Sunday, July 13, 2008

တခါတုန်းက…

ဒီအကြောင်းကိုတော့ မထင်မှတ်ပဲရေးဖြစ်သွားတာပါ။ မတွေ့တာကြာနေပြီဖြစ်တဲ့ သူငယ်ချင်းများနဲ့ ကိုယ်ချက်တာကိုယ်ယူလာ ညစာစားဖြစ်ပါတယ်။ ပြောဖြစ်တဲ့အကြောင်းအရာတွေက စုံနေပါတယ်။ တယောက်ကနေပြီးတော့ သူ့ဘ၀မှာ the most embarrassing moment လို့ခေါ်လို့ရတဲ့ အဖြစ်အပျက်တခုကို ပြောပြပါတယ်။ ပြီးတော့ သူလည်းပြောပြီးရော အခြားသူငယ်ချင်းတွေပါ လိုက်ပြီးပြောခိုင်းပါတယ်။

ကျွန်တော်မှတ်မိနေတဲ့ အဖြစ်အပျက်တခုကတော့….

အသက် ၁၈နှစ်အရွယ် ရည်းစားလေးတယောက် ရခါစအချိန်ကဖြစ်ပါတယ်။ သင်တန်းပြီးချိန် နှစ်ယောက်သား အတူတူဘတ်စ်ကားစီးပြီး အိမ်ပြန်ပါတယ်။ စီးတဲ့ကားကတော့ ဒုတိယ ကမ္ဘာစစ်လက်ကျန် ချက်ပလက်ခေါင်းတိုကြီးပါ။ စီးခါစမှာတော့ သူက ကားနံရံမှာမှီနေပြီး ကျွန်တော်ကတော့ မျက်ချင်းဆိုင်မှာ မတ်တပ်ရပ်ပြီး သမီးရည်းစားတို့ထုံးစံ တောင်စဉ်ရေမရ စကားတွေပြောလာကြပါတယ်။ မှတ်တိုင်တခုရောက်တော့ ကားစပယ်ယာကနေပြီး ပစ္စည်းတင်တော့ ကားနံရံမှာကပ်ထားမှာဖြစ်လို့ ကျွန်တော်တို့ကို နေရာလေးနဲနဲဖယ်ပေးပါဆိုတာနဲ့ အလယ်နားရွေ့ ကျွန်တော်က လက်တန်းကိုကိုင်ထားပြီး သူကတော့ ဒီအတိုင်းမတ်တပ်ရပ်ပြီးနေပါတယ်။ ကားစထွက်တော့ သူက ယိုင်တော့မလိုဖြစ်သွားတော့ လက်တန်းကိုကိုင်ထားတဲ့ ကျွန်တော့်လက်ကို လှမ်းကိုင်လိုက်ပါတယ်။

သူကတော့ လက်မောင်းကိုကိုင်လိုက်နိုင်လို့ ယိုင်ရာကနေ ပြန်ပြီးမတ်သွားပါပြီ။ ကိုင်တာကလည်း သေသေချာချာပါ။ ခက်တာက ကျွန်တော်လည်း သူကိုင်ထားတယ်လို့ ခံစားမှုမရပါ။ မသင်္ကာတော့ ကြည့်လိုက်တော့မှ သူကိုင်ထားတာ ဘေးမှာကပ်လျှက်ရပ်နေတဲ့ အိန္ဒိယနွယ်ဖွား တယောက်ရဲ့တန်းကိုကိုင်ထားသောလက်ဖြစ်နေပါတယ်။ ကျွန်တော်လည်း ပြောကလည်းပြောချင် သူ့ကိုလည်း အသံထွက်ပြောလို့မရဖြစ်နေပါတယ်။ ဘေးက အိန္ဒိယနွယ်ဖွားကတော့ ရုပ်ရည် သန့်သန့် အ၀တ်သန့်သန့်ဝတ်ထားပြီး ခပ်အေးအေးနေတတ်တဲ့ပုံပါ။ ရုတ်တရက် လက်ကိုအကိုင်ခံလိုက်ရတော့ ကြောင်နေတဲ့ပုံလေး ဖြစ်နေပါတယ်။

