Tuesday, September 30, 2008

မုန့်ပေါင်းမစားရတဲ့ည ရဲ့ အကြောင်းအရင်း

မိဘဆိုတာ သားသမီးတွေရဲ့ လိုအင်ဆန္ဒကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးတတ်ကြပါတယ်။

ကျွန်တော်တို့မိသားစုမှာလည်း မိဘနှစ်ပါးက ကျွန်တော်တို့ရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ အခုအချိန်အထိလည်း ဖြည့်ဆည်းပေးနေတုန်းပါပဲ။ မိဘတွေက ၀န်ထမ်းတွေဖြစ်တော့ ၀န်ငွေထွက်ငွေမျှတအောင် သုံးစွဲရတော့ ဈေးကြီးတဲ့ပစ္စည်းတွေကို ပူဆာမိရင် ၀ယ်မပေးနိုင်တော့ မလိုက်လျောနိုင်ဘူးပေါ့။

မှတ်မှတ်ရရ ကျွန်တော်မိဘတွေကိုပူဆာမိတာ ငါးကြိမ်ရှိပါတယ်။ အမှတ်မရတာတွေကတော့ အများကြီးပါပဲ။ အဲဒီအထဲက တစ်ကြိမ်တစ်ခါသာ မိဘတွေဘက်က ကတိပျက်ဖူးပါတယ်။ အဲဒီအချိန်မှာ သားသမီးတစ်ယောက်ရဲ့ စိတ်ခံစားရတာကို ပြောပြချင်လို့ပါ။ အခုအချိန်မှာတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်ကွက် ငြိုငြင်ခြင်းမရှိတော့ပါဘူး။

တကယ်တော့လည်း လိုက်လျောခဲ့တဲ့ ကိစ္စတွေနဲ့ ကြည့်လို့ရှိရင် အသေးအမွှားကိစ္စလေးပါ။ ဒါပေမယ့် မိဘတွေပေးတဲ့ကတိကို မျှော်လင့်နေတဲ့ ကလေးတစ်ယောက်အတွက်ကတော့ အနည်းငယ်ကြီးမားပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်ကပေါ့….

ကျွန်တော်တို့ မြို့လေးမှာ တန်ဆောင်မုန်းလမှာကျင်းပတဲ့ ရွှေစည်းခုံဘုရားပွဲအပြီး ပုဂံက အာနန္ဒာဘုရားပွဲက တစ်လကျော် ပြာသိုလမှာကျင်းပပါတယ်။ အာနန္ဒာဘုရားပွဲချိန်ဟာ အနီးအနား ရွာတွေက တောင်သူဦးကြီးတွေ လုပ်ငန်းခွင်ပြီးချိန်၊ ငွေစရွှင်ချိန်မှာ ကျင်းပတာကလည်းဖြစ်၊ အနီးအနားပတ်ဝန်းကျင်မြို့တွေမှာ ဘုရားပွဲတွေမရှိတဲ့ အချိန်လည်းဖြစ်လို့ အင်မတန်စည်ကားပါတယ်။ ရွာတွေမှ ဘုရားပွဲကို လှည်းတွေနဲ့လာ တစ်ပတ်နှစ်ပတ် လှည်းဝိုင်းတွေနဲ့ စတည်းချပြီးနေသလို၊ ပတ်ဝန်းကျင် ကျောက်ပန်းတောင်း၊ ချောက်၊ ပခုက္ကူ စတဲ့မြို့တွေမှလည်း ကားတွေ ဆိုင်ကယ်တွေနဲ့ လာကြလို့ ရွှေစည်းခုံဘုရားပွဲထက်လည်း ပိုလို့စည်ကားပြန်ပါတယ်။ ဘုရားပွဲကိုလာပြီးရောင်းချတဲ့ ဆိုင်တွေအနေနဲ့လည်း ပိုပြီးများပါတယ်။

အဲဒီအထဲမှာ ကစားစရာအရုပ်ရောင်းတဲ့ဆိုင်တွေ ပိုများတယ်ဆိုတာကိုတော့ ကျွန်တော်တို့ကလေးတွေ ပိုပြီးသိတာပေါ့…

အဲလိုကစားစရာရောင်းတဲ့ဆိုင်တွေထဲမှာ ချောက်မြို့မှာနေစဉ်ကတည်းက အေးစေတေီဘုရားပွဲတိုင်း မေမေတို့ အကို့ကို အရုပ်ဝယ်ပေးနေကျ ဖောက်သည်အရုပ်ဆိုင်လည်းပါပါတယ်။ အဲဒီအရုပ်ဆိုင်ကကြီးလည်းကြီးသလို ပစ္စည်းတွေလည်းစုံပါတယ်။

ကျွန်တော့်အသက် ရှစ်နှစ်သားလောက်မှာ အဲဒီဆိုင်မှာတွေ့တဲ့ ကစားစရာတစ်ခုကိုပူဆာမိပါတယ်။ အဲဒီကစားစရာက ကားအမျိုးပေါင်း ၁၆မျိုး အထိဖြစ်အောင် အစိတ်အပိုင်းအသေးလေးတွေ ပေါင်းစပ်ပြီး လုပ်ရတာပါ။ ငယ်ငယ်လေးကတည်း ကားနဲ့ စက်ပစ္စည်းစိတ်ဝင်စားတဲ့ ကျွန်တော်က အဲဒါလေးကို လိုချင်မိတော့ မေမေကိုပူဆာမိပါတယ်။

မေမေက ဈေးမေးကြည့်တော့ ၂၅၀ တဲ့…

ဈေးလည်းသိသွားတော့ မေမေက
“ဈေးကြီးပါတယ် သားငယ်ရယ်.. အခြား ကားလေးတွေ ၀ယ်ပေးမယ်နော်…” လို့ပြောပေမယ့် ကျွန်တော်ကတော့ အဲဒီ ကစားစရာကိုသာ လိုချင်မိပါတော့တယ်။

တကယ်တော့လည်း လစာ ၄၀၀ ကျော်သာရတဲ့ အထက်တန်းပြဆရာမတစ်ယောက်အနေနဲ့ လစာရဲ့ တ၀က်ကျော်ဖြစ်တဲ့ ကစားစရာတစ်ခု ၀ယ်ပေးဖို့ရာ စိတ်ကူးနိုင်မည်မဟုတ်ပါဘူး။

ကျွန်တော်ကလည်း ပူဆာလွန်းမကပူဆာတော့
“သားငယ် တကယ်လိုချင်နေရင်လည်း ၀ယ်ပေးမယ်။ ဒါပေမယ့် ဒီနှစ်တော့မဟုတ်ဘူး။ အခုကစပြီး တစ်နှစ်လုံး ကျောင်းသွားရင် မုန့်ဖိုးမယူပဲနေရမယ်။ အဲလိုဆိုရင် နောက်နှစ်ကျရင်ဝယ်ပေးမယ်… ဘယ်လိုလဲ.. မုန့်ဖိုးမယူပဲနေနိုင်လား… ”

ကျွန်တော်ကလည်း မစဉ်းစားပဲ
“နေနိုင်တယ်… နောက်နှစ်ကျရင် တကယ်ဝယ်ပေးနော်…”
“အေး… ၀ယ်ပေးမယ်…”

မူလတန်းကျောင်းသားဘ၀မှာရတဲ့ တစ်နေ့ တစ်မတ် မုန့်ဖိုးကို မယူပဲ တစ်နှစ်လုံးနေရမည့် အဖြစ်ကို မေမေက မသေချာသေးတော့ ပြန်မေးပါတယ်…
“သားငယ်… တစ်နှစ်လုံး မုန့်ဖိုးမယူပဲနေနိုင်လို့လား…”
“နေနိုင်တာပေါ့…”
“မုန့်ဖိုးမရှိတော့ ကျောင်းမှာ သားက ဘာဝယ်စားမှာလဲ….”

ကျွန်တော်ကလည်း ခဏစဉ်းစားပြီးတော့
“အမေ့ဆီက မုန့်ဖိုးမယူပဲ… အမေတိုးဆီကယူမှာပေါ့….”
“ဟားဟား… ငါ့သားကတော့ အကြံပိုင်ပါ့ကွာ…”

အမေတိုးဆိုတာ ဖေဖေ့ရဲ့အမ၊ ကျွန်တော့်ရဲ့အဒေါ်ပါ။ အဲဒီအဒေါ် နဲ့ ဦးလေးက ကျွန်တော်ကို ငယ်စဉ်ကတည်းက ထိန်းလာခဲ့ပါတယ်။ မေမေစာသင်တဲ့ အထက်တန်းကျောင်းနဲ့ နေ့လည်ထမင်းစားချိန်မတူတဲ့ မူလတန်းကျောင်းမှာ ကျောင်းတက်စဉ်တလျှောက် နေ့လည်စာကို အဒေါ့်အိမ်မှာပဲစားသောက်ခဲ့ပြီး မုန့်ဖိုးလည်း အဲဒီအိမ်ကပဲ တောင်းမယ်လို့ ပြောလိုက်တာပါပဲ…

အဲသည်လို မေမေ့ဆီက တစ်နှစ်လုံးမုန့်ဖိုးမယူခဲ့ပဲ… နောက်နှစ် ပြာသိုလ အာနန္ဒာဘုရားပွဲသို့ ရောက်လာပြန်ပါတယ်။

ဘုရားပွဲက အရုပ်ဆိုင်ကိုရောက်တော့ မနှစ်ကပူဆာခဲ့တဲ့ အရုပ်ကိုပဲ ထပ်ပြီး ပူဆာပြန်ပါတယ်။ ၀န်ထမ်းဖြစ်ပြီး ငွေပိုငွေလျှံမရှိတတ်တဲ့ မေမေကတော့ အင်းမလုပ်အဲလုပ်တော့ပါဘူး။

“မေမေ… တစ်နှစ်လုံး မုန့်ဖိုးမယူခဲ့ဘူးလေ… ၀ယ်ပေးတော့လေ….”
“ဈေးကြီးပါတယ် သားရယ်… တခြားအရုပ်ပဲယူပါနော်…”

လိုတာမရတော့ စိတ်ထဲမှာ တွေးမိတာကတော့ ၀ယ်မပေးလည်းနေ ကိုယ့်ဘာသာကိုယ် ပိုက်ဆံစုပြီးဝယ်မယ် ဆိုပြီး ရတဲ့မုန့်ဖိုးတွေကို တတ်နိုင်သလောက်စုမိပါတယ်။

သီတင်းကျွတ် အဖိုးအဘွား၊ ဦးလေးအဒေါ်တွေကို ကန်တော့လို့ရတဲ့ မုန့်ဖိုးတွေကိုလည်းစု၊ ဆွေမျိုးတွေရဲ့ ကထိန်တွေမှာ ကမ်း(ဝေ) တဲ့ ပိုက်ဆံတွေကိုလည်းစု၊ နေ့စဉ်ရတဲ့မုန့်ဖိုးတွေကိုလည်း စုဘူးထဲထည့်နဲ့ စုခဲ့ပါတယ်။ နောက်နှစ်မှာ ပြာသိုလ ဘုရားပွဲမှာဝယ်မယ်ဆိုတဲ့ စိတ်နဲ့ပေါ့…

ဘုရားပွဲချိန်ရောက်တော့ အဲဒီ ကစားစရာက ရှာလို့မရတော့ပါဘူး။ ကျွန်တော်ကလည်း တခြားကစားစရာတွေကိုလည်း မလိုချင်တော့တာနဲ့ စုထားတဲ့ပိုက်ဆံကိုလည်း မသုံးဖြစ်တော့ပါဘူး။ သုံးရမှာလည်း နှမြောသလိုလည်း ခံစားမိပါတယ်။

မှတ်မိသလောက်ဆို အဲဒီအချိန်မှာ မုန့်ပေါင်းဝယ်စားတဲ့အခါ အကြွေမရှိလို့ မေမေက ကျွန်တော်ဆီက ပိုက်ဆံချေးတာကို ထုတ်မပေးခဲ့ဘူးလို့ ထင်တာပါပဲ… အဲဒီအကြောင်းကို ဒီမှာ မေမေရေးထားတာကို ဖတ်နိုင်ပါတယ်….

အဲဒီလို ကစားစရာလေးဝယ်မပေးခဲ့တဲ့အတွက် မကျေနပ်မှုကို ကျွန်တော် အသက်ကြီးလာတော့မှ မိဘတွေရဲ့ အပူတွေကို နားလည်ပြီး စာနာလာနိုင်ပါတော့တယ်။

မိဘတွေဆိုတာ သားသမီးတွေရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းရုံသာမ နေ့စဉ်စားဝတ်နေရေး အတွက် လှုပ်ရှားရုန်းကန်ရပါတယ်။ သားသမီးတွေရဲ့ ရှေ့ရေးကိုလည်း ထည့်တွက်စဉ်းစားရပါသေးတယ်။

မိဘတွေရဲ့ကျေးဇူးကိုပြောမယ်ဆို စဉ်းစားမိတာလေးနဲ့တင်ပဲ ဆပ်မကုန်နိုင်တော့ပါဘူး။

ကိုယ်တိုင်မိဘဖြစ်ရင်တောင် ကိုယ်မိဘလောက် သားသမီးတွေရဲ့ ဆန္ဒဖြည့်ပေးနိုင်ပါမလား မသိဘူးနော်…

ဒီစာကို ရေးရင်းနဲ့… မိဘကျေးဇူးတွေကို အောက်မေ့ရင်းနဲ့ ရိုသေစွာ ကန်တော့လိုက်ပါတယ်။

ဖေဖေ နဲ့ မေမေ ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေ….

