Saturday, September 6, 2008

ခဲကြီးထမ်းပြီး ချိန်ခွင်ပေါ်တက်လိုက်ချင်

မောင်နှမတွေထဲက အဲဒီစကားကို ဘယ်သူကစပြော လိုက်သလဲတော့ မသိ...

မေမေက ဈေးဝယ်ခိုင်းလိုက်လို့ ဈေးသည် ညာချတာကို ခံရပြီဆိုရင် "ငါ့သား သမီးတွေကလည်း ရိုးပါ့ အ ပါ့..." နဲ့ စိတ်တိုတိုနဲ့ ပြောလေ့ရှိပါတယ်....

ကျွန်တော်တို့ကလည်း အမေကိုတော့ မခံ ပြန်ပြောတာက "အမေ့... သားတို့က ခဲကြီးထမ်းမျိုးနဲ့ ချိန်ခွင်မတက်မျိုး တို့ရဲ့ မျိုးဆက်လေ.. အဲလောက်တော့လည်း ရှိမှာပေါ့... " ဆိုပြီးတော့လေ...


ခဲကြီးထမ်းမျိုး - ဆိုတာကတော့ အဖေ့ဘက်က အမျိုးတွေကို နောက်ပြီး ခေါ်တာပါ။ အဲလိုနာမည်ဖြစ်လာတာက ဒီလို ... အဖေ့ရဲ့ ဘကြီးတစ်ယောက်က ရွာနဲ့ အတော်လှမ်းတဲ့နေရာမှာ ယာစိုက်ပါတယ်။

ရှေးတုန်းက တောင်သူကြီးဖြစ်လို့ စာကလည်း မတတ်ပါဘူးတဲ့။ စိုက်တဲ့ယာက သီးနှံတွေဖြစ်ထွန်းတော့ လူခိုးမယ့်ရန်၊ နွားတွေဝင်စားမယ့်ရန်တွေကနေ တော်တော်လေး ကာကွယ်ရပါတယ်။ ပြီးတော့ သူကလည်း နှမျောတွန့်တိုတတ်တော့ လူတွေကလည်း ကြည့်မရပါဘူး။ တစ်နေ့တော့ သူ့ယာခင်းနားက ကျောက်ခဲကြီးပေါ်မှာ စာတွေရေးသွားတာကို တွေ့ပါတယ်။ သူကစာမဖတ်တတ်တော့ ဘာတွေရေးထားတယ်ဆိုတာမသိဘူး ဖြစ်နေတယ်၊ သူ့ မကောင်းကြောင်းရေးတာကိုလည်း သိနေ၊ ဘာမှန်းကလည်းမသိဖြစ်နေတာနဲ့ အင်မတန်လေးတဲ့ ကျောက်ခဲကြီးကို အိမ်အထိထမ်းပြန်သွားပါတယ်...

အိမ်ရောက်တော့မှ ဘာစာလည်းဆိုတာ ဖတ်ခိုင်းပါသတဲ့... အဲဒါကို လူတွေကမြင်တော့ "ဦးကြီးရယ်... စာဖတ်တတ်တဲ့လူ ခေါ်ပြီး ဖတ်ခိုင်းရောပေါ့... ဒီလောက်လေးတဲ့ ကျောက်ခဲကြီးကိုမလာရသလား"

ဆိုတောမှ "အေး... ဟုတ်သား... " ဆိုပြီး ဖြစ်သတဲ့... အဲလိုနဲ့ အဖေတို့အမျိုးတွေကို ခဲကြီးထမ်းမျိုးလို့ခေါ်ပြီး စတာပေါ့...

ချိန်ခွင်မတက်မျိုး - ဒါကတော့ အမေ့ဘက်က အမျိုးတွေကို ခေါ်တာပါ။ အမေ့ရဲ့ အဘွားကို အမေကြီးတုတ်လို့ခေါ်ပါတယ်။ နာမည်ကသာ မတုတ် လူကတော့ ဖြူဖြူသွယ်သွယ် ရိုးရိုးအအပါတဲ့။ သူက ခပ်အေးအေးပဲနေတတ်ပေမယ့် သူ့ရဲ့ ညီမတွေကတော့ လည်လည်ဝယ်ဝယ်နဲ့ သူ့ကိုလာလာပြီး ညာစားနေကြတာပေါ့။ သူ့ရဲ့ ပစ္စည်းတွေကိုလည်း ခဏဆိုပြီး ငှား၊ ပြီးတော့ ပြန်မပေးတော့ဘူးပေါ့။
အဲဒါကို ဆွေမျိုးတွေက အမေကြီးတုတ် ရိုးအပြီး ခံနေရတာကို မြင်တော့ မခံချိမခံသာဖြစ်ပြီး ပြောပါတယ် "မတုတ်.. ညည်းကလည်းအေ ရိုးလိုက်အလိုက်တာ... အဲဒီလိုသာရိုးအနေ ညည်း ညီမတွေက ညည်းကို ရောင်းစားသွားလိမ့်မယ်... " လို့ ပြောတာပေါ့။ အမေကြီးတုတ်ကလည်း အဲဒါကိုတော့ မခံပါဘူး ပြန်ပြောလိုက်ပါတယ် "ကျုပ်က အဲလောက်တော့ မအသေးပါဘူးတော်... သူတို့ ချိန်ခွင်ပေါ်တက်ခိုင်းရင် ဘယ်တက်ပါ့မလဲ... " တဲ့...

