Wednesday, April 16, 2008

တို့မြန်မာစာမှာ ဝေါဟာရတွေ များမှများ

အခုတလော စာရေးဖို့ကြံစည်တိုင်း အထမမြောက်တော့ မေမေရေးပြီး ပို့လာတဲ့စာကို တင်လိုက်ပါတယ်။ မေမေက မြန်မာစာနဲ့ပတ်သက်လို့ ကျွမ်းကျင်ပညာရှင်မဟုတ်ပေမယ့် လက်ရှိသုံးနေကြတဲ့ မြန်မာဝေါဟာရနဲ့ ပတ်သက်ပြီး ကိုယ့် စိတ်ထဲရှိတာလေးတွေကို ရေးထားတာပါ။

မေမေ ရေးထားတာကိုဖတ်ပြီးတော့ ကျွန်တော့်စိတ်ထဲမှာ ခိုးလို့ခုလုဖြစ်နေတာလေးကို ပြောချင်လာပါတယ်။ အခုခေတ်မှာ စာရေးတဲ့နေရာဖြစ်ဖြစ် ကဗျာရေးတဲ့နေရာမှဖြစ်ဖြစ် `ရင်ဘတ်ကြီးနဲ့ခံစားရပါတယ်´ `ရင်ဘတ်ထဲကလာတဲ့….´ စာသည်သည်ဖြင့် `ရင်ဘတ်´ဆို တဲ့ အသုံးကို တော်တော်လေးသုံးလာကြပါတယ်။ `ရင်နဲ့အမျှခံစားရတယ်၊ ရင်ထဲကလာတဲ့…´ လို့ အနုပညာဆန်ဆန်သုံရင် ပိုပြီး လေးနက်တယ်လို့ ခံစားရလိုပါပဲ။ တချို့ကဗျာတွေဆို တော်တော်လေးကောင်းပါတယ်၊ ပြီးခါနီးတော့မှ `ဟော့ဒီ ရင်ဘတ်ကြီး…´ ဆိုတဲ့ အသုံးကိုတွေ့တော့ (ကျွန်တော့် အနေနဲ့) တော်တော်လေး ခံစားချက်ပျက်သွားဖူးပါတယ်။ ကိုယ်ပိုင်ခံစားချက်အရဆိုရင်… ရင်ဘတ် ဆိုတာကို အင်္ကျီမပါပဲ ဟောင်းလောင်းဖြစ်နေတဲ့ ရင်ဘတ်ကြီးကိုပဲ ပြေးမြင်လို့ပါပဲ။ ဆိုလိုတာ အပေါ်ယံ ဖြစ်ပြီး ရင်ထဲက ဖြစ်လာတဲ့ ခံစားချက်လို့ ရသမပေးနိုင်ဘူး လို့ ခံစားရလို့ပါပဲ။

အဲဒီ ရင်ဘတ် ဆိုတဲ့ အသုံးကို ခံစားချက်နေရာမှာ စသုံးခဲ့တာကတော့ နာမည်ကျော် လူကြိုက်များ၊ ကျွန်တော်မကြိုက်တဲ့ ကျော်ဟိန်း လို့ ထင်ပါတယ်။

ခေတ်ရေစီးကြောင်းပဲပြောပြော ကျွန်တော်ကတော့ ရင်ဘတ်ကြီးနဲ့ မခံစားတတ်ပဲ ရင်ထဲကပဲ ခံစားတတ်လို့ပါ။

ရင်ထဲကခံစားပြီး ဆက်ဖတ်ပေးပါနော်။ စာလာဖတ်တာကျေးဇူးပါ။

တို့မြန်မာစာမှာ ဝေါဟာရတွေ များမှများ

အရမ်း ဆိုတဲ့ ဝေါဟာရက လူတိုင်းသုံး နေရာတကာမှာ သုံးနေကြတယ်။ ဆိုကြမယ် ပျော်ကြမယ် အခန်းက ဆုရသူလေးများရဲ့ ရင်ခုန်သံ ပြောစကားမှာလည်း "အရမ်း" ၀မ်းသာပါတယ်တဲ့။ အကယ်ဒမီ ဆုယူပြီး ၀မ်းသာစကားပြောကြားတဲ့ ရုပ်ရှင်သရုပ်ဆောင် ထိပ်သီးများကလည်း "အရမ်း" ၀မ်းသာကြောင်း "အရမ်း" ထည့်ပြောပါတယ်။