ကျွန်တော်ကလည်း သူ့ကို မျက်ရိပ်မျက်ကဲနဲ့ပြပါတယ်။ သူကလည်း သူကိုင်ထားတာ သူ့ကောင်လေးလက်လို့ပဲထင်နေတုန်း၊ ပါးစပ်ကတောင် မေးလိုက်ပါသေးတယ် `ဘာလဲ တဲ့..´။ ကျွန်တော်ကလည်း ထပ်ပြီး မျက်ရိပ်မျက်ကဲ အပြင် ဘေးကလူဘက်ကိုတောင် ခေါင်းလေးစောင်းစောင်းပြီးပြပါသေးတယ်၊ ခက်တာက သူကလည်း ဘေးကိုလူကို တချက်ကြည့်လိုက်ပြီး နားမလည်သေး၊ သူကိုင်ထားတာ ဘယ်သူ့လက်လို့လည်း သိသေးဟန်မတူ၊ စိတ်မရှည်ပုံနဲ့ ကိုင်ထားတဲ့လက်ကို ဆွဲဆိတ်ပါတယ်။

`အား…´ ဆိုတဲ့ အသံဘေးက အိန္ဒိယနွယ်ဖွားထံမှာထွက်လာတော့ သူလည်း လန့်ပြီး ကိုင်ထားတဲ့ လက်ကိုလွှတ်လိုက်ပါတယ်။ ကျွန်တော်ကတော့ ဘယ်လိုမှ မအောင့်နိုင် ခွီးလို့တောင်ရီလိုက်ပါသေးတယ်။ အိန္ဒိယနွယ်ဖွားလည်း အင်မတန်ရှက်သွားပြီ ကားအပေါက်ကိုသွားကာ တွယ်စီပါတော့တယ်။ နောက်မှတ်တိုင်လည်းရောက် ကားတောင်မရပ်သေး ဆင်းပြေးပါတော့တယ်။

သူလည်း သူကိုင်ထားခဲ့တာ ကျွန်တော့်လက်မဟုတ်ပဲ တခြားလူတယောက်လက်ဖြစ်ခဲ့တာ တွေးပြီး ရှက်သွားတာ မျက်နှာနီရဲနေပါတော့တယ်။

ကျွန်တော်အတွက်ကတော့ အဲဒီအဖြစ်အပျက်ကလေးက the most embarrassing moment တော့လည်း မဟုတ်ပါဘူး ဒါပေမယ့် အဲဒီအကြောင်း အကြောင်းတိုက်ဆိုင်လို့ သူငယ်ချင်းတွေကိုပြောမိတိုင်း အားရပါးရရီမိပါတယ်။ အခုတောင် ရေးနေရင်း ရီနေမိပါသေးတယ်။ :P

တခါတုန်းက ဘတ်စ်ကားပေါ်မှာပေါ့…

4 comments:

အိမ်ကိုလွမ်းတဲ့ ရွှေဂျမ်း said...

ကြားထဲက လက်အချိတ်ခံလိုက်ရသော သူရဲ့
ဝမ်းသာရမှာလား ၀မ်းနည်းရမှာလား ဆိုတဲ့ မျက်နှာကိုမြင်ယောင်ကြည့်ရင်း ခမြာလေး အဆိတ်ပါခံလိုက်ရလို့ သနားမိပါရဲ့။ :P

လင်း said...

ဟီးဟီး ရယ်ရတာအူတက်တော့မယ်။
ကုလားခမြာသနားပါတယ်။ အဆိတ်ခံလိုက်ရတယ်

ဂျစ်တူး - gyit_tu said...

ဟားဟား ရယ်လိုက်ရတာ ။

ကိုပီတိရဲ့ ကောင်မလေးနေရာမှာ ဂျစ်သာဆိုရင် ကိုပီတိကို အားကြီး စိတ်ဆိုးမှာဗျ ။ ဘာလို့လဲဆိုတော့ ကိုယ့်ကောင်မလေး လက်မှားကိုင်တာကို မျက်နှာရိပ် မျက်နှာကဲပဲ ပြပြီး နေနိုင်သေးတယ် ဆိုပြီး ဟားဟား ။

ပီတိ said...

ဟားဟား ဟုတ်တယ်ရွှေဂျမ်း အဲလူရဲ့မျက်နှာကို ပြန်မြင်ကြည့်ရင် ပိုရီမိတယ်။

ဟီး ဟုတ်ပ လင်းရေ… လာလဲမှားကိုင်သေး ငါ့လည်းလာဆိတ်သေး လို့တော့ထင်သွားမှာ…

ဟားဟား ဂျစ်တူးရေ.. သူလည်း ကျွန်တော့်ကိုစိတ်ဆိုးတာပေါ့။ ကျွန်တော်ကလည်း မနေနိုင် အဲဒီအကြောင်း ကြုံရင်စတတ်တယ်လေ။ အခုတော့လည်း ပုံပြင်ဖြစ်သွားပြီပေါ့ … :)

Ratings