Sunday, June 15, 2008

ဇာတိမြေ သို့မဟုတ် အိမ်

အိမ်အကြောင်းကိုရေးပါ့မယ်ဆိုပြီး ကတိပေးထားတာ လွန်ခဲ့တဲ့ ဧပြီလဆန်းကတည်းကပါ။ ကတိပေးပြီးကတည်းက အိမ်ကိစ္စတွေနဲ့အလုပ်တွေရှုပ်နေခဲ့တာ ဘလော့မှာ စာကို ရံဖန်ရံခါပဲရေးဖြစ်ပါတယ်။ ကတိပေးထားတာကိုမမေ့ပေမယ့် သတိပေးတဲ့လူ က အခါခါဆိုတော့ အားနာလာပါတယ်။ အဲဒါကတော့ ဒီပို့စ်လေးရေးဖြစ်သွားတဲံ အကြောင်းလေးတစ်ခုပါ... နောက်တကြောင်းကတော့ အိမ်ကိုလွမ်းလာလို့ပါပဲ...

မတ်လကုန်ခါနီးမှာ ကျွန်တော်ငှားနေသာ အိမ်ပွဲစား ကုမ္ပဏီကနေပြီးတော့ပို့လိုက်သော အိမ်ငှားစာချုပ် သက်တမ်းတိုးလို့မရတော့ကြောင်း အကြောင်းကြားစာကို လက်ခံရလိုက်တယ်။ အကြောင်းကတော့ ကျွန်တော်နေသောအိမ်ခန်းများပါဝင်သော တိုက်တန်း နှင့် အနီးပတ်ဝန်းကျင် တိုက်တန်းများကို ဖျက်ပြီးတော့ ပြန်ပြီးအသစ်ပြန်လည်ဆောက်မှု (en bloc) လုပ်မှာဖြစ်လို့ ဖြစ်ပါတယ်။ စင်ကာပူ အစိုးရကနေပြီး သက်တမ်းကြာပြီဖြစ်တဲ့ မြို့နယ်တွေက တိုက်ခန်းများကို ဖျက်ပြီး ပိုပြီး အထပ်မြင့်ပြီး ပိုပြီး အဆင့်မြင့်တဲ့ တိုက်ခန်းများကို ပြန်ဆောက်တဲ့ Selective en bloc Redevelopment Scheme (SERS) လို့ခေါ်တဲ့ အစီအစဉ်မှာ ပါသွားလို့ဖြစ်ပါတယ်။

အိမ်ပိုင်ရှင်များကတော့ အိမ်အသစ်ရမှာဖြစ်ပေမယ့် အိမ်ငှားဖြစ်တဲ့ ကျွန်တော်တို့ကတော့ အိမ်အသစ်ရှာဖို့ စတင်ပြင်ဆင်ရတော့ပါတယ်။ ငှားမည့်အိမ်ကို ငှားမည့်အချိန်ထက် ၂လ၊ ၃လ ကြိုတင်ပြီး ကြာမယ်ဆိုရင်ပွဲစားများက အင်းမလုပ်အဲမလုပ်နဲ့ ရှာမပေးတတ်ပါဘူး။ သူတို့ရဲ့ အကြောင်းပြချက်ကတော့ ချက်ချင်းမလိုသေးတဲ့အတွက် အိမ်ငှားတွေက ကြေးချွတ်များလို့ဖြစ်ပါတယ်၊ ပြီးတော့ တအိမ်ပြီးတအိမ်လိုက်ပြခိုင်းပြီးတော့လည်း မငှားလို့ဖြစ်ပါတယ်။ အဲတော့ ကျွန်တော်တို့လည်း အိမ်ကို ပြောင်းဖို့တလခွဲလောက်အလိုမှာပဲ ရှာဖို့ သူငယ်ချင်းတွေတိုင်ပင်ထားလိုက်ပါတယ်။ ဒီကြားထဲ အသိအိမ်တွေပြောင်းမယ် လွတ်မယ်ဆိုရင်လည်း သိရအောင်လို့ အိမ်ရှာနေပြီဖြစ်ကြောင်း အသိတွေကို အကြောင်းကြားထားလိုက်ပါတော့တယ်။

အခုနှစ်ပိုင်းအတွင်း ဒီမှာ အိမ်ရှာရတာ အင်မတန်ကိုခက်ခဲလာပါတယ်။ စင်ကာပူမှာ စီးပွားရေးတိုးတက်လာတော့ လိုအပ်သော ကျွမ်းကျင်လုပ်သားများကို မြန်မာနိုင်ငံသားများအပါအ၀င် အခြားနိုင်ငံများမှပါ တင်သွင်းလာသောကြောင့် အိမ်ငှားတွေ တောင်းဆိုမှုများပြားလာကာ အိမ်ရှင်များ ရွှေခေတ်ဖြစ်နေပါတော့တယ်။ စင်ကာပူမှာ တနှစ် နှစ်နှစ်အတွင်း အိမ်ဈေးတွေ ခေါင်ခိုက်အောင်တက်လာလိုက်တာ လွန်ခဲ့တဲ့ လေးငါးနှစ်နဲ့စာရင် နှစ်ဆလောက်ပိုများလာပါတယ်။ ဟုတ်ပါတယ် ၁၀၀% တောင်ဈေးတက်သွားတာပါ။ ၂၀၀၃၊ ၂၀၀၄ ခုနှစ်လောက်က ကျွန်တော်ငှားနေခဲ့တဲ့ ၃ခန်းအိမ် (3 room flat၊ အိပ်ခန်းနှစ်ခန်း ပါအိမ်ခန်း) တခန်းကို တလ S$၇၈၀ ပဲပေးရပါတယ်။ ဒီနှစ် မေလဆန်းကစပြီးငှားလိုက်တဲ့ ၃ခန်းအိမ်ကတော့ တလ S$1550 တောင်ပေးရပါတယ်။ ဒါတောင် ကျွန်တော်ငှားနေတဲ့အိမ်က အစိုးရနဲ့ဆက်စပ်တဲ့ JTC (Jurong Town Corporation) ကနေပြီး အိမ်ထောင်ပရိဘောကမပါ အိမ်အလွတ်ချည်းသတ်သတ်ငှားလို့ ဈေးသက်သာတာပါ။