Read More...

တနေ့တာ

အိမ်ယာထ
ရေချိုး
အ၀တ်လဲ
ရုံးကိုပြေး
မနက်စာစား
အီးမေးလ်ဖတ်
စာပြန်
အလုပ်လုပ်
ရံဖန်ရံခါ chat
နေ့လည်စာစား
အလုပ်ငိုက် ၊ chat
ဈေးရောင်း
အပြီးသတ်
အိမ်သာသွား
အိတ်ပြင်
အိမ်ပြန်
ဖြစ်သလိုစား
ဘလော့ဖတ်
အိပ်….

Read More...

Thursday, September 25, 2008

မှတ်မိသေးလား

မိုးရာသီဆိုတော့ ရန်ကုန်မိုးက နေ့စဉ်ရက်ဆက် မပြတ်ရွာသွန်းနေတယ်။ တိုက်ခန်းထဲ အနေကြာတော့ စိတ်ထိုင်းမှိုင်းပြီး လေးလံနေပါတယ်။

လန်းဆန်းပေါ့ပါးသွားအောင် မိုးတိတ်သွားတဲ့ ညနေခင်းမှာ လမ်းလျှောက်ထွက်ခဲ့ပါတယ်။ ရာသီက အုံ့မှိုင်းမှိုင်း မလင်းတလင်း မိုးရွာပြီးစမို့ လမ်းပေါ်မှာ ရေစီးကြောင်းလေးတွေ တောင် စီးဆင်းနေသေးတယ်။

ကလေးနှစ်ယောက် မီးဂျလယ်လေးတွေ ကိုယ်စီတွန်းပြီး ပြုံးရွှင်နေတာ မြင်တွေ့လိုက်တော့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်ဆီ စိတ်က ရောက်သွားပါတယ်။ ဖြစ်ရပ်ကလေးကိုလည်း တရိပ်ရိပ်မြင်ယောင်လာပါတယ်။

ဖြတ်သန်းခဲ့တဲ့နှစ်တွေ အကုန်မြန်လိုက်တာနော် မနေ့တနေ့ကလို့ထင်ယောင်မိတယ်။ တစ်နေ့တစ်နေ့ရယ်နဲ့ တရွေ့ရွေ့ရက်တွေကုန်ခဲ့တာကိုး။

အခုမြင်တွေ့ရတဲ့ ကလေးတွေက လွန်ခဲ့တဲ့ နှစ် အစိပ်က သားငယ်အရွယ်ပါပဲ။ လက်တစ်ဖက်က အမေ့လက်ကိုဆွဲလို့ တဖက်က မီးဂျလယ်ကိုတွန်းလာတယ်။ ဆိုင်က ၀ယ်ပြီးပြီးချင်း တွန်းကစားလာတာထင်ရဲ့ ဖယောင်းတိုင်မီးတော့မပါဘူး။

ဒီနေ့ တော်သတင်းလပြည့်ကျော် ၁ ရက်နေ့၊ ၀ါကျွန်ဖို့ တစ်လလျော့လျော့လိုသေးတာပဲ။ လမ်းပေါ်မှာ ရွှံ့ဗွက်တွေနဲ့ ဘယ်လိုမှ မီးဂျလယ်တွန်းလို့ကောင်းတဲ့ အခြေအနေမဟုတ်ပေဘူး။ ဆန္ဒစောလှတဲ့ ကလေးတွေ ပူဆာတော့လည်း မိခင်တွေက လိုက်လျောရတယ်ထင်ပါရဲ့။

ကျွန်မ သားငယ်ကို မလိုက်လျောခဲ့မိဘူး။ အခုသတိရတဲ့အချိန် စိတ်မကောင်းတောင် ဖြစ်မိပါတယ်။

ဝါကျွတ်ပွဲမှာ ကလေးတွေကစားဖို့ ကားပုံ၊ ဘင်္ဘောပုံ၊ ကရ၀ိတ်ပုံ ပုံစံမျိုးစုံလုပ်ရောင်းကြတယ်။ ကျွန်တော်မတို့ ကလေးအရွယ်က ရောင်းသူမရှိဘူး။ မိဘတွေကိုယ်တိုင် သားသမီးတွေအတွက် လုပ်ပေးကြရပါတယ်။ ကျွန်မတို့ မိဘဖြစ်တော့ ရောင်းသူရှိနေပါပြီဆိုတော့ ၀ယ်ပေးလိုက်ရုံပါပဲ။

ကစားစရာ ပြုလုပ်ပုံကို သိသလောက်ပြောရရင် ၀ါးနဲ့အ၀တ်စကြိုးကိုသုံးပါတယ်။ ၀ါးကို စိပ်ခွဲပြီး၊ ကားပုံ၊ သင်္ဘောပုံ၊ ကရ၀ိတ်ပုံ ဖရိန်ခွေတယ်။ ကြိုးအဖြစ်သုံးတာက အ၀တ်ဟောင်းကို ၁ စင်တီမီတာ အကျယ်လောက် ဆုတ်ဖြဲ၊ ထမင်းရည်ကော်တင်ပြီး သုံးတယ်။

ပုံကြမ်းပေါ်မှာ မှန်ရောင်စက္ကူ၊ ၀ါ စိမ်း နီ ပြာ ကို ကပ်ရတာပါပဲ။ ဆီစိမ်စက္ကူကတော့ ဈေးမြင့်လို့ မသုံးနိုင်ကြပါဘူး။ ရှေ့ပိုင်းနည်းနည်းပဲသုံးတယ်။ အလယ်မှာ ဖယောင်းတိုင်ထွန်းဖို့ သံဖြူပြားလေးကို လိပ်ပြီး မြဲအောင်ချည်ထားပါတယ်။ ဘီးအဖြစ်ကတော့ ဘူးခွံအဖုံး၊ အပိတ် တို့ကိုသုံးပါတယ်။

သီတင်းကျွတ်လပြည့်မတိုင်ခင်ကတည်းက နေရောင်ပျောက်စ ညနေဆည်းဆာရောက်ရင် လမ်းမပေါ်မှာ မီးရောင်တလက်လက်နဲ့ ရောင်စုံကားလေးတွေ သင်္ဘောလေးတွေ ဆွဲလို့ ကလေးတွေ ပျော်ရွှင်စွာ သွားလာနေကြတယ်။ တစ်ချို့က မီးဂျလယ်တွန်းတယ်၊ တုတ်နဲ့ တွန်းရတဲ့ မီးဂျလယ်က တွန်းသွားရင် မီးထွန်းတဲ့နေရာက ချာချာလယ်တယ်၊ တစ်ချို့က မီးပန်းပစ်လွှတ်ကြတယ်။ ဗျောက်အိုးဖောက်လေ့ရှိပေမယ့်၊ မဖောက်ရ ကန့်သတ်ထားတာမို့ ကြိုကြား ကြိုကြားလောက် ဖောက်သံကြားရတယ်။

ရောင်စုံကစားစရာ ကိုယ်စီနဲ့ ကလေးတွေ စကားတပြောပြော တသောသောနဲ့ လရောင်အောက်မှာပျော်လေ့ရှိကြတဲ့ သီတင်းကျွတ်ပွဲအခါပေါ့။ လပြည့်မတိုင်ခင် ၂ရက် ၃ရက် နဲ့ လပြည့်ည အလွန်ဆုံး ၄ရက်လောက် ရောင်စုံကစားစရာတွေနဲ့ ကလေးတွေကစားကြပါတယ်။

လွန်ခဲ့တဲ့ အနှစ်အစိတ်လောက်က ၀ါကျွတ်ပွဲကစားစရာဈေးပြောရရင် အရွယ်အစားလိုက်ပြီး ဈေးနှုံးကွာပါတယ်။ ကားလေးတွေက ၁၀ကျပ်၊ ၁၅ကျပ်၊ သင်္ဘောက ၁၅ကျပ်၊ ၂၀ကျပ်၊ ကရ၀ိတ်က ၂၅ကျပ် တန်ဖိုးရှိပါတယ်။ ကရ၀ိတ်က ဈေးအမြင့်ဆုံးပါ၊ ကြီးလည်းအကြီးဆုံးပါ။

သားငယ်က ကရ၀ိတ်လိုချင်တယ်လို့ ပူဆာပါတယ်။ နှစ်ည သုံးည ကစားပြီးရင် ချောင်ထိုးထားရမယ့် ကစားစရာကို ၂၅ကျပ် အကုန်ခံရမှာ ကျွန်မ တွန့်နေမိတယ်။

လွန်ခဲ့တဲ့ နှစ်အစိတ်က ၂၅ကျပ်ငွေကို အတော်ချိန်ဆပြီးမှ သုံးလေ့ရှိကြပါတယ်။ ငွေတန်ဖိုးရှိခဲ့ပါတယ်။ အထက်တန်းပြဆရာတစ်ဦး လစားကမှ ၄၀၀ ကျော်ရတာပါ။

သားငယ်က လူပါး၊ အမေ့ကိုပူဆာလို့ မရတော့၊ သူ့ရဲ့ အမေတိုး (ကျွန်မရဲ့ယောင်းမ) ကိုပူဆာပါတယ်။ ပူဆာတာမှ အနားကပ်ပြီး မခွာတန်း တငြိငြိနဲ့ နှုတ်ခမ်း စူပွစူပွ ပြောနေတော့ နားငြီးတာနဲ့ သားငယ်လိုချင်တဲ့ ကရ၀ိတ်ကြီးဝယ်ပေးလိုက်ရတော့တာပေါ့။

သားငယ် ကြိုးစားပူဆာခဲ့ရတဲ့ ကရ၀ိတ်ကြီးကို ၀ါကျွတ်ပွဲပြီးတော့ ကျွန်မတို့ စနစ်တကျ လှေကားအောက်မှာ သိမ်းထားပါတယ်။ နောက်နှစ်တွေမှာ စက္ကူအသစ်ပြန်ကပ်ပေးပြီး သားငယ်ကို ၀ါကျွတ်ပွဲ ဆက်လက် ဆင်နွှဲ စေပါတယ်။ သားငယ် ဘယ်နှနှစ်ဆက်လက် ဆင်နွှဲခဲ့တယ်ဆိုတာတော့ မမှတ်မိတော့ပါဘူး။

တစ်နှစ်က ၀ါကျွတ်ပွဲနီးချိန် တူကမွေးတဲ့ မြေးတော်သူတစ်ဦး အိမ်ရောက်လာပြီး ကရ၀ိတ်ကြီးလိုချင်တယ်ဆိုတော့ ကျွန်မ ရက်ရက်ရောရောပေးလိုက်တော့တယ်။

အဲဒီနှစ် သားငယ် တက္ကသိုလ် ကျောင်းသားကြီးဖြစ်နေပါပြီ။

အဲဒီ ကရ၀ိတ်ကြီးကို သားငယ် မှတ်မိသေးလား….

မေမေ
၁၈၊ ၉၊ ၂၀၀၈

Read More...

Wednesday, September 24, 2008

ဖြစ်သလို

ပထမ SuNတက်ဂ်တော့ မရေးရင် ဘီယာဖြတ်မယ် အရက်ဖြတ်မယ်ဆိုတော့ ကြောက်တာနဲ့ရေးရတာ... နောက်တစ်ယောက် လင်းကလည်း ဘာဖြတ်မယ်မပြောပဲ မရေးရင်ဖြတ်မယ်ဆိုတော့လည်း ပိုကြောက်ရပါသေးတယ်။ ဖြစ်သလိုစားတာကို ကောင်းကောင်းရေးရမယ်ဆိုတော့ ဖြစ်သလိုစားရတာကို ဘယ်လိုကောင်းကောင်းရေးမလဲနော်... ခက်တော့တာပါပဲ လင်းရယ်...

“ကောင်းကင်ကြီးတစ်ခု ဆွတ်ခူးရသလိုမျိုး..... မင်းကိုချစ်မိ ခဲ့တာ အရမ်းပဲခက်ခဲ.... နီးလိုက်ဝေးလိုက် မင်းအချစ်များနဲ့ ရှေ့ဆက်ဖို့ဆိုလည်း... ဘာယုံကြည်မလဲ.... ဦးနှောက်ထဲမှာ မင်းအကြောင်းတွေပိတ်မိနေလို့.... ရူးပြီး... မင်းကြောင့်ရူးပြီ........... ”


မနက်ဆိုရင် အိပ်ယာကနှိုးဖို့ တာဝန်ကျတဲ့ ပေးထားတဲ့ အဆိုတော် အယ်နောင်းက ပုံမှန် ၆နာရီခွဲ ဆိုရင် သီချင်းဆိုပြီး... သူဆိုလို့ တစ်ဝက်လောက်ရောက်ပြီးဆိုမှ... နိုးလာပြီး ချက်ချင်းထဖို့ပျင်းတာနဲ့ snooze ကိုနှိပ် ခဏတော့ နှပ်လိုက်ပါသေးတယ်.... မထရင် မဖြစ်တော့မှ ကြုံးရုံးထပြီး ရေအမြန်ချိုး၊ အ၀တ်အစားလဲပြီးတာနဲ့ ရုံးသွားဖို့ အဆင်သင့်ဖြစ်ကာ ကိုယ်တိုင်သော့ဖွင့်၊ သော့ပိတ်ကာ MRT Station ကိုအပြေးသွားထွက်ခဲ့ပါတယ်...

အမေ့အိမ်မှာဆို ရေချိုးပြီးတာနဲ့ အဆင်သင့်ဖြစ်နေတဲ့ မနက်စာကိုစား၊ အမေဖွင့်ပေးတဲ့ တံခါးကထွက်... “မေမေ... သွားပြီနော်... ” ဆိုပြီး နှုတ်ဆက်က သွားရခဲ့ရတာ...

