Thursday, July 31, 2008

တန်ခိုးရှင်

ဘ၀ဆိုတဲ့ တောကြီးမျက်မဲထဲ
ဘယ်ဆီရောက်မှန်းမသိ လမ်းပျောက်နေရင်
တမ်းတလိုက်ပါ
လမ်းပြပြီး လိုရာရောက်အောင် ပို့ပေးပါလိမ့်မယ်။

အတိတ်ရဲ့ ညအမှောင်မှာ တကိုယ်ထီးထီး
တုန်လှုပ်ကြောက်ရွံ့နေရင်
တမ်းတလိုက်ပါ
ချော့ကာနှစ်သိမ့် နွေးထွေးစေပါလိမ့်မယ်။

လောကချောက်ထဲကို အတားအဆီးမရှိ
ပြုတ်ကျ အကူအညီမဲ့နေရင်
တမ်းတလိုက်ပါ
ညင်သာငြိမ့်ညောင်း လေဟုန်စီးခြင်း ဆောင်ရွက်ပေးလိမ့်မယ်။

ဤမြေပေါ်မှာ မဖြစ်နိုင်ဘူးဆိုတဲ့စိတ်နဲ့
ယုံကြည်မှုကင်းမဲ့နေရင်
တမ်းတလိုက်ပါ
အရာရာအားလုံး ဖြစ်နိုင်သွားပါလိမ့်မယ်။


မရှိတဲ့အခါမှာတော့…

အိပ်မက်ဆိုးထဲ လမ်းပျောက်ကာ
ညအမှောင်မှာ တုန်လှုပ်စွာ
ချောက်ထဲကို အတားအဆီးမဲ့
ယုံကြည်စရာ ဘာမှမရှိလောက်အောင်
ဘ၀မှာလည်း ဖြစ်နိုင်စရာ မရှိတော့ဘူး…

Read More...

Wednesday, July 30, 2008

အရမ်းရှက်တတ်တာ…

ဘောင်းဘီဝတ်ရတာ ဘာကြောင့် ရှက်တဲ့ အကြောင်း ကတော့ ဒီလိုပါ…
မစန္ဒာတို့ မသီတာတို့ နဲ့အိမ်မှာ မကလျာ ကလည်း အတူနေတဲ့ သူငယ်ချင်းတယောက်ပေါ့။ မသီတာ နဲ့ မကလျာ တို့ကတော့ အပြင်ထွက်တိုင်း ဘောင်းဘီရှည်ကိုပဲ ၀တ်လေ့ရှိပါတယ်။

ဘောင်းဘီရှည်က သူတို့အတွက် လုံခြုံတယ်မှုရှိတယ်၊ ပြီးတော့ မြန်မာအမျိုးသမီးတွေရဲ့ ခြေထောက်အလှနဲ့လည်း သင့်တော်တယ်လေ။

တနေ့မှာတော့ စကားစပ်ပြီးရင်း မစန္ဒာက
“အမတို့က ဘာလို့ အပြင်သွားရင် ဘောင်းဘီတွေဝတ်တာလဲ…”
“အော် ညီမလေးရယ်… အမတို့က စကပ်ဝတ်လေ့မရှိတော့ ဘောင်းဘီပဲ ၀တ်တာပေါ့…” မကလျာကပြန်ပြီးတော့ ပြောပါတယ်။

“ဟင် အမကလည်း ဘောင်းဘီဝတ်ရတာ ရှက်စရာကြီးပါ…”
“အမတို့ဝတ်တာက ဘောင်းဘီရှည်တွေပါကွယ်၊ ဘာမှ ရှက်စရာမရှိပါဘူး။ တရုတ်မလေးတွေလို ဘောင်းဘီ တိုတိုလေးတွေဝတ်တာမှ မဟုတ်တာ…”

“အမတို့ကလည်း သမီးဆို ဘောင်းဘီရှည်ဝတ်ရမှာ ရှက်လို့ စကပ်ပဲဝတ်တယ်…”
“စန္ဒာက ဘာလို့ ဘောင်းဘီရှည်တောင် ၀တ်ရမှာ ရှက်တာလဲ…”

မစန္ဒာ ဖြေလိုက်တာကတော့
“ဘောင်းဘီရှည်ဝတ်ရင် သမီးရဲ့ ပေါင်ကို အလုံးလိုက်ကြီး သူများတွေမြင်သွားမှာ ရှက်စရာကြီး…”


နောက်ပိုင်းမှာတော့ မသီတာနဲ့တွေ့ရင် - အမရေ ပေါင်အလုံးလိုက်ကြီး သူများတွေမြင်မှာ ရှက်ဘူးလားလို့ - နောက်လေ့ရှိပါတယ်…

Read More...

Monday, July 28, 2008

တိုင်ကြဦးမလား ဧည့်စာရင်း

ပြီးခဲ့တဲ့ ပို့စ်မှာ JTC က ငှားတဲ့ 3-room flat မှာ လူ လေးယောက် အထိနေခွင့်ပေးပြီး ၊ 4-room flat မှာတော့ ခြောက်ယောက် နေခွင့် ပေးတယ်လို့ ရေးရင်း အကြောင်းအရာတခုကို သတိရမိပြီး ပြုံးမိပါသေးတယ်။

ကျွန်တော်နဲ့သိတဲ့ အမတယောက် - မသီတာ က JTC ကနေပြီး အိမ်သူကြီးလုပ်ထားတဲ့ မစန္ဒာ ဆီကနေပြီး အခန်းငှားပြီးနေပါတယ်။ HDB 3-room flat မှာ သူတို့ သူငယ်ချင်းအားလုံးပေါင်း လေးယောက် ပျော်ရွှင်စွာအတူနေကြသည်ပေါ့။

တနေ့မှာ မသီတာက မစန္ဒာကို သူ့အမ စင်ကာပူကို အလည်လာမှာမို့လို့ သူ့အခန်းမှာ ခဏနေမယ် ဆိုတာကို ပြောပါတယ်။ မစန္ဒာ နဲ့ ကျန်တဲ့သူငယ်ချင်းတွေကလည်း သဘောတူပါတယ်။ ဒီမှာကလည်း အဲဒီလိုပဲ ခဏနေပြီး အလည်လာရင် အလုပ်ရှာရင်း လုပ်ကြလေ့ရှိပါတယ်။ အလုပ်ရပြီဆိုမှ အိမ်ခန်းလေးငှား ပြောင်းပြီး နေထိုင်ကြလေ့ရှိပါတယ်။

အဲသည်လိုနဲ့ မသီတာ ရဲ့ အမလည်း သူတို့နေတဲ့ အိမ်ကိုရောက်လာပါတယ်။ အဲဒီတော့မှ မစန္ဒာက အိမ်မှာ လူလေးယောက်ပဲနေရမယ်ဆိုတဲ့ ကန့်သတ်ချက်ကို သတိရပြီးပြောပါတော့တယ်။ မသီတာ နဲ့ ကျန်တဲ့ သူငယ်ချင်းတွေကလည်း တပတ်လောက်သာကြာမှာမို့လို့ ဒီအတိုင်းပဲ နေလိုက်ရင် ရမှာပါလို့ ၀ိုင်းပြောပေမယ့်လည်း စာအုပ်ကြီးအတိုင်းသာဖြစ်တဲ့ မစန္ဒာကတော့ မရပါဘူး။ JTC ကို ကိုယ်တိုင်သွားပြီး အိမ်မှာ ဧည်သည်တယောက်ရောက်လို့ နေလို့ရပါသလားဆိုပြီး JTC Summit မှာ ဧည့်စာရင်း သွားတိုင်ပါလေတော့တယ်။ ဟုတ်ကဲ့… ဒီမှာကတော့ မသိလိုက်မသိဘာသာ နေလို့ရပါတယ်။ သိလို့ကတော့ JTC ကလည်း မရဘူးလို့သေချာပေါက်ပြောမှာပေါ့။ မဟုတ်ရင် သူတို့အပြစ်ဖြစ်မှာကိုး။

JTC က မစန္ဒာကို လုံးဝ လူအပိုမထားဖို့ပြောလိုက်တဲ့အပြင် ရဲစခန်းကိုပါ အကြောင်းကြားလိုက်ပါတယ်။ ညနေပိုင်းလည်းရောက်ရော သူတို့အိမ်ကို ရဲတွေဝင်ပြီး စစ်ဆေးလို့ အလည်ရောက်တဲ့ အမလည်း ချက်ချင်းပဲ ဆင်းပေးရပြီး အခြားနီးစပ်ရာကို စုံစမ်းပြီး အိမ်ခန်းကို ချက်ချင်းငှားနေရပါတော့တယ်။

ကျွန်တော်နဲ့လည်း မသီတာ ရဲ့ အမနဲ့က သိတော့၊ ပြောလိုက်တာကတော့
`စန္ဒာတို့များ စင်ကာပူမှာ ဧည့်စာရင်းတိုင်လိုက်တာ ငါမှာတော့ ဘတ်စ်ကားဂိတ်မှာ မအိပ်လိုက်ရတာ ကံကောင်း´ တဲ့….

ဖြစ်ချင်တော့ မစန္ဒာက ကျွန်တော်နဲ့ အရမ်းခင်တဲ့ သူငယ်ချင်းတယောက်ရဲ့ အမ၀မ်းကွဲ ဖြစ်နေလေတော့ စင်ကာပူမှာ ဧည့်စာရင်းတိုင်တဲ့ နင့်အမလေ … ဘောင်းဘီရှည်တောင်ဝတ်ရမှာ ရှက်တော့ ဒူးအောက်ရောက်တဲ့ စကပ်သာဝတ်တယ်တဲ့… လို့…. တွေ့တိုင်း စလေ့ရှိပါတယ်…

ဘာကြောင့် ရှက်တဲ့ အကြောင်းကိုမေးရင်တော့ ဖြေမယ်လေ…. :P

(နာမည်အရင်းတွေကိုလွှဲပြီးသုံးထားပါတယ်)

Read More...