မေလဆန်းမှာ အိမ်ပြောင်းအိမ်ရွှေ့ နဲ့အလုပ်ရှုပ်နေပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အိမ်ပြောင်းတဲ့နေ့က ရန်ကုန်နဲ့ ဧရာဝတီတိုင်း ကို နာဂစ်မုန်တိုင်းတိုက် သွားတဲ့နေ့ပါ။ မုန်တိုင်းသတင်းကို ရုံးမှာဖတ်ထားတော့ အိမ်ကို ဖုန်းဆက်ပြီး အကြောင်းကြား၊ စားစရာတွေ ရေတွေ ၀ယ်ခိုင်းထားနိုင်ပါတယ်။ နောက်ပိုင်းမုန်တိုင်းသတင်းကိုတော့ အိမ်ပြောင်းနေတာနဲ့ ချက်ချင်းမဖတ်နိုင်ခဲ့ပါဘူး။ မုန်တိုင်းရဲ့ ပြင်းထန်မှု နှင့် ပျက်စီးဆုံးရှုံးမှုတွေကိုသိရတော့ အတော်ပဲ ၀မ်းနည်းခဲ့ပြီး မိမိတတ်နိုင်သလောက် ကူညီပါဝင်နေတာနဲ့ ထပ်ပြီးအလုပ်ရှုပ်ပါတော့တယ်။ မိမိတတ်နိုင်တာဆိုလို့ အထင်မကြီးပါနဲ့ သူများတွေဆီက ပိုက်ဆံအလှုခံပြီးတော့ သင့်တော်တဲ့နေတာတွေမှာ လှုဒါန်းပေးခြင်းပါပဲ။

အခုတော့လည်း ရုံးအလုပ်က ပုံမှန်ထက်ပိုရှုပ်လာတော့ အဲဒီကူညီမှုကိုတောင် သိပ်မလုပ်နိုင်တော့ပါဘူး။ နောက်ပြီး မုန်တိုင်းအတွက် ကူညီတာဟာ ရေရှည်လုပ်ရမှာဖြစ်လို့ ဆန္ဒတူညီသော သူငယ်ချင်းများနဲ့ တွေ့ဆုံဆွေးနွေးပြီး ဆက်လုပ်ဖို့ ကြိုးစားရမှာပေါ့။ အိမ်ငှားတဲ့အကြောင်းကို ကြုံရင်ရေးပါ့မယ်။ (အဲလိုတွေပြောပြီးမရေးတာတွေများနေပြီ :P )

အိမ်အကြောင်းရေးဖို့ နိဒါန်းချီနေတာ တော်တော်တောင် ရှည်သွားတယ်....


အိမ်လို့ပြောလို့ရှိရင် မိသားစုနွေးထွေးစွာနေခဲ့တဲ့ ညောင်ဦးက အိမ်ကိုပဲ မျက်စိထဲမြင်မိပါတယ်။ ညောင်ဦးမြို့ကအိမ်ကို ကျွန်တော်အသက် ၄သားနှစ် လောက်မှာပြောင်းပြီးနေခဲ့တာပါ။ ဖေဖေရဲ့ လုပ်ငန်းတာဝန်သဘောအရ အိမ်မှာအတည်တကျ မနေရတော့ အလုပ်တာဝန်အရ ခရီးထွက်တဲ့ အခါ မေမေနဲ့ ကလေးတွေပဲ ကျန်ခဲ့တော့ ဆွေမျိုးတွေရှိရာ ညောင်ဦးမြို့ကို ပြောင်းလာခဲ့တာဖြစ်ပါတယ်။ ပြောင်းတဲ့အချိန်မှာ အိမ်က အချောသတ် ဆောက်လုပ်ရေးလုပ်ငန်းတွေ အပြီးသတ်ဖို့ကျန်နေသေးတော့ ကလေးတွေဖြစ်တဲ့ ကျွန်တော်တို့မောင်နှမတွေကို အဒေါ်အိမ်မှပဲ နေစေပါတယ်။ အားလုံးပြီးတော့မှ ကျွန်တော်တို့ကလေးတွေကို အိမ်မှာပြောင်းနေစေပါတယ်။

(အိမ်အကြောင်းရေးတော့လည်း ငယ်ငယ်တုန်းက စာစီစာကုံးရေးတာကို သတိရပါတယ်။ ငယ်စဉ်က စာစီစာကုံးအရေးပျင်းသော ကျွန်တော်ကတော့ မြန်မာစာကို အမှတ်ကောင်းစေချင်သော အမေ ဆူတာကို ခဏခဏခံရပါတယ်။ အခုလိုစာတွေရေးနေတာ သိရတော့လည်း အမေ ၀မ်းသာနေပါတယ်။ )