ရထားပေါ်ရောက်တော့ ကိုယ့်လိုပဲ အိပ်ချင်မူးတူးမျက်နှာသေရုပ်ဖြစ်နေတဲ့ လူတွေနဲ့အတူ ရုံးကို နိုးတ၀က်နဲ့ အိပ်တ၀က်နဲ့ စီးလာခဲ့တာ နာရီဝက်လောက်ကြာတော့ ဆင်းရမယ့် ဘူတာကိုရောက်... အပြေးအလွှားဆင်းကာ ရုံးကို လမ်းဆက်လျှောက်ရသေးတယ်။

“ကာဖီ မြန်သယန့် နာ့ကျို...”
ရုံးအောက်မှာ ရှိတဲ့ ကော်ဖီဆိုင်ကိုဝင်လိုက်တာနဲ့ ဆိုင်မှာရှိတဲ့ အန်တီက ဖျော်ဆရာကို အော်ပြီးနေပြီ... ကော်ဖီဖျော်ဆရာက ကျွန်တော့်အကြိုက်ကိုဖျော်တတ်နေလို့ ကျွန်တော်လာရင် ဘယ်လိုအော်ဆိုတာကို မှာထားပြီးသားလေ... မြန်မာဖြစ်နေတာကိုသိတော့ အန်တီက မြန်မာကော်ဖီ ထုပ်ယူသွားမယ်လို့ အော်လိုက်တာပါပဲ...

"အန်တီ...”
ခေါ်လိုက်တော့ ကိုယ့်ကိုကြည့်တာနဲ့ လက်ညှိုးထိုးပြီး
"မီးဖန့် ... ပေါင်းတာ့ ... “
“နီယောက် ကြား စမော့”
“ကြီး တန့်”
“နီယောက် လာ့ ကြား မား”
“ယောက်... ရှဲရှဲ”

အဟဲ... အဲလောက်တော့ တရုတ်လိုလေး အသီးအရွက်နဲနဲ၊ အသားဖတ်ကလေးပါလေရာ ကြာဇံကြော် နဲ့ ကြက်ဥကြော်ကို ငရုတ်သီးအချဉ် ထည့်ပေးဖို့ပါ မှာတတ်တယ်လေ... ပြီးတော့ အဲဒါကို ထုတ်ပေးပါလို့ အစကတည်းက ပြောလိုက်ပြီးသား...

ကော်ဖီ နဲ့ ကြာဇံကြော်ကိုယူ ရုံးပေါ်ကိုပြေးတက်၊ ကွန်ပျူတာကိုဖွင့် အီးမေးကို ဒေါင်းလုပ်လုပ်ထားပြီး တစ်ဖက်က အစည်းအဝေးခန်းကိုသွား မနက်စာ ကြာဇံကြော်ကို စားပါတော့တယ်။ အဲလိုစားနေချိန်မှာတော့ ထမင်းပူပူ ပဲပြုတ်ကလေး ဆီဆမ်း ကို အားပါးတရ လွေးချင်တာ... အခုတော့ ဗလာကြာဇံကြော် နဲ့ ကြက်ဥကြော် နဲ့ပဲ ဖြစ်သလိုလေးပဲစားလိုက်ရတယ်။

ပြီးတော့ အီးမေးဖတ်လိုက်... ကော်ဖီလေး သောက်လိုက်... အီးမေးပြန်လိုက်... ကော်ဖီသောက်လိုက်... အီးမေးလည်း အားလုံးပြန်ပြီးရော.. အလုပ်စလုပ်မယ်လည်းဆိုရော ကော်ဖီက ကုန်သွားပါပြီ... စားပွဲရှေ့မှာ အလုပ်လုပ်ရင်း အချိန်ကုန်သွားကာ နေ့လည်စာ စားချိန်ကိုရောက်သွားပါတယ်။

နေ့လည်စာကိုတော့ အနီးအနားမှာရှိတဲ့ hawker center ၊ food court နဲ့ ဆိုင်တွေမှာပဲ ပြီးလိုက်ပါတယ်။ အနီးအနားမှာ ဆိုင်တွေ တော်တော်များများရှိသလို အစားအသောက်မျိုးစုံရှိတော့ မရိုးအောင် လှည့်စားရပါတယ်။

သွားတာများတာကတော့ Golden Mile Complex နဲ့ မျက်စောင်းထိုးလောက်မှာရှိတဲ့ Golden Mile Food Court ပါ။ အဲဒီမှာ အစားအသာက်တော်တော်များများက စားလို့ကောင်းပြီး ဈေးလည်း သင့်ပါတယ်။

ကြက်ဆီထမင်းကတော့ စင်ကာပူရဲ့ သင်္ကေတအစားအသာက်တခုပါပဲ။ အဲဒီ FC အောက်ထပ် မှာရှိတဲ့
ကြက်ဆီထမင်းက စားလို့ကောင်းပါတယ်။ ထမင်းသပ်သပ်၊ ကြက်သားသပ်သပ် ပန်းကန်တစ်ချပ်စီထည့်ပေးပြီး ဟင်းချိုနဲ့ တစ်စုံဆိုရင် $3.50 ပေးရပါတယ်။ ထမင်းက ကြက်ဆီနဲ့ချက်ထားပြီး၊ ကြက်သားကလည်း နူးညံ့ပါတယ်။ မှာပြီး စာပွဲမှာ စောင့်နေရပြီး တခါတလေ လူများရင် ၁၀မိနစ်၊ ၁၅မိနစ် လောက်ကြာတတ်ပါတယ်။

နောက်စားလို့ကောင်းတာကတော့ မလေးကြက်ကြော်ထုထောင်း ထမင်းပါ။ မလေးလိုတော့ အယံပန်ညက် လို့ခေါ်တယ်ထင်ပါတယ်။ ကြက်သားကိုကြော်ပြီး ပုံမပျက်ထုထောင်းထားပြီး၊ ခရမ်းချဉ်သီး နဲ့ ငရုတ်သီးရောထားတဲ့ အချဉ်နဲ့စားရတာပါ။ အရင်ကတော့ အချဉ်ကောင်းတော့ စားလို့ကောင်းပေမယ့် နောက်ပိုင်းမှာတော့ အချဉ်ကအရင်ကလောက် သိပ်မကောင်းတော့ပါဘူး။ ဈေးကလည်းကြီးသွားပြီ $4 တဲ့။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသီးအရွက်တွေကို ကြာဇံ ဒါမှမဟုတ် ခေါက်ဆွဲ နဲ့ ရေလုံပြုတ်ထားတဲ့ ယုံတောင်ဖူး လို့ခေါ်တဲ့ ရေလုံပြုတ်ကလည်း စားလို့ကောင်းပါတယ်။ အဲဒါကိုတော့ ထမင်းမစားချင်တဲ့အချိန်မှာ အများဆုံးစားတတ်ပါတယ်။ သူကတော့ ကိုယ်ရွေးတဲ့ အရေအတွက်ပေါ်မှာမူတည်ပါတယ်။ $2.80 ကနေပြီး $3.50 လောက်ကျတတ်ပါတယ်။

တခါတရံမှာပဲစားဖြစ်တဲ့ မြေအိုးထမင်းကလည်း မဆိုးလှပါဘူး။ ထမင်းနဲ့ ကြက်သားကို မြေအိုးပူပူထဲမှာထည့်ပြီးချက်၊ ပြီးတော့ ဆီ၊ ပဲငံပြာရည်အနောက် (အညာအခေါ် ကြာညို့) သင့်သလိုထည့်ကာ မွှေပြီးစားရတာပါ။

အပေါ်ထပ်မှာ စားလို့ကောင်းတာတွေကတော့ တရုတ်ကြီး ခုန်ခုန်ပြီး ကျော်တဲ့ မလေးခေါက်ဆွဲကြော်၊ ကြော်တဲ့ ယောင်းမတောင်တိုအောင် အသံစုံထွက်ပြီးကြော်တဲ့ ချာကွေ့တယောင်း (ဆန်ခေါက်ဆွဲကြော်)၊ ဂျပန်လိုခေါင်းပေါင်းတွေဆောင်းပြီး ရောင်းတဲ့ ဂျပန်စာ၊ အစာပလာများတဲ့ လော်မီး (ကော်ရည်ခေါက်ဆွဲ)၊ ဈေးချိုချိုတဲ့ မြန်မြန်ရတဲ့ အသားကင်ထမင်း၊ နာမည်ကြီးပြီး တန်းအကြာကြီးစီရတတ်တဲ့ ချီလီမီး (ငရုတ်ချဉ်ရည်ခေါက်ဆွဲ) နဲ့ အရည်နဲ့ဆို စွပ်ပြုတ်လိုဖြစ်ပြီး အခြောက်ပါဆို ကော်ရည်လောင်းထည့်ပေးတတ်တဲ့ အမဲသားခေါက်ဆွဲ တို့ပါပဲ။

အဲဒီဆိုင်တွေမှာစားလို့ငြီးငွေ့ရင် လုပ်ဖော်ကိုင်ဖက်တွေကိုညှိပြီး ဒန်ပေါက်ဆိုင်ကိုချီတက်တတ်ပါတယ်။ ဒန်ပေါက်ဆိုင်မှာ ဘယ်လိုဒန်ပေါက်ထမင်းလိုချင်တယ်ဆိုတာ အရင်ရွေးရပါတယ်။ ရွေးစရာတွေကတော့ ပါကစ္စတန်ထမင်း၊ အီရန်ထမင်း၊ တူရကီထမင်း၊ အာဖကန်နစ္စတန်ထမင်းတွေပါပဲ။ ကျွန်တော်ကတော့ တူရကီထမင်းကိုရွေးလေ့ရှိပါတယ်။ ကြည့်ရတာ ပိုပြီးစားချင်စဖွယ်ဖြစ်လို့ပါပဲ။ နောက်တော့ ကြက်သား (သုံးမျိုးလောက်ရှိပါတယ်)၊ ဆိတ်သား ကြိုက်တာ ရွေးရပါတယ်။ ပြီးတော့မှ ဟင်းအနှစ်လောင်း၊ ခရမ်းချဉ်သီးအချဉ်၊ သခွားသီးအချဉ်ထည့်ပေးပါတယ်။ မြန်မာပြည်က ဒန်ပေါက်လောက်စားလို့မကောင်းပေမယ့် ဒီမှာ စားဖူးတဲ့အထဲမှာတော့ တော်တော်ကောင်းတဲ့ ဒန်ပေါက်ပါပဲ။

ရုံးနားမှာ ရှိတဲ့ hawker centre နောက်တစ်ခုမှာ ရောင်းတဲ့ အနောက်တိုင်းအစားအစာကလည်း မဆိုးလှပါဘူး။ အဲဒီနေရာမှာ ရောင်းတဲ့ ခေါက်ဆွဲဆိုင်တစ်ဆိုင်ကတော့ တော်တော်လေးပဲကောင်းလို့လားတော့မသိဘူး သွားလိုက်တိုင်း တန်းစီနေတာ အရှည်ကြီးတွေ့တာနဲ့ မစားဖူးသေးပါဘူး။

အဲလိုတွေဖြစ်သလိုစားလို့ကြာလာရင် စိတ်ကူးပေါက်ရင်ပေါက်သလို ပန်နီစူလာ ပလာဇာကို ဘတ်စ်ကားစီးသွားပြီး မြန်မာစာစားတတ်ပါသေးတယ်။

စားပြီးတဲ့အချိန်ဆို အနည်းငယ်အိပ်ချင်လာလို့ ကော်ဖီဖျော်သောက် အလုပ်ကလေး လုပ်လို့ကောင်းလာပြီး ညနေစောင်းက မိုးချုပ်လာပါတယ်။

ညနေစောင်းဗိုက်ဆာရင် တခါတလေ ပေါက်စီ ဆင်းဝယ်စားလိုက်ပါတယ်။ ဒါမှမဟုတ်လည်း ရုံးမှာရှိတဲ့ မုန့်နဲပဲ ပြီးလိုက်ပါတယ်။

ရုံးဆင်းလို့ အိမ်ပြန်ချိန်ဆို ဘယ်လောက်ဗိုက်ဆာဆာ နေ့လည်းက စားခဲ့တဲ့နေရာတွေမှာ မစားချင်တော့ပါဘူး။ အိမ်ကိုပြန် ရှိတာလေးနဲ့စား။ ရှိတာဆိုတာလည်း ကိုးရီးယား ခေါက်ဆွဲပြုတ်ကိုပြောတာပါ။ သူငယ်ချင်းတစ်ယောက်ယောက်က စိတ်ကူးပေါက်ပြီး ထမင်းချက်ထားရင်တော့ မေမေပို့ထားတဲ့ အခြောက်အခြမ်းလေးနဲ့ ကြက်ဥလေးကြော်ကာစားတတ်ပါတယ်။ အဲလိုစားရတာ အပြင်မှာစားရတာထက်ပိုပြီးလို့မြိန်တယ်လေ....

တခါတရံ ဒကာရှိတယ်ဆို စားသောက်ဆိုင်မှာလည်း စားသောက်ပါတယ်။ တကယ်လို့ အခုလို ဖြစ်သလိုစားရတာကို ဂရုဏာသက်ရင် ကျွေးချင်တယ်ဆိုရင် အားမနာပါနဲ့ လှမ်းခေါ်လိုက်လို့ရပါတယ်... :P

စားချင်တဲ့ ဟင်းတွေကိုတော့ ရုံးပိတ်ရက်မှာ ချက်စားဖြစ်ပါတယ်။ ဟင်းချက်နည်းတွေသိချင်ရင်တော့ ကြိုးစားပြီးရေးရမှာပေါ့...
တချို့ပိတ်ရက်တွေမှာဆို ဖိတ်တဲ့လူရှိရင်လည်း သူများအိမ်တွေမှာသွားစားတတ်ပါသေးတယ်....

