Wednesday, April 30, 2008

အတ္တအမှတ် ၃၀+

အတ္တတစ်ခု ဖြစ်တည်ခဲ့မှု
အထူ ၃၀ကျော်လေပြီ…

ငယ်တုန်းက နုခဲ့သော ငါစွဲ
ငါကြီးထွားရင်း သူမြဲခဲ့တာ
အခုတော့ ပယ်ဖျက်ဖို့ခက်အောင်
အမြစ်တွယ်နေပြီ။

ပြန်ပေးတာထက် ယူခဲ့များတာ
အတိုးမပါ အရင်းချည်းပဲ
ဆပ်မကုန်အောင် ကြွေးမြီတွေ
ထပ်ခါနေပြီ။

ဆက်လို့လျောက်မည့် ခရီးလမ်း
ဆထက်ပိုလို့ ကြမ်းတမ်းသော်လည်း
ရင့်ကျက်မှုအရင်းတည် ကျော်ဖြတ်ဖို့
အဆင်သင့် ဖြစ်နေပြီ။

ရပ်ရွာ နိုင်ငံပြည်သာယာရေး
မဆောင်နိုင်သေးတော့
မိမိကိုယ်ကိုသာ ကောင်းစွာဖြစ်တည်ရေးကို
ကြိုးစားကာ ရပ်တည်နေပါသည်။

Read More...

Tuesday, April 29, 2008

၎/၉၆ - တတိယပိုင်း

၎/၉၆ - ဒုတိယပိုင်း အပြီး တတိယပိုင်းကို တော်တော်နဲ့ မရေးဖြစ်ပါဘူး။ အကြောင်းပြချက်ကတော့ ထုံးစံအတိုင်း အလုပ်ရှုပ်နေလို့ ပါပဲ။ ဖတ်ပြီးသော မိတ်ဆွေတွေလည်းမေ့နေလောက်ပါပြီ။ ဒီဇာတ်လမ်းကို ဒီမှာ ဖတ်လို့ရပါတယ်ခင်ဗျာ

ဘာပဲဖြစ်ဖြစ် သည်းခံပြီး ဖတ်ပေးသော မိတ်ဆွေများကို အထူးကျေးဇူးတင်ပါတယ်။


နောက်နေ့မနက် ၆နာ၇ီခွဲလောက်မှာ ဘေးပတ်ဝန်ကျင် မှ အသံများကြားပြီးနိုးလာပါသည်။ အညာနွေမနက်မှာပူအိုက်စပ်စပ်ဖြစ်နေတာ့ မျက်နှာသစ် သွားတိုက်ပြီးတော့ ရေကိုပါတခါတည်းချိုး၊ အိပ်ယာသိမ်း၊ ပစ္စည်းတွေတခါတည်းထည့်ထားလိုက်ပါသည်။

ဒီနေသွားမည့်ခရီး အတွက်ကို တွေးပြီးတော့ ပျော်နေမိပါသည်။ ပခုက္ကူမြို့ မှ ချင်းပြည်နယ် မင်းတပ်မြို့သို့ ပုံတောင်ပုံညာ တောင်တန်းများကို ဖြတ်ကျော်သွားရမည်ကို စိတ်လှုပ်ရှားနေမိပါသည်။

မနက်စာ စားအပြီး ကုန်လမ်းပို့ဆောင်ရေးမှ ကားများအလာစောင့်ရင်း တယောက်နဲ့တယောက် စကြပြောင်ကြ ပျော်ရွှင်နေမိပါသည်။ အဲဒီအချိန် မင်းသူ (ဂွေးတိုး ခေါ် GT) က ကျွန်တော့်ကိုလာပြီး ပြောင်စပ်စပ်မျက်နှာနဲ့
`ပီတိ… မင်းနဲ့ လှမျိုးနဲ့က ညီအကို ဆိုယုံလောက်တယ်… ရုပ်ချင်းကလည်းဆင် အသားညိုတာကလည်းတူတယ်။´
ပြုံဖြီးဖြီးဆက်ပြီးပြောပါတယ် `လှမျိုးကို ငါတို့ လ(မ)ရွတ် လို့နာမည်ပေးထားတော့ လိုက်သွားအောင် မင်းကို ဇရွတ် လို့နာမည်ပေးမယ်… ဟားဟား.. ဟုတ်တယ် လ(မ)ရွတ် နဲ့ ဇရွတ်… ကုလားညီနောင်ပေါ့… ဟားဟား ´

သူ့ဟာသူပြောပြီး သဘောကျကာ ရီနေပါတယ်။ ဘေးက သူငယ်ချင်းတွေကလည်း သူတို့နာမည်ပြောင်တွေရပြီး မရသေးတဲ့လူတွေကို ပေးချင်နေတော့ ၀ိုင်းပြီးထောက်ခံကာ နာမည်ကို အတည်ပြုနေကြပါသည်။ လူညီနေတော့ လက်မခံချင်လည်း နောက်ပိုင်းမှာတော့ ဒီနာမည်ကို ပဲ အခေါ်ခံရတော့မယ်ဆိုတာသိနေမိပါသည်။

မင်းသူ က အဲဒါနဲ့ မရပ်သေး `ကုလားညီနောင်ရှိတော့ အမေတော့ရှိရမှာပေါ့´။ ဒီကောင်ကြည့်ရတာ ညက ပိုးဟပ်နဲ့စ အထားခံရလို့ သူများတွေကို ပြန်စချင်နေပုံပေါက်တယ်။

`ဟေ့ကောင်တွေ… မစန္ဒာ ကို ဒီကောင်တွေအမေလုပ်မယ်၊ နာမည် ဘယ်လိုပေးမလဲ…´
ဘေးက စိုးပိုင် (ပြောင်ကြီး၊ လူတကာကို နောက်လွန်းပြောင်လွန်းလို့ပေးထားတာပါ။) က
`ရန်ကုန်မှာ ပွဲဈေးတွေမှာ အကြော်ရောင်းတဲ့ ကုလားမကြီး ဒေါ်အရှာဘီလို့ ပေးလိုက်ပေါ့´
လို့ဝင်ပြောတော့ အားလုံးက ကန့်ကွက်သူမရှိ ထောက်ခံကြပါသည်။

မစန္ဒာသည် အားလုံးထက် အသက်ကြီးပြီး အသားလည်းညိုပါသည်။ ပြီးတော့ ဆတ်ဆတ်ထိမခံပြန်ပြောတတ်တော့ အားလုံးက သူ့ကို စချင်နေကြသည်။ အချိန်အခါကိုက်သွားတော့ အားလုံးက မစန္ဒာကို ဒေါ်အရှာဘီလို့ နာမည်ပေးပြီး ကျွန်တော် နဲ့ လှမျိုးကိုတော့ သူ့ရဲ့သားနှစ်ယောက်ပေါ့။ သန့်စင်ထွန်း (Dirty) က `ဒီနှစ်ကောင်ကိုအမေတော့ ရှာပေးကြတယ် အဖေကိုလည်းရှာပေးကြဦးလေ…´

ထိုစဉ်….
`ရွှီ….´

အားလုံး မစဉ်းစားပဲသိလိုက်ပြီ။ ဆရာမျိုး ၀ီစီ သံကြားလျှင်တန်းစီရတော့မည်။ မြဧရာအဆောင်ရှေ့ကို အားလုံးထွက်လာကြပြီး တပ်စိတ်အလိုက် တန်းစီလိုက်ပါသည်။ တပ်စိတ်မှုတွေက တပ်စိတ်ရှိလူ ပြည့်မပြည့် သတင်းပို့ပါသည်။

အားလုံးကို ဆရာမျိုးက ညက မှာပြီးသား သတိပေးစကားကို ထပ်ပြီး ပြောပါသည်။ အင်မတန်အရေးကြီးလို့သာ ထပ်ပြောခြင်းဖြစ်သည်ကို အားလုံးနားလည်လိုက်ပါသည်။

ဆရာမျိုးက ဆက်ပြီးတော့
`… ပြီးခဲ့တဲ့ နှစ်ရက်လောက်က မင်းတပ်က ပြန်လာတဲ့ အငြိမ့်အဖွဲ့ကားတစီး ပုံတောင်အဆင်းတွင် ချောက်ထဲ ကျသွားတယ်၊ ပြီးတော့ တော်တော် ဆိုးဆိုးရွားရွား အထိအခိုက်ရှိတယ်လို့ ကြားရတယ်။ အဲတော့ သတိဆိုတာ ပိုတယ်မရှိဘူး။ ဘာမေးစရာရှိလဲ။´

`မရှိပါဘူး…´

`ဆရာတို့ရော ဘာများပြောစရာရှိပါသေးလဲ…´
ဆရာမျိုးက တခြား အုပ်ချုပ်ရေးအဖွဲ့ဝင်ဆရာ၊ဆရာမများဘက်သို့ လှည့်ပြီးမေးလိုက်ပါသည်။

`ကဲ သတ်မှတ်ထားတဲ့ကားအပေါ်တက် ၊အားလုံးပြီးရင်သွားမယ်။ တပ်စိတ်မှူးတွေ ကိုယ့်တပ်စိတ်က လူတွေ စုံမစုံသေချာစစ်ပါ။ ဘယ်သူမဆို အဖွဲ့ကနေ အပြင်သွားစရာရှိရင် တပ်စိတ်မှူးကို ပြောပြီးသွားပါ။´

တန်းဖြုတ်ပြီး ပစ္စည်းတွေယူပြီး စောင့်နေသော ကုန်လမ်းပို့ဆောင်ရေးမှ ဟီးနိုးကာအပြာကြီးတွေအပေါ်တင်ကြပါသည်။ ပစ္စည်းတွေတင်ပြီးတော့ လူတွေတက်ပြီး နေရာယူကြပါသည်။ ကားတစီးကို တယောက်၄၀ခန့် စီးရသောကြောင့် အနည်းငယ်ကျပ်သော်လည်း ကားထွက်ပြီး မကြာမှီအိပ်ပျော်တတ်ကြသောကြောင့် ဘာမှသိတော့မည်မဟုတ်ပါ။

အဖွဲ့ဝင်အားလုံးကားပေါ်တက်နေရာယူ၊ လူစစ်ပြီးနောက် နံနက် ၁၀း၄၀ နာရီမှ စတင်ထွက်လာခဲ့ကြာတော့သည်။