ကျွန်တော်တို့အိမ်ကတော့ နှစ်ထပ်အိမ်ဖြစ်ပါတယ်။ အိမ်ဆောက်ထားတဲ့ ခြံနဲ့ အကျယ်က ပေ ၁၀၀ ကျော်ရှိပြီး အရှည်ကတော့ ၃၀၀ နီးပါးရှိပါတယ်။ အညာမှာဖြစ်တော့ အိမ်တွေကို မြေပေါပေါနဲ့ဆောက်နိုင်ပါတယ်။ သစ်ပင်စိုက်ပျိုးရေးကို ၀ါသနာပါသော အဖေ နဲ့ အမေ တို့ ကြောင့် အိမ်ကမြေလွတ်တွေမှာ အပင်တွေနဲ့ပြည့်နေပါတယ်။

ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ အိမ်ရှေ့မှာ ပိန္နဲ၊ သရက်၊ ပုန်းညက်၊ ဂွေးသီးပင်၊ စံပါယ်၊ မြတ်လေး၊ မာလကာ စတဲ့ မြေစိုက်ထားတဲ့အပင်တွေ နဲ့ အိုးနဲ့စိုက်တဲ့ နှင်းဆီ တွေရှိပါတယ်။ ဆောင်းတွင်းမှာဆို ဂန္ဓမာပင်ကို စိုက်တတ်ပါသေးတယ်။ အိမ်က အနောက်ဖက်ကို မျက်နှာမူထားတော့ ညနေပိုင်းဆို နေပူတတ်လို့ အပင်ကြီး ကြီးတွေကို အိမ်ရှေ့မှာစိုက်ပေမယ့် မြေကြီးက သိပ်မကောင်းတော့ အဖြစ်နှေးပါတယ်။ နောက်တော့ အိမ်နားလေးမှာကပ်ပြီးတော့ ပင်လယ်ကဗွီးပင်တွေကိုစိုက်ထားတော့မှ နေပူသက်သာပါတော့တယ်။ ပင်လယ်ကဗွီးပင် အနားမှာတော့ ရွက်လှပင်တွေကို အိုးနဲ့စိုက်ပြီးစီထားပါတယ်။ အိမ်ရဲ့တောင်ဘက်မှာတော့ မြေအလွတ်နည်းတော့ နှင်းဆီပင်ကို အိုးတွေနဲ့စီပြီးစိုက်ထားပါတယ်။

အိမ်ရဲ့မြောက်ဘက်မှာတော့ ရွက်လှပင်အိုးတွေကို အိမ်နားမှာကပ်စီထားပါသေးတယ်။ တမာပင်ကြီးတပင်ကလည်း အိမ်ရဲ့မြောက်ဘက်မှာရှိပါတယ်။ သောက်သုံးဖို့ရေကိုလှောင်တဲ့ ရေကန်ကလည်း ရှိပါတယ်။ ရေကန်ရဲ့ တဘက်က တမာပင်ဖြစ်ပြီး တဖက်ကတော့ စားလို့အင်မတန် အရသာရှိသော အနီရောင်သီးတဲ့ သြဇာသီးပင်ရှိပါတယ်။ သြဇာသီး သီးချိန်ရောက်ပြီဆို မောင်နှမတွေ အလုံးရေတွက်ရတာ အလုပ်တခုပါပဲ။ သြဇာသီးမှည့်ချိန်မှာလည်း ငှက်တွေနဲ့အလုခူးရတာလည်း နှစ်တိုင်းပင်ဖြစ်ပါတယ်။ အရိပ်ကောင်းသော သြဇာသီးပင်အောက်မှာတော့ သစ်ခွပင်တွေကို ချိတ်ထားပြီး အနားမှာလည်း ရေအဆင်သင့်ထားထားပါတယ်။ ကြုံတဲ့လူအနားရောက်ရင် ရေလောင်းနိုင်ဖို့ အဆင်သင့်လုပ်ထားတာပါ။ ဒန်စီလေဒီသစ်ခွပန်းတွေကတော့ အမြဲနီးပါးပွင့်နေတတ်ပါသည်။

အိမ်ရဲ့နောက်ဖေးမှာတော့ ဆူးပုပ်ပင်၊ ထားဝယ်မှိုင်း၊ ပြည်ပန်းညို၊ ချဉ်ပေါင်၊ ရုံးပတီ၊ ကြက်သားဟင်း၊ တစောင်းလက်ပတ်၊ တစောင့်ခါး နဲ့ တခါတရံမှာ ဗူး၊ တခါတရံမှာ ခ၀ဲ အစရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို စိုက်ထားပါတယ်။ အိမ်နောက်ဖေးမှာကတော့ တမာပင်တွေ၊ မန်ကျည်းပင်တွေရှိပါတယ်။ မန်ကျည်းပင်တွေထဲမှာ တပင်ကတော့ မန်ကျည်းသီးအချိုသီးပါတယ်။