ပြီးခဲ့တဲ့ အပတ်ကပဲ သူများအိမ်မှာ ဘုန်းကြီးဆွမ်းကပ်လို့ ထောပတ်ထမင်းစားခဲ့ရသေးတယ်လေ... :D

ကဲ လင်းရေ... ကျေနပ်လောက်ပြီထင်ပါတယ်... နောက်တခါတက်ဂ်ရင် စိတ်ရှည်ရှည်လေးထားပေးပါနော် :P

နောက်တစ်ယောက်ကလည်း တက်ဂ်ထားပါသေးတယ်။ ရေးချင်ရေး မရေးချင်နေတဲ့... နေလို့သာပြောတယ် AK-47 ပစ်တတ်တယ်ဆိုပြီး ပြောထားတော့ ကြောက်ရတာပါပဲ... လာမယ်ကြာမယ်နော်... ကိုအောင်သာငယ်...

Read More...

Friday, September 19, 2008

ကျွန်တော်=ပီတိ

The great SuN က ရေးပေးဖို့ တက်ဂ်လာတယ်။ အရက်ဖြတ် ဘီယာဖြတ်မယ်ဆိုတော့ နဲနဲကြောက်တော့ ရေးရမယ်ပေါ့... ပြီးခဲ့တဲ့ ပို့စ်က ငါးပါးသီလ အကြောင်းပြောထားပြီး အခုကျတော့ အရက်အကြောင်းပြောတယ် ဖြစ်နေပြီ။

အရက်သောက်ချင်ပြီး အပြစ်လွတ်ချင်တဲ့ လူကြီးတစ်ယောက်ရဲ့ စကားကိုယူသုံးရမယ်ဆို

"အရက်ကိုသောက်ပြီး မကောင်းမှုကိုတွေးတောကြံစည် လုပ်ဆောင်နေမှ ငါးပါးသီလကျိုးပေါက်တာ .... အရက်ကိုသောက်ပြီး ပြုခဲ့တဲ့ကုသိုလ်ကိုတွေး၊ ကောင်းမှုတွေကိုပဲစဉ်းစားနေရင် မကျိုးပေါက်ဖူး...”

တဲ့... အရက်သောက်ပြီး ကောင်မှုတွေလုပ်မှမို့လို့... ဆက်ပြီးရေးလိုက်ပါတယ်... :P

ကိုယ့်ရဲ့နာမည် ။ ။ ပီတိ (နာမည်တွေကို အကုန်ပြောလို့မဖြစ်ပါဘူး၊ ကော်ပီကူးမှာကြောက်လို့ပါ။ :D)

ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ်။ ။ ပီတိ၊ ကိုပီတိ၊ ငတိ (တချို့က ကဗျာထဲကလူဆိုးနေရာမှာ ခွင့်မတောင်းပဲ ယူသုံးထားပါတယ်)၊ ဘပီ၊ အန်ကယ်ပီ၊

ကိုယ်ဒီမှာနေတယ် ။ ။ အင်မတန်ကြိုးစားပြီး ငှားထားရတဲ့အိမ်

ကိုယ့်ဆီဖုန်းဆက်ချင်ရင် ။ ။ 8 နဲ့စ 8 နဲ့ဆုံးတဲ့ 4D လက်မှတ် နှစ်စောင်ဝယ်လိုက်ပါ ပြီးတော့ နှစ်စောင်မှာပါနဲ့ ဂဏန်းရှစ်လုံးကိုသာနှိပ်လိုက်ပါ။ ဟဲလိုဆိုတဲ့ အသံကြားရရင် ဖုန်းနံပါတ်မှန်ပါတယ်။

ကိုယ့်ရဲ့အကြိုက်ဆုံးတွေက...

အရောင်ဆိုရင် ။ ။ အခြေခံအရောင်တွေကိုကြိုက်ပါတယ်။ အဖြူနဲ့ အနက် ကိုအကြိုက်ဆုံးပါ။

အ၀တ်အစားဆိုရင် ။ ။ လွတ်လွတ် လပ်လပ် လှလှ

အစားအစာဆိုရင် ။ ။ စားမရတာဆိုလို့ အသည်းပဲရှိပါတယ်။

ပစ္စည်းဆိုရင် ။ ။ ကောင်းရင် အကုန်ကြိုက်တတ်တယ်။ လူတိုင်းကြိုက်နေပြီးဆိုရင်တော့ မကြိုက်တော့ဘူး။

သီချင်းဆိုရင် ။ ။ အရမ်းကြီးမဆူညံတဲ့ rock အမျိုးအစားတွေအကုန်ကြိုက်ပါတယ်။

စာရေးဆရာ ။ ။ စာဖတ်ကောင်းအောင်ရေးတဲ့လူတွေအကုန်ကြိုက်တယ်။ လူထုဦးလှ ရဲ့စာအုပ်တွေနဲ့ကြီးခဲ့တော့ သူ့ကိုပိုပြီးကြိုက်တယ်။

စာအုပ် ။ ။ ကျောင်းသုံးပြဋ္ဌာန်းချက်စာအုပ်ကလွဲလို့ အကုန်ဖတ်ပါတယ်။

Life style ။ ။ အပူအပင် နည်းပြီး စိတ်ချမ်းချမ်းသာသာ၊ အေးအေးဆေးဆေးပဲ နေချင်တယ်။

ကိုယ့်ရဲ့ဝါသနာ ။ ။ စာဖတ်၊ စာရေးခြင်းပါပဲ။ စာဖတ်တာကိုပိုလုပ်ဖြစ်တယ်။

အလိုချင်ဆုံးလက်ဆောင် ။ ။ လုပ်ငန်းလုပ်ဖို့ ငွေအရင်းအနှီး ဒေါ်လာသန်းဂဏန်းလောက်...

ကိုယ့်ရဲ့ အချစ်ဆုံးသူက ။ ။ ကိုယ်ကိုယ်တိုင်ပါပဲ။

ကိုယ့်ရဲ့ အလေးစားဆုံးသူက ။ ။ မိဘနှစ်ပါး

ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက ။ ။ နေရာ နဲ့ အချိန်လိုက်ပြီး မတူပါဘူး။ (ကိုယ်ရေးကိုယ်တာအတွက် အခင်ဆုံးသူငယ်ချင်းက၊ လုပ်ငန်းလုပ်ဖို့ အခင်ဆုံးမဟုတ်တာမျိုး)

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက ။ ။ မိဘနှစ်ပါး

ကိုယ့်ရဲ့ အမုန်းဆုံးသူက ။ ။ မုန်းတဲ့လူမရှိဘူး။ မကြိုက်တော့ဘူးဆိုကတည်းက အဲဒီလူ အတွေးထဲမှာမရှိတော့ဘူး။

ရင်အခုန်ဆုံးအချိန် ။ ။ လူအများကြီးရှေ့မှာစကားထွက်ပြောရခါနီး။ ပြောနေတုန်းမှ ရင်မခုန်ပေမယ့် မပြောခင်မှာတော့ ရင်အရမ်းခုန်တယ်။

အကြောက်ဆုံးအချိန် ။ ။ ဘယ်သူမှအနားမှာမရှိ နေမကောင်းဖြစ်တဲ့အချိန် (အဲဒါကြောင့် နေမကောင်းလည်း ရုံးသွားပါတယ်။)

အပျော်ဆုံးအချိန် ။ ။ ရန်ကုန်တက္ကသိုလ်မှာ တက်ခဲ့ရတဲ့အချိန်တွေ...

အမှတ်တရနေ့ ။ ။ ၁၉၉၆ ခုနှစ် ၀ိတိုရိယတောင်တက်တုန်းက ရေခဲမိုးရွာတဲ့နေ့

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု ။ ။ တောင်တဲ့ဆုတွေကို ပြည့်ဝအောင်ဆောင်ရွက်နိုင်တဲ့ သူ ဖြစ်ချင်ပါတယ်။

အချစ်ဆိုတာ ။ ။ ပြောပြဖို့တော့ တော်တော်ခက်တယ်။ သူစိတ်ချမ်းသာအောင် ကိုယ်ကစဉ်းစားပြီး၊ ကိုယ်စိတ်ချမ်းသာအောင် သူကစဉ်းစားပေးနေမယ်ဆိုရင် နှစ်ယောက်လုံး စိတ်ချမ်းသာတဲ့ အချစ်ဖြစ်မှာပေါ့...

အမုန်းဆိုတာ ။ ။ ကိုယ်ပဲစိတ်ဆင်းရဲရတဲ့ စိတ်... နည်းလေကောင်းလေ

အလွမ်းဆိုတာ ။ ။ လွမ်းတတ်ရင်ကောင်းပါတယ်။ အလွမ်းတွေကနေ စာတွေအများကြီးဖြစ်တယ်လေ... :P

သံယောဇဉ်ဆိုတာ ။ ။ ထားသင့်တာကိုပဲထားတာ အကောင်းဆုံးပါ။

ဘ၀ဆိုတာ ။ ။ နေတတ်ရင် ပျော်စရာပါ။

သူငယ်ချင်းဆိုတာ ။ ။ အရေးကြီးပါတယ်... အထူးသဖြင့် သူငယ်ချင်းကောင်းတွေရှိဖို့လိုပါတယ်။

ချစ်သူဆိုတာ ။ ။ ကိုယ့်ဘေးမှာ အမြဲတန်းရှိနေစေချင်တဲ့ တစ်ယောက်။

ကိုယ့်ကိုကိုယ်ဒီလိုထင်တယ် ။ ။ သံယောဇဉ် သိပ်မရှိတတ်ဘူး

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က ။ ။ never say die

အပြောချင်ဆုံးစကားတစ်ခွန်း ။ ။ ကိုယ်ချင်းစာပါ။

The great SuN လည်း ကျေနပ်မယ်ထင်ပါတယ်။ :)

နောက်အကြွေးတစ်ခုကတော့ လင်း တက်ဂ်ထားတာပါ… အချိန်နည်းနည်းတော့ ပေးပါနော်...

Read More...

Thursday, September 18, 2008

"သီလ" အမည်အမျိုးအမျိုး အသိတိုးအောင်

အမမိုးချိုသင်း ရေးတဲ့ စကားဘယ်လိုပြောကြသလဲ ပို့စ်မှာ မှတ်ချက်ရေးခဲ့သလိုပါပဲ၊ ကျွန်တော့် မေမေက ဆုံးမစကားပြောလို့ရှိရင် ထပ်ခါထပ်ခါပြောလေ့ရှိပါတယ်။ နောက်ဆုံး ကျွန်တော်တို့မောင်နှမတွေ အလွတ်ရတာ၊ မေမေ ပါးစပ်ဟလိုက်တာနဲ့ ဘာပြောမယ်ဆိုတာသိနေလောက်အောင်ပါပဲ။ အခုလည်း တနင်္ဂနွေနေ့က ဆုံးမစကားပြောလိုက်တာကို စာရေးပြီးပို့လိုက်ပါတယ်။ ပြီးတော့ ဘလော့ပေါ်မှာတင်ရအောင်လို့တဲ့။ အဲတော့ ကျွန်တော်က စာရိုက်ရင်းတစ်ခါဖတ်၊ စာစစ်ရင်တစ်ခါဖတ်။ တင်ပြီးတော့ တစ်ခါဖတ်ဆိုတော့ မေမေက တစ်ချက်ခုတ် နှစ်ချက်ပြတ်လုပ်လိုက်ပါတယ်။ ဒီစာကလည်း ကျွန်တော်တို့ တက်ဂ် သလိုဖြစ်နေတော့ တက်ထားတဲ့ SuN နဲ့ လင်း ကိုလည်းရေးပေးပါမယ်လို့ပြောရင်း တောင်းပန်လိုက်ပါတယ်။ :D


"သီလ" အမည်အမျိုးအမျိုး အသိတိုးအောင်

စက်တက်ဘာ ၁၄ ရက်ည တနင်္ဂနွေညတိုင်းဖုန်းဆက်နေကြ၊ သားငယ်နဲ့စကားပြောကြတော့ ဒီနေ့ ဘာနေ့လဲ သားငယ်သိရဲ့လားဆိုတော့၊

“တော်သလင်းလပြည့်နေ့လေ၊ သိတာပေါ့ မနေ့ညက ကောင်းကင်မော့အကြည့်မှာ လမင်းသာနေတာ တွေ့လိုက်ရတယ်၊ စိတ်ထဲပျော်သွားတယ် အမေရဲ့...”
"လမင်းကြီးသာလို့ပါလားဆိုတော့ အနားက သူငယ်ချင်းက မနက်ဖြန်တော်သလင်းလပြည့်နေ့လို့ပြောတာကြောင့် သိနေတာ..." လို့ သားငယ်ရဲ့အဖြေကြားရတယ်။

တော်သလင်းလပြည့်နေ့ကို မြန်မာနိုင်ငံတွင် ပညာရှင်များက "ဂရုဓမ္မအခါတော်နေ့” လို့ သတ်မှတ်ကြတယ်။ ဂရုဓမ္မသီလကို လုံခြုံအောင် စောင့်ထိန်းကြရင် မိုးလေ၀သမှန်ကန်ပြီး၊ ကောက်ပဲသီနှံများ ဖြစ်ထွန်းကာ စည်ပင်သာယာဝပြောတယ်။

