Sunday, August 31, 2008

ကြွားဦးမှာ…

စင်ကာပူနိုင်ငံလေးရဲ့ သမိုင်းတလျှောက် အိုလံပစ် ဆုတံဆိပ်ကို နှစ်ကြိမ်တိုင်တိုင် ရခဲ့ဖူးတယ်။ ၁၉၆၀ ရုမ်း အိုလံပစ်မှာ အလေးမအားကစားနည်းနဲ့ ငွေတံဆိပ်တစ်ခုနဲ့၊ ၂၀၀၈ ဘေဂျင်း အိုလံပစ်မှာ စားပွဲတင်တင်းနစ်စ်နဲ့ ငွေတံဆိပ်တစ်ခု ပါပဲ။

တသက်လုံးမှ ဒီငွေတံဆိပ်ဆုလေး နှစ်ခါရတယ် တယ်လည်း အကြွားသန်နေလိုက်တဲ့ စင်ကာပူအစိုးရ၊ ငါတို့ နိုင်ငံလို တချိန်က အားကစားမှာဆို အာရှမှာ လျှမ်းလျှမ်းတောက် ခဲ့ရင်တော့ ပြောလို့ပြီးမှာ မဟုတ်….

သူ့တိုအော်နေတာ ကြွားနေတာ အမြင်ကပ်လာလို့… ငါတို့နိုင်ငံက ရခဲ့တဲ့ အိုလံပစ် ဆုတံဆိပ်တွေများ ဒင်းတို့ သိရင် မနာလိုဖြစ်နေဦးမယ်….


ပုံကို ဒီက ယူထားပါသည်

Google ထဲမှာရှာ … တွေ့ပါပြီဗျာ…

ဒီမှာ ဖတ်ကြည့်တော့

ဘာတဲ့… မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်ကတည်းက (နွေရာသီ) အိုလံပစ် အားကစားပြိုင်ပွဲတိုင်း (၁၉၇၆ခုနှစ်မှအပ) တွင် ပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲလိုပြိုင်နိုင်မှတော့ ဆုတံဆိပ်တွေ ရပြီပေါ့ဗျာ…။ ဆောင်းရာသီ အိုလံပစ်ကိုတော့ တခါမှ မယှဉ်ပြိုင်ဖူးပါဘူးတဲ့…။ အင်းလေ.. ငါတို့နိုင်ငံကပူတယ်၊ ရေခဲတွေ နှင်းတွေ မရှိတော့ ဖြစ်သင့်ပါတယ်။ နွေရာသီပြိုင်ပွဲကိုပဲ အာရုံစိုက်တာပေါ့…

ကဲလာပြီ….၂၀၀၈ ခုနှစ်အထိ မြန်မာနိုင်ငံကံရခဲ့တဲ့ ဆုတံဆိပ်တွေကတော့ တစ်ခုမှ မရှိသေးပါဘူးတဲ့… ဟာ.. ကြွားမလို့လေ… သွားပြီ.. အိုလံပစ်တံဆိပ်တခုမှ မရဖူးသေးဘူးတဲ့… နည်းနည်းတော့ ရှက်သွားတယ်…

ဘယ်နှစ်ယောက်တောင် ယှဉ်ပြိုင်လို့ ဆုတံဆိပ်တွေမရရတာလဲ… အားကစားနည်း သုံးမျိုး (ရေကူး၊ လှေလှော်၊ မျှားပစ်) မှာ အမျိုးသမီးအားကစားသမား လေးယောက်နဲ့ အမျိုးသားအားကစားသမားနှစ်ယောက် စုစုပေါင်း ခြောက်ယောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲတွေမှာ ကပ်ကပ်ပြီး (နောက်ဆုံးမှာ) နောက်တစ်ဆင့်မတက်နိုင်ဖြစ်ကာ ဆုတံဆိပ်တွေနဲ့လွဲခဲ့တာပါတဲ့။

စင်ကာပူနိုင်ငံကတော့ ပြိုင်ပွဲ ၆မျိုးမှာ (ပြေးခုန်ပစ်၊ ကြက်တောင်၊ ရွက်တိုက်၊ သေနတ်ပစ်၊ ရေကူး၊ စားပွဲတင်တင်းနစ်စ်) အားကစားသမားပေါင်း၂၅ ယောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အမျိုးသမီး အသင်းလိုက် စားပွဲတင်တင်းနစ်စ် ကနေပြီး ငွေတံဆိပ်ရရှိခဲ့ပါတယ်။

စဉ်းစားမိတဲ့ အတွေးတစ်ခု စင်ကာပူကတောင် သေနတ်ပစ် ၀င်ပြိုင်နိုင်သေးတာ၊ ငါတို့နိုင်ငံလို သေနတ်ပစ်တာ ကျွမ်းကျင်တဲ့လူပေါတဲ့တိုင်းပြည် ဘာလို့ မယှဉ်ပြိုင်နိုင်တာလဲဆိုတာပါပဲ။ မှန်အောင်ပစ်နိုင်တာကတော့ အသေအချာပဲလေ။ အတွေးက မှားချင်လည်းမှားမယ်လေ…. ကိုယ်ဥာဏ်မှီသလောက် တွေးကြည့်တာပါ…

၂၀၀၄ အေသင် အိုလံပစ်ထက်စာရင်တော့ ၂၀၀၈ ဘေဂျင်း အိုလံပစ်မှာ ကျွန်တော်တို့နိုင်ငံက အားကစားသမား ၃ဆ ပိုပြီးစေလွှတ်ယှဉ်ပြိုင်စေခဲ့ပါတယ်။ တိုးတက်လာတယ်ဆိုတဲ့ ပြယုဂ်လေးတွေပါ။ တကယ်တော့ ကျွန်တော်တို့နိုင်ငံမှမဟုတ်ပါဘူး တခြားသော ၇၄ နိုင်ငံတွေလည်း အိုလံပစ်ဆုတံဆိပ် တစ်ခုမျှ မရဖူးပါဘူး။ ၂၀၀၈ ပြိုင်ပွဲဝင်တာ ၂၀၄ နိုင်ငံ ဆိုတော့ သုံးပုံတပုံလောက်က ဆိုတစ်ခါမှ မရဘူးသေးတဲ့ သဘောပေါ့… အဲတော့လည်း အားငယ်စရာမဟုတ်ပေါ့နော်… ဆုမရဖူးတဲ့အထဲမှာ ကမ္ဗောဒီယားတို့ လားအိုးစ်တို့ နဲ့ ချမ်းသာပါတယ်ဆိုတဲ့ ဘရူနိုင်းတို့တောင်ပါသေးတယ် သိပ်တော့လည်းမဆိုးပါဘူး။

ကြံဖန်ပြီး ဂုဏ်ယူရရင်တော့ ဒီနှစ်မှာတော့ ဘယ်သူမှ တားမြစ်ဆေးသုံးထားတယ်လို့ သတင်းထွက်မလာပါဘူး။

နောက်ထပ် ဂုဏ်ယူစရာတစ်ခုကတော့ ပထမဆုံးသော မြန်မာ အမျိုးသမီးတစ်ဦး ဘောလုံးပြိုင်ပွဲတွေအတွက် ဒိုင်လုပ်နိုင်ခြင်းပါပဲ။ မကောဂျာ လို့ခေါ်တဲ့ အမျိုးသမီးဘောလုံးစည်းကြပ်ဒိုင်ဟာ အမျိုးသမီးဘောလုံးပြိုင်ပွဲတွေမှာ တာဝန်ယူဆောင်ရွက်သွားတယ်လို့ဆိုပါတယ်။ ငါတို့တိုင်းပြည်မှာ အမျိုးသမီးတွေက ပိုပြီး တော်နေပါလား…

သြော် နောက်ပြီး ၂၀၀၈ ဘေဂျင်းအိုလံပစ်မှာပေးတဲ့ ဆုတံဆိပ်တွေက ကျောက်စိမ်းနဲ့လုပ်ထားတာ။ အဲဒီကျောက်စိမ်းတွေက ဘယ်ကမှတ်လို့လဲ.. ငါတို့ မြန်မာနိုင်ငံ ကချင်ပြည်နယ်ကထွက်တာတွေလေ…. ဘယ်လောက်ဂုဏ်ယူဖို့ကောင်းလဲ…

ကဲ ကြွားစရာလည်းမရှိတောဘူး… ငယ်ငယ်တုန်းကတော့ အားကစားမြှင့်တင်ရေး သီချင်းတွေ ကို အမြဲကြားနေရပါတယ်။ အားကစား ဆောင်ပုဒ်တွေလည်း မြင်နေကြားနေရပါတယ်။ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရမည် ဆိုတာလေ။

နောက်ပြီးအဆိုတော်ဖြိုးကြီးရဲ့အဖေ စပ်ထား တဲ့သီချင်းကို ကလေးတွေလိုက်ဆိုသံလည်း ကြားဖူးပါရဲ့ “အားကစား မြှင့်တင်ခြင်းသည် နိုင်ငံတော်ကိုညာကာ စားသောက်နေခြင်းဖြစ်ပါသည်… ” တဲ့ .. ပြီးတော့ ဘာတဲ့ “အားကစား ရည်မှန်းချက်သည် မြန်မာ့ဖင်ခေါင်း ဆင်ဝင်အောင်းရမည်…” ဆိုလား…
သီချင်းကတော့ အဲလောက်စာသားညံ့မည်မထင်၊ ကလေးတွေဆိုတာ မှားဆိုတယ်ထင်ပါတယ်။ မှားနေရင်လည်း ပြင်ပေးသွားနိုင်ပါတယ်။

အားမှကစားတဲ့ အားကစားဆိုတော့လည်း လူတွေက စားဝတ်နေရေးနဲ့၊ ကူရကယ်ရနဲ့ဆိုတော့ မအားကြတော့လို့ထင်ပါတယ်….

အိုလံပစ် ဆုတံဆိပ်လေး တစ်ခုလောက်ရရင်တော့လား… စင်ကာပူက ကောင်တွေကို ကြွားပစ်လိုက်ဦးမယ်… ဘာမှတ်နေလဲ…

Read More...

Saturday, August 30, 2008

ဆေးပေါင်းခတဲ့လွယ်အိတ်…

ကိုတင်မိုးက လွယ်အိတ်ကို စုစည်း ကိုင်ပြီး လက်ကနေ ဆွဲလာလေ့ရှိပါတယ်။ လွယ်အိတ်အဖျားတွေက မြေကြီးမှာ ဒရွတ်တိုက်နေပါတော့တယ်။ အမှိုက်စ၊ ဖုံ၊ သဲတို့ဆိုတာ ကပ်ပါလာတော့တာပေါ့။

တစ်နေ့သော အနားဆင်းချိန်မှာ ဆရာ၊ ဆရာမများ အစုံအလင် ဆရာများ နားနေခန်းမှာ ၀ိုင်းဖွဲ့ထိုင်နေတုန်း ကိုတင်မိုးက လွယ်အိတ်ကြီးဆွဲပြီး ၀င်လာပါတယ်။ စာသင်ကြားပြီးထွက်လာတော့ လက်မှရော မျက်နှာမှာပါ မြေဖြူမှုံ့တွေ အဖွေးသားပါပဲ။

ဆက်တီ စားပွဲပေါ် လွယ်အိတ်ကြီးချပြီး ကုလားထိုင်မှာ ၀င်ထိုင်ရင်း လွယ်အိတ်ကြိုးနဲ့ မျက်နှာရော လက်ကိုပါ သုတ်ပါတယ်။ မြေဖြူမှုံ့ တွေ လွယ်အိတ်ဆီကိုရောက်ကုန်ပါတယ်။ နောက်ပြီး မောမောပန်းပန်းနဲ့ ရေခပ်သောက်၊ စားပွဲပေါ်မှာ ရှိတဲ့ မုန့်ကိုယူစား၊ ပြီးတော့ ပါးစပ်ရော လက်ကိုပါ လွယ်အိတ်နဲ့ပဲ သုတ်ပါတယ်။

လွယ်အိတ်ထဲမှာ ဒတ်စတာ၊ ခဲတံ၊ ဖောင်တိန်၊ လက်ကိုင်ပ၀ါ အစုံထည့်ပါတယ်။

ကိုတင်မိုးဟာ သူ့လွယ်အိတ်ကို အစုံအသုံးပြုတာပါ။ မျက်နှာသုတ်ပုဝါအဖြစ်၊ လက်ကိုက်ပ၀ါအဖြစ်၊ ထည့်စရာအဖြစ်၊ ဆွဲစရာအဖြစ်။ လွယ်အိတ်ပါရင် သူ့အတွက် အားလုံးပြည့်စုံနေပြီပေါ့။ အသုံးပြုတာများပေမယ့်၊ လျှော်ဖွပ်ခြင်းတော့ ရှိပုံမရပါဘူး။

အားလပ်ချိန် ဆရာစုံလင်နေတော့ လွယ်အိတ်ကိုကြည့်ပြီး တစ်ယောက်တစ်မျိုး ပြောမိကြတယ်လေ။

ဒီလွယ်အိတ်မှာ ဗီတာမင် အစုံရှိလောက်တယ်
နည်းမျိုးစုံအသုံချနေတော့၊ အမျိုးပေါင်းများစွာ ပါဝင်နေမှာ သေချာတယ်
ဒါဆို ဆေးဘက်ဝင် လွယ်အိတ် ဖြစ်ရော့မယ်
နေထိုင်မကောင်းဖြစ်ရင် ဒီလွယ်အိတ်ကို ပြုတ်ပြီး ဆေးအဖြစ်သောက်ရင် ရောဂါပျောက်လောက်တယ်
ဆေးပေါင်းခနေတာကိုး


နဲ့ပေါ့။

အဲဒီနေ့က ရယ်မောလိုက်ကြရတာ နားနေခန်းတစ်ခန်းလုံး ညံနေတာပါပဲ။ ကျောင်းတက် သံချောင်းခေါက်လိုက်မှ လူစုခွဲလိုက်ကြရတော့တယ်။

ကိုတင်မိုးရဲ့ လွယ်အိတ်ကတော့ ဆေးပေါင်းခတဲ့လွယ်အိတ်ရယ်လို့ အမည်တွင်သွားပါတော့တယ်။

ဘယ်သူတွေ ဘာတွေ ပြောပြော အပြုံးမပျက်ပါဘူး၊ အစဉ်ရွှင်ပျ နှလုံးလှသူပါ။

၂၇.၈.၀၈

(မေမေရေးပေးထားတဲ့ သူမှတ်မိတဲ့ ဆရာကြီးတင်မိုးရဲ့ အကြောင်းလေးပါ။)

Read More...

Friday, August 29, 2008

သူကျွေးတဲ့ထမင်း

ညဥ့်နက်အောင်စာဖတ်၊ နေမြင့်မှအိပ်ယာကထတတ်တဲ့ ကျောင်းသူဘ၀က အကျင့်က မပျောက်သေးတော့ ကျောင်းကားအမှီ အမြန်ပြင်ဆင်ရပါတယ်။ တခါတရံ ထမင်းချက်ချိန်မရပါဘူး။

ကျွန်မ ထမင်းဗူးမပါတဲ့ တစ်နေ့မှာ၊ ကိုတင်မိုးက သူထမင်းကျွေးမယ်၊ သူ့နောက်လိုက်ခဲ့လို့ခေါ်ပါတယ်။

အဲဒါနဲ့ ထမင်းစားကျောင်းဆင်းချိန်မှာကိုတင်မိုးနဲ့အတူ ကျောင်းကနေ ထွက်ခဲ့ကြပါတယ်။

ကိုတင်မိုးက ရှေ့ကနေ ကျောင်းနဲ့ကပ်ရက် ဓမ္မဗိမာန်ထဲကို ၀င်သွားပါတယ်။ ကျွန်မကလည်း “ထမင်းဆိုင် မသွားပဲ ဓမ္မဗိမာန်ထဲ ဘာလို့ဝင်သွားပါလိမ့်… ဘာအကြောင်းမှာ ရှိပါလိမ့်…” လို့ အောက်မေ့ရင် လိုက်သွားမိပါတယ်…

ဓမ္မဗိမာန်ထဲရောက်တော့ “ကြွပါဆရာတို့... ကြွကြပါ…” နဲ့ ၀ိုင်းဝိုင်းလည် ဖိတ်ခေါ်ကြပါတယ်။

ဟင်းပွဲအစုံနဲ့ ထမင်းဝိုင်းရှေ့မှောက်ရောက်သွားတော့မှ ကိုတင်မိုးက အလှူကိုခေါ်လာတာကိုးလို့ သိရတော့တယ်။

အလှူရှင်နဲ့တကွ ဧည့်ခံသူအပေါင်းက အင်မတန် ဖော်ရွေကြပါတယ်။ အားနာရလောက်အောင် ဟင်းပွဲ၊ အချိုပွဲ၊ လ္ဘက်ပွဲ ပြည့်စုံရုံမက ပိုလျှံအောင်ကို ကျွေးမွေးဧည့်ခံကြပါတယ်။

စားပြီးနှုတ်ဆက်ပြန်ခဲ့ကြပါတယ်…

ကျောင်းရောက်တော့…

“ကဲ ထမင်းကျွေးပြီးပြီနော်… စားကောင်းတယ်မဟုတ်လား.. အလှူရှင် ဒါနမြောက်အောင် လုပ်တာလည်း ကောင်းတဲ့အလုပ်၊ အခွင့်ကြုံရင် အဲလို ကောင်းတဲ့အလုပ် လုပ်တယ်.. ” တဲ့…

သူ့စကားအရ “အလှူအိမ် ၀င်စားလေ့ရှိတာပေါ့နော်… ” လို့ ပြန်ပြောလိုက်ပါတယ်…

ကိုတင်မိုးက အဲသည်လို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနေတတ်လေ့ရှိပါတယ်….

ကိုတင်မိုး အမြဲကိုင်ဆွဲတဲ့ သူ့ရဲ့လွယ်အိတ်ကြီးကို ဆရာ၊ ဆရာမအပေါင်းက အမည်ပေးကြပုံလေးကိုလည်း ပြောပြပါဦးမယ်…

(မေမေရေးပေးထားတဲ့ သူမှတ်မိတဲ့ ဆရာကြီးတင်မိုးရဲ့ အကြောင်းလေးပါ။ တချို့စာဖတ်သူတွေ ရှုပ်သွားမှာ စိုးလို့ပါ။)

Read More...

Thursday, August 28, 2008

အတိတ်ရဲ့ ပုံရိပ်လေးများ

အမ မိုးချိုသင်း ဘလော့ရေးနေတယ်ဆိုတာ မေမေ့ကိုပြောပြမိခဲ့ပါတယ်။ မေမေကလည်း အမ မိုးချိုသင်းရဲ့ ပရိတ်သတ်ဖြစ်နေတော့… “ဟုတ်လားသား... ဆရာမရေးတာတွေက ဖတ်လို့ကောင်းတယ် ပေါ့ပေါ့လေးနဲ့ ဖတ်လို့ကောင်းတာ…” လို့ချက်ချင်းပဲပြန်ပြောနိုင်ပါတယ်။ အမရေးတာတွေဖတ်ရတာ အင်မတန်မှလည်း စွဲပါတယ်။ သူ့ဘလော့ကိုလည်း တရက်တခေါက်မှ မရောက်မနေနိုင်အောင်ပါပဲ…

အဲဒါနဲ့ ဆက်စပ်ပြီးတော့…. “မေမေ ဆရာမမိုးချိုသင်း ရဲ့ အဖေ ဆရာကြီးတင်မိုးနဲ့ သိတယ်ဆို… သူ့အကြောင်းတွေ မေမေငယ်ငယ်ကပြောတာတော့ ကြားဖူးတယ်… ပြန်ပြောပြပါဦး…” ဆိုတော့… မေမေကသူမှတ်မိတာလေးတွေကိုပြောပြပါတယ်။ ကျွန်တော်ကလည်း အဲဒါကို အားမရသေးပါဘူး (ချက်စရာဆားကလိုတယ်လေ… ဟဲဟဲ) … “မေမေရေ… အဲဒါလေးတွေကို စာရေးချလိုက်ရင် ကောင်းမှာနော်.. မှတ်တမ်းတင်သလိုလေးဖြစ်သွားမှာပေါ့… ” ဆိုတာနဲ့ အခုလို မေမေကရေးပြီးတော့ ပို့လိုက်တာပါ….

