Tuesday, April 29, 2008

၎/၉၆ - တတိယပိုင်း

၎/၉၆ - ဒုတိယပိုင်း အပြီး တတိယပိုင်းကို တော်တော်နဲ့ မရေးဖြစ်ပါဘူး။ အကြောင်းပြချက်ကတော့ ထုံးစံအတိုင်း အလုပ်ရှုပ်နေလို့ ပါပဲ။ ဖတ်ပြီးသော မိတ်ဆွေတွေလည်းမေ့နေလောက်ပါပြီ။ ဒီဇာတ်လမ်းကို ဒီမှာ ဖတ်လို့ရပါတယ်ခင်ဗျာ

ဘာပဲဖြစ်ဖြစ် သည်းခံပြီး ဖတ်ပေးသော မိတ်ဆွေများကို အထူးကျေးဇူးတင်ပါတယ်။


နောက်နေ့မနက် ၆နာ၇ီခွဲလောက်မှာ ဘေးပတ်ဝန်ကျင် မှ အသံများကြားပြီးနိုးလာပါသည်။ အညာနွေမနက်မှာပူအိုက်စပ်စပ်ဖြစ်နေတာ့ မျက်နှာသစ် သွားတိုက်ပြီးတော့ ရေကိုပါတခါတည်းချိုး၊ အိပ်ယာသိမ်း၊ ပစ္စည်းတွေတခါတည်းထည့်ထားလိုက်ပါသည်။

ဒီနေသွားမည့်ခရီး အတွက်ကို တွေးပြီးတော့ ပျော်နေမိပါသည်။ ပခုက္ကူမြို့ မှ ချင်းပြည်နယ် မင်းတပ်မြို့သို့ ပုံတောင်ပုံညာ တောင်တန်းများကို ဖြတ်ကျော်သွားရမည်ကို စိတ်လှုပ်ရှားနေမိပါသည်။

မနက်စာ စားအပြီး ကုန်လမ်းပို့ဆောင်ရေးမှ ကားများအလာစောင့်ရင်း တယောက်နဲ့တယောက် စကြပြောင်ကြ ပျော်ရွှင်နေမိပါသည်။ အဲဒီအချိန် မင်းသူ (ဂွေးတိုး ခေါ် GT) က ကျွန်တော့်ကိုလာပြီး ပြောင်စပ်စပ်မျက်နှာနဲ့
`ပီတိ… မင်းနဲ့ လှမျိုးနဲ့က ညီအကို ဆိုယုံလောက်တယ်… ရုပ်ချင်းကလည်းဆင် အသားညိုတာကလည်းတူတယ်။´
ပြုံဖြီးဖြီးဆက်ပြီးပြောပါတယ် `လှမျိုးကို ငါတို့ လ(မ)ရွတ် လို့နာမည်ပေးထားတော့ လိုက်သွားအောင် မင်းကို ဇရွတ် လို့နာမည်ပေးမယ်… ဟားဟား.. ဟုတ်တယ် လ(မ)ရွတ် နဲ့ ဇရွတ်… ကုလားညီနောင်ပေါ့… ဟားဟား ´

သူ့ဟာသူပြောပြီး သဘောကျကာ ရီနေပါတယ်။ ဘေးက သူငယ်ချင်းတွေကလည်း သူတို့နာမည်ပြောင်တွေရပြီး မရသေးတဲ့လူတွေကို ပေးချင်နေတော့ ၀ိုင်းပြီးထောက်ခံကာ နာမည်ကို အတည်ပြုနေကြပါသည်။ လူညီနေတော့ လက်မခံချင်လည်း နောက်ပိုင်းမှာတော့ ဒီနာမည်ကို ပဲ အခေါ်ခံရတော့မယ်ဆိုတာသိနေမိပါသည်။

မင်းသူ က အဲဒါနဲ့ မရပ်သေး `ကုလားညီနောင်ရှိတော့ အမေတော့ရှိရမှာပေါ့´။ ဒီကောင်ကြည့်ရတာ ညက ပိုးဟပ်နဲ့စ အထားခံရလို့ သူများတွေကို ပြန်စချင်နေပုံပေါက်တယ်။