ဂရုဓမ္မသီလဆိုတာ ငါးပါးသီလပါပဲ။ ငါးပါးသီလဆိုရင် ဗုဒ္ဓဘာသာဝင်တိုင်းသိကြပြီးမို့ ခေါ်ဆိုကြပုံ အမျိုးမျိုးကိုသာ ရေးလိုက်တယ်။

ငါးပါးသီလဟာ

၁။ အလေးပြုအပ်သောတရား၊ အခြေခံကိုယ်ကျင့်တရားဖြစ်လို့ "ဂရုဓမ္မ”၊ သူတော်ကောင်းတို့အလေးဂရုထား၍ ကျင့်သုံးအပ်လို့ ဂရုဓမ္မသီလ
၂။ လူတိုင်းလိုက်နာကျင့်သုံးရမယ့် ဓမ္မတာတရားဖြစ်လို့ ဓမ္မတာသီလ၊
၃။ လူပုဂ္ဂိုလ်တို့ရဲ့ ကိုယ်ကျင့်တရားဖြစ်လို့ ကဟဋ္ဌသီလ၊
၎။ လူတို့အမြဲမပြတ်စောင့်သုံးအပ်လို့ နိစ္စသီလ၊
၅။ အရိယာပုဂ္ဂိုလ်တို့ နှစ်သက်မြတ်နိုးအပ်လို့ အရိယကန္တသီလ၊
၆။ ကျင့်သုံးအပ်၊ ကျင့်သုံးသင့်၊ ကျင့်သုံးထိုက်လို့ သိက္ခာပဒသီလ

လို့အမျိုးမျိုးခေါ်ဆိုကြပါတယ်။

လူ့လောကမှာ သီလကျင့်စဉ်ဖြစ်တဲ့ ငါးပါးသီလဟာ၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ ပုဂ္ဂိုလ်မရွေး၊ နေရာမရွေး လိုက်နာကျင့်ကြံအားထုတ်ရမယ်တရားဖြစ်တယ်။

စောင့်ထိန်းသူဟာ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းပြီး စိတ်နှလုံးရွှင်ပြုံးချမ်းမြေ့စေတယ်။ နောင်တမလွန် သုဂတိသို့လားရောက်ရတယ်။

ငါးပါးသီလကို ပွားများအားထုတ်နိုင်ပါစေ။

Read More...

Tuesday, September 16, 2008

လွမ်းနေတဲ့ အညာဟင်းများ

မနက်စာပြီးတော့ နေ့လည်စာပါရေးပါလို့ မိတ်ဆွေတွေကတော့ တိုက်တွန်းတော့ ဘာတွေရေးမလဲဆိုပြီးတော့ စဉ်းစားတာပေါ့။ စဉ်းစားလိုက်တိုင်းမှာ ငယ်ငယ်က တပ်မက်စွာစားခဲ့တဲ့ ဟင်းတွေ စားချင်တဲ့အာသီသတွေ ဖြစ်ဖြစ်လာလို့ မရေးပဲ ပြန်ရပ်လိုက်၊ နဲနဲပြန်ရေးလိုက်လုပ်နေရတယ်။ :D

စာရေးရမှာ မရေးဖြစ်လို့ ဆင်ခြေတွေပေးနေတာလေ။ တကယ်တော့ ဒန်ဘရောင်း နှိပ်စက်တာ စနေ တနင်္ဂနွေ နှစ်ရက်စလုံး ဘလော့ပေါ်မှ ပျောက်နေခြင်းပါ…:P

အညာဟင်းလို့ပြောလိုက်တာနဲ့ မျက်စိထဲ မြင်မိကြမှာကတော့ ပဲဟင်းပါပဲ။ အညာဟင်းတွေတိုင်းနီးပါး ပဲတစ်မျိုးမျိုးပါနေတတ်လို့ အညာသား ပဲစားလို့တောင် အခေါ်ခံရသေးတာပဲ။

အဲလိုခေါ်လို့ကတော့ ကျွန်တော်က စိတ်မဆိုးပါဘူး။ ပဲဈေးမှမသေးတာ၊ ပဲစားနိုင်တယ်လို့ အထင်ခံရတာ ကိုယ့်ကိုအထင်ကြီးလို့ပေါ့နော်…

“ထမင်းစားတော့မှာလား… ပဲဟင်းထဲ ဗူးရွက်ခပ်လိုက်တော့မယ်…” မေမေလှမ်းအော်လိုက်ပြီးဆို ဒီနေ့ချက်တဲ့ဟင်းက ပဲဟင်းချိုပူပူလေးထဲကို ဗူးညွှန့် နုနု၊ လတ်လတ်ဆတ်ဆတ်ကလေးတွေ စားခါးနီးမှခပ်(ထည့်) ထားတဲ့ ဟင်းချိုဆိုတာ သိလိုက်ပြီး။ အဲဒီ ပဲဟင်းချက်ပြီးဆို နောက်ဟင်းတစ်ခွက်ကတော့ ဖော်မြူလာဖြစ်တဲ့ မရမ်းသီးကို ကြက်သွန်အနီ၊ ငရုတ်သီးအစို အနီရောင်နဲ့ထောင်း ဆီ၊ ဆားထည့်ထားတဲ့ မရမ်းသီးထောင်းပေါ့။ သတ်သတ်လွတ်ဟင်းဖြစ်ပေမယ့် စားလို့အင်းမတန်ကောင်းတဲ့ ပဲဟင်းနဲ့ မရမ်းသီးထောင်းဆို ဆီပြန်အသားဟင်းတွေထက်တောင် မက်မောပါတယ်။

အဲလိုဟင်းချိုကို ချက်ရင်တော့ အသုံးပြုတာကတော့ ပဲကြီးပဲဖြစ်ပါတယ်။ ပဲကြီးကို အညာမှာကတော့ အလွယ်တကူရပါတယ်။ မနက်မှာလာတဲ့ စတော်ပဲပြုတ်သည်ဆီမှာပဲ အလွယ်တကူ ၀ယ်လို့ရတယ်။ အဲလောက်အထိ အညာမှာ ပဲစားတာလေ။

အဲဒီပဲဟင်းချိုပူပူထဲကို ဗူးညွှန့်သာမက ဖရုံညွှန့်၊ ဆူးပုပ်ရွက်နုနုလေးတွေပါ ခပ်(ထည့်)တတ်ပါသေးတယ်။

ပဲဟင်းချိုနဲ့လိုက်ဖက်ပြီး စားလို့ အင်မတန်မြိန်တာကတော့ ငါးကလေး အိုးကပ်ချက် နဲ့ ကြက်ဟင်းသားသီးအိုးကပ်ချက်တို့ပါပဲ။

ငါးကလေးအိုးကပ်ချက်ပြီးဆိုရင် ငယ်ငယ်က ငါးမကြိုက်တဲ့ ကျွန်တော့်ကို မေမေပြောလေ့ရှိတာကတော့ “သားငယ်.. ငါးကလေးတွေကိုစား ကယ်စလီယံပါတယ်၊ အရိုးကိုသန်မာစေတယ်…စားဆိုပြီး …” အတင်းကျွေးလေ့ရှိပါတယ်။ နောက်ပိုင်းတော့ ဝေလငါးချက် လို့နောက်ပြီး ခေါ်တဲ့ ငါးကလေးအိုးကပ်ချက် နဲ့ဆိုရင်တော့ အင်မတန်ကြိုက်လို့ ထမင်းနှစ်ပန်းကန်လောက်တော့ အပျော့ပဲ။

ကြက်ဟင်းခါးသီးချက်ဆိုရင်လည်း အဲလိုပဲ ပထမတော့ ခါးလို့ သိပ်မကြိုက်ပေမယ့်၊ နောက်ပိုင်းတော့ အဲဒီခါးတဲ့အရသာလေးကိုကြိုက်လာပါတယ်။

အဲလို ကြက်ဟင်းခါးသီးချက်ကို ထမင်းထဲမြှုပ်ပြီးစား၊ ပဲဟင်းချိုလေးများ သောက်လိုက်ရတာ အင်မတန်မှ အရသာရှိပါတယ်။

ပဲဟင်းချိုက အရံသာဖြစ်ပေမယ့် အရသာပိုအောင်ဖြည့်စွက်ပေးနိုင်တဲ့ ဟင်းစပ်နောက်တစ်ခုကတော့ မန်ကျည်းသီးစိမ်းနုနုလေးတွေကို ထောင်းပြီး ချက်ထားတဲ့ မန်ကျည်းသီးစိမ်းချက် စပ်စပ်ကလေး၊ ပြီးတော့ အဲဒီဟင်းနဲ့ အလိုက်ဖက်ဆုံး တို့စရာ မျှစ်။ မန်းကျည်းစိမ်းချက်နဲ့ မျှစ်ကိုအတူ ထမင်းထဲမြှုပ်၊ အားရပါးရစားပြီး ပဲဟင်းချိုလေးများ သောက်ရမယ်ဆို ကြယ်ခြောက်ပွင့်ဟိုတယ်မှာ လိုက်ကျွေးမယ့်သူကိုတောင် ရက်ရွှေ့ခိုင်းလိုက်မယ်။

တခါတလေ မေမေဈေးမသွားဖြစ်လို့ အိမ်မှာ ချက်စရာမရှိရင် မနက်လာတဲ့ ပဲသည်ဆီက ပဲကြီးဝယ်၊ အိမ်မှကြော်ထားတဲ့ ငါးခြောက်ကြော်နဲ့စားရတဲ့ ထမင်းကိုက မြိန်နေပါပြီ။

ပဲကြီးကို ဟင်းချိုသာမက ဆီပြန်ချက်ပြီး ပဲကြီးနှပ်လို့လည်းခေါ်တဲ့ ဟင်းကတော့ အညာရဲ့ သင်္ကေတဟင်းပါပဲ။ အညာဟင်းလို့ပြောလိုက်တာနဲ့ ပဲကြီးနှပ် ဆိုတာကို ပြေးမြင်နေကြပြီ။

ပဲကြီးနှပ်လိုပဲ စားလို့ကောင်းတာကတော့ မောင်မခေါ်ပဲ ကို နှပ်ပြီးချက်တာပါပဲ။ ပဲကြီးထက် နူးညံ့ပြီး ချက်ရတာလည်း ပိုပြီး မြန်ပါတယ်။ အဲဒီပဲကို ချက်ပြီးမြီးစမ်းကြည့်တဲ့ အိမ်ရှင်မက ကောင်းလွန်းလို့ သူ့ရဲ့မောင်ကြီးကိုတောင် မခေါ်ပဲစားလိုက်လို့ မောင်မခေါ်ပဲလို့ နာမည်တွင်တာလို့ ကြားဖူးတာပဲ…

မောင်မခေါ်ပဲကို ကြိုက်လွန်းလို့ လူကြုံရှိရင် အဲဒီပဲကိုပဲ မှာမှာစားနေရတာ။ ကျွန်တော်အပြောကောင်းလို့ သူငယ်ချင်းတစ်ယောက်က နင်ဒီလောက်ပြောတာ ငါကိုနဲနဲပေးဆိုလို့ အမြည်းပေးလိုက်တာ တွေ့တိုင်း နင့်အမေဆီကို မောင်မခေါ်ပဲမှာရင် ငါ့အတွက်ပါ ပိုမှာပါဖြစ်နေပြီ။ ဒီမှာ လိုချင်တဲ့လူရှိရင် စာရင်းပေးထားပါ။
(ကျွန်တော် အမေ့ဆီမှာတဲ့အချိန်မှာ ပိုမှာထားပေးမယ်။ ဈေးကတော့ ကျသင့်သလောက်ပေါ့နော်… ဟိ… ဘလော့ကနေ စီပွားရှာလို့ရတယ်ဆိုလို့ စမ်းကြည့်တာ။ :P စတာပါ ကျွန်တော် ချက်တဲ့အချိန်ကျရင်ကျွေးပါ့မယ် :P)

အဲဒီ ပဲကြီးနှပ်ပဲဖြစ်ဖြစ်၊ မောင်မခေါ်ပဲနှပ်ပဲဖြစ်ဖြစ် လိုက်ဖက်တဲ့ ဟင်အရံကတော့ ချဉ်ပါင်ရွက်နဲ့ချက်တဲ့ ချဉ်ရေဟင်းပါပဲ။ မေမေဈေးသွားဖြစ်တယ်ဆို ၀က်သားအချိုပါချက်တယ်ဆို အဲဒီနေ့ကတော့ ပွဲတော်ပဲပေါ့။ ၀က်သားကို ကြက်သွန်နီနိုင်နိုင်နဲ့ ကြာညို့(ပဲငံပြာရည်အနောက်) နဲ့ ချက်တာကိုလည်း အင်မတန်ကြိုက်ပါသေးတယ်။

နောက်ပြီး ကျွန်တော်အကြိုက်ဆုံးဟင်းစပ်တစ်ခုရှိတယ်။ အဲဒီဟင်းချက်ပြီဆို မေမေက ကျွန်တော့်အတွက် ထမင်းပိုချက်လေ့ရှိပါတယ်။ ကျွန်တော်ကြိုက်လွန်းလို့ ထမင်းထပ်ထပ်တောင်းလွန်းလို့လေ။ အဲဒါကတော့ ဆောင်းရာသီဆို အင်မတန်ပေါတဲ့ ခရမ်းသီးကိုမီးအေးအေးနဲ့နှပ်၊ ဆီဖြူသီးနဲ့ ငရုတ်သီးစိမ်းထောင်တဲ့ ဟင်းရံလေးဆို ဗိုက်ပြည့်ကားနေအောင် စားမိပါတယ်။

တွေးရင်ရေးရင်း တကယ်ပဲဗိုက်ဆာလာပါပြီ….

