Friday, July 18, 2008

ဇာတိမြို့ရဲ့ ၀ါဆိုလပြည့်ကျော်တရက်

မနှစ်က ၀ါဆိုလပြည့်နေ့မှာ ဇာတိမြို့လေးမှာ ဘုန်းကြီးကျောင်းတွေကိုသွားပြီး လှူဒါန်းတာကို ရေးခဲ့ပါတယ်။ ဒီနှစ်မှာတော့ လပြည့်ကျော်တရက်အကြောင်းကို လွမ်းနေမိပါတော့တယ်။

ဝါ၀င်ပြီဆိုတာနဲ့ ဘာသာရေးပွဲလမ်းတွေ၊ လှူဒါန်းမှုတွေနဲ့ ပြည့်နေတဲ့ မြို့လေးမှာတော့ လပြည့်ကျော်တရက်က လူငယ်တွေအတွက် ပိုပြီးပျော်ဖို့ကောင်းတာပါတယ်။

ဝါဆိုဦး ၀ါဆိုလပြည့် ဥပုသ်နေ့မှာ မြို့ပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းအချို့ကို လှူဒါန်း ကုသိုလ်ယူပြီးတော့ လပြည့်ကျော်တရက်နေ့မှာတော့ ပုဂံမြို့ဟောင်း နဲ့ မြင်းကပါရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းများကို သွားပြီး လှူဒါန်းကြပါတယ်။

လပြည့်ကျော်တရက်နေ့မှာ သွားရောက်လှူဒါန်းဖို့ကို ၂ရက် ၃ရက်လောက်ကတည်းက ပြင်ဆင်ထားရပါတယ်။ လှူဒါန်းဖို့ ပစ္စည်းတွေကို ပြင်ဆင်ရတာအပြင် ဘုန်းကြီးကျောင်းမှာ စားဖို့သောက်ဖို့ပါ အစားအသောက်တွေပြင်ကြရလို့ပါပဲ။ လပြည့်ကျော်တရက်နေ့ကတော့ ကုသိုလ်ရေးနွယ်သော ဗမာဆန်ဆန်ပျော်ပွဲစား လို့ပဲဆိုရမှာပေါ့်။ သွားကြတာကလည်း ဆွေးမျိုးအကုန်သွားတာဖြစ်လို့ ကလေးလူကြီး ၅၀ လောက်ရှိမှာပါ။ တအိမ်နဲ့တအိမ် ဟင်းတွေ၊ မုန့်တွေကို မထပ်အောင် ကြိုးစားပြီးလုပ်လေ့ရှိပါတယ်။ အဲဒီတော့မှ ဟင်းအစုံ အရသာအစုံ စားရမှာကိုး။

မနက်ကြီး ရ နာရီကျော်မှာ ပြင်ဆင်ပြီး ဆွေမျိုးတသိုက် သူ့စောင့် ကိုယ်စောင့် အတူတူသွားကြတာပါတယ်။ ပထမဆုံးသွားတာကတော့ အဘ (အဘိုး) ဆောက်ပြီး လှူဒါန်းထားတဲ့ ပုဂံမြို့ဟောင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းကို ဆန်၊ဆီ၊ဆား၊ ကြက်သွန်၊ သကြား နဲ့ အခြားသော လှူဖွယ်ရာအစုစုကို စုပေါင်းလှူဒါန်းကန်ကော့ကြပါသည်။

ဘုန်းကြီးကျောင်းက အနည်းငယ်ကျဉ်းတာကတကြောင်း၊ ဘုန်းကြီးကျောင်းက ဧည့်ခံတဲ့ မုန့်ကလည်း ကျွန်တော်တို့ သိပ်မမက်တာကတကြောင်း၊ ကျွန်တော်တို့ ကလေး တွေကတော့ ဘုန်းကြီးကျောင်းပေါ်မှာမနေပဲ ကျောင်းဝန်းထဲမှာပဲ ဆော့နေလေ့ရှိပါတယ်။ ဘုန်းကြီးကျောင်းထဲမှာရှိတဲ့ စေတီတွေပေါ်တက်ပြီးဆော့၊ စိန်ပြေးတမ်းကစားပါတယ်။

