချုပ်ထားခဲ့တယ်။

အဲဒီအချိန်တုန်းက ငါက နင့်ကို သူငယ်ချင်းတယောက်ကိုချစ်နေမိတယ်လို့ပြောခဲ့တယ်။ နောက်ပြီး ငါ့ရဲ့ခံစားချက်တွေကို နင့်ကိုပြောပြတယ်။ အဲ့ဒီသူငယ်ချင်းဆိုတာနင့်ကို ရည်ရွယ်ပြီးပြောနေခဲ့တာ။ ငါဘာလို့ တိုက်ရိုက်မပြောခဲ့တာလည်းဆိုတော့ နင်စိတ်ဆိုးသွားပြီး ရထားတဲ့ ခင်မင်ရင်နှီးမှုလေး ပျောက်ဆုံးသွားမှာစိုးလို့ပါ။ နောက်ဆုံးတော့ အဲ့ဒီသူငယ်ချင်းနဲ့ မိတ်ဆက်ပေးဖို့ပြောလာရင်း ငါက မိတ်ဆက်ပေးဖို့မလိုဘူး နင်သိနေပြီးသား လို့ပဲပြောခဲ့တယ်။

နောက်ဆုံးတော့ ငါ လူတယောက်ထဲကို ဘယ်လိုမိတ်ဆက်ပေးရမလဲ လို့ပြောတော့ ငါချစ်နေတဲ့ သူငယ်ချင်းဆိုတာ နင်ဆိုတာ နင်ကိုယ်တိုင်သိသွားတယ်လေ။ အဲဒီအချိန်တုန်းက နင်စိတ်ဆိုးသွားမှာလား ဆိုတာ တကယ်ကိုစိုးရိမ်ခဲ့တယ်။ နင်က စိတ်တော့မဆိုးပါဘူး ဒါပေမယ့် သူငယ်ချင်းလိုပဲ ဆက်နေဖို့ ငါ့ကို ပြောခဲ့တယ်။ နောက်ပြီး နင်ကပြောသေးတယ်၊ ငါချစ်နေတဲ့ သူငယ်ချင်းက နင်ကိုယ်တိုင်ဆိုတာသိနေခဲ့ရင် ဘယ်သူလဲလို့ ငါ့ကို မမေးခဲ့ပါဘူး လို့လေ။

နင်ပြောခဲ့တဲ့ စကားတွေကြောင့် ငါလေ တကယ့်ကို ၀မ်းလည်းသာတယ်၊ ကျေးဇူးလည်းတင်တယ်။ နင်က ငါ့ကို နင့်ရဲ့ဟိုးငယ်ငယ်လေးကတည်းက ခင်ခဲ့တဲ့ သူငယ်ချင်းလို ချစ်တယ် လို့ပြောခဲ့တာတွေ၊ နောက်ပြီး နင် တခြား တယောက်ကို ရွေးချယ်ခဲ့ရင်တောင် ငါက နင့်ရဲ့ အရေးကြီးဆုံးလူတယောက်ဖြစ်နေမယ် လို့ပြောခဲ့တယ်နော်။

အမှန်ပြောရရင် နင်တကယ်လို့ တခြား တယောက်ကို နင့်ရဲ့ဘ၀အတွက် ရွေးချယ်ခဲ့ရင် အဲဒီလူကပဲ နင့်အတွက် အရေးကြီးဆုံးလူဖြစ်နေစေချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ နင့်ကိုစိတ်ချမ်းသာစေချင်လို့ပဲ။ ငါမှာ နင့်ကို ပိုင်ဆိုင်ခွင့်ရချင်တဲ့စိတ် ထက် နင့်ကို စိတ်ချမ်းသာစေချင်တဲ့စိတ်က ပိုပြီးများနေတယ်။ တကယ်လို့ နင်ရွေးချယ်တဲ့လူက ငါတို့အကြောင်း နားမလည်နိုင်လို့ မကြည်ဖြူရင် နင်ဘယ်လိုစိတ်ချမ်းသာမှာလဲ။

ငါကနင့်ကိုချစ်လို့ ပိုင်ဆိုင်ခွင့်ရချင်တဲ့စိတ် ရှိပေမယ့်၊ နင်စိတ်ချမ်းသာမယ်ဆိုရင် ငါစွန့်လွှတ်နိုင်ပါတယ်။

၂၀၀၅ ဒီဇင်ဘာလထဲမှာ ငါ ရန်ကုန်ကိုပြန်လာခဲ့တယ်။ ရောက်ရောက်ချင်းနေ့မှာ နင် ရုံးဆင်းချိန်မှာ ငါလာတွေ့ခဲ့တယ်။ နောက်ပြီး မြိုင်ဟေ၀န်မှာ အအေးသောက်ပြီး နင့်ကို လက်ဆောင်လေးပေးခဲ့တယ်။ သစ်ခွပန်းလေးပါတဲ့ စားပွဲတင်နာရီလေး။ ငါ အဲ့ဒါလေးကိုတွေ့လိုက်တော့ နင်ကြိုက်မယ် ဆိုတာတွေးမိလိုပေးခဲ့တာပဲ။ နင်ဖွင့်ကြည့်ပြီး နင်က ကြိုက်တယ်ဆိုတော့ ငါဝမ်းသာခဲ့တယ်။ နောက်ပြီး လက်ဆောင်ထုပ်လေးကို နင်ပြန်ထုတ်နေတာကြည့်ရင်း `နင်ရယ်… ငါ့ကို ချစ်လိုက်ပါတော့ကွာ´ ဆိုပြီး စိတ်ထဲမှာ ပြောနေမိတယ်။


နောက်ပြီး တောင်ကြီးကို ခရီးထွက်လာခဲ့ပေမယ့် စိတ်ကတော့ နင့်ဆီမှာပါ။ ဟဲဟိုးနဲ့ တောင်ကြီး ကြားမှာ ရှုခင်းတွေကြည့်ရင်နဲ့ နင့်ကို တကယ်လွမ်းတယ်။


တောင်ကြီးက တောင်ပေါ်ကို တယောက်ထဲတက်ခဲ့ပြီး တိမ်တွေကို ငေးကြည့်ရင်း ပေါ့။


အင်းလေးရဲ့ ညနေခင်းရဲ့ ရှုခင်းတွေကို ကြည့်ရင်းလည်း နင့်ကိုလွမ်းတယ်။ အင်းလေးမှာ ဈေးဝယ်ရင်း နင့်အတွက်ဆိုပြီး ငါအိတ်လေးတလုံး ၀ယ်လိုက်မိတယ်။ ဒါပေမယ့် နင့်ကို မပေးဖြစ်ခဲ့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ နင်က `နောက်ကို လက်ဆောင်မပေးပါနဲ့´ ဆိုလို့ပါ။ ငါ အဲ့ဒီ အိတ်ကလေးကို အခုအထိ သိမ်းထားတယ်။ တနေ့ကြရင် ပေးမယ်ဆိုတဲ့ အတွေးလေးနဲ့ပါ။

၂၀၀၅ ခရစ်မတ်မှာ ငါတို့ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ ဆုံခဲ့ကြတယ်နော်။ သူငယ်ချင်းတွေနဲ့လည်းဆုံ၊ နောက်ပြီး အင်းလျားကန်ဘေးကိုလည်း ရောက်တော့ ငါကတော့ ၁၀နှစ်လောက်ပြန်ငယ်သွားသလိုပဲ။ အင်းလျားက အပြန် ငါ ပြန်ရတော့မယ်ဆိုတဲ့ အတွေးနဲ့ ငါစကားမပြောနိုင်ပဲ တိတ်ဆိတ်နေမိတယ်။

ငါ ဒီကိုရောက်ပြီး လေဆိပ်ရောက်တော့ ပထမဆုံး ဖုန်းဆက်မိတာ နင့်ကိုပဲ။ နင်ငါ့ကို စိတ်ပူနေမှာစိုးလို့ပါ။ ငါဒီကို အဆင်ပြေပြေရောက်တာကို နင်သိရင် စိတ်အေးရအောင်လို့ပေါ့။

၂၀၀၆ခုနှစ် ချစ်သူများနေ့မှာ သူငယ်ချင်းတယောက်ရဲ့ အကူအညီနဲ့ နင့်ကို နှင်းဆီပန်းလက်ဆောင်ပို့ပေးနိုင်ခဲ့တယ်။ နင်ဝမ်းသာပြီး လက်ခံတယ်ဆိုတာကို သိတော့ အရမ်းကိုပျော်ခဲ့မိတယ်။ နင့်ကို ချစ်တယ် လို့ ထပ်ပြောမိခဲ့တယ်။ နင်ကတော့ ငါ့ကို သူငယ်ချင်းလို့ပဲ ချစ်တယ်လို့ပြန်ပြောခဲ့တယ်နော်။