စထွက်ပြီးမကြာမီ သင်္ကြန်တွင်းပေမို့ ရေပက်ခြင်းကိုကြုံရသည်။ ပခုက္ကူမြို့မှ စထွက်လာကတည်းက အားလုံး ငြိမ်လိုက်ကြပြီး ပရိတ်ရွတ်၊ ဘုရားစာတွေ ရွတ်လာကြပါသည်။

ပခုက္ကူမြို့မှထွက်လာပြီးတာနဲ့ မြေလမ်းနဲ့ကြုံပါတော့သည်။ အညာမှာ တွေ့ရသော တောလမ်းများအတိုင်း တောင်ကုန်း တောင်တောင်ကွေ့လေးများနဲ့ သဲချောင်းများစွာကို နေပူပြင်းပြင်းအောက်မှာ ကျော်ဖြတ်ရပါသည်။

ကျွန်တော့်တို့တပ်စိတ်ပါသောကားက ရှေ့ကသွားတော့ နောက်ကားကို ဖုန်လုံးကြီးအောက်မှာ မှုန်ဝါးဝါးသာတွေ့ရပါတော့သည်။ နောက်မှလိုက်လာသောကားမှာတော့ မသက်သာပါ၊ နေမြင့်လာတော့ အပူရှိန်လည်းမြင့်လာပါတော့သည်။

ထွက်လာပြီးတော့ သိပ်မကြာခင် ကားရပ်သွားပါသည်။

`ကဲ ထမင်းစားကြမယ်…´ ခပ်၀၀ ဆရာစိန်ထံမှအသံထွက်လာပါသည်။
`ဆရာ… ဗိုက်ဆာပြီလား…´
`အေးကွ… ဆာနေပြီ…´
အားလုံးက ရယ်လိုက်ကြပါသည်။

တချို့လည်းအိပ်နေရာမှ အိပ်ချင်မူးတူးနဲ့ ထလာပါသည်။

ကျွန်တော်တို့ ယောက်ျားလေးတွေကတော့ မြန်မြန်ဆန်ဆန် အောက်ကိုဆင်း အညောင်းဖြေရင်း ပတ်ဝန်ကျင်ကိုလေ့လာပါသည်။ အတန်အသင့်စည်သော ရွာလေးဖြစ်ပါသည်။

ကားပေါ်မှာ အိပ်ချင်မူးတူနဲ့ ဆင်းလာသော ကလန်ကလား ရန်အောင်စိုး (ရှဒီး၊ Shade ကို ရှိတ်လို့မထွက်ပဲ ရှဒီထွက်လိုက်မိသောကြောင့်) ကိုတွေ့တော့…

`ရှဒီး… အိပ်လို့ကောင်းလား´
`ကောင်းတာပေါ့ကွ ဇရွတ်ရ… ငါ ကြက်ဥကျော်ချင်လို့ လိုက်ဦးမလား…´
(အပေါ့သွားခြင်းကို ကျွန်တော်တို့အဖွဲ့က ကြက်ဥကျော်သည် ဟုတ်ခေါ်ပါသည်။ ဘာကြောင့်ခေါ်သလဲ သိချင်ရင်တော့ တိုးတိုးလေး မေးပါခင်ဗျာ)

`အေး.. ခင်ဗျား အိပ်ချင်မူးတူးနဲ့ ကြက်ဥကျော်… ဒီရွာကထွက်ရင် ခင်ဗျားတော့ ဘ၀ကပြောင်းသွားမယ်နော်…´
`ဘာလဲကွ…´
`ခင်ဗျားမသိဘူးလား… ဒီရွာနာမည်က ဂျိုးပျံတဲ့… အိပ်ချင်မူးတူးတဲ့ ကြက်ဥကျော်နေတုန်း ခင်ဗျားဂျိုးကပျံသွားမှဖြင့်… ဟားဟား´
`ဟာ… ဒီကောင်ကွာ… ´

တဆိုင်တည်းရှိသော ထမင်းဆိုင်မှာ စားဖို့ကြည့်တော့ ထမင်းဆီဆမ်းနဲ့ ကြက်သားကြော်ကိုပဲ ရောင်းတာကိုတွေ့ရသည်။

ဆိုင်ပိုင်ရှင်ခမျာမှာလည်း ဒီလောက်လူအုပ်ကို တခါမှ ရောင်ဖူးဟန်မတူ။ တဆိုင်လုံးပျာယာခတ်ပြီး မနိုင်မနင်းဖြစ်နေတော့ မကလျာ (လျာကြီး)၊ မအေးခိုင် (ဘွိုင်လာ) နဲ့ သီသီဆွေ (ရိန်း) တို့ အဖွဲ့ပါဝင်ပြီး ထမင်းဆိုင်ရှင်ကို ၀ိုင်းပြီးကူကြရတော့သည်။ ဗိုက်ကလည်းဆာ ကြက်ကြော်နဲ့ ထမင်းကလည်း အင်မတန်မှလည်း စားလို့ ကောင်းလှပါသည်။

စားပြီးကားပေါ်တက်ပြီးနေရာယူကြပါသည်။ ချွတ်ထားသော ကျွန်တော့နေကာမျက်မှန်ကို မစန္ဒာတက်ပြီးထိုင်မိနေတော…့

`ဒေါ်အရှာဘီ… ´
ကျွန်တော့်ပါးစပ်ကလည်းရောင်ပြီးထွက်သွားသည်။
`ဘာလဲ… နင်တို့ ငါ့ကို အဲလို မခေါ်ကြနဲ့… သေနာလေးတွေ…´
`မဟုတ်ဘူး.. အမ ကျွန်တော့်မျက်မှန်ပေါ်တက်ထိုင်နေလို့….´
`အော်.. အေးအေး… ဘာဖြစ်သွားသေးလဲ… ဆောရီးနော်´
တော်သေးတာပေါ့ မျက်မှန်ကို သူကတက်ဖိထားတာလည်း ဘာမှမဖြစ် တက်ဖိထားမိတော့လည်း သူကပြန်တောင်းပန်လို့။ မဟုတ်ရင် ဒေါ်အရှာဘီ အပြောအဆိုခံရတောမလို့ပေါ။့

နေ့လည် ၁နာရီလောက်မှာ ဂျိုးပျံရွာမှထွက်လာပြီး ခုန်ပေါက်၊ ဖုန်ထူ၊ ပူပြင်းသော လမ်းတလျောက် အမြန်ဆုံးမောင်းနိုင်လာ တနာရီ ၁၅မိုင်နှုန်းလောက်နဲ့ ခရီးဆက်ထွက်ခဲ့တော့သည်။ ပူပြင်းတော့လည်း ခရီးတလျှောက် အိပ်လိုက်လာမိပါသည်။

ရေပြာရွာမှာ ခဏနားကြပါသည်။ ရေပြာရွာမှာတော့ သင်္ဘောသီးများပေါပေါတွေ့ရတော့ ၀ယ်စားမိပါသေးသည်။

ညနေ ၃း၃၀လောက်မှာတော့ ခဲမဖြူရွာကိုရောက်ပါတော့သည်။ ကားသမားအဖွဲ့တွေကတော့ ပေါက်သွားသော ကားဘီးကိုလဲ ကြပါသည်။ အဖွဲ့ဝင်အားလုံး အောက်ကိုဆင်း ကြက်ဥကြော်ကြ တဲ့လူကကြော် (အပေါ့သွား) အနားက ဆိုင်လေးက ထိုင်ခုံလေးပေါ်ထိုင်ပြီး အညောင်းဖြေကြနဲ့ အနားယူနေကြပါသည်။

`ကဲ…ကောင်လေး နောက်ကျွမ်း… နှောင်ဗေနှောင်… ကောင်လေးရှေ့ကျွမ်း… ´



အသံကြားရာကို ကြည့်လိုက်တော့ ကျော်ကျော် (မိကျော်မ) တယောက် ကားနှစ်စီးရပ်ထားတဲ့ကြားမှာ ပါးစပ်ဆိုင်းတီးပြီး မျောက်မပါတဲ့ မျောက်ပွဲကနေလေရဲ့။ အနားမှာ ရှိကလေးများကလည်း သဘောကျပြီး ၀ိုင်းကြည့်နေကြလေသည်။

မျောက်ပွဲပြီးတော့ မြင့်ထွန်း (တုံးလုံး) ကအော်လိုက်သည်။
`ဟေ့ကောင်တွေ၊ ငါတို့ ၀ိတိုရိယတောင် မတက်ခင် ဒီနားလေးက ကုန်းလေးပေါ် တက်ကြည့်ရအောင်…´

တောင်ကုန်းလေးက သိပ်မမြင့်ပေမယ့် နေပူကြဲကြဲမှာ ခရီးက ပန်းနေတော့ ဘယ်သူမှ တက်ဖို့ စိတ်မ၀င်စားပါ။ ဒါပေမယ့် အငြိမ်မနေတတ်သော ထွန်းလှအောင် (နိုင်နိုင်း) က ထောက်ခံလိုက်သည်။
`အေး ဟုတ်တယ်… ပြေးတက်ပြီး ထိပ်ကို ဘယ်သူအရင်ရောက်လည်း ပြိုင်မယ်…´

တော်တော်ဝတဲ့ ဒွေး ကလည်းအားကျမခံ
`ငါလည်းပါမယ်ဟေ့…´

`ဟဲ့ ဒွေး နင့် ခန္ဓာကိုယ်နဲ့ တက်ဦးမလို့လား…´
`နင် ဒီတခါ ပြန်မဆင်းနိုင်လို့ကတော့ ငါတော့က မစောင့်ဘူးနော်…´
တယောက်တပေါက် ဒွေးကို အားပေးနေကြပါသည်။

ဆရာစိန်ကတော့ ပြောပါသေးသည်။
`ဘယ်လို အရူးတွေလဲကွာ နေပူကပူပူနဲ့… ဟဲ့ကောင်တွေ လျှောက်သွားမနေနဲ့ ဆရာမျိုး ဆူလိမ့်မယ်… ´

ကျောင်းသားများနဲ့ သူငယ်ချင်းလို ပေါင်းတတ်သော ဆရာစိန်ကတော့ ဆူခဲပါသည်။

ဆရာစိန်လည်းပြောအပြီး တုံးလုံး၊ နိုင်နိုင်း၊ မိကျော်မ၊ ၀င်းအောင် (မာမီ) နဲ့ ဒွေး တို့ တောင်ကုန်းပေါ်အပြေးတက်သွားပါသည်။ သူတို့ပြေးတက်သွားတော့ ဆရာမျိုးမြင်သွားပါသည်။

