Sunday, March 30, 2008

ပန်းတပွင့်ကိုချစ်ခြင်း ရဲ့ ဒိုင်ယာရီ

ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှာ ၁၉၉၅မှာ ပထမနှစ်တက်တုန်းကပေါ့။ ငါတို့တက်ခဲ့တဲ့နေရာက အများက မဲဇာလိုခေါ်တဲ့ ချောင်ထဲက အဆောင်၁၉ တစ်ထပ်ဆောင်လေးမှာလေ။

အတန်းရဲ့ ရှေ့နားမှာထိုင်တတ် အေးအေးလေးနေတတ်တဲ့ နင့်ကို ငါ သတိထားမိပြီး စိတ်ဝင်စားနေခဲ့တယ်မိတယ်။

ငါတို့ ယောင်္ကျားလေးတွေ အနောက်ဘက်ဆုံးမှာထိုင်ပြီး စာသင်နေတုန်း ခိုးပြီး အပြင်ကိုထွက်မယ်ဆိုရင် ပြတင်းပေါက်ကနေကျော်ထွက် နောက်ပြီး အဆောင်ကိုပတ်ပြီး ကန်တင်းကိုသွားနေကြပေါ့။ အဲလိုသွားတိုင်း ငါက ရှေ့နားမှာထိုင်တတ်တဲ့ နင့်ကို လှမ်းကြည့်မိတယ်။ တခါတလေနင် မော့အကြည့်ကိုတွေ့လိုက်ရင် ငါရင်ခုန်မိတယ်။


ငါ နင့်ကို ချဉ်းကပ်ပြီးပြောဖို့ရာ မ၀ံ့ရဲဘူး။ မတတ်နိုင်တဲ့ ငါ့ဘ၀က ငါရဲ့ သတ္တိတွေကို လျော့နဲစေခဲ့တယ်။ ငါ့မှာ တခြား ဦးစားပေးစရာတွေ နဲ့ အခက်အခဲတွေ အများကြီးရှိခဲ့တယ်။

ငါ့စိတ်ထဲမှာ စွဲနေတာကတော့ နင် အစိမ်းရောင် လေးဝတ်လာတဲ့ နေ့ကပဲ။ နင်ရဲ့ ဖြူဝင်းတဲ့အသားအရေနဲ့ အဲဒီအစိမ်းရောင်လေး နဲ့ လိုက်ဖက်တော့ ငါ့အတွက်ကတော့ နတ်မိမယ်လေးပေါ့ကွာ။

ဒုတိယနှစ်မှာ ငါ့ရဲ့ ကြိုးစားမှုကနည်းတော့ ဂုဏ်ထူးတန်းကိုမ၀င်ခဲ့ဘူး။ ဖြစ်သမျှအကြောင်း အကောင်းပေါ့လို့ တွေးခဲ့တာပေါ့။ နင့်အတွက်ကတော့ ကံမကောင်းစွာ ဂုဏ်ထူးတန်းကို မ၀င်ခဲ့ဘူးလေ။ ငါ့အတွက်တော့ အင်မတန် ကံကောင်းခဲ့တယ်။ ဘာလို့လဲဆိုတော့ နင်နဲ့ငါ ကျောင်းအတူ အတန်းတူ တက်ရတော့မှာလေ။

ငါတို့ တတိယနှစ် ကျောင်းတက်တော့ အင်္ဂလိပ်စကားပြောကို ဆရာမ ခေါ်သင်မယ်လုပ်ခဲ့တယ်။ ပထမတော့ ငါတို့နဲ့ နင်လာတက်မယ်လို့ မထင်မိဘူး။ နောက်တော့ ငါသိတော့၊ ငါလေ တကယ်ဝမ်းသာသွားတယ်။ အနည်းဆုံးတော့ နင့်ကို အနီးကပ်တွေ့ရတော့မှာပေါ့။

စာသင်တော့ စားပွဲဝိုင်းနဲ့ သင်တော့ နင့်ကို ခိုးကြည့်လို့ရတယ်လေ။ ဘယ်သူ့ကိုမှ စကားပြောရမှာ မ၀ံ့မရဲ မဖြစ်တတ်တဲ့ငါ နင့်ကို ဘယ်ကစကားစပြောရမှန်းမသိဘူး ဖြစ်နေတတ်တယ်။ နင် ငါ့အနားမှာရှိနေတိုင်း ငါ ရင်ခုန် စိတ်လှုပ်ရှားနေတတ်တယ်။

၁၉၉၆ခုနှစ် ဒီဇင်ဘာမှာ ငါတို့ကျောင်းတွေပိတ်တော့ သင်တန်းကို မပိတ်ပဲ စာဆက်သင်ခဲ့တယ်လေ။ နောက်ပိုင်းတော့ လူတွေမစုံတော့တာနဲ့ သင်တန်းကို ဖျက်လိုက်တော့တယ်။

