Thursday, August 28, 2008

အတိတ်ရဲ့ ပုံရိပ်လေးများ

အမ မိုးချိုသင်း ဘလော့ရေးနေတယ်ဆိုတာ မေမေ့ကိုပြောပြမိခဲ့ပါတယ်။ မေမေကလည်း အမ မိုးချိုသင်းရဲ့ ပရိတ်သတ်ဖြစ်နေတော့… “ဟုတ်လားသား... ဆရာမရေးတာတွေက ဖတ်လို့ကောင်းတယ် ပေါ့ပေါ့လေးနဲ့ ဖတ်လို့ကောင်းတာ…” လို့ချက်ချင်းပဲပြန်ပြောနိုင်ပါတယ်။ အမရေးတာတွေဖတ်ရတာ အင်မတန်မှလည်း စွဲပါတယ်။ သူ့ဘလော့ကိုလည်း တရက်တခေါက်မှ မရောက်မနေနိုင်အောင်ပါပဲ…

အဲဒါနဲ့ ဆက်စပ်ပြီးတော့…. “မေမေ ဆရာမမိုးချိုသင်း ရဲ့ အဖေ ဆရာကြီးတင်မိုးနဲ့ သိတယ်ဆို… သူ့အကြောင်းတွေ မေမေငယ်ငယ်ကပြောတာတော့ ကြားဖူးတယ်… ပြန်ပြောပြပါဦး…” ဆိုတော့… မေမေကသူမှတ်မိတာလေးတွေကိုပြောပြပါတယ်။ ကျွန်တော်ကလည်း အဲဒါကို အားမရသေးပါဘူး (ချက်စရာဆားကလိုတယ်လေ… ဟဲဟဲ) … “မေမေရေ… အဲဒါလေးတွေကို စာရေးချလိုက်ရင် ကောင်းမှာနော်.. မှတ်တမ်းတင်သလိုလေးဖြစ်သွားမှာပေါ့… ” ဆိုတာနဲ့ အခုလို မေမေကရေးပြီးတော့ ပို့လိုက်တာပါ….

အတိတ်ရဲ့ ပုံရိပ်လေးများ

နှစ်ပေါင်း ၄၀ကျော်ဆိုတာ စောင့်ရရင်သာ ကြာတာ၊ ကုန်လွန်ခဲ့တဲ့အချိန်ကတော့ ဘာမျှကြာလိုက်တယ် မထင်ရပေဘူး။ မန်းတက္ကသိုလ် အေးရိပ်ညိုကထွက်ခွါခဲ့တာ နှစ်ပေါင်း ၄၀ ကျော်ခဲ့ပြီ။

အတိတ်ကပုံရိပ်တွေ တရေးရေးမြင်လာမိပါတယ်….

တက္ကသိုလ်ရောက်စနှစ် မိန်း (main) အဆောက်အဦးကြီးရဲ့ မြေညီထပ်တောက်ဘက် ကော်ရစ်တာတလျှောက်မှာ ကဗျာ၊ ၀တ္ထု၊ ဆောင်းပါး၊ ကာတွန်းတွေကို board တွေမှာ စက္ကူနဲ့ရေးကပ်ပြီး ထောင်ထားတာမှ တစ်တန်းကြီးပါပဲ။ အားချိန်ရတိုင်း ကိုယ်နေတဲ့ ရွှေမန်းဆောင်ကို မပြန်တော့ပဲ ကဗျာ၊ ၀တ္ထုတွေကို လျှောက်ဖတ်နေမိတယ်။

မန်းတက္ကသိုလ် ကလောင်ရှင်အသင်းရဲ့ လှုပ်ရှားချက်တွေပါပဲ။ အဲဒီခေတ်က မိတ္တူမပေါ်သေးပါဘူး။ လက်ရေးနဲ့ရေးကူးပြီး၊ စာရွက်ကိုကော်နဲ့ board မှာကပ်ရတာ အတော် လုပ်အားစိုက်ထုတ်ယူရတာ၊ တော်ရုံ ၀ါသနာနဲ့ မလုပ်နိုင်ပေဘူး။

