Wednesday, March 26, 2008

ကလေးဘ၀တုန်းက အတွေးလေးများ

တခါတလေတော့လည်း ကိုယ်ငယ်စဉ်က အကြောင်းလေးတွေ ပြန်ကြားရရင် စိတ်ထဲမှာတမျိုးလေး ခံစားရတတ်ပါတယ်။

တနေ့က အိမ်ကိုဖုန်းဆက်တော့ မေမေ နဲ့ ကျွန်တော် ငယ်စဉ်ကအကြောင်းတွေကို ပြောဖြစ်ပါတယ်။ ဘယ်လိုဆက်စပ်သွားတာလဲဆိုတော့ လွန်ခဲ့တဲ့တလလောက်က မေမေ ကျွန်တော်တို့ ငယ်ငယ်က နေခဲ့တဲ့ အညာမြို့တမြို့ကို ခရီးသွားခဲ့ပါတယ်။ သွားရတဲ့အကြာင်းကတော့ အဲဒီမြို့က အထက်တန်းကျောင်းမှာ ကျင်းပခဲ့တဲ့ ဆရာကန်တော့ပွဲကို ကန်တော့ခံ ဆရာဟောင်းအနေနဲ့ ဖိတ်ကြားခံရလို့ပါပဲ။ အလုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ ပြန်တွေ့ရ၊ ကျောင်းသားဟောင်းတွေနဲ့ပြန်တွေ့ရတော့ အင်မတန်ကြည်နှုးရကြောင်းပြောပြခဲ့ပါတယ်။

တချို့သော လုပ်ဖော်ကိုင်ဖက်တွေကို မေမေကမှတ်မိပေမယ့် သူတို့က သိပ်မမှတ်တော့ဘူးလို့ပြောပါတယ်။ မတွေ့ခဲ့ကြရတဲ့ နှစ်ပေါင်းကလည်း ၃၀ လောက်ရှိပြီလေ။
မေမေကို သိပ်မမှတ်မိတဲ့အထဲမှာ ကျွန်တော် ၃နှစ်သားလောက်က ရင်းနှီးခဲ့တဲ့ အန်တီငြိမ်းလို့ခေါ်ခဲ့တဲ့ ဆရာမတစ်ယောက်လည်းပါပါတယ်။

အန်တီငြိမ်းက မေမေ့ကို သိပ်မမှတ်မိတော့ မေမေက
`သား ပီတိကို မှတ်မိလား´ လို့မေးတော့ အန်တီငြိမ်းက
`မှတ်မိတယ်၊ ကျွန်မတို့ကို ဆီတင်တဲ့ ဘောက်ဆာနောက်က စီးခိုင်းတဲ့ကလေး မဟုတ်လား…´ လို့ပြန်ဖြေတယ်လေ။ ပြီးတော့မှ မေမေလည်း ကျွန်မက ပီတိရဲ့ မေမေပါလို့ပြန်မိတ်ဆက်တော့မှ အန်တီငြိမ်းက မှတ်မိပါတယ်။

အဲဒီအကြောင်းတွေးတိုင်း ကျွန်တော့် စိတ်ထဲမှာလည်း ပြုံးမိပါတယ်။

ကျွန်တော်လည်း ရေးရေးလေးတော့ မှတ်မိနေပါသေးတယ်။ အသက် ၃နှစ်လောက်တုန်းက မေမေကျောင်းကိုသွားတိုင်း လိုက်သွားလေ့ရှိပါတယ်။ အိမ်မှာက ကလေးကို ကြည့်မယ့်သူမရှိတော့ မေမေလည်း မဖြစ်လို့ကျောင်းကိုခေါ်သွားရတာပါ။ ကျောင်းကိုရောက်လို့ မေမေစာသင်ချိန်ဆို၊ ဆရာနားနေခန်းမှာ တခြား လုပ်ဖော်ကိုက်ဖက် ဆရာမများနဲ့ထားခဲ့လေ့ရှိပါတယ်။

တရက်ကျတော့ နေ့လည်နေပူပူ ကျောင်းအပြင်မှာ ဖြတ်သွားဖြတ်လာ ကားတွေကိုကြည့်နေမိပါတယ်။ ကားတွေထဲမှာ များသောအားဖြင့်တွေ့တာကတော့ ဆီတင်တဲ့ ဘောက်ဆာကားတွေပဲဖြစ်ပါတယ်။ အဲဒီတုန်း အန်တီငြိမ်းက ကလေးတွေကိုမေးတဲ့ မေးခွန်းဖြစ်တဲ့
`သား ကြီးလာရင် ဘာလုပ်မှာလဲ´ လို့မေးပါတယ်။