နောက်တော့ ကျောင်းတွေပိတ်။ ငါတို့တတွေ မတွေ့ဖြစ်ကြတော့ဘူးနော်။ ငါလည်း အလုပ်ဝင်လုပ်တော့ နေ့စဉ်နဲ့ အမျှအလုပ်ရှုပ်နေတယ်။ အလုပ်ကို ကိုယ်ရောစိတ်ပါ လုပ်နေမိတော့ အိမ်ကိုတောင် ပြန်မအိပ်ဖြစ်နဲ့နေ့တွေတောင် ရှိလာတယ်။

အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ မော်လမြိုင်၊ ကော့သောင်း စုံအောင်ရောက်ခဲ့တယ်။ ရောက်တဲ့နေရာတိုင်း လွမ်းစရာနေရာလေးတွေ တွေ့တိုင်းနင့်ကို သတိရမိတယ်ကွာ။

၂၀၀၀ ခုနှစ်မှာ ငါတို့ကျောင်းက ပြန်ဖွင့်တော့မယ်ဆိုလို့ ငါတို့ လှိုင်နယ်မြေကနေ ဒဂုံတက္ကသိုလ်ကို ပြောင်းတက်ရတယ်လေ။ နင် မှတ်မိမလား၊ ကျောင်းသွားအပ်တော့ လျောက်လွှာတွေတင်ပြီး အကြာကြီးစောင့်နေရတာလေ။ နင့် လျှောက်လွှာက ပြန်မခေါ်သေးဘူး နင့် သူငယ်ချင်းတွေက မုန့်သွားစားမယ်လုပ်လို့ ငါက နင်သွားစားလိုက် ငါစောင့်နေလိုက်မယ်ပြောတာလေ။ အပြန်မှာ နင်က ငါ့အတွက် အအေး ၀ယ်လာပေးတယ်။ ၀ယ်လာတဲ့ အအေးက မအေးပေမယ့် ငါ့ရင်ထဲမှာတော့ အေးသွားတာပါပဲ။

ကျောင်းတွေပြီးတော့ ငါလည်း နင်နဲ့ဝေးရာ တိုင်းပြည် အပြင် ကိုထွက်လာခဲ့တယ်။ ဘ၀အတွက် တိုးတက်ရာ ရှာရင်းပေါ့လေ။ ပြီးတော့ ကျောင်းဆက်တက် ပြီးတော့ အလုပ်လုပ်နဲ့ ငါမအားခဲ့ဘူး။

အနေဝေးနေပေမယ့် နင်က ငါ့စိတ်ထဲမှာ ရှိနေသေးတယ်ဆိုတာ။ တိုက်ဆိုင်မှုရှိတိုင်း သတိရတယ်လို့ပြောရင် မလွန်လောက်ဘူးထင်ပါတယ်။ ကျောင်းပြီးတော့ အလုပ်စလုပ်တော့ ဘာကိုမှ သတိမရနိုင်တော့ဘူး။ အလုပ်က နည်းနည်း အထိုင်ကျလာတော့မှ တဆင့်ရခဲ့တဲ့ နင့်ရဲ့ဖုန်းနံပါတ်ကို ဆက်ဖြစ်တယ်။ နင်က ငါ့ကို မှတ်မိတယ် လက်ခံစကားပြောတယ်ဆိုတော့ ၀မ်းသာခဲ့တယ်။

နောက်ပိုင်းမှာ နင်လည်း အလုပ်မှာ အင်တာနက်သုံးလို့ရတော့ ငါတို့ နည်းမျိုးစုံသုံးပြီး chat ခဲ့ကြတယ်နော်။ နင်က ဓာတ်ပုံပို့ပေးဖို့ သဘောတူပြီး ပို့တုန်းက ငါတကယ်ပဲ စိတ်လှုပ်ရှားတယ်။

ငါ နင့်ကို အဲဒီအချိန်အထိ သူငယ်ချင်းတယောက်လိုပဲ ပြောနေခဲ့တယ်နော်။ စိတ်ထဲမှာ ချစ်နေတဲ့စိတ်ကို နင်မသိအောင် ထိန်းချုပ်ထားခဲ့တယ်။

အဲဒီအချိန်တုန်းက ငါက နင့်ကို သူငယ်ချင်းတယောက်ကိုချစ်နေမိတယ်လို့ပြောခဲ့တယ်။ နောက်ပြီး ငါ့ရဲ့ခံစားချက်တွေကို နင့်ကိုပြောပြတယ်။ အဲ့ဒီသူငယ်ချင်းဆိုတာနင့်ကို ရည်ရွယ်ပြီးပြောနေခဲ့တာ။ ငါဘာလို့ တိုက်ရိုက်မပြောခဲ့တာလည်းဆိုတော့ နင်စိတ်ဆိုးသွားပြီး ရထားတဲ့ ခင်မင်ရင်နှီးမှုလေး ပျောက်ဆုံးသွားမှာစိုးလို့ပါ။ နောက်ဆုံးတော့ အဲ့ဒီသူငယ်ချင်းနဲ့ မိတ်ဆက်ပေးဖို့ပြောလာရင်း ငါက မိတ်ဆက်ပေးဖို့မလိုဘူး နင်သိနေပြီးသား လို့ပဲပြောခဲ့တယ်။