“အရမ်း....အရမ်း“ ကိုကောင်းပါတယ်ဆိုတဲ့ ထပ်ဆင့်အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင်ရဲ့ ကြော်ငြာစကားကို အတုယူကြလေသလားဘဲ။

မြန်မာဗီဒီယို ဇာတ်လမ်းထဲက သရုပ်ဆောင် တွေရဲ့ ပြောစကားတွေကလည်း "အရမ်း" ဝေါဟာရ၊ ခဏခဏ ကြားရတယ်၊ တစ်နေ့က ထပ်ဆင့်အကယ်ဒမီ ရထားသူ သရုပ်ဆောင် တစ်ဦးက ဘုရားက အရမ်း ကြည်ညိုစရာ ကောင်းတာဘဲတဲ့။

“အရမ်း“ ဝေါဟာရ အသုံးများ လာလိုက်ပုံက ဘုရားကြည်ညိုစရာကို “အရမ်း“ စာလုံးနဲ့ တွဲသုံးတာတော့ လွန်လာပြီလို့ထင်မိတယ်။

ဘာလို့လဲဆိုတော့ အရမ်း ဝေါဟာရ က အရပ်သုံးစကား၊ မကောင်းတဲ့ဘက်တွေမှာ သုံးပါတယ်၊ အရမ်းမောင်း၊ အရမ်းသုံး၊ အရမ်းကာရော၊ အရမ်းဆိုး စတဲ့အသုံးတွေပေါ့။

မဂ္ဂဇင်းတွေဖတ်တဲ့အခါ “အရမ်း“ ကမလွတ်ပါဘူး၊ စကားပြောကြရာမှာ၊ စာရေးသားကြရာမှာ၊ “အရမ်း“ ချည်းတွေ့ရပါတယ်၊ မျိုးဆက်သစ်တွေက “အရမ်း“ စာလုံး နေရာတကာမှာ သုံးနေပါတော့တယ်။

လူကြီးများ စကားပြောတာ ဂရုပြုမိတော့ “အရမ်း“ လွတ်တာတွေ့ရပါတယ်။ အရီးတောင်း ဦးကျော်သိန်းက အရီးတောင်း လက်ဖက်ကြော်ငြာ ကောင်းတဲ့အတွက် ဒါရိုက်တာနဲ့ သရုပ်ဆောင်များကို အထူးအထူး ကျေးဇူးတင်ပါတယ်လို့ ပြောကြောင်းဖတ်ရပါတယ်။

ကောင်းမွန်လေးနက်စေချင်လို့ သုံးရမယ့် ဝေါဟာရ တွေက အလွန်ဆုံး၊ အလွန်တရာ၊ အလွန်အကြူး၊ အလွန်အကျွံ၊ အလွန်အမင်း၊ အလွန့်အလွန် တို့ရှိပါတယ်။ ဒီတော့ အရပ်သုံး ဝေါဟာရ “အရမ်း“ တစ်လုံးတည်းရေလဲ မသုံးပဲ မြန်မာဝေါဟာရများကို သင့်ရာ သင့်ရာ စနစ်တကျ သုံးစွဲစေချင်ပါတယ်။ ဒါမှလည်း ဝေါဟာရ တွေ မပျောက်မှာပါ။

အခုအသုံးများနေတာက အန်တီ၊ အန်ကယ် ဆိုတဲ့ အသုံးအနှုန်းပါ၊ အိမ်နားက စကားပြောတတ်စ ကလေးရဲ့ “တီ..တီ အသံကြားလို့ လှည့်ကြည့်မိမှ မိမိကိုခေါ်နေမှန်းသိရပါတော့တယ်၊ ကလေးရဲ့မိဘတွေက ကျွန်မကို အန်တီ လို့ ခေါ်သံ ကိုမှတ်သားပြီး “တီ“ လို့ခေါ်နေတာကိုး။

