Saturday, August 16, 2008

ရည်းစား သက်စေ့ သားမှာရှိတယ်

မိခင်စိတ်ဟာ သားသမီးတွေအတွက် အရာရာကို ရင်ဆိုင်အံတုရဲတယ်၊ အသက်ကိုတောင် စွန့်နိုင်တယ်လို့ ဆိုကြပါတယ်။ ပုံဝတ္ထု၊ သာဓကတွေလည်းကြားဖူး သိဖူးခဲ့ပါတယ်။

စကော့တလန်ပြည်၊ တောင်ကုန်းဒေသမှာ လင်းယုန်ငှက်ကြီးချီသွားပြီး၊ လူတက်ရောက်နိုင်ဖို့ ခက်ခဲတဲ့ ကျောက်တောင်ထိပ်မှာချထားပစ်တဲ့ သားကလေးကို စွန့်စွန့်စားစား တက်ရောက်ကယ်တင်သူဟာ မိခင်ပါပဲတဲ့။ မိခင်စိတ်ဓာတ်ဟာ တုနှိုင်းစရာမရှိပါဘူး။

ဒီလိုကြုံလာမှုကို အောင်မြင်စွာဖြတ်သန်ဖို့ လက်ရုံးရည်ရှိရုံသာမက၊ နိစ္စဓူဝ၊ ကြုံဆုံသမျှ၊ ကိစ္စအ၀၀ကိုလည်း၊ စိတ်ရှည်သည်းခံ၊ ဇွဲသန်သန်နဲ့ နှလုံးရည်တိုင်ပွဲဆင်နွှဲနေရသူတွေဟာ မိခင်တွေပဲပေါ့။ အထူးသဖြင့် ကိုယ်ခွဲလက်ခွဲမရှိတဲံ ၀န်ထမ်းမိခင်များ နဲ့ စီးပွားထွက်ရှာကြရတဲ့ မိခင်များ ရင်ဆိုင်ကြရပါတယ်။

ကျွန်မ မိခင်ဘ၀ ရောက်စ၊ ခံစားမှုတွေပြောပြချင်ပါတယ်။


သားကြီးကို မွေးဖွားပြီး ခွင့် ၄၂ ရက်ကုန်လို့ကျောင်းသွားတဲ့နေ့မှာ အိမ်ကနေမထွက်နိုင်အောင် ဖြစ်နေခဲ့ပါတယ်။ မျက်ရည်စတွေနဲ့ အင်မတန်စိတ်ခံစားရပါတယ်။ အားတင်းပြီး ကျောင်းကို ထွက်လာခဲ့ရပါတယ်။ ဆရာမဆိုတဲ့ နိုင်ငံ့တာဝန်က ရှိနေသေးတယ်မဟုတ်လား။

ဒုတိယမြောက် သမီးကိုလည်း ရင်ဆိုင်ရတဲ့ခံစားချက်က အတူတူပါပဲ၊ လျော့မသွားပါဘူး။

တတိယတစ်ယောက် သားငယ်ကျတော့ ရင်ဆိုင်ရတဲ့အခြေအနေ ခံစားချက်က ပိုပြီးပြင်းထန်လာပါတယ်။ စိတ်ဓာတ်ရင့်ကျက်လာလို့သာ မိခင်စိတ်နဲ့ ဖြစ်သန်းနိုင်ခဲ့တာပါ။

အတိတ်ကံ အကြောင်းတရားတွေက တစ်ယောက်နဲ့ တစ်ယောက် မတူ ကွဲပြားကြပါတယ်။ သားကြီးတုန်းက ညီမက အိမ်မှာလာပြီး သားကြီး နေ့ကလေးထိန်းကျောင်း ပို့ချိန်အထိ စောင့်ရှောက်ပေးပါတယ်။ ၁၀တန်းကျောင်းသား မောင်အရင်းတစ်ယောက်၊ အလယ်တန်းကျောင်းသား မောင်ဝမ်းကွဲတစ်ယောက်တို့လည်း အိမ်မှာလာနေကြပါတယ်။

သမီးကျတော့ ညီမက အလုပ်ခွင်ဝင်သွားပါပြီ၊ ကျောင်းနေဆဲမောင်များကတော့ အိမ်မှာနေကြပါသေးတယ်။ ကလေးထိန်းသူက လုပ်တတ်ကိုင်တတ် လိမ္မာရေးခြားရှိပြီး ကလေးကို ချစ်ခင်တတ်သူမို့ စိတ်အေးချမ်းသာ ကျောင်းတာဝန် ထမ်းဆောင်နိုင်ခဲ့ပါတယ်။

သားငယ် အလှည့်မှာတော့ မပြည့်စုံမှုတွေက အများကြီးပါပဲ။ ခင်ပွန်းသည်က အဝေးတစ်နေရာကို ပြောင်းရွှေ့အမှုထမ်းရပါတယ်။ အိမ်ထောင်ဦးစီး မရှိခြင်းဟာ အရာရာမပြည့်စုံခြင်းပါပဲ။ မောင်အရင်းက GTI အောင်ပြီး အလုပ်ခွင်ရောက်လို့ အဝေးမြို့သို့ပြောင်းရွှေ့သွားပါပြီ။ မောင်ဝမ်းကွဲကလည်း မိဘအရပ်ထံ ပြန်သွားပါပြီ။ အိမ်မှာ လူမမယ် ကလေး ၃ ယောက်နဲ့ ကျွန်မ လုံးခြာလည်နေပါတော့တယ်။