`ဟေ့ကောင်တွေ… မစန္ဒာ ကို ဒီကောင်တွေအမေလုပ်မယ်၊ နာမည် ဘယ်လိုပေးမလဲ…´
ဘေးက စိုးပိုင် (ပြောင်ကြီး၊ လူတကာကို နောက်လွန်းပြောင်လွန်းလို့ပေးထားတာပါ။) က
`ရန်ကုန်မှာ ပွဲဈေးတွေမှာ အကြော်ရောင်းတဲ့ ကုလားမကြီး ဒေါ်အရှာဘီလို့ ပေးလိုက်ပေါ့´
လို့ဝင်ပြောတော့ အားလုံးက ကန့်ကွက်သူမရှိ ထောက်ခံကြပါသည်။

မစန္ဒာသည် အားလုံးထက် အသက်ကြီးပြီး အသားလည်းညိုပါသည်။ ပြီးတော့ ဆတ်ဆတ်ထိမခံပြန်ပြောတတ်တော့ အားလုံးက သူ့ကို စချင်နေကြသည်။ အချိန်အခါကိုက်သွားတော့ အားလုံးက မစန္ဒာကို ဒေါ်အရှာဘီလို့ နာမည်ပေးပြီး ကျွန်တော် နဲ့ လှမျိုးကိုတော့ သူ့ရဲ့သားနှစ်ယောက်ပေါ့။ သန့်စင်ထွန်း (Dirty) က `ဒီနှစ်ကောင်ကိုအမေတော့ ရှာပေးကြတယ် အဖေကိုလည်းရှာပေးကြဦးလေ…´

ထိုစဉ်….
`ရွှီ….´

အားလုံး မစဉ်းစားပဲသိလိုက်ပြီ။ ဆရာမျိုး ၀ီစီ သံကြားလျှင်တန်းစီရတော့မည်။ မြဧရာအဆောင်ရှေ့ကို အားလုံးထွက်လာကြပြီး တပ်စိတ်အလိုက် တန်းစီလိုက်ပါသည်။ တပ်စိတ်မှုတွေက တပ်စိတ်ရှိလူ ပြည့်မပြည့် သတင်းပို့ပါသည်။

အားလုံးကို ဆရာမျိုးက ညက မှာပြီးသား သတိပေးစကားကို ထပ်ပြီး ပြောပါသည်။ အင်မတန်အရေးကြီးလို့သာ ထပ်ပြောခြင်းဖြစ်သည်ကို အားလုံးနားလည်လိုက်ပါသည်။

ဆရာမျိုးက ဆက်ပြီးတော့
`… ပြီးခဲ့တဲ့ နှစ်ရက်လောက်က မင်းတပ်က ပြန်လာတဲ့ အငြိမ့်အဖွဲ့ကားတစီး ပုံတောင်အဆင်းတွင် ချောက်ထဲ ကျသွားတယ်၊ ပြီးတော့ တော်တော် ဆိုးဆိုးရွားရွား အထိအခိုက်ရှိတယ်လို့ ကြားရတယ်။ အဲတော့ သတိဆိုတာ ပိုတယ်မရှိဘူး။ ဘာမေးစရာရှိလဲ။´

`မရှိပါဘူး…´

`ဆရာတို့ရော ဘာများပြောစရာရှိပါသေးလဲ…´
ဆရာမျိုးက တခြား အုပ်ချုပ်ရေးအဖွဲ့ဝင်ဆရာ၊ဆရာမများဘက်သို့ လှည့်ပြီးမေးလိုက်ပါသည်။

`ကဲ သတ်မှတ်ထားတဲ့ကားအပေါ်တက် ၊အားလုံးပြီးရင်သွားမယ်။ တပ်စိတ်မှူးတွေ ကိုယ့်တပ်စိတ်က လူတွေ စုံမစုံသေချာစစ်ပါ။ ဘယ်သူမဆို အဖွဲ့ကနေ အပြင်သွားစရာရှိရင် တပ်စိတ်မှူးကို ပြောပြီးသွားပါ။´

တန်းဖြုတ်ပြီး ပစ္စည်းတွေယူပြီး စောင့်နေသော ကုန်လမ်းပို့ဆောင်ရေးမှ ဟီးနိုးကာအပြာကြီးတွေအပေါ်တင်ကြပါသည်။ ပစ္စည်းတွေတင်ပြီးတော့ လူတွေတက်ပြီး နေရာယူကြပါသည်။ ကားတစီးကို တယောက်၄၀ခန့် စီးရသောကြောင့် အနည်းငယ်ကျပ်သော်လည်း ကားထွက်ပြီး မကြာမှီအိပ်ပျော်တတ်ကြသောကြောင့် ဘာမှသိတော့မည်မဟုတ်ပါ။