နောက်ပြီး ကျောင်းဝန်းထဲမှာရှိတဲ့ တမာသီး အစိမ်းတွေကို ခူးပြီး အသင့်ယူလာတဲ့ လွယ်အိတ်တွေထဲကို ထည့်ပါတယ်။ တမာသီးကိုခူးပြီးစုတာကိုတော့ ကျည်ဆံစုတယ်လို့ခေါ်ပါတယ်။ နောက်ပိုင်းသွားမယ့်နေရာမှာ စစ်တိုက်တန်းကစားတဲ့အခါ ကျည်ဆံလုပ်ပြီး ပစ်မှာဖြစ်လို့ပေါ့။

ပုဂံကျောင်းကို လှူဒါန်းပြီးတာနဲ့ အဘကပဲ ဆောက်လုပ်လှူဒါန်းထားတဲ့ မြင်းကပါရွာမှာ ရှိတဲ့ ဥတ္တမကျောင်း ကို ဆက်လက်ထွက်ခွါပါတယ်။ ကျောင်းကိုရောက်ပြီး လှူဖွယ်ပစ္စည်းတွေကိုပြင်ဆင်ပြီး ဘုန်းကြီးကျောင်းပေါ်ကိုတက်ပြီး ဘုန်းကြီးနဲ့ စကားစမြည်ပြောပြီးမှ ကန်တော့၊ ရှစ်ပါးသီလယူလေ့ရှိပါတယ်။ ဒီကျောင်းမှာ သီတင်းသုံးတဲ့ ဘုန်းကြီးကတော့ လူစုံတက်စေ့ နှုတ်ဆက်လေ့ရှိလို့ အားလုံးနီးပါး ကျောင်းပေါ်ကိုတက်ကြရပါတယ်။

သီလပေး၊ တရားအတိုလေး ချီးမြှင့်ချိန်မှာတော့ ကျွန်တော်တို့ ကလေးတွေကတော့ ဘုန်းကြီးအောက်က မန်ကျည်းပင်အောက်မှာ ကစားတဲ့ကစား၊ ဘုရားရင်ပြင်ပေါ်တက်ပြီး ကစားတဲ့အခါကစားပေါ့။

လူကြီးတွေကတော့ တရားနာပြီးချိန်မှာ အနောက်ဘက်မှာရှိတဲ့နောက်ဘုန်းကြီးကျောင်းကို လှူဖို့ပြင်ဆင်ပြီး ထွက်ခွာကြပါတယ်။ အနောက်ဘက်ကျောင်းလို့ခေါ်တဲ့ ကျောင်းမှာတော့ မှတ်မိတာကတော့ အသီးတွေပျစ်နေအောင်သီးတဲ့ ဥသျှစ်ပင်ရှိပြီး၊ မြင်းကပါဘုရားပွဲတွေမှာ ကတဲ့ အရုပ်ကြီးတွေသိမ်းထားတတ်တာပါ။

