Friday, May 2, 2008

မေမေရဲ့ လက်ဆောင်

သားငယ်ရေ...
ပျော်ရွှင်ပါစေကွယ်... လွန်ခဲ့တဲ့ နှစ်၃၀ကျော် က သားငယ်ရဲ့ ပထမဆုံး မွေးနေ့ကို သတိရမိတယ်။ အဲဒီနေ့ က အကြောင်းကို ရေးလိုက်တယ်။ သားငယ်လည်း သိရတာပေါ့ကွယ်။

တကယ်တော့သားငယ်ကို ”ကံကြီးမောင်” လို့အမည်ပေးသင့်တာ၊ ဘ၀ တစ်ခုကို စီမံ လိုက်တဲ့ ကုသိုလ်ဇနက ကံ ကြီးမားလွန်းလို့ လူဘ၀မှာ ရှင်သန်ခွင့်ရခဲ့တာကိုး။

သားငယ် အမိဝမ်းက ကျွတ်ကျွတ်ခြင်း ငိုသံလည်းမကြားခဲ့ရဘူး၊ ပြုစုစောင့်ရှောက်နေကြတဲ့သူတွေရဲ့ အသံလည်းကြားရ၊ အမေ့နားမှာ ဆရာဝန် သူနာပြုဆရာမ လည်းမရှိကြဘူး၊ သားအဒေါ်များက လည်း မရှိကြ တော့ အမေ့စိတ်မှာပူပန်သွားတယ်။ တကယ်ဆို အမေ့ကိုပြုစုရမယ့်အချိန်မှာ ကလေးကိုသာ ၀ိုင်းဝန်းပြုစုနေတော့ စိုးရိမ်မိတာပေါ့။

”ကလေးက မငိုပါလား ၊ ကလေးဘာဖြစ်လို့လဲ” ဆိုတဲ့ အမေ့ရဲ့ အမေးကို ဘယ်သူမှပြန်မဖြေကြဘူး
ခဏကြာမှ ” အူဝဲ... အူဝဲ...” နဲ့ သားငယ်ရဲ့ငိုသံကြားရတော့တယ်။

သားရဲ့ အူဝဲ ဆိုတဲ့ အသံဟာ အားလုံးကို ရွှင်ပြုံးသွားစေတယ်။ ပင့်သက်ချနိုင်စေတယ်။ သောက ကင်းဝေး စိတ်အေးချမ်းမြေ့စေခဲ့တယ်။

သားငယ်ကို ပိတ်အနှီးဖြူလေးနဲ့ ထွေးပတ်ပြီး အမေ့လက်ထဲလာထည့်ရင်း ” ယောက်ျားလေးဟဲ့၊ ၈ ပေါင်တောင်ကျော်တာ ခြေလက်အင်္ဂါ အစုံအလင်နဲ့ သန်သန်မာမာကြီးပါတော်၊ အသံကလည်းအောင်လိုက်တာ ကြားတယ်မို့လား“ သားငယ်ရဲ့ အသက်သခင်ကျေးဇူးရှင် သူနာပြုဆရာမကြီး ရဲ့ ၀မ်းသာရွှင်မြူး၊ ကြည်နူးပီတိ နဲ့ ပြောတယ်လေ။

သားကိုမွေးပြီး ဆေးရုံမှာ ၂ နာရီကျော် နားပြီးတော့မှ အမေလည်းသားငယ်ကို ပိုက်ပြီး ကားနဲ့အိမ်ကိုပြန်ခဲ့တော့တယ်။ သားငယ်က လူဘ၀ရောက်ပြီး နာရီပိုင်းမျှသက်တမ်းရှိသေးတယ် ကားစီဖူးသွားပြီ၊ သားငယ်ရဲ့ အစ်ကို နဲ့ အစ်မ တုန်းကတော့ ဆေးရုံမှာ ၅ ရက်နေပြီးမှ အိမ်ပြန်တာဆိုတော့ ရက်သားအရွယ်မှ ကားစီဖူးကြတာ။