နောက်ဆုံးတော့ ငါ လူတယောက်ထဲကို ဘယ်လိုမိတ်ဆက်ပေးရမလဲ လို့ပြောတော့ ငါချစ်နေတဲ့ သူငယ်ချင်းဆိုတာ နင်ဆိုတာ နင်ကိုယ်တိုင်သိသွားတယ်လေ။ အဲဒီအချိန်တုန်းက နင်စိတ်ဆိုးသွားမှာလား ဆိုတာ တကယ်ကိုစိုးရိမ်ခဲ့တယ်။ နင်က စိတ်တော့မဆိုးပါဘူး ဒါပေမယ့် သူငယ်ချင်းလိုပဲ ဆက်နေဖို့ ငါ့ကို ပြောခဲ့တယ်။ နောက်ပြီး နင်ကပြောသေးတယ်၊ ငါချစ်နေတဲ့ သူငယ်ချင်းက နင်ကိုယ်တိုင်ဆိုတာသိနေခဲ့ရင် ဘယ်သူလဲလို့ ငါ့ကို မမေးခဲ့ပါဘူး လို့လေ။

နင်ပြောခဲ့တဲ့ စကားတွေကြောင့် ငါလေ တကယ့်ကို ၀မ်းလည်းသာတယ်၊ ကျေးဇူးလည်းတင်တယ်။ နင်က ငါ့ကို နင့်ရဲ့ဟိုးငယ်ငယ်လေးကတည်းက ခင်ခဲ့တဲ့ သူငယ်ချင်းလို ချစ်တယ် လို့ပြောခဲ့တာတွေ၊ နောက်ပြီး နင် တခြား တယောက်ကို ရွေးချယ်ခဲ့ရင်တောင် ငါက နင့်ရဲ့ အရေးကြီးဆုံးလူတယောက်ဖြစ်နေမယ် လို့ပြောခဲ့တယ်နော်။

အမှန်ပြောရရင် နင်တကယ်လို့ တခြား တယောက်ကို နင့်ရဲ့ဘ၀အတွက် ရွေးချယ်ခဲ့ရင် အဲဒီလူကပဲ နင့်အတွက် အရေးကြီးဆုံးလူဖြစ်နေစေချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ နင့်ကိုစိတ်ချမ်းသာစေချင်လို့ပဲ။ ငါမှာ နင့်ကို ပိုင်ဆိုင်ခွင့်ရချင်တဲ့စိတ် ထက် နင့်ကို စိတ်ချမ်းသာစေချင်တဲ့စိတ်က ပိုပြီးများနေတယ်။ တကယ်လို့ နင်ရွေးချယ်တဲ့လူက ငါတို့အကြောင်း နားမလည်နိုင်လို့ မကြည်ဖြူရင် နင်ဘယ်လိုစိတ်ချမ်းသာမှာလဲ။

ငါကနင့်ကိုချစ်လို့ ပိုင်ဆိုင်ခွင့်ရချင်တဲ့စိတ် ရှိပေမယ့်၊ နင်စိတ်ချမ်းသာမယ်ဆိုရင် ငါစွန့်လွှတ်နိုင်ပါတယ်။

၂၀၀၅ ဒီဇင်ဘာလထဲမှာ ငါ ရန်ကုန်ကိုပြန်လာခဲ့တယ်။ ရောက်ရောက်ချင်းနေ့မှာ နင် ရုံးဆင်းချိန်မှာ ငါလာတွေ့ခဲ့တယ်။ နောက်ပြီး မြိုင်ဟေ၀န်မှာ အအေးသောက်ပြီး နင့်ကို လက်ဆောင်လေးပေးခဲ့တယ်။ သစ်ခွပန်းလေးပါတဲ့ စားပွဲတင်နာရီလေး။ ငါ အဲ့ဒါလေးကိုတွေ့လိုက်တော့ နင်ကြိုက်မယ် ဆိုတာတွေးမိလိုပေးခဲ့တာပဲ။ နင်ဖွင့်ကြည့်ပြီး နင်က ကြိုက်တယ်ဆိုတော့ ငါဝမ်းသာခဲ့တယ်။ နောက်ပြီး လက်ဆောင်ထုပ်လေးကို နင်ပြန်ထုတ်နေတာကြည့်ရင်း `နင်ရယ်… ငါ့ကို ချစ်လိုက်ပါတော့ကွာ´ ဆိုပြီး စိတ်ထဲမှာ ပြောနေမိတယ်။


နောက်ပြီး တောင်ကြီးကို ခရီးထွက်လာခဲ့ပေမယ့် စိတ်ကတော့ နင့်ဆီမှာပါ။ ဟဲဟိုးနဲ့ တောင်ကြီး ကြားမှာ ရှုခင်းတွေကြည့်ရင်နဲ့ နင့်ကို တကယ်လွမ်းတယ်။