ကလောင်ရှင်အသင်းမှာ စောစောပိုင်းက မောင်ပေါက်စီ (မန်းတက္ကသိုလ်) က ဥက္ကဋ္ဌပါ။ အခုတော့ ကွယ်လွန်ရှာပါပြီ။ အဲဒီနောက်တော့ ကဗျာဆရာများဖြစ်တဲ့ တင်မိုး၊ မောင်စွမ်းရည်၊ မောင်သာနိုး၊ ကြည်အော်၊ ကသာဝင်းကြွယ် တို ဦးဆောင်ဦးရွက် လှုပ်ရျားလာကြပါတယ်။ ဘယ်နှစ်မှာ ဘယ်သူ ဥက္ကဋ္ဌဆိုတာကတော့ မေ့နေပါပြီ။

ဥက္ကဋ္ဌ၊ အမှုဆောင်များဟာ များသောအားဖြင့် (ကျွန်မကလွဲရင်) ထင်ရှားတဲ့ စာရေးဆရာ၊ ကဗျာဆရာ၊ စာပေပညာရှင်များ ဖြစ်လာကြပါတယ်။ သမိုင်းပညာရှင် ဒေါက်တာတိုးလှဟာလည်း အဲဒီတုန်းက ကလောင်ရှင်အသင်းအဖွဲ့ဝင် တစ်ဦးပါ။

ကဗျာဆရာတွေဆိုတော့ ကဗျာစာအုပ်တွေ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်းကထုတ်ဝေခဲ့ပါတယ်။ စာပေဗိမာန်ဆုတွေလည်းရကြပါတယ်။ ထုတ်ခဲ့တဲ့စာအုပ်တွေက တင်မိုးရဲ့ ဖန်မီးအိမ် ကဗျာစာအုပ်၊ ကြည်အောင် နဲ့ မောင်စွမ်းရည် နှစ်ဦးပေါင်းရဲ့ စိတ္တရ ကဗျာစာအုပ်၊ တင်မိုးရဲ့ လှေတစ်စင်းနဲ့သီချင်းသည် ကဗျာစာအုပ်တွေပါပဲ။

ကဗျာကို လူဖတ်နည်းပေမယ့် အဲဒီကဗျာစာအုပ်တွေကတော့ နာမည်ကျော်ကြား လူကြိုက်များလှပါတယ်။

သတိရမိသမျှလေးကိုသာ ရေးလိုက်နိုင်ပါတယ်။ စာအုပ်တွေက အညာအိမ်က ဗီရိုထဲမှာရှိနေပါသေးတယ်။ ရန်ကုန်မှာ ခဏဆိုပြီး၊ ခင်ပွန်းနဲ့ သားမသီးတွေ ရှိရာလိုက်လာခဲ့ပြီး။ အညာကို မပြန်ဖြစ်သေးပါဘူး။ အညာအိမ်ရှိရာ ပြန်ဖြစ်မလား၊ စင်ကာပူက သားငယ်ရှိရာသွားဖြစ်မလား နဲ့ အသက် ၇၀ နားနီးတဲ့အထိ၊ ဘ၀မှာ အခြမကျသေးပါဘူး။

ကိုယ့်ရဲ့စာအုပ်လေးတွေကို သတိရလို့ ပြန်ဖတ်ချင်ပေမယ့် အလှမ်းဝေးနေတော့၊ အဝေးတစ်နေရာကပဲ လွမ်းနေရပါတယ်။ ပြန်ရေးချင်တဲ့အခါ ပြည့်ပြည့်စုံစုံ မရေးနိုင်တော့ဘူး။ ဒီလို သက်မဲ့ကိုတောင် လွမ်းနေတတ်တာ ဆိုတော့ အဝေးရောက် သားငယ်ကိုလည်း မလွမ်းဘယ်သူနေပါ့မလဲပေါ့နော်။ လွမ်းတာပေါ့။ လွမ်းလို့လည်း ငယ်စဉ်က ပုံရိပ်တွေ ပြန်ဖော်ပြီး ရေးမိနေခဲ့တယ်။

အခုလည်း မန်းတက္ကသိုလ်မှာ ကဗျာတွေဖတ်ခဲ့တာ၊ စပ်ခဲ့တာ၊ ခင်မင်ခဲ့တဲ့ ကဗျာဆရာ သူငယ်ချင်းတွေကို သတိရနေမိတော့တယ်…