`ဟိုကောင်တွေဘယ်သွားတာလဲ…. ပြန်လာခဲ့… ´
`ရွှီ….´

ဆရာမျိုး က ၀ီစီလည်းမှုတ်၊ ပါးစပ်ကလည်း အော်ပြီး ခေါ်ပါသည်။ တက်သွားတဲ့သူတွေကလည်း ထိပ်ထိတော့ ရအောင်တက်သွားပါသေးသည်။ တုံးလုံး၊ နိုင်နိုင်း၊ မိကျော်မ နဲ့ မာမီ တို့က အမြန်ပြန်ဆင်းလာနိုင်လာသော်လည်း ၀တဲ့ဒွေးကတော့ သူ့ခန္ဓာကိုယ်ကို မနည်းထိန်းပြီးဆင်းနေရပါသည်။

အားလုံးကလည်း မေတ္တာရှိသည့်အတိုင်း…
`ဒီကောင် အမှတ်ကိုမရှိဘူး…´
`အေးလေ သာဓုကန်မှာ ဖြစ်တာလည်း မမှတ်သေးဘူး…´
`ဟေ့ကောင်ရေ.. လှိမ့်သာချလိုက်တော့….´

အားလုံးအောက်ကိုရောက်တော့ ဆရာမျိုးက ခေါ်ပြီးတော့ အဖွဲ့ကနေထွက်ပြီး နောက်မလုပ်ရန်ပြောပါသည်။ ဟုတ်ပါသည်၊ ဆရာမျိုးအတွက် ဒီလောက်ကျောင်းသားတွေ အများကြီးကို တာဝန်ယူခေါ်လာရသည်မှာ တာဝန်ကြီးလှပါသည်။

ကားဘီးလဲ၊ ကားဆရာတွေခဏနားပြီးနောက် ခဲမဖြူရွာမှ ထွက်လာခဲ့ပါသည်။ ကားထွက်ပြီးမကြာခင် ပူပြင်းလှတဲ့နွေနေ့လည်မှာ အားလုံး ငိုက်မြည်းလာပြီး တယောက်ခြေထောက် က တယောက်ခေါင်းကိုခွ ကားအလှုပ်ကို ပုခက်လွှဲသည် မှတ်ပြီး အိပ်ပျော်လာကြပါသည်။

လမ်းတ၀က်တွင် နိုးလာပြီးနောက် ကားရှေ့ခေါင်းခန်းအပေါ်ရှိ ခြံလေးပေါ်တွင် ထိုင်နေသော ခင်မောင်ကျော် (ပုံကြီး) တို့နဲထိုင်လိုက်ခဲ့ပါသည်။ သွားနေသောလမ်းသည် တောင်တက်တောင်ဆင်း သိပ်မရှိသေးပေ။ ပတ်ဝန်ကျင်မှာတော့ နေကြာခင်းတွေကိုလည်းတွေ့ရပေသေးသည်။ ပတ်ဝန်းကျင်အလှကတော့ ဖမ်းစားနိုင်ပေမယ့် အမိုးအကာမရှိတော့ နေအတော်ပူလှပေသည်။ ပေနေပြီဖြစ်သော အဖြုရောင် အသင်း ဦးထုပ် အပြင် တဘက် သေးလေးကို လည်ပင်းမှပတ်၊ နေကာမျက်မှန်တပ်ထားပေမယ့်လည်း အပူဒဏ်ကိုတော့ ကောင်းကောင်းခံစားနေရပါသည်။ အောက်ကို ပြန်ဆင်းမယ် ကြည့်ပြန်တော့လည်း ကိုယ်နေရာကပျောက်နေပြီ။ ပြန်ဆင်းလို့မဖြစ်နိုင်တော့ အပေါ်ကပဲစီးလာပါတော့သည်။

ပုံတောင်ပုံညာတောင်တန်းများက ကျွန်တော်တို့သွားမည့်လမ်းကို ကန့်လန့်ဖြတ်ရှိနေတာကြောင့် ပုံတောင်တန်းကို အရင်ဖြတ်ပြီးတော့မှ ပုံညာတောင်တန်း ကို ဖြတ်ကျော်ရပါသည်။

ပုံတောင် တောင်တန်းကိုဖြတ်တော့ ညနေ ၅း၃၀ ရှိနေပါပြီ။ ပုံတောင်ကိုတက်တော့ သိပ်တော့ မဆိုးလှပါ။ အဖွဲ့ဝင်အားလုံးကတော့ ဆရာမျိုးမှာထားသည့်အတိုင်း စိတ်ထဲမှာ ကိုယ်တတ်သမျှ ရွတ်ဖတ်လာကြပါသည်။ ပုံတောင်ကို ဖြတ်အပြီး ညနေ ၆ နာရီလောက်တွင် သဗျင်းရွာကိုရောက်ပြီး ကားရော လူပါ ခဏနားကြပါသည်။ အားလုံးလည်း ခရီးပန်းနေကြပြီး။ အောက်ကိုဆင်း အညောင်းအညာဖြေ၊ ကြက်ဥကြော်။ ခရီးကိုလည်း အချိန်မလင့်မှီဆက်ရန်ရှိတော့ ၆း၃၀မှာ ပြန်ထွက်လာကြပါသည်။

ထွက်လာပြီး မကြာမှီ နာမည်ကျော် ပုံညာတောင်တန်းကို စတင်တက်ပါတော့သည်။ အချိန်က မှောင်ရှိပျိုးစ၊ ပုံတောင်ပုံညာတောင်တက်တောင်ဆင်း ခရီးလမ်းတွေကတော့ ခပ်ကျဉ်းကျဉ်းကြမ်းကြမ်းနဲ့ တဘက်ကလည်း အင်မတန် နက်ရှိုင်းသော ချောက်၊ တဘက်ကလည် မတ်စောက်သော ကမ်းပါး၊ ဖြတ်ကျော်ရသော တောကလည်းနက်တော့ စိတ်လှုပ်ရှားစရာ အင်မတန်ကောင်းပါသည်။ ဆရာမျိုးကကြိုတင်ပြောကြားထားလို့လည်း မည်သည့် စကားကိုမျှမပြောဖြစ်ကြပါ။ မတော်တဆ မကောင်းသည့်စကားများ ပြောထွက်သွားမည်ကို မည်သူမှ မလိုလားကြပါ။

တောင်ပေါ်တက်နေစဉ် တနေရာအရောက်ဒီနေရာလေးပေါ့ ဆိုပြီး တီးတိုးပြောသံကြားတော့ ကားပေါ်ကနေ မတ်တပ်ရပ်ကြည့်လိုက်မိပါသည်။ လွန်ခဲ့သော နှစ်ရက်ခန့်က ချောက်ထဲသို့ထိုးကျခဲ့တဲ့ ကားတစင်းရဲ့ အင်ဂျင်ကို ပြန်လည်ဆယ်ယူထားတာတွေ့ရပါသည်။ မီးလောင်ထားခဲ့သည့် အနေအထားကိုလည်းတွေ့လိုက်ရပါသည်။ ကားစပယ်ရာ၏ ပြောကြားချက်အရတော့ ကားပေါ်ပါလာသူများအနက် တယောက်သာ ခုန်ချကျန်ခဲ့လို့ အသက်ရှင်ကျန်ခဲ့ကြောင်းသိရတော့ အားလုံးရဲ့မျက်နှာမှာ စိုးရိပ်စိတ်ကလေးတွေ ပေါ်နေပါသည်။

ကားပေါ်မှာ အိပ်မပျော်ကြပဲ စကားသံတိတ်တိတ်နဲ့ အော်ဟစ်ဆူညံနေသော ကားသံကိုသာ နားထောင်ကာ လိုက်ပါကြသည်။ သိမ်မကြာခင်မှာ
`ဟိုး ဟိုး… ကားကို ခဏရပ်ပါ….´
`ဘာလို့ရပ်ရမှာလည်း ခရီဆက်စရာရှိသေးတယ်´
`တောင်ထိပ်မှာ ခဏရပ် နားလိုက်ပါ။ တောင်ပိုင်ကြီးကို ဦးတိုက်ပြီး မှ ဆက်သွားပါ…´
`ကျုပ် အယုံအကြည်မရှိဘူးဗျာ…´
`….´
ကားမောင်းသမားနဲ့ အောက်မှ လှမ်းတာသူတို့ အပြန်အလှန်ပြောနေသံကြားနေရပါသည်။ အားလုံးရဲ့စိတ်ထဲမှာတော့ ယုံသည်မယုံသည် အပထား ရိုးရာအစဉ်အလာကို လိုက်လာစေလိုသည်။ စိတ်အနှောင့်အယှက်တခုကြောင့် ဘာမှမဖြစ်စေလိုသော ဆန္ဒပင်ဖြစ်သည်။ နောက်ဆုံးတော့ ကျွန်တော့်တို့ ကားမောင်းသမားက ကားကို ခဏရပ်ပြီးနားလိုက်ပါသည်။ နောက် ကားမှ ကားမောင်းသမားကတော့ အတော်ယုံကြည်မှုရှိဟန်တူပါသည်။ ကားကိုသေချာရပ်ပြီး ပူဇော်မှုတွေပြလုပ်၊ ကားနဲ့ ၃ ကြိမ်ဦးတိုက် (ရှေ့တိုးနောက်ဆုတ်) ပြုလုပ်ပါသည်။

ပုံညာတောင်ထိပ်မှ ဆင်းလာပြီးတော့ သိပ်မကြာခင်မှာ ရေများရှိသော သဲချောင်းကျယ်ကြီး နှစ်ခုကိုဖြတ်ပြီး ကျောက်ထုရွာသို့ ညနေ ၈နာရီနီးပါးတွင်ရောက်ရှိလာခဲ့ကြပါတော့သည်။ ထမင်းဆိုင်ရှေ့တွင် ကားကိုရပ်လိုက်ပါသည်။ အဖွဲ့ဝင်အားလုံးလည်း ဆာလောင်နေကြပြီဖြစ်သည်။