တောင်ကြီးက တောင်ပေါ်ကို တယောက်ထဲတက်ခဲ့ပြီး တိမ်တွေကို ငေးကြည့်ရင်း ပေါ့။


အင်းလေးရဲ့ ညနေခင်းရဲ့ ရှုခင်းတွေကို ကြည့်ရင်းလည်း နင့်ကိုလွမ်းတယ်။ အင်းလေးမှာ ဈေးဝယ်ရင်း နင့်အတွက်ဆိုပြီး ငါအိတ်လေးတလုံး ၀ယ်လိုက်မိတယ်။ ဒါပေမယ့် နင့်ကို မပေးဖြစ်ခဲ့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ နင်က `နောက်ကို လက်ဆောင်မပေးပါနဲ့´ ဆိုလို့ပါ။ ငါ အဲ့ဒီ အိတ်ကလေးကို အခုအထိ သိမ်းထားတယ်။ တနေ့ကြရင် ပေးမယ်ဆိုတဲ့ အတွေးလေးနဲ့ပါ။

၂၀၀၅ ခရစ်မတ်မှာ ငါတို့ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ ဆုံခဲ့ကြတယ်နော်။ သူငယ်ချင်းတွေနဲ့လည်းဆုံ၊ နောက်ပြီး အင်းလျားကန်ဘေးကိုလည်း ရောက်တော့ ငါကတော့ ၁၀နှစ်လောက်ပြန်ငယ်သွားသလိုပဲ။ အင်းလျားက အပြန် ငါ ပြန်ရတော့မယ်ဆိုတဲ့ အတွေးနဲ့ ငါစကားမပြောနိုင်ပဲ တိတ်ဆိတ်နေမိတယ်။

ငါ ဒီကိုရောက်ပြီး လေဆိပ်ရောက်တော့ ပထမဆုံး ဖုန်းဆက်မိတာ နင့်ကိုပဲ။ နင်ငါ့ကို စိတ်ပူနေမှာစိုးလို့ပါ။ ငါဒီကို အဆင်ပြေပြေရောက်တာကို နင်သိရင် စိတ်အေးရအောင်လို့ပေါ့။

၂၀၀၆ခုနှစ် ချစ်သူများနေ့မှာ သူငယ်ချင်းတယောက်ရဲ့ အကူအညီနဲ့ နင့်ကို နှင်းဆီပန်းလက်ဆောင်ပို့ပေးနိုင်ခဲ့တယ်။ နင်ဝမ်းသာပြီး လက်ခံတယ်ဆိုတာကို သိတော့ အရမ်းကိုပျော်ခဲ့မိတယ်။ နင့်ကို ချစ်တယ် လို့ ထပ်ပြောမိခဲ့တယ်။ နင်ကတော့ ငါ့ကို သူငယ်ချင်းလို့ပဲ ချစ်တယ်လို့ပြန်ပြောခဲ့တယ်နော်။

နှစ်စဉ်နှစ်တိုင်းပို့ပေးမယ်ဆိုပြီး စိတ်ကူးခဲ့တာ …. ။

၂၀၀၆ မှာတော့ ငါ့နင့်ကို မတွေ့ရလို့ လွမ်းနေရပေမယ့် ဝေးနေတယ်လို့ မခံစားရဘူး။ နင်နဲ့ငါ နဲ့ နေ့စဉ်တွေ့ပြီး IM နဲ့ စကားပြောနိုင်ခဲ့တာလေ။

အေပရယ်လမှာ ငါ့ရဲ့မွေးနေ့မှာ မနက်မှာ နင့်ကိုဖုန်းဆက်ပြီး စကားတွေ အကြာကြီးပြောခဲ့တာ။ နောက်ပြီးတော့ နင်လေ.. ငါ့ကို ကိတ်မုန့်လုပ်ကျွေးမယ်ဆိုပြီး ဖုန်းထဲမှာပဲ ကိတ်မုန့် virtual ကိတ်မုန့်လုပ်ပေးတယ်။ ပြောရရင် လူတွေရီမှာပဲ။ ဒါပေမယ့် ငါကတော့ ကျေနပ်တယ်။ ငါတော့ ရူးနေပြီ ထင်တယ်။ ငါတကယ်ပြောရရင် ဒီလိုချစ်တတ်လိမ့်မယ်လို့ ငါ့ကိုယ်ငါ မထင်ထားခဲ့ဘူး။

နင် အောက်တိုဘာလထဲမှာ ရုံးကခွင့်ယူပြီး ခရီးသွားတော့ ငါနင့်ကို ဘယ်လောက် လွမ်းသလဲဆိုတော့ ကဗျာတွေတောင်ရေးဖြစ်တယ်။ ငါတခါမှ ဖြစ်ဖြစ်မြောက်မြောက် မရေးဖြစ်ခဲ့တာ၊ အခုတော့ ကဗျာတွေ တပုဒ်မကတောင် ရေးဖြစ်တယ်။ ပထမတပုဒ်က ဒီကဗျာလေးလေ… ကဗျာမပီပေမယ့်၊ ငါ့ရဲ့ ခံစားချက်ကတော့ ပီပြင်ပါတယ်ကွာ။

I Miss You
Though I can’t write or call you
Though I can’t chat or email you

As often I would like to spend time thinking about you.
It is a memory of something we shared
No matter what it is in my mind
I want to write and call you every day
I miss you...