နှစ်စဉ်နှစ်တိုင်းပို့ပေးမယ်ဆိုပြီး စိတ်ကူးခဲ့တာ …. ။

၂၀၀၆ မှာတော့ ငါ့နင့်ကို မတွေ့ရလို့ လွမ်းနေရပေမယ့် ဝေးနေတယ်လို့ မခံစားရဘူး။ နင်နဲ့ငါ နဲ့ နေ့စဉ်တွေ့ပြီး IM နဲ့ စကားပြောနိုင်ခဲ့တာလေ။

အေပရယ်လမှာ ငါ့ရဲ့မွေးနေ့မှာ မနက်မှာ နင့်ကိုဖုန်းဆက်ပြီး စကားတွေ အကြာကြီးပြောခဲ့တာ။ နောက်ပြီးတော့ နင်လေ.. ငါ့ကို ကိတ်မုန့်လုပ်ကျွေးမယ်ဆိုပြီး ဖုန်းထဲမှာပဲ ကိတ်မုန့် virtual ကိတ်မုန့်လုပ်ပေးတယ်။ ပြောရရင် လူတွေရီမှာပဲ။ ဒါပေမယ့် ငါကတော့ ကျေနပ်တယ်။ ငါတော့ ရူးနေပြီ ထင်တယ်။ ငါတကယ်ပြောရရင် ဒီလိုချစ်တတ်လိမ့်မယ်လို့ ငါ့ကိုယ်ငါ မထင်ထားခဲ့ဘူး။

နင် အောက်တိုဘာလထဲမှာ ရုံးကခွင့်ယူပြီး ခရီးသွားတော့ ငါနင့်ကို ဘယ်လောက် လွမ်းသလဲဆိုတော့ ကဗျာတွေတောင်ရေးဖြစ်တယ်။ ငါတခါမှ ဖြစ်ဖြစ်မြောက်မြောက် မရေးဖြစ်ခဲ့တာ၊ အခုတော့ ကဗျာတွေ တပုဒ်မကတောင် ရေးဖြစ်တယ်။ ပထမတပုဒ်က ဒီကဗျာလေးလေ… ကဗျာမပီပေမယ့်၊ ငါ့ရဲ့ ခံစားချက်ကတော့ ပီပြင်ပါတယ်ကွာ။

I Miss You
Though I can’t write or call you
Though I can’t chat or email you

As often I would like to spend time thinking about you.
It is a memory of something we shared
No matter what it is in my mind
I want to write and call you every day
I miss you...

နှစ်တခုရဲ့ ဒုတိယနောက်ဆုံးလက ငါ့အတွက် အရေးကြီးလာခဲ့တာ နင့်မွေးနေ့ကိုသိပြီးကတည်းကပဲ။ နင့်အတွက် သူများနဲ့မတူတဲ့ မွေးနေ့လက်ဆောင်ပေးချင်တယ်။ နင့်မွေးနေ့အတွက် ငါတတ်သလောက် ကဗျာလေးရေးပြီး ပေးခဲ့တယ်။ ငါ့ဘ၀မှာ မွေးနေ့အတွက် ဒီလိုလုပ်ပေးတာ ပထမဆုံးအကြိမ်ပါ။

၂၀၀၆ ဒီဇင်ဘာလကုန် ငါ ရန်ကုန်ကို နင့်ကိုပြောမပြပဲ တိတ်တိတ်ကလေး ပြန်ခဲ့တော့ ငါ့မှာ နင်နဲ့ပတ်သက်လို့ မျှော်လင့်ချက်တွေ အများကြီးရှိခဲ့တယ်။

နင်က မမျှော်လင့်ပါနဲ့လို့ ပြောနေပေမယ့်လည်း ငါလေ တခြားတယောက်ကို စိတ်ထဲမှာဘယ်လိုမှ စဉ်းစားလို့မရသေးဘူး။ ရောက်ရောက်ချင်းနေ့က စနေနေ့ဆိုတော့ နင်က ရုံးကိုမသွားရတော့ ရုံးဆင်းချိန်ကို surprise ဖြစ်သွားအောင် သွားလို့မရ။ နင့်ရဲ့ အိမ်ကို လာရင် အိမ်မှာ ရှိပါ့မလား ဆိုတဲ့ စိတ်ကြောင့် surprise လုပ်ခွင့်မရခဲ့ဘူး။ နင့်ဆီကို sms ပို့တော့ နင်ကတောင် ငါ့ကို `အစုတ်ပလုတ်´ ဆိုပြီး ခေါ်သေးတယ်၊ ပြန်လာမှာကို ကြိုမပြောလို့လေ။

နင့်အိမ်ကိုရောက်တော့ နင့်ကိုလွမ်းတဲ့စိတ်နဲ့ နင့်ကို ငေးကြည့်နေမိတယ်။

အဲဒီတုန်းက နင့်ကို ငါ့ဖုန်းနဲ့ ရိုက်ခဲ့တဲ့ဓာတ်ပုံ ဖုန်းထဲမှာ အမြဲရှိတယ်။ နင်ကျွေးတဲ့ ဖရဲသီးကိုစား နှစ်ယောက်သားစကားပြောတာ ညနေစောင်းမှ ငါပြန်လာခဲ့တယ်။

ငါတို့သူငယ်ချင်းတွေ မနှစ်ကလို အင်းလျားမှာ ဆုံမယ်ဆိုတာ နင်မလာနိုင်ဘူးလေ။ နင်လာဖို့ အတတ်နိုင်ဆုံးကြိုးစားတာကို သိရတော့ နင့်ဆီကိုပဲ ငါအပြေးလာခဲ့ချင်တယ်။ နင့်မှာ လာဖို့ အခက်အခဲတွေရှိတယ်ဆိုတာ ငါနားလည်ပါတယ်။

ဒါပေမယ့် နင့်ငါကို ခေါက်ဆွဲကြော်လိုက်ကျွေးတာခဲ့တာပဲနော်။ နင်နဲ့ငါ နှစ်ယောက်ထဲရှိတုန်း ငါနင့်ကို ချစ်တယ်လို့ထပ်ပြောပြီး လက်ထပ်ပါရစေလို့ ပြောခဲ့တယ်နော်။ ငါ ပါးစပ်က အလွယ်တကူထွက်ပြီး ပြောတာမဟုတ်ခဲ့ဘူး။

ငါက နင့်ကို ဘ၀လက်တွဲဖော်အဖြစ် ချစ်နေလို့၊ နင့်ကို ငါက ဘာပဲဖြစ်ဖြစ်ချစ်နေလို့၊ နင့်တယောက်ကလွဲလို့ တခြားလူယောက် မချစ်နိုင်လို့ ငါပြောခဲ့တာပေါ့။ နင်က သိပါ့မလား၊ ငါလေ၊ နင်လက်ခံခဲ့ရင် ရင်ဆိုင်ရမယ် အချက်တွေကို ပါထည့်စဉ်းစားထားပြီးသားပါ။ နင့်နဲ နင့်အမေက တယောက်ကို တယောက် အရမ်းချစ်ကြတယ်လေ။ တကယ်လို့ ငါ့ကြောင့် နင်သူ့ကို ခွဲထွက်သွားခဲ့မယ်ဆိုရင် သူကဘယ်လိုစိတ်ကောင်းမှာလည်း။ နင်ကလည်း အမေ စိတ်မကောင်းဖြစ်အောင် ဘယ်လိုမှလုပ်မှာ မဟုတ်ဘူး။ သားအမိတွေ အရမ်းချစ်ကြရင် တဘက်မှာ ပြဿနာရှိနိုင်တယ်လေ။ ဒီလိုဖြစ်လာနိုင်တဲ့ ကိစ္စတွေကို ငါဘက်က နားလည်ပြီး လိုက်လျောဖို့ ဆုံးဖြတ်ထားပြီးသားပါ။ နင်လက်ခံမယ်လို့ ငါ့မှာ မျှော်လင့်ချက်ကြီးခဲ့တယ်။ နင်ကပြောမယ် `မမျှော်လင့်နဲ့လို့ ပြောထားပြီးသား´လို့။ ငါကချစ်နေမိတော့လည်း မျှော်လင့်တာပေါ့ကွာ။

