Tuesday, March 25, 2008

လက်ဆောင်

လက်ဆောင်ကိုတော့ လူတိုင်း လက်ခံရဖူးကြမှာပါ။ လက်ဆောင်ပေးတယ် ဆိုတာကတော့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်ရင်းနှီးမှုကို ဖော်ပြမှုပင်ဖြစ်ပါတယ်။

သူငယ်ချင်း တစ်ယောက်နဲ့တစ်ယောက်နဲ့ လက်ဆောင်ပေးတာကို ငယ်စဉ်ကလေး ဘ၀ကတည်းက ရှိခဲ့ဖူးခဲ့ကြတယ်။ သူငယ်ချင်းကို ချစ်လို့ အိမ်ကမုန့်ယူပြီးပေးတာကအစ တနေရာမှပြန်လာရင် ပစ္စည်းဝယ်လာပြီး ပေးတာမျိုးလေးတွေပေါ့။ အဲလို လက်ဆောင်လေးတွေကို ကိုယ်ကပေးသည်ဖြစ်စေ ကိုယ်ကရသည်ဖြစ်စေ အင်မတန်ကို ကြည်နှုးဖို့ကောင်းပါတယ်။

မိဘတွေကတော့ သားသမီးတွေကို အတုမရှိ မိဘမေတ္တာကို တသက်တာလက်ဆောင်အဖြစ်ပေးရုံမက လိုအပ်သော၊ လိုအပ်မယ်လိုထင်ရသော ရုပ်ဝတ္ထုတွေကိုလည်း တတ်နိုင်သလောက် လက်ဆောင် ပေးကြပါတယ်။ ငယ်စဉ်ကလေးဘ၀ အမှတ်တရဖြစ်သော လက်ဆောင်ကတော့ ဖေဖေ၀ယ်ပေးတဲ့ သံပတ်နဲ့သွားတဲ့ ဂျစ်ကားလေးပါပဲ။ ရပြီးတော့ ကြိုက်လွန်းလို့ နေ့စဉ်ရက်ဆက် ကစားဖြစ်ပါတယ်။

မေမေပေးခဲ့တဲ့လက်ဆောင်ထဲမှာတော့ အမှတ်တရဖြစ်ပြီး မမျှော်လင့်ပဲ ရခဲ့တဲ့ အသက်၁၈ နှစ်ပြည့်တဲ့အတွက် ပေးခဲ့တဲ့ ဆွဲကြိုးလေးနဲ့ လက်စွပ်ကလေးပါပဲ။ ဆွဲကြိုးလေးကတော့ ရန်ကုန်က ဘတ်စ်ကားပေါ်မှာ မတော်တဆကျပျောက်သွားခဲ့ပါတယ်။ လက်စွပ်ကလေးကိုတော့ ပျောက်မှာစိုးလို့ ချွတ်ပြီးသိမ်းထားလိုက်ပါတော့တယ်။

အကို၊ အမ နှစ်ယောက်ဆီကလည်း လက်ဆောင်တွေတော်တော်များများ ရခဲ့ဖူးပါတယ်။ အကိုပေးခဲ့အထဲက G-Shock နာရီလေးကို အတော်လေးကြိုက်နှစ်သက်ခဲ့ပါတယ်။ တော်တော်လေးလည်း ကြာရှည်ခံခဲ့ပါတယ်။ လွန်ခဲ့သော ၃နှစ်လောက်က ပြေးရင် ချော်လဲပြီး နာရီလေးကွဲသွားပြီးနောက် မပတ်ဖြစ်တော့ပါဘူး။ အမရဲ့ လက်ဆောင်တွေထဲမှာတော့ သူ့ရဲ့ လခလေးနဲ့ဝယ်ပေးခဲ့တဲ့ အင်္ကျီလေးတထည်ပါပဲ။ လွန်ခဲ့တဲ့ ၇နှစ်လောက်က ၀ယ်ပေးချင်လွန်းလို့ ရတဲ့လခ အကုန်နီးပါးပေးခဲ့ရတဲ့ တန်ဖိုးကြီး အင်္ကျီလေးကို နှမျောခြင်းမရှိ လက်ဆောင်ပေးခဲ့တာပါ။

အရွယ်ရောက်လာပြီး ချစ်သူ ရည်းစားရှိလာတော့ တယောက်နဲ့တယောက် အမှတ်တရ လက်ဆောင်တွေပေးကြပါတယ်။ ရခဲ့ဖူးတဲ့ အထဲမှာ ဘယ်ဟာကို မှတ်မိသလဲလို့ပြန်မေးတော့ ဘယ်ဟာမှ သတိမရတော့ဘူး။ (အဟဲ တကယ်ပြောတာနော်… ).