Friday, July 25, 2008

ခြင်္သေ့ကျွန်းမှာ ခိုနားရာ

အခုတလော အိမ်အကြောင်းရေးနေရင်း အိမ်ငှားထားတဲ့ အတွေ့အကြုံလေးကိုလည်း ပြန်ပြီးသတိရနေပါသေးတယ်။

မတ်လကုန်ခါနီးမှာ ကျွန်တော်ငှားနေသာ အိမ်ပွဲစား ကုမ္ပဏီကနေပြီးတော့ပို့လိုက်သော အိမ်ငှားစာချုပ် သက်တမ်းတိုးလို့မရတော့ကြောင်း အကြောင်းကြားစာကို လက်ခံရတယ် ဆိုတဲ့အကြောင်းကို ဇာတိမြေ သို့မဟုတ် အိမ် ဆိုတဲ့ ပို့စ်မှာ ပြောခဲ့ပါသေးတယ်။

ဒီကယူထားပါသည်

အဲဒီ အကြောင်းကြားစာကို ရတာနဲ့ အိမ်ကိုငှားတုန်းက ပွဲစားကို ဖုန်းဆက်ပြီး ဘာဖြစ်လို့ သက်တမ်းတိုးလို့မရတာလဲလို့ မေးပါတယ်။ ပွဲစားကတော့ သူတို့ ကုမ္ပဏီကို အိမ်ပိုင်ရှင်ဖြစ်တဲ့ JTC (Jurong Town Corporation) က ဆက်ပြီးမငှားတော့လို့ဖြစ်တယ် လို့ပြန်ဖြေပါတယ်။ ဘာလို့ JTC က ဆက်မငှားတော့တာလဲ မေးတော့ ကျွန်တော်တို့နေတဲ့ Block တွေကို en bloc လုပ်မှာဖြစ်လို့ ပြန်ပြောပါတယ်။ အဲဒီတော့ ဘာမှထပ် မေးစရာမလို အိမ်အသစ်ရှာဖို့သေချာသလောက်ရှိသွားပြီပေါ့။

အိမ်ငှားနေတဲ့ဘ၀အတွ့အကြုံအရ စင်ကာပူမှာ အိမ်ငှားတယ်တယ် ဆိုလို့ရှိရင်၊ ပုဂ္ဂလိက အိမ်ပိုင်ရှင်တွေဆီက ငှားတာရှိသလို၊ JTC လို အစိုးရနဲ့ဆက်စပ်နေတဲ့ ကုမ္ပဏီက ငှားတာတွေလည်းရှိပါတယ်။ အပြင် ကုမ္ပဏီတွေက အိမ်တွေပိုင်ပြီး ငှားစားတယ်ဆိုတာကတော့ မရှိသလောက်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ စင်ကာပူ အစိုးရက အများပိုင်အိမ်ယာပိုင်ဆိုင်မှုကို စည်းမျဉ်းးစည်းကမ်း ကြပ်ကြပ်နဲ့ ထိန်းထားလို့ဖြစ်ပါတယ်။

လက်ရှိနေတဲ့အိမ် မတိုင်မှီငှားခဲ့တဲ့ အိမ်ခန်းကတော့ JTC ကပိုင်ပြီး EM Services ဆိုတဲ့ ကုမ္ပဏီက ကန်ထရိုက်ပြန်ယူပြီး ငှားတာဖြစ်ပါတယ်။ EM Services ဆိုတာကလည်း တကယ်တော့ အစိုးရဌာနHDB လို့ အများသိတဲ့ Housing and Development Board ပိုင် ကုမ္ပဏီပါပဲ။ ပုဂ္ဂလိဆန်ဆန်လုပ်လို့ရအောင် ကုမ္ပဏီအဖြစ်တည်ထောင်ထားတာပါ။

အိမ်ခန်းတွေကို အိမ်ရှင်တွေဆီက တိုက်ရိုက်ငှားမယ်ဆိုရင်တော့ ပွဲစားတွေဆီကနေတဆင့် ပဲငှားလေ့ရှိပါတယ်။ အိမ်ခန်းငှားဖို့ကြော်ငြာတွေကိုတော့ The Straits Times သတင်းစာမှာရှာ၊ ပြီးတော့ ပွဲစားတွေကို ဖုန်းဆက်ပြီး မေးရပါတယ်။ သတင်းစာကြော်ငြာထဲမှာ တိုက်နံပါတ် (block no.)၊ လမ်းနာမည် အတိအကျရေးမထားတဲ့ ပွဲစားတွေကတော့ သူတို့လက်ထဲမှာ တကယ်အိမ်မရှိပဲ အိမ်ငှားတွေ ဖုန်းခေါ်အောင် မရှိတာကို အရှိထင်အောင် ကြော်ငြာထားတာပါ။ တချို့ပွဲစားတွေကျတော့လည်း လက်ထဲမှာ ရှိတဲ့အိမ်က ငှားပြီးပေမယ်လို့ တမင်ထပ်ကြော်ငြာတာပါ။ အဲဒီတော့မှ ငှားတဲ့အဆက်အသွယ် သူတို့ရမှာပေါ့။ ပွဲစားကို ဖုန်းဆက်ပြီးလို့ ငှားခ ဈေးနှုန်း နဲ့ အိမ်အခြေအနေကို မေး၊ ပွဲစားကလည်း ဘယ်လိုအခြေအနေနဲ့ စင်ကာပူမှာနေတာလဲ၊ မိသားစုနဲ့နေမှာလား၊ ကျောင်းသားလား၊ ဘယ်နှစ်ယောက်နေမှာလဲ စတဲ့ သိချင်တာတွေပြန်ပြီးမေးလို့ အဆင်ပြေရင်တော့ အိမ်ခန်းကို ကြည့်ဖို့ချိန်းကြပါတယ်။ အိမ်ခန်းကိုကြည့် ဈေးညှိ၊ အိမ်ထဲမှာ ပါဝင်မယ့် ပစ္စည်းညှိ ကြိုက်တယ်ဆိုရင် စာချုပ်ချုပ်၊ deposit တလစာပေး၊ တလစာငှားခကြိုပေး၊ ပွဲစားခပေးပြီး အိမ်ကို ငှားတဲ့အချိန်ကစပြီးနေလို့ရပါပြီ။

အိမ်ထဲမှာ ပါဝင်တဲ့ပစ္စည်းကတော့ တအိမ်နဲ့တအိမ်မတူပါဘူး။ ပုံမှန်ကတော့ အ၀တ်လျှော်စက်၊ ရေခဲသေတ္တာ၊ ဆက်တီ၊ တီဗွီ၊ မီးဖိုချောင် ဗီရိုတွေပါပြီး၊ ကျန်တာတွေကတော့ တအိမ်နဲ့ တအိမ် မတူတော့ပါဘူး။ ပစ္စည်းပိုစုံပြီး၊ ပစ္စည်းကောင်းလျှင် ဈေးပိုတောင်းတတ်ပြီး ပျက်နေတယ် ဒါမှမဟုတ် မကောင်းလျှင်တော့ အသစ်ဝယ်ခိုင်းလို့ရပါတယ်။ အိမ်ရှင်သဘော ဘယ်လောက်ကောင်းမလဲအပေါ်မှာ မူတည်ပါတယ်။

ပွဲစားခကတော့ ပုံမှန်အားဖြင့် တနှစ်စာ စာချုပ်ရင် လတ၀က်စာပေးရပြီး တနှစ်ထက်ကျော်ရင်တော့ တလစာပေးရပါတယ်။ ဒါပေမယ့် တချို့ပွဲစားတွေက တနှစ်ငှားရင် တလစာပေးရတယ်ဆိုပြီးတော့လည်း ပြောဆိုတတ်ပါတယ်။ ပွဲစားလည်တွေဆိုရင်တော့ ၁၄လချုပ်ပြီး ပွဲခ တလစာတောင်းတတ်ပါသေးတယ်။

ပွဲစားတယောက်စီကငှားမယ်ဆိုရင် သူ့ရဲ့ လိပ်စာကဒ်ကိုတော့ အနည်းဆုံး တောင်းယူထားသင့်ပါတယ်။ လိုအပ်မယ်ဆိုရင်တော့ သူ့ရဲ့ နိုင်ငံသားကဒ် (IC) ကိုတောင်းပြီး နံပါတ်ကိုမှတ်ထားပါ။ မရိုးသားသော ပွဲစား သို့မဟုတ် ပွဲစားအယောင်ဆောင်တွေရှိလို့ ပိုက်ဆံပေးခဲ့ရမယ်ဆိုရင်လည်း လက်ခံလက်မှတ် ကို IC နံပါတ်ကိုရေးခိုင်းပါ၊ အနည်းဆုံးတော့ သူ့ ဘဏ်စာရင်းချင်းကိုပဲ ငွေလွှဲပေးဖို့ အကြံပေးပါရစေ။