နင်ပြောခဲ့တယ်လေ `ငါနင့်ကို စဉ်းစားကြည့်ပါသေးတယ်။ ဘယ်လိုမှ ချစ်လို့မရလို့ပါ´ လို့။
နင်ပြောတာကို ငါအပြင်မှာလက်ခံခဲ့တယ်။ ငါ့ရင်ထဲမှာ တော့ ၀မ်းနည်း ကြေကွဲနေတယ်။ လက်မခံချင်ဘူး။ တသက်လုံးအတွက်ရည်ရွယ်ခဲ့တယ်။ ဆုံးရှုံးရမယ့် အဖြစ်ကို ရင်မဆိုင်နိုင်ဘူး။ နင်လက်မခံနိုင်တာကို ငါ ဇွတ်အတင်းမလုပ်ချင်ဘူး။ နင့်ကို ငါ့ကြောင့် စိတ်မဆင်းရဲ၊ စိတ်မညစ်စေချင်ဘူး ကွာ။

၂၀၀၇ နှစ်ဆန်းငါ ဒီကိုရောက်တော့ ငါကျောင်းပြန်တက်ခဲ့တယ်။ ရှုပ်တဲ့ အလုပ် နဲ့ ကျောင်းက နင့်ကို လွမ်းတဲ့ စိတ်ကို တားလို့မရခဲ့ဘူး။ ငါနင့်ကို ဘယ်လို မချစ်မိအောင် လုပ်ရမလဲကွာ။ ငါ့ရင်ထဲမှာလည်း ဆုံးရှုံးသွားပြီးလို့ခံစားချက်နဲ့။

ငါက ငါ့လမ်းငါ ဆက်လျောက်မယ်လို့ ဆုံးဖြတ်ထားတော့၊ ငါ နင့်ကို သူငယ်ချင်းလိုပဲ ဆက်ချစ်နိုင်ဖို့ ဆက်ပြီး ကြိုးစားခဲ့တယ်။ ဒီကြားထဲမှာ နင်နဲ့ငါ စကားပြောရတာ အဆင်မပြေဘူးဆိုတာ နင်သိမယ်ထင်ပါတယ်။ ငါဘက်က ဘာတွေဖြစ်နေမှန်းကို မသိဘူး။ ငါတကယ်ကို အူကြောင်ကြောင် ဖြစ်နေတယ်ဆိုတာ နင်သိသလောက်သိမှာပါ။

ငါ့ကြောင့်နင့်မှာ စိတ်ဆင်းရဲ၊ စိတ်ညစ်စရာတွေဖြစ်ခဲ့ရင် တောင်းပန်ပါတယ်နော်။

နင်နဲ့ပတ်သက်တာတွေ ငါဘယ်လိုမှ မေ့မရဘူး။

၂၀၀၇ ခုနှစ် နင့်ရဲ့မွေးနေ့မှာ ငါ့ကဗျာအသစ်တပုဒ် စပ်ခဲ့တယ်လေ။ ပိုပြီး ထူးခြားအောင် လုပ်ပေးချင်ခဲ့တယ်။ အင်္ဂလိပ်လို ကဗျာလေးကို သူငယ်ချင်းတွေကိုပြပြီး မြန်မာလိုပြန်ပေးဖို့ အကူအညီတောင်းခဲ့တယ်။ နောက်ပြီး နင့်ဆီကို အင်္ဂလိပ်လိုရော မြန်မာလိုပါ မွေးနေ့မတိုင်ခင် ပို့ခဲ့တယ်လေ။ နင် ကဗျာလေးကို ဖတ်ပြီး ပျော်ခဲ့တယ် ငါကျေနပ်ပါတယ်။

၂၀၀၇ ဒီဇင်ဘာလမှာ နင် ငါနေတဲ့ဆီကို အလည်ရောက်လာတယ်နော်။ ငါတို့ ခရစ်စမတ်နေ့ ညနေမှာ တွေ့ကြတယ်။ ညစာကို သူငယ်ချင်းတွေနဲ့စားပြီး အောချက်လမ်းပေါ်သွားပြီး လျောက်လည်ကြ။ နင်က ဓာတ်ပုံလိုက်ရိုက်တော့ ငါကနောက်ကလိုက်ပြီး ရိုက်ပေးရင်း၊ ကျန်တဲ့ သူငယ်ချင်းတွေနဲ့ ကွဲသွာရင်ကောင်းမှာပဲလို့တွေးလိုက်မိသေးတယ်။



၂၀၀၇ နှစ်မှာထူးခြားတာကတော့ နှစ်ကူးမှာ နင်နဲ့အတူ ရှိနေခဲ့တာပဲနော်။

နင်နဲ့ဒီမှာသွားခဲ့တဲ့နေရာတွေ ရောက်ရင် ငါ့အတွက်တော့ သတိရစရာတွေချည်းနေမှာပါ။

နင်မပြန်ခင်ညက ငါကြိုးစားအိပ်ပေမယ့် အိပ်လို့မပျော်ခဲ့ဘူး။ မနက်နင့်ကိုလာခေါ်ပြီး လေဆိပ်ကိုပို့တော့ ငါ့ရင်ထဲမှာ စကားတွေအများကြီးပြောချင်ပေမယ့် နင်ပြန်သွားတော့မှာ ကိုတွေးပြီး နှုတ်ဆိတ်နေမိတယ်။



နောက်ဆုံးတော့ ငါလည်း မနေနိုင်တော့လို့

`စံပယ်… ငါလေ နင့်ဆီက အချစ်ကို မျှော်လင့်နေဆဲပါ။ နင့်နဲ့ ဘ၀တစ်ခုကို တည်ဆောက်ခွင့်ကို ငါမျှော်လင့်ပါရစေ…´

နင်ကတော့ အရင်တိုင်းပြုံးနေပြီးတော့….

`နင်ကလည်းဟာ… နင့်ကို ငါပြောပြီးသားလေ… သူငယ်ချင်းလိုက တသက်လုံးခင်သွားလို့ရတယ်။ နောက်ပြီး ငါ့နင့်ကို ဘ၀လက်တွဲဖော်အဖြစ် ချစ်လို့မရလို့ပါ။ နင့်မှာ ဘာအပြစ်မှ မရှိပေမယ့်လည်း… ငါ ချစ်လို့မရတာကိုတော့ လက်ခံပါနော်…´

အိုး……..

မျှော်လင့်ထားခဲ့ရသမျှ အားလုံးပျောက်ဆုံးသွားခဲ့ရတယ်။ ငါ့ရဲ့ အိပ်မက်တွေ တစစီ ကြေမွသွားခဲ့ရတယ်…

ငါဘာပဲဖြစ်ဖြစ် အတတ်နိုင်ဆုံးဟန်ဆောင်ပြီးတော့ ငါဝယ်လာတဲ့ နင့်အတွက် အမှတ်တရပစ္စည်းလေးပေးခဲ့တယ်။

ငါက `နင့်အတွက် အမှတ်တရ လက်ဆောင်၊ အဖိုးတော့ မတန်ဘူး´ လို့ပြောတော့ နင်ကတောင် `ဘာလို့အဲဒီလိုပြောရတာလဲ၊ မပြောပါနဲ့´ လို့ပြန်ပြောခဲ့တယ်နော်။ တကယ်တော့ ငွေကြေးအားဖြင့် တန်ဖိုးနည်းပေမယ့် ငါ့ရင်ထဲမှာ နင့်ကိုပြောချင်တာတွေကို အဲ့ဒီလက်ဆောင်လေးတွေက ဖော်ပြပေးနိုင်မှာပါ။ ငါတကယ် အမြတ်တနိုးထားပြီး ပေးခဲ့တာပါ။

ဘ၀မှာ ဆက်ပြီး လုပ်စရာတွေ လုပ်သင့်တာတွေ လုပ်ရမှာတွေ အများကြီးပါ။ နင်က ငါ့ဘ၀ရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်ပြီး ရှေ့ဆက်ပြီး လုပ်ရမှာတွေကို လက်တွဲပြီး လုပ်နိုင်ရင် လောကကြီးဟာ တကယ်ကို ပျော်ရွှင်စွာအတိနဲ့ပေါ့။

ဘာပဲဖြစ်ဖြစ် ဘ၀ဆိုတာကတော့ ဆက်ပြီး သွားနေရမှာပဲလေ။ နင်က ငါ့ရဲ့ ပထမဆုံးသော အချစ်ပါပဲ။ ငါဘယ်တော့မှ မေ့ဖို့မကြိုးစားတော့ဘူး။ အချစ် ဆိုတာက ဘယ်လိုဆိုတာ ငါအမြဲတမ်း သတိရနေချင်လိုပါပဲ။


ငါ ဒီလိုမျိုး ဒိုင်ယာရီကို နောက် ရေးဖြစ်တော့မှာ မဟုတ်ပါဘူး။

အခုတော့…

ပန်းတပွင့်ကိုချစ်ခြင်း ရဲ့ ဒိုင်ယာရီ ကိုတော့ ငါ ၀မ်းနည်းစွာနဲ့ နိဂုံးချုပ်လိုက်ပါတယ်။

Read More...