မန်ကျည်းသီးချိုတာကတော့ နာမည်ကြီးပါ။ တခါက ဧည့်သည်တွေလာတဲ့အချိန်နဲ့ မန်ကျည်းသီးကောက်ပြီးချိန်နဲ့တိုက်ဆိုင်လို့ ချပြီး ဧည့်ခံရာ ဧည့်သည်တွေက မန်ကျည်းသီကို အဆန်းလုပ်ပြီး ဧည့်ခံလို့ တမျိုးဖြစ်သွားပါသေးတယ်။ အချိုသီးဖြစ်ကြောင်းပြောပြီး မြည်းကြည့်ခိုင်းရာ ကြိုက်သွားပြီး သူတို့ပြန်တော့ အထုပ်ကြီးတထုပ်ယူပြီးပြန်သွားပါတယ်။ တခါကလည်း မေမေဟင်းချက်တော့ မန်ကျည်းအချည်ဝယ်ထားတာကုန်လို့ အိမ်အပင်ကသီးတဲ့ အချိုသီးကိုထည့်ချက်လိုက်ရာ ဟင်းကမချဉ်ပဲ အရမ်းချိုနေလို့ စားလို့မကောင်းတော့ပါဘူး။ တကယ်စားလို့ကောင်းလို့ ပြန်လို့ကြုံရင်တော့ ယူလာပြီးကျွေးပါ့မယ်။

အိမ်နောက်ဖေးမှာတော့ မအောင်မြင်ခဲ့သော သနပ်ခါးစိုက်ခင်းကလည်းရှိပါသေးတယ်။ တကယ်တော့ အညာကနေက အင်မတန်ပူပြင်းပြီး အပင်တွေရှင်သန်ကြီးထွားဖို့ရာ ရေကို မနည်းနိုင်အောင်လောင်းရပါတယ်။ ညနေ နေစောင်းပြီဆို အိမ်မှာရှိတဲ့ လူတွေအကုန် ပုံးလေးတွေကိုယ်စီယူပြီး ရေလောင်းပွဲစပါတော့တယ်။ ငယ်ငယ်က ကျောင်းကပြန်လာပြီဆိုရင် ဆော့ကစားမက်တဲ့ ကျွန်တော် သူငယ်ချင်းတွေနဲ့ ကစားနေပြီဆို၊ အမေက သားငယ်ရေ သစ်ပင်ရေလောင်းကြရအောင်ဆိုရင် အင်မတန် စိတ်တို၊ စိတ်ပျက်တတ်ပါတယ်။ ရေလောင်းပြီဆိုရင်လည်း အတော်ကြာအောင်လောင်းပါမှ အပင်တွေအားလုံး ရေရောက်ပါတယ်။ မိုးတွင်းမှာ မိုးတွေအဆက်မပြတ်ရွာပြီဆိုလျှင် သစ်ပင်ရေမလောင်းရတော့လို့ ကျွန်တော်အင်မတန်ပျော်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရေလောင်းရလွယ်အောင် ခြံထဲမှာပိုက်တွေသွယ်ထားပြီး ရေစက်နဲ့လောင်းတော့ တော်တော်လေးသက်သာသွားပါတယ်။

ညောင်ဦးမြို့ဟာ သေးငယ်ပေမယ့်လို့ ၂၄ နာရီမီးအားပြည့်ရတာ ကျွန်တော်တို့တသက်ပါပဲ။ အခုအချိန်အထိလည်း ၂၄နာရီ လျှပ်စစ်မီးရနေလို့ မြန်မာနိုင်ငံရဲ့ ရှားပါးမြို့လေးပါ။ နောက်ပြီးတော့ ရှေးဟောင်းမြို့တော်ပုဂံ နဲ့လည်း အင်မတန်နီးတော့ ဓာတ်ပုံထဲမှတွေ့ရလေ့ရှိတဲ့ ပုဂံ ရှုခင်းဆိုတာ ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင်နေခဲ့ပါတယ်။ အခုအချိန်မှာတော့ ပုဂံ ရှုခင်းကို အင်မတန်လွမ်းနေပြီး မကြာခင်အချိန်မှာ အိမ်ကိုတခေါက် မိသားစုနဲ့ ပြန်လည်ရောက်ချင်နေပါတယ်။