စားချင်တဲ့ဟင်းတွေ လွမ်းဆွတ်တဲ့ဟင်းတွေကလည်းများ….

ကျန်သေးတယ်…. မိုးတွင်းမှာပေါ်တဲ့ မှိုအုံးနက် ကို ဆီလည်ရေလည်ချက်၊ ဆီဖြူသီးထောင်လေး နဲ့တွဲစားရတဲ့ ဟင်းစပ်…

နောက်ပြီး … နွေရာသီမှာပေါတဲ့ လက်ပံပွင့်ခြောက် ကို ခရမ်းသီး နဲ့ ငရုတ်သီးစပ်စပ်ချက်၊ ပုန်းရည်ကြီးလေးပါထည့်ချက်ရင် ပိုတောင်ကောင်းသေးတယ်။ အိမ်မှာ အဲဒီဟင်းကို တံမြက်စည်းဟင်းလို့ ခေါ်ပါတယ်…

ကုလားပဲ၊ အာလူးနဲ့ ဒန့်သလွန်သီးဟင်းကို ငပိကြော်နဲ့တွဲစားရတဲ့အရသာကလည်း ထမင်းမြိန်စေပါတယ်။ ဒန့်သလွန်းသီဟင်းချက်ကိုတော့ အမှိုက်ဟင်းလို့ခေါ်ပါသေးတယ်။

ဧရာဝတီမြစ်ကရတဲ့ ရေချိုငါး၊ ပုဇွန်တွေကလည်း အင်မတန်စားလို့ကောင်းတယ်ဆိုတာ ရန်ကုန်ရောက်မှ ပိုသိလာပါတယ်။ ငါးမြင်းပေါက်စ (ကွန်းမန်လို့ခေါ်တဲ့ငါး) ကို ကြော်၊ ပြီးတော့ မန်ကျည်းရွက်ကလေးနဲ့ပြန်အုပ်ချက်တာကိုတော့ မစားရတာ ဆယ်နှစ်ကျော်နေပြီ။ ငါးဟင်းဆို အတစ်လိုက်ချက်တာကို သိပ်မကြိုက်တတ်တဲ့ ကျွန်တော်ကတော့ ပူပူလေးကြော်ထားတဲ့ ငါးကြင်းကို ထမင်းပူပူမှာ ဆီလေးဆားလေးနဲ့စားလိုက်ရတာကိုက အရသာတစ်မျိုးလေးပါပဲ။

ပြီးတော့ ဆောင်းတွင်းမှာ ခရမ်းချဉ်သီးတွေကောင်းတဲ့အချိန်ဆို ခရမ်းချဉ်သီး ပန်ထွေဖျော်ကိုလည်း စားချင်မိနေပါသေးတယ်။

အညာက ပုဇွန်တွေက အကောင်မကြီးပေမယ့် အရသာမှာကတော့ ပင်လယ် ပုဇွန်ထုပ်ကြီးတွေထက် အများကြီးသာတယ်လို့ထင်ပါတယ်။ ပုဇွန်ဟင်းနဲ့လိုက်တာ ပြည်ပန်းညိုဟင်းချိုလေ… တခါတလေတော့လည်း ပဲညွှန့်ဟင်းချိုလေးနဲ့ပေါ့… ချဉ်ပေါင်ဟင်းထက်ပိုလိုက်သလိုပဲ….

အထူးလွမ်းတာကတော့လေ………

မန်ကျည်းရွက်နုနု လတ်လတ်ဆတ်ဆတ်ကလေးတွေကို ပဲကြီးဟင်းပူပူလောင်းပြီး ကြက်သွန်နီနဲ့သုတ်တဲ့ အညာက မန်ကျည်းရွက်သုတ်ပါပဲ…. မန်ကျည်းရွက်ကနုတော့ စားရတာကိုက အင်မတန်ကို အရသာရှိနေတော့တာပါပဲ….

ကဲ ဘယ်သူတွေ ဆက်လွမ်းဦးမလဲ အညာဟင်းတွေကိုလေ…

Read More...

Thursday, September 11, 2008

လွမ်းနေတဲ့ မနက်စာများ

"သားငယ်ရေ... ထပါတော့... စားတော်ပဲသည်စောင့်ပေးပါဦး... မေမေ နောက်ဖေးမှာ ဟင်းချက်နေတော့ မကြားလိုက်ပဲလွတ်သွားမှာစိုးလို့ပါ..."
ကျွန်တော်က အဲသည်လို ၄-၅ ခါလောက်နှိုးမှထပါတယ်။ နောက်ဆုံး မရမကနှိုးတော့မှ “ဟုတ်ကဲ့... ” ဆိုပြီး မထချင်ထချင်နဲ့ ထလာပြီး စားတော်ပဲသည်အလာကိုစောင့်ပါတယ်။

အညာမှာတော့ မနက်စာစားတဲ့ ပဲပြုတ်ကို စားတော်ပဲပြုတ်လို့ပဲခေါ်တယ်။

ပဲပြုတ်သည် အော်သံကြားတော့မှ ပဲပြုတ်သည်ကိုခေါ် ပြီးတော့ နောက်ဖေးကိုလှမ်းအော်ပါတယ်...
“မေမေရေ ပဲပြုတ်သည်လာပြီ...”
အဲဒီတော့မှ မေမေက ပဲပြုတ်ထည့်ဖို့ ပန်းကန်တစ်ချပ်နဲ့ ပိုက်ဆံကိုယူလာပြီး ၀ိုင်းပေါက်ဝမှ ပဲပြုတ်တောင်းကိုချပြီး စောင့်နေတဲ့ အသည်ဆီကိုလာပါတယ်။
“တစ်ကျပ်ခွဲဖိုးထည့် အေ... ”
“ဟုတ်...”
“ညည်းထည့်ပေးတဲ့ ပဲပြုတ်ကလည်း နဲနဲလာပြီ...”
“ပဲတွေကဈေးကြီးလာတော့ မကိုက်တော့ဘူး....”
“အေးအေး... ဒါဆိုလည်း နှစ်ကျပ်ဖိုးထည့်လိုက်ပါ...”
မနက်စာကို ထမင်း နဲ့ ပဲပြုတ် ကို ဆီရွှဲရွှဲလေးဆမ်း ပြီးတော့ ငပိကြော်၊ ငါးခြောက်ကြော်၊ ငါးခြောက်ဖုတ်၊ နောက်ပြီး ရာသီကိုလိုက်ပြီး တခါတလေ ဆီးဖြူသီး ဆားရေစိမ်၊ သရက်သီးဆားရေစိမ်၊ အိမ်လုပ် သရက်သီးသနှပ် တစ်မျိုးမျိုးနဲ့ တွဲပြီးစားလေ့ရှိပါတယ်။ တခါတရံလည်း ကြက်သွန်အနီကို လှီးပြီး ထမင်းထဲထည့်စားပါသေးတယ်။

ထမင်းကြမ်း ကျန်တဲ့နေ့တွေမှာ စားတော်ပဲပြုတ်ကို ကြက်သွန်၊ ဆနွင်း နဲ့ ထမင်းကြော်ပြီး ငပိကြော်လေးနဲ့တွဲစားလိုက်ရတာ အင်မတန်မှ စားလို့မြိန်ပါတယ်။

နေ့တိုင်းတော့ ပဲပြုပ်သည်ဆီကနေ စားတော်ပဲပြုတ်ဝယ် စားသည်မဟုတ်၊ ပဲပြုတ်သည်ကလည်း ကောက်ညှင်းငချိတ်ပေါင်းပါတွဲရောင်းလို့ မနက်စာကို ငချိတ်ပေါင်းအိအိလေးနဲ့စားတော်ပဲကို ငါးရံ့ခြောက်ဖုတ်ကောင်းကောင်းလေးနဲ့တွဲစားရတဲ့ အရသာ တကယ်ကို မမေ့နိုင်စရာပဲ။

တချို့နေ့တွေမှာတော့...

"သားငယ်ရေ... မေမေကို မနက်စာ အကြော်ဝယ်ပေးပါဦး...”
“...”
“သားငယ်... မြန်မြန်ထတော့ကွာ.. ကျောင်းနောက်ကျလိမ့်မယ်... " အဲလို အသံလေးနဲနဲမာနဲ့ အတင်းနှိုးတော့မှ
“ဟုတ်..............”
ဆိုပြီးထခါ မျက်နှာသစ်၊ အကြော်ဝယ်ဖို့ ချိုင့်ကိုယူ၊ စက်ဘီးထုတ်...
“မေမေရေ.. ဘာအကြော်ဝယ်ခဲ့ရမလဲ....”
“ကြော်ပြီးစ ပူပူလေးဖြစ်တဲ့ အကြော်သာဝယ်ခဲ့... တစ်ယောက်ကို နှစ်ခု၊ နှစ်ကျပ်ဖိုးဝယ်ခဲ့... အပိုရမလားလို့မေးနော်...”
“ဟုတ်....”
ဆိုပြီး ဈေးနားက အကြော်ဆိုင်ကို စက်ဘီစီးပြီး သွားပါတယ်။

ဓာတ်ပုံကို တနေရာရာကယူပါသည်။ ဘယ်ကယူတယ်ဆိုတာ ရှာမတွေ့တော့လို့ပါ။

အိမ်မှာက များသောအားဖြင့် မိသားစုလေးယောက်ပဲရှိတတ်တော့ တစ်ယောက်ကို နှစ်ခုနှုန်း၊ အကြော်က တစ်ခုတမတ်၊ နှစ်ကျပ်ဖိုးဆို ရှစ်ခုရပါတယ်။ အဲဒါကတော့ ရှစ်ဆယ့်ရှစ်ခုနှစ်လောက်အထိပေါ့။ နောက်ပိုင်းတော့ အကြော်တွေလည်း ငါးမူး၊ တစ်ကျပ်၊ နှစ်ကျပ်၊ ငါးကျပ်...နဲ့ တဖြည်းဖြည်းဈေးတက်သွားတာ၊ အခုဆိုဘယ်လောက်တော်ဖြစ်နေပြီးလည်းမသိဘူးနော်။

အညာမှာ ဆောင်းတွင်းဆို အသည်းခိုက်အောင်အေးတာမို့ စောစောစီးစီး အိပ်ရာထ၊ အပြင်ထွက်ရတာ အင်မတန်ဝန်လေးပါတယ်။ ချမ်းချမ်းစီးစီး စက်ဘီးကိုဖြေးဖြေးပဲစီးပြီးသွားပါတယ်။

အကြော်သည်ကလည်း မနက်ဆို ဗယာကြော်၊ ကြက်သွန်ပေါင်းကြော်၊ ပဲကြော်တွေသာ အကြော်များပါတယ်။ ဗူးသီးကြော်ကတော့ ညနေမှ ပဲရတတ်တာများတော့၊ ဗယာကြော်၊ ကြက်သွန်ကြော် တစ်မျိုးမျိုးဝယ်ကာ ထမင်းပူပူဆီရွှဲရွှဲဆမ်း၊ ငပိကြော်လိုမျိုးနဲ့ တွဲဖက်စားပါတယ်။

ကျောင်းပိတ်ရက် အေးအေးဆေးဆေးဖြစ်တဲ့နေ့မျိုးများဆိုရင်တော့....
“သားငယ်ရေ.... မေမေ့ကို မုန့်များသလက်နဲ့ အကြော်ဝယ်ပေးပါ။ ဒီနေ့ မုန့်များသလက်နဲ့ အကြော်သုတ်စားမယ်။ သားတို့အိပ်နေတုန်း စားတော်ပဲကို ၀ယ်ထားပြီးပြီ...”
“ဟုတ်ကဲ့.. ဘယ်နှစ်ခုဝယ်ရမှာလဲ....”
“မုန့်ပျားသလက် ငါးခုနဲ့ အကြော် ရှစ်ခုဝယ်ခဲ့... အမေ့ ဈေးသွားတဲ့ ပိုက်ဆံအိတ်ထဲမှာ တစ်ဆယ်တန်ရှိတယ်.. ယူသွားလိုက်...”
“ဟုတ်....”