Wednesday, March 26, 2008

ကလေးဘ၀တုန်းက အတွေးလေးများ

တခါတလေတော့လည်း ကိုယ်ငယ်စဉ်က အကြောင်းလေးတွေ ပြန်ကြားရရင် စိတ်ထဲမှာတမျိုးလေး ခံစားရတတ်ပါတယ်။

တနေ့က အိမ်ကိုဖုန်းဆက်တော့ မေမေ နဲ့ ကျွန်တော် ငယ်စဉ်ကအကြောင်းတွေကို ပြောဖြစ်ပါတယ်။ ဘယ်လိုဆက်စပ်သွားတာလဲဆိုတော့ လွန်ခဲ့တဲ့တလလောက်က မေမေ ကျွန်တော်တို့ ငယ်ငယ်က နေခဲ့တဲ့ အညာမြို့တမြို့ကို ခရီးသွားခဲ့ပါတယ်။ သွားရတဲ့အကြာင်းကတော့ အဲဒီမြို့က အထက်တန်းကျောင်းမှာ ကျင်းပခဲ့တဲ့ ဆရာကန်တော့ပွဲကို ကန်တော့ခံ ဆရာဟောင်းအနေနဲ့ ဖိတ်ကြားခံရလို့ပါပဲ။ အလုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ ပြန်တွေ့ရ၊ ကျောင်းသားဟောင်းတွေနဲ့ပြန်တွေ့ရတော့ အင်မတန်ကြည်နှုးရကြောင်းပြောပြခဲ့ပါတယ်။

တချို့သော လုပ်ဖော်ကိုင်ဖက်တွေကို မေမေကမှတ်မိပေမယ့် သူတို့က သိပ်မမှတ်တော့ဘူးလို့ပြောပါတယ်။ မတွေ့ခဲ့ကြရတဲ့ နှစ်ပေါင်းကလည်း ၃၀ လောက်ရှိပြီလေ။
မေမေကို သိပ်မမှတ်မိတဲ့အထဲမှာ ကျွန်တော် ၃နှစ်သားလောက်က ရင်းနှီးခဲ့တဲ့ အန်တီငြိမ်းလို့ခေါ်ခဲ့တဲ့ ဆရာမတစ်ယောက်လည်းပါပါတယ်။

အန်တီငြိမ်းက မေမေ့ကို သိပ်မမှတ်မိတော့ မေမေက
`သား ပီတိကို မှတ်မိလား´ လို့မေးတော့ အန်တီငြိမ်းက
`မှတ်မိတယ်၊ ကျွန်မတို့ကို ဆီတင်တဲ့ ဘောက်ဆာနောက်က စီးခိုင်းတဲ့ကလေး မဟုတ်လား…´ လို့ပြန်ဖြေတယ်လေ။ ပြီးတော့မှ မေမေလည်း ကျွန်မက ပီတိရဲ့ မေမေပါလို့ပြန်မိတ်ဆက်တော့မှ အန်တီငြိမ်းက မှတ်မိပါတယ်။

အဲဒီအကြောင်းတွေးတိုင်း ကျွန်တော့် စိတ်ထဲမှာလည်း ပြုံးမိပါတယ်။

ကျွန်တော်လည်း ရေးရေးလေးတော့ မှတ်မိနေပါသေးတယ်။ အသက် ၃နှစ်လောက်တုန်းက မေမေကျောင်းကိုသွားတိုင်း လိုက်သွားလေ့ရှိပါတယ်။ အိမ်မှာက ကလေးကို ကြည့်မယ့်သူမရှိတော့ မေမေလည်း မဖြစ်လို့ကျောင်းကိုခေါ်သွားရတာပါ။ ကျောင်းကိုရောက်လို့ မေမေစာသင်ချိန်ဆို၊ ဆရာနားနေခန်းမှာ တခြား လုပ်ဖော်ကိုက်ဖက် ဆရာမများနဲ့ထားခဲ့လေ့ရှိပါတယ်။

တရက်ကျတော့ နေ့လည်နေပူပူ ကျောင်းအပြင်မှာ ဖြတ်သွားဖြတ်လာ ကားတွေကိုကြည့်နေမိပါတယ်။ ကားတွေထဲမှာ များသောအားဖြင့်တွေ့တာကတော့ ဆီတင်တဲ့ ဘောက်ဆာကားတွေပဲဖြစ်ပါတယ်။ အဲဒီတုန်း အန်တီငြိမ်းက ကလေးတွေကိုမေးတဲ့ မေးခွန်းဖြစ်တဲ့
`သား ကြီးလာရင် ဘာလုပ်မှာလဲ´ လို့မေးပါတယ်။

ကျွန်တော်ကလည်း စိတ်ထဲရောက်နေတဲ့စိတ်ကူးအတိုင်း
`ဘောက်ဆာကားကြီးမောင်းမှာ...´
`ဟင်.. သားက ဂျစ်ကား မမောင်းဘူးလား... ´
`မမောင်းဘူး… ဂျစ်ကားက သေးသေးလေး၊ ဘောက်ဆာကားကမှ အကြီးကြီး...´
`သား ဘောက်ဆာကားကြီးမောင်းတော့ အန်တီတို့ကို ခေါ်မှာလား...´
`ခေါ်မှာပေါ့…´
`ဟုတ်လား.. ဒါဆို အန်တီတို့က သားဘေးမှာထိုင်ရမှာပေါ့နော်...´
`ဟုတ်ဘူး… သားဘေးမှာက မေမေနဲ့ ဖေဖေထိုင်မှာ...´
`ဒါဆို အန်တီတို့က ဘယ်မှာထိုင်ရမှာလဲ… ကျန်တဲ့အန်တီတွေကလည်း လိုက်ချင်တယ်တဲ့...´
`အန်တီတို့ ကနောက်မှာထိုင်ရမှာ...´
`ဘောက်ဆာကားရဲ့ နောက်မှာထိုင်လို့မှ မရတာ...´
`အန်တီတို့ ကားနောက်မှာ ခွထိုင်ပေါ့…´
`အဲလိုထိုင်ရင်ပြုတ်ကျမှာပေါ့…´
`တိုင်လေးတွေပါတယ်လေ ကိုင်ထားပေါ့။ ပြုတ်မကျအောင်လို့ ကြိုးနဲ့တုတ်ထားမယ်…´

အဲလိုလည်းပြောအပြီး အနားမှာဆရာတွေ ဆရာမတွေက ၀ိုင်းရီကြပါလေရော။ မေမေလည်း စာသင်ပြီး ပြန်လာရော ၀ိုင်းပြီးပြောကြပါတယ်။ ပီတိကတော့ သူတို့ကို ဘောက်ဆာကားနောက်က ခွထိုင်ခိုင်းပြီး လိမ့်မကျအောင် ကြိုးနဲ့တုပ်ထားမယ်တဲ့…။

ဟဲဟဲ… အဲဒီတုန်းကတော့ ကလေးဆိုတော့ မသိပေမယ့်… အဲဒီအကြောင်းကို မေမေပြန်ပြောတိုင်း ရီရပါတယ်။

အဲဒီတုန်းက ကျွန်တော့်ကို ထိန်းခဲ့ကြတဲ့ ဆရာမတွေကလည်း သူတို့ကို ဘောက်ဆာနဲ့ တင်ခဲ့တဲ့ ကလေးလို့ မှတ်မိနေဆဲပါ။

ငယ်စဉ်ကလေးဘ၀ကတော့ အပြစ်ကင်းပြီး စိတ်ကူးထဲမှာရှိရာကို ပြောခွင့်ရခဲ့တာပေါ့နော်။

Read More...

