Friday, August 15, 2008

ဝေါပုဝှေ့ကျန်ဝှါရီ

ဂျစ်တူး နဲ့ ဘာသာစကားများ ကိုဖတ်လိုက်တော့ ကိုယ်တွေ့ကြုံခဲ့ရတဲ့ အဖြစ်တခုကို သတိရမိပါသေးတယ်။

ဒီကိုရောက်ပြီးတော့ ကျောင်းတက်ရင်း အားတဲ့အခါမှာ အချိန်ပိုင်းအလုပ်လုပ်ပါတယ်။
ရုံးစာရေး၊ စားပွဲထိုး၊ မီနီမားကက်မှာ အရောင်းစာရေး စတဲ့အလုပ်တွေကို လုပ်ခဲ့ဖူးပါတယ်။

စားပွဲထိုးရလို့လည်း သိမ်ငယ်တို့ မခံစားခဲ့သလို၊ ရှက်လည်းမရှက်ခဲ့ဖူးပါဘူး။ ၀ယ်စားနဲ့လူကို စိတ်ကျေနပ်အောင်လုပ်ပေးရင်း ပညာတွေအများကြီးယူလို့ရခဲ့ပါတယ်။ ဒီကလူတွေရဲ့ စိတ်နေစိတ်ထားနဲ့ အမူအကျင့်တွေကိုလေ့လာ နိုင်ခဲ့သလို၊ လူတွေက စိတ်ကျေနပ်ရင် ဈေးကြီးပါစေ မနှမြောတတ်ဘူးဆိုတာကိုပါ သိခဲ့ရပါတယ်။ အခုအချိန်မှာ အလုပ်လုပ်တော့ အဲဒီအတွေ့အကြုံတွေက အထောက်အကူပေးပါတယ်။

တွေ့ကြုံခဲ့ရတဲ့ အဖြစ်ကတော့ မီနီမားကက်မှာ အရောင်းစာရေးလုပ်တုန်းကပေါ့။ ကျွန်တော်အလုပ်လုပ်တဲ့ဆိုင်ကို တရုတ်အဖွားကြီး တယောက် အမြဲဈေးလာဝယ်လေ့ရှိပါတယ်။ သူကဈေးလာဝယ်ရင် ပစ္စည်းတွေကို သိပ်မရှာပဲ လာလာပြီးမေးလေ့ရှိပါတယ်။ တရုတ်စကားပြောတတ်တဲ့ အလုပ်အတူလုပ်တဲ့ တယောက်ရှိစဉ်ကတော့ အဆင်ပြေနေပါတယ်။

တရုတ်စကားပြောတတ်တဲ့တယောက်ကလည်း ကျောင်းသားဖြစ်တော့ သူ့ကျောင်းက ပရောဂျက်က အရေးကြီးလို့ဆိုပြီး ခွင့်ယူထားပြီး အလုပ်လာမလုပ်ပါဘူး။ အဲတော့ အဖွားကြီးက ပစ္စည်းတခုရှာမရလို့ရှိရင် ကျွန်တော့်ကို လာမေးပါတယ်။ ကျွန်တော်ကလည်း တရုတ်စကားဆိုလို့ ဝေါ်အိုက်နီ လောက်ပဲတတ်ထားတော့ အခက်တွေ့နေပါတယ်။ သူ့ကိုပြောပါတယ် “Sorry aunty, I can’t speak Mandrin...”၊ ဆိုတော့ အဖွားကြီးက ကျွန်တော့်ကို မကျေမနပ်ကြည့်၊ ပါးစပ်ကလည်း ပွစိပွစိလုပ်ပြီး ဆိုင်ကနေထွက်သွားပါတယ်။

နောက်ရက်ကျတော့လည်း ဆိုင်ကိုလာ၊ တရုတ်လိုမေး၊ ကျွန်တော်ကနားမလည်၊ ပြီးတော့ သူကစိတ်တိုပြီး ပြန်သွားပြန်ပါတယ်။

စိတ်ထဲမှာတော့ မဖြစ်ချေဘူး၊ တော်ကြာ အဖွားကြီးက သူ့ကို မကူညီချင်လို့ထင်နေမှာ ဆိုင်က ဖောက်သည်တယောက်လျော့သွားပါမယ် ဆိုပြီး စိုးရိမ်သွားပါတယ်။

ကျောင်းရောက်တော့ တရုတ်သူငယ်ချင်းတွေကို အဲဒီအဖြစ်ကိုပြောပြပါတယ်။ ပြီးတော့ ငါ့ကို တရုတ်လိုမပြောတတ်ဘူးဆိုတာကို တရုတ်လိုလေးသင်ပေးပါလား၊ အဲဒါဆိုရင် အဖွားကြီး နားလည်သွားမယ်ထင်တယ် လို့ပြောပါတယ်။

သူငယ်ချင်းတွေကလည်း စိတ်ရှည်ရှည်နဲ့ တရုတ်အသံနဲ့ အနီးစပ်ဆုံးတူတဲ့အထိ သင်ပေးလိုက်ပါတယ်။