အတိတ်ရဲ့ ပုံရိပ်လေးများ

နှစ်ပေါင်း ၄၀ကျော်ဆိုတာ စောင့်ရရင်သာ ကြာတာ၊ ကုန်လွန်ခဲ့တဲ့အချိန်ကတော့ ဘာမျှကြာလိုက်တယ် မထင်ရပေဘူး။ မန်းတက္ကသိုလ် အေးရိပ်ညိုကထွက်ခွါခဲ့တာ နှစ်ပေါင်း ၄၀ ကျော်ခဲ့ပြီ။

အတိတ်ကပုံရိပ်တွေ တရေးရေးမြင်လာမိပါတယ်….

တက္ကသိုလ်ရောက်စနှစ် မိန်း (main) အဆောက်အဦးကြီးရဲ့ မြေညီထပ်တောက်ဘက် ကော်ရစ်တာတလျှောက်မှာ ကဗျာ၊ ၀တ္ထု၊ ဆောင်းပါး၊ ကာတွန်းတွေကို board တွေမှာ စက္ကူနဲ့ရေးကပ်ပြီး ထောင်ထားတာမှ တစ်တန်းကြီးပါပဲ။ အားချိန်ရတိုင်း ကိုယ်နေတဲ့ ရွှေမန်းဆောင်ကို မပြန်တော့ပဲ ကဗျာ၊ ၀တ္ထုတွေကို လျှောက်ဖတ်နေမိတယ်။

မန်းတက္ကသိုလ် ကလောင်ရှင်အသင်းရဲ့ လှုပ်ရှားချက်တွေပါပဲ။ အဲဒီခေတ်က မိတ္တူမပေါ်သေးပါဘူး။ လက်ရေးနဲ့ရေးကူးပြီး၊ စာရွက်ကိုကော်နဲ့ board မှာကပ်ရတာ အတော် လုပ်အားစိုက်ထုတ်ယူရတာ၊ တော်ရုံ ၀ါသနာနဲ့ မလုပ်နိုင်ပေဘူး။

ကလောင်ရှင်အသင်းမှာ စောစောပိုင်းက မောင်ပေါက်စီ (မန်းတက္ကသိုလ်) က ဥက္ကဋ္ဌပါ။ အခုတော့ ကွယ်လွန်ရှာပါပြီ။ အဲဒီနောက်တော့ ကဗျာဆရာများဖြစ်တဲ့ တင်မိုး၊ မောင်စွမ်းရည်၊ မောင်သာနိုး၊ ကြည်အော်၊ ကသာဝင်းကြွယ် တို ဦးဆောင်ဦးရွက် လှုပ်ရျားလာကြပါတယ်။ ဘယ်နှစ်မှာ ဘယ်သူ ဥက္ကဋ္ဌဆိုတာကတော့ မေ့နေပါပြီ။

ဥက္ကဋ္ဌ၊ အမှုဆောင်များဟာ များသောအားဖြင့် (ကျွန်မကလွဲရင်) ထင်ရှားတဲ့ စာရေးဆရာ၊ ကဗျာဆရာ၊ စာပေပညာရှင်များ ဖြစ်လာကြပါတယ်။ သမိုင်းပညာရှင် ဒေါက်တာတိုးလှဟာလည်း အဲဒီတုန်းက ကလောင်ရှင်အသင်းအဖွဲ့ဝင် တစ်ဦးပါ။

ကဗျာဆရာတွေဆိုတော့ ကဗျာစာအုပ်တွေ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်းကထုတ်ဝေခဲ့ပါတယ်။ စာပေဗိမာန်ဆုတွေလည်းရကြပါတယ်။ ထုတ်ခဲ့တဲ့စာအုပ်တွေက တင်မိုးရဲ့ ဖန်မီးအိမ် ကဗျာစာအုပ်၊ ကြည်အောင် နဲ့ မောင်စွမ်းရည် နှစ်ဦးပေါင်းရဲ့ စိတ္တရ ကဗျာစာအုပ်၊ တင်မိုးရဲ့ လှေတစ်စင်းနဲ့သီချင်းသည် ကဗျာစာအုပ်တွေပါပဲ။

ကဗျာကို လူဖတ်နည်းပေမယ့် အဲဒီကဗျာစာအုပ်တွေကတော့ နာမည်ကျော်ကြား လူကြိုက်များလှပါတယ်။

သတိရမိသမျှလေးကိုသာ ရေးလိုက်နိုင်ပါတယ်။ စာအုပ်တွေက အညာအိမ်က ဗီရိုထဲမှာရှိနေပါသေးတယ်။ ရန်ကုန်မှာ ခဏဆိုပြီး၊ ခင်ပွန်းနဲ့ သားမသီးတွေ ရှိရာလိုက်လာခဲ့ပြီး။ အညာကို မပြန်ဖြစ်သေးပါဘူး။ အညာအိမ်ရှိရာ ပြန်ဖြစ်မလား၊ စင်ကာပူက သားငယ်ရှိရာသွားဖြစ်မလား နဲ့ အသက် ၇၀ နားနီးတဲ့အထိ၊ ဘ၀မှာ အခြမကျသေးပါဘူး။

ကိုယ့်ရဲ့စာအုပ်လေးတွေကို သတိရလို့ ပြန်ဖတ်ချင်ပေမယ့် အလှမ်းဝေးနေတော့၊ အဝေးတစ်နေရာကပဲ လွမ်းနေရပါတယ်။ ပြန်ရေးချင်တဲ့အခါ ပြည့်ပြည့်စုံစုံ မရေးနိုင်တော့ဘူး။ ဒီလို သက်မဲ့ကိုတောင် လွမ်းနေတတ်တာ ဆိုတော့ အဝေးရောက် သားငယ်ကိုလည်း မလွမ်းဘယ်သူနေပါ့မလဲပေါ့နော်။ လွမ်းတာပေါ့။ လွမ်းလို့လည်း ငယ်စဉ်က ပုံရိပ်တွေ ပြန်ဖော်ပြီး ရေးမိနေခဲ့တယ်။

အခုလည်း မန်းတက္ကသိုလ်မှာ ကဗျာတွေဖတ်ခဲ့တာ၊ စပ်ခဲ့တာ၊ ခင်မင်ခဲ့တဲ့ ကဗျာဆရာ သူငယ်ချင်းတွေကို သတိရနေမိတော့တယ်…

ဒီအရွယ်မှာ ဒါနပြု သီလဆောက်တည် ဘာဝနာပွားရမယ့်အရွယ် ဆိုသော်လည်း၊ အဲဒါတွေပြုရင်း ကြားကာလမှာ သတိရမိအောင် ရနေတတ်ပါတယ်။ ပုထုဇဉ်ကိုးလို့ ကိုယ်ဘာသာ ဖေါ့ဖေါ့လေးဖြေမိတယ်။

အဲဒီကဗျာဆရာကြီးတွေက ကျွန်မတို့ရဲ့ ရှေ့ဆောင်လမ်းပြ အကိုကြီးတွေပါ။ စာပေ၀ါသနာရှင် မောင်မယ်သစ်လွင်တွေကလည်း လေးစားကြပါတယ်။ ကျွန်မ အနေနဲ့ တင်မိုး၊ မောင်စွမ်းရည် တို့နဲ့ တနယ်သားချင်းတွေလည်းဖြစ်နေပြန်တယ်။ နယ်ဆွေနယ်မျိုးတွေပေါ့။

မန္တလေး အမှတ် ၁၇၊ အ.ထ.က မှာ လုပ်ဖော်ကိုင်ဖက်တွေလည်းဖြစ်ခဲ့ပါတယ်။

အထက်ဗမာပြည် စာရေးဆရာအသင်းရဲ့ စာဆိုတော်နေ့ စာတမ်းဖတ်ကြတဲ့ပွဲမှာ၊ ကဗျာဆရာကြီးတွေက စာတမ်းတင်၊ စာတမ်းဖတ်ကြသူများဖြစ်ပြီး၊ ကျွန်မက သူတို့ရဲ့ ပရိတ်သတ်ဖြစ်ခဲ့ပါတယ်။

ဒီလိုဆုံဆည်းမှုတွေအများကြီးရှိခဲ့တာပါ။ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်းရဲ့ လှုပ်ရှားမှုတွေကစပြီး ဆုံဆည်းခဲ့တာလို့ ပြောနိုင်ပါတယ်။

ကလောင်ရှင်အသင်းဟာ လစဉ်စာစောင် မထုတ်နိုင်ပေမယ့် စာရွက်ပေါ်လက်ရေးနဲ့ရေး board မှာကပ်ပြီး တစ်နှစ် ၃ကြိမ်မျှ board စာစောင် ထောင်နိုင်ခဲ့ပါတယ်။ မန္တလေးတက္ကသိုလ်မဂ္ဂဇင်း ၂ကြိမ်ထုတ်နိုင်ခဲ့ပါတယ်။ နှစ်စဉ် စာဆိုတော်နေ့၊ တခမ်းတနားကျင်းပနိုင်ခဲ့ပါတယ်။

မိန်း (main) အဆာက်အဦးကြီးရဲ့ တောင်ဘက်၊ မြက်ခင်းပြင်မှာ စာရေးဆရာကြီးများဖြစ်တဲ့ လူထုဦးလှ၊ မြမျိုးလွင်၊ ဦးမောင်မောင်တင်၊ ဦးချမ်းမြ (မြကေတု) ၊ ရွှေပြည်ဦးဘတင်၊ ဦးဆန်းထွန်း တို့ဟောပြောခဲ့ကြတာပါ။ နားထောင်လို့ကောင်းရုံမက၊ ဗဟုသုတ အသိပညာတွေ အများကြီး တိုးခဲ့ပါတယ်။

ဧည့်ခံဖျော်ဖြေရေးမှာ မန်းတက္ကသိုလ် အနုပညာတီးဝိုင်းနဲ့ ဧည့်ခံပါတယ်။။ အဲဒီတီးဝိုင်းထဲမှာ သားငယ်ရဲ့ အဖေက မယ်ဒလင် တီးခဲ့တာပေါ့…

ကျွန်မအတွက် ပထမဆုံးစာပေဟောပြောပွဲနားထောင်ရခြင်းဟာ အလွန့်ကို အဖိုးတန်လှပါတယ်။ ပညာရှင်ကြီးတွေကို အခုမှ မြင်ဖူးရတာပါ။ ဟောပြောချက်တွေကို အခုမှ နာကြားခွင့်ရတာပါ။ အဲဒီဆရာကြီးများလည်း အခုအချိန်မှာ ကွယ်လွန်သွားခဲ့ကြပါပြီ။ သူတို့ထက် ငယ်ရွယ်သာ ကဗျာဆရာ ကိုတင်မိုးတောင် မရှိရှာတော့ဘူးလေ…

ကိုတင်မိုးကို သတိရရင်း… သူစရိုက် သူ့ဝါသနာကိုပါ အမှတ်ရနေပါတော့မယ်…

ကိုတင်မိုးက တွေ့ရာအကြောင်းအချက်လေးတွေကို ကဗျာစပ်လေ့ရှိပါတယ်။ တစ်နေ့မှာ သူငယ်ချင်းများရှိရာ အဆောင်ကို အလည်းသွားတာ၊ စကားပြောရင်း အချိန်ကုန်မိုးချုပ်သွားတယ်တဲ့… သူက ဆေးလိပ်ကလည်း လက်ကြားမှာ အမြဲညှပ်ထားလေ့ရှိပါတယ်။ ဒီတော့…

ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကိုပြန်ပို့ကြပါလေ…


စပ်လိုက်ပါတယ်။ ဒီကဗျာတိုတိုက ဖတ်သူအပေါင်းအတွေနယ်ချဲ့လို့ မဆုံးတဲ့ကဗျာလေးပါ။ ဧည့်သည်ကြီး ခေါင်းစဉ်နဲ့ ဖန်မီးအိမ်ကဗျာများ စာအုပ်မှာပါပါတယ်။

အမှတ် ၁၇ အ.ထ.က မှာ အထက်တန်းပြအဖြစ် အတူတာဝန်ထမ်းဆောင်စဉ်က၊ ခေတ္တနားချိန်၊ ဆရာခန်းမှာ၊ စကားဝိုင်းဖွဲ့ပြောကြစဉ်၊ ဆရာမဆိုတော့ အချစ်အကြောင်းကိုလည်း မစပ်ချင်ဘူး၊ ဘာကို စာဖွဲ့ရမှန်းမသိတော့ ကဗျာမစပ်ဖြစ်ကြောင်းပြောမိခဲ့တယ်…

ဒီတော့ ကိုတင်မိုးက စာရွက်အလွတ်ပေါ်မှာ ကဗျာတစ်ပုဒ်ကောက်ရေးလိုက်ပါတယ်…

ကဗျာ
ကဗျာရေးမယ်လို့
အတွေးကို သည်မေရှာတော့
ဇဝေဇ၀ါ မထင်ရှားပါတဲ့
ဝိုးတ၀ါး ရုပ်ပုံလွှာ။

အချစ်ရေးကိုလဲ
ကလေးဆဲတယ်ထင်သရှင့်၊
အိပ်ရာဝင်၊ မေ့အတွေးတွေက၊
ချစ်သူကိုတမ်းကာ ဆွေးတာမို့
မရေးစီသာဘု၊
သည်ကဗျာ၊ သည်အလွမ်းကိုလဲ
ဆန်းမဆိုသာ။


တစ်နေ့က ကဗျာစာအုပ်ထဲမှာ သူရေးခဲ့တဲ့ စာရွက်ကလေး တွေ့တော့ အတိုင်းမသိဝမ်းသာမိတယ်။

သေသပ်လှပတဲ့ ကိုတင်မိုးလက်ရေးလေးတွေ။
စာရွက်ကတော့ ၀ါကြန် ကျွတ်နေပြီပေါ့။ ရွရွလေးကိုင်ရတယ်။

၁၉၆၅ ခုနှစ် ဒီဇင်ဘာလ က ရေးသီခဲ့တာဆိုတော့ နှစ်ပေါင်း ၄၃ နှစ်ရှိပြီလေ…

တွေ့ကြုံရာလေးတွေကို စကားပြောရင်း ကဗျာဖြစ်သွားတာတွေ အများကြီးပါ။ ကြာတော့လည်း မေ့ကုန်ပါပြီ။ စာရွက်ပေါ် ရေးခြစ်မိခဲ့တဲ့ ဒီကဗျာပဲ ကျန်ခဲ့ပါတော့တယ်။ ဒါတောင် စာအုပ်ကြားညှပ်နေလို့ ကျန်တာ…

အမှတ် ၁၇ အ.ထ.က မှာ ဆုံဆည်းကြစဉ် အမှတ်တရာဖြစ်စရာလေးများကို ဆက်ရေးပါဦးမယ်…

Read More...

Tuesday, August 26, 2008

ဒီရေး ဟိုရောက် ၊ ဟိုရေး ဒီရောက် - ၎

စနေနေ့လည်ကစပြီးရွာတဲ့မိုးက တနင်္ဂနွေနေ့အထိ စွေပြီးရွာလိုက်၊ သည်းသည်းမဲမဲရွာလိုက်နဲ့ ရာသီဥတုက အေးအေးလေးနဲ့နေလို့ကောင်းနေပါတယ်။ တနင်္ဂနွေနေ့ နေ့လည်စာစားပြီအချိန်မှာ မိုးကလည်းသည်း လူကလည်းအပျင်းဓာတ်ခံရှိတော့ ကော်ဖီလေးဖျော်၊ အိပ်ယာပေါ်တက် စာအုပ်ကလေးကိုင်ပြီးတော့ မရတာကြာပြီဖြစ်တဲ့ စည်းစိမ်ယစ်နေမိပါတယ်။

စာအုပ်တွေဖတ် မျက်စိညောင်းလို့ ဟိုတွေးဒီတွေး တွေးမိတာ - လွန်ခဲ့သော ၁၇နှစ်ခန့်က အခုလို မိုးလေးစိမ့်စိမ့်မှာ အညာရဲ့ အိုအေစစ် ပုပ္ပါးတောင်မကြီး အလယ်မှာရှိတဲ့ night lodge ကိုသွားခဲ့တဲ့ခရီးလေးကိုပါပဲ။ အဲဒီတုန်းကလည်း အခုလို မိုးစွေစွေလေးရွာနေခဲ့ပါတယ်။ လေတွေက တ၀ီးဝီးတိုက် တိမ်တွေက ကိုယ်ဘေးနားကနေဖြတ်သွားတာကို ခံစားရတဲ့ အရသာဟာ တိမ်ကြားထဲ လေဟုန်စီးနေသလိုပါပဲ။

ရာသီဥတုကြည်ရင် မြင်ရတဲ့ ပုပ္ပါးတောင်ကလပ်ကိုတောင် မမြင်ရတော့ပါဘူး။

ပူအိုက်တဲ့ အညာလို့တောင် မထင်ရတဲ့ ရာသီဥတု နဲ့ တောင်ပေါ်ဒေသကို ရောက်နေတယ်လို့ခံစားရတဲ့ ခံစားချက်က တော်တော်လေးကို နှစ်ခြိုက်မိပါတယ်။ အဲဒီမှာ စားသောက်ရတဲ့အထဲက မှတ်မှတ်ရရကတော့ မြင်းခွာရွက်ဟင်းချိုပူပူလေးပါပဲ။ ချမ်းအေးတဲ့အချိန်မှာ ပူပူနွေးနွေးလေးသောက်လိုက်ရတာ တော်တော်လေးအရသာရှိပါတယ်။

ရောက်တဲ့ညမှာတော့ ချမ်းချမ်းအေးအေး စောင်လေးနဲ့ကွေးပြီးအိပ်လိုက်ရတာ အခုလိုပဲ ဇိမ်တော်တော်ရှိခဲ့တာပဲ…

နောက်တနေ့ မနက်လင်းတော့ မိုးတိတ်နေတာနဲ့ အနီးအနားပတ်ဝန်းကျင်ကို လျှောက်ကြည့်ခဲ့ပါတယ်။ အဲဒီအထဲမှာ သတိရမိတာကတော့ တောင်မကြီးမှာရှိတဲ့ ရေထွက်တစ်ခုကို သွားကြည့်တာပါ…

အဲဒီရေထွက်ကို တောကြိုးအုံကြား မိုးရေနဲ့ ချော်နေတဲ့ လူသွားလမ်းကတဆင့်သွားရပါတယ်။

တောထဲတောင်ထဲ စွန့်စားခန်းဝင်နေသလိုပါပဲ။

တောကြီးထဲမှာ တစုံတယောက်က သံတူကြီးတဲ့ ထုနေသလို “တုံ… တုံ…” ဆိုပြီး အသံမှန်မှန် ရိုက်နေသံကိုလည်းကြားနေရပါတယ်။ ဘာသံမှန်းမသိတော့ ဘာဖြစ်မလဲဆိုတာကို အားလုံး တော်တော်လေးစိတ်ဝင်စားမိနေပါတယ်။

ခဏနေတော့ ရေထွက်ကိုတွေရပါပြီ… ရေထွက်က ရေစထွက်လာတဲ့အောက်နားလေးမှာပဲ အုတ်နဲ့ဆောက်ထားတဲ့ ရေလှောင်ကန်ကြီးကြီးတစ်ခုကိုတွေရပြီး အဲဒီမှ သံပိုက်တခုထွက်လာပြီး တောင်စောက်အောက်ကို သွယ်ထားပါတယ်။

“တုံ… တုံ…” အသံထွက်နေတဲ့ ရေကန်ရဲ့အောက် ပေနှစ်တယ်သုံးဆယ်လောက်မှာပါ။ အဲဒီနေရာကို ဆက်ပြီးဆင်း အကြည့် တောင်စောင်းအဆင်း တနေရာရောက်တော့ မေမေတစ်ယောက် မိုးရွာထားတော့ ရွံ့နဲ့ချော်ပြီး လဲမလိုဖြစ်သွားကာ ဘေးက သံပိုက်ကိုကိုင်လိုက်နိုင်တော့ ထိန်းလိုက်နိုင်ပါတယ်။ …. အားလုံးက အလန့်တကြားမေးလိုက်ပါတယ်…. မေမေကတော့ အေးအေးဆေးဆေးပဲ ပြန်ဖြေတယ်..