အပို့အကြိုမလုပ်နိုင်တာနဲ့ သားငယ်ကိုလည်း နေ့ကလေးထိန်းကျောင်းကို မထားနိုင်ပါဘူး။ အိမ်ဖော် ကလေးထိန်းတွေကလည်း မမြဲ၊ အပြောင်းအလဲများတော့၊ သားငယ်က အမေကိုပဲ အကပ်များပါတယ်။ ငယ်ရွယ်စဉ်က သားငယ် ငိုလျက်ပေမယ့် ပုန်းကွယ်ပြီး ကျောင်းသို့ထွက်နိုင်သော်လည်း ၃နှစ်ကျော်အရွယ်မှာတော့ အဖြူ နဲ့ အစိမ်း ကျောင်းဝတ်စုံဝတ်လိုက်ရင် အမေ့ထမိန်စကို မလွတ်တမ်း ဆွဲထားပါတော့တယ်။

ကျောင်းဝတ်စုံဝတ်လိုက်ရင် အိမ်ကထွက်တော့မယ်ဆိုတာသိနေတော့ ခွာလို့မရတော့ပါဘူး။ မုန့်နဲ့ချော့လည်းမရ၊ နို့ဘူးနဲ့ချော့လည်းမရ၊ ချော့နည်းမျိုးစုံ၊ အဖုံဖုံသုံးလည်းမရ၊ အဲဒီအချိန်ဟာ စိတ်ခံစားရအဆုံး အချိန်ပါပဲ။ ကလေးကို အိမ်ဖော်ကလေးထိန်းနဲ့ အိမ်မှာ ချန်ထားနိုင်စွမ်းမရှိတော့ပါဘူး။

ကျွန်မတို့ နေရတဲ့ ၀န်ထမ်းအိမ်ကလည်း လူသူမနီး မြို့အပြင်ဘက်၊ တောင်ကုန်းထိပ်မှာ သီးခြားတည်ရှိနေပါတယ်။ ခင်ပွန်းသည်မရှိတော့လည်း အိမ်ပေါက်အရောက် ကားမဆိုက်တော့ဘူးပေါ့။ ဒီတော့ သားငယ်နဲ့ ကတိ စာချုပ်ချုပ်ရပါတော့တယ်။ ကုန်းခြေအထိခြေလျင်ဆင်းပြီး ဖယ်ရီကားကိုစီးရပါတယ်။

သားငယ် ကုန်းအောက်ခြေအထိ လမ်းလျှောက်နိုင်ရဲ့လား၊ အမေက ထမင်းချိုင့်ခြင်းကြီးနဲ့ သားငယ်ကို မချီနိုင်ဘူးနော်၊ ကျောင်းမှာအမေ စာသင်နေရင် မရှုပ်ရဘူးနော်၊ မငိုရဘူးနော်၊ ဆာရင်ပြောနော် အမေ မုန့်ဝယ်ကျွေးမယ် ဟုတ်ပြီလား…

ပြောသမျှကို သွက်သွက်ကြီး ခေါင်း တဆတ်ဆတ် ငြိမ့်တော့တာပေါ့။ သူ့မှာလည်း ပျော်လွန်းလို့ မြူးနေတာပါပဲ။ အမေနဲ့ အတူလိုက်ရမယ်ဆိုတော့ ရှေ့ကသွက်သွက်ကြီး လျှောက်သွားတော့ပါပဲ။ ပြီးတော့ အမေ့လက်ကိုဆွဲလို့ စကားတွေ ဖောင်ဖောင်ပြောလို့လေ…

ကျောင်းကိုရောက်တော့ ကျောင်းက အထွေထွေလုပ်သားလေးရယ် တပည့်ကျောင်းသားတွေက ၀ိုင်းကူကြပါတယ်။ ကျောင်းဆင်းချိန်မှာ တပည့်တွေက မုန့်ဆိုင်ခေါ်သွားပြီး မုန့်ဝယ်ကျွေးကြတယ်။ အထွေထွေလုပ်သားလေးက ကျောင်းခန်းတွေလှည့်ရာမှာ သားငယ်လက်ဆွဲပြီး ခေါ်သွားလေ့ရှိပါတယ်။ သားငယ်ခမျာလည်း သူ့ကတိတွေတည်ပါတယ်။ ကျောင်းသား ကိုကို တွေကြားမှာ ပျော်နေလို့ ကျွန်မ စိတ်သက်သာရာရပါတယ်။

