Sunday, August 31, 2008

ကြွားဦးမှာ…

စင်ကာပူနိုင်ငံလေးရဲ့ သမိုင်းတလျှောက် အိုလံပစ် ဆုတံဆိပ်ကို နှစ်ကြိမ်တိုင်တိုင် ရခဲ့ဖူးတယ်။ ၁၉၆၀ ရုမ်း အိုလံပစ်မှာ အလေးမအားကစားနည်းနဲ့ ငွေတံဆိပ်တစ်ခုနဲ့၊ ၂၀၀၈ ဘေဂျင်း အိုလံပစ်မှာ စားပွဲတင်တင်းနစ်စ်နဲ့ ငွေတံဆိပ်တစ်ခု ပါပဲ။

တသက်လုံးမှ ဒီငွေတံဆိပ်ဆုလေး နှစ်ခါရတယ် တယ်လည်း အကြွားသန်နေလိုက်တဲ့ စင်ကာပူအစိုးရ၊ ငါတို့ နိုင်ငံလို တချိန်က အားကစားမှာဆို အာရှမှာ လျှမ်းလျှမ်းတောက် ခဲ့ရင်တော့ ပြောလို့ပြီးမှာ မဟုတ်….

သူ့တိုအော်နေတာ ကြွားနေတာ အမြင်ကပ်လာလို့… ငါတို့နိုင်ငံက ရခဲ့တဲ့ အိုလံပစ် ဆုတံဆိပ်တွေများ ဒင်းတို့ သိရင် မနာလိုဖြစ်နေဦးမယ်….


ပုံကို ဒီက ယူထားပါသည်

Google ထဲမှာရှာ … တွေ့ပါပြီဗျာ…

ဒီမှာ ဖတ်ကြည့်တော့

ဘာတဲ့… မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်ကတည်းက (နွေရာသီ) အိုလံပစ် အားကစားပြိုင်ပွဲတိုင်း (၁၉၇၆ခုနှစ်မှအပ) တွင် ပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲလိုပြိုင်နိုင်မှတော့ ဆုတံဆိပ်တွေ ရပြီပေါ့ဗျာ…။ ဆောင်းရာသီ အိုလံပစ်ကိုတော့ တခါမှ မယှဉ်ပြိုင်ဖူးပါဘူးတဲ့…။ အင်းလေ.. ငါတို့နိုင်ငံကပူတယ်၊ ရေခဲတွေ နှင်းတွေ မရှိတော့ ဖြစ်သင့်ပါတယ်။ နွေရာသီပြိုင်ပွဲကိုပဲ အာရုံစိုက်တာပေါ့…

ကဲလာပြီ….၂၀၀၈ ခုနှစ်အထိ မြန်မာနိုင်ငံကံရခဲ့တဲ့ ဆုတံဆိပ်တွေကတော့ တစ်ခုမှ မရှိသေးပါဘူးတဲ့… ဟာ.. ကြွားမလို့လေ… သွားပြီ.. အိုလံပစ်တံဆိပ်တခုမှ မရဖူးသေးဘူးတဲ့… နည်းနည်းတော့ ရှက်သွားတယ်…

ဘယ်နှစ်ယောက်တောင် ယှဉ်ပြိုင်လို့ ဆုတံဆိပ်တွေမရရတာလဲ… အားကစားနည်း သုံးမျိုး (ရေကူး၊ လှေလှော်၊ မျှားပစ်) မှာ အမျိုးသမီးအားကစားသမား လေးယောက်နဲ့ အမျိုးသားအားကစားသမားနှစ်ယောက် စုစုပေါင်း ခြောက်ယောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲတွေမှာ ကပ်ကပ်ပြီး (နောက်ဆုံးမှာ) နောက်တစ်ဆင့်မတက်နိုင်ဖြစ်ကာ ဆုတံဆိပ်တွေနဲ့လွဲခဲ့တာပါတဲ့။

စင်ကာပူနိုင်ငံကတော့ ပြိုင်ပွဲ ၆မျိုးမှာ (ပြေးခုန်ပစ်၊ ကြက်တောင်၊ ရွက်တိုက်၊ သေနတ်ပစ်၊ ရေကူး၊ စားပွဲတင်တင်းနစ်စ်) အားကစားသမားပေါင်း၂၅ ယောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အမျိုးသမီး အသင်းလိုက် စားပွဲတင်တင်းနစ်စ် ကနေပြီး ငွေတံဆိပ်ရရှိခဲ့ပါတယ်။