ထမင်းစားပြီးတော့ သီသီဆွေ (ရိန်း) က ကျွန်တော့်ကိုလာပြီးမေးပါသည်။
`ဇရွတ်… မင်းတပ်ရောက်တော့မှာလား…´
`အင်း…ရောက်တော့မယ်… ရှေ့နားတကွေ့ဆို ရောက်ပြီ…´
`ဟာ ဟုတ်လို့လား.. ရောက်တော့မယ်ဆို နားမှာမဟုတ်ပါဘူး…´
`ဟုတ်တယ်… မယုံလည်းနေပေါ့…´

ဆရာစိန်ကလည်း ဘေးကနေပြီးတော့
`ရိန်း .. မင်းတပ်ရောက်ဖို့ လိုသေးတယ်.. ချင်းပြည်နယ်ထဲကိုတောင်မ၀င်သေးဘူး။ အခုမှ မကွေးတိုင်းထဲမှာပဲရှိသေးတာ…´
`ထင်တော့ထင်သားပဲ ဇရွတ် ရွှီးနေတယ်ဆိုတာ…´
`အေးလေ.. နင်က ငါ့ကို ဇရွတ် လို့ခေါ်တာကိုး… ငါလည်း ဖြေချင်တာဖြေတာပေါ့… နီးပြီးလို့ပြောပြီး နင့်ကိုလည်း စိတ်ဓာတ်မြှင့်တင်ပေးတာလေ… ဟဲဟဲ´

ရိန်းနဲ့ပြောပြီးထွက်လာတော့ သူရ၊ ကဏန်း နဲ့ စိုးပိုင်(ပြောင်ကြီး) တို့ အနားမှာရပ်စကားပြောနေတာကို သွားပြောရင်း ဟိုရပ်ဒီရပ်လုပ်နေပါသည်။ ကားအကြာကြီးစီးခဲ့ရလို့ အတော်အညောင်းနေတော့ မတ်တပ် ရပ်နေမှ သက်သာနေပါသည်။ ခဏကြာတော့ ပုံကြီး (ခင်မောင်ကျော်)ထွက်လာပြီး၊
`ဒီညတော့ မင်းတပ်ကို ဆက်တက်နိုင်မယ်မထင်တော့ဘူး… ကားသမားတွေ သောက်တာများပြီး မှောက်ကုန်ပြီ´
`ဟင် ဟုတ်လား´
`ဆရာမျိုးကတော့ ဆက်ပြီးသွားချင်နေတယ်ကွ၊ မင်းတပ်ကို ဒီနေ့ညရောက်မယ်ပြောထားတော့ မင်းတပ်က လူကြီးတွေ စိတ်ပူနေမှာစိုးနေတယ်။´
`အင်းနော်… ဒါပေမယ့် ကားသမားတွေမူးနေရင် ဒီမှာအိပ်လိုက်တာက ကောင်းမယ်´
`ဟုတ်တယ် အန္တရာယ်ကင်းတာပေါ့…´

ပေါက်သွားသော ကားဘီးပြင်ပြီးသွားပေမယ့်၊ မှောက်သွားသော ကားသမားတို့ကား ပြင်မရတော့ပြီးမို့ ဆရာမျိုးက ကျောက်ထုရွာမှာပဲညအိပ်တော့မယ်လို့ ပြောလိုက်ပါတော့သည်။

အိပ်စရာနေရာ စီစဉ်ထားတာမရှိတော့ ဖြစ်သလိုပင်အိပ်ကြရပါတော့သည်။

ဆရာမျိုးက ၀ီစီမမှုတ်ပဲ တန်းစီစေပြီး စကားပြောပါသည်။
`ဆရာတို့ ရှေ့ဆက်သွားဖို့ အဆင်မပြေတော့လို့ ဒီမှာပဲ ညအိပ်တော့မယ်။ ကျောင်းသူတွေနဲ့ ဆရာမတွေ ထမင်းဆိုင်ထဲမှာပင် စုအိပ်ကြပါ.. ကျောင်းသားနဲ့ဆရာတို့ကတော့ အဆင်ပြေသလိုပဲကြည့်အိပ်လိုက်ပါတော့။ ကားပေါ်မှာ တယောက်မှ မအိပ်ကြပါနဲ့။ တယောက်ထဲလည်း မနေပါနဲ့။ အဖွဲ့ရှိရာမှာပဲစုပြီးနေပါ။ ဆရာစိန် ကျောင်းသားတွေကို ဂရုစိုက်ပေးပါ။ မျိုးချစ်၊ ငွေလွင်၊ ထွန်းလှအောင်၊ ခင်မောင်ကျော်၊ ကြည်မိုးအောင် တို့ တလှည့်ဆီကင်းစောင့်ပေးပါ။´