နှစ်တခုရဲ့ ဒုတိယနောက်ဆုံးလက ငါ့အတွက် အရေးကြီးလာခဲ့တာ နင့်မွေးနေ့ကိုသိပြီးကတည်းကပဲ။ နင့်အတွက် သူများနဲ့မတူတဲ့ မွေးနေ့လက်ဆောင်ပေးချင်တယ်။ နင့်မွေးနေ့အတွက် ငါတတ်သလောက် ကဗျာလေးရေးပြီး ပေးခဲ့တယ်။ ငါ့ဘ၀မှာ မွေးနေ့အတွက် ဒီလိုလုပ်ပေးတာ ပထမဆုံးအကြိမ်ပါ။

၂၀၀၆ ဒီဇင်ဘာလကုန် ငါ ရန်ကုန်ကို နင့်ကိုပြောမပြပဲ တိတ်တိတ်ကလေး ပြန်ခဲ့တော့ ငါ့မှာ နင်နဲ့ပတ်သက်လို့ မျှော်လင့်ချက်တွေ အများကြီးရှိခဲ့တယ်။

နင်က မမျှော်လင့်ပါနဲ့လို့ ပြောနေပေမယ့်လည်း ငါလေ တခြားတယောက်ကို စိတ်ထဲမှာဘယ်လိုမှ စဉ်းစားလို့မရသေးဘူး။ ရောက်ရောက်ချင်းနေ့က စနေနေ့ဆိုတော့ နင်က ရုံးကိုမသွားရတော့ ရုံးဆင်းချိန်ကို surprise ဖြစ်သွားအောင် သွားလို့မရ။ နင့်ရဲ့ အိမ်ကို လာရင် အိမ်မှာ ရှိပါ့မလား ဆိုတဲ့ စိတ်ကြောင့် surprise လုပ်ခွင့်မရခဲ့ဘူး။ နင့်ဆီကို sms ပို့တော့ နင်ကတောင် ငါ့ကို `အစုတ်ပလုတ်´ ဆိုပြီး ခေါ်သေးတယ်၊ ပြန်လာမှာကို ကြိုမပြောလို့လေ။

နင့်အိမ်ကိုရောက်တော့ နင့်ကိုလွမ်းတဲ့စိတ်နဲ့ နင့်ကို ငေးကြည့်နေမိတယ်။

အဲဒီတုန်းက နင့်ကို ငါ့ဖုန်းနဲ့ ရိုက်ခဲ့တဲ့ဓာတ်ပုံ ဖုန်းထဲမှာ အမြဲရှိတယ်။ နင်ကျွေးတဲ့ ဖရဲသီးကိုစား နှစ်ယောက်သားစကားပြောတာ ညနေစောင်းမှ ငါပြန်လာခဲ့တယ်။

ငါတို့သူငယ်ချင်းတွေ မနှစ်ကလို အင်းလျားမှာ ဆုံမယ်ဆိုတာ နင်မလာနိုင်ဘူးလေ။ နင်လာဖို့ အတတ်နိုင်ဆုံးကြိုးစားတာကို သိရတော့ နင့်ဆီကိုပဲ ငါအပြေးလာခဲ့ချင်တယ်။ နင့်မှာ လာဖို့ အခက်အခဲတွေရှိတယ်ဆိုတာ ငါနားလည်ပါတယ်။

ဒါပေမယ့် နင့်ငါကို ခေါက်ဆွဲကြော်လိုက်ကျွေးတာခဲ့တာပဲနော်။ နင်နဲ့ငါ နှစ်ယောက်ထဲရှိတုန်း ငါနင့်ကို ချစ်တယ်လို့ထပ်ပြောပြီး လက်ထပ်ပါရစေလို့ ပြောခဲ့တယ်နော်။ ငါ ပါးစပ်က အလွယ်တကူထွက်ပြီး ပြောတာမဟုတ်ခဲ့ဘူး။

ငါက နင့်ကို ဘ၀လက်တွဲဖော်အဖြစ် ချစ်နေလို့၊ နင့်ကို ငါက ဘာပဲဖြစ်ဖြစ်ချစ်နေလို့၊ နင့်တယောက်ကလွဲလို့ တခြားလူယောက် မချစ်နိုင်လို့ ငါပြောခဲ့တာပေါ့။ နင်က သိပါ့မလား၊ ငါလေ၊ နင်လက်ခံခဲ့ရင် ရင်ဆိုင်ရမယ် အချက်တွေကို ပါထည့်စဉ်းစားထားပြီးသားပါ။ နင့်နဲ နင့်အမေက တယောက်ကို တယောက် အရမ်းချစ်ကြတယ်လေ။ တကယ်လို့ ငါ့ကြောင့် နင်သူ့ကို ခွဲထွက်သွားခဲ့မယ်ဆိုရင် သူကဘယ်လိုစိတ်ကောင်းမှာလည်း။ နင်ကလည်း အမေ စိတ်မကောင်းဖြစ်အောင် ဘယ်လိုမှလုပ်မှာ မဟုတ်ဘူး။ သားအမိတွေ အရမ်းချစ်ကြရင် တဘက်မှာ ပြဿနာရှိနိုင်တယ်လေ။ ဒီလိုဖြစ်လာနိုင်တဲ့ ကိစ္စတွေကို ငါဘက်က နားလည်ပြီး လိုက်လျောဖို့ ဆုံးဖြတ်ထားပြီးသားပါ။ နင်လက်ခံမယ်လို့ ငါ့မှာ မျှော်လင့်ချက်ကြီးခဲ့တယ်။ နင်ကပြောမယ် `မမျှော်လင့်နဲ့လို့ ပြောထားပြီးသား´လို့။ ငါကချစ်နေမိတော့လည်း မျှော်လင့်တာပေါ့ကွာ။