ဒီအရွယ်မှာ ဒါနပြု သီလဆောက်တည် ဘာဝနာပွားရမယ့်အရွယ် ဆိုသော်လည်း၊ အဲဒါတွေပြုရင်း ကြားကာလမှာ သတိရမိအောင် ရနေတတ်ပါတယ်။ ပုထုဇဉ်ကိုးလို့ ကိုယ်ဘာသာ ဖေါ့ဖေါ့လေးဖြေမိတယ်။

အဲဒီကဗျာဆရာကြီးတွေက ကျွန်မတို့ရဲ့ ရှေ့ဆောင်လမ်းပြ အကိုကြီးတွေပါ။ စာပေ၀ါသနာရှင် မောင်မယ်သစ်လွင်တွေကလည်း လေးစားကြပါတယ်။ ကျွန်မ အနေနဲ့ တင်မိုး၊ မောင်စွမ်းရည် တို့နဲ့ တနယ်သားချင်းတွေလည်းဖြစ်နေပြန်တယ်။ နယ်ဆွေနယ်မျိုးတွေပေါ့။

မန္တလေး အမှတ် ၁၇၊ အ.ထ.က မှာ လုပ်ဖော်ကိုင်ဖက်တွေလည်းဖြစ်ခဲ့ပါတယ်။

အထက်ဗမာပြည် စာရေးဆရာအသင်းရဲ့ စာဆိုတော်နေ့ စာတမ်းဖတ်ကြတဲ့ပွဲမှာ၊ ကဗျာဆရာကြီးတွေက စာတမ်းတင်၊ စာတမ်းဖတ်ကြသူများဖြစ်ပြီး၊ ကျွန်မက သူတို့ရဲ့ ပရိတ်သတ်ဖြစ်ခဲ့ပါတယ်။

ဒီလိုဆုံဆည်းမှုတွေအများကြီးရှိခဲ့တာပါ။ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်းရဲ့ လှုပ်ရှားမှုတွေကစပြီး ဆုံဆည်းခဲ့တာလို့ ပြောနိုင်ပါတယ်။

ကလောင်ရှင်အသင်းဟာ လစဉ်စာစောင် မထုတ်နိုင်ပေမယ့် စာရွက်ပေါ်လက်ရေးနဲ့ရေး board မှာကပ်ပြီး တစ်နှစ် ၃ကြိမ်မျှ board စာစောင် ထောင်နိုင်ခဲ့ပါတယ်။ မန္တလေးတက္ကသိုလ်မဂ္ဂဇင်း ၂ကြိမ်ထုတ်နိုင်ခဲ့ပါတယ်။ နှစ်စဉ် စာဆိုတော်နေ့၊ တခမ်းတနားကျင်းပနိုင်ခဲ့ပါတယ်။

မိန်း (main) အဆာက်အဦးကြီးရဲ့ တောင်ဘက်၊ မြက်ခင်းပြင်မှာ စာရေးဆရာကြီးများဖြစ်တဲ့ လူထုဦးလှ၊ မြမျိုးလွင်၊ ဦးမောင်မောင်တင်၊ ဦးချမ်းမြ (မြကေတု) ၊ ရွှေပြည်ဦးဘတင်၊ ဦးဆန်းထွန်း တို့ဟောပြောခဲ့ကြတာပါ။ နားထောင်လို့ကောင်းရုံမက၊ ဗဟုသုတ အသိပညာတွေ အများကြီး တိုးခဲ့ပါတယ်။

ဧည့်ခံဖျော်ဖြေရေးမှာ မန်းတက္ကသိုလ် အနုပညာတီးဝိုင်းနဲ့ ဧည့်ခံပါတယ်။။ အဲဒီတီးဝိုင်းထဲမှာ သားငယ်ရဲ့ အဖေက မယ်ဒလင် တီးခဲ့တာပေါ့…

ကျွန်မအတွက် ပထမဆုံးစာပေဟောပြောပွဲနားထောင်ရခြင်းဟာ အလွန့်ကို အဖိုးတန်လှပါတယ်။ ပညာရှင်ကြီးတွေကို အခုမှ မြင်ဖူးရတာပါ။ ဟောပြောချက်တွေကို အခုမှ နာကြားခွင့်ရတာပါ။ အဲဒီဆရာကြီးများလည်း အခုအချိန်မှာ ကွယ်လွန်သွားခဲ့ကြပါပြီ။ သူတို့ထက် ငယ်ရွယ်သာ ကဗျာဆရာ ကိုတင်မိုးတောင် မရှိရှာတော့ဘူးလေ…