မုန့်ပျားသလက်ကို ကတ်ကြေး တို့ အကြော်တို့ကို ကတ်ကြေးနဲ့ကိုက်၊ စားတော်ပဲပြုတ်ထဲ့၊ ကြက်သွန်မိတ်၊ ငံပြာရည်၊ ဆီ ရွှဲရွှဲဆမ်းထားတဲ့ မုန့်ပျားသလက် အကြော်သုတ်ကိုတော့ တအိမ်လုံးကြိုက်လို့ များများလုပ်ပြီးစားလေ့ရှိတယ်။

တခါတလေမှ လာတတ်တဲ့ မုန့်ရေ (ရေမုန့်) သည် အသံများကြားလိုက်ရင်...
“သားရေ... အကြော်လေးပြေးဝယ်လိုက်ပါဦး... မေမေ မုန့်ရေ ၀ယ်ထားတယ်...”
အင်မတန်စားလို့ကောင်းတဲ့ မုန့်ရေသည် အဖွားကြီးက အိမ်နားကို တခါတရံမှသာလာတတ်ပါတယ်။

အိမ်နားကို အမြဲလာတတ်တဲ့ ဈေးသည်တစ်ယောက်ကတော့ ကတ္တီပါပဲပြုတ်ရောင်းတဲ့ဈေးသည်ပါပဲ။ ကျွန်တော်က ကတ္တီပါပဲပြုတ် ကို မကြိုက်လို့ ကတ္တီပါပဲပြုတ်ကို မနက်စာအဖြစ်ဝယ်တဲ့နေ့ဆို မျက်နှာမကောင်းတတ်ပါ။ အဲဒါကြောင့်လည်း မေမေက တော်တော်လေးကြာလို့မှ တခါပဲ ၀ယ်တတ်ပါတယ်။

ဆောင်းတွင်းတွေမှာ ခရမ်းသီးပေါလို့ ခဏခဏချက်စားဖြစ်ပါတယ်။ ပေါပေါများများချက်တော့လည်း ခရမ်းသီးချက်က ကျန်နေတတ်ပါတယ်။ တခါတလေတော့လည်း တမင်ကျန်အောင်ချက်ထားပြီး မနက်မှာ ခရမ်းသီးချက်ကို ထမင်းနဲ့ကြော် ဆီးဖြူသီးဆားရေစိမ်၊ ငပိကြော်လေးနဲ့ တွဲဖက်စားရတာလည်း အင်မတန်စားလို့ကောင်းတာပါပဲ။

မနက်စာတိုင်းမှာတော့ နွားနို့စစ်စစ် မလိုင်အပြည့်နဲ့ဖျော်ထားတဲ့ ကော်ဖီကတော့ မပါမဖြစ်။ ငယ်ငယ်ကတည်းက ကော်ဖီကို စွဲစွဲမြဲမြဲသောက်ဖြစ်ခဲ့တာ... အခုအချိန်အထိ ကော်ဖီဖြတ်မယ်လို့ (ပုံရိပ်လို) တခါမှ အတွေးထဲမရောက်မိပါဘူး။

အပြောင်းအလဲဖြစ်အောင် တခါတလေတော့ ပဲပြုတ်နံပြား၊ ဒါမှမဟုတ် နံပြားထောပတ်သုတ် နဲ့ ဆိုင်က လက်ဖက်ရည်ကျကျကို ၀ယ်ပြီး အိမ်မှာစားလေ့ရှိပါတယ်။

ငယ်ငယ်က ကျွန်တော်တို့မြို့လေးမှာ မုန့်ဟင်းခါး၊ ခေါက်ဆွဲ၊ နန်းကြီးသုတ် တို့ကို မနက်စာအဖြစ်ရောင်းပေမယ့် စားလို့ကောင်းတဲ့ဆိုင်ရယ်လို့ မရှိပါဘူး။ နောက်ပြီး အညာမုန့်ဟင်းခါးဆိုတာ မုန့်ဟင်းခါးဖတ် နန်းလတ်လောက်ကို ကြက်သားနဲ့ချက်တဲ့ ကုလားပဲဟင်းတွဲစားတာပါ။ အဲဒီ မုန့်ဟင်းခါးကို တအိမ်လုံးက မကြိုက်တော့ မစားဖြစ်ပါဘူး။

အညာမှာ ကျောင်းပိတ်ရက်များတွေ မှာစားတဲ့ မနက်စာကတော့ အင်မတန် အချိန်ကြာပါတယ်။ မနက်စာစားပြီး မိသားစုစကားဝိုင်းဖြစ်သွားရင် လက်က ထမင်းလုံးတွေခြောက်တဲ့အထိ တမေ့တမော ဖြစ်သွားတတ်ပါတယ်။ တခါတလေ မေမေဈေးသွားတာနောက်ကျလို့ နေ့လည်စာကို ရှိတာလေးနဲ့ချက်တဲ့ ရောက်ယားဟင်း (ဖြစ်သလိုချက်) နဲ့ပဲ စားရတာတွေလည်း ရှိပါသေးတယ်....

ဒီကိုရောက်တော့ ရုံးဖွင့်တဲ့ရက်တွေဆို အိပ်ရာကထ ကမန်းကတန်းပြေးရတော့၊ အချိန်နဲနဲရရင် ဆိုင်မှာဝင် ဗလာကြာဇံကြော်ကို ကြက်ဥနဲ့စား၊ ကော်ဖီလေးသောက်ပေါ့... အချိန်မရရင်တော့ နေ့လည်စာနဲ့ပေါင်းစားပေတော့...

ရုံးပိတ်တဲ့ရက်ကျလည်း အိပ်ရာကမထ နေမြင့်အောင်အိပ်ပြီး နေ့လည်စာနဲ့ပေါင်းတဲ့ မနက်စာတွေလည်း များလှပါပြီ....

အဲလိုများတော့လည်း အညာက မနက်စာတွေကိုလွမ်းလာပါတယ်... လွမ်းလို့လည်းချရေးလိုက်တာပေါ့နော်....

(မတန်ခူးတို့ ကိုဇနိတို့ရဲ့ စာအရေးအသားတွေကြောင့် ကျွန်တော်လည်း အညာကအကြောင်း စဉ်းစားမိသွားရင်းကနေ ရေးဖြစ်သွားတယ်)

Read More...

Sunday, September 7, 2008

ခွဲလေးကိုပဲ လျော့ခိုင်းတဲ့သူ

ကလေးတစ်ယောက်ရဲ့ အတွေးလေးတွေက အပြစ်ကင်းစင်ပြီး အင်မတန် ချစ်စရာကောင်းပါတယ်။

ကလေးတစ်ယောက်က သူ့အဖေကို သိချင်တာလေး မေးလိုက်တယ်။
“ဖေဖေ… ဟီးနိုးကားကြီးတစ်စီးကို ပိုက်ဆံဘယ်လောက်ပေးရသလဲ…”
“သုံးသိန်းခွဲလောက် ပေးရတာပေါ့…”
“သုံးသိန်းကြီးတောင်ပေးပြီးမှ ခွဲလေးကို လျော့လိုက်တာမဟုတ်ဘူး…”
“ဘာဖြစ်လို့လဲကွဲ့… အဲဒါက ကားကြီးရဲ့တန်ဖိုးဆိုတော့ ပေးရမှာပေါ့”
“ဖေဖေကလည်း… သုံးသိန်းကြီးတောင် အများကြီးပေးထားတာလေ… ခွဲလေးတော့ လျှော့ပေးဖို့ကောင်းပါတယ်…”
“ခွဲဆိုတာကလည်း တန်ဖိုးရှိတယ်လေကွဲ့…”
“ဟင်… ဘာဖြစ်လို့ ခွဲဆိုတဲ့ ငါးမူးလေးကိုတောင် မလျော့နိုင်ရတာလဲ…”
ဆိုပြီး မေးတဲ့ ကလေးငယ်က မကျေမနပ်ဖြစ်သွားလေရဲ့…

ကလေးတစ်ယောက်ရဲ့ အတွေးကို ပတ်ဝန်းကျင်မှာ ဖြစ်ပျက်မှုက ရိုက်ခတ်မှုရှိတယ်။ အဲဒီကလေး နည်းနည်းကြီးလာတော့ သိပ္ပံဘာသာထဲမှာပါတဲ့ သံလိုက်ရဲ့ ဂုဏ်သတ္တိတွေ စာကျက်နေတယ်။

“ဟေ့ မောင်မြ… လာဟေ့ ငါတို့ ဆရာမအိမ်ကို သံလိုက်ရဲ့ ဂုဏ်သတ္တိတွေ သွားမေးကြရအောင်… အေး.. ဟုတ်ပြီ လာသွားကြမယ်…. မောင်မြနဲ့မောင်လှတို့ပါလား… လာကြလာကြ… စာမေးကြမလို့လား… ဟုတ်ကဲ့ပါဆရာမ… ကျွန်တော်တော်တို့ သံလိုက်ရဲ့ ဂုဏ်သတ္တိတွေသိချင်လို့ပါ……..”

ကလေးစာကျက်သံကိုကြားတဲ့ အမေက
“ရှေ့မှာပါတဲ့ စာပိုဒ်တွေကို ကျက်စရာမလိုပါဘူးကွယ်… နောက်မှာပါ တဲ့ သံလိုက်ဆိုတာ တောင် နဲ့ မြောက်ဖက်ကို အမြဲတမ်း တန်းနေတယ်။ မတူညီတဲ့အစွန်းနှစ်ဖက်ဆိုရင် ဆွဲငင်ပြီးတော့ တူညီတယ်ဆိုရင်တွန်းကန် တယ်ဆိုတာလေးပဲ မှတ်မိရင် ပြန်ရေးလို့ရပါတယ်ကွယ်… နော်..”
“ဟင် မေမေကလည်း အဲဒါဆိုရင် စာပိုဒ်လေးက တိုတိုလေးနေမှာပေါ့… စာပိုဒ်တိုတိုလေးဆို အမှတ်မရပဲနေတော့မှာ…”
အမေပြောတာ လက်မခံနိုင်ပဲ အရေးကြီးတဲ့ အကြောင်းအရာ သာမက အရေးမကြီးတဲ့ တခြားအကြောင်းအရာတွေကိုပါ အပင်ပန်းခံပြီး အလွတ်ရသည်အထိ စာကျက်ပါတော့တယ်…

အဲဒီလို စာပိုဒ်တိုရင် အမှတ်လျော့မှာစိုးတာကတော့ ကျွန်တော်ရဲ့အထက်က အမ ပဲဖြစ်ပါတယ်။

ကျွန်တော်နဲ့ အကြီးဆုံး အကိုနဲ့ အသက်ကွာတော့ ငယ်ငယ်က သိပ်မရင်နှီးခဲ့ပေမယ့် သုံးနှစ်လောက်ပဲကွာတဲ့ အမနဲ့ကတော့ ငယ်ငယ်ကတည်းက အမြဲတတွဲတွဲ အတူဆော့ကစားလေ့ရှိပါတယ်။

အမနဲ့ဆော့ကစားရတော့ မိန်ကလေးကစားနည်းတွေဖြစ်တဲ့ ဈေးရောင်း ကစားနည်းတို့၊ အ၀တ်အစားအလှဆင် ကစားနည်းတွေ၊ ဟင်းချက်ကစားနည်းတွေကို လိုက်ပြီးကစားရပါတယ်။ မိန်ကလေးတွေ ဆော့ကစားတာများတဲ့ ဖန်ခုန်တာ၊ ထုတ်စီးတိုးတာတွေကိုလည်း အမတွေနဲ့ ကစားခဲရ့ပါတယ်။

ကျွန်တော့်ကို အမက အသေးစိတ်ကလေးကအစ သည်းခံ၊ လုပ်ကိုင်ပေးလေ့ရှိတယ်။

မှတ်မိတဲ့ အကြောင်းအရာလေးတစ်ခုရှိတယ်။ ကျွန်တော်လေးတန်းနှစ်မှာ အမျိုးသားနေ့အထိမ်းအမှတ် ကဗျာသရုပ်ဖော်ပြိုင်ပွဲမှာ ကျွန်တော်ပါဝင်ခဲ့ပါတယ်။ ပြိုင်ပွဲနေ့မှာ မနက်အစောကြီးသွားရမှာမို့လို့ အမေက အမကိုလိုက်ပို့ခိုင်းလိုက်ပါတယ်။ ပြီးတော့လည်း အမက ပြန်မသွားပဲ ကျွန်တော်တို့ ပြိုင်နေတာကို အားပေးပြီး အပြန်မှာလည်း အတူတူပြန်ဖို့ စောင့်နေပါတယ်။ အဲဒီပြိုင်ပွဲ ဒုတိယဆု ရလို့ ဆရာမတွေက ကျွန်တော်တို့ကို မုန့်လိုက်ကျွေးမယ်ဆိုတော့ ကျွန်တော်ကအမနဲ့ အတူလိုက်မပြန်တော့ပဲ ဆရာမတွေနဲ့လိုက်သွားပြီး အမကို ထားခဲ့ပါတယ်။

အိမ်လည်းပြန်ရောက်တော့ မေမေက ပြောပါတော့တယ်…
“သားရယ်… မမမှာ တစ်ယောက်ထဲပြန်လာရတာ… သူ့မှာ သားကိုစောင့်ခေါ်နေတာကို အတူတူပြန်လိုက်လာတာမဟုတ်ဘူး… ” ဆိုပြီးတော့လေ… ကျွန်တော်လည်း မေမေပြောတော့မှ စိတ်တော့မကောင်းဖြစ်သွားပါတယ်။ သူကတော့ ဘာမှမပြော အပြစ်လည်းမဆိုခဲ့ပါဘူး။

ရန်ကုန်မှာ တက္ကသိုက်တက်တဲ့အရွယ်ရောက်တဲ့အထိတိုင် ကျောင်းအပ်တော့ ကိုယ်တိုင်လိုက်ပြီးလုပ်ပေးပါတယ်။ ပြီးတော့ ကျွန်တော် ပင်းယဆောင်မှာ နေမယ်ဆိုတော့လည်း ယောင်္ကျားလေးဆောင်ထဲ ခိုးဝင်ပြီး အခန်းကို ရှင်းလင်းရေးလုပ်ပေး၊ နေရာချထားပေးတာက အစ လုပ်ပေးပါတယ်။

အမကတော့ ဘယ်သူ့ကိုဖြစ်ဖြစ်တတ်နိုင်တာလေးတွေကို လုပ်ပေးလေ့ရှိပါတယ်။

အရေးနဲ့အကြောင်းနဲ့ဆိုလည်း မိဘကိုတွေ အမကပဲ အနီးကပ် ပြုစုစောင့်ရှောက်ပါတယ်။ အဲဒီမိဘကို ပြုစုစောင့်ခွင့်ရတယ်ဆိုတာကလည်း ထူးတဲ့ ကုသိုလ်ပါပဲ။
အဲဒီ အကျိုးကျေးဇူးတွေကြောင့်လည်း သူအလိုရှိတဲ့ အရာကို မဖြစ်နိုင်လောက်ဘူးဆိုတဲ့ အချိန်မှာ ရရှိခဲ့ပါတယ်။



ဒီနေ့ကတော့ အမရဲ့မွေးနေ့ဖြစ်လို့ ဆုတောင်းပေးလိုက်ပါတယ်….
"ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေ။ ကိစ္စအ၀၀ကို ဥာဏ်နဲ့ယှဉ် စဉ်းစားဆင်ခြင်ဆုံးဖြတ်နိုင်ပြီး ကောင်းသော လိုအင်ဆန္ဒတွေနဲ့ ပြည့်စုံပါစေ... "

Read More...