နင်ပြောခဲ့တယ်လေ `ငါနင့်ကို စဉ်းစားကြည့်ပါသေးတယ်။ ဘယ်လိုမှ ချစ်လို့မရလို့ပါ´ လို့။
နင်ပြောတာကို ငါအပြင်မှာလက်ခံခဲ့တယ်။ ငါ့ရင်ထဲမှာ တော့ ၀မ်းနည်း ကြေကွဲနေတယ်။ လက်မခံချင်ဘူး။ တသက်လုံးအတွက်ရည်ရွယ်ခဲ့တယ်။ ဆုံးရှုံးရမယ့် အဖြစ်ကို ရင်မဆိုင်နိုင်ဘူး။ နင်လက်မခံနိုင်တာကို ငါ ဇွတ်အတင်းမလုပ်ချင်ဘူး။ နင့်ကို ငါ့ကြောင့် စိတ်မဆင်းရဲ၊ စိတ်မညစ်စေချင်ဘူး ကွာ။

၂၀၀၇ နှစ်ဆန်းငါ ဒီကိုရောက်တော့ ငါကျောင်းပြန်တက်ခဲ့တယ်။ ရှုပ်တဲ့ အလုပ် နဲ့ ကျောင်းက နင့်ကို လွမ်းတဲ့ စိတ်ကို တားလို့မရခဲ့ဘူး။ ငါနင့်ကို ဘယ်လို မချစ်မိအောင် လုပ်ရမလဲကွာ။ ငါ့ရင်ထဲမှာလည်း ဆုံးရှုံးသွားပြီးလို့ခံစားချက်နဲ့။

ငါက ငါ့လမ်းငါ ဆက်လျောက်မယ်လို့ ဆုံးဖြတ်ထားတော့၊ ငါ နင့်ကို သူငယ်ချင်းလိုပဲ ဆက်ချစ်နိုင်ဖို့ ဆက်ပြီး ကြိုးစားခဲ့တယ်။ ဒီကြားထဲမှာ နင်နဲ့ငါ စကားပြောရတာ အဆင်မပြေဘူးဆိုတာ နင်သိမယ်ထင်ပါတယ်။ ငါဘက်က ဘာတွေဖြစ်နေမှန်းကို မသိဘူး။ ငါတကယ်ကို အူကြောင်ကြောင် ဖြစ်နေတယ်ဆိုတာ နင်သိသလောက်သိမှာပါ။

ငါ့ကြောင့်နင့်မှာ စိတ်ဆင်းရဲ၊ စိတ်ညစ်စရာတွေဖြစ်ခဲ့ရင် တောင်းပန်ပါတယ်နော်။

နင်နဲ့ပတ်သက်တာတွေ ငါဘယ်လိုမှ မေ့မရဘူး။

၂၀၀၇ ခုနှစ် နင့်ရဲ့မွေးနေ့မှာ ငါ့ကဗျာအသစ်တပုဒ် စပ်ခဲ့တယ်လေ။ ပိုပြီး ထူးခြားအောင် လုပ်ပေးချင်ခဲ့တယ်။ အင်္ဂလိပ်လို ကဗျာလေးကို သူငယ်ချင်းတွေကိုပြပြီး မြန်မာလိုပြန်ပေးဖို့ အကူအညီတောင်းခဲ့တယ်။ နောက်ပြီး နင့်ဆီကို အင်္ဂလိပ်လိုရော မြန်မာလိုပါ မွေးနေ့မတိုင်ခင် ပို့ခဲ့တယ်လေ။ နင် ကဗျာလေးကို ဖတ်ပြီး ပျော်ခဲ့တယ် ငါကျေနပ်ပါတယ်။

၂၀၀၇ ဒီဇင်ဘာလမှာ နင် ငါနေတဲ့ဆီကို အလည်ရောက်လာတယ်နော်။ ငါတို့ ခရစ်စမတ်နေ့ ညနေမှာ တွေ့ကြတယ်။ ညစာကို သူငယ်ချင်းတွေနဲ့စားပြီး အောချက်လမ်းပေါ်သွားပြီး လျောက်လည်ကြ။ နင်က ဓာတ်ပုံလိုက်ရိုက်တော့ ငါကနောက်ကလိုက်ပြီး ရိုက်ပေးရင်း၊ ကျန်တဲ့ သူငယ်ချင်းတွေနဲ့ ကွဲသွာရင်ကောင်းမှာပဲလို့တွေးလိုက်မိသေးတယ်။