အဒေါ် အရွယ်ဆိုရင် “အန်တီ“ ၊ ဦးလေးအရွယ်ဆိုရင် “အန်ကယ်“ လို့ခေါ် လိုက်ကြတာက၊ တောရော မြို့ပါ လူတန်းစား အလွှာအသီးသီး၊ အရွယ်စုံ က သုံးနေကြပါပြီ။ အညာဒေသက၊ ဈေးလာရောင်းကြတဲ့ ကျွန်မတို့လမ်း ထဲက အညာသူ ဈေးသည်အများစု က လည်း အန်တီချင်း မိုးမွှန်လို့ ဈေးခေါ်နေကြလေရဲ့။

သတင်းစာထဲမှာ မွေးနေ့ဆုတောင်းစာရဲ့အောက်မှာ တီတီကြီး၊ တီတီလေး၊ တီတီငယ် ဆိုတာတွေ က အမြဲတွေ့နေရတယ်။

ကျွန်မရဲ့တူမလေးတွေက ကျွန်မကို ဒေါ်လေးလို့ခေါ်ခဲ့ပေမယ့် သူတို့တူလေးကိုတော့ သူတို့ကို “တီတီ“ ခေါ်ဖို့သင်ပေးထားလေရဲ့။ ကျွန်မလည်း တူအရွယ်၊တူမအရွယ်လေးတွေကို စကားပြောရင်း “အန်တီ“လို့ သုံးမိပါတယ်၊ သတိထားပြောမှသာ ဒေါ်ကြီးကလို့ ပြင်ပြောရတော့တယ်။ အသုံးလွယ်တော့ အလွယ်သုံးမိကုန်တာပေါ့။

နိုင်ငံခြားက ပါရဂူ (ဒေါက်တာ) ဘွဲ့ရ စာရေးဆရာမကြီးနဲ့ အရောင်းရဆုံး (Best Seller) စာရေးဆရာမတို့လည်း သူတို့ကိုယ်ကို “အန်တီ“ လို့ ကိုယ်စားပြုသုံးထားတာ ဆောင်းပါးထဲမှာ ဖတ်ရပါတယ်။ တချို့လူကြီးတွေ တီဗွီမှာ အန်တီ၊ အန်ကယ် တဲ့၊ အားလုံးဟာ အန်တီ အန်ကယ် လို့သုံးလာတော့ ကျွန်မတို့ရဲ့ ကြွယ်ဝလှတဲ့ဝေါဟာရတွေ ပျောက်ကွယ်သွားမှာ စိုးရိမ်မိ လာပါတယ်။

ကျွန်မတို့ရဲ့ ဝေါဟာရတွေဟာ အခေါ်အဝေါ်ကို ကြည့်ပြီး အဖေ့ဘက်က တော်စပ်ပုံ၊ အမေ့ဘက်က တော်စပ်ပုံပါ တစ်ခါတည်း သိလိုက်ရကြောင်း အမေလူထုဒေါ်အမာရဲ့ အမေ့ရှေးစကားထဲမှာ ဖတ်မိလိုက်လို့မှတ်သားထားမိပါတယ်။
အဖေ့အစ်ကို - ဘကြီး
အဖေ့ညီ - ဘဒွေး ( ဘထွေး)
အမေ့အစ်ကို - ဦးကြီး
အမေ့မောင် - ဦးလေး
အဖေ့အစ်မ - အရီး
အဖေ့နှမ - အရီးလေး
အမေ့အစ်မ - ကြီးတော်၊ တော်ကြီး၊ ဒေါ်ကြီး
အမေ့ညီမ - ဒေါ်လေး၊ အဒေါ်