ဆရာမျိုးစကားပြောပြီး အနားရှိကွပ်ပျစ်ကလေးတွင် စုပြီးစကားပြောရင်း နဲ့ မှေးကနဲအိပ်ပျော်သွားပါသည်။

~~~~~~~~ ဆက်ရန်

Read More...

Monday, April 28, 2008

အိပ်မက် ဘဝ

သံသယတွေ သိပ်မပွားနဲ့
အမြင်မရှင်း စိတ်ရှုပ်ထွေး လိမ့်မယ်၊
ဒါပေမယ့်…
ဆုံးဖြစ်နိုင်တဲ့ ဦးနှောက်တော့ ရှိဖို့ လိုမယ်နော်…

အာဃာတတွေ သိပ်မများနဲ့
နောင်တရစရာ ဆုံးဖြတ်ချက်တွေ လုပ်မိမယ်၊
ဒါပေမယ့်…
သင်ခန်းစာတော့ ယူတတ်ဖို့ လိုမယ်နော်…

မာနတွေ သိပ်မလွှားနဲ့
လူတွေအမြင်စောင်း ဘေးတိုက်တာတွေ ခံရလိမ့်မယ်၊
ဒါပေမယ့်…
ကိုယ်လုပ်နိုင်တာကို ဂုဏ်ယူတတ်ရမယ်နော်…

အတ္တတွေ သိပ်မထားနဲ့
ချစ်ခင်ပျက်သုဉ်း အမုန်းတွေများလိမ့်မယ်၊
ဒါပေမယ့်…
ကိုယ့်ကိုကိုယ်တော့ ချစ်တတ်ရမယ်နော်…

ဘ၀ဆိုတဲ့ အိမ်မက်ရှည်
ခဏတာ မက်တုန်း
သံသယရှင်း၊ အာဃာတကင်း
ပျော်ရွှင်စရာအလျင်းပဲ မက်ရအောင်နော်…

Read More...

Saturday, April 26, 2008

ရဲရဲတင်းတင်း မဲပေးခြင်း

ဒီနေ့ မနက် နိုးလာတော့ ၈နာရီထိုးနေပြီ။ ချက်ချင်း သတိရတာကတော့ မြန်မာသံရုံးကိုသွား ဆန္ဒမဲပေးဖို့ သူငယ်ချင်းတွေနဲ့ ချိန်းထားတာဖြစ်ပါတယ်။ ချိန်းထားတာက ၉ နာရီ ခွဲမှာ Orchard လမ်းမအရောက်ဖြစ်တော့ မိနစ်လေးဆယ်လောက် အချိန်ယူရမှာဖြစ်တော့် ရေချိုး အ၀တ်လဲပြီး အမြန်ထွက်၊ ကားစီးပြီးသွားတာ ချိန်းတဲ့အချိန်ကွက်တိ လောက်ရောက်သွားပါတယ်။

ချိန်းထားတဲ့သူငယ်ချင်းတွေလည်း ရောက်နေပြီးဖြစ်တော့ St. Martin Drive မှာရှိတဲ့ မြန်မာသံရုံးကို အတူ ချီတက်သွားကြပါသည်။ မနေ့က အတွေ့အကြုံကို ပြန်ပြောသူများအရ ဆန္ဒခံယူပွဲအတွက် ဖိတ်စာ လက်ခံမရတဲ့ လူတွေကို မဲပေးခွင့်မပြုကြောင်းသိရပါတယ်။ ကျွန်တော်ကိုယ်တိုင် ဖိတ်စာမရပေမယ့် အခြေအနေကြည့်ပြီး ကြိုးစားကြည့်မယ်ဆိုတဲ့ စိတ်ကူးနဲ့ သွားခဲ့တာပါ။




သံရုံးအရှေ့ ကိုရောက်တော့ လူအနည်းငယ်သာကိုယ့်ရှေ့မှာရှိပြီးတော့ နိုင်ငံကူးလက်မှတ်ပြခိုင်းပါတယ်။ နောက်ပြီး သံရုံးထဲကိုတော့ မဲပေးသူများသာဝင်ခွင့်ပေးပါတယ်။ မဲပေးလိုသူများကိုတော့ နာမည်၊ နိုင်ငံကူးလက်မှတ်အမှတ် နဲ့ မဲစာရင်းအမှတ်စဉ် (ဖိတ်စာအမှတ် လို့ထင်ပါတယ်) ကို စာရွက်သေးသေးလေးပေါ်မှာ ဖြည့်ခိုင်းပါတယ်။ ပါးစပ်နဲ့တော့ ဆက်သွယ်ရန် ဖုန်းနံပါတ်ကိုပါထည့်ခိုင်းပါတယ်။ ထူးဆန်းတာကတော အနားမှာရှိနေတဲ့ တချို့လူတွေကို ရန်ကုန်အိမ်လိပ်စာဖြည့်ခိုင်းနေပြီးတော့ ကျွန်တော့်တို့ကိုတော့ မဖြည့်ခိုင်းပါဘူး။ (ကြည့်ရတာ ဘယ်လိုလုပ်ရမယ်ဆိုတာကို အတိအကျရှိဟန်မတူပါဘူး)။

ဖြည့်ပြီး သံရုံးဝန်ထမ်းကိုပေးလိုက်တော့ ဖိတ်စာပါမပါမေးပါတယ်။ ဖိတ်စာမရကြောင်းပြောတော့ စာရွက်ကိုယူပြီး အထဲဝင်သွားပါတယ်။ ခဏကြာတော့ ပြန်လာပြီး နောက်ဆုံး အခွန်ပြေစာကို ထပ်လာတောင်းပါတယ်။ အခွန်ပြေစာကိုယူသွားပြီး အထဲကိုပြန်ဝင်သွားပါတယ်။ ခဏကြာတော့ ပြန်ထွက်လာကာ အိတ်တွေကို အပြင်မှာထားခဲ့ပြီး သံရုံးထဲကို ၀င်ခွင့်ပေးလိုက်ပါတယ်။ မဲပေးခွင့်တော့ ပေးလိုက်တဲ့သဘောပါ။ အဲဒီလိုနည်းနဲ့သာ လူတိုင်းကို စစ်နေမယ်ဆို လူပေါင်းများစွာမဲပေးဖို့အတွက် အခက်အခဲရှိနိုင်ပါတယ်။

အထဲကိုရောက်တော့ နာမည်စာရင်းကိုဖြည့်ပြီးနောက်။ မဲပေးဖို့ စာရွက်ကလေးနဲ့ စာအိတ်ကလေးကို ပေးပါတယ်။ မဲပေးဖို့စာရွက်ဟာ အင်မတန်ပါးလွှာတဲ့ညိုညစ်ညစ် မြန်မာ ပြည်ဖြစ် အစစ်အမှန်ဖြစ်ပါတယ်။ စာရွက်ပေါ်မှာတော့ ဘာအမှတ်စဉ်မှမပါဘူး။ နာမည်ကို နဲ့ အခြား အမှတ်အသားတွေကိုလည်း မရေးရပါဘူး။ ထောက်ခံလိုရင် အမှန်ခြစ်ပြီး၊ ကန့်ကွက်လိုရင် ကြက်ခြေခတ်ခြစ်ဖို့ ကွက်လပ်ကလေး ပါပါတယ်။ မဲပေးဖို့ အခန်းလေးထဲကို ၀င်ပြီး ကိုယ့်ဆန္ဒကို ရေးသားပါတယ်။ စာအိတ်ထဲထည့်မယ်လုပ်တော့ စာအိတ်က ကော်နဲ့ကပ်နေတော့ ဖွင့်မရလို့ အသေချာခွာရပါသေးတယ်။ စာအိတ်ပြဲသွားမှာလည်း စိုးရသေးတယ်။ ပြီးတော့ စာအိတ်ထဲထည့် ကော်နဲ့ပိတ် ပြီး မဲပုံးထဲထည့်ရပါတယ်။

ဆန္ဒမဲပေးခဲ့ရသည့် အတွေ့အကြုံအရတော့ လွတ်လပ်ပြီး ဘယ်သူဘာပေးတယ်ဆိုတာကို မှတ်သားထားခြင်းမရှိပါဘူး။ တရားမျှပါ့မလားဆိုသော မေးခွန်းကိုတော့ ကျွန်တော်တို့ ဖြေလို့ရမယ်မထင်ပါဘူး။ ဆန္ဒမဲပေးဖို့သာ ကျွန်တော်တို့ရဲ့တာဝန်ပါ။ အဲဒီတော့ ရဲရဲတင်းတင်းမဲသွားပေးလို့ တိုက်တွန်းပါရစေ။

အဲ… ဒီနေရာမှာ လျှို့ဝှက်ပြီး ရဲရဲတင်းတင်း မဲပေးခိုင်းတာနော်။
ကျွန်တော့်သူငယ်ချင်းတယောက်က မဲပေးဖို့ရာ အင်မတန်တက်ကြွပြီး မဲပေးချင်လွန်းလို့ သံရုံးနဲ့ဝေးတဲ့ သူ့အိမ်မှာ ညမအိပ်ပဲ၊ ပိုနီးတဲ့ သူငယ်ချင်းအိမ်မှာညအိပ်ပါတယ်။ မဲပေးဖို့ အခန်းထဲလည်းဝင်သွားရော သူ့မှာ မဲပေးဖို့ရာ ဇဝေဇ၀ါဖြစ်သွားပါတယ်၊ ပြီးတော့ သူပေးတဲ့မဲ ပယ်မဲဖြစ်မှာကိုလည်း အင်မတန်စိုးရိမ်တော့ မဲပေးတဲ့အခန်းလေးထဲကနေပြီးထွက်လာပြီး မဲရုံမှူးကို မေးလိုက်တာကတော့
“ကြက်ခြေခတ်လေးဘေးမှာ ကွင်းပိတ်ပေးရမှာလား…” တဲ့။


Read More...

Monday, April 21, 2008

ငါလိုချင်တာ…

ငါလိုချင်တာ
မင်းရဲ့ လှပတဲ့မျက်လုံး၊
သွယ်တန်းတဲ့ မျက်ခုံး၊
နီမို့မို့ပါးပြင်လေးနဲ့
စွဲမက်ဖွယ် နှုတ်ခမ်းလေးပေါ့၊

ငါလိုချင်တာ
မင်းရဲ့ နက်မှောင်တဲ့ဆံနွယ်၊
အချိုးကျလှတဲ့ ကိုယ်လုံး၊
နုရွရွလက်ချောင်းလေးတွေနဲ့
ဖြောင့်စင်းတဲ့ ခြေတံလေးတွေပေါ့။

ငါလိုချင်တာ
မင်းရဲ့ အကြင်နာအကြည့်၊
နူးညံ့တဲ့ နှလုံးသား၊
ချစ်တတ်တဲ့ အသည်း နဲ့
စာနာတတ်တဲ့ စိတ်ထားလေးပေါ့။

ငါလိုချင်တာ
မင်းရဲ့အချစ်၊
ရလိုက်တာက အမုန်း ဆိုတော့လည်း
ခပ်ပြုံးပြုံးနဲ့ ကျေနပ်လိုက်ပါတယ်။

ငါလိုချင်တာ
မင်းရဲ့ အရာရာအားလုံးဖြစ်နေတာကိုး…

Read More...

Thursday, April 17, 2008

သတိရ နှစ်သစ် ဆုတောင်း

လွန်ခဲ့သော ၁၂ နှစ်၊ ၁၉၉၆ ခု ဧပြီလ ၁၆ ရက် မြန်မာနှစ်ဆန်း ၁ ရက် နေ့ မနက် ၇း၄၀ မှာ ရန်ကုန်တက္ကသိုလ် ခြေလျင်နှင့်တောင်တက်အသင်း မှ အသင်းဝင် ၈၁ ဦး ချင်းပြည်နယ် ၀ိတိုရိယတောင်ထိပ် (၁၀၅၀၀´) ကို အောင်မြင်စွာတက်ရောက်ခဲ့တာကို သတိရစွာဖြင့်….