“ရတယ်… ဘာမှဖြစ်ဘူး.. ချော်လဲတာမဟုတ်ဘူး… လေထဲမှာပဲ ပျံဝဲသွားတာ… မြေကြီးနဲ့တောင် မထိဘူး…” တဲ့…

မေမေလည်း လမ်းလျှောက်ရော.. နောက်က အမက …
“အမေ… လေထဲမှာ ပျံဝဲသွားတာကလည်း နောက်မှ ရွံ့တွေပေလို့… ဟားဟား…” ဆိုပြီး ပြောရင်ရီပါတော့တယ်….

အဲဒီကစပြီး လေထဲမှာပျံဝဲတာ… ရွံ့လေးပဲပေတာပါပဲ ..ဆိုပြီး အကြောင်းတိုက်ဆိုင်တိုင်း ပြောတာ အခုအချိန်အထိပါပဲ….

အဲဒီလိုနဲ့ အောက်နားရောက်တော့ “တုံ… တုံ…” လို့ အသံမြည်နေတဲ့ အရာကို ကိုတွေ့ပါတယ်။ ဖေဖေကတော့ ရေအားကိုသုံးပြီးတင်တဲ့ ရေတင်စက်လို့ ပြောပါတယ်။ ရေတင်စက်ရဲ့ အင်္ဂလိပ်လို နာမည်ကိုလည်းပြောပြီး ဘယ်လို အလုပ်လုပ်တယ်ဆိုတဲ့သဘောကိုလည်း ရှင်းပြပါတယ်။ စက်ပစ္စည်းတွေရဲ့အကြောင်းကိုတော့ ဖေဖေဆီက အများဆုံး ကြားဖူး၊ လေ့လာဖြစ်ခဲ့တယ်…

အဲလို ဆက်စပ်တွေးနေရင်း… အဲဒီ ရေတင်စက်အကြောင်းကို ပိုသိချင်လာမိတော့… ရေစက်ရဲ့နာမည်ကိုမေ့နေတာနဲ့ ဖုန်းဆက်ပြီး မေးကြည့်မိသေးတယ်… ဖေဖေကတော့ “drum pump ဖြစ်မယ် လို့ထင်တယ်… ” လို့ပြောတာနဲ့ Google ကိုမေးကြည့်တာ မရှိပါဘူး… keywords တွေပြောင်းရှာကြည့်တော့မှာ တွေ့ပါပြီ… ram pump ပါ…

ရှင်းလင်းချက်: http://en.wikipedia.org/wiki/Hydraulic_ram
သရုပ်ပြချက်: http://schou.dk/animation/hydraram.swf

ရေအားကိုသုံးပြီး ရေကိုပြန်တင်တဲ့ pump အကြောင်းပါ။ ဖွဲ့စည်းပုံက ရိုးရိုးလေးနဲ့ တော်တော်သေးအသုံးဝင်တာကိုတွေ့ရပါတယ်။ ဘာသာပြန်ရမှာ ပျင်းတာနဲ့ အပေါ်က လင့်တွေမှာ လေ့လာလို့ရပါတယ်…

အဲဒီလို တောတောင်ထဲသွားခဲ့ရတာလေးတွေက တက္ကသိုလ်တက်တော့ ခြေလျင်တောင်တက်အသင်းကို ၀င်ဖို့ အားဖြစ်စေတယ်ထင်ပါတယ်။ တောင်တက်ခရီးတွေကို တခြား အဖွဲ့ဝင်သူငယ်ချင်းတွေလောက် စုံစုံလင်လင်မရောက်ခဲ့ပေမယ့် သွားခဲ့တဲ့ခရီးတွေကိုတော့ အခုအချိန်အထိ သတိတရ မှတ်မိနေဆဲပါ… တကယ်လည်း လွမ်းဆွတ်နေဆဲပါ…

တောင်တက်အသင်းဝင်ခဲ့ပုံ… လေ့ကျင့်ခဲ့တာနဲ့.. ခရီးထွက်တာကို အားခဲပြီးရေးခဲ့ဖူးပါတယ်… ဆက်ပြီးရေးဖို့လည်း စိတ်ပြန်ဝင်လာပါပြီ….

အရင်ရေးခဲ့တာတွေကတော့

၁။ ၂/၉၆ - ပထမပိုင်း
၂။ ၂/၉၆ - ဒုတိယပိုင်း
၃။ ၂/၉၆ - တတိယပိုင်း
၎။ ၃/၉၆
၅။ ၄/၉၆ - ပထမပိုင်း
၆။ ၄/၉၆ - ဒုတိယပိုင်း
၇။ ၄/၉၆ - တတိယပိုင်း

အခုအဲဒီအကြောင်း ဆက်ပြီးရေးသားနေတာ မပြီးသေးလို့ … ဒီ ကြော်ငြာ ဆားချက် ပို့စ်ဝင်လာတာနော်….

နောက် ဆားချက်ပို့စ် တစ်ခုလာပြီးရင် .. အဲဒီ ဇာတ်လမ်းကို ကြိုးစား အပြီးသတ် ရေးဖို့ကို အာရုံစိုက်မယ်လို့ စိတ်ကူးထားတာ ကို ပြောချင်တာပါ….

စာဖတ်သူ အားလုံးကို ကျေးဇူးတင်ပါတယ်…. :D

Read More...

Wednesday, August 20, 2008

ဒီရေး ဟိုရောက် ၊ ဟိုရေး ဒီရောက် - ၃

မနက်စောစော ရုံးကိုအလာ ဘူတာကထွက်လိုက်တော့ မိုးက သည်းသည်းမဲမဲ ရွာနေသည်။ အစိုးမရသည့်မိုး၊ အိမ်က ထွက်လာတော့ မိုးလေးနဲနဲပဲ အုံ့နေတော့ ထီးယူမလာခဲ့ဘူး။ တကယ်တော့လည်း ဘယ်တုန်းကမှလည်း ထီးမဆောင်တတ်ပါဘူး။ မိုးရွာရင် ဒီလိုပဲ ဟိုအမိုးခို ဒီအမိုးခို ပြေးသွားနေကျ။

ဘူတာမှ ရုံးကိုသွားတဲ့ ဘတ်စ်ကားစီမယ်ကြံတော့ ကားက အခုပဲထွက်သွားတော့ နောက်တစ်စီးစောင့်ရင် ကြာနေလိမ့်မည်။ နာရီကြည့်လိုက်တော့ ရုံးကို ရောက်သင့်တဲ့အချိန် ဖြစ်နေပြီ။ အစည်းအဝေး ရှိလို့ ကားစောင့်နေရင် နောက်ကျနေမှာစိုးလို့ ထုံးစံအတိုင်း အမိုးအောက်ခိုက ပြေးဖို့ပဲလုပ်ရပြီ။

အဆောက်အဦးအောက်မှ အရိပ်ခိုကသွား၊ ရေမြောင်းကိုဖြတ်ဆောက်ထားတဲ့ တံတားလေးကိုဖြတ်ရမယ့် တနေရာရောက်တော့ အမိုးကမရှိ မိုးကသည်းနေတော့ ခဏစောင့်နေမိသည်။ ဘေးနားက အိန္ဒိယနွယ်ဖွားတစ်ယောက် ထီးကောက်ကြီး ဖွင့်လိုက်တော့ ထီး ကြုံများခေါ်လေမည်လားပေါ့။ သူကတော့ ဒီဘက်မှာ ရှိတဲ့ ကျွန်တော့်ကိုမခေါ် တဖက်မှာရှိတဲ့ တရုတ်မလေးကို ထီးကြုံ လိုက်မလား မေးနေလေရဲ့…

ရုံးကိုရောက်တော့ မိုးရေကလည်း နည်းနည်းစို၊ တယောက်မှလည်းမရောက်သေး၊ ခဏနေတော့ အတူလုပ်တဲ့တစ်ယောက်ကဖုန်းဆက်လာတယ်၊ ကြီးမှ ရေကြောက်ပေါက်နေလို့ ရုံးက ၂ ပတ် ဆေးခွင့် မယူမဖြစ်ယူရမှာတဲ့…

ခွင့်ယူထားတဲ့တစ်ယောက် ချိန်းထားတဲ့လူကိုတွေ့ ဈေးရောင်းလိုက်တာ ဈေးမှားသွားလို့ ဈေးလျှော့ရောင်းလိုက်ရတာ အမြတ်တွေနည်းသွားရော…

ရုံးကအပြန် ရထားအပေါက်ဖြတ်တော့ ပိုက်ဆံက သုညအောက်ကျတော့ ၀င်လို့မရ၊ နောက်က လိုက်တာတဲ့ တရုတ်မက အရေးကြီးပုံတဲ့မပေါက်ပဲ ကျွတ် ခနဲ အသံထွက်ပြီး မကြည်ကြည့် ကြည့်သွားသေးတယ်…

အိမ်ရောက်တော့ ဗိုက်ကဆာ မနေ့က ကျန်နေတဲ့ ခြောက်ဆွဲခြောက် တစ်ထုတ် ပြုတ်စားမယ်ရှာ၊ မတွေ့တော့ အတူနေသူငယ်ချင်းကိုမေးလိုက်တော့၊ သူစားလိုက်ပြီတဲ့… ဆာတဲ့ဗိုက် အသာထား မနက်စောစောထဖို့ အိပ်လိုက်တော့မယ်…

အိမ်ယာက မနိုးခင် အသည်းကွဲပျောက်ဆေး သောက်ပြီး နောက်တနေ့မနက်ထကာ အလုပ်လုပ်ရပေဦးမည်…

Read More...

Saturday, August 16, 2008

ရည်းစား သက်စေ့ သားမှာရှိတယ်

မိခင်စိတ်ဟာ သားသမီးတွေအတွက် အရာရာကို ရင်ဆိုင်အံတုရဲတယ်၊ အသက်ကိုတောင် စွန့်နိုင်တယ်လို့ ဆိုကြပါတယ်။ ပုံဝတ္ထု၊ သာဓကတွေလည်းကြားဖူး သိဖူးခဲ့ပါတယ်။

စကော့တလန်ပြည်၊ တောင်ကုန်းဒေသမှာ လင်းယုန်ငှက်ကြီးချီသွားပြီး၊ လူတက်ရောက်နိုင်ဖို့ ခက်ခဲတဲ့ ကျောက်တောင်ထိပ်မှာချထားပစ်တဲ့ သားကလေးကို စွန့်စွန့်စားစား တက်ရောက်ကယ်တင်သူဟာ မိခင်ပါပဲတဲ့။ မိခင်စိတ်ဓာတ်ဟာ တုနှိုင်းစရာမရှိပါဘူး။

ဒီလိုကြုံလာမှုကို အောင်မြင်စွာဖြတ်သန်ဖို့ လက်ရုံးရည်ရှိရုံသာမက၊ နိစ္စဓူဝ၊ ကြုံဆုံသမျှ၊ ကိစ္စအ၀၀ကိုလည်း၊ စိတ်ရှည်သည်းခံ၊ ဇွဲသန်သန်နဲ့ နှလုံးရည်တိုင်ပွဲဆင်နွှဲနေရသူတွေဟာ မိခင်တွေပဲပေါ့။ အထူးသဖြင့် ကိုယ်ခွဲလက်ခွဲမရှိတဲံ ၀န်ထမ်းမိခင်များ နဲ့ စီးပွားထွက်ရှာကြရတဲ့ မိခင်များ ရင်ဆိုင်ကြရပါတယ်။

ကျွန်မ မိခင်ဘ၀ ရောက်စ၊ ခံစားမှုတွေပြောပြချင်ပါတယ်။


သားကြီးကို မွေးဖွားပြီး ခွင့် ၄၂ ရက်ကုန်လို့ကျောင်းသွားတဲ့နေ့မှာ အိမ်ကနေမထွက်နိုင်အောင် ဖြစ်နေခဲ့ပါတယ်။ မျက်ရည်စတွေနဲ့ အင်မတန်စိတ်ခံစားရပါတယ်။ အားတင်းပြီး ကျောင်းကို ထွက်လာခဲ့ရပါတယ်။ ဆရာမဆိုတဲ့ နိုင်ငံ့တာဝန်က ရှိနေသေးတယ်မဟုတ်လား။

ဒုတိယမြောက် သမီးကိုလည်း ရင်ဆိုင်ရတဲ့ခံစားချက်က အတူတူပါပဲ၊ လျော့မသွားပါဘူး။

တတိယတစ်ယောက် သားငယ်ကျတော့ ရင်ဆိုင်ရတဲ့အခြေအနေ ခံစားချက်က ပိုပြီးပြင်းထန်လာပါတယ်။ စိတ်ဓာတ်ရင့်ကျက်လာလို့သာ မိခင်စိတ်နဲ့ ဖြစ်သန်းနိုင်ခဲ့တာပါ။

အတိတ်ကံ အကြောင်းတရားတွေက တစ်ယောက်နဲ့ တစ်ယောက် မတူ ကွဲပြားကြပါတယ်။ သားကြီးတုန်းက ညီမက အိမ်မှာလာပြီး သားကြီး နေ့ကလေးထိန်းကျောင်း ပို့ချိန်အထိ စောင့်ရှောက်ပေးပါတယ်။ ၁၀တန်းကျောင်းသား မောင်အရင်းတစ်ယောက်၊ အလယ်တန်းကျောင်းသား မောင်ဝမ်းကွဲတစ်ယောက်တို့လည်း အိမ်မှာလာနေကြပါတယ်။

သမီးကျတော့ ညီမက အလုပ်ခွင်ဝင်သွားပါပြီ၊ ကျောင်းနေဆဲမောင်များကတော့ အိမ်မှာနေကြပါသေးတယ်။ ကလေးထိန်းသူက လုပ်တတ်ကိုင်တတ် လိမ္မာရေးခြားရှိပြီး ကလေးကို ချစ်ခင်တတ်သူမို့ စိတ်အေးချမ်းသာ ကျောင်းတာဝန် ထမ်းဆောင်နိုင်ခဲ့ပါတယ်။

သားငယ် အလှည့်မှာတော့ မပြည့်စုံမှုတွေက အများကြီးပါပဲ။ ခင်ပွန်းသည်က အဝေးတစ်နေရာကို ပြောင်းရွှေ့အမှုထမ်းရပါတယ်။ အိမ်ထောင်ဦးစီး မရှိခြင်းဟာ အရာရာမပြည့်စုံခြင်းပါပဲ။ မောင်အရင်းက GTI အောင်ပြီး အလုပ်ခွင်ရောက်လို့ အဝေးမြို့သို့ပြောင်းရွှေ့သွားပါပြီ။ မောင်ဝမ်းကွဲကလည်း မိဘအရပ်ထံ ပြန်သွားပါပြီ။ အိမ်မှာ လူမမယ် ကလေး ၃ ယောက်နဲ့ ကျွန်မ လုံးခြာလည်နေပါတော့တယ်။

အပို့အကြိုမလုပ်နိုင်တာနဲ့ သားငယ်ကိုလည်း နေ့ကလေးထိန်းကျောင်းကို မထားနိုင်ပါဘူး။ အိမ်ဖော် ကလေးထိန်းတွေကလည်း မမြဲ၊ အပြောင်းအလဲများတော့၊ သားငယ်က အမေကိုပဲ အကပ်များပါတယ်။ ငယ်ရွယ်စဉ်က သားငယ် ငိုလျက်ပေမယ့် ပုန်းကွယ်ပြီး ကျောင်းသို့ထွက်နိုင်သော်လည်း ၃နှစ်ကျော်အရွယ်မှာတော့ အဖြူ နဲ့ အစိမ်း ကျောင်းဝတ်စုံဝတ်လိုက်ရင် အမေ့ထမိန်စကို မလွတ်တမ်း ဆွဲထားပါတော့တယ်။

ကျောင်းဝတ်စုံဝတ်လိုက်ရင် အိမ်ကထွက်တော့မယ်ဆိုတာသိနေတော့ ခွာလို့မရတော့ပါဘူး။ မုန့်နဲ့ချော့လည်းမရ၊ နို့ဘူးနဲ့ချော့လည်းမရ၊ ချော့နည်းမျိုးစုံ၊ အဖုံဖုံသုံးလည်းမရ၊ အဲဒီအချိန်ဟာ စိတ်ခံစားရအဆုံး အချိန်ပါပဲ။ ကလေးကို အိမ်ဖော်ကလေးထိန်းနဲ့ အိမ်မှာ ချန်ထားနိုင်စွမ်းမရှိတော့ပါဘူး။

ကျွန်မတို့ နေရတဲ့ ၀န်ထမ်းအိမ်ကလည်း လူသူမနီး မြို့အပြင်ဘက်၊ တောင်ကုန်းထိပ်မှာ သီးခြားတည်ရှိနေပါတယ်။ ခင်ပွန်းသည်မရှိတော့လည်း အိမ်ပေါက်အရောက် ကားမဆိုက်တော့ဘူးပေါ့။ ဒီတော့ သားငယ်နဲ့ ကတိ စာချုပ်ချုပ်ရပါတော့တယ်။ ကုန်းခြေအထိခြေလျင်ဆင်းပြီး ဖယ်ရီကားကိုစီးရပါတယ်။

သားငယ် ကုန်းအောက်ခြေအထိ လမ်းလျှောက်နိုင်ရဲ့လား၊ အမေက ထမင်းချိုင့်ခြင်းကြီးနဲ့ သားငယ်ကို မချီနိုင်ဘူးနော်၊ ကျောင်းမှာအမေ စာသင်နေရင် မရှုပ်ရဘူးနော်၊ မငိုရဘူးနော်၊ ဆာရင်ပြောနော် အမေ မုန့်ဝယ်ကျွေးမယ် ဟုတ်ပြီလား…