ဒေါ်မာလေး ရေးတဲ့ မြန်မာ ဆွေမျိုးစပ် ဝေါဟာရများ စာအုပ်ထဲမှာ တိတိကျကျ၊ ပြည့်ပြည့်စုံစုံ၊ ရှင်းလင်းဖော်ပြထားတာကိုလည်းတွေ့ရပါတယ်။

အဖေ့အစ်ကို ဆိုတာ အဖေ့ထက်ကြီးသူ မြတ်သူဖြစ်လို့ ဖကြီး ထိုမှ ဘကြီး ဖြစ်လာတယ်။
အဖေ့ညီ အဖေ့ထက်ငယ်သူမို့ ဖထွေး မှ ဘထွေး ထိုမှ ဘဒွေး ဖြစ်လာတယ်။

အမိရဲ့ နောက် လင်ကိုလည်း အဖနှင့် မခြား ချစ်အပ်သူအဖြစ် ဖထွေး ထိုမှ ပထွေး လို့ခေါ်ဆိုရေးသားလာကြတယ်။

အဖေ့အစ်မ အဖေ့ထက် အကြီးကို အရီးကြီး၊ အဖေ့ထက် အငယ်နှမ ကို အရီးလေး၊ အဖေ့နှမ အရေအတွက် နှစ်ယောက်ထက်ပိုလာရင် နှမအလတ်ကို အရီးလတ် လို့ခေါ်တယ်။

အမေ့အစ်ကို ကို ကြီးမြတ်သူဖြစ်လို့ ဦးကြီးလို့သုံးပါတယ်။ အခုခေတ် ဦးကြီးအသုံးဟာတောင်သူ လယ်သမားများလို့ ပရိယာယ်စကား အဖြစ်သုံးကြတယ်။

အမေ့မောင် ဦးလေးဆိုတာ ကြီးမြတ်သူကလေး လို့ အဓိပ္ပါယ် ရတယ်။ ဆွေမျိုး မတော်စပ်တဲ့ ဦးမင်းသားချင်းအရွယ်တွေကို လည်း ဦးလေး၊ ဦးမင်း၊ ဦးဦး၊ ဦးကြီး စသဖြင့်ခေါ်စရာ ဝေါဟာရတွေ များမှများပါ။

အမေ့အစ်မ ကြီးမြတ်သူဖြစ်လို့ မိကြီး၊ တော်ကြီး(ဒေါ်ကြီး)၊ကြီးတော် လို့သုံးတယ်။ ဘကြီးရဲ့ဇနီး ကိုလည်း ကြီးမြတ်သူအဖြစ်ထားပြီး ကြီးတော်၊ တော်ကြီး(ဒေါ်ကြီး) လို့သုံးတယ်။

အမေ့ညီမ ကြီးမြတ်သူကလေးမို့ မိထွေး၊ တော်လေး(ဒေါ်လေး) အဒေါ် လို့သုံးတယ်၊၊ အမေ့မောင် ရဲ့ဇနီး ကိုလည်း ဒီအသုံးအတိုင်း သုံးပါတယ်။ အမိ နဲ့ မခြားချစ်ခင်အပ်သူအဖြစ် အဖေ့ရဲ့ နောက် ဇနီးကိုလည်း မိထွေးလို့သုံးပါတယ်။

ဆွေမျိုးမတော်စပ်ပေမယ့် အဒေါ်သားချင်း အရွယ်ရှိသူကို အဒေါ်၊ ဒေါ်ဒေါ်၊ ဒေါ်ကြီး၊ ဒေါ်လေး၊ ကြီးကြီး စသဖြင့်ခေါ်စရာ ဝေါဟာရတွေ ပေါကြွယ်လှပါတယ်။

အခု ကိုရီယားကားတွေ မြန်မာဘာသာ ပြန်ဆိုထားတာက ယောက္ခထီး တဲ့။ တကယ်တော့ ယောက္ခမ လို့ပြောလိုက်ရင် မယား သို့မဟုတ် လင် ရဲ့ အမိ အဖ ကို ဆိုလိုတာပါပဲ။ တစ်ဦးချင်းစီ ခွဲခြား ခေါ်လိုရင်တော့ ယောက္ခမ ယောကျာ်း၊ ယောက္ခမ မိန်းမ လို့ခေါ်ရမှာပါ။
”ထီး” လို့သုံးလိုက်တော့ တစ်မျိုးကြီးဖြစ်သွားပါတယ်။