ခရီးစဉ်ကို အတူသွားခဲ့ကြပြီး ပြောမနာဆိုမနာ ရဲဘော်ရဲဘက် သူငယ်ချင်းများကိုလည်း သတိရလျက်ပါ။

အားလုံး နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ ပျော်ရွှင်ကြပါစေ။

(ပထမ စိတ်ကူးတာကတော့ ၄/၉၆ ကို ဆက်လက်ရေးပြီး နှစ်ဆန်းတရက်နေ့မှာ တောင်ထိပ်အရောက်ရေးဖို့ပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် မပြီးလို့ အခုလို အမှတ်တရစာလေးပဲရေးလိုက်နိုင်ပါတယ်။)

Read More...

Wednesday, April 16, 2008

တို့မြန်မာစာမှာ ဝေါဟာရတွေ များမှများ

အခုတလော စာရေးဖို့ကြံစည်တိုင်း အထမမြောက်တော့ မေမေရေးပြီး ပို့လာတဲ့စာကို တင်လိုက်ပါတယ်။ မေမေက မြန်မာစာနဲ့ပတ်သက်လို့ ကျွမ်းကျင်ပညာရှင်မဟုတ်ပေမယ့် လက်ရှိသုံးနေကြတဲ့ မြန်မာဝေါဟာရနဲ့ ပတ်သက်ပြီး ကိုယ့် စိတ်ထဲရှိတာလေးတွေကို ရေးထားတာပါ။

မေမေ ရေးထားတာကိုဖတ်ပြီးတော့ ကျွန်တော့်စိတ်ထဲမှာ ခိုးလို့ခုလုဖြစ်နေတာလေးကို ပြောချင်လာပါတယ်။ အခုခေတ်မှာ စာရေးတဲ့နေရာဖြစ်ဖြစ် ကဗျာရေးတဲ့နေရာမှဖြစ်ဖြစ် `ရင်ဘတ်ကြီးနဲ့ခံစားရပါတယ်´ `ရင်ဘတ်ထဲကလာတဲ့….´ စာသည်သည်ဖြင့် `ရင်ဘတ်´ဆို တဲ့ အသုံးကို တော်တော်လေးသုံးလာကြပါတယ်။ `ရင်နဲ့အမျှခံစားရတယ်၊ ရင်ထဲကလာတဲ့…´ လို့ အနုပညာဆန်ဆန်သုံရင် ပိုပြီး လေးနက်တယ်လို့ ခံစားရလိုပါပဲ။ တချို့ကဗျာတွေဆို တော်တော်လေးကောင်းပါတယ်၊ ပြီးခါနီးတော့မှ `ဟော့ဒီ ရင်ဘတ်ကြီး…´ ဆိုတဲ့ အသုံးကိုတွေ့တော့ (ကျွန်တော့် အနေနဲ့) တော်တော်လေး ခံစားချက်ပျက်သွားဖူးပါတယ်။ ကိုယ်ပိုင်ခံစားချက်အရဆိုရင်… ရင်ဘတ် ဆိုတာကို အင်္ကျီမပါပဲ ဟောင်းလောင်းဖြစ်နေတဲ့ ရင်ဘတ်ကြီးကိုပဲ ပြေးမြင်လို့ပါပဲ။ ဆိုလိုတာ အပေါ်ယံ ဖြစ်ပြီး ရင်ထဲက ဖြစ်လာတဲ့ ခံစားချက်လို့ ရသမပေးနိုင်ဘူး လို့ ခံစားရလို့ပါပဲ။

အဲဒီ ရင်ဘတ် ဆိုတဲ့ အသုံးကို ခံစားချက်နေရာမှာ စသုံးခဲ့တာကတော့ နာမည်ကျော် လူကြိုက်များ၊ ကျွန်တော်မကြိုက်တဲ့ ကျော်ဟိန်း လို့ ထင်ပါတယ်။

ခေတ်ရေစီးကြောင်းပဲပြောပြော ကျွန်တော်ကတော့ ရင်ဘတ်ကြီးနဲ့ မခံစားတတ်ပဲ ရင်ထဲကပဲ ခံစားတတ်လို့ပါ။

ရင်ထဲကခံစားပြီး ဆက်ဖတ်ပေးပါနော်။ စာလာဖတ်တာကျေးဇူးပါ။

တို့မြန်မာစာမှာ ဝေါဟာရတွေ များမှများ

အရမ်း ဆိုတဲ့ ဝေါဟာရက လူတိုင်းသုံး နေရာတကာမှာ သုံးနေကြတယ်။ ဆိုကြမယ် ပျော်ကြမယ် အခန်းက ဆုရသူလေးများရဲ့ ရင်ခုန်သံ ပြောစကားမှာလည်း "အရမ်း" ၀မ်းသာပါတယ်တဲ့။ အကယ်ဒမီ ဆုယူပြီး ၀မ်းသာစကားပြောကြားတဲ့ ရုပ်ရှင်သရုပ်ဆောင် ထိပ်သီးများကလည်း "အရမ်း" ၀မ်းသာကြောင်း "အရမ်း" ထည့်ပြောပါတယ်။

“အရမ်း....အရမ်း“ ကိုကောင်းပါတယ်ဆိုတဲ့ ထပ်ဆင့်အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင်ရဲ့ ကြော်ငြာစကားကို အတုယူကြလေသလားဘဲ။

မြန်မာဗီဒီယို ဇာတ်လမ်းထဲက သရုပ်ဆောင် တွေရဲ့ ပြောစကားတွေကလည်း "အရမ်း" ဝေါဟာရ၊ ခဏခဏ ကြားရတယ်၊ တစ်နေ့က ထပ်ဆင့်အကယ်ဒမီ ရထားသူ သရုပ်ဆောင် တစ်ဦးက ဘုရားက အရမ်း ကြည်ညိုစရာ ကောင်းတာဘဲတဲ့။

“အရမ်း“ ဝေါဟာရ အသုံးများ လာလိုက်ပုံက ဘုရားကြည်ညိုစရာကို “အရမ်း“ စာလုံးနဲ့ တွဲသုံးတာတော့ လွန်လာပြီလို့ထင်မိတယ်။

ဘာလို့လဲဆိုတော့ အရမ်း ဝေါဟာရ က အရပ်သုံးစကား၊ မကောင်းတဲ့ဘက်တွေမှာ သုံးပါတယ်၊ အရမ်းမောင်း၊ အရမ်းသုံး၊ အရမ်းကာရော၊ အရမ်းဆိုး စတဲ့အသုံးတွေပေါ့။

မဂ္ဂဇင်းတွေဖတ်တဲ့အခါ “အရမ်း“ ကမလွတ်ပါဘူး၊ စကားပြောကြရာမှာ၊ စာရေးသားကြရာမှာ၊ “အရမ်း“ ချည်းတွေ့ရပါတယ်၊ မျိုးဆက်သစ်တွေက “အရမ်း“ စာလုံး နေရာတကာမှာ သုံးနေပါတော့တယ်။

လူကြီးများ စကားပြောတာ ဂရုပြုမိတော့ “အရမ်း“ လွတ်တာတွေ့ရပါတယ်။ အရီးတောင်း ဦးကျော်သိန်းက အရီးတောင်း လက်ဖက်ကြော်ငြာ ကောင်းတဲ့အတွက် ဒါရိုက်တာနဲ့ သရုပ်ဆောင်များကို အထူးအထူး ကျေးဇူးတင်ပါတယ်လို့ ပြောကြောင်းဖတ်ရပါတယ်။

ကောင်းမွန်လေးနက်စေချင်လို့ သုံးရမယ့် ဝေါဟာရ တွေက အလွန်ဆုံး၊ အလွန်တရာ၊ အလွန်အကြူး၊ အလွန်အကျွံ၊ အလွန်အမင်း၊ အလွန့်အလွန် တို့ရှိပါတယ်။ ဒီတော့ အရပ်သုံး ဝေါဟာရ “အရမ်း“ တစ်လုံးတည်းရေလဲ မသုံးပဲ မြန်မာဝေါဟာရများကို သင့်ရာ သင့်ရာ စနစ်တကျ သုံးစွဲစေချင်ပါတယ်။ ဒါမှလည်း ဝေါဟာရ တွေ မပျောက်မှာပါ။

အခုအသုံးများနေတာက အန်တီ၊ အန်ကယ် ဆိုတဲ့ အသုံးအနှုန်းပါ၊ အိမ်နားက စကားပြောတတ်စ ကလေးရဲ့ “တီ..တီ အသံကြားလို့ လှည့်ကြည့်မိမှ မိမိကိုခေါ်နေမှန်းသိရပါတော့တယ်၊ ကလေးရဲ့မိဘတွေက ကျွန်မကို အန်တီ လို့ ခေါ်သံ ကိုမှတ်သားပြီး “တီ“ လို့ခေါ်နေတာကိုး။

အဒေါ် အရွယ်ဆိုရင် “အန်တီ“ ၊ ဦးလေးအရွယ်ဆိုရင် “အန်ကယ်“ လို့ခေါ် လိုက်ကြတာက၊ တောရော မြို့ပါ လူတန်းစား အလွှာအသီးသီး၊ အရွယ်စုံ က သုံးနေကြပါပြီ။ အညာဒေသက၊ ဈေးလာရောင်းကြတဲ့ ကျွန်မတို့လမ်း ထဲက အညာသူ ဈေးသည်အများစု က လည်း အန်တီချင်း မိုးမွှန်လို့ ဈေးခေါ်နေကြလေရဲ့။

သတင်းစာထဲမှာ မွေးနေ့ဆုတောင်းစာရဲ့အောက်မှာ တီတီကြီး၊ တီတီလေး၊ တီတီငယ် ဆိုတာတွေ က အမြဲတွေ့နေရတယ်။

ကျွန်မရဲ့တူမလေးတွေက ကျွန်မကို ဒေါ်လေးလို့ခေါ်ခဲ့ပေမယ့် သူတို့တူလေးကိုတော့ သူတို့ကို “တီတီ“ ခေါ်ဖို့သင်ပေးထားလေရဲ့။ ကျွန်မလည်း တူအရွယ်၊တူမအရွယ်လေးတွေကို စကားပြောရင်း “အန်တီ“လို့ သုံးမိပါတယ်၊ သတိထားပြောမှသာ ဒေါ်ကြီးကလို့ ပြင်ပြောရတော့တယ်။ အသုံးလွယ်တော့ အလွယ်သုံးမိကုန်တာပေါ့။

နိုင်ငံခြားက ပါရဂူ (ဒေါက်တာ) ဘွဲ့ရ စာရေးဆရာမကြီးနဲ့ အရောင်းရဆုံး (Best Seller) စာရေးဆရာမတို့လည်း သူတို့ကိုယ်ကို “အန်တီ“ လို့ ကိုယ်စားပြုသုံးထားတာ ဆောင်းပါးထဲမှာ ဖတ်ရပါတယ်။ တချို့လူကြီးတွေ တီဗွီမှာ အန်တီ၊ အန်ကယ် တဲ့၊ အားလုံးဟာ အန်တီ အန်ကယ် လို့သုံးလာတော့ ကျွန်မတို့ရဲ့ ကြွယ်ဝလှတဲ့ဝေါဟာရတွေ ပျောက်ကွယ်သွားမှာ စိုးရိမ်မိ လာပါတယ်။