မကြာသေးခင်ကပဲ အသိလင်မယား စင်ကာပူမှာ အလုပ်ရပြီး ရောက်ခါစ နေစရာ အိမ်ကို အသည်းအသန်ရှာပါတယ်။ သတင်းစာထဲ့မှာပါတဲ့ နံပါတ်ကိုဆက်ရင်း၊ အိမ်ပိုင်ရှင် တိုက်ရိုက်ငှားမယ် ဆိုတော့ သွားကြည့်ကြပါတယ်။ အိမ်ရှင်က MRT ဘူတာအထိ ကားနဲ့လာကြိုပြီးခေါ်၊ အိမ်ကိုသေချာပြ၊ ဈေးနဲ့အိမ်နဲ့ကြိုက်တော့ deposit တလစာနဲ့ ကြိုတင်တလစာတောင်းလို့ ပေးခဲ့ပါတယ်။ သော့ပေးမယ်ချိန်းထာတဲ့နေ့ကျတော့ ဖုန်းခေါ်ကြည့်တော့ ခေါ်လို့မရတော့ပါဘူး။ အိမ်ကိုသွားကြည့်တော့လည်း တစ်ယောက်မှမရှိပဲ သော့ကခတ်ထားပါတယ်။ နောက်တော့ ဘယ်လိုမှ ဆက်သွယ်လို့မရတော့ပဲ ပိုက်ဆံတွေဆုံးသွားပါတယ်။ သူတို့ကို အိမ်ငှားစာချုပ် မရှိဘူးလား ဒါမှမဟုတ် အဲဒီလူရဲ့ အိုင်စီ နံပါတ်ကို မသိဘူးလားဆိုတော့ တောင်းမထားမိဘူး၊ နောက်ပြီး အသိမြန်မာတွေကပြောတာ စင်ကာပူနိုင်ငံသားတွေကမလိမ်တတ်ဘူး လို့ပြောလို့ ယုံကြည်လိုက်မိတာလို့ပြောပါတယ်။ ဘယ်နိုင်ငံသားဖြစ်ဖြစ်လိမ်တတ်တာပါပဲ။ ဒီမှာလည်း လိမ်တာတွေအများကြီးပါ။ ဘယ်သူ့ကိုမှ အထောက်အထားမရှိပဲ မယုံဖို့ အရေးကြီးပါတယ်။ သူတို့ကို ရဲကိုသွားတိုင်၊ HDB အိမ်ရှင်ဘယ်သူဆိုတာ စုံစမ်းပြီး၊ အဲဒီလူကို ရအောင် ပြန်လိုက်ပြီး ပိုက်ဆံပြန်ရအောင်လုပ်ဖို့ အကြံပေးပါသေးတယ်။ သူတို့ကလည်း မြန်မာပြည်က ရောက်ခါစ ရုံးကနားတွေလည်း မသွားချင်တော့ ပိုက်ဆံကိုပဲ အဆုံးပဲခံလိုက်တော့မယ် ပြောပါတော့တယ်။ စင်ကာပူကိုရောက်လို့ အလုပ်က လခမရသေးခင် အလိမ်ခံလိုက်ရတော့ တော်တော်အဆင်မပြေ ဖြစ်သွားပါသေးတယ်။ ဒီကိုရောက်ခါစ မိတ်ဆွေတွေ သတိဆိုတာ ပိုတယ်မရှိပါဘူး၊ IC တောင်းကြည့်ဖို့ ဘယ်တော့မှ အားမနာပါနဲ့။

ဒီကိုရောက်ခါစ အသိတွေကိုပြောထားသင့်တာကတော့ စင်ကာပူကိုရောက်ရင် ဆောင်ရန် ရှောင်ရန်တွေပါ။ စလုံးတွေ တော်တော်များများကတော့ ကိုယ့်အကျိုးမပါရင် ဘာမှလုပ်ပေးလေ့မရှိပါဘူး။ အဲလိုပြောလို့ စလုံးတွေအားလုံး ဆိုးတယ်လို့လည်း မယူဆပါစေချင်ပါဘူး။ စိတ်သဘောထားပြည့်ဝပြီး ကူညီတတ်တဲ့ စလုံးတွေလည်းရှိပါတယ်။

အိမ်ငှားဖို့ရာနောက်တနေရာကတော့ JTC ပါပဲ။ JTC ကနေပြီး ငှားမယ်ဆိုရင်တော့ http://www.jtc.gov.sg/ website ကနေပြီးတော့ ငှားဖို့ အားနေတဲ့ ရှိတဲ့ အိမ်ခန်းတွေကိုကြည့်လို့ရပါတယ်။ နေရာအတိအကျကတော့ ဒီမှာ ပါ။

၂၀၀၅ လောက်အထိကတော့ အိမ်ခန်းတခန်း ငှားဖို့ရှိတယ်ဆို website ပေါ်မှာ အကြာကြီးရှိနေတတ်ပါတယ်။ လိပ်စာကလည်း အတိအကျဆိုတော့ အိမ်ခန်းရှိတဲ့နေရာကို သွားကြည့်ဖို့ အချိန်ရပါသေးတယ်။ အိမ်ရဲ့ပတ်ဝန်းကျင် နဲ့ အိမ်အနေအထားကို အပြင်ကနေကြည့်လို့ရပါတယ်။ အိမ်ကိုမငှားသေးပဲ ၀င်ကြည့်ချင်တယ်ဆိုရင်တော့ Jurong East MRT နားက JTC Summit ကိုသွားပြီး ပြောရပါတယ်။ လိုက်ပြတဲ့ အဖိုးအခတော့ ပေးရပါတယ်။ အရင်တုန်းကတော့ $50 ပေးရတယ်၊ အခုတော့ ဘယ်လောက်လည်းတော့ အတိအကျမသိပါဘူး။

JTC Summit at Jurong East


JTC အိမ်အများစုကတော့ တိုက်အဟောင်းတွေမှာပဲရှိတတ်ပြီး၊ ဓာတ်လှေကားမရှိတဲ့ အထပ်တွေမှာပဲရှိတတ်ပါတယ်။ အဆင့်မြှင်မထားတဲ့ တိုက်အဟောင်းတွေမှာ ဓာတ်လှေကားတွေက အထပ်တိုင်းကိုမရောက်ပါဘူး။ ၁၂ထပ်ရှိတဲ့တိုက်ဆိုရင် ၆ ထပ်နဲ့ ၁၁ ထပ်တွေ၊ ဒါမှမဟုတ် ၅ထပ် နဲ့ ၁၀ ထပ်တွေမှာ ပဲ ဓာတ်လှေကားရှိပါတယ်။ ကျန်တဲ့အထပ်ကလူတွေကတော့ နီးရာ အထပ်မှာ ဆင်းပြီးတော့ အပေါ်ထပ်တက် အောက်ထပ်ဆင်း လုပ်ကြရပါတယ်။ အဲဒီတော့ ထပ်လှေကားရှိတဲ့အထပ်မှာနေရင် ဆက်ရဆင်းရတာ ပိုပြီးတော့ အဆင်ပြေတာပေါ့။

JTC အိမ်တွေကတော့ အိမ်ထောင်ပရိဘောဂ ဘာမှမပါပဲ အိမ်ခန်းကြီး သက်သက်ပဲငှားတာပါ။ ဈေးကတော့ အပြင်ကငှားတာထက်စာရင်တော့ သက်သာပါတယ်။ အိမ်ကပြောင်းတဲ့ အခါကြတော့လည်း အိမ်ကို ယူတုန်းကလိုပဲ ဘာမှမကျန်အောင် အားလုံးရှင်းလင်းပေးခဲ့ရပါတယ်။ ကံပေါ်မူတည်ပြီး မီးဖိုချောင်က မီးဖိုခုံနဲ့ ဗီရိုတွေက ပါချင်ပါပါတယ်၊ မပါတာတွေလည်းရှိတတ်ပါတယ်။ JTC က ပေးတဲ့အခါ အိမ်ထဲမှာ ဆေးအဖြူရောင် ခပ်ကြမ်းကြမ်းသုတ်ထားပြီး၊ ရေပိုက်တွေမှာလဲ ခပ်ညံ့ညံ့ ဘဲ (valve) တွေတပ်ထားပေးပါတယ်။ တခုခုပျက်လို့ရှိရင်တော့ တလအတွင်းဆိုလဲပေးပါတယ်။ တလထက်ကျော်သွားရင်တော့ ဘာပျက်ပျက် ကိုယ့်တာဝန်ကြီးပါပဲ။

JTC အိမ်ကိုငှားခွင့်ရှိတဲ့ အချက်အလက်ကို http://www.jtc.gov.sg/products/readybuilt/housing/apt/eligibility/pages/index.aspx မှာ ကြည့်လို့ရပါတယ်။ ကျွန်တော်ကတော့ အမေးခံရတာများလို့ အလွတ်နီးပါးရနေပါပြီ။

အဆင်ပြေအောင် ဘာသာပြန်မယ်ဆိုရင်တော့
၁။ အသက် ၂၁ နှစ် အထက်ဖြစ်ပြီး၊ ဒေ၀ါလီမခံဘူးတဲ့လူ ပြီးတော့ စင်ကာပူမှာ အိမ်ပိုင်မရှိရပါဘူး။

၂။ အဓိကအိမ်ငှားမယ့်လူ (မြန်မာလိုတော့ အိမ်သူကြီးပေါ့) က EP သို့မဟုတ် PR ဖြစ်ပြီး လခ အနည်းဆုံး ဒေါ်လာ၂၅၀၀ ရှိရပါမယ်။ (လခ ဘယ်လောက်ရနေကြောင်းစာကို ယူလာပြဖို့လိုအပ်ပြီး၊ စာထုတ်ထားတဲ့ နေ့စွဲက တလထက်မကျော်ရပါဘူး)။ S-Pass ကိုင်ထားတဲ့လူဖြစ်လည်း လခ ၂၅၀၀ နဲ့အထက်ဆိုလျှင်လည်း ငှားလို့ရပါတယ်။

၃။ အဓိကအိမ်ငှားမယ့်လူက ကုမ္ပဏီတခုခုမှာ အလုပ်လုပ်နေတဲ့လူဖြစ်ရပါမယ်။ (အလုပ်လုပ်နေကြောင်း စာကိုလည်းပြဖို့လိုအပ်ပါတယ်)