နောင်ပြောပြကြတာက သားငယ်က အမေ့ဝမ်းက ကျွတ်လာတော့ တစ်ကိုယ်လုံးပြာနှမ်းနေတာ၊ လုံးဝငိုလည်းမငိုဘူး လှုပ်လည်းမလှုပ်ဘူးတဲ့၊ ၀ါရင့်သူနာပြုဆရာမကြီးက ခြေထောက် နှစ်ချောင်းကို ဇောက်ထိုးအနေအထားဆွဲပြီး ကျောကိုပုတ်ပေးတာလည်းမငိုဘူး၊ ချက်ကို ဆေးထိုးလိုက်တော့မှ ငိုသံထွက်လာတော့တာတဲ့၊ အဲဒီတော့မှ အပြာရောင်တွေ ဖျော့ဖျော့သွားပြီး အနီရောင် ပန်းသွေးရောင်တွေ သန်းလာတာဆိုပဲ။

ကုသိုလ်ကံ သတ္တိမကုန်သေးလို့သာပေါ့ကွယ်။ စက္ကန့်ပိုင်းလေးနောက်ကျရင်ကို လူ့ဘ၀က စွန့်ခွာရတော့မှာ၊ သားငယ်ရဲ့ အတိတ်ကုသိုလ်ကံက ကြီးမားလှပါတယ်။ လူ့ဘ၀ဟာ ရခဲတယ်၊ ရခဲတာရလာတယ် ရောက်လာရတယ်ဆိုကတဲက ကုသိုလ်ကံ ကြီးလွန်းလို့ပါ။

အဲဒီနေ့ တစ်နေ့လုံး အမေရော သားငယ်ပါ လူ့ဘ၀မှာ ရပ်တည်ရှင်သန်နိုင်ရေး ရုန်းကန်ခဲ့ကြရတယ်။ သားငယ်ကတော့ အမေ့ထက်ပိုပြီးပင်ပန်းဆင်းရဲခဲ့မှာပေါ့။ ဘာလို့ပိုဆင်းရဲရတယ်ဆိုတဲ့ အကြောင်းကိုလည်း ထည့်ရေးလိုက်မယ်နော်။

ဖန်လာပုံအကြောင်းတွေရေးပြရရင်တော့ သားငယ်သိတဲ့ အတိုင်း အဖေ နဲ့ အမေ က တစ်မြို့စီခွဲပြီး နိုင်ငံတာဝန်ထမ်းဆောင်ခဲ့ကြရတယ်။ အဖေက တောထဲတောင်ထဲတွေမှာ တာဝန်ထမ်းဆောင်နေရတာ ဆိုတော့ ၃ လကြာမှ နားရက်ယူပြီး တစ်ခေါက်အိမ်ပြန်ရောက်တယ်။ ဒါကလည်းပုံမှန်မဟုတ်ဘူး တခါတလေ ၆ လ လောက်ကြာ မှ နားရက်ရတာ မျိုးလည်းရှိသေးတယ်။ဖြစ်ချင်တော့ သားငယ်ကို ဖွားခါနီးမှ လက်ရှိအိမ်ဖော် က ထွက်သွားတယ်။ လူသစ်ကလည်းမရသေး၊ သား အစ်ကိုက ၇ နှစ် နဲ့ အစ်မ က ၃ နှစ်ဘဲရှိသေးတယ်။ အမေ့မှာ ကိုယ်ခွဲ လက်ခွဲမရှိ သားအဖေကလည်း ပြန်လာချိန်တန်ပါရဲ့နဲ့ ပြန်မလာနိုင်သေးတော့၊ သားကိုမွေးဖွားဖို့ သားငယ်ရဲ့ အဒေါ်များရှိရာမြို့ကို သားအမိ ၃ ယောက် လာခဲ့ရတယ်။

တောမြို့ငယ်မှာက ဆေးရုံမှာ ဖွားမြင်လေ့မရှိကြဘူး။ အိမ်မှာ သားဖွားဆရာမနဲ့ ဖွားမြင်လိုက်ကြတဲ့ဓလေ့ရှိတယ်။ အမေက ဆေးရုံမှာ မွေးဖွားချင်တယ်၊ ဆေးရုံမှာက အားထားစရာ ဆရာဝန်၊ ဆရာမ ၊ ဆေး ၊ ပစ္စည်း ကိရိယာ အစုံအလင်ရှိတယ်မဟုတ်လား၊ ရပ်ရွာဓလေ့အရ အိမ်မှာလာရောက်အားပေးကြတဲ့ သူတွေက အပြည့်၊ မွေးဖွားမဲ့ အခန်းထဲမှာလည်းလူအပြည့်၊ ဒီအခြေအနေတွေက အမေ့ကို အခက်တွေ့စေတယ်။