Saturday, September 6, 2008

ခဲကြီးထမ်းပြီး ချိန်ခွင်ပေါ်တက်လိုက်ချင်

မောင်နှမတွေထဲက အဲဒီစကားကို ဘယ်သူကစပြော လိုက်သလဲတော့ မသိ...

မေမေက ဈေးဝယ်ခိုင်းလိုက်လို့ ဈေးသည် ညာချတာကို ခံရပြီဆိုရင် "ငါ့သား သမီးတွေကလည်း ရိုးပါ့ အ ပါ့..." နဲ့ စိတ်တိုတိုနဲ့ ပြောလေ့ရှိပါတယ်....

ကျွန်တော်တို့ကလည်း အမေကိုတော့ မခံ ပြန်ပြောတာက "အမေ့... သားတို့က ခဲကြီးထမ်းမျိုးနဲ့ ချိန်ခွင်မတက်မျိုး တို့ရဲ့ မျိုးဆက်လေ.. အဲလောက်တော့လည်း ရှိမှာပေါ့... " ဆိုပြီးတော့လေ...


ခဲကြီးထမ်းမျိုး - ဆိုတာကတော့ အဖေ့ဘက်က အမျိုးတွေကို နောက်ပြီး ခေါ်တာပါ။ အဲလိုနာမည်ဖြစ်လာတာက ဒီလို ... အဖေ့ရဲ့ ဘကြီးတစ်ယောက်က ရွာနဲ့ အတော်လှမ်းတဲ့နေရာမှာ ယာစိုက်ပါတယ်။

ရှေးတုန်းက တောင်သူကြီးဖြစ်လို့ စာကလည်း မတတ်ပါဘူးတဲ့။ စိုက်တဲ့ယာက သီးနှံတွေဖြစ်ထွန်းတော့ လူခိုးမယ့်ရန်၊ နွားတွေဝင်စားမယ့်ရန်တွေကနေ တော်တော်လေး ကာကွယ်ရပါတယ်။ ပြီးတော့ သူကလည်း နှမျောတွန့်တိုတတ်တော့ လူတွေကလည်း ကြည့်မရပါဘူး။ တစ်နေ့တော့ သူ့ယာခင်းနားက ကျောက်ခဲကြီးပေါ်မှာ စာတွေရေးသွားတာကို တွေ့ပါတယ်။ သူကစာမဖတ်တတ်တော့ ဘာတွေရေးထားတယ်ဆိုတာမသိဘူး ဖြစ်နေတယ်၊ သူ့ မကောင်းကြောင်းရေးတာကိုလည်း သိနေ၊ ဘာမှန်းကလည်းမသိဖြစ်နေတာနဲ့ အင်မတန်လေးတဲ့ ကျောက်ခဲကြီးကို အိမ်အထိထမ်းပြန်သွားပါတယ်...

အိမ်ရောက်တော့မှ ဘာစာလည်းဆိုတာ ဖတ်ခိုင်းပါသတဲ့... အဲဒါကို လူတွေကမြင်တော့ "ဦးကြီးရယ်... စာဖတ်တတ်တဲ့လူ ခေါ်ပြီး ဖတ်ခိုင်းရောပေါ့... ဒီလောက်လေးတဲ့ ကျောက်ခဲကြီးကိုမလာရသလား"

ဆိုတောမှ "အေး... ဟုတ်သား... " ဆိုပြီး ဖြစ်သတဲ့... အဲလိုနဲ့ အဖေတို့အမျိုးတွေကို ခဲကြီးထမ်းမျိုးလို့ခေါ်ပြီး စတာပေါ့...

ချိန်ခွင်မတက်မျိုး - ဒါကတော့ အမေ့ဘက်က အမျိုးတွေကို ခေါ်တာပါ။ အမေ့ရဲ့ အဘွားကို အမေကြီးတုတ်လို့ခေါ်ပါတယ်။ နာမည်ကသာ မတုတ် လူကတော့ ဖြူဖြူသွယ်သွယ် ရိုးရိုးအအပါတဲ့။ သူက ခပ်အေးအေးပဲနေတတ်ပေမယ့် သူ့ရဲ့ ညီမတွေကတော့ လည်လည်ဝယ်ဝယ်နဲ့ သူ့ကိုလာလာပြီး ညာစားနေကြတာပေါ့။ သူ့ရဲ့ ပစ္စည်းတွေကိုလည်း ခဏဆိုပြီး ငှား၊ ပြီးတော့ ပြန်မပေးတော့ဘူးပေါ့။
အဲဒါကို ဆွေမျိုးတွေက အမေကြီးတုတ် ရိုးအပြီး ခံနေရတာကို မြင်တော့ မခံချိမခံသာဖြစ်ပြီး ပြောပါတယ် "မတုတ်.. ညည်းကလည်းအေ ရိုးလိုက်အလိုက်တာ... အဲဒီလိုသာရိုးအနေ ညည်း ညီမတွေက ညည်းကို ရောင်းစားသွားလိမ့်မယ်... " လို့ ပြောတာပေါ့။ အမေကြီးတုတ်ကလည်း အဲဒါကိုတော့ မခံပါဘူး ပြန်ပြောလိုက်ပါတယ် "ကျုပ်က အဲလောက်တော့ မအသေးပါဘူးတော်... သူတို့ ချိန်ခွင်ပေါ်တက်ခိုင်းရင် ဘယ်တက်ပါ့မလဲ... " တဲ့...

အဲဒီ မျိုးဆက်တွေရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ ကျွန်တော်လည်း တခါတရံတော့ ခဲကြီးထမ်းပြီး ချိန်ခွင်ပေါ်တက်လိုက်ချင်ပါတယ်...

အချိန်စီးသွားအောင်လို့လေ... အသက်ကတော့ ကြီးနေပြီကိုး...

Read More...

Wednesday, September 3, 2008

လူလိမ္မာမဖြစ်ချင်တဲ့သူ

အိမ်မှာ မောင်နှမတွေထဲမှာ အကြီးဆုံးကတော့ ကျွန်တော့်အကိုပါ။ ကျွန်တော်နဲ့တော့ ပစ္စည်းတွေ စိတ်ဝင်စားတာ အကြိုက်ချင်းသိပ်မကွာပေမယ့် ပစ္စည်းတစ်ခုကိုကြိုက်တာချင်းတော့ကွာပါတယ်။ သူက ပစ္စည်းကို အသုံးဘယ်လိုဝင်သလဲကို ပိုစိတ်ဝင်စားတတ်ပြီး ကျွန်တော်ကတော့ ဘယ်လောက် လှတာလဲ ဆိုတာကို ပိုစိတ်ဝင်စားပါတယ်။

အသက်က ၇ နှစ်ကွာတော့ ကျွန်တော်က ပလတ်စတစ်ကားကို ကြိုးနဲ့ဆွဲပြီး ဆော့နေချိန်မှာ သူက လူပျိုပေါက်ဖြစ်လို့ စက်ဘီးတစ်စီးနဲ့ အပြင်ထွက် လူပျိုလှည့်နေတတ်နေပါပြီ။
အဲဒီတော့ အကို နဲ့ အခြား ၀မ်းကွဲအကိုတွေ အပြင်ပဲဖြစ်ဖြစ်၊ တခြားမြို့ကို ကိစ္စရှိလို့ဖြစ်ဖြစ် အလည်ပဲဖြစ်ဖြစ် သွားတော့မယ်ဆို ကျွန်တော်တို့ကလေးတွေက လိုက်ချင်လို့ပူဆာ သူတို့က လွတ်လွတ်လပ်လပ် လူပျိုတွေပဲသွားချင်တော့ မခေါ်ခဲ့ဘူးဆိုတော့ ငယ်ငယ်ကဆိုရင် အကိုက ကျွန်တော်တို့ အငယ်တွေကို ဂရုမစိုက်ဘူးလို့ ထင်ခဲ့တယ်။

မှတ်မိဖြစ်ရပ်ကလေးတစ်ခုရှိခဲ့တယ်။ ကျွန်တော့်အသက် ၁၁နှစ်လောက်တုန်းက ဖြစ်မယ်ထင်ပါတယ်။ နွေရာသီကျောင်းပိတ်ရက်မှာ မေမေက ဆရာမွမ်းမံသင်တန်းရှိလို့ မန္တလေးကိုသွားပြီး သင်တန်းတက်နေချိန်၊ ဖေဖေကတော့ အဝေးမှာ အလုပ်တာဝန်အရရှိနေချိန် ဆိုတော့ ကျွန်တော်တို့ အငယ်နှစ်ယောက်က အဒေါ် (ဖေဖေ့အမ အငယ်) ရဲ့ အိမ်မှာ ခဏနေခဲ့ချိန်ဖြစ်ပါတယ်။ အကိုကတော့ အိမ်မှာပဲညစောင့်အိပ်ပါတယ်။ တရက်ကျတော့ မနက်အိပ်ယာအထမှာ ကျွန်တော်က တော်တော်လေးကိုယ်ပူပြီး ဖျားနေပါတယ်။ အဒေါ်လုပ်သူက ဂရုစိုက်ပေမယ့် အဲလိုနေမကောင်းချိန်မှာတော့ ကိုယ့်မိဘကိုပဲတမ်းတပါတယ်။

အဲဒါနဲ့ ဆေးခန်းသွားမယ်ဆိုတော့ အကိုတ၀မ်းကွဲဖြစ်တဲ့ ကိုပေါက်ကို လိုက်ပို့ခိုင်းပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့်အကိုကလည်း ရောက်လာပြီးတော့ ဆေးခန်းကို ကိုပေါက်နဲ့ အတူလိုက်ပို့ပါတယ်။ ကိုပေါက်က ကလေးတွေနဲ့ ရင်းရင်းနှီးနှီး ရှိတတ်တော့ စိတ်ထဲမှာ ပိုဂရုစိုက်တတ်မယ် လို့မျှော်လင့်ခဲ့တယ်။ တကယ်တမ်း ဆေးခန်းကိုရောက် ဆရာဝန်နဲ့ပြတော့ အကိုကပဲ အနားမှာရှိနေပြီး ဆရာဝန်ကို လိုအပ်တာတွေမေး၊ ဆေးထိုးပြီးတော့လည်း ဆေးခြေပေးတာက အစ၊ သောက်ဆေးယူပြီး ဘယ်လိုသောက်ရမယ်ဆိုက အဆုံး ဂရုတစိုက်တဲ့ ကြင်ကြင်နာနာလုပ်ပေးပါတယ်... အဲတော့မှ ညီအကိုအရင်းဖြစ်တဲ့ သူကမှ တကယ်လိုအပ်တဲ့အခါမှာ လုပ်ပေးပါ့လားဆိုပြီး ခံစားမိခဲ့တယ်...

တကယ်တော့ အကိုက အသေးအမွားတွေကို သိပ်ပြီးဂရုမစိုက်တတ်ပေမယ့် တကယ်အရေးကြီးတဲ့ သင်ပြမှု၊ လမ်းညွှန်မှု၊ ကူညီမှု တွေကို ကျွန်တော်တို့ အငယ်တွေအပေါ်မှာ လုပ်ပေးခဲ့ပါတယ် အခုလည်းလုပ်ပေးနေတုန်းပါပဲ။

အကိုပြောခဲ့တဲ့စကားတခုကို သဘောကျလို့ တခါတလေ ကိုယ်တိုင်လည်း အဲလိုပဲ လိုက်နာနေသလိုပဲ....
တခါက မေမေက သားကြီး လိမ်လိမ်မာမာနေ ဆိုပြီးပြောလို့ "အမေ... သားက လူလိမ္မာတော့လည်းမဖြစ်ချင်ဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီ လူလိမ္မာဆိုတဲ့နာမည်နဲ့ ကိုယ်လုပ်ချင်တာတွေ မလုပ်ရပဲ ကျဉ်းကျပ်နေရမှာ.. ဒါပေမယ့် စိတ်ချ ဘယ်တော့မှလည်း လူမိုက်မဖြစ်စေရဘူး..." တဲ့...

ဖတ်တဲ့လူတွေ ဘာလို့ရေးနေသလဲထင်မှာပဲနော်... ကျွန်တော်က အကိုရဲ့မွေးနေ့မှာ အမှတ်တရလည်းဖြစ်အောင်လို့ပါ...



"ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး၊ ကြိုးစားသမျှ အောင်မြင်ဖြစ်ထွန်း၍ ကောင်းသော လိုအင်ဆန္ဒတွေနဲ့ ပြည့်စုံပါစေ... " လို့လည်း ဆုတောင်းလိုက်ပါတယ်။

(အမကလည်း စက်တင်ဘာထဲမှာပဲ မွေးတော့ အကိုကိုရေးပေးလိုက်ရင် သူ့အတွက်လည်းရေးရတော့မယ်... :P)

Read More...

Ratings