Tuesday, March 25, 2008

လက်ဆောင်

လက်ဆောင်ကိုတော့ လူတိုင်း လက်ခံရဖူးကြမှာပါ။ လက်ဆောင်ပေးတယ် ဆိုတာကတော့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်ရင်းနှီးမှုကို ဖော်ပြမှုပင်ဖြစ်ပါတယ်။

သူငယ်ချင်း တစ်ယောက်နဲ့တစ်ယောက်နဲ့ လက်ဆောင်ပေးတာကို ငယ်စဉ်ကလေး ဘ၀ကတည်းက ရှိခဲ့ဖူးခဲ့ကြတယ်။ သူငယ်ချင်းကို ချစ်လို့ အိမ်ကမုန့်ယူပြီးပေးတာကအစ တနေရာမှပြန်လာရင် ပစ္စည်းဝယ်လာပြီး ပေးတာမျိုးလေးတွေပေါ့။ အဲလို လက်ဆောင်လေးတွေကို ကိုယ်ကပေးသည်ဖြစ်စေ ကိုယ်ကရသည်ဖြစ်စေ အင်မတန်ကို ကြည်နှုးဖို့ကောင်းပါတယ်။

မိဘတွေကတော့ သားသမီးတွေကို အတုမရှိ မိဘမေတ္တာကို တသက်တာလက်ဆောင်အဖြစ်ပေးရုံမက လိုအပ်သော၊ လိုအပ်မယ်လိုထင်ရသော ရုပ်ဝတ္ထုတွေကိုလည်း တတ်နိုင်သလောက် လက်ဆောင် ပေးကြပါတယ်။ ငယ်စဉ်ကလေးဘ၀ အမှတ်တရဖြစ်သော လက်ဆောင်ကတော့ ဖေဖေ၀ယ်ပေးတဲ့ သံပတ်နဲ့သွားတဲ့ ဂျစ်ကားလေးပါပဲ။ ရပြီးတော့ ကြိုက်လွန်းလို့ နေ့စဉ်ရက်ဆက် ကစားဖြစ်ပါတယ်။

မေမေပေးခဲ့တဲ့လက်ဆောင်ထဲမှာတော့ အမှတ်တရဖြစ်ပြီး မမျှော်လင့်ပဲ ရခဲ့တဲ့ အသက်၁၈ နှစ်ပြည့်တဲ့အတွက် ပေးခဲ့တဲ့ ဆွဲကြိုးလေးနဲ့ လက်စွပ်ကလေးပါပဲ။ ဆွဲကြိုးလေးကတော့ ရန်ကုန်က ဘတ်စ်ကားပေါ်မှာ မတော်တဆကျပျောက်သွားခဲ့ပါတယ်။ လက်စွပ်ကလေးကိုတော့ ပျောက်မှာစိုးလို့ ချွတ်ပြီးသိမ်းထားလိုက်ပါတော့တယ်။

အကို၊ အမ နှစ်ယောက်ဆီကလည်း လက်ဆောင်တွေတော်တော်များများ ရခဲ့ဖူးပါတယ်။ အကိုပေးခဲ့အထဲက G-Shock နာရီလေးကို အတော်လေးကြိုက်နှစ်သက်ခဲ့ပါတယ်။ တော်တော်လေးလည်း ကြာရှည်ခံခဲ့ပါတယ်။ လွန်ခဲ့သော ၃နှစ်လောက်က ပြေးရင် ချော်လဲပြီး နာရီလေးကွဲသွားပြီးနောက် မပတ်ဖြစ်တော့ပါဘူး။ အမရဲ့ လက်ဆောင်တွေထဲမှာတော့ သူ့ရဲ့ လခလေးနဲ့ဝယ်ပေးခဲ့တဲ့ အင်္ကျီလေးတထည်ပါပဲ။ လွန်ခဲ့တဲ့ ၇နှစ်လောက်က ၀ယ်ပေးချင်လွန်းလို့ ရတဲ့လခ အကုန်နီးပါးပေးခဲ့ရတဲ့ တန်ဖိုးကြီး အင်္ကျီလေးကို နှမျောခြင်းမရှိ လက်ဆောင်ပေးခဲ့တာပါ။

အရွယ်ရောက်လာပြီး ချစ်သူ ရည်းစားရှိလာတော့ တယောက်နဲ့တယောက် အမှတ်တရ လက်ဆောင်တွေပေးကြပါတယ်။ ရခဲ့ဖူးတဲ့ အထဲမှာ ဘယ်ဟာကို မှတ်မိသလဲလို့ပြန်မေးတော့ ဘယ်ဟာမှ သတိမရတော့ဘူး။ (အဟဲ တကယ်ပြောတာနော်… ).

ဒါပေမယ့် ပေးခဲ့တဲ့ လက်ဆောင်တွေအားလုံးကို အဆင်မပြေလို့ လမ်းခွဲကြတဲ့အခါ ဘယ်သောအခါမှ လွှင့်မပစ်ရက်ပါ။ ဆက်လက်ပြီး သုံးလို့ရတာသုံးပြီး သိမ်းလို့ရတာကို သိမ်းထားပါတယ်။

မှတ်မိတာဆိုလို့ စွဲလန်းလွန်းခဲ့ရသူတစ်ယောက်ဆီကတော့ လက်ဆောင်မဟုတ်ဘူးနော် ပိုက်ဆံပြန်ပေးရမယ်လို့ပြောပြီးပေးခဲ့တဲ့ သီချင်းစီဒီ ၂ချပ်ဖြစ်ပါတယ်။

ခင်မင်ရင်နှီးတဲ့ သူငယ်ချင်းတွေဆီကလည်း လက်ဆောင်များစွာကို လက်ခံဖူးပါတယ်။ အင်္ကျီ၊ ရေမွှေး၊ ဘောပင်၊ စာအုပ်၊ လည်စည်း၊ ပိုက်ဆံအိတ်၊ လိပ်စာကဒ်ထည့်တဲ့ကေ့စ်၊ ဆုတောင်းကဒ်… စသည်စသည်ဖြင့်ပေါ့။

လက်ဆောင်ရရှိတိုင်း တကယ်ပဲ ကြည်နှုးပါတယ်။ ကိုယ့်ကို ဘယ်လောက်အထိ ရင်နှီးချစ်ခင်တယ်ဆိုတာကို သိရလို့ပါ။ (ခဏခဏပေးမယ်ဆိုလည်း ရပါတယ်၊ ခဏခဏ ကြည်နှုးရတာပေါ့နော်၊ :P)



တနေ့က ရန်ကုန်က လူကြုံလာတာနဲ့ လက်ဆောင်လေးတခုရရှိပါတယ်။ ဘယ်သူ့ဆီကလည်းဆိုတော့ ကျွန်တော် ချစ်ခင်လေးစားရတဲ့ ဆရာ ဦးမျိုးသန့် ဆီကပါပဲ။ လက်ဆောင်ကတော့ သခင်ဗတင် ရဲ့ လက်သီးပုန်း ဆိုတဲ့ စာအုပ်ပါပဲ။ ဆရာ့ဆီသွားတိုင်း စာအုပ်လက်ဆောင်ပေးတတ်ပေမယ့် အခုလို အမှတ်တရပို့ပြီးပေးလာတော့ တကယ်ပဲဝမ်းသာမိတယ်။ ကျေးဇူးလဲတင်မိပါတယ်ဆရာ။

စာအုပ်ကို လက်ဆောင်အဖြစ် ပေးတတ်တာကတော့ မေမေပဲဖြစ်ပါတယ်။ အဆင်ပြေတဲ့အချိန်တိုင်း ဖတ်ဖို့ဆိုပြီး စာအုပ်မျိုးစုံပေးတတ်ပါတယ်။ စာအုပ်ပေးတိုင်းလည်း သားငယ် ဖတ်ဖို့ ဆိုပြီး အမှတ်တရ လက်မှတ်ထိုးပြီးမှပေးလေ့ရှိပါတယ်။ အိမ်တခါပြောင်းတိုင်း စက္ကူ ၂ပုံးလောက်နဲ့သယ်နေကျ။ တခါက အိမ်ပြောင်းနေရင်း ပစ္စည်းတွေ တိုက်အောက်မှာထားပြီး အိမ်ပေါ်အတက်မှာ စာအုပ်ပုံးကို စက္ကူဝယ်တဲ့တရုတ်ကမသွားလို့ စာအုပ်တော်တော်များများဆုံးဖူးပါတယ်။ လုံခြုံစိတ်ချရတဲ့ စင်ကာပူမှာလည်း မပေါ့ဆဖို့လိုတယ်ဆိုတာ သင်ခန်းစာလေးပေါ့။