ကျွန်မတို့ရဲ့ ဝေါဟာရတွေဟာ အခေါ်အဝေါ်ကို ကြည့်ပြီး အဖေ့ဘက်က တော်စပ်ပုံ၊ အမေ့ဘက်က တော်စပ်ပုံပါ တစ်ခါတည်း သိလိုက်ရကြောင်း အမေလူထုဒေါ်အမာရဲ့ အမေ့ရှေးစကားထဲမှာ ဖတ်မိလိုက်လို့မှတ်သားထားမိပါတယ်။
အဖေ့အစ်ကို - ဘကြီး
အဖေ့ညီ - ဘဒွေး ( ဘထွေး)
အမေ့အစ်ကို - ဦးကြီး
အမေ့မောင် - ဦးလေး
အဖေ့အစ်မ - အရီး
အဖေ့နှမ - အရီးလေး
အမေ့အစ်မ - ကြီးတော်၊ တော်ကြီး၊ ဒေါ်ကြီး
အမေ့ညီမ - ဒေါ်လေး၊ အဒေါ်

ဒေါ်မာလေး ရေးတဲ့ မြန်မာ ဆွေမျိုးစပ် ဝေါဟာရများ စာအုပ်ထဲမှာ တိတိကျကျ၊ ပြည့်ပြည့်စုံစုံ၊ ရှင်းလင်းဖော်ပြထားတာကိုလည်းတွေ့ရပါတယ်။

အဖေ့အစ်ကို ဆိုတာ အဖေ့ထက်ကြီးသူ မြတ်သူဖြစ်လို့ ဖကြီး ထိုမှ ဘကြီး ဖြစ်လာတယ်။
အဖေ့ညီ အဖေ့ထက်ငယ်သူမို့ ဖထွေး မှ ဘထွေး ထိုမှ ဘဒွေး ဖြစ်လာတယ်။

အမိရဲ့ နောက် လင်ကိုလည်း အဖနှင့် မခြား ချစ်အပ်သူအဖြစ် ဖထွေး ထိုမှ ပထွေး လို့ခေါ်ဆိုရေးသားလာကြတယ်။

အဖေ့အစ်မ အဖေ့ထက် အကြီးကို အရီးကြီး၊ အဖေ့ထက် အငယ်နှမ ကို အရီးလေး၊ အဖေ့နှမ အရေအတွက် နှစ်ယောက်ထက်ပိုလာရင် နှမအလတ်ကို အရီးလတ် လို့ခေါ်တယ်။

အမေ့အစ်ကို ကို ကြီးမြတ်သူဖြစ်လို့ ဦးကြီးလို့သုံးပါတယ်။ အခုခေတ် ဦးကြီးအသုံးဟာတောင်သူ လယ်သမားများလို့ ပရိယာယ်စကား အဖြစ်သုံးကြတယ်။

အမေ့မောင် ဦးလေးဆိုတာ ကြီးမြတ်သူကလေး လို့ အဓိပ္ပါယ် ရတယ်။ ဆွေမျိုး မတော်စပ်တဲ့ ဦးမင်းသားချင်းအရွယ်တွေကို လည်း ဦးလေး၊ ဦးမင်း၊ ဦးဦး၊ ဦးကြီး စသဖြင့်ခေါ်စရာ ဝေါဟာရတွေ များမှများပါ။

အမေ့အစ်မ ကြီးမြတ်သူဖြစ်လို့ မိကြီး၊ တော်ကြီး(ဒေါ်ကြီး)၊ကြီးတော် လို့သုံးတယ်။ ဘကြီးရဲ့ဇနီး ကိုလည်း ကြီးမြတ်သူအဖြစ်ထားပြီး ကြီးတော်၊ တော်ကြီး(ဒေါ်ကြီး) လို့သုံးတယ်။

အမေ့ညီမ ကြီးမြတ်သူကလေးမို့ မိထွေး၊ တော်လေး(ဒေါ်လေး) အဒေါ် လို့သုံးတယ်၊၊ အမေ့မောင် ရဲ့ဇနီး ကိုလည်း ဒီအသုံးအတိုင်း သုံးပါတယ်။ အမိ နဲ့ မခြားချစ်ခင်အပ်သူအဖြစ် အဖေ့ရဲ့ နောက် ဇနီးကိုလည်း မိထွေးလို့သုံးပါတယ်။

ဆွေမျိုးမတော်စပ်ပေမယ့် အဒေါ်သားချင်း အရွယ်ရှိသူကို အဒေါ်၊ ဒေါ်ဒေါ်၊ ဒေါ်ကြီး၊ ဒေါ်လေး၊ ကြီးကြီး စသဖြင့်ခေါ်စရာ ဝေါဟာရတွေ ပေါကြွယ်လှပါတယ်။

အခု ကိုရီယားကားတွေ မြန်မာဘာသာ ပြန်ဆိုထားတာက ယောက္ခထီး တဲ့။ တကယ်တော့ ယောက္ခမ လို့ပြောလိုက်ရင် မယား သို့မဟုတ် လင် ရဲ့ အမိ အဖ ကို ဆိုလိုတာပါပဲ။ တစ်ဦးချင်းစီ ခွဲခြား ခေါ်လိုရင်တော့ ယောက္ခမ ယောကျာ်း၊ ယောက္ခမ မိန်းမ လို့ခေါ်ရမှာပါ။
”ထီး” လို့သုံးလိုက်တော့ တစ်မျိုးကြီးဖြစ်သွားပါတယ်။

ယောကျာ်းလေး နဲ့ မိန်းကလေး တို့ထိမ်းမြား လက်ထပ်လိုက်တဲ့အခါ တဖက် တဖက် ဆိုင်ရာ မိဘတို့မှာ လင် ကရော၊ မယား ကပါ နှစ်ဖက် စလုံးနဲ့ ဆိုင်တဲ့ အမိအဖ သဖွယ်ရစ်ပတ်ဖွဲ့ရှက်တွယ်တာ လာသူ လို့ အဓိပ္ပါယ် ရပါတယ်။

ဒီတော့ ကြွယ်ဝလှတဲ့ ကျွန်မတို့ရဲ့ ဝေါဟာရများ မပျောက်ပျက်အောင် ကျွန်မတို့မြန်မာတမျိုးသားလုံး ကိုယ့်မြန်မာဝေါဟာရကို ပြန်လည်သုံးစွဲကြပါစို့လား။

အခုကြားရဖန်များလာတဲ့စဂာားက ” ဘာပြောရမလဲ” နဲ့ ”ပေါ့လေ” ဆိုတဲ့ စကားတွေပါပဲ။ ဒီစကားတွေက တော့ရုပ်သံ ဖန်သားပြင်က တွေ့ဆုံမေးမြန်းချက်တွေမှာ အများဆုံးကြားရတော့ အများလည်းအဲဒီလို လိုက်သုံးကြတာပေါ့။

အကြောင်းအရာဆိုလိုချက်ကို မရောက်သေးဘဲ ဘာပြောရမလဲက စပြောလာတော့ ဘာမှန်းမသိရသေးတဲ့ လိုရင်းအဓိပ္ပါယ်မရောက်ခင် ကြားခံရှည်လျားတဲ့ စကားလုံးတွေပါပဲ၊ မေးမြန်းပြောဆိုချက်တွေ လိုရင်းတိုရှင်း အောင်ပြောကြရအောင်လား။

Read More...

Thursday, April 10, 2008

လက်ဆောင် ၂

ပြီးခဲ့တဲ့လက လက်ဆောင်အကြောင်း စိတ်ကူးပေါက်ပြီးရေးလိုက်မိပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့်အမတယောက်က ကျွန်တော့်အတွက် လက်ဆောင်ပေးဖို့ Liverpool FC အင်္ကျီကိုဝယ်ပြီးပြီလို့ အကြောင်းကြားပြီအချိန် ပြီးတော့ ဒီဘလော့ကိုလည်း ဖတ်မိတဲ့အချိန်ဖြစ်နေတော့ သူ့လက်ဆောင်အကြောင်းမပါသေးလို့ ပြောလာပါတယ်။ ရေးချင်ရက်လက်တို့ ဖြစ်သွားတယ်။ အဟဲ… ဒီပို့စ်မှာတော့ နဲနဲကြွားတာလေး ပါသွားတာကို သည်းခံပါနော်။


အကို နဲ့ ပတ်သက်လို့ အမတော်ပေမယ့် အကို နဲ့ အမ သမီးရည်းစား မဖြစ်ခင် သူငယ်ချင်းဘ၀ လွန်ခဲ့သော ၁၃-၁၄ နှစ်လောက်ကတည်းက သိခဲ့ပြီး အမအရင်းလိုဖြစ်နေခဲ့တာပါ။ သူက နိုင်ငံခြားခရီးတခုကိုသွားတော့ ဘာဝယ်ခဲ့ပေးရမလဲလို့ မေးလာခဲ့ပါတယ်။ ရပါတယ် လို့ ပြောမထွက်တဲ့ ကျွန်တော်က Liverpool FC အင်္ကျီကိုဝယ်ပေးဖို့မှာလိုက်ပါတယ်။ အမကလည်း လိုလိုလားလားပင် ၀ယ်ပေးပြီး ပို့လိုက်ပါတယ်။ Liverpool ဘောလုံးအသင်းကို အားပေးနေပေမယ့် ဒီအင်္ကျီဟာ ကျွန်တော့်အတွက် ပထမဆုံးပိုင်ဆိုင်သော အသင်းရဲ့ merchandise ပစ္စည်းပါပဲ။ လက်ဆောင်ပေးတဲ့ အမကို ကျေးဇူး အထူးတင်ပါတယ်။



အဲ နောက်လက်ဆောင် တခုကို ဒီရက်အတွင်းမှာပဲ ထပ်ပြီးရခဲ့ပါသေးတယ်။ ထပ်ပြီးကြွားရဦးမှာပေါ့။ အဲဒီလက်ဆောင်ကိုတော့ အရမ်းခင်တဲ့ တယောက်ဆီကပေါ့။ သူက အရင်ရေးခဲ့တဲ့ လက်ဆောင် ပို့စ်လေးကို ဖတ်ပြီး စာအုပ်လက်ဆောင်ရရင် ပျော်တယ်ဆိုလို့ ဖတ်ရအောင် စာအုပ်လက်ဆောင် ပို့ပေးလိုက်ပါတယ်။ လျှို့ဝှက်သည်းဖို စာရေးဆရာ The Da Vinci Code ကိုရေးတဲ့ Dan Brown ရဲ့ ပထမဆုံးစာအုပ်ဖြစ်တဲ့ Angels & Demons စာအုပ်ပေါ့။ စာအုပ်နဲ့အတူ ချစ်စရာကောင်းတဲ့ Bookmark လေးပါထည့်ပေးလိုက်ပါသေးတယ်။ စာအုပ်ရောက်ကတည်းက စိတ်ဝင်စားစွာဖတ်ချင်တာ စိတ်သွားတိုင်းကိုယ်မပါ နေဖို့ရာအိမ်ရှာနေတာနဲ့ ရှုပ်နေပါတယ်။ အခုတော့ နေဖို့အိမ်လည်းရပြီမို့ အားချိန်များရရင် စာအုပ်ဖတ်တဲ့ဆီ ခြေဦးလှည့်နိုင်မယ်ထင်ပါတယ်။



အရမ်းခင်တဲ့ သူကလည်း စာအုပ်ကို ချစ်စရာပုံလေးဆွဲပြီးတော့ပေးတော့ ပိုပြီး ကြည်နှုးစရာလေးပေါ့။ ကျေးဇူးတင်ပါတယ်။

အခုတလော အိမ်ကလည်း လူကြုံလို့ဆို မေမေက စာအုပ် နဲ့ စားစရာတွေ ပို့ထားပါသေးတယ်။ ဒါနဲ့ နောက်တခုကျန်သေးတယ်။ ပြည်ပခရီးကပြန်ရောက်တဲ့ သူငယ်ချင်းတယောက်က လက်ဆောင်အဖြစ် အင်္ကျီယူမလား အိတ်ယူမလား ဆိုပဲ။ သေချာတာကတော့ ကျွန်တော်က ရပါတယ် (ကိုAndy ရေးထားသလို) မပြောပါဘူး။ သေချာသွားကြည့်ပြီးမှ ကြိုက်တာကို ယူဖို့ ပြင်ဆင်ထားပါတယ်။ စိတ်ချပါ အဲဒီလက်ဆောင်ကိုတော့ ထပ်ပြီး မကြွားတော့ပါဘူးနော်။ :P