မနက်ကတည်းက ဗိုက်နာနေတာ နေ့လည်ရောက်တော့လည်း မဖွားမြင်သေးဘူး၊ သားဖွားဆရာမက ဖွားမြင်လွယ်အောင်ရေမွှာကိုဖောက်ပစ်လိုက်တယ်၊ ရေမွှာပေါက်ပြီးရင် မွေးရလွယ်ကူတယ်လို့ဆရာမ ကပြောတယ်။

အခုတော့သဘာဝ အတိုင်းရေမွှာကပေါက်ချိန်တန်မှပေါက်တာမဟုတ်တော့ ကလေးလိုက်မလာဘူးပေါ့၊ သားငယ်ခမျှာမှာ အမိဝမ်းတွင်းထဲမှာ ရေမွန်းရတဲ့အဖြစ်ကြုံခဲ့ရတယ်။ အတိတ်ဘ၀က အကုသိုလ်ကံကြောင့်ဖြစ်ရမယ်။

အမေက ဆေးရုံသွားဖို့ရတိပြတ်ဆုံးဖြတ်ချက်ချခဲ့တယ်။ ဆေးရုံရောက်တော့ မကြာပါဘူး သားငယ်ကို အခက်အခဲမရှိဖွားမြင်ခဲ့တယ်၊ ကုသိုလ်ဇနကကံရဲ့ အကျိုးကိုကြာမြင့်စွာတည်အောင် ထောက်ပံ့ကူညီတတ်တဲ့ စေတနာကံ၊ ဥပထမ္ဘကကံကြောင့် သားငယ် အသက်ရှင်သန်ခွင့် ရခဲ့တာပေါ့ကွယ်။

အမေဖတ်ဖူးထားတဲ့ ၀မ်ကြာတိုက်ထဲမှာ နေရတဲ့သူငယ်အကြောင်းရေးပြရရင်-
အမိဝမ်း၌ ကိန်းသူ၊ ကိုယ်ဝန်သူငယ်သည် အစာကျက်အိမ်ပေါ်ထိုင်ကာ၊ အစာသစ်အိမ်ကို ရွက်လျှက် အမိကျောရိုးကို မျက်နှာမူပြီး၊ ဆောင့်ကြောင့်ထိုင်နေ၏။ လက်နှစ်ဖက်ဆုပ်ကာ၊ မေးကိုထောက်လျှက်၊ မိုးရွာသည့်အခါ သစ်ခေါင်းတွင်းရှိ မျောက်ကဲ့သို့ ကျပ်တည်း ကျဉ်းမြောင်းစွာ ကုပ်ကုပ်ကလေး နေရ၏။
ထိုပြင့် ၁၀ လ ပတ်လုံး အမိကိုယ်ငွေ့ကြောင့် ရေနွေးဖြင့် ပြုတ်ဖျောအပ်သကဲ့သို့ ခံစားရ၏၊ ကွေးခြင်း ဆန့်ခြင်းမရှိသည့်အတွက် လွန်စွာ ဆင်းရဲ၏။ တည့်တည့် ဆွဲလိုက်၊ နောက်ကဆွဲလိုက်၊ အထက်မြှောက်လိုက်၊ အောက်နှိပ်လိုက် စသည်ဖြင့် လွန်ကဲသော ဆင်းရဲကိုခံစားရ၏။

မိခင်က အေးသောရေကို သောက်သည့်အခါ သူငယ်သည် အလွန်အေးသော ငရဲ၌ ကျသကဲ့သို့၊ ပူသောအဟာရကို စားသောအခါ သူငယ်သည် မီးကျီးထဲပစ်ချခံရသကဲ့သို့၊ အငန် အချဉ် အစပ် စသည်တို့ကို စားသောအခါ သူငယ်သည် အရေခွာ၍ ဆားငန်ရည်လောင်းခံရသကဲ့သို့ လွန်ကဲသော ဆင်းရဲကို ခံစားရ၏။