အိမ်အပြင်မှာ သစ်ပင်အဓိကရှိတာကိုပြောပြီးတော့ အိမ်ထဲအကြောင်းပြောရရင်တော့ ရှိတာကတော့ စာအုပ်တွေပါပဲ။ အိမ်ထဲကို ၀င်ဝင်ချင်းကတော့ ဧည့်ခန်းပါ။ ဧည့်ခန်းကတော့ သာမန်ပါပဲ၊ ဆက်တီ၊ ကျွန်းစားပွဲအပုလေးတခု နဲ့ အလှပန်းအိုးလေးတခု (အဲဒီ စားပွဲလေးနဲ့ပန်းအိုးလေးမှာ ဇာတ်လမ်းလေးရှိပါတယ်။ အဲဒီအကြောင်းကိုတော့ အမေ့ကိုရေးပေးဖို့ တောင်းဆိုရင်ကောင်းမယ်ထင်ပါတယ်။)၊ မေမေစာသင်ဖို့ပြင်ဆင်တတ်တဲ့ စာကြည့်စားပွဲတခု၊ ကျွန်တော်ရဲ့ ကျောင်းစာအုပ်တွေတင်တဲ့ စာအုပ်စင်တခု၊ သတင်းစာတွေ နဲ့ ပညာရေးစာစောင်တွေတင်တဲ့ စာအုပ်စင်တခု၊ ဖေဖေစိတ်ဝင်စားတဲ့ အင်ဂျင်နီယာနဲ့ပတ်သက်တဲ့စာအုပ်တွေ၊ ငယ်ငယ်တုန်းက ဖတ်ခဲ့တဲ့ ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်း၊ တို့ကျောင်းသား စာစောင်တွေ ထည့်ထားတဲ့ ဗီရိုအမြင့်တလုံး၊ ပြီးတော့ ဆေးပစ္စည်းတွေ၊ ဓာတ်ပုံအယ်ဘမ်တွေ၊ လျှပ်စစ်ပစ္စည်းတွေ နဲ့ အမှတ်တရပစ္စည်းတွေ ထား တဲ့ ဗီရိုတလုံး ရှိပါတယ်။ အဲဒီ ဗီရိုရဲ့နောက်မှာတော့ ကျွန်တော်တို့ ကလေးတွေကစားစရာတွေ ထားတဲ့ ကစားခန်းလို့ခေါ်တဲ့ အခန်းငယ်တခုရှိပါတယ်။ တခါတလေ ဧည့်သည်တွေလာရင်လည်း အဲဒီအခန်းလေးကို ရှင်းပြီး ထားတတ်လေ့ရှိပါတယ်။

ဧည့်ခန်း နဲ့ အနီးဆုံးကတော့ ကျွန်တော့်ရဲ့အိပ်ခန်းဖြစ်ပါတယ်။ အလယ်တန်းကျောင်းသားဘ၀ထဲကနေခဲ့တာ ဆယ်တန်းအောင်လို့ ရန်ကုန်ရောက်ခဲ့တဲ့အချိန်အထိ နေခဲ့တဲ့အခန်းလေးပါ။ အခါတလေ အိမ်ပြန်ရင် အဲဒီအခန်းမှာပဲ နေတုန်းပါပဲ။

အညာနွေဟာ အင်မတန်ပူပြင်းသလို့ အညာဆောင်းဟာလည်း အင်မတန်ချမ်းအေးလှပါတယ်။ ကျွန်တော့်အခန်းလေးသည် နွေအခါမှာ တောင်လေတိုက်လို့ အေးသလို ဆောင်းရာသီအခါမှာလည်း အင်မတန်နွေးပါတယ်။ ဆောင်းရာသီရောက်ရင်တော့ တအိမ်လုံး အဲဒီအိပ်ခန်းလေးမှာပဲ စုပြီးအိပ်တတ်ကြပါတယ်။ နွေရာသီမှာဆိုရင်တော့ လသာခန်းမှာပဲ တအိမ်သားလုံး လေတဖြူးဖြူးကို အရသာခံပြီး အိပ်တတ်ကြပြန်ပါသေးတယ်။

ကျွန်တော့်အိပ်ခန်းရဲ့နောက်ကတော့ ထမင်းစားခန်းပဲဖြစ်ပါတယ်။ ထမင်းစားခန်းမှာတော့ ကြောင်အိမ်တလုံး၊ ရေအိုးစင်တခု နဲ့ ထမင်းစားတဲ့ စားပွဲတခု၊ နောက်ပြီး ထမင်းပန်းကန်တွေနဲ့ အခြား မီးဖိုချောင်သုံးပစ္စည်းတွေ ထည့်ထားတဲ့ နံရံကပ်ဗီရိုတလုံးရှိပါတယ်။

ဖေဖေအလုပ်နားတဲ့အချိန် အိမ်မှာရှိနေတဲ့အချိန် နဲ့ ကျောင်းပိတ်ရက်တွေမှာဆို မနက်စာစားပြီး ပန်းကန်ထဲက ထမင်းလုံးအကျန်တွေခြောက်သည်အထိ မိသားစု စကားဝိုင်း ဖြစ်နေတတ်ပါတယ်။ တခါတလေ မေမေဈေးသွားနောက်ကျပြီး ဘာမှကောင်းကောင်းဝယ်မရတော့လို့ နေ့လည်စာကို ဖြစ်သလိုစားလိုက်ရတာလည်း ရှိတတ်ပါတယ်။ အဲဒီအချိန်တွေကိုတော့ တကယ်ပဲ လွမ်းမိပါတယ်။ ပြန်မရနိုင်ပေမယ်လို့ လွမ်းမိနေလို့ တခါတလေ မေမေကိုတောင်ပြောမိပါသေးတယ်၊ အားလုံး အချိန်ကိုက်ပြီးအားအောင်လုပ်၊ ပြီးရင် ညောင်ဦးအိမ်ကို ခဏပြန်နေကြရအောင်လို့...