စဉ်းစားမိတဲ့ အတွေးတစ်ခု စင်ကာပူကတောင် သေနတ်ပစ် ၀င်ပြိုင်နိုင်သေးတာ၊ ငါတို့နိုင်ငံလို သေနတ်ပစ်တာ ကျွမ်းကျင်တဲ့လူပေါတဲ့တိုင်းပြည် ဘာလို့ မယှဉ်ပြိုင်နိုင်တာလဲဆိုတာပါပဲ။ မှန်အောင်ပစ်နိုင်တာကတော့ အသေအချာပဲလေ။ အတွေးက မှားချင်လည်းမှားမယ်လေ…. ကိုယ်ဥာဏ်မှီသလောက် တွေးကြည့်တာပါ…

၂၀၀၄ အေသင် အိုလံပစ်ထက်စာရင်တော့ ၂၀၀၈ ဘေဂျင်း အိုလံပစ်မှာ ကျွန်တော်တို့နိုင်ငံက အားကစားသမား ၃ဆ ပိုပြီးစေလွှတ်ယှဉ်ပြိုင်စေခဲ့ပါတယ်။ တိုးတက်လာတယ်ဆိုတဲ့ ပြယုဂ်လေးတွေပါ။ တကယ်တော့ ကျွန်တော်တို့နိုင်ငံမှမဟုတ်ပါဘူး တခြားသော ၇၄ နိုင်ငံတွေလည်း အိုလံပစ်ဆုတံဆိပ် တစ်ခုမျှ မရဖူးပါဘူး။ ၂၀၀၈ ပြိုင်ပွဲဝင်တာ ၂၀၄ နိုင်ငံ ဆိုတော့ သုံးပုံတပုံလောက်က ဆိုတစ်ခါမှ မရဘူးသေးတဲ့ သဘောပေါ့… အဲတော့လည်း အားငယ်စရာမဟုတ်ပေါ့နော်… ဆုမရဖူးတဲ့အထဲမှာ ကမ္ဗောဒီယားတို့ လားအိုးစ်တို့ နဲ့ ချမ်းသာပါတယ်ဆိုတဲ့ ဘရူနိုင်းတို့တောင်ပါသေးတယ် သိပ်တော့လည်းမဆိုးပါဘူး။

ကြံဖန်ပြီး ဂုဏ်ယူရရင်တော့ ဒီနှစ်မှာတော့ ဘယ်သူမှ တားမြစ်ဆေးသုံးထားတယ်လို့ သတင်းထွက်မလာပါဘူး။

နောက်ထပ် ဂုဏ်ယူစရာတစ်ခုကတော့ ပထမဆုံးသော မြန်မာ အမျိုးသမီးတစ်ဦး ဘောလုံးပြိုင်ပွဲတွေအတွက် ဒိုင်လုပ်နိုင်ခြင်းပါပဲ။ မကောဂျာ လို့ခေါ်တဲ့ အမျိုးသမီးဘောလုံးစည်းကြပ်ဒိုင်ဟာ အမျိုးသမီးဘောလုံးပြိုင်ပွဲတွေမှာ တာဝန်ယူဆောင်ရွက်သွားတယ်လို့ဆိုပါတယ်။ ငါတို့တိုင်းပြည်မှာ အမျိုးသမီးတွေက ပိုပြီး တော်နေပါလား…

သြော် နောက်ပြီး ၂၀၀၈ ဘေဂျင်းအိုလံပစ်မှာပေးတဲ့ ဆုတံဆိပ်တွေက ကျောက်စိမ်းနဲ့လုပ်ထားတာ။ အဲဒီကျောက်စိမ်းတွေက ဘယ်ကမှတ်လို့လဲ.. ငါတို့ မြန်မာနိုင်ငံ ကချင်ပြည်နယ်ကထွက်တာတွေလေ…. ဘယ်လောက်ဂုဏ်ယူဖို့ကောင်းလဲ…

ကဲ ကြွားစရာလည်းမရှိတောဘူး… ငယ်ငယ်တုန်းကတော့ အားကစားမြှင့်တင်ရေး သီချင်းတွေ ကို အမြဲကြားနေရပါတယ်။ အားကစား ဆောင်ပုဒ်တွေလည်း မြင်နေကြားနေရပါတယ်။ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရမည် ဆိုတာလေ။