၎။ အဓိကအိမ်ငှားမယ့်လူက အိမ်ထောင်ရှိတယ်၊ မိသားစုက စင်ကာပူမှာရှိရင် မိသားစုလိုက် အိမ်ကိုငှားရပါမယ်။

၅။ တယောက်ချင်းအနေနဲ့ငှားမယ်ဆိုလို့ရှိရင် 3-room HDB flat လို့ခေါ်တဲ့ အိပ်ခန်း ၂ခန်းပါ အိမ်ခန်းကိုပဲငှားလို့ရပါတယ်။ 3-room flat ထက်ကြီးတာတွေငှားမယ်ဆိုရင်တော့ လခ အနည်းဆုံး ဒေါ်လာ၂၅၀၀ ရှိတဲ့လူ နှစ်ယောက်လိုအပ်ပါတယ်။

3-room flat မှာ လူ လေးယောက် (အရင်က ခြောက်ယောက်) အထိနေခွင့်ပေးပြီး ၊ 4-room flat မှာတော့ ခြောက်ယောက် (အရင်က ရှစ်ယောက်) နေခွင့် ပေးပါတယ်။ အိမ်ကို တဆင့်ပြန်ငှားခွင့်မပေးပါဘူး ဒါပေမယ့် ပြန်ငှားစားနေတဲ့ မြန်မာတွေလည်းရှိပါတယ်။ စာချုပ်ကိုတော့ တနှစ် သို့မဟုတ် နှစ်နှစ် ချုပ်လို့ရပါတယ်။ ပွဲစားခအနေနဲ့တော့ ပေးစရာမလိုပေမယ့် ဆောင်ရွက်ခအနေနဲ့တော့ $200 လောက်တော့ပေးရပါတယ်။

JTC အိမ်ကိုငှားနေရတာ ကောင်းတဲ့အချက်တချက်ကတော့ အိမ်ရှင်နဲ့စကားမပြောရတာပါပဲ။ တချို့ အိမ်ရှင်တွေက အင်မတန် စစ်စီ လက်ပေါက်ကပ်တတ်တော့ စိတ်ညစ်ရပါတယ်။ အိမ်ကို အချိန် တိုင်းလာကြည့်၊ ရှုပ်နေရင် ရှုပ်ပြန်ပြီ၊ ဧည့်သည်တွေ့ရင်လည်း မကြိုက်တတ်ပါဘူး၊ JTC ကတော့ ငှားပြီး တလ၊ နှစ်လလောက်အတွင်း တခါလာကြည့်ပြီးရင်တော့ နောက်ဘယ်တော့မှလာမကြည့်တော့ပါဘူး။ ပတ်ဝန်းကျင်နဲ့တော့ ပြဿနာမဖြစ်အောင်နေရမှာပေါ့နော်။

ငှားမယ်ဆိုရင်တော့ အဓိကလိုအပ်တာကတော့ နိုင်ငံကူးလက်မှတ်၊ EP/S-Pass/PR Card၊ လစာ ၂၅၀၀ သက်သေပြစာရွက် (ကုမ္ပဏီကစာ ဒါမှမဟုတ် Pay slip)၊ အလုပ်လုပ်နေကြောင်း ကုမ္ပဏီကစာ တို့လိုအပ်ပါတယ်။ အသေးစိတ်ကို ဒီမှာဖတ်လို့ရပါတယ်။


ငှားဖို့လိုအပ်တဲ့စာရွက်စာတန်းတွေကို ပြည့်စုံအောင်ယူသွားပါ။ မပြည့်စုံရင် ဘာမှလုပ်မပေးပဲ ပြန်လွှတ်ပါတယ်။ နောက်မှ ပြန်လာပေးလို့လည်းမရပါဘူး၊ တခါတည်းသာယူသွားပါ။

လက်ရှိအခြေအနေကတော့ JTC website မှာ အိမ်ခန်းငှားဖို့ရှိနေတယ်ဆိုရင် ထီထိုးလိုက်ပါလို့ပြောရလောက်အောင် ဖြစ်နေပါတယ်။

JTC ကအိမ်ကိုငှားချင်ရင်တော့ website ကို မနက် ၈ နာရီ ၈ နာရီခွဲလောက်မှ ကြည့်ပြီး အိမ်ရှိတယ် အဆင်ပြေလောက်တယ်ဆိုရင်တော့ လိုအပ်တဲ့စာရွက်တွေယူပြီး taxi စီးပြီးသာ ပြေးပါတော့ နောက်ကျရင်တော့ သိပ်မသေချာတော့ပါဘူး။

HDB Apartment Block


ကျွန်တော်ရဲ့ အိမ်ငှားခဲ့တဲ့ အတွေ့အကြုံကို အခြေခံပြီးရေးထားတာပါ လိုအပ်တာတွေလည်းရှိမှာပါ။ အခုနေတဲ့အိမ်ကို ငှားခဲ့တဲ့ အတွေ့အကြုံကိုတော့ နောက်မှ ထပ်ရေးပါဦးမယ်…

Read More...

Monday, July 21, 2008

အချစ်ဆိုသော သဘော

မတွေ့တာကြာလို့ မျက်နှာလေးကို တွေ့ချင်လိုက်တာ…
မကြားတာကြာလို့ စကားလေးတွေ ကြားချင်လိုက်တာ…
ရင်ခုန်ခဲ့တဲ့ ကိုယ်ရနံ့သင်းသင်းလေး လွမ်းလိုက်တာ…
စိတ်လှုပ်ရှားခဲ့တဲ့ စကားလေးတွေကို သတိရလိုက်တာ …
ဒါတွေကြောင့်…
မနေနိုင်မထိုင်နိုင် ပြောလိုက်သည် ငါမင်းကိုချစ်မိနေပြီ။

သူပြန်ပြောတဲ့စကား
ချိုသလား ခါးသလား မှန်သလား မှားသလား
ဆက်ဖတ်ပြီးသာ ဆုံးဖြတ်ကြပါတော့…


တွေ့ချင်လိုက်တာက နင် ငါမဟုတ်…
ကြားချင်လိုက်တာက နင် ငါကမပြောချင်…
လွမ်းလိုက်တာလာမပြောနဲ့ ငါက သတိတောင်မရ…
အဲဒီတော့…
နင်ချစ်တာငါ့ကိုမဟုတ် နင့်ကိုနင်တဲ့…

တတ်လိုက်တဲ့စကား…
တရားသဘောကပါသေးတယ်…
အဲဒါ ဘဘုန်းကြီးက ဟောတဲ့တရားတဲ့….

ကဲ…
တရားသဘောကိုပိုက်
အော်လိုက်မယ် အကျယ်ကြီး
ငါ့ကိုငါသာချစ်ပါသည်…

Read More...

Saturday, July 19, 2008

ပကတိ

ခေတ် စနစ် နှစ် ပြောင်းလဲခဲ့
ရိုးသားနိုးကြား သူတို့ရဲ့ မျိုးချစ်စိတ် ရှိနေဆဲ…

စိမ်းရွှေရွှေအ၀ါသန်းတဲ့ ကြယ်တွေ တဖြုတ်ဖြုတ်မြေခ ကြွေကြ နေပေမယ့်
ရဲရဲတောက် အဖြူရောင်ကြယ်ပွင့်တွေကတော့ တောက်ပနေဆဲ…

ငါတို့ရင်ထဲမှာ တောက်ပနေဆဲ…

Read More...

Friday, July 18, 2008

ဇာတိမြို့ရဲ့ ၀ါဆိုလပြည့်ကျော်တရက်

မနှစ်က ၀ါဆိုလပြည့်နေ့မှာ ဇာတိမြို့လေးမှာ ဘုန်းကြီးကျောင်းတွေကိုသွားပြီး လှူဒါန်းတာကို ရေးခဲ့ပါတယ်။ ဒီနှစ်မှာတော့ လပြည့်ကျော်တရက်အကြောင်းကို လွမ်းနေမိပါတော့တယ်။

ဝါ၀င်ပြီဆိုတာနဲ့ ဘာသာရေးပွဲလမ်းတွေ၊ လှူဒါန်းမှုတွေနဲ့ ပြည့်နေတဲ့ မြို့လေးမှာတော့ လပြည့်ကျော်တရက်က လူငယ်တွေအတွက် ပိုပြီးပျော်ဖို့ကောင်းတာပါတယ်။

ဝါဆိုဦး ၀ါဆိုလပြည့် ဥပုသ်နေ့မှာ မြို့ပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းအချို့ကို လှူဒါန်း ကုသိုလ်ယူပြီးတော့ လပြည့်ကျော်တရက်နေ့မှာတော့ ပုဂံမြို့ဟောင်း နဲ့ မြင်းကပါရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းများကို သွားပြီး လှူဒါန်းကြပါတယ်။

လပြည့်ကျော်တရက်နေ့မှာ သွားရောက်လှူဒါန်းဖို့ကို ၂ရက် ၃ရက်လောက်ကတည်းက ပြင်ဆင်ထားရပါတယ်။ လှူဒါန်းဖို့ ပစ္စည်းတွေကို ပြင်ဆင်ရတာအပြင် ဘုန်းကြီးကျောင်းမှာ စားဖို့သောက်ဖို့ပါ အစားအသောက်တွေပြင်ကြရလို့ပါပဲ။ လပြည့်ကျော်တရက်နေ့ကတော့ ကုသိုလ်ရေးနွယ်သော ဗမာဆန်ဆန်ပျော်ပွဲစား လို့ပဲဆိုရမှာပေါ့်။ သွားကြတာကလည်း ဆွေးမျိုးအကုန်သွားတာဖြစ်လို့ ကလေးလူကြီး ၅၀ လောက်ရှိမှာပါ။ တအိမ်နဲ့တအိမ် ဟင်းတွေ၊ မုန့်တွေကို မထပ်အောင် ကြိုးစားပြီးလုပ်လေ့ရှိပါတယ်။ အဲဒီတော့မှ ဟင်းအစုံ အရသာအစုံ စားရမှာကိုး။