မြင်းကပါက ဘုရားပွဲတွေမှာဆိုရင် လူရုပ်၊ ကျားရုပ်၊ ခြင်္သေ့ရုပ်၊ တိုးနယားရုပ် စတဲ့အရုပ်တွေကို ၀ါးတွေနဲ့အရုပ်ကိုချိုး စက္ကူတွေကပ် ဆေးတွေခြယ်ပြီးတော့ လူတွေက၀င်ပြီးကကြပါတယ်။ ကတဲ့အခါ တီးလုံးက သာသာတီးတဲ့အခါ သာသာပဲကပြီးတော့ တီးလုံးက မြူတဲ့အခါ အရုပ်ကလည်း ခုန်ပေါက်ကပြီး လူတွေထဲကို အပျော်သဘောနဲ့ ၀င်တိုးပြီးကတတ်ပါတယ်။ ကျွန်တော်ငယ်ငယ်က အဲလို အတိုးခံရပြီး အရုပ်ကြီးတွေကနေရင် ကြောက်နေတတ်ပါတယ်။ ဝေးဝေးကသာကြည့်ရဲခဲ့ပါတယ်။ ဘုရားပွဲပြီးပြီးတော့ အရုပ်ကြီးတွေကို ဘုန်းကြီးကျောင်းတွေမှာ သိမ်းထားလေ့ရှိပါတယ်။ ဘုရားပွဲနီးမှပဲ ပြန်ထုတ် စက္ကူကပ်ဆေးအသစ် ပြန်ခြယ်သကြပါတယ်။ အဲတော့ အနောက်ကျောင်းကိုရောက်မှပဲ အရုပ်ကြီးတွေကို အနီးကပ်ကြည့်ခွင့်ရပါတော့တယ်။

အနောက်ကျောင်းမှာ လှူဒါန်းပြီးပြီ ဆိုရင်တော့ ဥတ္တမကျောင်းကိုပြန်လာပြီး နေ့လည်စာစားဖို့ပြင်ကြပါတော့တယ်။ အဓိကအလုပ်ရှုပ်တာကတော့ အမေတွေနဲ့ အမတွေပေါ့။ အဖေတွေ အကိုတွေကတော့ ဟိုရောင်ဒီရောင် စကားဝိုင်းဖွဲပြောနေတတ်ပါတယ်။ ကလေးတွေကတော့ ဆော့လို့ကောင်းတုန်း။

ခဏနေတော့ အမေတွေက ကလေးတွေ… လက်ဆေးကြ ထမင်းစားမယ် ဆိုတော့မှပဲ ကစားတာရပ် လက်ဆေးပြီး ထမင်းဝိုင်းနားမှာ ပန်းကန်လေးတွေကိုင်ပြီး ဟင်းတွေကိုနှိုက်ကြပါတယ်။ အဲဒီအချိန်မှာတော့ ကိုယ်ချက်လာတဲ့ ဟင်းတွေကို ကြော်ငြာဝင်ကြပါတယ်။

ဒီမှာ ၀က်သားရှိတယ်နော်၊ ဒီမှာက ကြက်သား… ဒီဘက်က ပုဇွန်ထုပ်နော် နောက်ကျရင် မကျန်ပဲနေလိမ့်မယ် နဲ့ အမေတွေ ကအော်ပြောရင် ကလေးတွေ ကတော့ ကိုယ်စားချင်ရာ ထည့်ခိုင်းကြပါတယ်။

ကျွန်တော့်အမေရဲ့ နာမည်ကျော်လက်ရာကတော့ ငရန့်ဘလူရွက်သုတ်ဖြစ်ပါတယ်။ ဆီပြန်ဟင်းတွေထဲမှာ အသုတ်ကလေးပါတော့ လိုက်ဖက်ပြီး တော်တော်များများက ကြိုက်နှစ်သက်လို့ပါပဲ။ ဟင်းကုန်တာမြန်ရင် ရောင်းလို့ကောင်းတယ်လို့လည်း သုံးတတ်ပါသေးတယ်။