အဲဒီနေ့မှာပဲ ကျောင်းပြီးတော့ အလုပ်ကိုဆက်ပြီးသွားပါတယ်။ စိတ်ထဲမှာလည်း ဒီတခါအဖွားကြီးလာမေးရင်တော့ သူနားလည်အောင်ပြောနိုင်တော့မယ် ဆိုတဲ့ အတွေးလေးနဲ့ပေါ့…

ဆိုင်မှာ အလုပ်လုပ်နေတုန်း အဖွားကြီးက သူလာနေကျ ထုံးစံအတိုင်း ဆိုင်ကိုလာပါတယ်။ သူလိုချင်တဲ့ပစ္စည်းတွေကိုယူပြီး ကောင်တာပေါ်လာတင်ပါတယ်။ ပြီးတော့ အရင်နေ့တွေကလိုပဲ ကျွန်တော့်ကို တရုတ်လို လာမေးပြန်ပါတယ်။ ဒီနေ့တော့ ကျွန်တော်က တရုတ်လိုပြန်ပြောနိုင်ပြီပေါ့….

“အန်တီ… ဝေါပုဝှေ့ကျန်ဝှါရီ… ”

အဲလိုလည်းပြောပြီးရော.. အဖွားကြီးမျက်နှာ ရုတ်တရက်ပြောင်းသွားပြီး ဒေါသတကြီးနဲ့
“နီ ကျန်စမော့…” လို့အော်ပြီး ကောင်တာပေါ်တင်ထားတဲ့ ပစ္စည်းတွေတောင် မယူပဲထွက်သွားပါတော့မယ်။

ကျွန်တော်လည်း အူကြောင်ကြောင်နဲ့ ဟိုကောင်တွေသင်ပေးလိုက်တာ အမှားတွေလားမသိ။ အဖွားကြီး ဘာလို့ စိတ်တွေတိုသွားပါလိမ့်ပေါ့…

နောက်မှတွေးရင်တွေးရင်း… သဘောပေါက်လာပါတယ်။ တရုတ်မကြီးကို တရုတ်လိုမတတ်ဘူး ဆိုတာ တရုတ်လို သွားပြောတော့ ဒေါသထွက်သွားမှာပေါ့… :P

နောက်တော့မှ သူငယ်ချင်းတွေကို အဖွားကြီးဘာပြောတာလည်းဆိုတော့… ဒါဆို မင်းပြောနေတာကဘာလဲ ဆိုတဲ့ အဓိပ္ပာယ်တဲ့…

အဲဒီနောက် အဖွားကြီးလည်း ဆိုင်ကိုဈေးလာမ၀ယ်တော့ပါဘူး၊ ကျွန်တော်လည်း ဝေါပုဝှေ့ကျန်ဝှါရီ ကို တသက်လုံးမမေ့တော့ဘူးပေါ့… :D

6 comments:

Moe Cho Thinn said...

ကိုပီတိရေ
ဝေါပုဂှေ့ ကျန်ဝှါရီ ကို စိတ်ဆိုးရင် နောက်တခါ လာရင် ပြောလိုက်ပါ။ ဝေါပုကျီးတောက် လို့။ အဟီး..
တို့ဆီမှာ ကွန်မန့်လာရေးသွားတဲ့ ဆင်ကြီးလား.. ဆိုတဲ့ သီချင်းကိုတော့ အကြိုက်ဆုံးပဲ။ ကျေးဇူးနော်..

အက္ခရ said...

ဝေါပုချိပီတိ (wo bu chi ပီတိ)

pandora said...

ဝေါရယ်ပုဝှေ့ကျန်ဝှားရီ

ပုံရိပ် / Pon Yate said...

မြန်မာစကား မပြောတတ်ဘူး။ သင်ပေးပါလား။ :p

ဂျစ်တူး - gyit_tu said...

ဝေါပွတ်သုန် နီ ရှော ရှ မား ...

ခွိ ...

ပီတိ said...

အမ မိုးချိုသင်း… ဒီမှာလာ စာဖတ်ပြီး မှတ်ချက်ရေးပေးတာ ကျေးဇူးပါပဲ။ ၀မ်းလည်းသာပါတယ်။ အဲဒီအဖွားကြီးလည်း နောက်တခါ မလာတော့ဘူးလေ…

အက္ခရ… အကို့ရဲ့ ကဗျာထဲမှာ ကျွန်တော့်ကိုစားမယ်လို့ပြောလို့လေ.. လန့်သွားတာပေါ့။ ကျေးဇူး…

ပန်ဒိုရာ… အိယန့် အိယန့် ဟိဟိ

ပုံရိပ်… သင်ပေမယ်လေ… သင်တန်းခကတော့ ဈေးကြီးတယ်… ငပိကြော်နဲ့ ပေါင်မုန့် နဲ့ မရဘူးနော်.. ;)

ဂျစ်တူးရေ…. ဝေါရယ် ပုသုန်… :P

Ratings