ကျွန်တော်လည်း လက်ဆောင်တွေကို ပြန်ပေးဖြစ်ပေမယ့် ကိုယ်ဘာတွေ ပေးခဲ့တယ်ဆိုတာကတော့ အမှတ်သိပ်ထားလေ့မရှိပါဘူး။

ဒါပေမယ့် တကယ်ချစ်ခင်ရင်နှီးပြီးပေးတဲ့လက်ဆောင်တာ ကြည်နှုးဖို့ကောင်းတာပါ၊ လက်ဆောင်ဆိုတာကို အကာအကွယ်ယူပြီး ပေးကြ ယူကြတဲ့ ပစ္စည်းတွေကတော့ ပူလောင်ပါတယ်။ အဲလိုလက်ဆောင်မျိုးရလာမှာကိုတော့လည်း မလိုချင်ပါဘူး…

ညဥ့်နက်နက်မှာ ဆရာမျိုးပေးသော စာအုပ်ကိုဖတ်ရင် အတွေးထဲရောက်လာတာလေး ချရေးမိလိုက်တဲ့ ဟိုရောက်ဒီရောက် စာစုလေးကို လာလည်တဲ့ မိတ်ဆွေတွေကို လက်ဆောင်ပေးလိုက်ပါတယ်နော်…. :)

Read More...

Wednesday, March 19, 2008

တက်…တက်…တက်

ဘာသာစကား အကြောင်းပြောမိတော့ နောက်တခုကို သတိရသွားပါတယ်။ တနေ့က အမ တယောက်နဲ့ စင်ကာပူမှာ မြန်မာတွေ အလုပ်လာလုပ်တာ အခုတလောများလာတယ်။ ဒီလိုသာ ဆက်ပြီး လာနေမယ်ဆိုရင် နောက်ပိုင်းမှာ MRT ပေါ်မှာ ကြေငြာချက်ထုတ်ပြန်ချင်ရင် မြန်မာ လိုပါ ထည့်ရတော့မယ်ပြောတော့ အဲဒီ အမက
`အခုလည်း မြန်မာလို ပြောပါတယ်ကွ…´
`ဟုတ်လို့လား အမကလည်း…´
`အေးလေ… တံခါးပိတ်ခါနီးရင်… doors are closing လို့အော်တယ် ပြီးတော့ တက်…တက်…တက် နဲ့ မြန်မာလိုအော်တယ်လေ..
လိုပြန်ပြောတော့၊ ရီလိုက်ရတာ… :P….

(စင်ကာပူက MRT များ တံခါးပိတ်ခါနီးရင် တစ်တစ်တစ် လိုလို တက်တက်တက် လိုလို အချက်ပေးပါတယ်၊ အဲဒါကို အမက နောက်ပြီး ပြောတာလေ။)

Read More...

Tuesday, March 18, 2008

ယမ်ဝမ်း

တနေ့က သူငယ်ချင်းတယောက်နဲ့ ရထားစီးလာရင်း ကျောင်းတုန်းက သင်ခဲ့ကြရတဲ့ လူမျိုးပေါင်းစုံ ဆရာတွေရဲ့ စာသင်ပုံကို စကားစပ်မိပြီး ပြောမိပါတယ်။ အဲဒီအထဲမှ အိန္ဒိယနွယ်ဖွားဆရာများရဲ့ ထူးခြားတဲ့ စကားပြောပုံကို ရောက်သွားပါတယ်။ ကျွန်တော် ကျောင်းမှာတုန်းက သင်တဲ့ အိန္ဒိယနွယ်ဖွားဆရာတယောက်က သူစာသင်ရင် System နဲ့ ပတ်သက်ပြီဆို MRT ကို ဥပမာပေးလေ့ရှိပါတယ်။ ကျောင်းသားတွေက သူ MRT System လို့ ပြောတိုင်း ပြုံးစိစိဖြစ်တတ်ပါတယ်။ ဘာလို့လည်းဆိုတော့ သူက MRT ကို ယမ်မာတီ ဆိုပြီး အသံထွက်တတ်လို့ပါပဲ။

အချို့အိန္ဒိယနွယ်ဖွားတွေက အမ် ကို ယမ် ကိုထွက်တတ်ပါတယ်။

အဲဒီအကြောင်း စကားပြောနေတာကနေ ဆက်ပြီး သူငယ်ချင်းတယောက်ရဲ့ ရီစရာ အဖြစ်ကို သတိရသွားပါတယ်။


သူငယ်ချင်းတယောက်က ကျောင်းတက်နေတုန်း ဆိုင်တဆိုင်မှာ အချိန်ပိုင်း အလုပ်ဝင်နေတုန်းကဖြစ်ပါတယ်။ တနေ့ကျတော့ ဆိုင်မန်နေဂျာက အိန္ဒိယနွယ်ဖွားတွေကို သူ့ဆီခေါ်လာပြီး ဒီမှာ မင်းရဲ့ သူငယ်ချင်းတွေ မင်းကို ရှာနေတယ်လို့ပြောတော့၊ သူကကြည့်လိုက်တော့ ခပ်စုတ်စုတ် အိန္ဒိယနွယ်ဖွားနှစ်ယောက် ကိုတွေ့တော့ အူကြောင်ကြောင်ဖြစ်သွားပါတယ်။ သူက တရုတ်၊ ပြီးတော့ အိန္ဒိယနွယ်ဖွား သူငယ်ချင်းလည်း မရှိတော့

`ဘာကိစ္စလဲ…´ မေးတော့ ဟို အိန္ဒိယနွယ်ဖွား တွေကလည်း
`ယမ်ဝမ်း… ယမ်ဝမ်း..´ ဆိုပြီး စကားသံဝဲ၀ဲနဲ့ ပြန်ပြောတယ်။

သူငယ်ချင်းကလည်း…
`အေး ဟုတ်တယ်… ငါ့နာမည်က ယမုန်ပဲ၊ ဘာကိစ္စလဲ…´ လို့ပြန်မေးပါတယ်။

အိန္ဒိယနွယ်ဖွားနှစ်ယောက်ကလည်း အင်္ဂလိပ်လိုလည်း မပြောတတ်၊
`ယမ်ဝမ်း… ယမ်ဝမ်း..´ ဆိုပြီး ထပ်ပြောပြန်ရော…

`အေး ဟုတ်တယ်… ငါက ယမုန် ဘာဖြစ်လဲ…´ လို့ ခပ်မာမာမေးလိုက်ပါတယ်။

အဲဒီတော့မှာ အိန္ဒိယနွယ်ဖွားတယောက်က လက်ထဲမှာ ကိုင်ထားတဲ့ စာရွက်ပြလိုက်တော့မှ သူတို့ဘာပြောနေတယ်ဆိုတာကို နားလည်ပါတော့တယ်။

သူတို့က M1 ဆိုတဲ့ Mobile Phone Operator ရဲ့ ဆိုင်နေရာကို မသိလို့ မေးနေတာကို၊ အသံထွက်တာတမျိုးဖြစ်ပြီး၊ ကျွန်တော့်သူငယ်ချင်းရဲ့ နာမည်နဲ့ တိုက်ဆိုင်စွာတူပြီး နားလည်မှုတွေလွဲနေတာလေ။

နောက်တော့ သူငယ်ချင်းလည်း မပြုံးပဲ ၀ါးလုံးကွဲရီပြီး လမ်းညွှန်ပေးလိုက်ရပါတယ်။

ဖြစ်လည်း ဖြစ်တတ်ပါတယ်နော်….

Read More...