အဖွဲ့ဝင်အားလုံးကားပေါ်တက်နေရာယူ၊ လူစစ်ပြီးနောက် နံနက် ၁၀း၄၀ နာရီမှ စတင်ထွက်လာခဲ့ကြာတော့သည်။

စထွက်ပြီးမကြာမီ သင်္ကြန်တွင်းပေမို့ ရေပက်ခြင်းကိုကြုံရသည်။ ပခုက္ကူမြို့မှ စထွက်လာကတည်းက အားလုံး ငြိမ်လိုက်ကြပြီး ပရိတ်ရွတ်၊ ဘုရားစာတွေ ရွတ်လာကြပါသည်။

ပခုက္ကူမြို့မှထွက်လာပြီးတာနဲ့ မြေလမ်းနဲ့ကြုံပါတော့သည်။ အညာမှာ တွေ့ရသော တောလမ်းများအတိုင်း တောင်ကုန်း တောင်တောင်ကွေ့လေးများနဲ့ သဲချောင်းများစွာကို နေပူပြင်းပြင်းအောက်မှာ ကျော်ဖြတ်ရပါသည်။

ကျွန်တော့်တို့တပ်စိတ်ပါသောကားက ရှေ့ကသွားတော့ နောက်ကားကို ဖုန်လုံးကြီးအောက်မှာ မှုန်ဝါးဝါးသာတွေ့ရပါတော့သည်။ နောက်မှလိုက်လာသောကားမှာတော့ မသက်သာပါ၊ နေမြင့်လာတော့ အပူရှိန်လည်းမြင့်လာပါတော့သည်။

ထွက်လာပြီးတော့ သိပ်မကြာခင် ကားရပ်သွားပါသည်။

`ကဲ ထမင်းစားကြမယ်…´ ခပ်၀၀ ဆရာစိန်ထံမှအသံထွက်လာပါသည်။
`ဆရာ… ဗိုက်ဆာပြီလား…´
`အေးကွ… ဆာနေပြီ…´
အားလုံးက ရယ်လိုက်ကြပါသည်။

တချို့လည်းအိပ်နေရာမှ အိပ်ချင်မူးတူးနဲ့ ထလာပါသည်။

ကျွန်တော်တို့ ယောက်ျားလေးတွေကတော့ မြန်မြန်ဆန်ဆန် အောက်ကိုဆင်း အညောင်းဖြေရင်း ပတ်ဝန်ကျင်ကိုလေ့လာပါသည်။ အတန်အသင့်စည်သော ရွာလေးဖြစ်ပါသည်။

ကားပေါ်မှာ အိပ်ချင်မူးတူနဲ့ ဆင်းလာသော ကလန်ကလား ရန်အောင်စိုး (ရှဒီး၊ Shade ကို ရှိတ်လို့မထွက်ပဲ ရှဒီထွက်လိုက်မိသောကြောင့်) ကိုတွေ့တော့…

`ရှဒီး… အိပ်လို့ကောင်းလား´
`ကောင်းတာပေါ့ကွ ဇရွတ်ရ… ငါ ကြက်ဥကျော်ချင်လို့ လိုက်ဦးမလား…´
(အပေါ့သွားခြင်းကို ကျွန်တော်တို့အဖွဲ့က ကြက်ဥကျော်သည် ဟုတ်ခေါ်ပါသည်။ ဘာကြောင့်ခေါ်သလဲ သိချင်ရင်တော့ တိုးတိုးလေး မေးပါခင်ဗျာ)

`အေး.. ခင်ဗျား အိပ်ချင်မူးတူးနဲ့ ကြက်ဥကျော်… ဒီရွာကထွက်ရင် ခင်ဗျားတော့ ဘ၀ကပြောင်းသွားမယ်နော်…´
`ဘာလဲကွ…´
`ခင်ဗျားမသိဘူးလား… ဒီရွာနာမည်က ဂျိုးပျံတဲ့… အိပ်ချင်မူးတူးတဲ့ ကြက်ဥကျော်နေတုန်း ခင်ဗျားဂျိုးကပျံသွားမှဖြင့်… ဟားဟား´
`ဟာ… ဒီကောင်ကွာ… ´

တဆိုင်တည်းရှိသော ထမင်းဆိုင်မှာ စားဖို့ကြည့်တော့ ထမင်းဆီဆမ်းနဲ့ ကြက်သားကြော်ကိုပဲ ရောင်းတာကိုတွေ့ရသည်။