ကလေးဘ၀တုန်းဆို ပန်းကန်မလောက်လို့ လင်ပန်းနဲ့မျှပြီး ထမင်းစားဖူးပါတယ်။ လက်ရေတပြင်တည်း ဆိုတဲ့ စကားလိုပေါ့။ လင်ပန်းထဲမှာ ထမင်းတွေပုံ ဟင်းတွေပုံ ပြီးတော့ ၀ိုင်းဖွဲ့ပြီးစားကြတာလေ။ ဘုန်းကြီးကျောင်းကိုလာ သီလယူ၊ ဥပုသ်စောင့်တယ်ဆိုပေမယ့် ပျော်ပွဲစားထွက်လာတာနဲ့ ပိုပြီးတူပါတယ်။ တယောက်ဆီကတယောက် ဟင်းတွေလိုက်စားရင်း ဒီဟင်းကတော့ ကောင်းတယ် ချီးကျူး၊ ဒီဟင်းကတော့ ဒါလေးပါရင် ကောင်းမှာပဲ ဝေဖန်၊ ပါးစပ်ထဲမှာ စားချင်သောဟင်းကို အော်ပြောပြီးမေး နဲ့ ပျော်ရွှင်ဖွယ် ထမင်းဝိုင်းကတော့ ဆူဆူညံညံနဲ့ပါပဲ။ ဥပုသ်စောင့်မယ့် လူကြီးတွေကတော့ နေမွန်းမထည့်မှီ အစားကိုပြီးအောင်သတ်ရပါတယ်။

ထမင်းစားပြီးတော့ အချိုတည်းချိန်းပေါ့။ ကျောက်ကျော၊ သစ်သီးမျိုးစုံ၊ ရွှေကြည်ဆနွင်းမကင်း၊ လက်ဖက်သုတ် စတဲ့ပါတာတွေ အကုန်ထုတ်၊ စားကြပြန်ပါရော။ အချိုပွဲကိုတော့ တခါစားထက်ပိုယူလာတတ်ပါတယ်။ နောက်တပြန်ထပ်စားလို့ရအောင်ပေါ့။

စားလို့သောက်လို့ပြီးတော့ အားလုံးလည်း ဗိုက်လေးလေး၊ ရာသီဥတုကလည်း ပူပူ၊ လူကြီးတွေကတော့ အေးမြတဲ့ ဘုန်းကြီးကျောင်းအောက်ထပ်မှာ ဥပုသ်အိပ်ကြပါတော့တယ်။ ကလေးတွေကတော့ ဘုရားဝန်းထဲက ဇရပ်မှာဖြစ်ဖြစ် သစ်ပင်အောက်မှာဖြစ်ဖြစ် ပုံပြောတမ်း ဒါမှမဟုတ် စကားထာဖွက်တမ်းဆော့ရင်း ငြင်းကြခုန်ကြ အချိန်မှာ အကိုတွေကတော့ လူကြီးတွေမသိအောင် တိတ်တိတ်ကလေး ဗူးဘုရားမှာရှိတဲ့ လက်ဖက်ရည်ဆိုင်ကို ရှိုးထုတ်ပြီးသွားသောက်တတ်ပါသေးတယ်။

ထမင်းစားပြီးချိန်က စပြီးတော့ ကလေးတွေဖြစ်တဲ့ ကျွန်တော်တို့တတွေကတော့ ပျော်နေကြပါပြီ။ လူကြီးတွေ ခဏနားပြီးရင် ကျွန်တော်တို့ မျှော်လင့်နေတဲ့ စူဠာမဏိစေတီကိုသွားမှာဖြစ်လို့ပါပဲ။

နေ့လည် ၂နာရီလောက်ဆို လူကြီးတွေနားနေရာက ထလာပြီး၊ အကိုတွေကလည်း လက်ဖက်ရည်ဆိုင်ကပြန်ရောက်ပါပြီ။ ပစ္စည်းတွေသိမ်း၊ ဘုန်းကြီးကို ၀တ်ပြု စူဠာမဏိ ကိုသွားမယ်ဆိုတာရဲ့ ကလေးတသိုက်က ဟေးးး… စူဠာမဏိကိုသွားတော့မယ်ဟေ့… ဘယ်သူနဲ့ ဘယ်သူကတဖက်၊ မင်းနဲ့ငါက တဖက်နဲ့ လူတွေခွဲပြီး စစ်တိုက်ဖို့ပြင်ပါတော့တယ်။