ပြောသမျှကို သွက်သွက်ကြီး ခေါင်း တဆတ်ဆတ် ငြိမ့်တော့တာပေါ့။ သူ့မှာလည်း ပျော်လွန်းလို့ မြူးနေတာပါပဲ။ အမေနဲ့ အတူလိုက်ရမယ်ဆိုတော့ ရှေ့ကသွက်သွက်ကြီး လျှောက်သွားတော့ပါပဲ။ ပြီးတော့ အမေ့လက်ကိုဆွဲလို့ စကားတွေ ဖောင်ဖောင်ပြောလို့လေ…

ကျောင်းကိုရောက်တော့ ကျောင်းက အထွေထွေလုပ်သားလေးရယ် တပည့်ကျောင်းသားတွေက ၀ိုင်းကူကြပါတယ်။ ကျောင်းဆင်းချိန်မှာ တပည့်တွေက မုန့်ဆိုင်ခေါ်သွားပြီး မုန့်ဝယ်ကျွေးကြတယ်။ အထွေထွေလုပ်သားလေးက ကျောင်းခန်းတွေလှည့်ရာမှာ သားငယ်လက်ဆွဲပြီး ခေါ်သွားလေ့ရှိပါတယ်။ သားငယ်ခမျာလည်း သူ့ကတိတွေတည်ပါတယ်။ ကျောင်းသား ကိုကို တွေကြားမှာ ပျော်နေလို့ ကျွန်မ စိတ်သက်သာရာရပါတယ်။

ကျောင်းပိတ်ရက်တွေမှာ သားအမိ ၄ယောက် ခင်ပွန်းသည်ရဲ့ ဆွေမျိုးများရှိရာ မြို့ကိုအလည်သွားကြပါတယ်။ အဲဒီမှာ ၀မ်းကွဲ အကို၊ အမတွေများက အမေ့ကျောင်းကိုလိုက်နေတဲ့ ၃ နှစ်အရွယ်သားငယ်ကို ဟိုဟိုဒီဒီ မေးကြမြန်းကြတောပေါ့။

“ကျောင်းကြီးကို လိုက်သွားတော့၊ ရည်းစားရှိမှာပေါ့နော်”

“ရှိတယ် ရှိတယ်” သားငယ်က ပြန်အဖြေမှာ အကို အမေတွေက တ၀ါးဝါးရီမောကြပါတယ်။

“ဘယ်နှစ်ယောက်ရှိတုန်းကွ…” ထပ်မေးကြပြန်ပါတယ်။

“သုံးယောက်ရှိတယ်…” လို့ သားငယ်က ဖြေတယ်…

“ဟ.. စွံလှချည်လား၊ နာမည်တွေပြောစမ်းပါဦး…” ၀ိုင်းဝိုင်းလည်မေးကြတာပေါ့လေ။

“ကိုကိုဒေါင်းဝင်း၊ ကိုကိုလှထွန်းကြည့်၊ ကိုကိုဝင်းနိုင်…” လို့ သားငယ်က ပြောလိုက်တော့ တအုန်းအုန်းရယ်မောမဆုံးကြဘူးပေါ့။

တစ်ဆင့် တဆင့် ပြောပြကြတော့လည်း၊ ဆွေမျိုးတွေကြားမှာ ရည်စား ၃ယောက်ရှိတာတဲ့ ဆိုပြီး နာမည်ကိုကျော်လို့ပေါ့…

“၃ အရွယ်က၊ ရည်းစား ၃ယောက် ရှိတယ် တဲ့….”

အမေ
၂၄.၇.၀၈

Read More...

Friday, August 15, 2008

ဝေါပုဝှေ့ကျန်ဝှါရီ

ဂျစ်တူး နဲ့ ဘာသာစကားများ ကိုဖတ်လိုက်တော့ ကိုယ်တွေ့ကြုံခဲ့ရတဲ့ အဖြစ်တခုကို သတိရမိပါသေးတယ်။

ဒီကိုရောက်ပြီးတော့ ကျောင်းတက်ရင်း အားတဲ့အခါမှာ အချိန်ပိုင်းအလုပ်လုပ်ပါတယ်။
ရုံးစာရေး၊ စားပွဲထိုး၊ မီနီမားကက်မှာ အရောင်းစာရေး စတဲ့အလုပ်တွေကို လုပ်ခဲ့ဖူးပါတယ်။

စားပွဲထိုးရလို့လည်း သိမ်ငယ်တို့ မခံစားခဲ့သလို၊ ရှက်လည်းမရှက်ခဲ့ဖူးပါဘူး။ ၀ယ်စားနဲ့လူကို စိတ်ကျေနပ်အောင်လုပ်ပေးရင်း ပညာတွေအများကြီးယူလို့ရခဲ့ပါတယ်။ ဒီကလူတွေရဲ့ စိတ်နေစိတ်ထားနဲ့ အမူအကျင့်တွေကိုလေ့လာ နိုင်ခဲ့သလို၊ လူတွေက စိတ်ကျေနပ်ရင် ဈေးကြီးပါစေ မနှမြောတတ်ဘူးဆိုတာကိုပါ သိခဲ့ရပါတယ်။ အခုအချိန်မှာ အလုပ်လုပ်တော့ အဲဒီအတွေ့အကြုံတွေက အထောက်အကူပေးပါတယ်။

တွေ့ကြုံခဲ့ရတဲ့ အဖြစ်ကတော့ မီနီမားကက်မှာ အရောင်းစာရေးလုပ်တုန်းကပေါ့။ ကျွန်တော်အလုပ်လုပ်တဲ့ဆိုင်ကို တရုတ်အဖွားကြီး တယောက် အမြဲဈေးလာဝယ်လေ့ရှိပါတယ်။ သူကဈေးလာဝယ်ရင် ပစ္စည်းတွေကို သိပ်မရှာပဲ လာလာပြီးမေးလေ့ရှိပါတယ်။ တရုတ်စကားပြောတတ်တဲ့ အလုပ်အတူလုပ်တဲ့ တယောက်ရှိစဉ်ကတော့ အဆင်ပြေနေပါတယ်။

တရုတ်စကားပြောတတ်တဲ့တယောက်ကလည်း ကျောင်းသားဖြစ်တော့ သူ့ကျောင်းက ပရောဂျက်က အရေးကြီးလို့ဆိုပြီး ခွင့်ယူထားပြီး အလုပ်လာမလုပ်ပါဘူး။ အဲတော့ အဖွားကြီးက ပစ္စည်းတခုရှာမရလို့ရှိရင် ကျွန်တော့်ကို လာမေးပါတယ်။ ကျွန်တော်ကလည်း တရုတ်စကားဆိုလို့ ဝေါ်အိုက်နီ လောက်ပဲတတ်ထားတော့ အခက်တွေ့နေပါတယ်။ သူ့ကိုပြောပါတယ် “Sorry aunty, I can’t speak Mandrin...”၊ ဆိုတော့ အဖွားကြီးက ကျွန်တော့်ကို မကျေမနပ်ကြည့်၊ ပါးစပ်ကလည်း ပွစိပွစိလုပ်ပြီး ဆိုင်ကနေထွက်သွားပါတယ်။

နောက်ရက်ကျတော့လည်း ဆိုင်ကိုလာ၊ တရုတ်လိုမေး၊ ကျွန်တော်ကနားမလည်၊ ပြီးတော့ သူကစိတ်တိုပြီး ပြန်သွားပြန်ပါတယ်။

စိတ်ထဲမှာတော့ မဖြစ်ချေဘူး၊ တော်ကြာ အဖွားကြီးက သူ့ကို မကူညီချင်လို့ထင်နေမှာ ဆိုင်က ဖောက်သည်တယောက်လျော့သွားပါမယ် ဆိုပြီး စိုးရိမ်သွားပါတယ်။

ကျောင်းရောက်တော့ တရုတ်သူငယ်ချင်းတွေကို အဲဒီအဖြစ်ကိုပြောပြပါတယ်။ ပြီးတော့ ငါ့ကို တရုတ်လိုမပြောတတ်ဘူးဆိုတာကို တရုတ်လိုလေးသင်ပေးပါလား၊ အဲဒါဆိုရင် အဖွားကြီး နားလည်သွားမယ်ထင်တယ် လို့ပြောပါတယ်။

သူငယ်ချင်းတွေကလည်း စိတ်ရှည်ရှည်နဲ့ တရုတ်အသံနဲ့ အနီးစပ်ဆုံးတူတဲ့အထိ သင်ပေးလိုက်ပါတယ်။

အဲဒီနေ့မှာပဲ ကျောင်းပြီးတော့ အလုပ်ကိုဆက်ပြီးသွားပါတယ်။ စိတ်ထဲမှာလည်း ဒီတခါအဖွားကြီးလာမေးရင်တော့ သူနားလည်အောင်ပြောနိုင်တော့မယ် ဆိုတဲ့ အတွေးလေးနဲ့ပေါ့…

ဆိုင်မှာ အလုပ်လုပ်နေတုန်း အဖွားကြီးက သူလာနေကျ ထုံးစံအတိုင်း ဆိုင်ကိုလာပါတယ်။ သူလိုချင်တဲ့ပစ္စည်းတွေကိုယူပြီး ကောင်တာပေါ်လာတင်ပါတယ်။ ပြီးတော့ အရင်နေ့တွေကလိုပဲ ကျွန်တော့်ကို တရုတ်လို လာမေးပြန်ပါတယ်။ ဒီနေ့တော့ ကျွန်တော်က တရုတ်လိုပြန်ပြောနိုင်ပြီပေါ့….

“အန်တီ… ဝေါပုဝှေ့ကျန်ဝှါရီ… ”

အဲလိုလည်းပြောပြီးရော.. အဖွားကြီးမျက်နှာ ရုတ်တရက်ပြောင်းသွားပြီး ဒေါသတကြီးနဲ့
“နီ ကျန်စမော့…” လို့အော်ပြီး ကောင်တာပေါ်တင်ထားတဲ့ ပစ္စည်းတွေတောင် မယူပဲထွက်သွားပါတော့မယ်။

ကျွန်တော်လည်း အူကြောင်ကြောင်နဲ့ ဟိုကောင်တွေသင်ပေးလိုက်တာ အမှားတွေလားမသိ။ အဖွားကြီး ဘာလို့ စိတ်တွေတိုသွားပါလိမ့်ပေါ့…

နောက်မှတွေးရင်တွေးရင်း… သဘောပေါက်လာပါတယ်။ တရုတ်မကြီးကို တရုတ်လိုမတတ်ဘူး ဆိုတာ တရုတ်လို သွားပြောတော့ ဒေါသထွက်သွားမှာပေါ့… :P

နောက်တော့မှ သူငယ်ချင်းတွေကို အဖွားကြီးဘာပြောတာလည်းဆိုတော့… ဒါဆို မင်းပြောနေတာကဘာလဲ ဆိုတဲ့ အဓိပ္ပာယ်တဲ့…

အဲဒီနောက် အဖွားကြီးလည်း ဆိုင်ကိုဈေးလာမ၀ယ်တော့ပါဘူး၊ ကျွန်တော်လည်း ဝေါပုဝှေ့ကျန်ဝှါရီ ကို တသက်လုံးမမေ့တော့ဘူးပေါ့… :D

Read More...

Wednesday, August 13, 2008

အသည်းကွဲပျောက်ဆေး

စိတ်ထဲမှာတင်းကြပ်
ရင်ထဲမှာလှိုက်ကာမော
တခုခု ဟာတာတာနဲ့
ဘာလိုနေသလဲ…

တနေ့ကမှဖြစ်တဲ့ ရောဂါ
ပြဿနာ အကြီးကြီး မဟုတ်ပေမယ့်
နေရထိုင်ရ သိပ်ခက်တာပဲ…

အဲဒီတုန်း
ဘယ်ကကြော်ငြာမှန်းမသိ
ကြားလိုက်မိတာ…

“အလွမ်း အဆွေး
ရင်နာ ကျောနာ
နှလုံးကြေ အသည်းကွဲ
အထူးပျောက်တဲ့ဆေး
ဆေးအညွှန်း အထူးမှာရန်မလို
အိပ်ယာမနိုးခင်
ဆေးတဖုံကုန်အောင်သောက်
အလုံးစုံပျောက်စေရမယ်…” တဲ့

ကဲ ဈေးကြီးပင်ကြီးစေတော့
ဝယ်ကာသောက်မယ်
ခံစားမှုဝေဒနာတွေ
ပျောက်လေရော့…

ဆေးညွှန်းအတိုင်း
အိပ်ယာမနိုးခင်သောက်
ပြီးတော့မှ ရေထသောက်တော့မယ်…

Read More...

Thursday, August 7, 2008

ခိုနားရာ - ခိုလေးတွေ နားဖို့ နေရာရှာ

“သားလတ်ရေ… ငါတို့ အိမ်ခန်းရှာရတော့မယ်”

တနင်္လာနေ့တရက် ရုံးကနေအပြန် အိမ်ထဲကို တံခါးဖွင့်ဝင်တုန်း အိမ်ရှေ့ခန်းမှာ ကွန်ပျူတာသုံးနေသာ အတူနေ သူငယ်ချင်းကို လှမ်းပြောလိုက်သည်။

“ဟင်… JTC မှာ စာချုပ်သက်တမ်းတိုးလို့မရဘူးလား”
“အေး… မရဘူးတဲ့… JTC ကို ပြီးခဲ့တဲ့စနေသွားတွေ့တုန်းကတော့ အိမ်ကို ဆက်ငှားဖို့ အကျိုးအကြောင်းကို ဖက်စ်ပို့ခိုင်းတယ်ကွာ။ သူတို့အကြောင်းပြန်မယ်ပြောတာလေ… ”
“ဟုတ်…”
“ဒီနေ့ ဖုန်းပြန်ဆက်တယ်… သူတို့ဆက်မငှားတော့ဘူးတဲ့…”
“JTC ကလည်း တနှစ်ထပ်ငှားလိုက်တော့ ဘာဖြစ်မှာကြနေလဲနော်… ဒီတိုက်ကလည်း နောက်တနှစ်ကျော်မှ ဖျက်မယ့်ကိစ္စကို…” သားလတ်က JTC ကို အပြစ်တင်နေသည်။

“ကဲပါ သူတို့ကို အပြစ်ပြောလို့ ဖြစ်လာမှာမဟုတ်… နေဖို့အိမ်ခန်း အမြန်ရှာမှရတော့မယ်… အခုစာချုပ်က ပြည့်ဖို့က တလခွဲပဲလိုတော့တယ်… အချိန်မရှိတော့ဘူး”

“ဟုတ်… ကိုဖြိုးကိုလည်း ပြောလိုက်ဦး။ ဒီလူကြီးက အိမ်ခန်းကိစ္စထက် အခြားကိစ္စကို ပိုစိတ်ဝင်စားနေတယ်။ ကိုကြီးကတော့ ကျောင်းတဖက်နဲ့ဆိုတော့ ကျွန်တော်ပဲ သူ့အစားအကုန် ဆုံးဖြတ်မှာဆိုတော့ ကိစ္စမှရှိဘူး… ကျွန်တော်တို့ သုံးယောက်သဘောတူရင် ဖြစ်တယ်…”

အိမ်ခန်းတခန်းမှာ သူငယ်ချင်းတွေ အတူတူ စုနေကြပြီး အိမ်သူကြီးမရှိပဲ ၀ိုင်းလုပ် ၀ိုင်းစားပုံစံနေတဲ့ ကျွန်တော်တို့အိမ်က ပိုပြီး မိသားစုဆန်ပါတယ်။ မိသားစုနဲ့အဝေးမှာနေချိန်မှာတော့ ဒီလိုရင်းရင်းနှီးနှီးနေရတာ အထီးကျန်ဆန်တာကို သက်သာစေပါတယ်။

တကယ်တော့လည်း အတူနေသူငယ်ချင်းတွေက သူစိမ်းတွေမဟုတ်ကြပါဘူး။ သားလတ် နဲ့ ကိုကြီးက ညီအကို ဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ မိဘတွေနဲ့ ကျွန်တော့်မိဘတွေက တက္ကသိုလ်မှာကတည်းက သူငယ်ချင်းတွေဆိုတော့ အမျိုးတွေလိုဖြစ်နေကြပါတယ်။ နောက်ပြီး ကိုကြီး နဲ့ ကိုဖြိုး က သူငယ်ချင်းဖြစ်တဲ့အပြင် ကျွန်တော်နဲ့က ရန်ကုန်မှာ အလုပ်အတူတူလုပ်ခဲ့ဖူးတော့ တော်တော်ရင်နှီးပါတယ်။

တခုခုလုပ်ရင် အကုန်တိုင်ပင်လုပ်လေ့ရှိတဲ့ ထုံးစံရှိပါတယ်။ တယောက်လုပ်ချင်တယ် ဆိုရင်လည်း နောက်တယောက်က ကန့်ကွက်ခဲပါတယ်။

စကားပြောနေတုန်း ကိုဖြိုးအပြင်ကနေ အိမ်ထဲကို ၀င်လာပါသည်။

“ကိုဖြိုး… အိမ်ခန်အသစ်ရှာရတော့မယ်… ဒီအိမ်က ဆက်ငှားလို့မရတော့ဘူးတဲ့…”
“အင်း… ဟုတ်လား”
ကိုဖြိုးကြည့်ရတာ သိပ်စိတ်ဝင်စားပုံမရ။
“ကိုဖြိုးလည်း ၀ိုင်းကူပြီးရှာပါဦး။ အသိတွေကိုပြောကြည့်လေ၊ ဒီနားပတ်ဝန်းကျင်မှာ အိမ်ပြောင်းမယ့်သူရှိရင် ဆက်ယူလို့ရတာပေါ့..”
“…”

--------------------------------@------------------------------------

နောက်တနေ့ အင်္ဂါနေ့ မနက်ကစပြီး ရှာဖွေရေးစတင်ပါတော့မယ်။ သတင်းစာ ကြော်ငြာတွေထဲရှာ၊ ပွဲစားတွေကို ဖုန်းဆက်။ အင်တာနက်ထဲမှာရှာ ဖုန်းဆက်။ ပွဲစားတွေကလည်း သူတို့မှာ အိမ်ခန်းမရှိလည်း ကြော်ညာတာပဲကိုး။

နေရာကြိုက်သော အိမ်ခန်း ကြော်ငြာတခုကို ဖုန်းလှမ်းဆက်ကြည့်လိုက်သည်။

“ဟဲလို ဂျေဆင်လား…”
“ဟုတ်ပါတယ်…”
“မင်းရဲ့ စထရိတ်တိုင်မ်းထဲမှာ ကြော်ငြာထားတဲ့ အိမ်ခန်းကိုစိတ်ဝင်စားလို့… တလကိုဘယ်လောက်ပေးရမှာလဲ…”
“အခုစကားပြောနေတာ ဘယ်သူပါလဲ…”
“ပီတိပါ…”
“ပီတိခင်ဗျား… ဒီမှာအလုပ်လုပ်နေတာလား၊ ကျောင်းတက်နေတာလား၊ ဘယ်နှစ်ယောက်အိမ်မှာနေမှာလဲ…”
“အလုပ်လုပ်နေတာပါ၊ နေမှာကတော့ ၄ယောက်ပါ…”
“အိမ်က တလကို ၁၈၀၀ ပေးရပါမယ်…”
“ဟင်.. အိမ်က အိပ်ခန်း နှစ်ခန်းပါ အိမ်မဟုတ်ဘူးလား”
“ဟုတ်တယ် အိပ်ခန်း နှစ်ခန်းပါ အိမ်ပါ။ အိမ်က နေရာကကောင်းတယ်၊ ပြီးတော့ အိမ်ကအသစ်ပြင်ထားတယ်၊ အထဲမှာ ပစ္စည်းတွေကလည်း အစုံပါတယ်။ နောက်ပြီး အခုအချိန်မှာလေ အိမ်ခန်းတွေကို နေဖို့ငှားမယ်လူပဲရှိတယ် ငှားစားချင်တဲ့ အိမ်ရှင်မရှိဘူးဖြစ်နေတယ်… ကြိုက်ရင်တော့ ယူထားလိုက် ဒီအချိန်မှာ ဒီဈေးကတော့မများဘူး…”