ဆိုင်ပိုင်ရှင်ခမျာမှာလည်း ဒီလောက်လူအုပ်ကို တခါမှ ရောင်ဖူးဟန်မတူ။ တဆိုင်လုံးပျာယာခတ်ပြီး မနိုင်မနင်းဖြစ်နေတော့ မကလျာ (လျာကြီး)၊ မအေးခိုင် (ဘွိုင်လာ) နဲ့ သီသီဆွေ (ရိန်း) တို့ အဖွဲ့ပါဝင်ပြီး ထမင်းဆိုင်ရှင်ကို ၀ိုင်းပြီးကူကြရတော့သည်။ ဗိုက်ကလည်းဆာ ကြက်ကြော်နဲ့ ထမင်းကလည်း အင်မတန်မှလည်း စားလို့ ကောင်းလှပါသည်။

စားပြီးကားပေါ်တက်ပြီးနေရာယူကြပါသည်။ ချွတ်ထားသော ကျွန်တော့နေကာမျက်မှန်ကို မစန္ဒာတက်ပြီးထိုင်မိနေတော…့

`ဒေါ်အရှာဘီ… ´
ကျွန်တော့်ပါးစပ်ကလည်းရောင်ပြီးထွက်သွားသည်။
`ဘာလဲ… နင်တို့ ငါ့ကို အဲလို မခေါ်ကြနဲ့… သေနာလေးတွေ…´
`မဟုတ်ဘူး.. အမ ကျွန်တော့်မျက်မှန်ပေါ်တက်ထိုင်နေလို့….´
`အော်.. အေးအေး… ဘာဖြစ်သွားသေးလဲ… ဆောရီးနော်´
တော်သေးတာပေါ့ မျက်မှန်ကို သူကတက်ဖိထားတာလည်း ဘာမှမဖြစ် တက်ဖိထားမိတော့လည်း သူကပြန်တောင်းပန်လို့။ မဟုတ်ရင် ဒေါ်အရှာဘီ အပြောအဆိုခံရတောမလို့ပေါ။့

နေ့လည် ၁နာရီလောက်မှာ ဂျိုးပျံရွာမှထွက်လာပြီး ခုန်ပေါက်၊ ဖုန်ထူ၊ ပူပြင်းသော လမ်းတလျောက် အမြန်ဆုံးမောင်းနိုင်လာ တနာရီ ၁၅မိုင်နှုန်းလောက်နဲ့ ခရီးဆက်ထွက်ခဲ့တော့သည်။ ပူပြင်းတော့လည်း ခရီးတလျှောက် အိပ်လိုက်လာမိပါသည်။

ရေပြာရွာမှာ ခဏနားကြပါသည်။ ရေပြာရွာမှာတော့ သင်္ဘောသီးများပေါပေါတွေ့ရတော့ ၀ယ်စားမိပါသေးသည်။

ညနေ ၃း၃၀လောက်မှာတော့ ခဲမဖြူရွာကိုရောက်ပါတော့သည်။ ကားသမားအဖွဲ့တွေကတော့ ပေါက်သွားသော ကားဘီးကိုလဲ ကြပါသည်။ အဖွဲ့ဝင်အားလုံး အောက်ကိုဆင်း ကြက်ဥကြော်ကြ တဲ့လူကကြော် (အပေါ့သွား) အနားက ဆိုင်လေးက ထိုင်ခုံလေးပေါ်ထိုင်ပြီး အညောင်းဖြေကြနဲ့ အနားယူနေကြပါသည်။

`ကဲ…ကောင်လေး နောက်ကျွမ်း… နှောင်ဗေနှောင်… ကောင်လေးရှေ့ကျွမ်း… ´



အသံကြားရာကို ကြည့်လိုက်တော့ ကျော်ကျော် (မိကျော်မ) တယောက် ကားနှစ်စီးရပ်ထားတဲ့ကြားမှာ ပါးစပ်ဆိုင်းတီးပြီး မျောက်မပါတဲ့ မျောက်ပွဲကနေလေရဲ့။ အနားမှာ ရှိကလေးများကလည်း သဘောကျပြီး ၀ိုင်းကြည့်နေကြလေသည်။

မျောက်ပွဲပြီးတော့ မြင့်ထွန်း (တုံးလုံး) ကအော်လိုက်သည်။
`ဟေ့ကောင်တွေ၊ ငါတို့ ၀ိတိုရိယတောင် မတက်ခင် ဒီနားလေးက ကုန်းလေးပေါ် တက်ကြည့်ရအောင်…´