၂၀၀၇ နှစ်မှာထူးခြားတာကတော့ နှစ်ကူးမှာ နင်နဲ့အတူ ရှိနေခဲ့တာပဲနော်။

နင်နဲ့ဒီမှာသွားခဲ့တဲ့နေရာတွေ ရောက်ရင် ငါ့အတွက်တော့ သတိရစရာတွေချည်းနေမှာပါ။

နင်မပြန်ခင်ညက ငါကြိုးစားအိပ်ပေမယ့် အိပ်လို့မပျော်ခဲ့ဘူး။ မနက်နင့်ကိုလာခေါ်ပြီး လေဆိပ်ကိုပို့တော့ ငါ့ရင်ထဲမှာ စကားတွေအများကြီးပြောချင်ပေမယ့် နင်ပြန်သွားတော့မှာ ကိုတွေးပြီး နှုတ်ဆိတ်နေမိတယ်။



နောက်ဆုံးတော့ ငါလည်း မနေနိုင်တော့လို့

`စံပယ်… ငါလေ နင့်ဆီက အချစ်ကို မျှော်လင့်နေဆဲပါ။ နင့်နဲ့ ဘ၀တစ်ခုကို တည်ဆောက်ခွင့်ကို ငါမျှော်လင့်ပါရစေ…´

နင်ကတော့ အရင်တိုင်းပြုံးနေပြီးတော့….

`နင်ကလည်းဟာ… နင့်ကို ငါပြောပြီးသားလေ… သူငယ်ချင်းလိုက တသက်လုံးခင်သွားလို့ရတယ်။ နောက်ပြီး ငါ့နင့်ကို ဘ၀လက်တွဲဖော်အဖြစ် ချစ်လို့မရလို့ပါ။ နင့်မှာ ဘာအပြစ်မှ မရှိပေမယ့်လည်း… ငါ ချစ်လို့မရတာကိုတော့ လက်ခံပါနော်…´

အိုး……..

မျှော်လင့်ထားခဲ့ရသမျှ အားလုံးပျောက်ဆုံးသွားခဲ့ရတယ်။ ငါ့ရဲ့ အိပ်မက်တွေ တစစီ ကြေမွသွားခဲ့ရတယ်…

ငါဘာပဲဖြစ်ဖြစ် အတတ်နိုင်ဆုံးဟန်ဆောင်ပြီးတော့ ငါဝယ်လာတဲ့ နင့်အတွက် အမှတ်တရပစ္စည်းလေးပေးခဲ့တယ်။

ငါက `နင့်အတွက် အမှတ်တရ လက်ဆောင်၊ အဖိုးတော့ မတန်ဘူး´ လို့ပြောတော့ နင်ကတောင် `ဘာလို့အဲဒီလိုပြောရတာလဲ၊ မပြောပါနဲ့´ လို့ပြန်ပြောခဲ့တယ်နော်။ တကယ်တော့ ငွေကြေးအားဖြင့် တန်ဖိုးနည်းပေမယ့် ငါ့ရင်ထဲမှာ နင့်ကိုပြောချင်တာတွေကို အဲ့ဒီလက်ဆောင်လေးတွေက ဖော်ပြပေးနိုင်မှာပါ။ ငါတကယ် အမြတ်တနိုးထားပြီး ပေးခဲ့တာပါ။

ဘ၀မှာ ဆက်ပြီး လုပ်စရာတွေ လုပ်သင့်တာတွေ လုပ်ရမှာတွေ အများကြီးပါ။ နင်က ငါ့ဘ၀ရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်ပြီး ရှေ့ဆက်ပြီး လုပ်ရမှာတွေကို လက်တွဲပြီး လုပ်နိုင်ရင် လောကကြီးဟာ တကယ်ကို ပျော်ရွှင်စွာအတိနဲ့ပေါ့။

ဘာပဲဖြစ်ဖြစ် ဘ၀ဆိုတာကတော့ ဆက်ပြီး သွားနေရမှာပဲလေ။ နင်က ငါ့ရဲ့ ပထမဆုံးသော အချစ်ပါပဲ။ ငါဘယ်တော့မှ မေ့ဖို့မကြိုးစားတော့ဘူး။ အချစ် ဆိုတာက ဘယ်လိုဆိုတာ ငါအမြဲတမ်း သတိရနေချင်လိုပါပဲ။


ငါ ဒီလိုမျိုး ဒိုင်ယာရီကို နောက် ရေးဖြစ်တော့မှာ မဟုတ်ပါဘူး။

အခုတော့…

ပန်းတပွင့်ကိုချစ်ခြင်း ရဲ့ ဒိုင်ယာရီ ကိုတော့ ငါ ၀မ်းနည်းစွာနဲ့ နိဂုံးချုပ်လိုက်ပါတယ်။

11 comments:

လင်း said...