ဒါပေမယ့် ပေးခဲ့တဲ့ လက်ဆောင်တွေအားလုံးကို အဆင်မပြေလို့ လမ်းခွဲကြတဲ့အခါ ဘယ်သောအခါမှ လွှင့်မပစ်ရက်ပါ။ ဆက်လက်ပြီး သုံးလို့ရတာသုံးပြီး သိမ်းလို့ရတာကို သိမ်းထားပါတယ်။

မှတ်မိတာဆိုလို့ စွဲလန်းလွန်းခဲ့ရသူတစ်ယောက်ဆီကတော့ လက်ဆောင်မဟုတ်ဘူးနော် ပိုက်ဆံပြန်ပေးရမယ်လို့ပြောပြီးပေးခဲ့တဲ့ သီချင်းစီဒီ ၂ချပ်ဖြစ်ပါတယ်။

ခင်မင်ရင်နှီးတဲ့ သူငယ်ချင်းတွေဆီကလည်း လက်ဆောင်များစွာကို လက်ခံဖူးပါတယ်။ အင်္ကျီ၊ ရေမွှေး၊ ဘောပင်၊ စာအုပ်၊ လည်စည်း၊ ပိုက်ဆံအိတ်၊ လိပ်စာကဒ်ထည့်တဲ့ကေ့စ်၊ ဆုတောင်းကဒ်… စသည်စသည်ဖြင့်ပေါ့။

လက်ဆောင်ရရှိတိုင်း တကယ်ပဲ ကြည်နှုးပါတယ်။ ကိုယ့်ကို ဘယ်လောက်အထိ ရင်နှီးချစ်ခင်တယ်ဆိုတာကို သိရလို့ပါ။ (ခဏခဏပေးမယ်ဆိုလည်း ရပါတယ်၊ ခဏခဏ ကြည်နှုးရတာပေါ့နော်၊ :P)



တနေ့က ရန်ကုန်က လူကြုံလာတာနဲ့ လက်ဆောင်လေးတခုရရှိပါတယ်။ ဘယ်သူ့ဆီကလည်းဆိုတော့ ကျွန်တော် ချစ်ခင်လေးစားရတဲ့ ဆရာ ဦးမျိုးသန့် ဆီကပါပဲ။ လက်ဆောင်ကတော့ သခင်ဗတင် ရဲ့ လက်သီးပုန်း ဆိုတဲ့ စာအုပ်ပါပဲ။ ဆရာ့ဆီသွားတိုင်း စာအုပ်လက်ဆောင်ပေးတတ်ပေမယ့် အခုလို အမှတ်တရပို့ပြီးပေးလာတော့ တကယ်ပဲဝမ်းသာမိတယ်။ ကျေးဇူးလဲတင်မိပါတယ်ဆရာ။

စာအုပ်ကို လက်ဆောင်အဖြစ် ပေးတတ်တာကတော့ မေမေပဲဖြစ်ပါတယ်။ အဆင်ပြေတဲ့အချိန်တိုင်း ဖတ်ဖို့ဆိုပြီး စာအုပ်မျိုးစုံပေးတတ်ပါတယ်။ စာအုပ်ပေးတိုင်းလည်း သားငယ် ဖတ်ဖို့ ဆိုပြီး အမှတ်တရ လက်မှတ်ထိုးပြီးမှပေးလေ့ရှိပါတယ်။ အိမ်တခါပြောင်းတိုင်း စက္ကူ ၂ပုံးလောက်နဲ့သယ်နေကျ။ တခါက အိမ်ပြောင်းနေရင်း ပစ္စည်းတွေ တိုက်အောက်မှာထားပြီး အိမ်ပေါ်အတက်မှာ စာအုပ်ပုံးကို စက္ကူဝယ်တဲ့တရုတ်ကမသွားလို့ စာအုပ်တော်တော်များများဆုံးဖူးပါတယ်။ လုံခြုံစိတ်ချရတဲ့ စင်ကာပူမှာလည်း မပေါ့ဆဖို့လိုတယ်ဆိုတာ သင်ခန်းစာလေးပေါ့။