မနက်ကြီး ရ နာရီကျော်မှာ ပြင်ဆင်ပြီး ဆွေမျိုးတသိုက် သူ့စောင့် ကိုယ်စောင့် အတူတူသွားကြတာပါတယ်။ ပထမဆုံးသွားတာကတော့ အဘ (အဘိုး) ဆောက်ပြီး လှူဒါန်းထားတဲ့ ပုဂံမြို့ဟောင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းကို ဆန်၊ဆီ၊ဆား၊ ကြက်သွန်၊ သကြား နဲ့ အခြားသော လှူဖွယ်ရာအစုစုကို စုပေါင်းလှူဒါန်းကန်ကော့ကြပါသည်။

ဘုန်းကြီးကျောင်းက အနည်းငယ်ကျဉ်းတာကတကြောင်း၊ ဘုန်းကြီးကျောင်းက ဧည့်ခံတဲ့ မုန့်ကလည်း ကျွန်တော်တို့ သိပ်မမက်တာကတကြောင်း၊ ကျွန်တော်တို့ ကလေး တွေကတော့ ဘုန်းကြီးကျောင်းပေါ်မှာမနေပဲ ကျောင်းဝန်းထဲမှာပဲ ဆော့နေလေ့ရှိပါတယ်။ ဘုန်းကြီးကျောင်းထဲမှာရှိတဲ့ စေတီတွေပေါ်တက်ပြီးဆော့၊ စိန်ပြေးတမ်းကစားပါတယ်။

နောက်ပြီး ကျောင်းဝန်းထဲမှာရှိတဲ့ တမာသီး အစိမ်းတွေကို ခူးပြီး အသင့်ယူလာတဲ့ လွယ်အိတ်တွေထဲကို ထည့်ပါတယ်။ တမာသီးကိုခူးပြီးစုတာကိုတော့ ကျည်ဆံစုတယ်လို့ခေါ်ပါတယ်။ နောက်ပိုင်းသွားမယ့်နေရာမှာ စစ်တိုက်တန်းကစားတဲ့အခါ ကျည်ဆံလုပ်ပြီး ပစ်မှာဖြစ်လို့ပေါ့။

ပုဂံကျောင်းကို လှူဒါန်းပြီးတာနဲ့ အဘကပဲ ဆောက်လုပ်လှူဒါန်းထားတဲ့ မြင်းကပါရွာမှာ ရှိတဲ့ ဥတ္တမကျောင်း ကို ဆက်လက်ထွက်ခွါပါတယ်။ ကျောင်းကိုရောက်ပြီး လှူဖွယ်ပစ္စည်းတွေကိုပြင်ဆင်ပြီး ဘုန်းကြီးကျောင်းပေါ်ကိုတက်ပြီး ဘုန်းကြီးနဲ့ စကားစမြည်ပြောပြီးမှ ကန်တော့၊ ရှစ်ပါးသီလယူလေ့ရှိပါတယ်။ ဒီကျောင်းမှာ သီတင်းသုံးတဲ့ ဘုန်းကြီးကတော့ လူစုံတက်စေ့ နှုတ်ဆက်လေ့ရှိလို့ အားလုံးနီးပါး ကျောင်းပေါ်ကိုတက်ကြရပါတယ်။

သီလပေး၊ တရားအတိုလေး ချီးမြှင့်ချိန်မှာတော့ ကျွန်တော်တို့ ကလေးတွေကတော့ ဘုန်းကြီးအောက်က မန်ကျည်းပင်အောက်မှာ ကစားတဲ့ကစား၊ ဘုရားရင်ပြင်ပေါ်တက်ပြီး ကစားတဲ့အခါကစားပေါ့။

လူကြီးတွေကတော့ တရားနာပြီးချိန်မှာ အနောက်ဘက်မှာရှိတဲ့နောက်ဘုန်းကြီးကျောင်းကို လှူဖို့ပြင်ဆင်ပြီး ထွက်ခွာကြပါတယ်။ အနောက်ဘက်ကျောင်းလို့ခေါ်တဲ့ ကျောင်းမှာတော့ မှတ်မိတာကတော့ အသီးတွေပျစ်နေအောင်သီးတဲ့ ဥသျှစ်ပင်ရှိပြီး၊ မြင်းကပါဘုရားပွဲတွေမှာ ကတဲ့ အရုပ်ကြီးတွေသိမ်းထားတတ်တာပါ။

မြင်းကပါက ဘုရားပွဲတွေမှာဆိုရင် လူရုပ်၊ ကျားရုပ်၊ ခြင်္သေ့ရုပ်၊ တိုးနယားရုပ် စတဲ့အရုပ်တွေကို ၀ါးတွေနဲ့အရုပ်ကိုချိုး စက္ကူတွေကပ် ဆေးတွေခြယ်ပြီးတော့ လူတွေက၀င်ပြီးကကြပါတယ်။ ကတဲ့အခါ တီးလုံးက သာသာတီးတဲ့အခါ သာသာပဲကပြီးတော့ တီးလုံးက မြူတဲ့အခါ အရုပ်ကလည်း ခုန်ပေါက်ကပြီး လူတွေထဲကို အပျော်သဘောနဲ့ ၀င်တိုးပြီးကတတ်ပါတယ်။ ကျွန်တော်ငယ်ငယ်က အဲလို အတိုးခံရပြီး အရုပ်ကြီးတွေကနေရင် ကြောက်နေတတ်ပါတယ်။ ဝေးဝေးကသာကြည့်ရဲခဲ့ပါတယ်။ ဘုရားပွဲပြီးပြီးတော့ အရုပ်ကြီးတွေကို ဘုန်းကြီးကျောင်းတွေမှာ သိမ်းထားလေ့ရှိပါတယ်။ ဘုရားပွဲနီးမှပဲ ပြန်ထုတ် စက္ကူကပ်ဆေးအသစ် ပြန်ခြယ်သကြပါတယ်။ အဲတော့ အနောက်ကျောင်းကိုရောက်မှပဲ အရုပ်ကြီးတွေကို အနီးကပ်ကြည့်ခွင့်ရပါတော့တယ်။

အနောက်ကျောင်းမှာ လှူဒါန်းပြီးပြီ ဆိုရင်တော့ ဥတ္တမကျောင်းကိုပြန်လာပြီး နေ့လည်စာစားဖို့ပြင်ကြပါတော့တယ်။ အဓိကအလုပ်ရှုပ်တာကတော့ အမေတွေနဲ့ အမတွေပေါ့။ အဖေတွေ အကိုတွေကတော့ ဟိုရောင်ဒီရောင် စကားဝိုင်းဖွဲပြောနေတတ်ပါတယ်။ ကလေးတွေကတော့ ဆော့လို့ကောင်းတုန်း။

ခဏနေတော့ အမေတွေက ကလေးတွေ… လက်ဆေးကြ ထမင်းစားမယ် ဆိုတော့မှပဲ ကစားတာရပ် လက်ဆေးပြီး ထမင်းဝိုင်းနားမှာ ပန်းကန်လေးတွေကိုင်ပြီး ဟင်းတွေကိုနှိုက်ကြပါတယ်။ အဲဒီအချိန်မှာတော့ ကိုယ်ချက်လာတဲ့ ဟင်းတွေကို ကြော်ငြာဝင်ကြပါတယ်။

ဒီမှာ ၀က်သားရှိတယ်နော်၊ ဒီမှာက ကြက်သား… ဒီဘက်က ပုဇွန်ထုပ်နော် နောက်ကျရင် မကျန်ပဲနေလိမ့်မယ် နဲ့ အမေတွေ ကအော်ပြောရင် ကလေးတွေ ကတော့ ကိုယ်စားချင်ရာ ထည့်ခိုင်းကြပါတယ်။

ကျွန်တော့်အမေရဲ့ နာမည်ကျော်လက်ရာကတော့ ငရန့်ဘလူရွက်သုတ်ဖြစ်ပါတယ်။ ဆီပြန်ဟင်းတွေထဲမှာ အသုတ်ကလေးပါတော့ လိုက်ဖက်ပြီး တော်တော်များများက ကြိုက်နှစ်သက်လို့ပါပဲ။ ဟင်းကုန်တာမြန်ရင် ရောင်းလို့ကောင်းတယ်လို့လည်း သုံးတတ်ပါသေးတယ်။

ကလေးဘ၀တုန်းဆို ပန်းကန်မလောက်လို့ လင်ပန်းနဲ့မျှပြီး ထမင်းစားဖူးပါတယ်။ လက်ရေတပြင်တည်း ဆိုတဲ့ စကားလိုပေါ့။ လင်ပန်းထဲမှာ ထမင်းတွေပုံ ဟင်းတွေပုံ ပြီးတော့ ၀ိုင်းဖွဲ့ပြီးစားကြတာလေ။ ဘုန်းကြီးကျောင်းကိုလာ သီလယူ၊ ဥပုသ်စောင့်တယ်ဆိုပေမယ့် ပျော်ပွဲစားထွက်လာတာနဲ့ ပိုပြီးတူပါတယ်။ တယောက်ဆီကတယောက် ဟင်းတွေလိုက်စားရင်း ဒီဟင်းကတော့ ကောင်းတယ် ချီးကျူး၊ ဒီဟင်းကတော့ ဒါလေးပါရင် ကောင်းမှာပဲ ဝေဖန်၊ ပါးစပ်ထဲမှာ စားချင်သောဟင်းကို အော်ပြောပြီးမေး နဲ့ ပျော်ရွှင်ဖွယ် ထမင်းဝိုင်းကတော့ ဆူဆူညံညံနဲ့ပါပဲ။ ဥပုသ်စောင့်မယ့် လူကြီးတွေကတော့ နေမွန်းမထည့်မှီ အစားကိုပြီးအောင်သတ်ရပါတယ်။