တောင်ကုန်းလေးက သိပ်မမြင့်ပေမယ့် နေပူကြဲကြဲမှာ ခရီးက ပန်းနေတော့ ဘယ်သူမှ တက်ဖို့ စိတ်မ၀င်စားပါ။ ဒါပေမယ့် အငြိမ်မနေတတ်သော ထွန်းလှအောင် (နိုင်နိုင်း) က ထောက်ခံလိုက်သည်။
`အေး ဟုတ်တယ်… ပြေးတက်ပြီး ထိပ်ကို ဘယ်သူအရင်ရောက်လည်း ပြိုင်မယ်…´

တော်တော်ဝတဲ့ ဒွေး ကလည်းအားကျမခံ
`ငါလည်းပါမယ်ဟေ့…´

`ဟဲ့ ဒွေး နင့် ခန္ဓာကိုယ်နဲ့ တက်ဦးမလို့လား…´
`နင် ဒီတခါ ပြန်မဆင်းနိုင်လို့ကတော့ ငါတော့က မစောင့်ဘူးနော်…´
တယောက်တပေါက် ဒွေးကို အားပေးနေကြပါသည်။

ဆရာစိန်ကတော့ ပြောပါသေးသည်။
`ဘယ်လို အရူးတွေလဲကွာ နေပူကပူပူနဲ့… ဟဲ့ကောင်တွေ လျှောက်သွားမနေနဲ့ ဆရာမျိုး ဆူလိမ့်မယ်… ´

ကျောင်းသားများနဲ့ သူငယ်ချင်းလို ပေါင်းတတ်သော ဆရာစိန်ကတော့ ဆူခဲပါသည်။

ဆရာစိန်လည်းပြောအပြီး တုံးလုံး၊ နိုင်နိုင်း၊ မိကျော်မ၊ ၀င်းအောင် (မာမီ) နဲ့ ဒွေး တို့ တောင်ကုန်းပေါ်အပြေးတက်သွားပါသည်။ သူတို့ပြေးတက်သွားတော့ ဆရာမျိုးမြင်သွားပါသည်။

`ဟိုကောင်တွေဘယ်သွားတာလဲ…. ပြန်လာခဲ့… ´
`ရွှီ….´

ဆရာမျိုး က ၀ီစီလည်းမှုတ်၊ ပါးစပ်ကလည်း အော်ပြီး ခေါ်ပါသည်။ တက်သွားတဲ့သူတွေကလည်း ထိပ်ထိတော့ ရအောင်တက်သွားပါသေးသည်။ တုံးလုံး၊ နိုင်နိုင်း၊ မိကျော်မ နဲ့ မာမီ တို့က အမြန်ပြန်ဆင်းလာနိုင်လာသော်လည်း ၀တဲ့ဒွေးကတော့ သူ့ခန္ဓာကိုယ်ကို မနည်းထိန်းပြီးဆင်းနေရပါသည်။

အားလုံးကလည်း မေတ္တာရှိသည့်အတိုင်း…
`ဒီကောင် အမှတ်ကိုမရှိဘူး…´
`အေးလေ သာဓုကန်မှာ ဖြစ်တာလည်း မမှတ်သေးဘူး…´
`ဟေ့ကောင်ရေ.. လှိမ့်သာချလိုက်တော့….´

အားလုံးအောက်ကိုရောက်တော့ ဆရာမျိုးက ခေါ်ပြီးတော့ အဖွဲ့ကနေထွက်ပြီး နောက်မလုပ်ရန်ပြောပါသည်။ ဟုတ်ပါသည်၊ ဆရာမျိုးအတွက် ဒီလောက်ကျောင်းသားတွေ အများကြီးကို တာဝန်ယူခေါ်လာရသည်မှာ တာဝန်ကြီးလှပါသည်။

ကားဘီးလဲ၊ ကားဆရာတွေခဏနားပြီးနောက် ခဲမဖြူရွာမှ ထွက်လာခဲ့ပါသည်။ ကားထွက်ပြီးမကြာခင် ပူပြင်းလှတဲ့နွေနေ့လည်မှာ အားလုံး ငိုက်မြည်းလာပြီး တယောက်ခြေထောက် က တယောက်ခေါင်းကိုခွ ကားအလှုပ်ကို ပုခက်လွှဲသည် မှတ်ပြီး အိပ်ပျော်လာကြပါသည်။