ကျွန်တော်ကလည်း စိတ်ထဲရောက်နေတဲ့စိတ်ကူးအတိုင်း
`ဘောက်ဆာကားကြီးမောင်းမှာ...´
`ဟင်.. သားက ဂျစ်ကား မမောင်းဘူးလား... ´
`မမောင်းဘူး… ဂျစ်ကားက သေးသေးလေး၊ ဘောက်ဆာကားကမှ အကြီးကြီး...´
`သား ဘောက်ဆာကားကြီးမောင်းတော့ အန်တီတို့ကို ခေါ်မှာလား...´
`ခေါ်မှာပေါ့…´
`ဟုတ်လား.. ဒါဆို အန်တီတို့က သားဘေးမှာထိုင်ရမှာပေါ့နော်...´
`ဟုတ်ဘူး… သားဘေးမှာက မေမေနဲ့ ဖေဖေထိုင်မှာ...´
`ဒါဆို အန်တီတို့က ဘယ်မှာထိုင်ရမှာလဲ… ကျန်တဲ့အန်တီတွေကလည်း လိုက်ချင်တယ်တဲ့...´
`အန်တီတို့ ကနောက်မှာထိုင်ရမှာ...´
`ဘောက်ဆာကားရဲ့ နောက်မှာထိုင်လို့မှ မရတာ...´
`အန်တီတို့ ကားနောက်မှာ ခွထိုင်ပေါ့…´
`အဲလိုထိုင်ရင်ပြုတ်ကျမှာပေါ့…´
`တိုင်လေးတွေပါတယ်လေ ကိုင်ထားပေါ့။ ပြုတ်မကျအောင်လို့ ကြိုးနဲ့တုတ်ထားမယ်…´

အဲလိုလည်းပြောအပြီး အနားမှာဆရာတွေ ဆရာမတွေက ၀ိုင်းရီကြပါလေရော။ မေမေလည်း စာသင်ပြီး ပြန်လာရော ၀ိုင်းပြီးပြောကြပါတယ်။ ပီတိကတော့ သူတို့ကို ဘောက်ဆာကားနောက်က ခွထိုင်ခိုင်းပြီး လိမ့်မကျအောင် ကြိုးနဲ့တုပ်ထားမယ်တဲ့…။

ဟဲဟဲ… အဲဒီတုန်းကတော့ ကလေးဆိုတော့ မသိပေမယ့်… အဲဒီအကြောင်းကို မေမေပြန်ပြောတိုင်း ရီရပါတယ်။

အဲဒီတုန်းက ကျွန်တော့်ကို ထိန်းခဲ့ကြတဲ့ ဆရာမတွေကလည်း သူတို့ကို ဘောက်ဆာနဲ့ တင်ခဲ့တဲ့ ကလေးလို့ မှတ်မိနေဆဲပါ။

ငယ်စဉ်ကလေးဘ၀ကတော့ အပြစ်ကင်းပြီး စိတ်ကူးထဲမှာရှိရာကို ပြောခွင့်ရခဲ့တာပေါ့နော်။

5 comments:

99 said...

ဟုတ်ပါ့ကွာ .. ကလေးဘ၀မှာတော့ တကယ့်ကို အပြစ်ကင်းတဲ့စိတ်နဲ့ ပြောတယ်ဆိုတာ လူကြီးတွေက နားလည်တာကိုး .. တကယ်လည်း လွတ်လပ်ပေါ့ပါးတဲ့ အချိန်တွေပါပဲကွာ ..။
ဒါပေမယ့် .. ငါ နဲနဲတော့ သံသယရှိတယ် .. မင်းက စာမသင်ချင်လို့ ဆရာမတွေကို ကြိုးနဲ့တုပ်ချင်နေတာ မဟုတ်ဘူးလား ..။ မသိလို့ပြောတာ မဟုတ်နိုင်ဘူး ဟေ့ရောင် ..။ ဒါ တမင် ကြံစည်ထားတာ ဖြစ်မယ်။ ဟားဟား ..

Kay said...

ပြံး မိတယ် ပီတိရေး)
ဒါနဲ့..ပြောပြောနေတဲ့..ဆရာဦးမျိုးသန့် ဆိုတာ..ဘူမိက လား..သိသလိုပဲ။

ဂျစ်တူး - gyit_tu said...

အဟိ ။ မကေပြောသလို ပြုံးမိတယ် ။

ဂျစ် ငယ်၂ကလည်း မေမေ့ကျောင်းကို လိုက်၂သွားဖူးတယ် ။ အဲဒီတုန်းက မေမေသင်တာ အထက်တန်းဆိုတော့ သူ့ အတန်းထဲက အကိုကြီး အမကြီးတွေ မုန့်တွေဝယ်ကျွေးတာ အကုန်လိုက်စားပေါ့း)

ပုံရိပ် / Pon Yate said...

အဲဒါပေါ့ သားသမီး အရှိန်အ၀ါနဲ့ မိဘ နာမည်ကြီးတာ။

ပီတိ said...

99 ရေ… ကလေးဘ၀ဆိုတာကတော့ ဘ၀ရဲ့ အကောင်းဆုံးအချိန်ကလေးတွေပေါ့။

မကေ.. ဆရာဦးမျိုးသန့် ဆိုတာက မြန်မာစာက ပါ။ ဆရာက အသင်းပေါင်းစုံမှာ ပါဝင်လှုပ်ရှားတော့ ကျောင်းမှာတော့ လူသိများပါတယ်။

ဂျစ်တူးက ငယ်ငယ်လေးကတည်းက သူများကျွေးတဲ့ မုန့်လိုက်စားနေကြာပေါ့ ;) .. အဟဲ စတာနော်။ ကျွန်တော်လည်း မေမေ့ အတန်းထဲ့ကလူတွေ ကျွေးတာတွေ စားခဲ့တာပါပဲ။

ပုံရိပ်ပြောမှ ကိုယ့်ကိုကိုယ် တော်တော် ဂုဏ်ယူသွားပြီ… :P

Ratings