ဤသည်ကို ရည်၍ မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီးက “ စာသစ်စာကျက်၊ အောက်ထက်ဝန်းရံ ပုပ်နံညှီလှောင်း၊ ကျဉ်းမြောင်းမဲမိုက်၊ မိဝမ်းတိုက်ဝယ်၊ ဘင်၌ လောင်လို၊ ကျောက်ကိုဝမ်းပြု၊ ဒူးနှစ်ခုကြားဦးခေါင်းထားလျှက်၊ မေးကြားလက်ဆုပ်၊ သစ်ငုတ်တိုမှာ မျောက်အိုကုပ်သည့်နှယ်၊ မလှုပ်မယှက်၊ သေသောက်လက်ဝယ်၊ ဆိတ်သူငယ်လို၊ အလမ္ပာယ်မိ၊ မြွေငယ်ချိသို့ အမိစပ်ခါး၊ ပူအေးစားလည်း၊ ကိုယ်သားဆတ်ဆတ်၊ သက်ပြတ်တစေ၊ ဆယ်လနေ၍ လေကမ္မဇ၊ ဦဆောက်ချသား၊ မဂ်ဝသို့ရောက်၊ သံကောက်ပေါက်မှ၊ ဆွဲမြှောက်ဆင်ပြောင်၊ သံတောင်ကြိတ်ချေ၊ ပုံနေယိက၊ ပြင်သို့ကျလည်း၊ အပ်ဆွသည့်ဟန်ကြီးပြန်ဒုက္ခ၊ များပြားလှသည်၊ လက်စဇာတိမူးရင်းတည်း“

သားငယ်က အမေ့ထက် ပိုပြီး ပင်ပန်းဆင်းရဲခဲ့မှာလို့ ရေးတာက အမိဝမ်းကြာတိုက်က ထွက်မြောက်ဖို့ ရုန်းကန်ကြိုးစားရမဲ့အချိန်မှာ ရေမွန်းနေတဲ့ဝေဒနာ၊ ရုန်းကန်ရတဲ့ဝေဒနာ၊ ကမ္မဇလေတွန်းထုတ်ခံရခြင်းဝေဒနာ၊ ဒီဝေဒနာတွေကပြင်းထန်လွန်းလို့အမိဝမ်းတွင်းမှာနေထိုင်ခဲ့ရတဲ့ ဒုက္ခတွေကို ဘာမျှ သတိမရတော့တာတဲ့၊
ဒုက္ခဆိုတော့ မေ့တာ ခပ်ကောင်းကောင်းပါနော်၊ လူလောကထဲ အသက်ပါရုံရောက်ရှိလာတဲ့ သားငယ်ဟာ ကံကောင်ထောက်မစွာ နားလည်တတ်ကျွမ်းသူတွေရဲ့ ပြုစုကုသမှူကြောင့် ရှင်သန်ခဲ့ရတာဆိုတော့ ကံကြီးမောင် လို့တောင်အမည်ပေးသင့်တာပေါ့ကွယ်။

ဒီအဖြစ်ကလေးဟာ လွန်ခဲ့တဲ့ နှစ်၃၀ကျော် နွေရာသီ နေ့ရက်တရက်ရဲ့ ညနေ ၂ နာရီ ၄၅ မိနစ်က ဖြစ်ခဲ့တာဆိုတော့ တော်တော်ကြာခဲ့ပြီပေါ့။

သားငယ်အတွက် လက်ဆောင်ပါ။ ကုသိုလ်ကံကြီးမားရင် အကုသိုလ်ကံကို ကျော်လွှားနိုင်တာ ကို ကိုယ်တွေ့မို့ ကံကောင်းအောင် ကောင်းကံတွေ များများလုပ်ပါနော်။

မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ။
အမေ

2 comments:

dilo bear said...

this is the best thing i think..one can ever get..!! cool.. :D

ဂျစ်တူး - gyit_tu said...

အဟိ ကံကြီးမောင် ဆိုတဲ့ နာမည် မပေးမိလို့ တော်သေးတာပေါ့ ။ နို့မဟုတ်ရင် စု ပြောတဲ့ သူငယ်ချင်း နာမည်နဲ့ နင်လား ငါလား ဖြစ်နေမယ်နော် အဟိ ။

မွေးတည်က ခန္ဓာကိုယ်က ခပ်ကြီး၂ကိုးး)

Ratings