ပြီးတော့မှ ပွဲစာဂျေဆင်က မေးဖို့သတိရသွားတယ် ထင်ပါတယ်။
“မိသားစုနဲ့လား..”
“မိသားစုနဲ့တော့ မဟုတ်ပါဘူး… သူငယ်ချင်းတွေစုနေမှာပါ”
“အဲ.. အိမ်ရှင်က မိသားစုကိုပဲငှားချင်တယ်လို့ပြောထားတယ်… သူငယ်ချင်းတွေစုနေမှာဆိုတော့ အိမ်ရှင်က ငှားချင်လားမငှားချင်လား ပြန်ပြီးဆက်ပေးမယ်…”
“အော် ဟုတ်ကဲ့”
“ဖုန်းနံပါတ်လေးတချက်လောက်ပေးခဲ့ပါ… ဖုန်းပြန်ဆက်ပေးမယ်နော်…”
“ဟုတ်ကဲ့… ၉၁၉၁ ၈၃၈၁ ပါ”

-- -- -- -- -- --
နေ့လည် ထမင်းစားပြီးတော့ နောက်ကြော်ငြာတခုကိုတွေ့သည်။ နေရာကလည်းကောင်းတယ် ပြောထားတဲ့ဈေးကလေးကလည်း မဆိုးလှပေ။

“ဟဲလို… ပီတီ စကားပြောနေပါတယ်… http://www.sg-house.com/ မှာတင်ထားတဲ့ အိမ်ခန်း ကိုမေးချင်လို့ပါ”
“ကော့စိန်ပါ… အိမ်ခန်းကတော့ ဘူတာနဲ့ နီးနီးလေးဗျ နေရာလည်းကောင်းတယ်၊ အထဲမှာ ပစ္စည်းတွေကလည်း စုံတယ်”
“ဟုတ်ကဲ့… ဈေးက တလကို ၁၅၀၀ နော်…”
“ဟုတ်တယ်… တခုပဲ အိမ်လခ စပေါ်ငွေကို ၅လစာပေးထားရမယ်၊ တလကြိုတက်ပေးရမှာဆိုတော့ ခင်ဗျားတို့က ၆လစာ ကို စာချုပ်တဲ့နေ့မှာပေးရမယ်…”
“သြော်… ဒါဆို ၉၀၀၀ ကိုတခါထဲပေးထားရမှာပေါ့နော်…”
“ဟုတ်တယ်… ကျုပ်လည်း ငွေချက်ချင်းလိုနေလို့ ပွင့်ပွင့်လင်းလင်း ပြောပြီးငှားတာပဲ…”
“ဟုတ်ကဲ့ပါ.. နားလည်းပါတယ်။ ခြောက်လစာကို တခါတည်းပေးရမှာဆိုတော့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ပြီးတော့ ပြန်ဆက်ပါ့မယ်နော်…”
“ရပါတယ်…”
“ကျေးဇူးပါပဲ… ဘိုင်…”
“ဘိုင်…”

အိမ်လခက သက်သာပေမယ့် အိမ်လခကို ခြောက်လစာတခါတည်းပေးထားဖို့ကတော့ များလွန်းတယ်။ ပြီးတော့ လည်း စပေါ်ငွေဆိုတာ အိမ်ပေါ်ကဆင်းတော့မှ ပြန်ရမှာဆိုတော့ ငွေ ၇၅၀၀ က အသားတင် မြုပ်နေတော့မှာ။ ဘယ်လောက်စိတ်ချရမလဲဆိုတာကလည်း မသေချာတော့ အရှုပ်အရှင်း သက်သာအောင် မငှားတော့ဘူးလို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။

--------------------------------@------------------------------------

ဗုဒ္ဓဟူးနေ့ မနက်ရုံးရောက်ပြီး သိပ်မကြာဘူး သားလတ်ဆီက ဖုန်းလာပါသည်။

“ကိုပီတိ.. အိမ်ခန်းကြည့်ဖို့ ပွဲစားနဲ့ ညနေမှာ ချိန်းထားတယ်…” သားလတ်ကဖုန်းဆက်လာပါတယ်။
“အေး… ဘယ်အချိန်ချိန်းထားလဲ…”
“ည ၈နာရီချိန်းထားတယ်… ကိုပီတိ နဲ့ ကာလန်းဘူတာ (Kallang MRT) မှာ ၇နာရီခွဲမှာတွေ့မယ်လေ၊ ပြီးတော့ ဘတ်စ်ကားစီးသွားရမှာ…”
“ဟုတ်လား.. နေရာက ငါ့အတွက်ကတော့ အဆင်ပြေတယ်၊ ရုံးနဲ့သိပ်မဝေးဘူးလေ… သားလတ်နဲ့ ကိုဖြိုးအတွက်ရော အဆင်ပြေပါ့မလား…”
“အိမ်က နေရာနဲ့ဈေးက မဆိုးလို့… နောက်ပြီး MRT နဲ့လည်းသိပ်တော့မဝေးဘူးဆိုတော့ သွားကြည့်တာတော့ မမှားဘူးလို့ ထင်လို့…”
“အေးလေ သွားတာပေါ့.. ကိုဖြိုးပါခေါ်လိုက်လေ.. ဆုံးဖြတ်စရာရှိတခါထဲ ဆုံးဖြတ်လို့ရအောင်လို့…”
“ကျွန်တော်ခေါ်ပြီးပြီ… ညနေသွားစရာရှိလို့ ကျွန်တော်တို့ပဲ ကြည့်ခဲ့ပါတဲ့…”
“ဟင်… ဘယ်ဖြစ်မလဲ… ဆုံးဖြတ်စရာရှိရင် အားလုံးရှိတော့ ကောင်းတာပေါ့…”
“ပြောတာ ကိုပီတိရာ… ကြီးမှ ၀က်သက်ပေါက်နေတော့ ခက်နေတာပေါ့…”
“သြော် အဲဒီကိစ္စလား… ဒီလူကြီး မမိုက်ပါဘူးကွာ… အိမ်ရှာဖို့ အရေးကြီးနေပါတယ်ဆို သူကလည်း ကြောင်နေတယ်…”
“…”
“အိုကေ လေ… ညနေတွေ့တာပေါ့…”

ညနေရုံးဆင်းတော့ အဆာပြေ မုန့်ဝယ်စားပြီးတော့ သားလတ်နဲ့တွေ့ဖို့ထွက်လာပါတယ်။ ကာလန်းဘူတာတွေ့ ပြီးတော့ ဘတ်စ်ကား ၃ မှတ်တိုင်လောက် စီးပြီးတော့ ကြည့်ဖို့အိမ်ကိုသွားကြပါတယ်။ Old Airport Road နားက အိမ်နားရောက်တော့ ပွဲစားကိုရှာမတွေ့။ ဖုန်းလှမ်းဆက်တော့လည်း မကိုင်၊ message ပို့တော့လည်းမပြန်နဲ့ ဖြစ်နေတော့ ခဏစောင့်ကြည့်နေပါတယ်။

တိုက်ကတော့ တော်တော်လေး ဟောင်းနေတဲ့ပုံစံပေါက်နေပြီး တော်တော်လေးလည်း ကျဉ်းမယ့်ပုံပါ။ အနားမှာလည်း MRT လမ်းအသစ်ဖောက်တော့ အိမ်မှာနေရင် တော်တော်နားငြီးမယ့်ပုံပဲ။

“သားလတ်ရေ အခြေအနေတော့ သိပ်မကောင်းဘူးကွ။ အိမ်က တော်တော်ကျဉ်းမယ်နော်… ပတ်ဝန်းကျင်ကလည်း သိပ်မကောင်းသလိုပဲ…”
“ဟုတ်တယ်… ရောက်ပြီးမှတော့ ခဏစောင့်ကြည့်တာပေါ့”
“အင်း.. ပွဲစားကို ဖုန်းထပ်ဆက်ကွာ… ပွဲစားကလည်း အချိန်မလေးစားဘူးနော်…”
“ဟုတ်…”

သားလတ်က ပွဲစားကိုဖုန်းဆက်လို့ရသွားတယ်။ ပွဲစားတော့ ထုံးစံ အိမ်နံပါတ်ကို အတိအကျ ပြောမထားတော့ သူတို့မလာပဲ ဘယ်အိမ်လဲဆိုတာကို မသိပါဘူး။

“ကိုပီတိ.. ပွဲစားက အခုရောက်တော့မယ်လို့ပြောတယ်… ခဏစောင့်ပေးပါတဲ့”
“အေး အေး… သားလတ်… ဒီနားမှာ ငါတို့လို မယောင်မလည်လူတွေအများကြီးပဲနော်… သူတို့လည်း အိမ်ကိုလာကြည့်တဲ့ အိမ်ငှားတွေပဲဖြစ်မယ်ထင်တယ် ”
“အင်း ဟုတ်တယ်ထင်တယ်၊ ဟို အတွဲက မြန်မာလို့တောင်ထင်တယ်…”

သားလတ်ကလည်း လူမျိုးကို ခန့်မှန်းနေသည်။

ပွဲစားလာတော့ အိမ်အပေါ်ကိုတက်ကြည့်ကြပါသည်။ ထင်တဲ့အတိုင်းပဲ မယောင်မလည်လူတွေက ဒီတအိမ်ထဲကို လာကြည့်ကြတာပါပဲ။

အိမ်ခန်းက တော်တော်ဟောင်းနေတော့ ဓာတ်လှေကားတောင်မရှိပဲ အခုမှ တပ်မလို့ပြင်ဆင်နေတာကိုတွေ့ရပါတယ်။ အတက်လှေကားမှာကထဲက ရန်ကုန်က ရန်ကင်းတိုက်ခန်းတွေက လှေကားတွေ တက်ရသလို အငွေ့အသက်၊ အမြင်အာရုံကိုရလိုက်တော့ စိတ်ပျက်သွားပါပြီ။ အိမ်ခန်းလဲရောက်တော့ ပိုပြီးစိတ်ပျက်သွားပါတယ်။ အိပ်ခန်းတွေက ၁၁ပေ x ၁၀ပေ လောက်ပဲရှိတော့ တော်တော်လေးကျဉ်းပါတယ်။ မီးဖိုဆိုတာတောင် အဖြစ်ပဲပါပြီးတော့ အိမ်ကလည်း တော်တော်လေးစုတ်ပါတယ်။

“ဟလို… ရစ်ချတ်ပါ…”
“ဟလို… ပီတိပါ… ဒါက ကျွန်တော့်သူငယ်ချင်း သားလတ်ပါ…”
“ဒီအိမ်လေးကို ဘယ်လိုသဘောရပါသလဲ…”
“အိမ်ခန်း တော်တော်ဟောင်းနေတယ်နော်…”
“ဟုတ်တယ်… အဲဒါကြောင့် ကျွန်တော်တို့ကလည်း အိမ်ခန်းခကို ၁၁၀၀ ပဲယူတာပါ… နောက်ပြီးတော့ ဒီနေရာက သွားရတာလွယ်ကူတယ်လေ…”
“MRT လိုင်း အသစ်ဖောက်နေတော့ အသံတွေဆူညံနေမှာပေါ့…”
“အင်း ဒါပေမယ့် တနင်္ဂနွေနေ့မှာတော့ အလုပ်မလုပ်ပါဘူး…”

ပွဲစားဆိုတော့လည်း ပစ္စည်းမကောင်းတာတောင် ရောင်းထွက်အောင်တော့ ပြောပါသေးတယ်။ ပြီးတော့ တခြား ငှားမယ်သူတွေကို လှည့်ပြီးစကားပြောနေပါတယ်။ အခြားသူ တွေကြည့်ရတာလည်း အိမ်ကို စိတ်တိုင်းကျပုံမရပါဘူး။

“သားလတ်ရေ.. အိမ်ကိုတော့ မကြိုက်ဘူး.. ဘယ်လိုသဘောရသလဲ”
“ကျွန်တော်လည်း ကြိုက်တော့မကြိုက်ဘူး… ဒါပေမယ့် ဈေးက ချိုနေတော့ စိတ်ဝင်စားတာ…”

သားလတ်က ဒီမှာ ကျောင်းသားညီအကို နှစ်ယောက်ကိုထောက်ပံ့နေရတဲ့ အပြင် နောက်နှစ်ကျရင် လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့လူတယောက်ဆိုတော့ သူ့ အနေနဲ့လည်း စဉ်းစားစရာဖြစ်နေမှာပေါ့…

--------------------------------@------------------------------------

ကြာသာပတေးနေ့ မှာ သတင်းစာထဲ အင်တာနက်ထဲ အိမ်တွေကိုလိုက်ရှာသေးသည်။ လိုချင်တဲ့နေရာမှာ မတွေ့။ တွေ့လို့ မေးလိုက်ရင်လည်း ဈေးတွေကခေါင်ခိုက်… နေစရာ ခိုအိမ်လေးလိုနေရာတောင် ဈေးတွေ နှစ်ဆဖြစ်နေပါ့လား…

လက်ကိုင်ဖုန်း အသံမည်လို့ကြည့်လိုက်တော့ ဂျေဆင် - အိမ်ပွဲစား ဆိုတဲ့ ခေါ်တဲ့လူနာမည်ပေါ်နေသည်။ ဖုန်းကို ဖြေလိုက်တော့…

“ဟလို ပီတိ နဲ့စကားပြောပါရစေ…”
“ပြောနေပါတယ်…”
“ပီတိ…ဂျေဆင်ပါ… မှတ်မိမယ်ထင်ပါတယ်… တနေ့က ကျွန်တော့်ကို Red Hill က အိမ်ခန်းကိုဈေးမေးထားတာလေ…”
“ဟုတ်ကဲ့မှတ်မိပါတယ်…”
“ပီတိတို့က သူငယ်ချင်းတွေစုနေမယ်ဆိုတော့ အိမ်ရှင်က ဈေး ၁၀၀ ပိုယူမယ်လို့ပြောတယ်….”
“အဲတော့ အိမ်လခက တလကို ၁၉၀၀ပေါ့… ဟုတ်လား”
“ဟုတ်တယ်…”
“တလ ၁၉၀၀ ကတော့ များတယ်… ပြီးတော့ အိပ်ခန်း ၂ခန်းပဲပါတဲ့ သုံးခန်းအိမ်လေ…”
“ဟုတ်တယ်… အိမ်ရှင်က မလျော့ဘူးလို့ပြောထားတယ်… နေရာလေးကကောင်းတယ်… ဒီအချိန်က အိမ်ရှင်တွေခေတ်ဖြစ်နေတယ်လေ…”
“ဟုတ်ရင်တော့ဟုတ်လိမ့်မယ်… ဒါပေမယ့် တလ ၁၉၀၀ က ငါတို့အတွက်များနေတယ်…”
“ဒါဆိုရင် ဈေးနဲနဲသက်သာတာကတော့ ရှိတယ်. တလကို ၁၅၀၀ နဲ့ တရောင်ဘာရု ဘူတာနဲ့ လမ်းလျောက်ရင် ၁၀ မိနစ်လောက် လျှောက်လို့ရတယ်… အိမ်က နေရာက ကောင်းတယ်.. အနေအထားကလည်း မဆိုးပါဘူး…”

ပွဲစားတွေ ၁၀မိနစ်လမ်းလျှောက်လို့ရတယ်ဆိုတာ တကယ်သွားကြည့်ရင် ပြေးလို့တောင် ၁၀မိနစ်နဲ့ မရောက်နိုင်တဲ့ အကွာဝေးဖြစ်တတ်တယ်။ သွားကြည့်မှသိရမှာဖြစ်သည်။

“ဟုတ်ပြီလေ… ငါကြည့်မယ်… ဒီနေ့ညနေကြည့်လို့ရမလား…”
“ဘယ်နေ့ကြည့်လို့ရမယ်ဆိုတာ ကျွန်တော်ပြန်ပြီး ပြောပါ့မယ်… ”

ဟင် ဘယ်လိုပွဲစားတွေဘာလိမ့်… အိမ်ငှားက ကြည့်မယ်ဆိုတာတောင် ပွဲစားက ပြန်ပြောမယ်တဲ့။ အရင်ကဆို အိမ်ငှားတွေကို အိမ်ကြည့်ဖို့ကို ပွဲစားတွေက ပြောလွန်းလော့ နောက်ဆုံး သည်းမခံနိုင်တော့ အိမ်မရသေးတာတောင် မကြိုက်တဲ့ပွဲစားဆို အိမ်ရပြီးညာပြီး ပိတ်သေးတာ။ အခုတော့ ပြောင်းပြန်တွေဖြစ်နေပြီး။

“ဟုတ်ပြီလေ… ကြိုတော့ပြောပါ…”
“စိတ်ချပါ… ကျေးဇူးပါပဲ ပီတိ… ပြန်ဆက်လိုက်ပါ့မယ်… ဘိုင်…”
“ဘိုင်…”

--------------------------------@------------------------------------

သောကြာနေ့မှာ အိမ်တွေရှာတော့လည်း အသစ်မတွေ့၊ အလုပ်ကလည်း မထင်မှတ်ပဲများနေတော့သည်

နေ့လည်မှာတော့ သားလတ်ဆီမှဖုန်းလာသည်။
“ကိုပီတီ နောက်ပွဲစားတယောက်က တနေ့ကကြည့်တဲ့အိမ်နားမှာပဲ နောက်တလုံးရှိတယ်တဲ့.. သွားကြည့်မလား..”
“ကြည့်မယ်လေ… ဘယ်တော့လဲ…”
“ဒီနေ့ညနေ ကြည့်လို့ရမယ်လို့ပြောတယ်…”
“အိုကေ… ညနေကို Kallang မှာပဲတွေ့မှာ မဟုတ်လား…”
“ဟုတ်…”
“ကိုဖြိုးကိုရအောင် ခေါ်ရအောင်ကွာ… ဆုံးဖြတ်မယ့်လူ တယောက်မပါတော့ ကြိုက်တယ်ထားဦး ချက်ချင်း ဆုံးဖြစ်လို့မရဘူးဖြစ်နေတယ်…”
“ဟုတ်တယ်… ညနေကျရင် ၇နာရီလောက်တွေ့မယ်နော်… အစည်းအဝေးရှိသေးလို့ နောက်မှတွေ့မယ်…ဘိုင်”
“အေးအေး.. ဘိုင်..”

