အားလုံးသိတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံမှာ နာဂစ် ဆိုင်းကလုံးတိုက်ခတ်သွားတာ ရန်ကုန်မြို့ ရစရာမရှိအောင် ပျက်စီးသွားပါပြီ။ နေစရာ၊ စားစရာ၊ ရေ အခက်ခဲတွေ ရှိနေကြပါတယ်။
ဒီထက်ဆိုးတာကတော့ ဧရာဝတီတိုင်း မှာ ရှိတဲ့ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး၊ မအူပင်၊ မော်လမြိုင်ကျွန်း၊ လပွတ္တာ၊ ဖျာပုံ မြို့တွေမှာ ၉၀% သော အဆောက်အဦးတွေ ပျက်စီးသွားတယ်လို့ သိရပါတယ်။ ပျင်စလူ ဆိုတဲ့ မြို့လေးမှာတော့ လူဦးရေ ၄၀၀၀ မှာ ၃၆၀၀ ပျောက်နေတယ် လို့ကြားပါတယ်။ ကြားရတဲ့ သတင်းတွေကတော့ အလွန်ကို စိတ်မကောင်းစရာပါပဲ။
ပြည်ပရောက် မိတ်ဆွေတွေအနေနဲ့ လူအား၊ ငွေအား၊ ပစ္စည်း အကြံအဥာဏ်တွေ၊ နောက်ပြီး ပြန်လည်ထူထောင်ဖို့ အစီအစဉ်တွေ ကို တတ်နိုင်သလောက် ပံ့ပိုးပေးဖို့ တိုက်တွန်းပါတယ်။
ဒီနေ့မနက် စောစောမှာ UN က မြစ်ဝကျွန်းပေါ်ဒေသကို သွားရောက်ပြီး ပျက်စီးဆုံးရှုံးမှုတွေကိုကြည့်နေပြီလို့ သတင်းရပါတယ်။ နိုင်ငံတကာ လူမှုရေးအဖွဲ့တွေလည်း မြစ်ဝကျွန်းပေါ်ဒေသကိုသွားရောက်နေပါပြီ။
နိုင်ငံတကာ အဖွဲ့အစည်းတွေကတော့ ကူညီဖို့အသင့်ဖြစ်နေပြီလို့ သိရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ လူကြီးမင်းများအနေနဲ့ အဲဒီအကူအညီတွေကို ချွင်းချက်မရှိလက်ခံပေးဖို့ တောင်းပန်ပါတယ်။
အခုအချိန်မှာ လူကြီးမင်းတို့အနေနဲ့ မဲပေးဖို့လုပ်နေတာထက် ပြည်သူတွေကို ရေပေးနိုင်ဖို့ ဆောင်ရွက်ပေးရင် အကောင်းဆုံးပါပဲ။ လူအင်းအားတောင့်တဲ့ ကြံ့ခိုင်ရေး၊ စွမ်းအားရှင် တို့နဲ့ ပြည်သူ့အခွန်ကိုစားသုံးနေတဲ့ လုံထိန်း၊ မီးသတ်၊ ရဲ၊ စစ်တပ် တို့ အင်အားပြ ကူညီရမယ့်အချိန်ဖြစ်ပါတယ်။
အောက်မှာ မုန်တိုင်းတိုက်ခတ်အပြီး ရန်ကုန်တက္ကသိုလ် ပတ်ဝန်းကျင်မြင်ကွင်းများကို ၀မ်းနည်းစွာတွေ့ရပါတယ်။ သစ်ပုပ်ပင်လောက်ပဲ မားမားမတ် ကျန်ခဲ့ပါတော့တယ်။
Tuesday, May 6, 2008
မုန်တိုင်းပြီးသော်… (updated with photos)
Posted by
P.Ti
at
Tuesday, May 06, 2008
Labels: မျှဝေခံစားခြင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment