Wednesday, June 18, 2008

အိမ် ရဲ့ အဝေးက အိမ်

ငယ်စဉ်က အိမ်နဲ့ပတ်သက်ပြီး ကံကောင်းတယ်လို့ ပြောလို့ရတဲ့ ကျွန်တော်၊ ဆယ်တန်းစာမေးပွဲဖြေပြီး ၂ ရက်အကြာ ကျောင်းပိတ်ရက်မှာ သင်တန်းစုံတက်ဖို့ ရန်ကုန်ကို ထွက်လာခဲ့ပါတယ်။ အဲဒီအချိန်က ၁၉၉၆ ခုနှစ် မတ်လ။

ထွက်လာတုန်းကတော့ အိမ်ကနေ ယာယီထွက်လာခဲ့တာလို့ထင်ခဲ့မိပြီး တနေ့နေ့ တချိန်ချိန်မှာ အိမ်ကိုပြန်လာမယ်ဆိုတဲ့စိတ်ကူးရှိခဲ့ပါတယ်။

ရန်ကုန်ကိုရောက်ခါစ ရန်ကင်းဘက်မှာ တိုက်ခန်းတခန်းကို မောင်နှမတတွေ ငှားပြီးနေကြပါတယ်။ ငှားနေတဲ့အိမ်ဆိုတော့ အိမ်ဆိုတဲ့ အရသာဘယ်တုန်းကမှ မရခဲ့ပါဘူး။ နောက်ပြီး တိုက်ခန်းမှာနေရတာ နေသားမကျတော့ နေစမှာ အင်မတန် စိတ်ကျဉ်းကျပ်မှုကို ခံစားခဲ့ရ ပြီး မကြိုက်ပါဘူး။ အိမ်သာတက် ရေချိုးတာက အစ စိတ်ထဲမှာကျဉ်းကျပ်ရတော့ သဘောမကျနိုင်ခဲ့ပါဘူး။ နေတာနဲနဲကြာလာတော့ နေသားကျတယ်လို့သာရှိပါတယ်။ အိမ်ဆိုတော့ အရသာကိုတော့ မခံစားရပါဘူး။

ရန်ကင်းမှာ တစ်နှစ်လောက်နေပြီးတော့ အမဖြစ်သူက အဆောင် အဆင်ပြေလို့ အဆောင်မှာသွားနေတဲ့အပြင် အိမ်ငှားခတွေလည်း ဈေးတက်ကုန်တော့ လင်မယားနှစ်ယောက်ထဲရှိတဲ့ ဦးလေးရဲ့အိမ်ကိုပြောင်းနေခဲ့ပါတယ်။ ခပ်စိမ်းစိမ်းနေတတ်တဲ့ ဦးလေး နဲ့ တနေ့နေလို့ စကားတလုံးမပြောတဲ့ အဒေါ်တို့ကြောင့် အမေ့အိမ်ကို ပိုပြီးတမ်းတလာခဲ့မိတယ်။

ကျောင်းပိတ်ရက်တွေမှာ ဖေဖေတာဝန်ကျရာမြို့ကိုလိုက်သွားပြီး မိသားစုနဲ့ အတူနေခဲ့ရလို့ နွေးထွေးမှုကိုခံစားခဲ့ရပေမယ်လို့ ညောင်ဦးအိမ်မဟုတ်တော့ တခုခုလိုအပ်နေသလိုပါပဲ။ ညောင်ဦးနဲ့နီးတော့ မကြာခဏဆိုသလို အိမ်ကိုပြန်ပြီးနေဖြစ်ပါတယ်။ အိမ်ကိုရောက်တိုင်း အမေ့ကို ပြောလေ့ရှိတာကတော့ "အမေ... အိမ်ဆိုရင်လေ သားစိတ်ထဲမှာ ဒီအိမ်ကိုပဲစိတ်ထဲမှာ မြင်မိတယ်” လို့ပါပဲ။

ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်နေရင်းနဲ့ ပင်းယဆောင်မှာနေခဲ့ရတဲ့ အချိန်မှာတော့ အိမ်ကိုမလွမ်းခဲ့ပါဘူး။ မနက်လင်းချိန် ကျောင်းသွားတော့ သူငယ်ချင်းတွေနဲ့အတူသွား ခဲ့တာတွေ၊ ကျောင်းကပြန်လာတော့ ရေချိုးပြီးတာနဲ့ အဓိပဓိလမ်းမဘက်ထွက် ရေတမာပင်အောက်မှာ သူငယ်ချင်းတွေနဲ့စကားပြောရင်း ကျောင်းပြီးလို့အိမ်ပြန်ကြတဲ့ ကျောင်းသူတွေကို ငေးလိုက် စလိုက် လုပ်ခဲ့တာတွေ၊ အင်းလျား ရတနာ သီရိ အဆောင်တွေက သူငယ်ချင်းတွေဆီသွားလည်ခဲ့တာတွေ၊ လှည်းတန်း၊ တက္ကသိုလ်စာတိုက်ဝန်း နဲ့ စံရိပ်ငြိမ် မှာ ရှိတဲ့တဲ့ လက်ဖက်ရည်ဆိုင်တွေမှာ အလှည့်ကျထိုင်ရင်း မြို့ပြရဲ့ ညနေအလှကိုကြည့်ခဲ့တာတွေ နဲ့ ပျော်ခဲ့သလို၊ ညပိုင်းမှာ သူငယ်ချင်းတယောက်အခန်းမှာစုပြီး သချာင်္အတွက်ပြိုင်ကြတာတွေ၊ အဆောင် ပိန္နဲပင်က အသီးတွေ အဆောင်မှုးမသိအောင် ခူးခဲ့တာတွေ၊ အဆောင်က ဟောကျူတာ ကို မရအရပြောပြီး ဆရာ့အခန်းထဲမှာ ကျန်းမာရေးအတွက် ဆေးရည်လေးတွေသောက်ခဲ့တာတွေ စတဲ့ ပေါက်ကရတွေ လုပ်ခဲ့ပါတယ်။ ( ဒီထက် ပေါက်ကရလုပ်တာ အများကြီးရှိပါသေးတယ် ဒီမှာ အကုန်ပြောလို့မဖြစ်လို့ပါ၊ သိချင်ရင် တိုးတိုးမေးပါနော် :P ) အဲဒီလို အင်မတန်ပျော်စရာကောင်းတဲ့ အဆောင်ကျောင်းသားဘ၀ကိုတော့ အခုအချိန်မှာပြန်ရမယ်ဆိုရင်တောင် လိုချင်ပါသေးတယ်။ အိမ်နဲ့ဝေးနေပြီး အိမ်ကိုမလွမ်းတာ အဆောင်နေစဉ်ကာလတွေပဲလို့ ပြောလို့ရပါတယ်။ နေခဲ့တဲ့ကာလက တစ်နှစ်လောက်သာ ရှိပေမယ်လို့ ရန်ကုန်ပြန်လို့ ကျောင်းထဲပြန်ရောက်တိုင်း အဆောင်ဖက်ကို ရောက်ဖြစ်ပါတယ်။ ရောက်တိုင်းလည်း ကိုယ့်နေရာလေးလို့ ခံစားချက်ကလေးကလည်း ရှိနေပြန်ပါတယ်။

နောက်ပိုင်းမှာတော့ ဖေဖေ့အလုပ်က ရန်ကုန်ကိုပြောင်းလာခဲ့ပြီး မေမေကလည်း ပင်စင်ယူလိုက်တော့ မိသားစုပြန်လည်စုံကြပြီး ရန်ကုန်မှာ အခြေချလိုက်တော့ပါတယ်။ အဲဒီအချိန်ကျမှ ညောင်ဦးအိမ်ဆိုတာ အားတဲ့အချိန်ကျမှ ပြန်ပြီး အလည်အပတ်သာ သွားရောက်ရတော့မယ်ဆိုတာကို သတိထားမိပါတော့တယ်။

ရန်ကုန်မှာ မိသားစုနဲ့ ၄ နှစ်လောက်ပဲ အတူနေခဲ့ပြီး ပညာဆက်သင်ဖို့ ပြည်ပကိုထွက်လာခဲ့တော့လည်း မြန်မာပြည်ဆိုတဲ့အိမ်ကနေ ခဏ ဆိုတဲ့စိတ်နဲ့ပဲထွက်လာခဲ့ပြန်ပါတယ်။

ဒီကိုရောက်ခဲ့တာ ဆယ်စုနှစ်တစ်ခုပြည့်ခါနီးသလို အိမ်ငှားဘ၀နဲ့ အိမ်တွေပြောင်းနေခဲ့တာလည်း အကြိမ် ဒါဇင်ဝက်မကတော့လေပြီ။ ဒီမှာတော့ ကိုယ်မပြန်ချင်သောအိမ်တွေကို နေခဲ့ဖူးသလို အိမ်လိုနွေးထွေးသော အိမ်တွေမှာလည်း နေခဲ့ဖူးပါတယ်။

ကြာတော့လည်း အိမ်ရဲ့အဝေးကအိမ်တွေမှာ နေသားကျနေပါပြီလေ...

အားတဲ့အချိန်ကျမှ အလည်အပတ်သွားရောက်နိုင်တော့မယ့် အမေ့အိမ်ကို တမ်းတနေရင်း နဲ့ ....

7 comments:

လင်း said...

အိမ်ကိုလွမ်းဖျားလွမ်းနာကျနေပြီထင်တယ်။ အိမ်အကြောင်းတွေဆက်တိုက်ရေးပြီးလွမ်းသွားတာလား? ဒါမှမဟုတ် လင်းဆီမှာရေးခဲ့သလို မီးပူမတိုက်ချင်လို့ 
အမေကိုလွမ်းနေတာလား ။ အင်းတခုခုတော့တခုခုဘဲ

weikhine said...

:D
home?
JTC ga la..Nyaung U ga la..
or..the one u are going to "build" soon?..hehe

ပီတိ said...

လင်းရေ.. အိမ်ကိုလွမ်းနေတာကတော့သေချာတယ်။ ဘာဖျားလည်းတော့မသိ နေမကောင်းတော့ဖြစ်သွားတာပဲ… အဲဒါကြောင့်ပဲ ပိုလွမ်းသွားတာထင်တယ်။

Hi weikhine…
In my mind, my home is only at NyaungU… :)

ပုံရိပ် / Pon Yate said...

ပုံရိပ်လည်း အိမ်အကြောင်း ရေးမလို့။ ကိုပီတိဦးသွားတယ်။ အိမ်ရဲ့ အဝေးက အိမ်တွေမှာ နေပျော် ပါစေ။

ခင်မင်းဇော် said...

အင်း ပီတီ စာလေး ဖတ်လိုက်ရတာ ညောင်ဦးအိမ်ကို လည်ချင်စိတ်ပေါက်သွားတယ်။ တနေ့တော့ အလည်ခေါ်နိုင်ပါစေနော်....

ဂျစ်တူး - gyit_tu said...

မခင်မင်းဇော်ပြောသလို ဒီလို ဖော်ကျူးထားတဲ့ ညောင်ဦးအိမ် လိုက်လည်မယ် ။

ဒါနဲ့ တိုး၂တိတ်၂ မေးလိုက်မယ် ... ဒီပို့စ်ထဲရေးထားတာထက် ဆိုးတာ ဘာတွေ လုပ်ဖူးလဲဟင်း)

ပီတိ said...

ပုံရိပ် ရေ… ကျွန်တော် ဦးသွားတယ်ဆိုပြီး အပျင်းထူးပြီး မရေးတော့ဘူး မဟုတ်လား။ အဲလိုမလုပ်ပါနဲ့ ပုံရိပ်ရေးတာလည်း ဖတ်ချင်ပါတယ်။

မခင်မင်းဇော် … တနေ့နေ့တော့ အလည်ခေါ်ဖို့ အခွင့်အရေးကြုံမှာပါ

ဂျစ်တူးရေ… ပြောပြဘူး… သိချင်ရင် နောက်မှ တိုးတိုးလေး ပို့စ် အသစ်ရေးပြီးတင်မယ်…

Ratings