ထမင်းစားခန်းနဲ့ မျက်နှာချင်းဆိုင်ကတော့ ရွှေဂျမ်းတို့အိမ်မှာခေါ်သလို့ သနပ်ခါးလိမ်းခန်းလို့ခေါ်တဲ့ မေမေနဲ့အမ အ၀တ်လဲ အလှပြင်တဲ့အခန်းပါ။ ပြီးတော့ အ၀တ်အစားတွေထားပြီး ဗီရိုတွေထဲမှာတော့ အပိုရှိတဲ့ စောင်တွေခြင်ထောင်တွေသိမ်းထားတတ်ပါတယ်။ အညာမှာ ဧည့်သည်လာပြီဆိုလျှင် အသုံးအဆောင်တွေ အဆင်သင့်ဖြစ်စေရန် အပိုတွေထားတတ်ကြပါတယ်။ အရင်ခေတ်က တမြို့ကို အလည်သွားပြီဆိုလျှင် အသိရှိလျှင်အသိအိမ်မှာတည်း၊ မရှိလျှင် ဘုန်းကြီးကျောင်းတည်းသော ဓလေ့ရှိတာကိုး။ အခုတော့ တည်းခိုးခန်းတည်းသော ဓလေ့ဖြစ်သွားကြပါပြီ။

အဲဒီနောက်မှာတော့ မီးဖိုခန်းဖြစ်ပါတယ်။ မီးဖိုခန်းမှာတော့ မီးဖိုပစ္စည်းတွေအပြင် ဖေဖေ့ရဲ့ လက်သမား၊ ပန်းရန်၊ ပိုက်ပြင်၊ ပိုက်ဆက်၊ လျှပ်စစ် ပစ္စည်း အကုန်လိုတာရတဲ့ သေတ္တာတွေလည်းရှိပါသေးတယ်။ မီးဖိုနဲ့ကပ်လျက်ကတော့ အိမ်သာ နဲ့ ရေချိုးခန်းပါပဲ။

အိမ်အောက်ထပ်ကိုတော့ ပြပြီးသွားပြီ... စိတ်မျက်စိနဲ့မြင်အောင်ပြတာလေ... မမြင်လည်းမြင်အောင်သာကြည့်ပါနော်...

အပေါ်ထပ်ကိုသွားတော့မယ်ဆိုတော့ လှေကားက ကျွန်တော့်အိပ်ခန်းနဲ့မျက်နှာချင်းဆိုမှာရှိပါတယ်။ အိမ်အပေါ်ကို ရောက်ရောက်ချင်းတွေ့ရတာကတော့ ဘုရားစင်ဖြစ်ပါတယ်။ ဘုရားစင်မှာ မြတ်စွာဘုရားဆင်းတုတော်ကလွဲလို့ ဘာမှမထားတာကတော့ ဖေဖေ နဲ့ မေမေ တို့ရဲ့ ကိုးကွယ်မှုကို သန့်စင်စွာထားတတ်တာကြောင့်ဖြစ်ပါတယ်။ ဘုရားစင်နဲ့ကပ်လျက်ကတော့ ဖေဖေနဲ့မေမေ တို့ရဲ့အိပ်ခန်းပါ။ ဖေဖေနဲ့မေမေ တို့ရဲ့အိပ်ခန်းထဲမှာကတော့ ကုတင်အကျယ်ကြီးတလုံးရှိတဲ့အပြင် စာအုပ်စင် နှစ်ခုရှိပါတယ်။ တစင်ကတော့ မြသန်းတင့်၊ သိန်းဖေမြင့်၊ သော်တာဆွေ၊ ဦးနု အစရှိတဲ့ စာရေး ဆရာကြီးတွေရေးထားတဲ့ စာအုပ်တွေ နဲ့ ကလေးဘ၀တုန်းက ၀ယ်ပေးထားတဲ့ ပုံလေးတွေပါတဲ့ အင်္ဂလိပ်လို ကာတွန်းစာအုပ်တွေနဲ့ jigsaw puzzle တွေထားပါတယ်။ နောက်တစင်ကတော့ လူထုဦးလှ နဲ့ လူထုဒေါ်အမာတို့ရေးထားတဲ့စာအုပ်တွေကိုထားပါတယ်။ ထူးခြားတာကတော့ မေမေက ဘဘလှ နဲ့ အမေမာ တို့နဲ့ ရင်းနှီးတော့ လူထုတိုက်ကထွက်တဲ့ သူတို့ စာအုပ်တော်တော်များများကို ဖေဖေ နဲ့ မေမေ တို့နာမည်တပ်ပြီး လက်မှတ်ထိုးထားတဲ့စာအုပ်တွေပါပဲ။ အိမ်ပြန်ရောက်ရင်တော့ ဘဘလှရေးခဲ့တဲ့ တိုင်းရင်းသားပုံပြင်တွေနဲ့ ကျနော်ဆားချက်သမား၊ ကျနော်ဗြုရိုကရက်၊ ကျနော် သံလွင်ဖောင်စီး၊ ထောင်တွင်းမှ ချစ်သမီးသို့ပေးစာ စတဲ့ စာအုပ်တွေကို မေမေတို့ ကုတင်အကျယ်ကြီးပေါ်မှာ အရသာခံပြီးပြန်ဖတ်လိုက်ချင်သေးရဲ့။

ဖေဖေနဲ့မေမေ တို့ရဲ့အိပ်ခန်းရဲ့ မျက်နှာချင်းဆိုင်ကတော့ အမအိပ်တဲ့အိပ်ခန်းပါ။ ဘုရားစင်နဲ့တဆက်ထဲမှာကတော့ အခန်းဖွဲ့မထားတဲ့ကွက်လပ်နေရာပါ။ အညာကထုံးစံ အလှုအတန်းလုပ်လို့ရှိရင် တော်ရုံတန်ရုံဆို နေရာရှိအောင်တကြောင်း၊ ဧည့်သည်တွေအများကြီးလာရင် နေရာပေးနိုင်အောင်ကတကြောင်း ကွက်လပ်ချန်ထားလေ့ရှိပါတယ်။ အိမ်ရှေ့မှာကတော့ လသာခန်းရှိပါတယ်။ နွေရာသီကျောင်းပိတ်ရက်တွေမှာ ညစာစားပြီးလို့ရှိရင် လသာခန်းပေါ်တက် လေညင်းခံ၊ ခြံထဲမှာရှိတဲ့ သစ်ပင်တွေကိုကြည့်ပြီးခံစား၊ စကားတပြောပြောနဲ့ အိပ်လိုက်တာ တခါတလေ မိုးလင်းမှထတတ်ပါတယ်။ လွမ်းစရာတွေပဲ... အိမ်တောင်ပြန်ချင်လာပြီ....