ထမင်းစားပြီးတော့ အချိုတည်းချိန်းပေါ့။ ကျောက်ကျော၊ သစ်သီးမျိုးစုံ၊ ရွှေကြည်ဆနွင်းမကင်း၊ လက်ဖက်သုတ် စတဲ့ပါတာတွေ အကုန်ထုတ်၊ စားကြပြန်ပါရော။ အချိုပွဲကိုတော့ တခါစားထက်ပိုယူလာတတ်ပါတယ်။ နောက်တပြန်ထပ်စားလို့ရအောင်ပေါ့။

စားလို့သောက်လို့ပြီးတော့ အားလုံးလည်း ဗိုက်လေးလေး၊ ရာသီဥတုကလည်း ပူပူ၊ လူကြီးတွေကတော့ အေးမြတဲ့ ဘုန်းကြီးကျောင်းအောက်ထပ်မှာ ဥပုသ်အိပ်ကြပါတော့တယ်။ ကလေးတွေကတော့ ဘုရားဝန်းထဲက ဇရပ်မှာဖြစ်ဖြစ် သစ်ပင်အောက်မှာဖြစ်ဖြစ် ပုံပြောတမ်း ဒါမှမဟုတ် စကားထာဖွက်တမ်းဆော့ရင်း ငြင်းကြခုန်ကြ အချိန်မှာ အကိုတွေကတော့ လူကြီးတွေမသိအောင် တိတ်တိတ်ကလေး ဗူးဘုရားမှာရှိတဲ့ လက်ဖက်ရည်ဆိုင်ကို ရှိုးထုတ်ပြီးသွားသောက်တတ်ပါသေးတယ်။

ထမင်းစားပြီးချိန်က စပြီးတော့ ကလေးတွေဖြစ်တဲ့ ကျွန်တော်တို့တတွေကတော့ ပျော်နေကြပါပြီ။ လူကြီးတွေ ခဏနားပြီးရင် ကျွန်တော်တို့ မျှော်လင့်နေတဲ့ စူဠာမဏိစေတီကိုသွားမှာဖြစ်လို့ပါပဲ။

နေ့လည် ၂နာရီလောက်ဆို လူကြီးတွေနားနေရာက ထလာပြီး၊ အကိုတွေကလည်း လက်ဖက်ရည်ဆိုင်ကပြန်ရောက်ပါပြီ။ ပစ္စည်းတွေသိမ်း၊ ဘုန်းကြီးကို ၀တ်ပြု စူဠာမဏိ ကိုသွားမယ်ဆိုတာရဲ့ ကလေးတသိုက်က ဟေးးး… စူဠာမဏိကိုသွားတော့မယ်ဟေ့… ဘယ်သူနဲ့ ဘယ်သူကတဖက်၊ မင်းနဲ့ငါက တဖက်နဲ့ လူတွေခွဲပြီး စစ်တိုက်ဖို့ပြင်ပါတော့တယ်။


ဓာတ်ပုံကို ဒီက ယူထားပါသည်။

စူဠာမဏိကိုရောက်သည်နှင့် ကျွန်တော်တို့ကလေးတွေက ဘုရားပေါ်ကို အပြေးတက်၊ နေရိပ်သည့်နေရာဦးပါတော့သည်။ လူကြီးတွေကတော့ နောက်မှ အေးအေးဆေးဆေးလာ ပစ္စည်းတွေသယ်လာပါတယ်။ ဘုရားပေါ်ရောက်တော့ လူကြီးတွေက ဖျာတွေခင်း လေတဖြူးဖြူးအောက်တွင် နားနားနေနေနေရင်း စကားလက်ဆုံကြရင်း အချိုပွဲကို ဆက်လက်တည်ခင်းပါတော့တယ်။

ကျွန်တော်တို့ကလေးတသိုက်ကတော့ ပုဂံကျောင်းကစုဆောင်လာတဲ့ တမာသီးတွေနဲ့ စစ်တိုက်ကြပါပြီ။ နှစ်ဖက်ခွဲပြီး တယောက်နဲ့တယောက် လက်နက်ချသည်ဟုပြောသည်အထိ တမာသီးနဲ့ပေါက်ကာ ကစားတဲ့နည်းဖြစ်ပါတယ်။ ကစားလို့ တမာသီးလည်းကုန် မောလည်းမော ပြီးဆိုရင် လူကြီးတွေရှိတဲ့နေရာကိုပြန် ရေသောက်၊ မုန့်စား ပြီးရင်နောက်တမျိုး တူတူပုန်းတမ်းကစာ့းကြပြန်ပါသည်။ လူကြီးတွေကတော့ ဘုရားပေါ်မှာ တူတူပုန်းတမ်းကစားတာကိုတော့ သိပ်မနှစ်သက်ပါဘူး။ သိလို့ရှိရင်တော့ မဆော့နဲ့ နတ်ဖွက်လိမ့်မယ်လို့ဆိုတာ တားမြစ်တတ်ပါသေးတယ်။

ငယ်ငယ်ကတော့ ကလေးတွေရဲ့ စူစမ်းချင်တဲ့စိတ်အရ ဘုရားရဲ့ ထီးတော်အပေါ်နားအထိ ကြိုးစားတက်ခဲ့တာကို မှတ်မိပါသေးတယ်။ ကျွန်တော်တို့ငယ်ငယ်က စူဠာမဏိရဲ့ ထီးတော်က ပုဂံငလျင်ကြောင့် တခြမ်းပဲ့ဖြစ်နေရာ၊ ထီးတော်တခြမ်းပဲနေရာကို အနီးကပ်မြင်ရသည်အထိ တက်ဖူးခဲ့ပါတယ်။ ပြန်အဆင်းမှ လေကတိုက် လှေကားကကျဉ်းကျဉ်းနောက်ပြန် ဒူးတုန်အောင် ဆင်းယူခဲ့ရပါတယ်။

ကလေးတွေလည်း တနေကုန် ကစားလို့ပင်ပန်း၊ လူကြီးတွေလည်း မုန့်ကုန်၊ စကားကုန်၊ အိပ်ရေးဝ တဲ့ညနေ ငါးနာရီလောက်အချိန်မှာတော့ စူဠာမဏိက ပြန်လာကြပါတော့သည်။ ကစားလို့ ပင်ပန်းတဲ့ကျွန်တော်တို့တတွေကတော့ အိမ်အရောက်ကားပေါ်ကဆင်း ချက်ချင်းနီးပါးအိပ်ပျော်သွားလေ့ရှိပါတယ်….

ပြောဖို့မေ့နေတာ... ၀ါဆိုလပြည့်ကျော်တရက်နေ့က ညောင်ဦးမြို့ရဲ့ တရားဝင်ရုံးပိတ်ရက်လိုပါပဲ။ ကျောင်းတွေ ရုံးတွေပိတ်လေ့ရှိပါတယ်။ ၀ါဝင်ပြီဖြစ်လို့ ကျောင်းတွေအားလုံးလည်း စနေ တနင်္ဂနွေအစား အဖိတ်နေ့နဲ့ ဥပုသ်နေ့ကို ပြောင်းပြီးပိတ်တယ်။ ၀ါတွင်းကာလမှာ ဥပုသ်နေ့တိုင်း ဘုန်းကြီးကျောင်းတွေကိုသွားပြီး အခြောက်အခြမ်း လှူဒါန်းတဲ့ဓလေ့ရှိပါတယ်။

ဓာတ်ပုံကို ဒီက ယူထားပါသည်။

ဝမ်းနည်းစရာ ကတော့ အရင်က တခြမ်းပဲ့ဖြစ်တဲ့ စူဠာမဏိဘုရားရဲ့ ထီးတော်ကိုပြင်၊ ပြီးတော့ အပေါ်ကနောက်တဆင့်တင်လိုက်တော့ ရှေးဟောင်းအမွေအနှစ်ကို ဖျက်လိုက်တာပါပဲ။ အပေါ်က ဓာတ်ပုံနှစ်ခုကိုသာ ယှဉ်ကြည့်ပါတော့။ ကျွန်တော်တောင် ဓာတ်ပုံမြင်ခါစမှာ စူဠာမဏိဘုရားကို မမှတ်မိပါဘူး။ ပုဂံပြန်ရောက်ရင်တောင် စေတီတွေဘယ်လောက်အထိ မူလပုံပျောက်နေပြီလဲနော်…. ရှေးဟောင်းအမွေအနှစ်ကို ကောင်းမွန်စွာထိန်းသိမ်းနိုင်တတ်ပါစေလို့ ဆုတောင်းရင်း ကျွန်တော့်ရဲ့ ဇာတိရဲ့ ၀ါဆိုလပြည့်ကျော်တရက်နေ့ကို အလွမ်းပြေလေးပေါ့……

Read More...

Tuesday, July 15, 2008

Never Give Up!

ဗြိတိသျှဝန်ကြီးချုပ် ၀င်စတန် ချာချီက သူနေခဲ့တဲ့ မူလတန်းကျောင်းကို မိန့်ခွန်းပြောဖို့သွားခဲ့ပါတယ်။ ကျောင်းအုပ်ဆရာကြီး ကျောင်းသားကလေးတွေကို ပြောပါတယ် “ဒီနေ့ဟာ သမိုင်းဝင်ဖြစ်မယ့်နေ့ပဲ။ ၀င်စတန် ချာချီဟာ အင်္ဂလိပ်လို စကားပြောတာ အကောင်းဆုံးလူတစ်ယောက် ဆိုတော့ ဘာပဲပြောပြော လိုက်တာရေးထား။ မမေ့နိုင်တဲ့ မိန့်ခွန်းပြောမှာ အသေအချာပဲ။”

ချာချီ ရောက်လာပါပြီ။ ပြီးတော့ မိန့်ခွန်းပြောဖို့ထလာပါတယ်။ ကျောင်းသားတွေကို မျက်မှန်အပေါ်ကနေ ကြည့်ပြီး ပြောလိုက်ပါတယ်။

Never!
Never!
Never!
Never!
Give Up!

