Wednesday, September 3, 2008

လူလိမ္မာမဖြစ်ချင်တဲ့သူ

အိမ်မှာ မောင်နှမတွေထဲမှာ အကြီးဆုံးကတော့ ကျွန်တော့်အကိုပါ။ ကျွန်တော်နဲ့တော့ ပစ္စည်းတွေ စိတ်ဝင်စားတာ အကြိုက်ချင်းသိပ်မကွာပေမယ့် ပစ္စည်းတစ်ခုကိုကြိုက်တာချင်းတော့ကွာပါတယ်။ သူက ပစ္စည်းကို အသုံးဘယ်လိုဝင်သလဲကို ပိုစိတ်ဝင်စားတတ်ပြီး ကျွန်တော်ကတော့ ဘယ်လောက် လှတာလဲ ဆိုတာကို ပိုစိတ်ဝင်စားပါတယ်။

အသက်က ၇ နှစ်ကွာတော့ ကျွန်တော်က ပလတ်စတစ်ကားကို ကြိုးနဲ့ဆွဲပြီး ဆော့နေချိန်မှာ သူက လူပျိုပေါက်ဖြစ်လို့ စက်ဘီးတစ်စီးနဲ့ အပြင်ထွက် လူပျိုလှည့်နေတတ်နေပါပြီ။
အဲဒီတော့ အကို နဲ့ အခြား ၀မ်းကွဲအကိုတွေ အပြင်ပဲဖြစ်ဖြစ်၊ တခြားမြို့ကို ကိစ္စရှိလို့ဖြစ်ဖြစ် အလည်ပဲဖြစ်ဖြစ် သွားတော့မယ်ဆို ကျွန်တော်တို့ကလေးတွေက လိုက်ချင်လို့ပူဆာ သူတို့က လွတ်လွတ်လပ်လပ် လူပျိုတွေပဲသွားချင်တော့ မခေါ်ခဲ့ဘူးဆိုတော့ ငယ်ငယ်ကဆိုရင် အကိုက ကျွန်တော်တို့ အငယ်တွေကို ဂရုမစိုက်ဘူးလို့ ထင်ခဲ့တယ်။

မှတ်မိဖြစ်ရပ်ကလေးတစ်ခုရှိခဲ့တယ်။ ကျွန်တော့်အသက် ၁၁နှစ်လောက်တုန်းက ဖြစ်မယ်ထင်ပါတယ်။ နွေရာသီကျောင်းပိတ်ရက်မှာ မေမေက ဆရာမွမ်းမံသင်တန်းရှိလို့ မန္တလေးကိုသွားပြီး သင်တန်းတက်နေချိန်၊ ဖေဖေကတော့ အဝေးမှာ အလုပ်တာဝန်အရရှိနေချိန် ဆိုတော့ ကျွန်တော်တို့ အငယ်နှစ်ယောက်က အဒေါ် (ဖေဖေ့အမ အငယ်) ရဲ့ အိမ်မှာ ခဏနေခဲ့ချိန်ဖြစ်ပါတယ်။ အကိုကတော့ အိမ်မှာပဲညစောင့်အိပ်ပါတယ်။ တရက်ကျတော့ မနက်အိပ်ယာအထမှာ ကျွန်တော်က တော်တော်လေးကိုယ်ပူပြီး ဖျားနေပါတယ်။ အဒေါ်လုပ်သူက ဂရုစိုက်ပေမယ့် အဲလိုနေမကောင်းချိန်မှာတော့ ကိုယ့်မိဘကိုပဲတမ်းတပါတယ်။

အဲဒါနဲ့ ဆေးခန်းသွားမယ်ဆိုတော့ အကိုတ၀မ်းကွဲဖြစ်တဲ့ ကိုပေါက်ကို လိုက်ပို့ခိုင်းပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့်အကိုကလည်း ရောက်လာပြီးတော့ ဆေးခန်းကို ကိုပေါက်နဲ့ အတူလိုက်ပို့ပါတယ်။ ကိုပေါက်က ကလေးတွေနဲ့ ရင်းရင်းနှီးနှီး ရှိတတ်တော့ စိတ်ထဲမှာ ပိုဂရုစိုက်တတ်မယ် လို့မျှော်လင့်ခဲ့တယ်။ တကယ်တမ်း ဆေးခန်းကိုရောက် ဆရာဝန်နဲ့ပြတော့ အကိုကပဲ အနားမှာရှိနေပြီး ဆရာဝန်ကို လိုအပ်တာတွေမေး၊ ဆေးထိုးပြီးတော့လည်း ဆေးခြေပေးတာက အစ၊ သောက်ဆေးယူပြီး ဘယ်လိုသောက်ရမယ်ဆိုက အဆုံး ဂရုတစိုက်တဲ့ ကြင်ကြင်နာနာလုပ်ပေးပါတယ်... အဲတော့မှ ညီအကိုအရင်းဖြစ်တဲ့ သူကမှ တကယ်လိုအပ်တဲ့အခါမှာ လုပ်ပေးပါ့လားဆိုပြီး ခံစားမိခဲ့တယ်...