တကယ်ပါ အိမ်လို့မြင်တဲ့နေရာကို လူတိုင်းပြန်ချင်ကြတာပါပဲ။ အိမ်ဆိုတာကို လူတိုင်း သံယောဇဉ်တွယ်တာကြတာပါပဲ။ အိမ်ဆိုလိုက်တိုင်း မေတ္တာတွေ၊ နွေးထွေးမှုတွေ နဲ့ လွှမ်းခြုံထားတတ်ပြီး ပျော်ရွှင်မှုလေးတွေရှိနေတတ်လို့ပါပဲ။
မုန်တိုင်းကြောင့် တသက်လုံးနေခဲ့ကြတဲ့ အိမ်တွေပျက် ပျောက်ဆုံးသွားတဲ့လူတွေဆိုရင် ဘယ်လောက်အထိ ခံစားကြရမလဲ။ ကိုယ်ချင်းစာမိပါတယ်။

ကျွန်တော့အိမ်ကိုလွမ်းနေတုန်းမှာပဲ ချစ်တဲ့လူတွေ ပျောက်ဆုံး၊ နွေးထွေးတဲ့အိမ်ပျက်စီး၊ အနာဂတ်တွေမရေရာ ဖြစ်နေကြတဲ့ တနိုင်ငံသားချင်း ညီအကိုတွေကို တတ်နိုင်သလောက် ကူညီဖို့ စဉ်းစားရင်း....

8 comments:

အိမ်ကိုလွမ်းတဲ့ ရွှေဂျမ်း said...

အကြွေးကို အတိုးများများနဲ့ ဆပ်လို့ ကျေးဇူးတင်ပါတယ်။ ဖတ်ရင်းနဲ့ ညောင်ဦးက အိမ်လေးကို လိုက်လည်ချင်လာပြီ။ အထူးသဖြင့် သိမ်းထားတဲ့ စာအုပ်တွေကို စိတ်ဝင်စားလို့ နောက်တာစ်ခါပြန်ရင် လိုက်ချင်တဲ့လူတွေကို အလည်ခေါ်ပေတော့။ :P

လင်း said...

ဟိတ် လင်းလဲလိုက်မယ်နော်။ ကြိုပြီးစာရင်းပေးထားတယ်။ အညာဆောင်းက အင်မတန်လှတယ်ဆိုတော့ ဆောင်းတွင်းပြန်ကြမယ်လေ။

ခင်မင်းဇော် said...

ကိုပီတိ ကညောင်ဦးသား ဖြစ်နေပါပေါ့...
အဲဒီညောင်ဦး အိမ်ကို လိုက်လည်မယ်နော်..
ဗမာပြည်ပြန်လို့ရတဲ့အချိန်လေးကျရင်ပေါ့....
ညောင်ဦးမှာ ကျမသူငယ်ချင်း အရင်းတယောက်ရှိသေးတယ်။ တိုကျိုမုန့်တိုက်က ပါပဲ.. သတိရတယ်.... သူက ရန်ကုန်မှာ ကျောင်းလာတက်တာ ကိုယ်ပိုင်ကားယူလာတော့ ကျမတို့ရဲ့ စီးတော်ယာဉ် ဖြစ်သပေါ့...

ပီတိ said...

ရွှေဂျမ်း ရေ… ကျွန်တော်လည်းအိမ်ပြန်ပြီး ငယ်ငယ်ကဖတ်ခဲ့တဲ့ စာအုပ်တွေပြန်ဖတ်ချင်တယ်။ အလည်ခေါ်ပါတယ်။ ဘုရားဖူးရင်း စာအုပ်ဖတ်ရင်းပေါ့…

လင်း
ခရီးသွားလုပ်ငန်းနဲ့မှားနေတာလား။ အဟဲ.. ဆောင်းတွင်းပြန်ရင်တော့ ပိုပြီးကောင်းတာပေါ့။ အဲဒီအချိန်ဆို အစားအသောက်လည်းပေါတယ်လေ.

မခင်မင်းဇော်
ဟုတ်ကဲ့ လိုက်လည်လို့ရပါတယ်… တိုကျိုမုန့်တိုက်လို့ ခေါ်တဲ့ အင်းဝမုန့်တိုက်ကို သိပါတယ်။ စီပွားရေးတက္ကသိုလ်တက်တဲ့တစ်ယောက်ဆို ကျွန်တော့်အမနဲ့ သူငယ်ချင်းပါ။

ဂျစ်တူး - gyit_tu said...