-- -- -- -- -- --

ကိုဖြိုးကိုဖုန်းခေါ်လိုက်သည်။
“ဟလို… ကိုဖြိုး.. စကားပြောလို့ရလား…”
“ရပါတယ်…”
“သားလတ်ရဲ့ ပွဲစားက ညနေကျရင် အိမ်ကို ကြည့်လို့ရမယ်တဲ့ အဲဒါ သွားကြည့်ဖို့လိုက်ခဲ့ပါ…”
“ညနေကျတော့ သူငယ်ချင်းနဲ့ ချိန်းထားလို့… ပီတိတို့ပဲကြည့်ပြီး ဆုံးဖြတ်လိုက်ပါ…”
“အာ… ကိုဖြိုးအဲလိုမလုပ်နဲ့… အိမ်ခန်းရဖို့က အရေးကြီးတယ်… မဟုတ်ရင် စာချုပ်သက်တမ်းကုန်ပြီး အိမ်မရသေးလို့မဖြစ်ဘူး…. သူငယ်ချင်းတွေနဲ့တွေ့မှာကို ဖျက်လိုက်ပါနော်… အကုန်လုံးသွားကြည့်ပြီး ဆုံးဖြတ်တာကောင်းတယ်”
“အင်း…”
“မဟုတ်ရင် တယောက်နဲ့တယောက်တွေးတာတွေက မတူတော့လေ… နော်…”
“ဟုတ်ပြီလေ.. လိုက်ခဲ့မယ်…”
“ဒါဆို Kallang မှာ ညနေ ၇နာရီအရောက်လာနော်... နောက်မှတွေ့မယ်.. ဘိုင်”

-- -- -- -- -- --

အိမ်ကိုကြည့်တော့ တနေ့ကသွားကြည့်တဲ့အိမ်နားမှာ ဒါပေမယ့် အိမ်က အတော်ကြီးကျယ်တဲ့ executive လို့ခေါ်တဲ့ အိမ်ခန်းဖြစ်နေသည်။ HDB အိမ်ခန်းပေမယ့် နှစ်ထပ်ဖြစ်သည်။ အောက်ထပ်မှာက ဧည့်ခန်း၊ ထမင်းစားခန်း၊ မီးဖိုနဲ့ ရေချိုးခန်း အိမ်သာရှိပြီး အပေါ်ထပ်မှာတော့ အိပ်ခန်း ၃ခန်းနဲ့ ရေချိုးခန်း အိမ်သာတွေရှိပါတယ်။ တော်တော်လေးလည်းကျယ်ပါတယ်။ အိမ်ကနေအပြင်ကို ကြည့်လိုက်ရင်လည်း တခြားတိုက်တွေပိတ်ကွယ်တာမရှိ မျက်စိတဆုံးမြင်ရသည်။ စင်ကာပူမှာ ဒီလိုမျိုးအိမ်ခန်းက ရှားပါဘိသနဲ့။ ဈေးတော့ မသေးဘူးဆိုတာ သိပေမယ့်… ပွဲစားကို ဈေးသေချာမေးတော့ တလကို ၂၅၀၀ တဲ့။ အိမ်ကလည်းတော်တော်ကြီးတော့ ဈေးကတော့ တော်တော်ကြီးနေသည်။ ပွဲစားကတော့ တော်တော်လေးအပြောကောင်းပြီးတော့ အိမ်ရှင်ကို ဈေးရအောင်ညှိပေးမယ်လို့ပြောနေသည်။

သားလတ် နဲ့ ကျွန်တော်နဲ့ကတော့ အိမ်ကို့ ကြိုက်နေသည်။ ကိုဖြိုးကြည့်ရတာ သိပ်စိတ်မ၀င်စားပေ။

“ကိုပီတိ… ဒီအိမ်ကို အများဆုံးဘယ်လောက်ပေးနိုင်မလဲ…” သားလတ်က ကျွန်တော့်ကိုမေးသည်။

“ငါ့အနေနဲ့ဆိုရင်တော့ ၂၀၀၀ လောက်ရရင် နေမယ်… တကယ်လို့ တို့လေးယောက်ဖြစ်နေတယ် အိပ်ခန်းပိုနေမယ်ဆို အိပ်ခန်းတခန်းကို ပြန်ငှားလိုက်ရင် ဖြစ်တယ်။ အခုနေငှားရင် ၈၀၀ လောက်တော့ရမှာ…”

“အင်းနော်… အဲဒါဆို ၁၂၀၀ လောက်ပဲကျတော့မှာ… အိမ်ကတော့ တော်တော်လေးကိုကျယ်တယ်။ နေရာကတော့ နဲနဲသွားရခက်မယ်… ”

“မင်းနဲ့ငါက အိမ်ကနေရုံးကို ဘတ်စ်ကားနဲ့ရောက်တယ်… ကိုဖြိုးကတော့ ဘတ်စ်ကားစီး ပြီးတော့ MRT ထပ် စီးရမှာ…”

“ကိုဖြိုး… ဘယ်လိုသဘောရသလဲ… ” သားလတ်က ကိုဖြိုးကိုလှမ်းမေးလိုက်သည်။
“ရှာကြသေးတာပေါ့…”
“ရှာတာက ရပါတယ် ကိုဖြိုးရယ်…ကိုဖြိုးလည်း ၀ိုင်းရှာပေးပါဦး… အိမ်စာချုပ်မပြည့်ခင် အိမ်ရမှာဖြစ်မှာ မို့လို့ပါ….”
“အင်း… ” ကိုဖြိုးကြည့်ရတာ ဒီအိမ်ကိုလည်းစိတ်မ၀င်စား အိမ်ရှာဖို့လည်း စိတ်ဝင်စားပုံမရပေ။

အိမ်ကလည်းမရသေးတော့ စိတ်ပင်ပန်း လူပင်ပန်းနဲ့ တရက်ကုန်သွားပြန်ပြီ။

--------------------------------@------------------------------------

စနေ့နေ အိမ်ကြော်ငြာတွေကို ဖုန်းဆက်သော်လည်း အဆင်မပြေပေ။ နေရာအဆင်မပြေတာနဲ့ ဈေးအဆင်မပြေတာနဲ့၊ မိသားစုမှ ငှားချင်သော အိမ်နဲ့…

အရင်က အိမ်ရှာရတာ ဒီလောက် မခက်ပါဘူး… ခေတ်တွေပြောင်းကုန်ပြီ…

အိမ်ခန်း မရလို့ စိတ်ညစ်။

တနင်္ဂနွေနေ့မှာတော့ အိမ်ရှာသော အလုပ် ဘာမှမလုပ် ဖြစ်ပေ။

--------------------------------@------------------------------------

တနင်္လာနေ့ မှာတော့ ထုံစံအတိုင်း ဘာတွေနဲ့မှန်းမသိ အလုပ်တွေရှုပ်နေမိတယ်။

အိမ်ပွဲစား ဂျေဆင် ဆီကဖုန်းလာသည်။

“ဟလို ပီတိ… ဂျေဆင်ပါ။ မနက်ဖြန်ညနေ အိမ်ကြည့်မလား။ တနေ့ကပြောတဲ့ တလကို ၁၅၀၀ နဲ့ တရောင်ဘာရုနားကအိမ်…”
“ကြည့်မယ်လေ… မနက်ဖြန်ဘယ်အချိန်လဲ…”
“ညနေ ၇ နာရီကို အရောက်လာခဲ့ပါ…”
“အိုကေ…”
“ကျွန်တော်ကတော့ လာနိုင်မယ်မထင်ဘူး… ကျွန်တော့်သူငယ်ချင်း ရှယ်လီ စောင့်နေပါလိမ့်မယ်… ”
“ဟုတ်ပြီလေ… ငါသွားကြည့်လိုက်မယ်…”
“ကျေးဇူးပဲ… ဘိုင်”
“ဘိုင်…”

-- -- -- -- -- --

ညနေကျတော့ သားလတ်ဆီက ဖုန်းလာပြန်သည်။

“ကိုပီတိ တနေ့က ပွဲစားပြန်ဆက်တယ်… ဟို Old Airport Road နားက ပထမကြည့်တဲ့ တိုက်အဟောင်းကိုပြတဲ့ ပွဲစားလေ…”
“ရစ်ချတ် လား…”
“ဟုတ်တယ်… သူက အိမ်ကိုယူမလားမေးနေတယ်…”
“မယူဘူးလို့ပဲပြောလိုက်ပါကွာ… အိမ်က ကျဉ်းပြီးတော့ ဟောင်းနေပါတယ်.. ပြီးတော့ အနားမှာက ဆောက်လုပ်ရေးက ရှိတော့ နားငြီးမှာ…”
“ဟုတ်ကဲ့… မယူဘူးလို့ပဲပြောလိုက်မယ်နော်… ”
“ဟုတ်ပြီ…”

“နောက်ပြီးတော့ အဲဒီနားလေးကပဲ ဒုတိယကြည့်တဲ့ နှစ်ထပ်အိမ်က ပွဲစားကလည်း ဆက်သေးတယ်… ”
“အေး… ဘာပြောသေးလဲ…”

“အိမ်ရှင်ကိုပြောတော့ … အိမ်ရှင်က မြန်မာတွေဆို ငှားချင်တယ်လို့ပြောတယ်တဲ့… ၂၂၀၀ အနည်းဆုံးတော့ လုပ်ပေးမယ်ပြောတယ်… အဲဒီလောက်ဆို ယူမလား….”
“ငါကတော့ ယူလို့ဖြစ်တယ်… ကိုဖြိုးက သူရုံးကိုသွားရင် နဲနဲထောက်တာနဲ့ သူ့ကောင်မလေးအိမ်နဲ့ဝေးသွားတော့ မကြိုက်ဘူးဖြစ်နေတယ်လေ…”

“အင်း… ကောင်မလေးက အနောက်ဘက်ဆုံးမှာပဲ တသက်လုံးနေမယ်လို့ ဘယ်သူပြောလဲနော်… အိမ်ကတော့ တော်တော်ကောင်းတယ်…”
“အေး… ငါလည်းကြိုက်တာပဲ… ၂၂၀၀ က များသေးတယ် ၂၀၀၀ ရမလားပဲမေးလိုက်ပေါ့ကွာ…”
“ဟုတ်…”

“သြော်…သားလတ်.. မနက်ဖြန် ညနေကျရင် အိမ်သွားကြည့်မယ်နော်… ငါ့ပွဲစားက အိမ်ကြည့်လို့ရတယ်ပြောထားတယ်… လိပ်စာကို SMS ပို့လိုက်မယ်။ အဲဒီကိုပဲ တိုက်ရိုက်လာတော့။ မနက်ဖြန်ညနေ ရနာရီအရောက်…”
“ဟုတ်ကဲ့… ရတယ်…”
“ဒါဆို အိမ်ကျမှတွေ့မယ်.. ဘိုင်…”
“ဘိုင်….”

-- -- -- -- -- --

အိမ်ရောက်တော့ ကိုဖြိုးကို မနက်ဖြန် အိမ်သွားကြည့်ဖို့ လိုက်ခဲ့ဖို့ပြောလိုက်တော့

“ရုံးမှာ အစည်းအဝေးရှိတယ်… ပီတိတို့ပဲကြည့်ပြီး အခြေအနေပြောလေ… သင့်တော်ရင်လည်းငှားလိုက်ပေါ့… နေရာကတော့ မဆိုးပါဘူး”
“မြေပုံအရတော့ ဟုတ်ပါတယ်… အပြင်မှာကြည့်တာကတော့ ပိုကောင်းတာပေါ့… အစည်းအဝေးရှိတယ်ဆိုလည်း … အင်း… ကျွန်တော်တို့ပဲ သွားကြည့်ရမှာပေါ့…”

--------------------------------@------------------------------------

အင်္ဂါနေ့ ညနေဘက် ရုံးဆင်းချိန် အိမ်သွားကြည့်ဖို့သွားတော့ မိုးတွေရုတ်တရက်ရွာလာသည်။ ကြည့်ရတာ တော်တော်နဲ့ တိတ်မည့်ပုံမပေါ်။ ရုံးကထွက်လာနောက်ကျတော့ တက္ကစီပဲငှားစီးလိုက်မိသည်။ တက္ကစီစီးတော့မှ ပိုဆိုးတော့သည်၊ ကားလမ်းတွေပိတ်ပြီး အချိန်တွေပိုကြာနေသည်။

သားလတ်ကို ဖုန်းဆက်လိုက်သည်။

“ကိုပီတိ… ပြော.. ဘယ်ရောက်နေလဲ…” သားလတ်က ဖုန်းပြန်ထူးရင်းမေးလိုက်သည်။
“ငါအခု တက္ကစီပေါ်မှပဲရှိသေးတယ်… သားလတ်ကရော ဘယ်ရောက်နေလဲ…”
“ကျွန်တော်လည်း တက္ကစီပေါ်မှပဲ… ရောက်တော့မယ်…”
“အိုကေ… ဒါဆိုဒါပဲလေ.. နောက်မှတွေ့မယ်…”
“ဟုတ်.. ဘိုင်”

-- -- -- -- -- --

အိမ်ခန်းရှိတဲ့တိုက်ကိုရောက်ပါပြီ။ သားလတ်က ကျွန်တော့်ကိုစောင့်နေပါသည်။

“ကိုပီတိ… ဒီအိမ်ခန်းကို လာကြည့်တဲ့လူတွေ အယောက် ၂၀ တောင်မကလောက်ဘူး… ပွဲစားက လူတွေအများကြီးကိုချိန်းထားပြီးပြတာလေ…”
“အင်း… ပွဲစားတွေက အိမ်ကို လေလံတင်သလို ဈေးကိုတောင်းမှာ… ပိုပေးနိုင်တဲ့လူကို ငှားတာပဲ… ပြီးတော့ ပွဲစားက လာကြည့်မယ်ဆို အိမ်လခ နှစ်လစာယူလာခဲ့ ကြိုက်ရင် တခါတည်း စာချုပ်ချုပ်လို့ရအောင်လို့ တဲ့”
“ဟုတ်တယ်… ကျွန်တော့်ကိုလည်း ပွဲစားတွေက အဲလိုပဲပြောတယ်…”

အိမ်ကိုတက်ဖို့ ဓာတ်လှေကားကြည့်တော့ မရှိဘူး။ အိမ်က ငါးထပ်မှာ ဓာတ်လှေကားမရှိ။ ငါးထပ်အထိတက်လည်းပြီးရော ဟောဟဲဆိုက်နေပါပြီ။
အိမ်ထဲလည်း ၀င်ကြည့်တော့ ဘာကြောင့် ဈေးတော်နေလည်းဆိုတာ သိရပါပြီ။ အိမ်က တော်တော်လေး ညစ်ထေးစုတ်ပြတ်နေပြီး ဘယ်လိုမှ နေချင်စရာမကောင်း။ JTC အိမ်တွေ စုတ်တယ်ဆိုတာ တော်တော်လေးကိုကောင်းပါသေးတယ်။

“သားလတ်ရေ… ငါကတော့ ဘာမှတောင်မမေးချင်တော့ဘူး… အိမ်က စိတ်ပျက်စရာကြီးနော်…”
“ဟုတ်ပါ့.. စုတ်ပြတ်သတ်နေတာပဲ… ဒီလိုအိမ်ကို တက္ကစီခ အကုန်ခံပြီးလာကြည့်ရတာ မတန်ပါဘူး…”
“အေးလေကွာ…. လာပြန်ကြရအောင်….”

-- -- -- -- -- --

အိမ်ကို ပြန်အရောက်မှာ ကိုဖြိုးက ပြန်လာသော ကျွန်တော်တို့ နှစ်ယောက်ကို လှမ်းမေးသည်။
“အိမ်ရပြီလား…”
“သွားကြည့်တာ အိမ်က စုတ်ပြတ်နေတာကို ၁၅၀၀ တဲ့.. ” သားလတ်ကပြန်ဖြေသည်။

“သားလတ်ရေ.. ငါတို့မှာ ပစ္စည်းတွေကလည်း ရှိ… အိမ်ရှင်တွေနဲ့လည်း စကားပြောမပြောချင်တော့ JTC ကိုပြန်ပြီး ကြိုးစားရင်ကောင်းမယ်ထင်တယ်…”
“အင်း… လုပ်ကြည့်လေ… ”

“ဒါဆို… အားလုံး JTC website ကို ညမအိပ်ခင်တခါကြည့် မနက် ရုံးမသွားခင် တခါကြည့် ၊ ရုံးရောက်ရင်လည်း တခါကြည့်၊ အိမ်တွေ့တာနဲ့ ချက်ချင်းသွားနိုင်အောင် လစာ ထောက်ခံစာကိုလည်း ထုတ်ထားမယ်နော်… ကျွန်တော်က ဒီအိမ်ကို လက်မှတ်ထိုးထားတော့ နှစ်အိမ်တပြိုင်ထဲ လက်မှတ်ထိုးလို့မရမှာစိုးလို့ သားလတ်နဲ့ ကိုဖြိုးပဲ ပြင်ဆင်ပေးပါ… JTC website ရဲ့ link ကိုသိတယ်… ဟုတ်… ငါပို့ထားဖူးတယ်နော်…”

“အိုကေ…” ကိုဖြိုးကဖြေသည်။
“ကျွန်တော်က အဆင်သင့်ပဲ….” သားလတ်ကပြန်ဖြေသည်။
“ငါလည်း လိုရမယ်ရ ထောက်ခံစာအတွက် စာစီထားလိုက်မယ်…”

ညမအိပ်ခင်ကတော့ JTC website ကို ကြည့်လိုက်မိသေးသည်။ အိမ်တခန်းမျှမတွေ့။

--------------------------------@------------------------------------

ဗုဒ္ဓဟူးနေ့….
နောက်နေ့မနက် အိပ်ယာကထတော့ ကွန်ပျူတာကိုဖွင့်ထားပြီး ရုံးကို မသွားခင်အချိန်ကလေးမှာ JTC website ကို ကြည့်မိပါသည်။ အိမ်ခန်းအသစ်တွေတွေ့လို့ ရင်တွေတောင်ခုန်သွားပြီး…
“သားလတ်ရေ… အိမ်ခန်းအသစ်တွေ တွေ့တယ်ကွ…”
သားလတ်ကလည်း အနားကိုလာပြီး ကြည့်သည်။

အိမ်တွေကိုသေချာကြည့်တော့ ကျွန်တော်တို့ အလုပ်တွေနဲ့ အဝေးကြီးနေရာမှာဖြစ်တော့ စိတ်ပျက်လက်ပျက်နဲ့ ကွန်ပျူတာပိတ် ရုံးကိုထွက်ခဲ့ပါတော့တယ်။

-- -- -- -- -- --

ညနေ ရုံးကအပြန် အိမ်ကိုရောက်တော့ ကြည့်တော့ JTC website မှာ မနက်ကတွေ့ခဲ့သော အိမ်တွေအားလုံး မရှိတော့ပေ။ အကုန်လုံးငှားလိုက်ပြီဖြစ်သည်။

--------------------------------@------------------------------------

ကြာသာပတေးနေ့… တရက် တရက်နဲ့ အချိန်တွေကုန် အိမ်ရှာတာလည်း မရသေးတော့ စိတ်တော့ ပူနေမိပြီ။

အိပ်ယာကထမျက်နှာသစ်ပြီးတော့ ကွန်ပျူတာကိုဖွင့်ထားလိုက်ပါသည်။ ပြီးတော့ JTC website ကို ကြည့်မိတော့ အိမ်ခန်း တခန်းမှာမရှိပေ။

ရေချိုး၊ အ၀တ်လဲပြီးတော့ ရုံးကိုသွားဖို့ စက်ပိတ်မယ်လုပ်ပြီးတော့မှ F5 (browser refresh) ကို နှိပ်လိုက်မိသည်။ ပြီးတော့ အင်မတန်မြန်သောလက်ဖြင့် Windows key ကို နှိပ် u ကို နှစ်ခါ နှိပ်ပြီး စက်ကိုပိတ်လိုက်တော့သည်။