တကယ်တော့ အကိုက အသေးအမွားတွေကို သိပ်ပြီးဂရုမစိုက်တတ်ပေမယ့် တကယ်အရေးကြီးတဲ့ သင်ပြမှု၊ လမ်းညွှန်မှု၊ ကူညီမှု တွေကို ကျွန်တော်တို့ အငယ်တွေအပေါ်မှာ လုပ်ပေးခဲ့ပါတယ် အခုလည်းလုပ်ပေးနေတုန်းပါပဲ။

အကိုပြောခဲ့တဲ့စကားတခုကို သဘောကျလို့ တခါတလေ ကိုယ်တိုင်လည်း အဲလိုပဲ လိုက်နာနေသလိုပဲ....
တခါက မေမေက သားကြီး လိမ်လိမ်မာမာနေ ဆိုပြီးပြောလို့ "အမေ... သားက လူလိမ္မာတော့လည်းမဖြစ်ချင်ဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီ လူလိမ္မာဆိုတဲ့နာမည်နဲ့ ကိုယ်လုပ်ချင်တာတွေ မလုပ်ရပဲ ကျဉ်းကျပ်နေရမှာ.. ဒါပေမယ့် စိတ်ချ ဘယ်တော့မှလည်း လူမိုက်မဖြစ်စေရဘူး..." တဲ့...

ဖတ်တဲ့လူတွေ ဘာလို့ရေးနေသလဲထင်မှာပဲနော်... ကျွန်တော်က အကိုရဲ့မွေးနေ့မှာ အမှတ်တရလည်းဖြစ်အောင်လို့ပါ...



"ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး၊ ကြိုးစားသမျှ အောင်မြင်ဖြစ်ထွန်း၍ ကောင်းသော လိုအင်ဆန္ဒတွေနဲ့ ပြည့်စုံပါစေ... " လို့လည်း ဆုတောင်းလိုက်ပါတယ်။

(အမကလည်း စက်တင်ဘာထဲမှာပဲ မွေးတော့ အကိုကိုရေးပေးလိုက်ရင် သူ့အတွက်လည်းရေးရတော့မယ်... :P)

6 comments:

Moe Cho Thinn said...

အကို ပြောတဲ့စကားလေး ကောင်းတယ်။
တို့လဲ ပီတိကတဆင့် Happy Birthday လုပ်လိုက်ပါတယ်။
တို့မှာ အကိုအရင်းမရှိလို့ အဲဒီလို အကိုမျိုး ရှိတာ ကံကောင်းတာပေါ့။

ပုံရိပ် / Pon Yate said...

ကိုပီတိ အစ်ကိုက စကားပြောတတ် လိုက်တာ။ ပုံရိပ်လည်း အဲဒီလိုပဲ။ လူလိမ္မာ မဖြစ်ချင်ဘူး။

khin oo may said...

ဒါ ကြောင့်မို့လို့ blood is thicker than water လို့ပြောကျတာ နေမှာပေါ့.
By the way
December ကျရင် တို့ ကိုလည်း ရေးပေးနော်။


http://i204.photobucket.com/albums/bb64/daikingp/birthday/prod_668_18126.gif

Kay said...

အမေ... သားက လူလိမ္မာတော့လည်းမဖြစ်ချင်ဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီ လူလိမ္မာဆိုတဲ့နာမည်နဲ့ ကိုယ်လုပ်ချင်တာတွေ မလုပ်ရပဲ ကျဉ်းကျပ်နေရမှာ.. ဒါပေမယ့် စိတ်ချ ဘယ်တော့မှလည်း လူမိုက်မဖြစ်စေရဘူး..."

ပီတိ အကို ပြောတာကို.. သဘောကျ..ထောက်ခံပါတယ်..။
ကိုယ့်ဖာ ကိုယ် ဆိုရင်တော့..လူမိုက်တောင်..နဲနဲ ဖြစ်ချင် သလိုပဲ။း)

ပီတိ said...

ဟုတ်တယ် အမမိုးချိုသင်းရေ... အကိုတွေအမတွေဆိုတာက ကိုယ့်ကိုတကယ်ချစ်ပြီး ကူညီလမ်းပြပေးတဲ့လူတွေဆိုတော့ သူတို့ရှိတာကို ကံကောင်းတယ်လို့ပြောရမှာပဲနော်...

ပုံရိပ်ရေ.. သူအဲလိုပြောတတ်လို့ မေမေလည်း လိမ်လိမ်မာမာနေလို့ မပြောရဲတော့ဘူးလေ... :P

ဟုတ်ပါ့ အမရယ်... သွေးအရင်းကမှ အရေးကြုံရင် အားကိုးရတာ...

ဟားဟား ဟုတ်တယ် မကေ.. ကျွန်တော်လည်း နဲနဲမိုက်နေတာလေ (ပုံရိပ်ရဲ့စကားနဲ့)

ဂျစ်တူး - gyit_tu said...

ကိုပီတိ အကိုပြောတာလေးကို တော်၂ကြိုက်တယ်း)

ကိုပီတိအကိုလည်း ပျော်ရွှင်ဖွယ် မွေးနေ့ကို ရနိုင်ပါစေ ။

Ratings