လမ်းတ၀က်တွင် နိုးလာပြီးနောက် ကားရှေ့ခေါင်းခန်းအပေါ်ရှိ ခြံလေးပေါ်တွင် ထိုင်နေသော ခင်မောင်ကျော် (ပုံကြီး) တို့နဲထိုင်လိုက်ခဲ့ပါသည်။ သွားနေသောလမ်းသည် တောင်တက်တောင်ဆင်း သိပ်မရှိသေးပေ။ ပတ်ဝန်ကျင်မှာတော့ နေကြာခင်းတွေကိုလည်းတွေ့ရပေသေးသည်။ ပတ်ဝန်းကျင်အလှကတော့ ဖမ်းစားနိုင်ပေမယ့် အမိုးအကာမရှိတော့ နေအတော်ပူလှပေသည်။ ပေနေပြီဖြစ်သော အဖြုရောင် အသင်း ဦးထုပ် အပြင် တဘက် သေးလေးကို လည်ပင်းမှပတ်၊ နေကာမျက်မှန်တပ်ထားပေမယ့်လည်း အပူဒဏ်ကိုတော့ ကောင်းကောင်းခံစားနေရပါသည်။ အောက်ကို ပြန်ဆင်းမယ် ကြည့်ပြန်တော့လည်း ကိုယ်နေရာကပျောက်နေပြီ။ ပြန်ဆင်းလို့မဖြစ်နိုင်တော့ အပေါ်ကပဲစီးလာပါတော့သည်။

ပုံတောင်ပုံညာတောင်တန်းများက ကျွန်တော်တို့သွားမည့်လမ်းကို ကန့်လန့်ဖြတ်ရှိနေတာကြောင့် ပုံတောင်တန်းကို အရင်ဖြတ်ပြီးတော့မှ ပုံညာတောင်တန်း ကို ဖြတ်ကျော်ရပါသည်။

ပုံတောင် တောင်တန်းကိုဖြတ်တော့ ညနေ ၅း၃၀ ရှိနေပါပြီ။ ပုံတောင်ကိုတက်တော့ သိပ်တော့ မဆိုးလှပါ။ အဖွဲ့ဝင်အားလုံးကတော့ ဆရာမျိုးမှာထားသည့်အတိုင်း စိတ်ထဲမှာ ကိုယ်တတ်သမျှ ရွတ်ဖတ်လာကြပါသည်။ ပုံတောင်ကို ဖြတ်အပြီး ညနေ ၆ နာရီလောက်တွင် သဗျင်းရွာကိုရောက်ပြီး ကားရော လူပါ ခဏနားကြပါသည်။ အားလုံးလည်း ခရီးပန်းနေကြပြီး။ အောက်ကိုဆင်း အညောင်းအညာဖြေ၊ ကြက်ဥကြော်။ ခရီးကိုလည်း အချိန်မလင့်မှီဆက်ရန်ရှိတော့ ၆း၃၀မှာ ပြန်ထွက်လာကြပါသည်။

ထွက်လာပြီး မကြာမှီ နာမည်ကျော် ပုံညာတောင်တန်းကို စတင်တက်ပါတော့သည်။ အချိန်က မှောင်ရှိပျိုးစ၊ ပုံတောင်ပုံညာတောင်တက်တောင်ဆင်း ခရီးလမ်းတွေကတော့ ခပ်ကျဉ်းကျဉ်းကြမ်းကြမ်းနဲ့ တဘက်ကလည်း အင်မတန် နက်ရှိုင်းသော ချောက်၊ တဘက်ကလည် မတ်စောက်သော ကမ်းပါး၊ ဖြတ်ကျော်ရသော တောကလည်းနက်တော့ စိတ်လှုပ်ရှားစရာ အင်မတန်ကောင်းပါသည်။ ဆရာမျိုးကကြိုတင်ပြောကြားထားလို့လည်း မည်သည့် စကားကိုမျှမပြောဖြစ်ကြပါ။ မတော်တဆ မကောင်းသည့်စကားများ ပြောထွက်သွားမည်ကို မည်သူမှ မလိုလားကြပါ။