Saturday, March 15, 2008

ဖားမ များနဲ့ကခုန်ခြင်း

သောကြာနေ့ည ရုံးကအပြန် ချက်ချင်းအိမ်ပြန်ဘဲ ချစ်သူငယ်ချင်း တယောက်နဲ့ တွေ့ပြီး ကုလားစာ ညစာစားဖြစ်သည်။ ညစာဆိုပေမယ့် မနက်စာ အဖြစ်စားတဲ့ ပူရီ နဲ့ တိုရှည် စားဖြစ်ခဲ့သည်။ အစားအသောက်က စားလို့ကောင်းပေမယ့် ဆိုင်ထဲမှာ လူတွေကများ ညှော်နံ့လည်းရတာနဲ့ အပြင်ထွက်လာပြီး ဟိုဆိုင်ကြည့် ဒီဆိုင်ကြည့်၊ နောက်တော့ စင်ကာပူမြစ်ကမ်းဘေးထိုင် စကားပြော၊ e thirty-three cider ကိုသောက် စကားပြောလို့ကောင်းတုန်း…

နောက်သူငယ်ချင်း တယောက်က ဟိုတယ်တခုက pub မှာ ရောက်နေတယ် လာခဲ့ဖို့ခေါ်… နှစ်ယောက်သား ငြင်းလိုက်တာ တခါတည်းကို ရောက်သွားတော့တာပဲ။ ဟိုရောက်တော့ အရင်ရောက်နှင့်နေတဲ့ သူငယ်ချင်းက တော်တော်မူးနေပြီ။

သူကတော့ ကချင်တယ်လို့ ပြောပြီး အလယ်သွားပြီး ကနေလေရဲ့။ အတူကဖို့တော့ခေါ်ပါရဲ့ အေးဆေးထိုင်သောက်ချင်တာနဲ့ မသွားပဲ ဘေးကနေပဲ ကြည့်တော့၊ ကနေတာကတော့ လူမျိုးပေါင်းစုံပါပဲ၊ အများစုကတော့ ဒီကအခေါ် အာမော လူဖြူတွေ ဘယ်က ခေါ်လာမှန်းမသိတဲ့ ဖိလစ်ပင်းနိုးတွေပင်။

ထိုင်နေတဲ့ ကျွန်တော်တို့ နှစ်ယောက်က ကနေတဲ့ သူငယ်ချင်းကို နောက်ချင်တာနဲ့ခေါ်ပြီးပြောလိုက်တာ သူလည်း ကချင်တော့ဘူးဆိုရပ်သွားလေရဲ့…

“ဟဲ့ နင်`က´နေတာမိုက်တယ်.. ဖားမ များနဲ့ကခုန်ခြင်းလေလို့…”

Read More...

Tuesday, March 11, 2008

လတ်တလော အတွေး

လူတွေရှုပ်ထွေးနေတဲ့ လမ်းမပေါ်မှာ
မျှော်လင့်ချက် နဲ့လျောက်နေတဲ့သူ
မျှော်လင့်ချက် ပျောက်နေတဲ့သူ
ပန်းတိုင်ကို မိတော့မယ့်သူ
ပန်းတိုင်မရှိတော့သူ
အချစ်ကိုရယူလိုသူ
အချစ်ကိုမျှဝေလိုသူ
မေတ္တာပေးချင်သူ
မေတ္တာဝေးနေသူ
ပေးဆပ်မှုကို မျှော်လင့်နေသူ
ပေးဆပ်ချင်လို့စောင့်မျှော်နေသူ

ဒီလို လိုအပ်ချက်တွေနဲ့မပြည့်တဲ့ ဘ၀တွေကြားမှာ
ခံစားချက် ပွဲစား လုပ်စားရင် ကောင်းမလားလို့…

(ဘာရယ်မဟုတ် အခုတလော စာမရေးဖြစ်ပဲ ပွဲစားနိုင်ငံမှာနေ ပွဲစားတွေးတွေးနေမိလို့ပါ။ ကဗျာမဟုတ် စာမဟုတ်၊ စိတ်ကူးအတွေးသက်သက်ပါ။ )

Read More...

Thursday, March 6, 2008

ဒုံရင်း

နေ့မြင် ညပျောက်
ဖြစ်ပျက်နေတဲ့လောကကြီးမှာ
ငါကရော…
ဘာတွေလိုချင်နေတာလဲ။

အချစ်နဲ့အမုန်း အဆုံးမရှိတဲ့
ဒုက္ခတွေလား၊
မေတ္တာ၊ ဂရုဏာ နူးညံ့တဲ့
သံသရာတွေလား၊
စာနာ၊ သနား တခြားဆီက
ကူညီမှုတွေလား၊
ပေးဆပ်၊ ရယူ ဘာမှန်းမသိ
ရှုပ်ထွေးမှုတွေလား၊

အားလုံးကို စိတ်ပျက်
နောက်ဆုံးတော့
စိတ်ချမ်းသာမှု နဲ့ နောင်တကင်းရေးလို့
ရေးရေးမြင်မိတယ်။

စိတ်ချမ်းသာနိုင်ဖို့
ပိုက်ဆံနဲ့ဝယ်လို့မရပေမယ့်
ပိုက်ဆံရှိမှ စိတ်ချမ်းသာမယ်လေ၊
သာမန် ပုထုဇဉ်ပေကိုး။

နောင်တကင်းနိုင်ဖို့
စိတ်ပြတ်ပြတ်နဲ့ နောက်လှည့်မကြည့်နဲ့ဆိုပေမယ့်
သင်ခန်းစာယူတတ်ရမယ်လေ၊
အမှားမကင်းတဲ့ လူပေကိုး။

နောက်ဆုံး အဖြေညှိ အခုရတဲ့ ရလဒ်ကတော့
ပိုက်ဆံကို စိတ်ပြတ်ပြတ်နဲ့ ရှာပါလေတဲ့။

အဆုံးတော့…
ငါလည်းလေ လောကီသားပေမို့။

(ရုတ်တရက်ဝင်ရောက်လာတဲ့ အတွေးကြမ်းကြမ်းလေးပါ၊ လာရောက်ဖတ်ရှုတာ ကျေးဇူးတင်ပါတယ်)

Read More...

Wednesday, March 5, 2008

မေမေ ရှင်းပြတဲ့ ဗုဒ္ဓ ရဲ့ မင်္ဂလာတရားတော် - ၅

သားငယ်
`လူမိုက်ကို ရှောင်ခွာ၊ လူလိမ္မာကို ဆည်းကပ်၊ ပူဇော် အပ်သူကို ပူဇော်ပါ´ ဆိုတဲ့ ပေါင်းသင်းဆက်ဆံရေးမင်္ဂလာ (၃)ဖြာအနက်၊ ရှေ့မင်္ဂလာ(၂)ပါးကိုတော့ အရင်စာတွေမှာ ရေးပြီးပြီနော်။ အခုစာမှာ ပူဇော်အပ်သူကို ပူဇော်တာဟာ ပူဇာစ ပူဇနေယျမင်္ဂလာ၊ ကောင်းမြတ်တဲ့ ပူဇနေယျမင်္ဂလာ၊ ကောင်းမြတ်တဲ့မင်္ဂလာဖြစ်ကြောင်း ပြောပြမယ်။

ဦးဇင်းရဝေနွယ် (အင်းမ)ရဲ့ မင်္ဂလာအတွေးများလို စရရင်-
ပူဇာစ၊ ပူဇနေယျာနံ၊ ဧတံမင်္ဂလမုတ္တမံ။
ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည်
မြတ်သောမင်္ဂလာမည်။

သုံးပါးရတနာမိဘများနှင့် ဆရာသမားကိုပူဇော်လေ။

ပထမဆုံးပူဇော်ထိုက်သူတွေဟာ ဘယ်သူတွေလည်း ဆိုတာ သိဖို့လိုတာပေါ့နော်။

ပူဇော်ထိုက်သူတွေကတော့ ရတနာ မြတ်သုံးပါး၊ မိဘ၊ ဆရာ၊ အစ်ကို၊ အစ်မ၊ ဦးကြီး၊ ဦးလေး၊ အဒေါ်စတဲ့ အသက်ကြီးဆွေမျိုးများ၊ ယောက္ခမ၊ လင်ယောက်ျား တို့ပါပဲ။


ဘာလို့ပူဇော်ထိုက်တာလဲ။ မြတ်စွာဘုရားက မိမိနဲ့အတူ သတ္တ၀ါတွေကို သနားတော်မူလို့ ချမ်းသာသုခရနိုင်တဲ့ နည်းလမ်း ကို ဟောပြတယ်။

တရားတော်တွေက ဘုရားဟောပြထားတဲ့ နည်းလမ်း ကောင်းတွေဖြစ်တယ်။

သံဃာတော်တွေက အဲဒီတရားအတိုင်းကျင့်ပြီး မိမိတို့ သိသမျှ တဆင့်ဟောပြတယ်။
ဒါတွေက ပူဇော်ထိုက်တဲ့အကြောင်းရင်းတွေပေါ့ကွယ်။