ယောကျာ်းလေး နဲ့ မိန်းကလေး တို့ထိမ်းမြား လက်ထပ်လိုက်တဲ့အခါ တဖက် တဖက် ဆိုင်ရာ မိဘတို့မှာ လင် ကရော၊ မယား ကပါ နှစ်ဖက် စလုံးနဲ့ ဆိုင်တဲ့ အမိအဖ သဖွယ်ရစ်ပတ်ဖွဲ့ရှက်တွယ်တာ လာသူ လို့ အဓိပ္ပါယ် ရပါတယ်။

ဒီတော့ ကြွယ်ဝလှတဲ့ ကျွန်မတို့ရဲ့ ဝေါဟာရများ မပျောက်ပျက်အောင် ကျွန်မတို့မြန်မာတမျိုးသားလုံး ကိုယ့်မြန်မာဝေါဟာရကို ပြန်လည်သုံးစွဲကြပါစို့လား။

အခုကြားရဖန်များလာတဲ့စဂာားက ” ဘာပြောရမလဲ” နဲ့ ”ပေါ့လေ” ဆိုတဲ့ စကားတွေပါပဲ။ ဒီစကားတွေက တော့ရုပ်သံ ဖန်သားပြင်က တွေ့ဆုံမေးမြန်းချက်တွေမှာ အများဆုံးကြားရတော့ အများလည်းအဲဒီလို လိုက်သုံးကြတာပေါ့။

အကြောင်းအရာဆိုလိုချက်ကို မရောက်သေးဘဲ ဘာပြောရမလဲက စပြောလာတော့ ဘာမှန်းမသိရသေးတဲ့ လိုရင်းအဓိပ္ပါယ်မရောက်ခင် ကြားခံရှည်လျားတဲ့ စကားလုံးတွေပါပဲ၊ မေးမြန်းပြောဆိုချက်တွေ လိုရင်းတိုရှင်း အောင်ပြောကြရအောင်လား။

4 comments:

စိုးထက် - Soe Htet ! said...

ရင်တွင်း ဖြစ်တွေ လည်း မနည်းမနော ဗျ :P

အောင်သာငယ် said...

ဒီပို့စ်ကို အရမ်း..အရမ်း...ရင်ဘတ်ထဲက ကြိုက်ပါတယ်လို့ မပြောရဲပါဘူးဗျာ။ ရင်ထဲက အလွန့်...အလွန် ကြိုက်ပါတယ်လို့ပဲ ပြောပါရစေ။ ဆက်ရေးဖို့လည်း တိုက်တွန်းပါရစေ။

Kay said...

ကိုပီတိ ရဲ့မေမေ ပြောသလို.. အပြည့်အစုံ ရှိ ပြီးသား မြန်မာ ဝေါဟာရ တွေ..တိုက်စား ခံ ရ တာ.. သတိ ထား အလေးမူ သင့် ပါတယ်။ နိုင်ငံတကာသုံး အင်္ဂလိပ်စကား တွေ ဆို လည်း.. sms တွေ..internet တွင်ကျယ်လာမူ တွေ ကြောင့် ပြောင်းလဲ တိုက်စား ခံ နေ ကြ ရ တယ်။ ဥပမာ easy ကို EZY . googling တို့။

ဒါလေး တွေ..မှတ်တမ်းတင် ထား သင့်တယ်။

ဂျစ်တူး - gyit_tu said...

မကေ ဆက်စပ်ပြောထားတာလေး ကြိုက်တယ် ။ ဟုတ်တယ် .. ဘာသာစကားဟာလည်း အချိန်နဲ့အမျှ ပြောင်းလဲနေတယ်လို့ ဆိုနိုင်တယ် ။

Ratings