ဝမ်းနည်းစရာတွေ ချန်ထားခဲ့ပြိး ဘ၀ကို ရှေ့ ဆက်ဘို့ 
ကြိုးစားတာ အကောင်းဆုံးပါ။

n3v3r43v3r said...

*~*~* Our lives are shaped by people who love us and people who refuse to love us. *~*~*
Appreciate to those who love us and forget about who refuse to love us then our life are beautiful.

Kyaw Moe Nyan said...

အချစ်စစ်အချစ်မှန်ကို တွေ့ပါရက်နဲ့ မနီးစပ်ရတဲ့ အဖြစ်မျိုးဆိုတော့ ၀မ်းနည်းစရာပေါ့။
သို့ပေမဲ့ လမ်းမဆုံးသေးပါဘူး။ ကြိုးစားခွင့်ရှိပါသေးတယ်။ အချစ်ဆိုတာ ဖန်တီးယူလို့မရဘူး ဆိုပေမဲ့ အကြောင်းတိုက်ဆိုင်ရင် ပေါက်ဖွားနိုင်တဲ့အရာမျိုးပါ။
အချစ်စစ်အချစ်မှန်နဲ့ အမြဲထာဝရလက်တွဲနိုင်ပါစေ။

ဂျစ်တူး - gyit_tu said...

ကိုပီတိကြီး .. အားမငယ်နဲ့ ။ မီးမီးတို့ မမတို့ ရှိတယ် ၀ိုင်းရှာပေးမယ် အဟဲး)

ခံစားချက်ကို နောက်သလိုဖြစ်ရင် ခွင့်လွှတ် ။ Seriously ပြောရရင် စိတ်ထားအရမ်းကောင်းပြီး လူတွေကို ခင်မင်တတ်တဲ့ ၊ အကိုရင်းတယောက်လိုလည်း အမှန်တကယ် ခင်ရတဲ့ ကိုပီတိတယောက် .. နောင် ပျော်ရွှင်စရာနေ့ တွေနဲ့ပဲ ပြည့်နေတဲ့ ဒိုင်ယာရီမျိုး ရေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။

SuN said...

မောင်ပီတိ(ရင်တွင်းဖြစ်)

:)

pandora said...

အမှန်အကန်ခံစားချက်တွေဆိုတော့ ကောင်းတယ်လို့ ပြောရမှာ တွန့်သွားတာအမှန်ပဲ။ ပျော်ရွှင်ကံကောင်းပါစေ။

အိမ်ကိုလွမ်းတဲ့ ရွှေဂျမ်း said...

ရွှေဂျမ်း ပြောချင်တာကို sun က အရင်ပြောလိုက်တာကိုးး) ။ ဘ၀မျိုးစုံ ဖြတ်သန်းနေတဲ့ လူတိုင်းမှာ ချရေးဖြစ်တဲ့ ဒိုင်ယာရီတွေရော၊ ရင်ထဲမှာပဲ ရေးမိတဲ့ ဒိုင်ယာရီတွေရော ရှိကြမှာပါ။ အခုလို ရင်ထဲက ထွက်လာတဲ့ ဒိုင်ယာရီတစ်ပုဒ်ကို ဘလော့ပေါ်ကနေ မျှဝေတာ ကျေးဇူးတင်ပါတယ်။ ပျော်ရွှင်စရာ အဆုံးသတ်နဲ့ ဒိုင်ယာရီမျိုးကို ရေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ...

ပီတိ said...

အားပေး၊ ဆုတောင်းပေး ကြတာ ကျေးဇူးတင်ပါတယ်။

ခင်မင်းဇော် said...

အားပါးပါး ..
ခုမှ ဖတ်ရတာ နောက်ကျသွားတယ်..
အမတို့ကို အားကိုးပါ ကိုပီတိ..
ပန်းတပွင့်တောင် မကပဲ နှစ်ပွင့် ဖြစ်နေလို့ ရွေးရခက်နေဦးမယ်..
စတာနော်...တကယ်က လက်တွဲဖော်ဆိုတာ ကံကြမ္မာက ဆုချလိုက်တာပဲ.. အဲဒီဆုဟာ ကိုယ့်အချစ် ဖြစ်မဖြစ်ကလဲ ကံကြမ္မာပေါ်မှာပဲ မူတည်နေပြန်ရော...
ခက်ပဲ ခက်ရချည်ရဲ့

ThuHninSee said...

အတိတ်ကိုလာတူးဖော်နေတာ။ ဟဲဟဲ.. ငါသိချင်သိမှာ။
နင်တို့ဒဂုံပြောင်းတော့ သူငယ်ချင်းတစ်ယောက်ကိုယ်စား
အတန်းသွားတက်ပေး ကျူတိုရီရယ်ဖြေပေးရတယ်ဟ။
နောက်ဆုံးနှစ်တစ်နှစ်လုံးပဲ။

P.Ti said...

အေး သိချင်သိမှာပေါ့.. ငါလည်း နောက်ဆုံးနှစ်မှာ ကျူတိုရီရယ်ကိုဖြေပေးဖို့ အကူအညီတောင်းဖူးတယ်... ဘူသူလဲတော့ အသိဘူး ... :D

Ratings