ဆရာက တပည့်တွေကို ပညာသင်ပေးတယ်။ တတ်သိ နားလည်အောင်လည်း ဆုံးမသွန်သင်တာကြောင့် ပူဇော်ထိုက် တယ်။ မိဘဘိုးဘွားစတဲ့ ဆွေမျိုးကြီးများက မိမိကိုလိမ္မာအောင် ဆုံးမကြတယ်။ မေတ္တာထားကြတယ်။ ဘေးရန်ပေါ်လာရင် ကာကွယ်စောင့်ရှောက်ကြ၊ ကူညီကြလို့ ပူဇော်ထိုက်တယ်။

ယောက္ခမကလည်း သမက်၊ ချွေးမတို့ကို သားရင်း၊ သမီးရင်းလို ချစ်ခင်စောင့်ရှောက်ကြလို့ ပူဇော်ထိုက်တယ်။ ခင်ပွန်းသည်က ကိုယ့်ဇနီးကို အသက်တမျှ ချစ်မ၀ဘဲ လုပ်ကိုင် ကျွေးးမွေး စားဝတ်နေရေး အပူအပင် ကင်းဝေစေလို့ အိမ်ရှင် မရဲ့ အပူဇော်ကို ခံထိုက်တယ်။

အပူဇော်ခံထိုက်သူတွေကို ဘယ်လိုပူဇော်ကြမှာလဲ။
တရားနဲ့ ပူဇော်တာ။
ပစ္စည်း၊ ၀တ္ထုနဲ့ ပူဇော်တာ။
လက်အုပ်ချီမှု၊ ရှိခိုးမှုနဲ့ ပူဇော်တာ။
ဂုဏ်ကျေးဇူးကို ဖော်ထုတ်ချီးကျူး ပူဇော်တာ။
ဝေယျာဝစ္စ၊ လုပ်ကိုင်ခြင်းနဲ့ ပူဇော်တာ။ ဒီလို ပူဇော်နည်း အမျိုးမျိုးရှိတယ်ကွဲ့။

တရားတော်တွေကို ရွတ်ဖတ်လို့၊ သီလ ဆောက်တည် လို့၊ ဘာဝနာပွားများလို့၊ ချိန်ခါမလပ် အသံမစဲ ပဋ္ဌာန်းပူဇော်ပွဲ ကျင်းပလို့၊ ပဋိပတ်၊ ပရိယတ်သင်တန်းတွေပို့ချလို့၊ အဲဒါတွေ အားလုံး တရားနဲ့ ပူဇော်ကြတာပါ။

ရတနာမြတ်သုံးပါး၊ မိဘဆရာသမားတို့ကို ပစ္စည်းဝတ္ထု နဲ့ ကန်တော့တာကို ပစ္စည်းနဲ့ပူဇော်တာ။ မြန်မာနှစ်ဆန်း တစ်ရက်နေ့နဲ့ ၀ါကျွတ်ချိန်မှာ လူကြီး၊ မိဘ၊ ဆရာသမား၊ သက်ကြီး ရွယ်အိုတို့ကို ပစ္စည်းဝတ္ထုနဲ့ ပူဇော်ပွဲတွေ ကျင်းပလေ့ ရှိကြတယ်။

ပူဇော်တာလို့မသုံးတဲ့ ပူဇော်မှုတစ်မျိုး ရှိသေးတယ်။ အဲဒါက ချီးမြောက်တာပါ။ ကိုယ်နဲ့တန်းတူသူ၊ ကိုယ့်အောက်ငယ် သူများကို ကြီးသူများက ချီးမွမ်းဖွယ်ရာတွေ့တဲ့အခါ ချီးမွမ်းတာ ၊ ပစ္စည်းဝတ္ထု၊ ပိုက်ဆံ (မုန့်ဘိုး)တို့ကို ဆုအဖြစ်ပေးတာတွေက `ချီးမြောက်ခြင်း´ ပါပဲ။

သားငယ်တို့ အခြေခံပညာအဆင့်တုန်းက စာမေးပွဲ ထူးထူးချွန်ချွန်အောင်ရင် ဆရာ-ဆရာမတွေကရော၊ မိဘတွေ ကပါ ချီးကျူးစကားတွေပြောကြတယ်၊ ဆုချီးမြင့်ကြတယ်။ ပညာထူးချွန်ဆု၊ အကျင့်စာရိတ္ဈဆု၊ စည်းကမ်းရိုသေ၊ လိုက်နာမှု ဆု၊ အားကစားဆုစတဲ့ ဆုအမျိုးမျိုးနဲ့ ချီးမြောက်ခဲ့ကြတယ်။

ဒါကြောင့်၊ ကြီးငယ်မရွေး အကျင့်စာရိတ္တကောင်းသူ တွေ၊ ပညာထူးချွန်သူတွေ၊ အများအကျိုးအတွက် အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ကို အနစ်နာခံပြီး ဆောင်ရွက်သူတွေ၊ နိုင်ငံ့ဂုဏ် မြင့်တင်သူတွေဟာ ပူဇော်တာ၊ ချီးမြောက်တာကို ခံထိုက်သူတွေ ဖြစ်တယ်။ ပူဇော်တာ၊ ချီးမြောက်တာ ခံထိုက်သူတွေကို ပူဇော်မှု ချီးမြောက်မှုပြုတာဟာ ကောင်းမြတ်တဲ့ မင်္ဂလာပါပဲ။

ကျေးရွာ၊ ရပ်ကွက်မှအစ တစ်နိုင်ငံလုံး ကောင်းမြတ်တဲ့ မင်္ဂလာတွေ လွှမ်းခြုံသွားရင်ဖြင့် တို့နိုင်ငံ တိုးတက်ဖွံ့ဖြိုးလာမယ်၊ ချမ်းသာ ကြွယ်ဝလာမယ်။ ကမ္ဘာ့အလယ်မှာ မျက်နှာပန်းလှလှ ရပ်တည်နိုင်မယ်ပေါ့။

သားငယ်ရေ၊ ဒီသဘောထားတွေက မြတ်စွာဘုရားရဲ့ အလိုအတိုင်းပါ။ မြတ်ဗုဒ္ဓကလည်း တရားနဲ့အညီ ကျင့်ကြံ အားထုတ်သူကိုမှ ချီးမြောက်တော်မူတာ၊ နှစ်သက်တော်မူတာ။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံကာနီးမှာ `လောကုတ္တရာတရား ကိုးပါးရကြောင်း တရားကောင်းကိုကျင့်ခြင်းဖြင့် ပူဇော်မှသာ အကောင်းဆုံးပူဇော်ခြင်းမည်တယ်´ လို့ ဟောတော်မူခဲ့တယ်ကွဲ့။

ဒါကြောင့်၊ ဘုရားကြိုက်တဲ့ပူဇော်မှု၊ ဆရာမိဘတွေ နှစ်ခြိုက်တဲ့ ပူဇော်မှုနဲ့ ပူဇော်ကြတာဟာ အကောင်းဆုံးပါကွယ်။

သားငယ်တို့က ကျောင်းသားဆိုတော့ ရတနာသုံးပါး ဦးထိပ်ပန်ဆင်ကာ၊ ဆရာမိဘစကား နားထောင်ပြီး ကျောင်း သားကျင့်ဝတ်နဲ့အညီ စာကြိုးစားနေတာဟာ ရတနာမြတ် သုံးပါးနဲ့တကွ ဆရာ-မိဘတို့ကို အကောင်းဆုံး ပူဇော်မှု ပြုနေ ခြင်းပါပဲ။

ဒီလိုအကောင်းဆုံးနည်းနဲ့ ပူဇော်မှုပြုရင် စာမေးပွဲ အောင်မယ်။ သင့်လျော်တဲ့အလုပ်ရမယ်။ ဘ၀ကို ကောင်းစွာ တည်ဆောက်နိုင်မယ်။ စိတ်ချမ်းမြေ့မယ်။ ကျန်းမာစွာနဲ့ အသက် ရှည်မယ်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာတော့ အဆင်းလှမယ်။ ခွန်အားဗလကောင်းမယ်စတဲ့ အကျိုးကျေးဇူးအဆင့်ဆင့်ရပြီး ဘ၀သံသရာမှာ ချမ်းသာစွာ နေနိုင်ပြီပေါ့။

အင်မတန် အကျိုးများ ကြီးပွားချမ်းသာစေတာကြောင့် ဆောင်ကိုဆောင်သင့်တဲ့ မင်္ဂလာပါကွယ်။

မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ။
အမေ


အပျင်းထူပြီး စာမရေးဖြစ်လို့ ဒါလေးတင်ပြီးဆားချက်လိုက်ပါတယ်။

Read More...

Ratings