အဲဒီ မျိုးဆက်တွေရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ ကျွန်တော်လည်း တခါတရံတော့ ခဲကြီးထမ်းပြီး ချိန်ခွင်ပေါ်တက်လိုက်ချင်ပါတယ်...

အချိန်စီးသွားအောင်လို့လေ... အသက်ကတော့ ကြီးနေပြီကိုး...

11 comments:

MyowinZaw said...

ကောင်းလိုက်တာဗျာ ရယ်ရတဲ့အပြင် ရိုးသားတဲ့ ရှေးလူကြီးတွေရဲ့စရိုက်ကို ထင်းကနဲမြင်လိုက်တယ်

Moe Cho Thinn said...

ဟားဟားဟား
သဘောကျပါရဲ့ ခဲကြီးထမ်းမျိုးရေ..။

JulyDream said...

ချိန်ခွင်ပေါ် မတက်ရင် ကတ္တားကြီးပေါ် တက်ခိုင်းမယ်လေ... ခဏလောက် ထိုင်ပေးပါလို့ ပြောပြီးတော့ပေါ့။ အဟဲ...

ကျေးဇူးတင်ပါတယ်... ခဲကြီးထမ်းမျိုးဆိုတာ သိခွင့်ရလိုက်လို့။

little moon said...

ကိုရဲကြီးတစ်ယောက်ကတော့ ခဲကြီးထမ်းဖို့လိုမယ် မထင်ဘူးဗျ သူဖာသာကို အတော်အချိန်စီးနေပြီ :D

ဇနိ said...

ကိုအန်ဒီဆီမှာ ရေးထားတာထင်တယ် ဖတ်ဖူးတယ်
သမီးလေးကြီးလာရင် - လည်လွန်းလို့ အဖေအမေကို ရောင်းစားမယ်ဆိုရင် ချိန်ခွင်ပေါ်မတက်ဘူးတဲ့ တိုင်ပင်ထားတာတဲ့
း)
အခုဒီမှာ တမျိုးတိုးသွားပြန်ပြီ
ခဲကြီးထမ်းမျိုးတဲ့ -း)

ပီတိ said...

ကိုမျိုးဝင်းဇော် ကျေးဇူးပါ။ ဟုတ်တယ် တော်တော်လေးရိုးကြတယ်နော်...

အမမိုးချိုသင်း.. ဟဲဟဲ

ကိုဂျူလိုင်.. အဲဒါဆို ဈေးပိုပေးမှာလားဟင်...

ဟားဟား ဟုတ်တယ် little moon... သူဆို ခဲထမ်းဖို့မလိုဘူး... :P

လာလည်တာကျေးဇူး ကိုဇနိ... နောက်ပိုင်းကလေးတွေကို ပိုပိုလည်တာတယ်နော်...ကြည့်ရတာ သူတို့ခေတ် နဲ့ လိုက်အောင်ထင်တယ်...
သူတို့က ပိုလည်ပြီးတော့ ခန့်မှန်းခြေနဲ့ ရောင်းစားနေပါဦးမယ်.... :P

pandora said...

ဒီစာကို ဖတ်ပြီး ညီမလေးကတော့ ပြောနေတယ်

မမကလည်း ၀က်တွေဘာတွေဆိုရင် အရှင်ဆိုရင် အကောင်လိုက် ချိန်ခွင်ပေါ်တက်ပြီး ချိန်တာမှမဟုတ်တာ။ ကိုယ်ခန္ဓာ လုံးပတ်ဘယ်လောက် အရပ်ဘယ်လောက်ဆိုပြီး အလေးချိန်ကို တွက်တာ တဲ့။

သူကြားဖူးတာ ပြောတာ နေမှာပါ။ ဘာကိုမှ မရည်ရွယ်ပါ . ဟီးဟီး..

khin oo may said...

ယုံပါဘူး အေ့။ ရိုးတဲ့လူ နိုင်ငံခြား မရောက် ဘူးအေ့။ လည်လို့ ရောက်လာတာ။

ပုံရိပ် / Pon Yate said...

အလေးချိန် ဘယ်လောက် ရှိလဲ။ အချိန်တော့ စီးမှာ သေချာတယ်။ :D
ဖတ်ပြီး သဘောကျသွားတယ်။

ဂျစ်တူး - gyit_tu said...

အဟား ရယ်ရတယ် ။

ပီတိ said...

ပန်ဒိုရာပြောတာ ဗဟုသုတအတွက် မဟုတ်လား.. ဟဲဟဲ..

ဟုတ်တယ် မခင်ဦးမေ... ကျွန်တော်က မလည်မ၀ယ်ရောက်လာတာလေ...

ကျေးဇူးပုံရိပ်... အချိန်တော်တော်လေးစီးလို့ ဈေးပိုရတယ်လေ... ဟိ

ကျေးဇူး ဂျစ်တူး... ပြီးတော့မှ အကြွေးတောင်မယ်နော်...း)

Ratings