ပြောပြီးတာနဲ့ ပြန်ပြီးထိုင်နေပါတော့တယ်။

ကျောင်းသားများကတော့ မိန့်ခွန်းကိုကြားပြီးတော့ စိတ်ပျက်သွားပါတယ်။ ဒါပေမယ့် ကျောင်အုပ်ဆရာကြီးကတော့ မိန့်ခွန်းဟာ ချာချီရဲ့ အကောင်းဆုံး မိန့်ခွန်းတစ်ခုဖြစ်တယ်လို့ ယူဆလိုက်ပါတယ်။

ချာချီရဲ့ အရည်အချင်းထဲမှာ ဇွဲ ရှိခြင်းပါပဲ။ သူဘယ်တော့မှ အရှုံးမပေးတတ်ပေ၊ အဲဒီ စိတ်ဓာတ်ကြောင့် ဒုတိယကမ္ဘာစစ်မှာ အင်္ဂလိပ်တွေ ကို စိတ်အားမြှင့်နိုင်ခဲ့ပါတယ်။ အင်္ဂလိပ်တွေကို သူများတွေ လက်နက်ချနိုင်လောက်မယ်အခြေအနေတွေမှာ ဆက်ပြီး စစ်တိုက်အောင် လုပ်နိုင်ခဲ့တယ်။

လုပ်တဲ့အလုပ်အပေါ်မှာ တစိုက်မတ်မတ် စူးစူးနစ်နစ်လုပ်ပြီး၊ ပြောတာနဲ့ လုပ်တာကို တထပ်တည်းကျအောင်လုပ်တာကို ဇွဲရှိတယ်လို့ ဆိုလို့တာပါ။

ပြောတဲ့အတိုင်း ဖြစ်အောင်လုပ်တတ်တဲ့ ဂျစ်တူး ရဲ့ မွေးနေ့မှာ ကျွန်တော့် မွေးနေ့တုန်းက လက်ဆောင်ရခဲ့တဲ့ စာအုပ်ထဲက စာသားလေးတွေကို ဘာသာပြန်ပြီး လက်ဆောင်ပေးလိုက်ပါတယ်။

ပထမဆုံး ဆုတောင်းတာမဖြစ်ရင် နောက်ဆုံးဆုတောင်းဖြစ်အောင်လို့ပါ။ :)

GyitTu, Never Give Up!

Read More...

Sunday, July 13, 2008

တခါတုန်းက…

ဒီအကြောင်းကိုတော့ မထင်မှတ်ပဲရေးဖြစ်သွားတာပါ။ မတွေ့တာကြာနေပြီဖြစ်တဲ့ သူငယ်ချင်းများနဲ့ ကိုယ်ချက်တာကိုယ်ယူလာ ညစာစားဖြစ်ပါတယ်။ ပြောဖြစ်တဲ့အကြောင်းအရာတွေက စုံနေပါတယ်။ တယောက်ကနေပြီးတော့ သူ့ဘ၀မှာ the most embarrassing moment လို့ခေါ်လို့ရတဲ့ အဖြစ်အပျက်တခုကို ပြောပြပါတယ်။ ပြီးတော့ သူလည်းပြောပြီးရော အခြားသူငယ်ချင်းတွေပါ လိုက်ပြီးပြောခိုင်းပါတယ်။

ကျွန်တော်မှတ်မိနေတဲ့ အဖြစ်အပျက်တခုကတော့….

အသက် ၁၈နှစ်အရွယ် ရည်းစားလေးတယောက် ရခါစအချိန်ကဖြစ်ပါတယ်။ သင်တန်းပြီးချိန် နှစ်ယောက်သား အတူတူဘတ်စ်ကားစီးပြီး အိမ်ပြန်ပါတယ်။ စီးတဲ့ကားကတော့ ဒုတိယ ကမ္ဘာစစ်လက်ကျန် ချက်ပလက်ခေါင်းတိုကြီးပါ။ စီးခါစမှာတော့ သူက ကားနံရံမှာမှီနေပြီး ကျွန်တော်ကတော့ မျက်ချင်းဆိုင်မှာ မတ်တပ်ရပ်ပြီး သမီးရည်းစားတို့ထုံးစံ တောင်စဉ်ရေမရ စကားတွေပြောလာကြပါတယ်။ မှတ်တိုင်တခုရောက်တော့ ကားစပယ်ယာကနေပြီး ပစ္စည်းတင်တော့ ကားနံရံမှာကပ်ထားမှာဖြစ်လို့ ကျွန်တော်တို့ကို နေရာလေးနဲနဲဖယ်ပေးပါဆိုတာနဲ့ အလယ်နားရွေ့ ကျွန်တော်က လက်တန်းကိုကိုင်ထားပြီး သူကတော့ ဒီအတိုင်းမတ်တပ်ရပ်ပြီးနေပါတယ်။ ကားစထွက်တော့ သူက ယိုင်တော့မလိုဖြစ်သွားတော့ လက်တန်းကိုကိုင်ထားတဲ့ ကျွန်တော့်လက်ကို လှမ်းကိုင်လိုက်ပါတယ်။

သူကတော့ လက်မောင်းကိုကိုင်လိုက်နိုင်လို့ ယိုင်ရာကနေ ပြန်ပြီးမတ်သွားပါပြီ။ ကိုင်တာကလည်း သေသေချာချာပါ။ ခက်တာက ကျွန်တော်လည်း သူကိုင်ထားတယ်လို့ ခံစားမှုမရပါ။ မသင်္ကာတော့ ကြည့်လိုက်တော့မှ သူကိုင်ထားတာ ဘေးမှာကပ်လျှက်ရပ်နေတဲ့ အိန္ဒိယနွယ်ဖွား တယောက်ရဲ့တန်းကိုကိုင်ထားသောလက်ဖြစ်နေပါတယ်။ ကျွန်တော်လည်း ပြောကလည်းပြောချင် သူ့ကိုလည်း အသံထွက်ပြောလို့မရဖြစ်နေပါတယ်။ ဘေးက အိန္ဒိယနွယ်ဖွားကတော့ ရုပ်ရည် သန့်သန့် အ၀တ်သန့်သန့်ဝတ်ထားပြီး ခပ်အေးအေးနေတတ်တဲ့ပုံပါ။ ရုတ်တရက် လက်ကိုအကိုင်ခံလိုက်ရတော့ ကြောင်နေတဲ့ပုံလေး ဖြစ်နေပါတယ်။

ကျွန်တော်ကလည်း သူ့ကို မျက်ရိပ်မျက်ကဲနဲ့ပြပါတယ်။ သူကလည်း သူကိုင်ထားတာ သူ့ကောင်လေးလက်လို့ပဲထင်နေတုန်း၊ ပါးစပ်ကတောင် မေးလိုက်ပါသေးတယ် `ဘာလဲ တဲ့..´။ ကျွန်တော်ကလည်း ထပ်ပြီး မျက်ရိပ်မျက်ကဲ အပြင် ဘေးကလူဘက်ကိုတောင် ခေါင်းလေးစောင်းစောင်းပြီးပြပါသေးတယ်၊ ခက်တာက သူကလည်း ဘေးကိုလူကို တချက်ကြည့်လိုက်ပြီး နားမလည်သေး၊ သူကိုင်ထားတာ ဘယ်သူ့လက်လို့လည်း သိသေးဟန်မတူ၊ စိတ်မရှည်ပုံနဲ့ ကိုင်ထားတဲ့လက်ကို ဆွဲဆိတ်ပါတယ်။

`အား…´ ဆိုတဲ့ အသံဘေးက အိန္ဒိယနွယ်ဖွားထံမှာထွက်လာတော့ သူလည်း လန့်ပြီး ကိုင်ထားတဲ့ လက်ကိုလွှတ်လိုက်ပါတယ်။ ကျွန်တော်ကတော့ ဘယ်လိုမှ မအောင့်နိုင် ခွီးလို့တောင်ရီလိုက်ပါသေးတယ်။ အိန္ဒိယနွယ်ဖွားလည်း အင်မတန်ရှက်သွားပြီ ကားအပေါက်ကိုသွားကာ တွယ်စီပါတော့တယ်။ နောက်မှတ်တိုင်လည်းရောက် ကားတောင်မရပ်သေး ဆင်းပြေးပါတော့တယ်။

သူလည်း သူကိုင်ထားခဲ့တာ ကျွန်တော့်လက်မဟုတ်ပဲ တခြားလူတယောက်လက်ဖြစ်ခဲ့တာ တွေးပြီး ရှက်သွားတာ မျက်နှာနီရဲနေပါတော့တယ်။

ကျွန်တော်အတွက်ကတော့ အဲဒီအဖြစ်အပျက်ကလေးက the most embarrassing moment တော့လည်း မဟုတ်ပါဘူး ဒါပေမယ့် အဲဒီအကြောင်း အကြောင်းတိုက်ဆိုင်လို့ သူငယ်ချင်းတွေကိုပြောမိတိုင်း အားရပါးရရီမိပါတယ်။ အခုတောင် ရေးနေရင်း ရီနေမိပါသေးတယ်။ :P

တခါတုန်းက ဘတ်စ်ကားပေါ်မှာပေါ့…

Read More...