Read More...

Monday, April 7, 2008

အမေမာ

အမေမာ
သားရင်ထဲက ခေါ်ပါရစေ။

အခုတလော အမှတ်တရဖြစ်နေခဲ့တာ
ငယ်ငယ်ကဖတ်ခဲ့တဲ့ ဘဘလှ နဲ့ အမေမာရဲ့
စာအုပ်တွေပေါ့။

နွေကျောင်းပိတ် အပေါ်ထပ်က စာအုပ်စင်နားမှာ
တနေ့တအုပ်ကုန်အောင်ဖတ်တာကို
အားမရဘူး ခဲ့ဘူးလေ။

ဖေဖေ နဲ့ မေမေ ဇနီးမောင်နှံအတွက်
အမှတ်တရ လက်မှတ်ပါတဲ့ စာအုပ်တိုင်းဟာ
သားတို့ အတွက် အလိမ္မာတွေ တိုးခဲ့ပါတယ် အမေ။

တိုင်းရင်းသားပုံပြင်လေးတွေ
ကျွန်တော် နဲ့စတဲ့ စာအုပ်တွေဟာ
အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိနေပြီပေါ့ အမေ။

နွေနေ့လည်ခင်းတခု
အိမ်ကို ရုတ်တရက်ရောက်လာတုန်း
တခါတလေ မီးပူတိုက်တဲ့ အကို ကိုတွေ့တော့
ငါ့သားကြီးက သိတတ်လိမ္မာတယ် ပြောခဲ့တာကို
မျက်စိထဲမြင်နေမိသေးတယ် အမေ။

လူထုတိုက်ကို တစ်ယောက်ထဲအလည်ဝင်လို့
မေမေ့သားပါလို့ပြောမှ မှတ်မိတော့
ငါ့သားတောင် လူပျိုကြီးဖြစ်နေပြီလို့
ပြောခဲ့တာ လည်း သတိရမိတယ် အမေ။

မန္တလေးကို မရောက်ဖြစ်တာ ကြာပေမယ့်
အမေ့သတင်း အမေ့အကြာင်းတွေ
ဖတ်မိ နားစွင့်မိနေပါတယ်။

ဒီနေ့မနက်မှာတော့လေ….ကြားသိလိုက်ရတာက
နိုင်ငံကို အင်မတန်ချစ်ပြီး တိုးတက်နေတာကို မြင်ချင်တဲ့
ကိုလိုနီခေတ်ကျောင်းသားသပိတ်ဦးမှာ ရဲရဲတောက်ပါဝင်ခဲ့တဲ့
နောက်ဆုံးအချိန်အထိ မပြောင်းလဲပဲ ပြည်သူ့အတွက်ရပ်တည်ခဲ့တဲ့
တနိုင်ငံလုံးက အမေ လို့ ချစ်မြတ်နိုးစွာခေါ်တဲ့
သတင်းစာဆရာမကြီး လူထုဒေါ်အမာ
ကွယ်လွန်သွားပြီတဲ့လေ။


တိုင်းပြည်အတွက် အချိန်ကြာမြင့်စွာ နေလိုလလို ထွန်းတောက်ပေးခဲ့တဲ့ အမေမာ ကောင်းရာသုဂတိ လားပါစေ။

Read More...

Thursday, April 3, 2008

ပီတိ - ငပျင်း

ဒီမြန်မာဘလော့လောကမှာ ကိုယ်ရေးချင်တာရေး ပြီးတော့ သူများတွေလိုက်ပြီး ဒုက္ခပေးရေးခိုင်းတဲ့ ခေါ်တာမှားသော်လည်း အများအခေါ် tag လုပ်ကြပါတယ်။ ဘယ်သူမှ ကိုယ့်ကိုလာမရေးခိုင်းတော့ ပျော်နေတုန်း ဒေါ်လင်း က လာပြီးရေးခိုင်းပါတယ်။

အပျင်းဆုံးအလုပ်တဲ့။ ဒေါ်လင်းကို ပြောပါသေးတယ် သူများရေးခိုင်းတာကို ရေးရမှာ အပျင်းဆုံးပဲလို့။ ဒါပေမယ့် သူက မရေးမချင်းအော်နေမယ်ဆိုတော့ နားငြီးဒဏ်မခံနိုင်လို့ ရေးလိုက်ပါ့မယ်။ ရေးမယ့်ရေးတော့လည်း အခုလက်ရှိအပျင်းဆုံးအလုပ်ထက် အသက်အရွယ် အလိုက် အပျင်းဆုံးလို့ ယူဆတာလေးတွေကို ရေးမယ်လို့ စိတ်ကူးထားပါတယ်။

လူကြီးတွေ ပြောပြခဲ့တာ မှတ်မိသလောက် ပြန်ပြောပြရရင်တော့၊ ကျွန်တော် ၆ လ သား အရွယ်မှာ မေမေက ကျောင်းဆရာမ ဖြစ်လို့ နွေရာသီ မွမ်းမံသင်တန်း ကို တခြားမြို့မှာ သွားတက်ရပါတယ်။ ကလေးက ၆ လသား နို့တိုက်အရွယ်ဖြစ်လို့ အဒေါ့်ဆီမှာ နို့ဗူးတိုက်နဲ့ထားခဲ့ရပါတယ်။ လူကြီးတွေ နို့တိုက်ချိန်ရောက်လို့ နို့ဗူးပေးလိုက်ရင် လက်နှစ်ဖက်နဲ့ကိုင် တခါထဲကုန်အောင်စို့ပါတယ်။ ကုန်သွားပြီ မ၀သေးဘူးဆိုရင် ထပ်ပေးဖို့ တခြားကလေးတွေလို ငိုပြီးမတောင်းတတ်ဘူးထင်ပါတယ်၊ လက်ထဲက နို့ဗူးကို နောက်ပြန်ပစ်လိုက်ပြီး တောင်းပါတယ်။ ပထမပိုင်းတော့ ဖန်နို့ဗူးတွေ သုံးပါသေးတယ်။ ဖန်ဗူးတွေက အောက်ကိုကျပြီး ကွဲတော့ နောက်ပိုင်း မခံနိုင်တော့လို့ ပလတ်စတစ်နို့ဗူးတွေ မရမက ရှာပြီးသုံးရတယ်လို့ ပြောပါတယ်။ (အဲဒီအချိန်က ပလတ်စတစ်နို့ဗူးတွေ အခုလို မပေါများသေးပါဘူး)။
ကြည့်ရတာကတော့ နို့စို့အရွယ်မှာ အပျင်းဆုံးအလုပ်ကတော့ နောက်ထပ်နို့ဗူးကို ငိုပြီးတောင်းရတာ အပျင်းဆုံးလို့ထင်ပါတယ်။

အရွယ်ရောက်လာပြီးတော့ မူလတန်းတက်စဉ် မေမေက ကျောင်းစာဖတ်ခိုင်းတယ်ဆို ဆော့နေရာကနေ ချက်ချင်းပဲ တခုမဟုတ်တခုတော့ ပြဿနာရှာပါတော့တယ်။ ခေါင်းကိုက်တယ်၊ ယားတယ်၊ အိပ်ချင်တယ်၊ ဗိုက်ဆာတယ် နဲ့ စုံနေအောင် ပြော ပြီးတော့ အိပ်ယာပေါ်သွားပြီး အိပ်ပါတော့တယ်။ မိသားစုထဲမှာထင်မက ဆွေမျိုးထဲမှာပါ ပြောစမှတ်ဖြစ်တာကတော့၊ မေမေက အကိုနဲ့ မောင်နှမ ၀မ်းကွဲ တွေကို ည ထမင်းစားပြီးရင် စာသင်ပေးလေ့ရှိပါတယ်။ တညမှတော့ မေမေက သူတို့ရှေ့မှာ `သားငယ်ရေ… စာသွားကျက်.. ပြီးရင် အိပ်တော့…´ ပြောလိုက်တာ အကိုတွေ အမတွေက ကျွန်တော့်ကို ၀ိုင်းကြည့်ပါတယ်။ နောက်တော့ မေမေ့ကို ပြောလိုက်တဲ့ ဆင်ခြေက `အမေ… သူတို့က သားကိုဝိုင်းကြည့်နေတယ်…´ လို့ပြောပြီး ပြဿနာလုပ်ပြီး အိပ်ပါတော့တယ်။ အခုအချိန်အထိ ဆွေမျိုးတွေနဲ့တွေ့ရင်ပြောတတ်တာကတော့ ဒီကောင်လေ ငယ်ငယ်က စာကျက်ရမှာ ပျင်းတာပေါ့… နဲ့…။

တခြား စာတွေကို ဖတ်ရတာကိုတော့ မပျင်းပါ၊ ရွှေသွေး၊ မိုးသောက်ပန်း၊ တေဇ နဲ့ တို့ကျောင်းသား စာစောင်တွေကိုတော့ အသစ်ရောက်လာပြီဆို အားလုံးဖတ်ပြီးမှပဲ လက်ကချလေ့ရှိပါတယ်။ မူလတန်းကလေး အရွယ်တုန်းကတော့ ကျောင်းစာဖတ်ရမှာ အပျင်းဆုံးလို့ထင်ပါတယ်။

ကဲ ဒေါ်လင်းရေ.. ပြီးမှပဲ ဆက်ရေးတော့မယ်၊ စာရေးရတာ ပျင်းသွားပြီနော်….….

Read More...

Tuesday, April 1, 2008

ခွင့်လွှတ်ကြပါ

ကျွန်တော် ဒီဘလော့ကိုရေးတာ တနှစ်တောင် မပြည့်သေးပါဘူး။ စရေးပြီးတော့ သူငယ်ချင်း မိတ်တွေတို့ရဲ့ အားပေးမှုကြောင့် ဆက်ပြီးရေးဖြစ်တယ်။ ခံစားချက်ကို ရင်ဖွင့်တဲ့နေရာလည်းဖြစ်၊ အမှတ်တရလည်းရေးဖြစ်တဲ့ နေရာလေးမို့ တကယ်ပဲ သံယောဇဉ်ရှိပါတယ်။ ဒီလို ဘလော့မှာ စာရေးဖြစ်လို့ အဖိုးမဖြတ်နိုင်တာကတော့ မိတ်ဆွေကောင်းများစွာရလိုက်တာပါပဲ။

အခုတော့ စိတ်ထဲမှာ ထိန်းချုပ်ရခက်တဲ့ ခံစားချက်က ပြင်းထန်လာတော့ မဖြစ်မနေ ဒီနေရာလေးကို စွန့်ခွာဖို့ တွန်းအားတွေရှိလာတယ်။

ဘယ်လိုမှ တွေးမထားမိတာတွေ လုပ်ရတော့မယ်။

မိတ်ဆွေအားလုံး ကျွန်တော့်ကို ခွင့်လွှတ်ကြပါ။








ကျွန်တော်က အေပရယ်ဖူးလုပ်တာ အကျင့်ပါနေလို့။ ဟီး….
၁၀ နာရီလောက် စွန့်ခွာရမှာပြောနေတာနော်… :P

Read More...

Ratings