ကျောင်းပိတ်ရက်တွေမှာ သားအမိ ၄ယောက် ခင်ပွန်းသည်ရဲ့ ဆွေမျိုးများရှိရာ မြို့ကိုအလည်သွားကြပါတယ်။ အဲဒီမှာ ၀မ်းကွဲ အကို၊ အမတွေများက အမေ့ကျောင်းကိုလိုက်နေတဲ့ ၃ နှစ်အရွယ်သားငယ်ကို ဟိုဟိုဒီဒီ မေးကြမြန်းကြတောပေါ့။

“ကျောင်းကြီးကို လိုက်သွားတော့၊ ရည်းစားရှိမှာပေါ့နော်”

“ရှိတယ် ရှိတယ်” သားငယ်က ပြန်အဖြေမှာ အကို အမေတွေက တ၀ါးဝါးရီမောကြပါတယ်။

“ဘယ်နှစ်ယောက်ရှိတုန်းကွ…” ထပ်မေးကြပြန်ပါတယ်။

“သုံးယောက်ရှိတယ်…” လို့ သားငယ်က ဖြေတယ်…

“ဟ.. စွံလှချည်လား၊ နာမည်တွေပြောစမ်းပါဦး…” ၀ိုင်းဝိုင်းလည်မေးကြတာပေါ့လေ။

“ကိုကိုဒေါင်းဝင်း၊ ကိုကိုလှထွန်းကြည့်၊ ကိုကိုဝင်းနိုင်…” လို့ သားငယ်က ပြောလိုက်တော့ တအုန်းအုန်းရယ်မောမဆုံးကြဘူးပေါ့။

တစ်ဆင့် တဆင့် ပြောပြကြတော့လည်း၊ ဆွေမျိုးတွေကြားမှာ ရည်စား ၃ယောက်ရှိတာတဲ့ ဆိုပြီး နာမည်ကိုကျော်လို့ပေါ့…

“၃ အရွယ်က၊ ရည်းစား ၃ယောက် ရှိတယ် တဲ့….”

အမေ
၂၄.၇.၀၈

8 comments:

ဂျစ်တူး - gyit_tu said...

ကိုပီတိအမေရေးပြထားတာ ကောင်းတာ ။ မျက်စိထဲမှာ သူ့ လက်ဆွဲပြီး စကားတွေဖောင်ဖွဲ့ နေတဲ့ ကိုပီတိ အသေးစားလေးကို မြင်လာတယ် ။

၃ ယောက်အဲဒီတုန်းက ထားခဲ့လို့ ၊ ခုတော့ ကျမ်းကျေတယ် ခေါ်မလား ခွိ ။ အသည်းကွဲကဗျာတွေပဲ ရေးနေရတဲ့ အဆင့်ရောက်နေပီပေါ့လေ ဟီးးးး ။ ဒါက ရန် စ လိုက် တား)

ရွှေဂျမ်း said...

ငယ်ငယ်တုန်းက ၃ယောက်က ကိုကိုတွေချည်းဆိုတော့ ကြီးတော့ရောဟင်.. ဟီး

Moe Cho Thinn said...

အော်..တို့က အိမ်ထောင်နဲ့ဘာနဲ့ ထင်နေတာ..။
ဒီလိုဆိုတော့လဲ ကြောက်စရာကြီး..။ :D

pandora said...

သြော်.. ရည်းစားဆိုတာ ဘာမှန်းမသိရှာတဲ့ ကလေး။ အင်း အဲဒီတုန်းကပေါ့လေ…။

ပုံရိပ် / Pon Yate said...

တယ်စွံတာကိုး။

ပီတိ said...

ဟုတ်တယ် ဂျစ်တူး။ ကျွန်တော်လည်း မေမေရေးတာဖတ်ပြီး ကိုယ့်ငယ်ငယ်ပုံကို မြင်နေမိသေးတယ်။
အဲဒါ ကြိမ်းကြေတယ်လို့မခေါ်ဘူး… ဓာတ်တူရာစုတာလေ… အဲ.. ရည်းစားကိုပြောတာနော်… ကိုကိုတွေကိုပြောတာမဟုတ်ဘူး…. ဟိ

ရွှေဂျမ်းရေ… ကြီးတော့လား… မမတွေ ညီမလေးတွေ ပြောင်းရတာပေါ့။ အဲလို မပြောင်းရင် တော့လား… အခုဆို တမျိုးဖြစ်နေလောက်ပြီ… :D

အမ မိုးချိုသင်းကလည်း.. ကျွန်တော်က ငယ်ငယ်လေးပဲရှိသေးတာ… အဟဲ…

ပန်ဒိုရာခင်ဗျား… အခုလည်း ကျွန်တော် မသိသေးပါဘူး… :P

ပုံရိပ်တယောက်ပဲ… အမှန်မြင်တတ်တယ်… ဟားဟား…

လင်း said...
This comment has been removed by the author.
လင်း said...

အခုရောရီးစားဘယ်နှစ်ယောက်လဲ? သက်စေ့သာဆိုရင်တော့ အင်းးး မတွေးရဲစရာ။ စကားမစပ် ရီးစားတွေက ငယ်ငယ်တုန်းကလို ယောက်ျားတွေချည်းဘဲလား ဟိဟိ

Ratings