Friday, July 11, 2008

ခိုးတာမဟုတ် ကိုယ့်စာကိုယ်ကူး ဖြေတာပါ

ဖြူးမြို့ ဒက္ခိဏာရုံစာသင်တိုက်ကြီး၌ စာသင်သားရဟန်း၊ ကိုရင်၊ ကျောင်းသား (၆၀) ကျော်ရှိသည်။

တစ်နေ့တွင်ကိုရင်ဖြစ်ခါစ ကိုရင်ငယ် ရှင်ပညိန္ဒသည် သူ့မိခင်ကြီးလာရောက်လှူထားသော မုန့်ကို ညနေတွင် စားသောက်နေသည်ကို အခြားကိုရင်များကတွေရှိ၍ ဆရာတော်အားသွားရောက် လျှောက်ထားသည်တွင် ဆရာတော်က ကိုရင်များနှင့် ကိုရင်ငယ်ရှင်ပညိန္ဒကို ခေါ်ယူပြီးမေးသည်။

`ဟဲ့ ပညိန္ဒ ဘာပြုလို့ မုန့်တွေခိုးစားရ သလဲ´

`တပည့်တော် ခိုးမစားပါဘူးဘုရား၊ ဒါယိကာမကြီးလာပေးထားတဲ့ တပည့်တော်မုန့်ကို စားတာပါ ဘုရား´ ဟု ကိုရင်ပညိန္ဒက လျှောက်ထားရာ ကိုရင်များ တအုန်းအုန်းပွဲကျရယ်ကြပြီး ဆရာတော်မှာလည်း စိတ်ဆိုးရအခက် ပြောရအခက် ဖြစ်သွားကာ ပြုံးတော်မူပြီး

`အင်း ပညိန္ဒတို့ကတော့ကွာ ကိုယ့်စာကိုယ်ကူးတာပါ၊ ခိုးချတာမဟုတ်ပါဘူး လို့ ကိုရင်သောဘိတ ပြောသလို ဖြစ်နေပြီ´ ဟုမိန့်ကြားတော်မူသည်။

`ကိုရင် သောဘိတက ကိုယ့်စာကိုယ်ကူးတဲ့အကြောင်း အကျယ်သိပါရစေဘုရား´ ဟုတ် ကိုရင်ကြီးတစ်ပါးက လျှောက်ထားသည်။

`အေး... တို့ဖြူးမှာ သောင်းကျန်းသူတွေ ငြိမ်းအေးပြီး အစိုးရအုပ်ချုပ်ရေး စနစ်တကျဖြစ်လာတော့ နိုင်ငံတော်ပါဠိပညာရေးအဖွဲ့က ကြီးမှူးကျင်းပတဲ့ ပထမငယ်၊ ပထမလတ်၊ ပထမကြီးဆိုတဲ့ စာမေးပွဲများ ကျင်းပလာတဲ့အခါ ဖြူမြို့၊ ဇေယျဝတီမြို့ နဲ့ ကညွတ်ကွင်းမြို့မှာရှိတဲ့ စာသင်သားတွေ ဖြေဆိုခွင့်ရရေးအတွက် စာမေးပွဲဋ္ဌာနအသစ်ရလာသကွဲ့၊ စာမေးပွဲဋ္ဌာနကို ဖြူးမြို့ အထက်တန်းကျောင်းမှာ ကျင်းပပြီး စာမေးပွဲ ကြီးကြပ်ရေးကို ဖြူးမြို့ပေါ်ရှိ ဆရာတော်များနှင့် ကျောင်းဆရာများက ကြီးကြပ်ပြီး ကျင်းပခဲ့တယ်။

အဲဒီ ပထမအကြိမ်ကျင်းပတဲ့ စာမေးပွဲမှာ ယခုမင်းတို့ လက်ထောက်စာချကိုယ်တော်ဖြစ်နေတဲ့ ကိုရင်သောဘိတက ပထမငယ်တန်းကို ၀င်ဖြေသကွဲ့...

အဲဒီလိုဝင်ဖြေတော့ ကိုရင်သောဘိတက မေးခွန်းဖတ်လိုက် သူ့မှတ်စုစာအုပ်ထဲက ကူးလိုက် ရေးလိုက်လုပ်နေသကွဲ့၊ အဲဒါကို လမ်းလျှောက် ကြီးကြပ်နေတဲ့ ကျောင်းဆရာ ဦးတင်အေးက မြင်တော့ ကိုရင်လေးကို စာခိုးချမှုနဲ့ဖမ်းရမှာလည်း သနားပြီး စာမေးပွဲနားချိန်ကျမှ ကိုရင်ထံသွားပြီး တိတ်တိတ်ကလေး

`ကိုရင် ဘာပြုလို့ စာမေးပွဲမှာ ခိုးချရတာလဲ´ လို့မေးသတဲ့၊ အဲဒီအခါမှာ ကိုရင်သောဘိတက
` ဒကာကြီး ကျုပ်ဘယ်မှာ ဘယ်သူ့ဟာကိုခိုးလို့လဲ ကျုပ်မှတ်ထားတဲ့ ကျုပ်မှတ်စုထဲက ကျုပ်စာကျုပ်ကူးရေးတာပါ၊ ခိုးချတာမဟုတ်ပါဘူး လို့ပြန်ဖြေသတဲ့ကွဲ့၊ အခုလည်းပဲ ပညိန္ဒက မုန့်ခိုးစားတာမဟုတ်ပါဘူး၊ သူ့ ဒကာမကြိး လှူထားတဲ့ မုန့်ကိုစားတာပါ၊ ခိုးစားတာမဟုတ်ဘူးဆိုတော့ သူ့တို့အမြင် သူ့တို့အတွေးတော့ ဟုတ်သလိုလိုပဲပေါ့ကွယ်´
ဟု မိန့်ကြားရာ ကိုရင်များမှာ တသောသောရယ်မောကြလေသည်။

ကိုရင် ပညိန္ဒ ညနေမုန့်စားခြင်းသည် ၀ိကာလဘောဇနသိက္ခာပုဒ်ကိုကျူးလွန်မှုကို ခိုးစားသည် ဟုဆိုခြင်းဖြစ်သလို ကိုရင်သောဘိတစာမေးပွဲဖြေရာ၌ စာအုပ်ကြည့်၍ ဖြေခွင့်မရှိသည်ကို စာအုပ်ကြည့်၍ ဖြေဆိုခြင်းကို ဆိုခြင်းဖြစ်ပါသည်။ ကိုရင်နှစ်ပါး၏ ပကတိအတွေနှင့် အဖြေသည် ဟာသတစ်ပုဒ်ဖြစ်ခဲ့ပြီး ဒက္ခိဏာရုံစာသင်တိုက်တွင် သမိုင်းတွင်ကျန်ရစ်ခဲ့ပါတော့သည်။

ခင်သူဇာမြင့်


၂၀၀၈ ခုနှစ် ဇွန်လထုတ် ဓမ္မ၀ိရဂျာနယ် မှ စာရေးသူ ခင်သူဇာမြင့်ရေးထားတဲ့ စာကို အားလုံးဖတ်ဖို့ ကျွန်တော်လည်း ခိုးကူးခြင်း မဟုတ် အမေပို့ပေးလိုက်သော စာအုပ်ထဲမှာ ထုတ်နှုတ် ဝေမျှခြင်းဖြစ်ပါတယ်။ အခုတလော အပြောများနေတဲ့ အကြောင်းလေးဖြစ်နေလို့ပါ။ ဘလော့တွေရေးကြရာဝယ် ခွင့်ပြုချက် သို့မဟုတ် ကူးယူဖော်ပြခြင်းဖြစ်တယ်လို့ မပြောပဲ မိမိကွန်ပျုတာမှာပေါ်လာတာမို့ ကူးလိုက်တာပဲဆိုတာလေးတွေ ကင်းရှင်းနိုင်ကြပါစေ။

Read More...

Thursday, July 10, 2008

အတွေးသက်သက်

လူတွေက ဟန်ဆောင်ခြင်းကင်းတာကိုလိုချင်တယ်တဲ့
ပြောတာကိုက မူယာမာယာနဲ့

လူတွေက လိမ်တာညာတာမုန်းတယ်တဲ့
တခါတလေ မမှန်သောစကားတွေကို ကြိုက်နေတတ်တယ်

လူတွေက ကိုယ့်ဟာကို မသိအောင်ယူတာ မုန်းတယ်တဲ့
ခိုးမိတာ ကိုယ် မဖြစ်သေးခင်ပေါ့

လူတွေက ကိုယ်ဟာ အားလုံးနဲ့ မတူဘူးလို့ထင်တတ်တယ်
တကယ်တော့ လူအများလုပ်တာပဲ လုပ်တာပါပဲ

လူတွေက အကောင်းဆုံးကို အမြဲလိုချင်တယ်တဲ့
ကိုယ်တိုင်ကျတော့ အကောင်းဆုံးပြန်မပေးနိုင်ကြဘူး

လူတွေက အချီးအမွမ်းခံချင်တယ်
လက်ခုပ်တီးပေးဖို့တော့ လက်တွန့်မိတယ်

လူတွေက အားလုံးကို ပျော်ရွှင်ချင်တယ်တဲ့
လုပ်နေတာမိတော့ စိတ်ညစ်စရာတွေပဲ

လူတွေက အမှန်တရားကိုမြတ်နိုးတယ်တဲ့
တကယ်တော့ လူညီလျှင် ဤ ကို ကျွဲ ဖတ်တာပါပဲ

လူတွေက….

လူတွေက…
.
.
.
ကိုယ်တိုင်လည်း လူတွေထဲက လူတစ်ယောက်ပါပဲလေ။

Read More...

Ratings