စက်ကပိတ်နေပြီးဆိုတော့မှ JTC website မှာ အိမ်အသစ်တွေကို တွေ့လိုက်မိသည်။

“ဟာ အိမ်ခန်းအသစ်တွေဟ…စက်တောင်ပိတ်လိုက်မိပြီ… ”
ကြည့်လိုက်တော့ အိမ်မှာ တယောက်မှမရှိတော့၊ ကျွန်တော်က နောက်ကျမှ နိုးတော့ အားလုံး ရုံးကိုထွက်သွားကြပြီ။

စက်ကို အမြန်ပြန်ဖွင့်ကာ ကြည့်လိုက်တော့ ငှားလို့ရတဲ့အိမ်ခန်းက ICA (လ၀က) နားမှာ။ အဲဒီနေရာဆို မဆိုးဘူးပဲ။

ဖုန်းကိုအမြန်ထုတ် သားလတ်ကို အရင်ဆက်လိုက်သည်။

“သားလတ်ရေ… ဘယ်ရောက်နေပြီးလဲ… JTC မှာ အိမ်တွေ့တယ်… ICA နားမှာ နေရာကတော့ကောင်းတယ်…”
“ဟုတ်လား… ကျွန်တော်က ရုံးရောက်တော့မယ်… ကိစ္စမရှိဘူးပြန်လာခဲ့မယ်။ Jurong East မှာ တွေ့မလား… ”
“မဟုတ်ဘူး ငါသွားနှင့်တော့မယ်… JTC ရုံးကိုသာ တိုက်ရိုက်လာတော့… ငါ queue နံပါတ်ယူထားလိုက်မယ်လေ…”
“ဟုတ်… ”
“မင်းဆီမှာ လိုအပ်တဲ့ စာရွက်တွေပါလား… ”
“ပါတယ်.. တခါထဲလာခဲ့မယ်…”
“အိုကေ…”

-- -- -- -- -- --

JTC Summit က ရုံးကိုရောက်တော့ တခြား ဘယ်သူမှမရောက်သေး။ queue နံပါတ်ယူတော့ နံပါတ်တစ်။ ICA နားက အိမ်က အရှေ့ဘက်ဇုံမှာရှိတော့ အရှေ့ဘက်ဇုံကောင်တာမှာ သွားမေးပါသည်။

တိုက်နံပါတ်။ လမ်းနာမည်ကိုပြောပြီးမေးတော့၊ ကောင်တာက ၀န်ထမ်း မလေးမက အချက်အလက်ပါတဲ့ စာရွက်ကိုကြည့်ပြီး ပြန်ဖြေပါတယ်။

“ဒီအိမ်က ငါးထပ်မှာဆိုတော့ ဓာတ်လှေကားရောက်လား…”
“မရောက်ဘူး၊ ဓာတ်လှေကားက ခြောက်ထပ်မှာရပ်တာ… အိမ်က အိမ်အဟောင်းပုံစံ၊ အိမ်သာ ရေချိုးခန်း တခုစီပဲပါတာနော်…”
“သြော် ဟုတ်ကဲ့”

ထိုအချိန်သားလတ် ရောက်လာသည်။ သားလတ်နဲ့ အိမ်အကြောင်းကို နဲနဲပြောရင်းတိုင်ပင်ပါသည်။ ကျွန်တော်ကတော့ အဆင်ပြေသည်၊ သားလတ်ကလည်း အဆင်ပြေသည်၊ ကိုဖြိုးကတော့ ဘယ်လိုနေမလဲမသိဘူး။

“သားလတ်ရေ… ငါကိုဖြိုးဆီ ဖုန်းဆက်လိုက်ဦးမယ်… မင်းကြည့်ပြီး မေးထားလိုက်ဦး…”
“ဟုတ်…”

ကိုဖြိုးဆီကို ဖုန်းခေါ်နေရင် ရုံးခန်းထဲမှာ ကပ်ထားသော ငှားရန်ရှိအိမ်ခန်းတွေကိုကြည့်မိသည်။ အနောက်ဘက်ဇုံဘက်ကိုကြည့်တော့ လက်ရှိနေတဲ့ အိမ်နားလေးမှာပဲ အိမ်ခန်းတခန်းတွေ့မိလိုက်သည်။ ဆက်နေသော ဖုန်းကို ချက်ချင်း ပိတ်လိုက်ပြီး အနောက်ဘက်ဇုံ ကောင်တာမှာ မေးဖို့ queue နံပါတ်ယူလိုက်တော့သည်။ သားလတ်မေးနေသည့်ကောင်တာကိုသွားပြီး…

“ဟေ့ရောင် သားလတ်… လာ.. အနောက်ဘက်ဇုံကောင်တာကိုသွားမယ်.. အဲဒီမှာ ပိုအဆင်ပြေမယ့် အိမ်ရှိတယ်… လာ… မြန်မြန်….”
“ဟုတ်… ”

“ခွင့်ပြုပါနော်… ကျေးဇူးပဲ…”
သူလည်း ကျွန်တော်ဇွတ်ခေါ်နေတာနဲ့ ကောင်တာက မလေးမ ကို ချက်ချင်းပြောပြီးထွက်လာသည်။

“မင်္ဂလာပါ… ကျွန်တော်တို့ ဒီအိမ်လေးကို စိတ်ဝင်စားလို့ပါ…” ကျွန်တော်က စိတ်လှုပ်ရှားပြီး အမြန်မေးလိုက်မိသည်။

မျက်နှာတင်တင်း ခပ်၀၀ တရုတ်မက ပြန်မေးသည်။
“ဘယ်အိမ်လဲ….”
“နံပါတ် ၄မှာ ပြထားတဲ့အိမ်ပါ…”
“မင်းတို့ရဲ့ လစာထောက်ခံတဲ့ စာရွက်၊ အလုပ်လုပ်နေကြောင်း ထောက်ခံစာ၊ ပတ်စ်ပို့၊ အလုပ်သမားကဒ် ဒါမှမဟုတ် IC နဲ့ ဓာတ်ပုံ တွေပါလား”
“ပါပါတယ်… ဒီမှာပါ…”
“ဟင်…ဒီထောက်ခံစာက တလကျော်နေပြီ… ”
“ဟုတ်တယ်… မရဘူးလား…”
“မရဘူး.. တလအတွင်းဖြစ်ရမယ်…”
“ဟုတ်လား… အဲဒါကို မင်းတို့ရဲ့ စည်းကမ်းချက်ထဲမှာမပါဘူးလေ… ပြီးတော့ အလုပ်လုပ်နေကြောင်းလည်း ထောက်ခံတဲ့စာပါတာပဲ၊ ရသင့်တာပေါ့…”
“မရဘူး…တလအတွင်းပဲဖြစ်ရမယ်…”

ပြီးတော့ ကောင်တာက တရုတ်မက ထပ်မေးသည်။
“ပတ်စ်ပို့စ်ရောပါလား…”
လက်မှတ်ထိုးမယ့် သားလတ်ကို ကြည့်လိုက်တော့…
“ပတ်စ်ပို့စ်တော့မပါဘူးဗျ… IC နဲ့ ဆိုရင်မရဘူးလား… IC မှာ ဓာတ်ပုံပါတာပဲ…”
“မရဘူး… ပတ်စ်ပို့စ် ပါရမယ်လို့ ရေးထားတယ်လေ…”
အင်း… ဒါကတော့ ဟုတ်သည်.. သူ့ဂွင်ထဲရောက်သွားပြီ…

“အဲဒါတွေ စုံတော့မှာပြန်လာပါ…”
“ကျွန်တော်တို့ပြန်လာပြီး လိုအပ်တာတွေပေးပါ့မယ်…. ဒီအိမ်လေးကို စာချုပ် လက်မှတ်ထိုးထားတာဖြစ်ဖြစ်၊ ဦးထားတာဖြစ်ဖြစ်လုပ်လို့မရဘူးလား။”
“မရဘူး… အဲလိုလုပ်ရင် ကျန်တဲ့လူတွေကို မတရားရာရောက်မှာပေါ့… ဦးရာလူပဲ… မရဘူး…”

သားလတ်ကလည်း နဲနဲပြန်ရစ်ကြည့်သည်။
“လစာထောက်ခံချက်ကလေ ကျွန်တော့် မန်နေဂျာ ခရီးထွက်နေလို့ အဲဒါ ဘယ်လိုလုပ်ရမလဲ…”
“ကွန်ပျူတာနဲ့ထုတ်တဲ့ လစာစာရွက်ဆိုရင်ရတယ်… ပြီးတော့ ဖက်စ်ပို့လည်း လက်ခံတယ်…”
လို တရုတ်မက ပြန်ဖြေပြီး ကျွန်တော်က အချိန်အကုန်မခံချင်တော့

“လာ…သားလတ်… မင်းရဲ့ ရုံးက သိပ်မဝေးတော့ မြန်မြန်သွား လစာစာရွက် ထုတ်… ငါက အိမ်ပြန်ပြီး ပတ်စ်ပို့ ပြန်ယူပေးမယ်…”

“ဟုတ်… ခက်တာက ကျွန်တော် ရုံးရောက်ပြီး ပြန်ထွက်ရမှာခက်မယ်… တကယ်က ဒီနေ့ မနက် ၁၀နာရီမှာ အစည်းအဝေးရှိတယ်… ကျွန်တော်က chair လုပ်ရမှာ…”
“ဟုတ်လား…သြော်…”
သားလတ်ရဲ့ အခက်အခဲကို နားလည်သည်။ အစည်းအဝေးလုပ်ဖို့ အားလုံးချိန်းပြီးမှဖျက်လို့ရမယ်မထင်။ ကျွန်တော်ကဆက်ပြီး…

“ဒီလိုလုပ်… သွားသာသွားလိုက်.. ပြီးတော့ ပရင်တာထုတ်… ထွက်လာလို့ရင်ရ မရရင် ဖက်စ်ပို့ကြည့်ပါလား... နောက်ပြီး ငါလည်း ငါ့ရုံးကိုဖုန်းဆက်ပြီး ဖက်စ်ပို့ခိုင်းလိုက်မယ်… မင်းမရလည်း ငါပဲလက်မှတ်ထိုးလိုက်မယ်ကွာ… နော်.. မြန်မြန်သွားလိုက်ရအောင်… ”

ပြောပြောဆိုဆို နှစ်ယောက်သား ရုံးပေါ်က အမြန်ဆင်းက တက္ကစီစီးကာ သားလတ်က သူ့ရုံးကိုသွား၊ ကျွန်တော်က အိမ်ကိုပြန်ပြေးပါသည်။

လမ်းမှာ ကိုဖြိုးကို ဖုန်းဆက်ကြည့်သည်။ သူက ရုံးမှာရောက်နေပြီးဆိုတော့ တခုခုများလုပ်လို့ ရလိုရညားပေါ့။ ကိုဖြိုးက ဖုန်းမကိုင်ပေ…. ခက်ပြီ… အိမ်လေးကို သူများမဦးပါစေနဲ့။

အိမ်ရဲ့ ဈေးနှုန်း၊ အနေအထား၊ နေရာလေးက ကျွန်တော်တို့အတွက် တော်တော်လေးကို အဆင်ပြေတော့ ဒီအိမ်လေးကိုရလိုက်ရင် အနည်းဆုံး နှစ်နှစ်လောက်တော့ အိမ်အတွက်စိတ်အေးရမယ်။ ဒီအိမ်လေးကို ရမှာဖြစ်မယ်… မဟုတ်ရင် အိမ်အတွက် ရတက်မအေးဖြစ်နေရဦးမယ်။

တက္ကစီပေါ်ကဆင်းတော့ အိမ်ပေါ်ကို အမြန်ပြေးတက်… ပတ်စ်ပို့စ် တွေကိုရှာ… ရှိသမျှ စာအုပ်အကုန်ယူ၊ ပြီးတော့ ရုံးကို ဖုန်းဆက် ဖက်စ်ပို့ပေးဖို့ ရှင်းပြ အကူအညီတောင်းလိုက်သည်။

အိမ်ကနေထွက် တက္ကစီအမြန်ငှားပြီး JTC ရုံးကိုပြန်လာသည်။ လမ်းမှာ သားလတ်ကိုဆက်တော့ ပရင်တာထုတ်ပြီး ရုံးကပြန်ထွက်လာတော့မယ်လို့ လှမ်းပြောပါသည်။ အင်း… အကုန်လုံးတော့ အဆင်ပြေပြီ၊ အိမ်ခန်းလေးကို သူများတွေမဦးပါစေနဲ့။

အင်း.. ကိုယ်လိုချင်တော့ သူများတွေမယူဖြစ်အောင် ဆုတောင်ရမည်ပေပေါ့။

JTC ရုံးကိုရောက်တော့ လူတွေတောင်တော်တော်ရောက်နေပြီ။ Queue နံပါတ်ကိုယူတော့ ၈ ဖြစ်နေပြီ။ ကြည့်လိုက်တော့ အနောက်ဘက်ဇုံ ကောင်တာမှာ နှစ်ယောက်ရှိတတဲ့ JTC ၀န်ထမ်း နှစ်ယောက်၊ နှစ်ယောက် စလုံးမအားပေ။ ရှိတဲ့အိမ်က လေးအိမ်ထဲ၊ လူက ခုနှစ်ယောက် (မနက်က ကျွန်တော်တို့ယူခဲ့တော့ နံပါတ် ၁ ကို တွက်စရာမလိုပေ)။ လွယ်ပါ့မလား။ လိုချင်တဲ့အိမ်ခန်းရှိတဲ့နေရာက တော်တော်လေး လူကြိုက်များတဲ့နေရာ။

စိတ်လေးလေးနဲ့ထိုင်ပြီးစောင့်နေမိသည်။

နဲနဲကြာတော့ ကောင်တာကတယောက်ထွက်လာပြီး ခုနကသူ ငှားလိုက်တဲ့အိမ်ကို ကြော်ငြာဘုတ်မှာ လာဖျက်သွားပါတယ်။ သူဖျက်ပြီးတော့ ကျွန်တော်ထကြည့်လိုက်မိသည်။ ဟူး…တော်သေးတယ်…. လိုချင်တဲ့ အိမ်ခန်းမဟုတ်ပေ။

ရှေ့က အိန္ဒိယနွယ်ဖွားနှစ်ယောက် ဘိုလိုပြောနေသံကို ခိုးပြီးနားထာင်ကြည့်မိသည်။ ကြားရတာ သတင်းကောင်းလေးပဲ… သူတို့နှစ်ယောက်စလုံး ကျွန်တော်လိုချင်တဲ့ အိမ်ကိုယူမည်မဟုတ်ပေ။

ဒါဆိုရင် Queue နံပါတ်ပြန်တွက်ကြည့်လိုက်သည်။ ခုန ကောင်တာကလူက နံပါတ်နှစ် ဖြစ်မယ်၊ ကောင်တာမှာရှိနေတဲ့ နောက်တယောက်က သုံး ဖြစ်မယ်။ ရှေ့မှာ ရှိတဲ့ နှစ်ယောက်က ကိုယ်လိုချင်တဲ့အိမ်ကို မယူဘူး။ သူတို့ကို လေး နဲ့ ငါး ထားလိုက်။ ဘေးမှာရှိတဲ့တစ်ယောက်က ခြောက် ဖြစ်မယ်။ တယောက်ပျောက်နေသည် နံပါတ် ခုနှစ်။ အပေါ့အပါးများသွားနေလားမသိ။

ကောင်တာမှာ ရှိ နေတဲ့တယောက် နဲ့ ဘေးကတယောက် မယူဘူးဆိုရင်တော့ ကျွန်တော်အတွက် အဲဒီအိမ်လေးက အခွင့်အလမ်းရှိသေးသည်။

ခက်တာက ရှိတာက အိမ်ခန်း လေး ခန်း။ တခန်းက ငှားပြီး။ ကျန်တာ သုံးခန်း နဲ့ လူက ငါးယောက်။ ကိုယ်ကနောက်ဆုံးမှာရှိနေတာ…. ဟူး……..

ကောင်တာမှာရှိနေတဲ့တယောက်ထပြီးပြန်သွားပြီ… ဘယ်အိမ်များ ယူသွားပါလိမ့်… စောင့်ကြည့်နေမိသည်။ ဘယ်သူမှ သွားပြီး ကြော်ငြာဘုတ်ကိုသွားပြီးမဖျက်ဘူး။

Queue နံပါတ် လေး နဲ့ ငါး ကို ခေါ်လိုက်သည်။ ရှေ့က အိန္ဒိယနွယ်ဖွား နှစ်ယောက်ထသွားသည်။ ကိုယ်မှန်းသလို နံပါတ်တွေက မှန်သည်။ သူတို့ကတော့ ကိစ္စမရှိဘူး။ ကိုယ်လိုချင်တဲ့ အိမ်ကိုယူမယ့်လူတွေမဟုတ်ဘူး။

ဘေးကတယောက် နဲ့ ပျောက်နေတဲ့တယောက်ပဲကျန်တော့တာပေါ့။

ဒီလိုနဲ့ တော်တော်လေးကြာတော့ အိန္ဒိယနွယ်ဖွား တယောက်က ပြီးသွားသည်။ ကောင်တာက တရုတ်မထပြီး ကြော်ငြာဘုတ်ကိုသွား ငှားမည့် အိမ်စာရင်း ဖျက်လိုက်ပြန်သည်။ သိနေပေမယ့် စိတ်မချသေး သွားကြည့်လိုက်တော့ ကိုယ်ငှားချင်တဲ့အိမ်မဟုတ်။ တော်ပါသေးတယ်။

ပြီးတော့ Queue နံပါတ် ခြောက် ကို ခေါ်လိုက်သည်။ ဘေးကလူ ထိုင်နေရာက ထပြီး ကောင်တာကိုသွားသည်။

အဲဒီအချိန်မှာပဲ သားလတ်ရောက်လာပါသည်။ လက်ထဲမှာလည်း စာရွက်တွေနဲ့။
“အဆင်ပြေလား သားလတ်…”
“ပြေတယ်… မန်နေဂျာကို ငါ အိမ်ကိစ္စလုပ်စရာရှိတယ်.. မလုပ်လို့ မဖြစ်လို့ သူ့ကိုပဲ အစည်းအဝေးတက်ဖို့ အကူအညီတောင်းလိုက်တယ်… တော်သေးတယ်.. အဆင်ပြေတယ်…”
“တော်သေးတာပေါ့ကွာ….”
“အိမ်က ဘယ်လိုလည်း… ရှိသေးတယ် မဟုတ်လား…”
“အေး ရှိသေးတယ်…အခု ကောင်တာမှာရှိနေတဲ့တယောက် နဲ့ ပျောက်နေတဲ့လူတယောက်ကိုပဲ စိတ်ပူတာ.. ကျန်တဲ့လူတွေကတော့ အဲဒီအိမ်ကို မယူဘူး… သေချာတယ်…”

