Saturday, August 30, 2008

ဆေးပေါင်းခတဲ့လွယ်အိတ်…

ကိုတင်မိုးက လွယ်အိတ်ကို စုစည်း ကိုင်ပြီး လက်ကနေ ဆွဲလာလေ့ရှိပါတယ်။ လွယ်အိတ်အဖျားတွေက မြေကြီးမှာ ဒရွတ်တိုက်နေပါတော့တယ်။ အမှိုက်စ၊ ဖုံ၊ သဲတို့ဆိုတာ ကပ်ပါလာတော့တာပေါ့။

တစ်နေ့သော အနားဆင်းချိန်မှာ ဆရာ၊ ဆရာမများ အစုံအလင် ဆရာများ နားနေခန်းမှာ ၀ိုင်းဖွဲ့ထိုင်နေတုန်း ကိုတင်မိုးက လွယ်အိတ်ကြီးဆွဲပြီး ၀င်လာပါတယ်။ စာသင်ကြားပြီးထွက်လာတော့ လက်မှရော မျက်နှာမှာပါ မြေဖြူမှုံ့တွေ အဖွေးသားပါပဲ။

ဆက်တီ စားပွဲပေါ် လွယ်အိတ်ကြီးချပြီး ကုလားထိုင်မှာ ၀င်ထိုင်ရင်း လွယ်အိတ်ကြိုးနဲ့ မျက်နှာရော လက်ကိုပါ သုတ်ပါတယ်။ မြေဖြူမှုံ့ တွေ လွယ်အိတ်ဆီကိုရောက်ကုန်ပါတယ်။ နောက်ပြီး မောမောပန်းပန်းနဲ့ ရေခပ်သောက်၊ စားပွဲပေါ်မှာ ရှိတဲ့ မုန့်ကိုယူစား၊ ပြီးတော့ ပါးစပ်ရော လက်ကိုပါ လွယ်အိတ်နဲ့ပဲ သုတ်ပါတယ်။

လွယ်အိတ်ထဲမှာ ဒတ်စတာ၊ ခဲတံ၊ ဖောင်တိန်၊ လက်ကိုင်ပ၀ါ အစုံထည့်ပါတယ်။

ကိုတင်မိုးဟာ သူ့လွယ်အိတ်ကို အစုံအသုံးပြုတာပါ။ မျက်နှာသုတ်ပုဝါအဖြစ်၊ လက်ကိုက်ပ၀ါအဖြစ်၊ ထည့်စရာအဖြစ်၊ ဆွဲစရာအဖြစ်။ လွယ်အိတ်ပါရင် သူ့အတွက် အားလုံးပြည့်စုံနေပြီပေါ့။ အသုံးပြုတာများပေမယ့်၊ လျှော်ဖွပ်ခြင်းတော့ ရှိပုံမရပါဘူး။

အားလပ်ချိန် ဆရာစုံလင်နေတော့ လွယ်အိတ်ကိုကြည့်ပြီး တစ်ယောက်တစ်မျိုး ပြောမိကြတယ်လေ။

ဒီလွယ်အိတ်မှာ ဗီတာမင် အစုံရှိလောက်တယ်
နည်းမျိုးစုံအသုံချနေတော့၊ အမျိုးပေါင်းများစွာ ပါဝင်နေမှာ သေချာတယ်
ဒါဆို ဆေးဘက်ဝင် လွယ်အိတ် ဖြစ်ရော့မယ်
နေထိုင်မကောင်းဖြစ်ရင် ဒီလွယ်အိတ်ကို ပြုတ်ပြီး ဆေးအဖြစ်သောက်ရင် ရောဂါပျောက်လောက်တယ်
ဆေးပေါင်းခနေတာကိုး


နဲ့ပေါ့။

အဲဒီနေ့က ရယ်မောလိုက်ကြရတာ နားနေခန်းတစ်ခန်းလုံး ညံနေတာပါပဲ။ ကျောင်းတက် သံချောင်းခေါက်လိုက်မှ လူစုခွဲလိုက်ကြရတော့တယ်။

ကိုတင်မိုးရဲ့ လွယ်အိတ်ကတော့ ဆေးပေါင်းခတဲ့လွယ်အိတ်ရယ်လို့ အမည်တွင်သွားပါတော့တယ်။

ဘယ်သူတွေ ဘာတွေ ပြောပြော အပြုံးမပျက်ပါဘူး၊ အစဉ်ရွှင်ပျ နှလုံးလှသူပါ။

၂၇.၈.၀၈

(မေမေရေးပေးထားတဲ့ သူမှတ်မိတဲ့ ဆရာကြီးတင်မိုးရဲ့ အကြောင်းလေးပါ။)

5 comments:

ဖြိုးငယ် said...

ကောင်းတယ်ဗျာ ... ဆရာ မောင်တင်မိုးကို
သတိရလိုက်တာ

Moe Cho Thinn said...

အသုံးဝင်ဖို့က အဓိက လို့ ယူဆထားပုံပါပဲ။ လူ့စည်းကမ်းတွေကို သိပ်နားမလည်တဲ့ အဖြစ်မျိုး အဖေ့ဆီမှာ တော်တော် တွေ့ဖူးပါတယ်။ သူ့အပေါင်းအသင်း တော်တော်များများလဲ သိကြ၊ သည်းခံကြပါတယ်။

Kay said...

ပီတိ မေမေ ရေး တာ ဖတ်တော့..တမျက်နှာလုံး ပြုံးနေ တတ် တဲ့.. ဆရာ ကြီး ဦးတင်မိုး ကို..နိုင်ငံရပ်ခြား မှာ နေထိုင်သွားလာ ချိန် ထိ..လွယ်အိတ် ကြီး တလုံး နဲ့..ချစ်စရာ ကောင်း နေခဲ့တာ..ပေါ်လွင် လာပါတယ်။ ဟုတ်တယ်..ဆရာကြီးကို..ဆေးလိပ် နဲ့တွဲပီးသာ..စာတွေ ရေးကြပေမဲ့..လွယ်အိတ် ကြီး နဲ့ တွဲရေးတာ..သိပ် မတွေ့မိ သလိုပဲ။

ပီတိ said...

ကိုဖြိုးငယ်… စာလာဖတ်တာ ကျေးဇူးပါတယ်။

အမမိုးချိုသင်းရေ.. လူတစ်ယောက်နဲ့တစ်ယောက် အယူအဆ မတူဘူးကြဘူးနော် … ပစ္စည်းတစ်ခုကိုရွေးရင် ကျွန်တော့်အကိုက အသုံးဝင်မှုကိုပို အလေးထားတယ်၊ ကျွန်တော်က အလှအပကို ပိုအလေးထားတတ်တယ်။

ဟုတ်တယ် မကေ။ မေမေကတော့ ဆရာကြီး ငယ်စဉ်က အကြောင်းတွေကိုပဲသိမယ်။ ကြီးတော့ မတွေ့ဖြစ်ကြဘူးလေ။ တက္ကသိုလ်တက်တုန်းကရယ်၊ ပြီးတော့ ကျောင်းပြီးပြီးချင်း အလုပ်ဝင်တုန်းက အကြောင်းတွေ့ရယ်လောက်ပဲသိမယ် ထင်တယ်….

ချမ်းလင်းနေ said...

Cigar’s burnt down
The sun is brown
Will somebody take me home?

ဆရာကြီးတင်မိုးအတွက် အမှတ်တရပါ။
အမိမြေ
ရီနေဆန့်ဆန်မှ
လူပြန်ဖြစ်ပါဆရာကြီးရေ။

Ratings