ဓာတ်ပုံကို ဒီက ယူထားပါသည်။

စူဠာမဏိကိုရောက်သည်နှင့် ကျွန်တော်တို့ကလေးတွေက ဘုရားပေါ်ကို အပြေးတက်၊ နေရိပ်သည့်နေရာဦးပါတော့သည်။ လူကြီးတွေကတော့ နောက်မှ အေးအေးဆေးဆေးလာ ပစ္စည်းတွေသယ်လာပါတယ်။ ဘုရားပေါ်ရောက်တော့ လူကြီးတွေက ဖျာတွေခင်း လေတဖြူးဖြူးအောက်တွင် နားနားနေနေနေရင်း စကားလက်ဆုံကြရင်း အချိုပွဲကို ဆက်လက်တည်ခင်းပါတော့တယ်။

ကျွန်တော်တို့ကလေးတသိုက်ကတော့ ပုဂံကျောင်းကစုဆောင်လာတဲ့ တမာသီးတွေနဲ့ စစ်တိုက်ကြပါပြီ။ နှစ်ဖက်ခွဲပြီး တယောက်နဲ့တယောက် လက်နက်ချသည်ဟုပြောသည်အထိ တမာသီးနဲ့ပေါက်ကာ ကစားတဲ့နည်းဖြစ်ပါတယ်။ ကစားလို့ တမာသီးလည်းကုန် မောလည်းမော ပြီးဆိုရင် လူကြီးတွေရှိတဲ့နေရာကိုပြန် ရေသောက်၊ မုန့်စား ပြီးရင်နောက်တမျိုး တူတူပုန်းတမ်းကစာ့းကြပြန်ပါသည်။ လူကြီးတွေကတော့ ဘုရားပေါ်မှာ တူတူပုန်းတမ်းကစားတာကိုတော့ သိပ်မနှစ်သက်ပါဘူး။ သိလို့ရှိရင်တော့ မဆော့နဲ့ နတ်ဖွက်လိမ့်မယ်လို့ဆိုတာ တားမြစ်တတ်ပါသေးတယ်။

ငယ်ငယ်ကတော့ ကလေးတွေရဲ့ စူစမ်းချင်တဲ့စိတ်အရ ဘုရားရဲ့ ထီးတော်အပေါ်နားအထိ ကြိုးစားတက်ခဲ့တာကို မှတ်မိပါသေးတယ်။ ကျွန်တော်တို့ငယ်ငယ်က စူဠာမဏိရဲ့ ထီးတော်က ပုဂံငလျင်ကြောင့် တခြမ်းပဲ့ဖြစ်နေရာ၊ ထီးတော်တခြမ်းပဲနေရာကို အနီးကပ်မြင်ရသည်အထိ တက်ဖူးခဲ့ပါတယ်။ ပြန်အဆင်းမှ လေကတိုက် လှေကားကကျဉ်းကျဉ်းနောက်ပြန် ဒူးတုန်အောင် ဆင်းယူခဲ့ရပါတယ်။

ကလေးတွေလည်း တနေကုန် ကစားလို့ပင်ပန်း၊ လူကြီးတွေလည်း မုန့်ကုန်၊ စကားကုန်၊ အိပ်ရေးဝ တဲ့ညနေ ငါးနာရီလောက်အချိန်မှာတော့ စူဠာမဏိက ပြန်လာကြပါတော့သည်။ ကစားလို့ ပင်ပန်းတဲ့ကျွန်တော်တို့တတွေကတော့ အိမ်အရောက်ကားပေါ်ကဆင်း ချက်ချင်းနီးပါးအိပ်ပျော်သွားလေ့ရှိပါတယ်….