နောက်ပြီးအဆိုတော်ဖြိုးကြီးရဲ့အဖေ စပ်ထား တဲ့သီချင်းကို ကလေးတွေလိုက်ဆိုသံလည်း ကြားဖူးပါရဲ့ “အားကစား မြှင့်တင်ခြင်းသည် နိုင်ငံတော်ကိုညာကာ စားသောက်နေခြင်းဖြစ်ပါသည်… ” တဲ့ .. ပြီးတော့ ဘာတဲ့ “အားကစား ရည်မှန်းချက်သည် မြန်မာ့ဖင်ခေါင်း ဆင်ဝင်အောင်းရမည်…” ဆိုလား…
သီချင်းကတော့ အဲလောက်စာသားညံ့မည်မထင်၊ ကလေးတွေဆိုတာ မှားဆိုတယ်ထင်ပါတယ်။ မှားနေရင်လည်း ပြင်ပေးသွားနိုင်ပါတယ်။

အားမှကစားတဲ့ အားကစားဆိုတော့လည်း လူတွေက စားဝတ်နေရေးနဲ့၊ ကူရကယ်ရနဲ့ဆိုတော့ မအားကြတော့လို့ထင်ပါတယ်….

အိုလံပစ် ဆုတံဆိပ်လေး တစ်ခုလောက်ရရင်တော့လား… စင်ကာပူက ကောင်တွေကို ကြွားပစ်လိုက်ဦးမယ်… ဘာမှတ်နေလဲ…

7 comments:

လူလ said...

ကြွားလိုက်တာ လက်ကုန်ပဲ၊ ဟားဟား ၊ ဒီစာဖတ်ရင်း ဟိုလူကြီး လေသံနဲ့ ဆင်သလိုလိုပဲ အဟိ၊ ဟုတ်ပ သေနတ်ပစ် ကြွမ်းတဲ့လူတွေ ဆုမရတာ နာတယ်ဗျာ
လာ ကလော်သွားတယ် ဗျို့  ..
ရွှင်လန်းချမ်းမြေ့ပါစေ...

ဂျစ်တူး - gyit_tu said...

ကြွားခွင့်မရတဲ့ ကိုယ့်ဘ၀ကိုယ် သနားတယ် သနားတယ် ။

ဒါလေးဖတ်ပီး ပြုံးမိတယ်း)

MyowinZaw said...

အင်း ငါ့နိုင်ငံပတ်သတ်ပြီး ကြွားစရာဘာရှိလဲစဉ်းစားဦးမယ်........

ပီတိ said...

ကိုလူလ… ရှိတာအကုန်ကြွားတာလေ… ဟဲဟဲ ဘယ်သူ့လေသံနဲ့ဆင်တာလဲဗျ.. လုပ်ပါဦး…

ဟုတ်တယ် ဂျစ်တူး.. သနားလို့ရေးလိုက်မိတာ…း)

ကိုမျိုးဝင်းဇော် စဉ်းစားလို့ရရင် ပြောပါဦး၊ ထပ်ကြွားချင်လို့ပါ…

JulyDream said...

အင်း... ဆုတွေ ရရင် စလုံးတွေကို ကြွားပစ်လိုက်ဗျာ။ သေနတ်ပစ်ကတော့ အရှေ့တောင် အာရှမှာတော့ ဆုတွေ ချိတ်တယ်ဗျ။ ပြည်တွင်းမှာတော့ ချန်ပီယံပဲလေ။ အိုလံပစ်မှာတော့ သူတို့ထက် သာတဲ့လူတွေပဲ ရှိလို့ နေမှာပေါ့။ ဒါမှမဟုတ် သေနတ်တွေပဲ ကွာလို့လား မသိဘူး။

သဉ္ဇာ - Thinzar said...

ဒီလိုဘဲ ရှာကြံပြီး ကြွားနေရတယ်နော်။ =)

ပီတိ said...

ဟုတ်တယ် ကိုဂျူလိုင်ရေ.. ကြွားကိုကြွားမှာ... ပစ်တဲ့နည်းမတူတာလည်း ဖြစ်နိုင်တာပဲနော်...

ဟုတ်တယ် သဉ္ဇာ... ဒါတောင် တော်တော်ရှာထားရတယ်... :D

Ratings