အိမ်အသစ်အကြောင်း ရေးဦးလေ ။ ဘယ်သူနဲ့ အိမ်နီးနားချင်း အပေါ်ထပ် အောက်ထပ် ဆိုတာပါ ထည့်ရေးပါလား အဟဲ ။

Kay said...

နောက်ဆုံး ပို့စ် ၂ ခု ကို ဖတ် ပြီး..နဲနဲလွမ်းသွားတယ်..
နယ် တွေက..အိမ်တွေ..လူနေမူပုံစံ တွေ... လွတ်လပ်မူ တွေ..ရောထွေးမူတွေ..ဖုန်နံ့ တွေ..တမာနံ့ တွေ..

ပြီးတော့..အတန်းပြီးလို့..မန္တလေး ဆောင်က..အပြန်..ညနေစောင်း..ပင်းယ ဆောင်ရှေ့က..မျက်ခင်းပြင်ထဲမှာ ထိုင်..မုန့်ဟင်းခါး စား ကြ.. အဆောင်ပေါ် က..ကောင်လေး တွေ..မှန်နဲ့ထိုး တော့..သဘောတွေ ခွေ့ကြ..း) နေညိုညို အဓိပတိ လမ်း ကြီး ပေါ် က.. ခြေသံ တ ရှပ် ရှပ်..နဲ့..ရင်ခုန်သံ တဖျပ် ဖျပ်..

တခါ ပီတိ ပြော ဖူးသလို..အင်းလျားမှာ..ညဖက်..ဓမစတြာ ရွတ် ဖူး တယ် ဆို တာကို.. သတိရတယ်။ အဲဒီတုန်းက.. ညဖက် ..မောင်နှ မ ဆောင် မှန်သမျှ.. ပဠါန်းပွဲ..မလွတ် အောင်..အဖြူ နဲ့ အညို တစုံ ထား ပြီး..တခါ မှ မမြင်ဘူး..မထွက်ဘူးတဲ့..တက္ကသိုလ် ၀င်းကြီး ရဲ့..ည အလှ.. ကို..ခံစား ရင်ခုန် ခဲ့ တာတွေ..

မိန်းကလေး တွေက.. သူတို့ အဆောင်ကို လာ ရွတ်တဲ့..ကောင်လေး တွေကို.. ဧည့်ခံ.. ကောင်လေးတွေက..သူတို့ ဆီ လာတဲ့ ကောင်မလေး တွေကို ..တပြန်..

အားးးးးးး...လွမ်း တယ် ဗျိုးး)

ပီတိ said...

ဂျစ်တူးရေ… နောက်ကျသွားပြီ အိမ်နီးနားချင်းတယေက်က ကျွန်တော်ရောက်ပြီးမကြာ ကြောက်လို့ ပြောင်းသွားလေရဲ့။ နောက်များမှ အိမ်အသစ်ကိုသွားပြီး နှောက်ယှက်ရမယ်။

မကေ… မုန့်ဟင်းခါးစားတုန်း မှန်နဲ့ထိုး ရန်သူ လို့အော်ခဲ့တာ ကျွန်တော်များဖြစ်နေမလားပဲနော်။ နောက်ဆုံးနေခဲ့တာကတော့ ရှေ့တန်း အပေါ်ဆုံးထပ်မှာနေခဲ့တာဆိုတော့၊ အဆောင်ရှေ့မှာ ကျောင်းသူတွေဖြတ်သွားတိုင်း အော်ခဲ့တဲ့ အထဲမှာပါတယ်လေ။ ညအခါ တက္ကသိုလ်ရဲ့အလှကတော့ တကယ်ပဲ ခံစားလို့ကောင်းတယ်နော်။

တပို့တွဲမှာ မောင်နှမဆောင်ကိုသွား ထမင်းနဲထိုးခဲ့ကတော့ မမေ့နိုင်ဘူး။ မိန်းထဲကနေ လှိုင်အထိလမ်းလျောက်… ထမင်းနဲထိုး.. ညအချိန် မိန်းကလေးအဆောင်ကို အလည်ရောက်တာကလည်း မကေပြောသလို ရင်ခုန်သံ တဖျပ်ဖျပ် ပေါ့…

ညဥ့်နက်မှ အဆောင်ကိုပြန်၊ တခါတလေ ကျောင်းခြံဝန်းကိုကျော်တက်၊ ပုဆိုးပြဲ တဲ့အခါပြဲ ပေါ့။ အဆောင်ကိုရောက်တော့ တံခါးပိတ်လို့ တယောက်တလှည့် တံခါးကိုဖြဲပြီး လေးဘက်ထောက်ဝင်ခဲ့တာတွေရော…

မကေပြောသလို့ လွမ်းစရာတွေကြီးပါပဲ…

Pinkgold said...

သြော်.. ညောင်ဦး သားလေးကို.. ပုဂံတို့ ညောင်ဦးတို့ ပုပ္ပါးတို့ဘက်ကို တစ်အား သဘောကျတယ်.. ထနောင်းပင်ဆိုတာ ငယ်ငယ်င ကြားပဲ ကြားဖူးတာ.. အဲကို ရောက်မှ တွေ့ဖူးတော့တယ်...

အိမ်အကြောင်းရေးတာလေးက စာစီ စာကုံးလေး ကျနေတာပဲ.. မျက်စိထဲပါ တစ်ခါတည်း မြင်သွားတယ်.. ပင့်ဂိုလ်းကိုလည်း အလည်ခေါ်ပါနော်

Ratings