တောင်ပေါ်တက်နေစဉ် တနေရာအရောက်ဒီနေရာလေးပေါ့ ဆိုပြီး တီးတိုးပြောသံကြားတော့ ကားပေါ်ကနေ မတ်တပ်ရပ်ကြည့်လိုက်မိပါသည်။ လွန်ခဲ့သော နှစ်ရက်ခန့်က ချောက်ထဲသို့ထိုးကျခဲ့တဲ့ ကားတစင်းရဲ့ အင်ဂျင်ကို ပြန်လည်ဆယ်ယူထားတာတွေ့ရပါသည်။ မီးလောင်ထားခဲ့သည့် အနေအထားကိုလည်းတွေ့လိုက်ရပါသည်။ ကားစပယ်ရာ၏ ပြောကြားချက်အရတော့ ကားပေါ်ပါလာသူများအနက် တယောက်သာ ခုန်ချကျန်ခဲ့လို့ အသက်ရှင်ကျန်ခဲ့ကြောင်းသိရတော့ အားလုံးရဲ့မျက်နှာမှာ စိုးရိပ်စိတ်ကလေးတွေ ပေါ်နေပါသည်။

ကားပေါ်မှာ အိပ်မပျော်ကြပဲ စကားသံတိတ်တိတ်နဲ့ အော်ဟစ်ဆူညံနေသော ကားသံကိုသာ နားထောင်ကာ လိုက်ပါကြသည်။ သိမ်မကြာခင်မှာ
`ဟိုး ဟိုး… ကားကို ခဏရပ်ပါ….´
`ဘာလို့ရပ်ရမှာလည်း ခရီဆက်စရာရှိသေးတယ်´
`တောင်ထိပ်မှာ ခဏရပ် နားလိုက်ပါ။ တောင်ပိုင်ကြီးကို ဦးတိုက်ပြီး မှ ဆက်သွားပါ…´
`ကျုပ် အယုံအကြည်မရှိဘူးဗျာ…´
`….´
ကားမောင်းသမားနဲ့ အောက်မှ လှမ်းတာသူတို့ အပြန်အလှန်ပြောနေသံကြားနေရပါသည်။ အားလုံးရဲ့စိတ်ထဲမှာတော့ ယုံသည်မယုံသည် အပထား ရိုးရာအစဉ်အလာကို လိုက်လာစေလိုသည်။ စိတ်အနှောင့်အယှက်တခုကြောင့် ဘာမှမဖြစ်စေလိုသော ဆန္ဒပင်ဖြစ်သည်။ နောက်ဆုံးတော့ ကျွန်တော့်တို့ ကားမောင်းသမားက ကားကို ခဏရပ်ပြီးနားလိုက်ပါသည်။ နောက် ကားမှ ကားမောင်းသမားကတော့ အတော်ယုံကြည်မှုရှိဟန်တူပါသည်။ ကားကိုသေချာရပ်ပြီး ပူဇော်မှုတွေပြလုပ်၊ ကားနဲ့ ၃ ကြိမ်ဦးတိုက် (ရှေ့တိုးနောက်ဆုတ်) ပြုလုပ်ပါသည်။

ပုံညာတောင်ထိပ်မှ ဆင်းလာပြီးတော့ သိပ်မကြာခင်မှာ ရေများရှိသော သဲချောင်းကျယ်ကြီး နှစ်ခုကိုဖြတ်ပြီး ကျောက်ထုရွာသို့ ညနေ ၈နာရီနီးပါးတွင်ရောက်ရှိလာခဲ့ကြပါတော့သည်။ ထမင်းဆိုင်ရှေ့တွင် ကားကိုရပ်လိုက်ပါသည်။ အဖွဲ့ဝင်အားလုံးလည်း ဆာလောင်နေကြပြီဖြစ်သည်။

ထမင်းစားပြီးတော့ သီသီဆွေ (ရိန်း) က ကျွန်တော့်ကိုလာပြီးမေးပါသည်။
`ဇရွတ်… မင်းတပ်ရောက်တော့မှာလား…´
`အင်း…ရောက်တော့မယ်… ရှေ့နားတကွေ့ဆို ရောက်ပြီ…´
`ဟာ ဟုတ်လို့လား.. ရောက်တော့မယ်ဆို နားမှာမဟုတ်ပါဘူး…´
`ဟုတ်တယ်… မယုံလည်းနေပေါ့…´