ကျွန်တော်လည်း လက်ဆောင်တွေကို ပြန်ပေးဖြစ်ပေမယ့် ကိုယ်ဘာတွေ ပေးခဲ့တယ်ဆိုတာကတော့ အမှတ်သိပ်ထားလေ့မရှိပါဘူး။

ဒါပေမယ့် တကယ်ချစ်ခင်ရင်နှီးပြီးပေးတဲ့လက်ဆောင်တာ ကြည်နှုးဖို့ကောင်းတာပါ၊ လက်ဆောင်ဆိုတာကို အကာအကွယ်ယူပြီး ပေးကြ ယူကြတဲ့ ပစ္စည်းတွေကတော့ ပူလောင်ပါတယ်။ အဲလိုလက်ဆောင်မျိုးရလာမှာကိုတော့လည်း မလိုချင်ပါဘူး…

ညဥ့်နက်နက်မှာ ဆရာမျိုးပေးသော စာအုပ်ကိုဖတ်ရင် အတွေးထဲရောက်လာတာလေး ချရေးမိလိုက်တဲ့ ဟိုရောက်ဒီရောက် စာစုလေးကို လာလည်တဲ့ မိတ်ဆွေတွေကို လက်ဆောင်ပေးလိုက်ပါတယ်နော်…. :)

5 comments:

ဂျစ်တူး - gyit_tu said...

ကိုပီတိကြီး .. လက်ဆောင်က ရင်းနှီးခင်မင်မှုကိုပြတယ်ဆိုတဲ့ စကားက .. hint ပေးတာကြီးလား ဟားဟား ။

ဂျစ်တူးဆိုတာ ငတုံးဗျ ။ အရိပ်မြင်လည်း အကောင်မထင်တတ်လေတော့ .. ငှဲ ငှဲ ...

ပီတိ said...

အဟဲ ဂျစ်တူးကလည်း hint ပေးတာ မဟုတ်ပါဘူး။ တိုက်ရိုက်ပြောထားတာလေ… :P

ခင်မင်းဇော် said...

ကိုပီတိ
တောင်တက် ဥက္ကဌ ဆရာ ဦးမျိုးသန့်ကို ပြောတာလား..
ကျမ မောင်လေးနဲ့ သိပ်ခင်တယ်..သူ ပုသိမ်မှာ ကျတုန်းက ဆို ကျမအမေနဲ့တောင် ခင်သွားသေး ဟိဟိ
အာအက်ဖ်အေက ဒေါ်စမ်းစမ်းတင်က ဆရာဦးမျိုးသန့်ရဲ့ အမအရင်းကွ..

ပီတိ said...

ဟုတ်တယ် အမခင်မင်းဇော်။ တောင်တက် ဥက္ကဌ ဆရာ ဦးမျိုးသန့်ကို ပြောတာပါ။ ဟုတ်လား… ဒါဆိုရင် ကျွန်တော်တို့နဲ့တောင် သိမလားပဲနော်။ ကျွန်တော်လက်ဆောင်ရတဲ့ စာအုပ်လေးကလည်း ဆရာ့ ဖခင် ရေးခဲ့ပြီး ဆရာက ထုတ်ဝေသူလုပ်ထားတာပါ။

Unknown said...

လက်ရှိ ဆရာဦးဆောင်နေတဲ့ ဖောင်ဒေးရှင်းမှာ အသင်းဝင်ပါ။ ဖတ်ရတာ သိချင်တာလေးတွေ သိလိုက်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တောင်တက်သမားဟောင်းပဲ ထင်ပါတယ်။ ဓာတ်ပုံတွေ ကြည့်ရတာ။ ကျွန်မသိနေတဲ့ သူဖြစ်မလားပဲ။

Ratings