အဲဒီအချိန်မှာ ကောင်တာမှာရှိတဲ့ နောက် အိန္ဒိယနွယ်ဖွား တယောက်ကပြီးသွားပြန်ပါသည်။ ကောင်တာက တရုတ်မ ထပြီး ဖျက်လိုက်ပြန်ပါသည်။ ဒီတခါတော့ သားလတ်က သွားကြည့်ပါသည်။ ပြီးတော့ ၀မ်းသားအားရပြန်လာပြီး… “ကိုပီတိ.. ကျန်သေးတယ် ကျန်သေးတယ်… ကျွန်တော်တို့လိုချင်တဲ့ တခန်းပဲကျန်တော့တာ… ”

သားလတ်က စိတ်ထားပြည့်ဝစွာ ဆုတောင်းလိုက်ပါသည်။
“ကောင်တာမှာမေးနေ လူကြီး အိမ်ငှားတာမဖြစ်ပါစေနဲ့။ ဖြစ်လို့ရှိရင်လည်း စာရွက်စာတမ်း မပြည့်စုံပါစေနဲ့…”
“ဟားဟား …. မင်းကလည်းလုပ်ပြီ…”
သားလတ်ကိုသာအဲလိုပြောပေမယ့် ကျွန်တော်လည်း အဲလိုပဲ စိတ်ထဲမှာ ဆုတောင်းနေမိပါသည်။

ကောင်တာကနေ နံပါတ် ခုနှစ်ကို ခေါ်ပါသည်။ တယောက်မှပေါ်မလာ… နောက်တခါခေါ်ပြီး စောင့်နေသေးသည်… တယောက်မှ ထွက်မလာတော့ နံပါတ်ရှစ်ကိုခေါ်တော့ သားလတ် နဲ့ ကျွန်တော် အပြေးအလွှား ကောင်တာဆီကိုသွားသည်။

ကောင်တာမှာ မနက်ကတွေတဲ့ တရုတ်မ၀၀က ရှေ့တယောက်မေးတာကို ဖြေပေးနေတော့ မအားပေ။ နောက် ၀န်ထမ်း တယောက်ကတော့ မလေးမငယ်ငယ်လေးတယောက်၊ သဘောကောင်းပုံရပါသည်။

“ဘာကူညီပေးရမလဲ”
“အိမ်ခန်းငှားချင်လို့ပါ…”
“ဘယ်အိမ်ကိုငှားချင်တာလဲ….”
“နံပါတ်လေး အိမ်ကိုပါ…”
“ခဏလေးနော်… အဲဒီအိမ်ငှားလို့ရသေးလား ကြည့်လိုက်ဦးမယ်…”
“ဟုတ်…” ဆိုပြီး ရင်တွေ တဒိတ်ဒိတ်နဲ့ ခုန်ရင် စောင့်နေမိပါသည်။

မလေးမငယ်ငယ်က ဘေးက တရုတ်မ၀၀ကိုလှမ်းမေးလိုက်သည်၊
“နံပါတ်လေး အိမ်က ငှားပြီးပြီလား…”
တရုတ်မကလည်း စာရွက်ကိုကြည့် ကြည့်ပြီး
“မငှားရသေးဘူး၊ ငှားလို့ရတယ်…”

အဲလိုပြောလိုက်တော့ … သားလတ်နဲ့ ကျွန်တော်ကြည့်ပြီး ပြုံးလိုက်မိပါသည်။ လိုချင်အိမ်လေးကိုတော့ ငှားလို့ရပြီပေါ့။

လိုအပ်တဲ့ စာရွက်စာတမ်းတွေပြ၊ ဖောင်ဖြည့်ပြီးတော့ အိမ်သော့ယူရမယ်နေ့ကိုပါ ချိန်းလိုက်ပါသည်။

စာချုပ်က နှစ်နှစ်စာချုပ်ဖြစ်တော့ အနည်းဆုံး နှစ်နှစ်လောက်တော့ အိမ်ရှာရမယ့် ဒုက္ခသက်သာသွားပါသည်။

ညနေဖက်မှာတော့ ငှားထားတဲ့ အိမ်ခန်းလေးဖက် လမ်းလျှောက်ရင်သွားကြည့်တာ ထင်တာထက် သန့်တော့ ပိုပြီးပျော်ရွှင်သွားပါသည်။


--------------------------------ပြီးပါပြီ------------------------------------

နောက်ဆက်တွဲ။ ။

အသစ်ပြောင်းလိုက်တဲ့အိမ်နားမှာ အင်မတန်ခင်တဲ့ အမတယောက်နေပါသည်။ ကျွန်တော်ကတော့ ကံကောင်းပြီ၊ အားရက်မှာ ထမင်းစားဖို့အိမ်တအိမ် နီးနီးနားနားရှိတယ်ပေါ့။ ဖိတ်ကျွေးတာ တခါမှမစားလိုက်ရပေမယ့် ခေါ်ခိုင်းတာတော့ ခံလိုက်ရပါတယ်။

တကယ်ကံကောင်းတာကတော့ မကြာမှီမှာပဲ အဲဒီအမက အိမ်ပြောင်းသွားတော့တယ်။ :P

Read More...

Tuesday, August 5, 2008

ဓာတ်ပန်းချီ

အပြင်ထွက်ရင်း လက်ထဲမှာရှိတဲ့ကင်မရာတလုံးနဲ့ လက်ဆော့ထားတာလေးတွေကို တင်ပြီးတော့ ဆားထပ်ချက်လိုက်ပါတယ်။

Read More...

Sunday, August 3, 2008

မေမေ ရှင်းပြတဲ့ ဗုဒ္ဓ ရဲ့ မင်္ဂလာတရားတော် - ၆

မေမေ ရှင်းပြတဲ့ ဗုဒ္ဓ ရဲ့ မင်္ဂလာတရားတော် ကို ကျွန်တော်က ခွင့်ပြုချက်ယူပြီးဝေမျှခဲ့ပါတယ်။ မြတ်စွာဘုရားဟောကြားခဲ့သော မင်္ဂလာသုတ်တော်ကို လူငယ်တွေ အလွယ်တကူ ဖတ်ရှုနားလည်စေဖို့ စိတ်အားထက်သန်ခဲ့ပြီး ကြိုးစားခဲ့တာ ၈ နှစ်နီးပါးအကြာမှာတော့ စာအုပ်တအုပ်ဖြစ်မြောက်ဖို့ရာ တော်တော်လေးနီးစပ်လာပြီဖြစ်ပါတယ်။ အားလုံးအဆင်ပြေ ချောမွေ့ရင်တော့ သီတင်းမကျွတ်မီ စာအုပ်ထွက်ဖြစ်မှာပါ။

စာအုပ်မထုတ်ခင်မှာလည်း ဆရာတော်ကြီးတွေ ဓမ္မကထိကဆရာကြီးတွေရဲ့ ဖတ်ရှုစစ်ဆေးခံယူ ပြင်ဆင်ထားပါတယ်။ မေမေ စာအုပ်ထုတ်ဖို့ကြိုးစားတာကလည်း လူငယ်တွေ မင်္ဂလာတရားတော်ကို နားလည်သဘောပေါက်ပြီး ဗုဒ္ဓရဲ့တရားတော်ဟာ တရားထိုင်၊ တရားမှတ်၊ ဘုန်းကြီးကျောင်းမှာ ဥပုသ်သီလ ဆောက်တည်ပြီး ကျင့်ကြံအားထုတ်ဖို့သာမက၊ နေ့စဉ်ဖြတ်သန်းကြတဲ့ ဘ၀တွေမှာပါ လိုက်နာကျင့်သုံးရင် ကြီးပွားချမ်းသာတယ်ဆိုတာကို သိစေချင်တဲ့ စေတနာနဲ့ပါ။

သား သမီးတွေကို ဆုံးမရင်း ဖတ်တဲ့သူတွေကိုပါ အကျိုးရှိစေမယ်လို့ယုံကြည်ခဲ့လို့ စာအုပ်အဖြစ်ထုတ်ဝေခြင်းလည်းဖြစ်ပါတယ်။

စာအုပ်ထွက်တော့မှာဖြစ်လို့ ကျွန်တော့် ဘလော့မှာ ဒီပို့စ်ပြီးရင် မတင်တော့ပါဘူး။ စိတ်ဝင်စားလို့ ဆက်ပြီးဖတ်ချင်တယ်ဆိုရင်၊ စာအုပ်ထွက်လာတဲ့အချိန်မှာပဲ ကြော်ငြာမှာပါ၊ အဲဒီအချိန်မှာ စာအုပ်ကိုဘယ်လိုမှာရမယ်၊ ဘယ်လောက်ကျသင့်မယ်ဆိုတာကို ပြောပါမယ်။

မေမေရေးတာကိုတင်ပြီး ဆားသာမက၊ ဘော်ပါချက်လိုက်ပါတယ်။ :D


သားငယ်
ပူဇော်ထိုက်သူတွေ၊ ပူဇော်ထိုက်ကြောင်းတွေ၊ ပူဇော် နည်းတွေကို အမေရေးပြခဲ့ပြီးပြီဆိုတော့ ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ(၃)ပါး ပြီးသွားပြီ။ နေထိုင်ရေး မင်္ဂလာ(၃)ပါး စတော့ မယ်။

ပထမဆုံးမင်္ဂလာက ပတိရူပဒေသ၀ါသမင်္ဂလာ။

သင့်လျော်လျောက်ပတ်သော အရပ်မှာနေရခြင်းဟာ ချမ်းသာ ကြီးပွားကြောင်း မင်္ဂလာပါပဲ။

ဦးဇင်းရဝေနွယ်(အင်းမ) ရေးတဲ့ မင်္ဂလာအတွေးများလို စရရင်

ပတိရူပဒေသ၀ါသောစ၊ ဧတံ မင်္ဂလမုတ္တမံ။
သင့်လျော်သောအရပ်၌နေရခြင်းသည်
မြတ်သောမင်္ဂလာမည်။
ကုသိုလ်၊ ပညာ၊ ဥစ္စာရဖို့၊ သင့်ရာဒေသအမြဲနေ။


နောက်ဆုံး စာကြောင်းလေးက ရွတ်ဆိုကြည့်လေ ကောင်းလေပါပဲ။ လူသားတိုင်းအတွက် တန်ဖိုးရှိတဲ့ စကား စုလေးပေါ့။

ကုသိုလ်၊ ပညာ၊ ဥစ္စာရဖို့၊ သင့်ရာဒေသအမြဲနေ။

သင့်ရာဒေသဆိုတာ ဘယ်လိုနေရာလဲ။ သိဖို့လိုတယ်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးစတဲ့ လောကီရေးရာအဖြာဖြာအတွက်ရော၊ လောကုတ္တရာလို့ခေါ်တဲ့ ကုသိုလ်ရရေးအတွက်ပါ ရရှိနိုင်တဲ့နေရာဟာ သင့်လျော်တဲ့ အရပ်ဒေသပါပဲ။

ပညာရေးအတွက်ကတော့ အရွယ်လိုက်ပြီး သင့်လျော် ရာဒေသ ပြောင်းသွားတယ်။

သားငယ်တို့ အခြေခံပညာ သင်ယူ စဉ်က ကိုယ့်မြို့ကိုယ့်ဒေသ၊ နယ်မြို့လေးက ကိုယ့်အတွက် ပတိ ရူပဒေသ၀ါသ ဖြစ်ပေမယ့်၊ အဆင့်မြင့်ပညာ သင်ချိန်ရောက်တော့ တက္ကသိုလ်ရှိတဲ့ မြို့က ပတိရူပဒေသ၀ါသ ဖြစ်သွားရော။

နောက်တစ်ဆင့်၊ ပညာဆက်သင်ချင်ပြန်တော့၊ နိုင်ငံရပ်ခြား သွားကြပြန်တယ်။ ဒါကြောင့် သင်ယူချင်တဲ့ ပညာအဆင့် လိုက် ပြီး ပတိရူပဒေသ၀ါသကပြောင်းသွားရတယ်။

ပတိရူပဒေသ၀ါသမှာ နေခွင့်ရပြီး ရထိုက်တဲ့အကျိုးကို ရအောင် ကြိုးစားယူတတ်မှသာ မင်္ဂလာရတယ်။ မယူတတ်ရင် မင်္ဂလာနဲ့ဝေးရောကွဲ့။

ဥပမာပြမယ်။ သားငယ်က နို့စို့အရွယ်မို့ မမှတ်မိဘူး။ အဲဒီအချိန်က အမေတို့အိမ်မှာ အမေ့ရဲ့ မောင်နှစ်ယောက်ကို ခေါ်ထားပြီး ကျောင်းထားပေးတယ်။ မောင်အရင်းက အောင်မြင်သွားခဲ့တယ်။ အစိုးရဌာနတစ်ခုမှာ ၀န်ထမ်းဖြစ်သွား ခဲ့တယ်။ လခစားဘ၀ မပူမပင်ရရုံပါပဲ။

မောင်ဝမ်းကွဲက (၉)တန်းကို မအောင်ဘူး။ သူ့ရဲ့ ဇာတိ ရွာပြန်သွားပြီး မိဘလက်ငုပ်၊ တောင်သူလုပ်ငန်း လုပ်တယ်။ မိုးခေါင်ရပ်ဝန်းဒေသဖြစ်ပေမယ့် ဆည်ရေနဲ့ စိုက်ပျိုးရလို့ သီးနှံ တွေဖြစ်ထွန်းပြီး ချောင်လည်တယ်။ စီးပွားရေးကောင်းတယ်။ သူ့အတွက် လူမှန်နေရာမှန်ရောက်သွားတယ်လို့ ပြောရမယ်။

အဲဒီ မောင်နှစ်ယောက်ကို နှိုင်းယှဉ်လိုက်ရင် ပတိရူပ ဒေသ၀ါသမှာနေရတာခြင်း တူတယ်။ အကျိုးကိုရအောင် ကြိုးစားယူရာမှာ ကွာသွားတယ်။ ပညာရေးမှာ တစ်ယောက်က မင်္ဂလာရတယ်။ တစ်ယောက်က မင်္ဂလာမရဘူး။

သို့သော်လည်း စိတ်ဓါတ်ကျစရာ မဟုတ်ဘူးနော်။ မောင်ဝမ်းကွဲက စီးပွားရေးမှာတော့ မင်္ဂလာရသွားတယ်လေ။ တောင်သူလုပ်ငန်း ကြိုးစားလုပ်လို့ သူ့ရွာမှာတော့ သူဌေးပေါ့။ ဒီတော့ လူသားတစ်ယောက်ချင်းဆီမှာ ပညာနဲ့ဥစ္စာ တစ်ခုခု၊ ကြီးပွားတိုးတက်ရာ ဒေသလေးတစ်ခုတော့ ကိုယ်စီ ရှိနေတတ်ကြပါတယ်။ ကိုယ်က ရွေးတတ်ဖို့လိုပါတယ်။

ပညာရေးနဲ့စီးပွားရေးမှာ ကိုယ်သန်ရာဘက်ကို မင်္ဂလာ ရအောင် ယူသင့်တယ်။

ကုသိုလ်ရေးကတော့ မင်္ဂလာဖြစ် အောင်ကို လုပ်ရမယ်။ ဒါမှ ပစ္စုပ္ပန်ဘ၀အတွက် မပူပန်ရသလို တမလွန်ဘ၀အတွက်လည်း သုဂတိဘုံ တစ်ခုခုမှာ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံစေမှာကိုး။

အမေတို့ခေတ်တုန်းက ဘုန်းကြီးကျောင်းမှာ နေပြီး တက္ကသိုလ်ပညာ သင်ယူနေကြတဲ့ ကျေးလက်ဒေသက ကျောင်း သားတွေရှိတယ်။ ပညာသင်ထောက်ပံ့ကြေး (၇၅ိ-)နဲ့ကို လောက်ငှအောင်သုံးပြီး ပညာကိုအပတ်တကုတ် ကြိုးစားသင်ယူ ခဲ့ကြတယ်။ နိုင်ငံခြားတက္ကသိုလ်က ဒေါက်တာဘွဲ့တောင်ရကြ သေးတယ်။ အသက်(၆၀)နားနီးတော့ အဲဒီကျောင်းသား တွေလေ တက္ကသိုလ်မှာ ပါချုပ်တို့၊ ပါမောက္ခကြီးတို့ဖြစ်လို့ သား ရဲ့။ အတုယူစရာ ကောင်းလိုက်တာ။

အဲဒီတုန်းက တက္ကသိုလ်မှာ သုံးနိုင်ဖြုန်းနိုင်တဲ့ မြို့ ကျောင်းသားတစ်ချို့က ကိုယ်ပိုင်ကားကို ကိုယ်တိုင်မောင်း ကျောင်းတက်ပြီး စာမေးပွဲတဘုန်းဘုန်းကျလို့ ဘွဲ့လေးတစ်ခု တောင် မရခဲ့ကြဘူး။ စီးပွားရေးကြတော့လည်း တစ်ချို့က ကြိုးစားပေမယ့် အများစုက သတိလက်လွတ်ဖြစ်ကြတယ်။ ၀ီရိယမရှိ၊ အပျင်းထူတော့ သူဌေးသားအဆင့်က လျော့ကျ ကုန်ရော။

တကယ်တော့ ဥစ္စာ၊ ပညာ၊ ဘယ်ဟာဖြစ်ဖြစ် ကံ၊ ဥာဏ်၊ ၀ီရိယ အခြေပြုပြီး ကြိုးစားအားထုတ်မှသာ လက်ရှိအဆင့် အခြေခိုင်ပြီး တစ်ဆင့်မြင့်တက်သွားနိုင်တာ သားငယ်ရဲ့။ ပတိ ရူပဒေသ၀ါသအရပ်မှာ နေရတိုင်း ကောင်းကျိုးမင်္ဂလာက အလို အလျောက်ရလာတာ မဟုတ်ဘူး။ လမ်းကြောင်းလဲ မှန်မှ၊ ဥဏ်ယှဉ်၊ ၀ီရိယနဲ့ ကြိုးစားအားထုတ်မှုလည်းရှိမှ မင်္ဂလာဖြစ်တာ။ မဟုတ်ရင်တော့ မကောင်းကျိုးသာ ခံစားရတာ မင်္ဂလာမဖြစ် ဘူးပေါ့။

သားငယ်လည်း ပညာရေးအတွက် ဝေးရပ်မြေမှာ အဆင်ပြေအောင် နေထိုင်ပြီး စာကြိုးစားနေတာကို အမေဖြင့် ၀မ်းသာနေရတယ်။ နေတုန်းခဏအချိန်မှာ နီးစပ်ရာ မိတ်ဆွေ များကို ဘာသာရေး စာစောင်၊ မဂ္ဂဇင်းများ၊ ငှားရမ်းဖတ်စေ ကြောင်းသိရလို့ ထပ်ဆင့်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။

ပညာတတ်မြောက်ပြီး ကြီးပွားချမ်းသာတဲ့တစ်နေ့၊ တစ်ချိန်မှာ၊ ကိုယ့်ဇာတိဒေသကိုလည်း ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး ပိုမိုဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်ရမှာ ပေါ့ကွယ်။

ကုသိုလ်၊ ပညာ၊ ဥစ္စာရဖို့ သင့်ရာဒေသအမြဲနေ” ဆိုတဲ့ အတိုင်း သားငယ်တို့ နေကြရတယ်။

ကောင်းကျိုးမင်္ဂလာ အမြဲ ရအောင်ကောင်းမြတ်တဲ့ ပင်ကိုယ်ဗီဇ မပျောက်မပျက်ရှိနေပြီး ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် ဖြစ်ပါစေလို့ အမေ ဆန္ဒ ပြုပါတယ်ကွယ်။

မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ။

အမေ

Read More...

Ratings