ကိုတင်မိုးကို သတိရရင်း… သူစရိုက် သူ့ဝါသနာကိုပါ အမှတ်ရနေပါတော့မယ်…

ကိုတင်မိုးက တွေ့ရာအကြောင်းအချက်လေးတွေကို ကဗျာစပ်လေ့ရှိပါတယ်။ တစ်နေ့မှာ သူငယ်ချင်းများရှိရာ အဆောင်ကို အလည်းသွားတာ၊ စကားပြောရင်း အချိန်ကုန်မိုးချုပ်သွားတယ်တဲ့… သူက ဆေးလိပ်ကလည်း လက်ကြားမှာ အမြဲညှပ်ထားလေ့ရှိပါတယ်။ ဒီတော့…

ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကိုပြန်ပို့ကြပါလေ…


စပ်လိုက်ပါတယ်။ ဒီကဗျာတိုတိုက ဖတ်သူအပေါင်းအတွေနယ်ချဲ့လို့ မဆုံးတဲ့ကဗျာလေးပါ။ ဧည့်သည်ကြီး ခေါင်းစဉ်နဲ့ ဖန်မီးအိမ်ကဗျာများ စာအုပ်မှာပါပါတယ်။

အမှတ် ၁၇ အ.ထ.က မှာ အထက်တန်းပြအဖြစ် အတူတာဝန်ထမ်းဆောင်စဉ်က၊ ခေတ္တနားချိန်၊ ဆရာခန်းမှာ၊ စကားဝိုင်းဖွဲ့ပြောကြစဉ်၊ ဆရာမဆိုတော့ အချစ်အကြောင်းကိုလည်း မစပ်ချင်ဘူး၊ ဘာကို စာဖွဲ့ရမှန်းမသိတော့ ကဗျာမစပ်ဖြစ်ကြောင်းပြောမိခဲ့တယ်…

ဒီတော့ ကိုတင်မိုးက စာရွက်အလွတ်ပေါ်မှာ ကဗျာတစ်ပုဒ်ကောက်ရေးလိုက်ပါတယ်…

ကဗျာ
ကဗျာရေးမယ်လို့
အတွေးကို သည်မေရှာတော့
ဇဝေဇ၀ါ မထင်ရှားပါတဲ့
ဝိုးတ၀ါး ရုပ်ပုံလွှာ။

အချစ်ရေးကိုလဲ
ကလေးဆဲတယ်ထင်သရှင့်၊
အိပ်ရာဝင်၊ မေ့အတွေးတွေက၊
ချစ်သူကိုတမ်းကာ ဆွေးတာမို့
မရေးစီသာဘု၊
သည်ကဗျာ၊ သည်အလွမ်းကိုလဲ
ဆန်းမဆိုသာ။


တစ်နေ့က ကဗျာစာအုပ်ထဲမှာ သူရေးခဲ့တဲ့ စာရွက်ကလေး တွေ့တော့ အတိုင်းမသိဝမ်းသာမိတယ်။

သေသပ်လှပတဲ့ ကိုတင်မိုးလက်ရေးလေးတွေ။
စာရွက်ကတော့ ၀ါကြန် ကျွတ်နေပြီပေါ့။ ရွရွလေးကိုင်ရတယ်။

၁၉၆၅ ခုနှစ် ဒီဇင်ဘာလ က ရေးသီခဲ့တာဆိုတော့ နှစ်ပေါင်း ၄၃ နှစ်ရှိပြီလေ…

တွေ့ကြုံရာလေးတွေကို စကားပြောရင်း ကဗျာဖြစ်သွားတာတွေ အများကြီးပါ။ ကြာတော့လည်း မေ့ကုန်ပါပြီ။ စာရွက်ပေါ် ရေးခြစ်မိခဲ့တဲ့ ဒီကဗျာပဲ ကျန်ခဲ့ပါတော့တယ်။ ဒါတောင် စာအုပ်ကြားညှပ်နေလို့ ကျန်တာ…

အမှတ် ၁၇ အ.ထ.က မှာ ဆုံဆည်းကြစဉ် အမှတ်တရာဖြစ်စရာလေးများကို ဆက်ရေးပါဦးမယ်…

5 comments:

ပုံရိပ် / Pon Yate said...