ပြောဖို့မေ့နေတာ... ၀ါဆိုလပြည့်ကျော်တရက်နေ့က ညောင်ဦးမြို့ရဲ့ တရားဝင်ရုံးပိတ်ရက်လိုပါပဲ။ ကျောင်းတွေ ရုံးတွေပိတ်လေ့ရှိပါတယ်။ ၀ါဝင်ပြီဖြစ်လို့ ကျောင်းတွေအားလုံးလည်း စနေ တနင်္ဂနွေအစား အဖိတ်နေ့နဲ့ ဥပုသ်နေ့ကို ပြောင်းပြီးပိတ်တယ်။ ၀ါတွင်းကာလမှာ ဥပုသ်နေ့တိုင်း ဘုန်းကြီးကျောင်းတွေကိုသွားပြီး အခြောက်အခြမ်း လှူဒါန်းတဲ့ဓလေ့ရှိပါတယ်။

ဓာတ်ပုံကို ဒီက ယူထားပါသည်။

ဝမ်းနည်းစရာ ကတော့ အရင်က တခြမ်းပဲ့ဖြစ်တဲ့ စူဠာမဏိဘုရားရဲ့ ထီးတော်ကိုပြင်၊ ပြီးတော့ အပေါ်ကနောက်တဆင့်တင်လိုက်တော့ ရှေးဟောင်းအမွေအနှစ်ကို ဖျက်လိုက်တာပါပဲ။ အပေါ်က ဓာတ်ပုံနှစ်ခုကိုသာ ယှဉ်ကြည့်ပါတော့။ ကျွန်တော်တောင် ဓာတ်ပုံမြင်ခါစမှာ စူဠာမဏိဘုရားကို မမှတ်မိပါဘူး။ ပုဂံပြန်ရောက်ရင်တောင် စေတီတွေဘယ်လောက်အထိ မူလပုံပျောက်နေပြီလဲနော်…. ရှေးဟောင်းအမွေအနှစ်ကို ကောင်းမွန်စွာထိန်းသိမ်းနိုင်တတ်ပါစေလို့ ဆုတောင်းရင်း ကျွန်တော့်ရဲ့ ဇာတိရဲ့ ၀ါဆိုလပြည့်ကျော်တရက်နေ့ကို အလွမ်းပြေလေးပေါ့……

5 comments:

ဂျစ်တူး - gyit_tu said...

ဟာ ပျော်စရာကြီးနော် ။

အိမ်ကိုလွမ်းတဲ့ ရွှေဂျမ်း said...

ရေးထားတာနဲ့ ပုံလေးတွေကြည့်ရင်း ပုဂံကို သွားချင်လာတယ်။ လွမ်းစရာလည်း ကောင်းသလိုပဲ။ တနေ့နေ့ပေါ့လေ ...

diLo said...

thanks for sharing such an event..in full details!
Hope that Peti can go back and spend this day at your hometown..
someday..somewhen..somehow pop :D

ခင်မင်းဇော် said...

သွားချင်လိုက်တာ .. ပုဂံကို တခါမှ မရောက်ဖူးဘူး။

ပီတိ said...

ဟုတ်တယ် ဂျစ်တူးရေ… ပျော်စရာကောင်းခဲ့လို့ အခုလွမ်းနေတာပေါ့။

ရွှေဂျမ်း… ပုဂံကတော့ ရောက်သင့်တဲ့နေရာမို့သွားချင်သလို ကိုယ်ဇာတိဖြစ်နေတော့လည်း သတိရနေမိတယ်။

Thank you dilobear. I wish to go back home soon.

မခင်မင်းဇော်ရေ… ပုဂံကိုတော့ ရောက်ဖူးရမယ်နော်။ တကယ့်ကို လွမ်းမောစရာ၊ ရင်ခုန်စရာ၊ ကြည်နူးစရာ၊ ဂုဏ်ယူစရာ ကောင်းတဲ့ ရင်သပ်ရှုမောဖွယ် ရှုခင်းတွေကိုမြင်ရမှာ…

Ratings