ဆရာစိန်ကလည်း ဘေးကနေပြီးတော့
`ရိန်း .. မင်းတပ်ရောက်ဖို့ လိုသေးတယ်.. ချင်းပြည်နယ်ထဲကိုတောင်မ၀င်သေးဘူး။ အခုမှ မကွေးတိုင်းထဲမှာပဲရှိသေးတာ…´
`ထင်တော့ထင်သားပဲ ဇရွတ် ရွှီးနေတယ်ဆိုတာ…´
`အေးလေ.. နင်က ငါ့ကို ဇရွတ် လို့ခေါ်တာကိုး… ငါလည်း ဖြေချင်တာဖြေတာပေါ့… နီးပြီးလို့ပြောပြီး နင့်ကိုလည်း စိတ်ဓာတ်မြှင့်တင်ပေးတာလေ… ဟဲဟဲ´

ရိန်းနဲ့ပြောပြီးထွက်လာတော့ သူရ၊ ကဏန်း နဲ့ စိုးပိုင်(ပြောင်ကြီး) တို့ အနားမှာရပ်စကားပြောနေတာကို သွားပြောရင်း ဟိုရပ်ဒီရပ်လုပ်နေပါသည်။ ကားအကြာကြီးစီးခဲ့ရလို့ အတော်အညောင်းနေတော့ မတ်တပ် ရပ်နေမှ သက်သာနေပါသည်။ ခဏကြာတော့ ပုံကြီး (ခင်မောင်ကျော်)ထွက်လာပြီး၊
`ဒီညတော့ မင်းတပ်ကို ဆက်တက်နိုင်မယ်မထင်တော့ဘူး… ကားသမားတွေ သောက်တာများပြီး မှောက်ကုန်ပြီ´
`ဟင် ဟုတ်လား´
`ဆရာမျိုးကတော့ ဆက်ပြီးသွားချင်နေတယ်ကွ၊ မင်းတပ်ကို ဒီနေ့ညရောက်မယ်ပြောထားတော့ မင်းတပ်က လူကြီးတွေ စိတ်ပူနေမှာစိုးနေတယ်။´
`အင်းနော်… ဒါပေမယ့် ကားသမားတွေမူးနေရင် ဒီမှာအိပ်လိုက်တာက ကောင်းမယ်´
`ဟုတ်တယ် အန္တရာယ်ကင်းတာပေါ့…´

ပေါက်သွားသော ကားဘီးပြင်ပြီးသွားပေမယ့်၊ မှောက်သွားသော ကားသမားတို့ကား ပြင်မရတော့ပြီးမို့ ဆရာမျိုးက ကျောက်ထုရွာမှာပဲညအိပ်တော့မယ်လို့ ပြောလိုက်ပါတော့သည်။

အိပ်စရာနေရာ စီစဉ်ထားတာမရှိတော့ ဖြစ်သလိုပင်အိပ်ကြရပါတော့သည်။

ဆရာမျိုးက ၀ီစီမမှုတ်ပဲ တန်းစီစေပြီး စကားပြောပါသည်။
`ဆရာတို့ ရှေ့ဆက်သွားဖို့ အဆင်မပြေတော့လို့ ဒီမှာပဲ ညအိပ်တော့မယ်။ ကျောင်းသူတွေနဲ့ ဆရာမတွေ ထမင်းဆိုင်ထဲမှာပင် စုအိပ်ကြပါ.. ကျောင်းသားနဲ့ဆရာတို့ကတော့ အဆင်ပြေသလိုပဲကြည့်အိပ်လိုက်ပါတော့။ ကားပေါ်မှာ တယောက်မှ မအိပ်ကြပါနဲ့။ တယောက်ထဲလည်း မနေပါနဲ့။ အဖွဲ့ရှိရာမှာပဲစုပြီးနေပါ။ ဆရာစိန် ကျောင်းသားတွေကို ဂရုစိုက်ပေးပါ။ မျိုးချစ်၊ ငွေလွင်၊ ထွန်းလှအောင်၊ ခင်မောင်ကျော်၊ ကြည်မိုးအောင် တို့ တလှည့်ဆီကင်းစောင့်ပေးပါ။´

ဆရာမျိုးစကားပြောပြီး အနားရှိကွပ်ပျစ်ကလေးတွင် စုပြီးစကားပြောရင်း နဲ့ မှေးကနဲအိပ်ပျော်သွားပါသည်။

~~~~~~~~ ဆက်ရန်

2 comments:

ဂျစ်တူး - gyit_tu said...

တိုးတိုးလေးမေးမယ် ... ကြက်ဥကျော်လို့ ဘာလို့ပြောတာလဲဟင်း)

thinpapa said...

အင် အ၇င်တုန်းက ခ၇ီးက အတော်ခက်ခဲတာပဲနော်

Ratings