ကိုပီတိမေမေ ဘလောက်လို့ နာမည်ပေးဖို့ ကောင်းတယ်။ ကိုပီတိအမေကလည်း စာရေးကောင်းတာပဲ။ ပုံရိပ်ကျတော့ ဘလောက်ဝိုင်းရေးပေးမယ့်သူ မရှိဘူး။

Moe Cho Thinn said...

ကိုပီတိရေ
အဖေ့အကြောင်းလေး အမှတ်တရ ရေးပေးလို့ ကျေးဇူး အထူးတင်ပါကြောင်း ကိုပီတိ မေမေကို ပြောပါနော်။
အဖေသာရှိရင် လူကြီးတွေ အဆက်အသွယ်ရပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြရင် ပျော်စရာကောင်းမှာပဲ။ အမေ့နံမည် ဘယ်လို ခေါ်သလဲဟင်။ ဦးစွမ်းရည်ကို မေးကြည့်မလို့ပါ။ အဆက်အသွယ်ရတာပေါ့နော်။

ပီတိ said...

အဟဲ ပုံရိပ်ရေ.. ဒီလတော့ အဲလိုပဲ အပြောခံရမယ်ထင်တယ်… ချက်စရာဆားတွေကျန်သေးတယ်လေ… ပုံရိပ်ကရေးတာကောင်းတော့ ၀ိုင်းရေးပေချင်တဲ့လူတွေ လက်တွန့်နေတာဖြစ်မှာပါ…

အမမိုးချိုသင်း… မေမေကလည်း သတိတရနဲ့ရေးချင်နေလို့ပါ… မေမေကိုလည်းပြောလိုက်ပါ့မယ်။ ကျွန်တော့်ဘလော့ကို မေမေက ဖတ်လို့ရတော့ သူလည်း အမရေးထားတာမြင်မှာပါ… ဟုတ်ပါတယ်… ရှေးဟောင်းနှောင်းဖြစ်တွေပြောပြီး စိတ်လက် ပေါ့ပါးတာပေါ့…
မေမေနာမည်ကို အမရဲ့ အီးမေးကိုပို့လိုက်ပါ့မယ်.. ကျွန်တော့်ကိုဆက်သွယ်လို့လည်းရပါတယ်…
မေမေလည်း အဆက်အသွယ်ရရင် ၀မ်းသာမှာပါ… နောက်ပြီး တင်ဖို့ရာ ရှိသေးတယ်…

ဒီတလတော့ မေမေရေးတာတွေကို အသုံးချ ဆားချက်တော့မယ်… :P

shwemanthu said...

ကိုပီတိ မေမေက မန္တလေး အထက(၁၇)မှာ တာဝန်ထမ်းဆောင်ခဲ့တာဆိုတော့ ဘယ်အချိန်လောက်ကများဖြစ်မလဲမသိဘူးနော်။ ဆရာကြီးတင်မိုးတို့နဲ့အတူ တာဝန်ထမ်းဆောင်ခဲ့တာဆိုတာ အချိန်အတော်ကြာပြီဆိုတာတော့ခန့်မှန်းမိပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း မန္တလေး (၁၇)ကျောင်းထွက်မို့လို့ပါ။ ဆရာမနာမည်လေးရော သိခွင့်ရှိမလား။ အမှတ် ၁၇ အ.ထ.က မှာ ဆရာမရဲ့ တခြားအမှတ်တရာဖြစ်စရာလေးများလည်း ဖတ်ချင်ပါသေးတယ်။ ကျောင်းပုံရိပ်တချို့ရှိတဲ့ ကျောင်းfacebook page (http://www.facebook.com/BEHS17MANDALAY) လေးကိုလည်း ဆရာမကိုပြောပြပေးပါနော်။

P.Ti said...

သူပြောပုံအရဆို ၁၉၆၅ နဲ့ ၁၉၆၆ နှစ်ပိုင်းလောက်မှာ အလုပ်လုပ်ခဲ့တာဖြစ်ပါလိမ့်မယ်။ ကျွန်တော်သိသလောက် ၁နှစ်လောက်ပဲအဲဒီကျောင်းမှာ လုပ်ခဲ့တာပါ။ ကျွန်တော့် မေမေ နာမည်က သန်းသန်းတင့် ပါ။

အခုလိုအသစ်မရှိတော့တဲ့ ဘလော့ကိုလာဖတ်တာ ကျေးဇူးပါ။

Ratings