Sunday, September 7, 2008

ခွဲလေးကိုပဲ လျော့ခိုင်းတဲ့သူ

ကလေးတစ်ယောက်ရဲ့ အတွေးလေးတွေက အပြစ်ကင်းစင်ပြီး အင်မတန် ချစ်စရာကောင်းပါတယ်။

ကလေးတစ်ယောက်က သူ့အဖေကို သိချင်တာလေး မေးလိုက်တယ်။
“ဖေဖေ… ဟီးနိုးကားကြီးတစ်စီးကို ပိုက်ဆံဘယ်လောက်ပေးရသလဲ…”
“သုံးသိန်းခွဲလောက် ပေးရတာပေါ့…”
“သုံးသိန်းကြီးတောင်ပေးပြီးမှ ခွဲလေးကို လျော့လိုက်တာမဟုတ်ဘူး…”
“ဘာဖြစ်လို့လဲကွဲ့… အဲဒါက ကားကြီးရဲ့တန်ဖိုးဆိုတော့ ပေးရမှာပေါ့”
“ဖေဖေကလည်း… သုံးသိန်းကြီးတောင် အများကြီးပေးထားတာလေ… ခွဲလေးတော့ လျှော့ပေးဖို့ကောင်းပါတယ်…”
“ခွဲဆိုတာကလည်း တန်ဖိုးရှိတယ်လေကွဲ့…”
“ဟင်… ဘာဖြစ်လို့ ခွဲဆိုတဲ့ ငါးမူးလေးကိုတောင် မလျော့နိုင်ရတာလဲ…”
ဆိုပြီး မေးတဲ့ ကလေးငယ်က မကျေမနပ်ဖြစ်သွားလေရဲ့…

ကလေးတစ်ယောက်ရဲ့ အတွေးကို ပတ်ဝန်းကျင်မှာ ဖြစ်ပျက်မှုက ရိုက်ခတ်မှုရှိတယ်။ အဲဒီကလေး နည်းနည်းကြီးလာတော့ သိပ္ပံဘာသာထဲမှာပါတဲ့ သံလိုက်ရဲ့ ဂုဏ်သတ္တိတွေ စာကျက်နေတယ်။

“ဟေ့ မောင်မြ… လာဟေ့ ငါတို့ ဆရာမအိမ်ကို သံလိုက်ရဲ့ ဂုဏ်သတ္တိတွေ သွားမေးကြရအောင်… အေး.. ဟုတ်ပြီ လာသွားကြမယ်…. မောင်မြနဲ့မောင်လှတို့ပါလား… လာကြလာကြ… စာမေးကြမလို့လား… ဟုတ်ကဲ့ပါဆရာမ… ကျွန်တော်တော်တို့ သံလိုက်ရဲ့ ဂုဏ်သတ္တိတွေသိချင်လို့ပါ……..”

ကလေးစာကျက်သံကိုကြားတဲ့ အမေက
“ရှေ့မှာပါတဲ့ စာပိုဒ်တွေကို ကျက်စရာမလိုပါဘူးကွယ်… နောက်မှာပါ တဲ့ သံလိုက်ဆိုတာ တောင် နဲ့ မြောက်ဖက်ကို အမြဲတမ်း တန်းနေတယ်။ မတူညီတဲ့အစွန်းနှစ်ဖက်ဆိုရင် ဆွဲငင်ပြီးတော့ တူညီတယ်ဆိုရင်တွန်းကန် တယ်ဆိုတာလေးပဲ မှတ်မိရင် ပြန်ရေးလို့ရပါတယ်ကွယ်… နော်..”
“ဟင် မေမေကလည်း အဲဒါဆိုရင် စာပိုဒ်လေးက တိုတိုလေးနေမှာပေါ့… စာပိုဒ်တိုတိုလေးဆို အမှတ်မရပဲနေတော့မှာ…”
အမေပြောတာ လက်မခံနိုင်ပဲ အရေးကြီးတဲ့ အကြောင်းအရာ သာမက အရေးမကြီးတဲ့ တခြားအကြောင်းအရာတွေကိုပါ အပင်ပန်းခံပြီး အလွတ်ရသည်အထိ စာကျက်ပါတော့တယ်…

အဲဒီလို စာပိုဒ်တိုရင် အမှတ်လျော့မှာစိုးတာကတော့ ကျွန်တော်ရဲ့အထက်က အမ ပဲဖြစ်ပါတယ်။

ကျွန်တော်နဲ့ အကြီးဆုံး အကိုနဲ့ အသက်ကွာတော့ ငယ်ငယ်က သိပ်မရင်နှီးခဲ့ပေမယ့် သုံးနှစ်လောက်ပဲကွာတဲ့ အမနဲ့ကတော့ ငယ်ငယ်ကတည်းက အမြဲတတွဲတွဲ အတူဆော့ကစားလေ့ရှိပါတယ်။

အမနဲ့ဆော့ကစားရတော့ မိန်ကလေးကစားနည်းတွေဖြစ်တဲ့ ဈေးရောင်း ကစားနည်းတို့၊ အ၀တ်အစားအလှဆင် ကစားနည်းတွေ၊ ဟင်းချက်ကစားနည်းတွေကို လိုက်ပြီးကစားရပါတယ်။ မိန်ကလေးတွေ ဆော့ကစားတာများတဲ့ ဖန်ခုန်တာ၊ ထုတ်စီးတိုးတာတွေကိုလည်း အမတွေနဲ့ ကစားခဲရ့ပါတယ်။

ကျွန်တော့်ကို အမက အသေးစိတ်ကလေးကအစ သည်းခံ၊ လုပ်ကိုင်ပေးလေ့ရှိတယ်။

မှတ်မိတဲ့ အကြောင်းအရာလေးတစ်ခုရှိတယ်။ ကျွန်တော်လေးတန်းနှစ်မှာ အမျိုးသားနေ့အထိမ်းအမှတ် ကဗျာသရုပ်ဖော်ပြိုင်ပွဲမှာ ကျွန်တော်ပါဝင်ခဲ့ပါတယ်။ ပြိုင်ပွဲနေ့မှာ မနက်အစောကြီးသွားရမှာမို့လို့ အမေက အမကိုလိုက်ပို့ခိုင်းလိုက်ပါတယ်။ ပြီးတော့လည်း အမက ပြန်မသွားပဲ ကျွန်တော်တို့ ပြိုင်နေတာကို အားပေးပြီး အပြန်မှာလည်း အတူတူပြန်ဖို့ စောင့်နေပါတယ်။ အဲဒီပြိုင်ပွဲ ဒုတိယဆု ရလို့ ဆရာမတွေက ကျွန်တော်တို့ကို မုန့်လိုက်ကျွေးမယ်ဆိုတော့ ကျွန်တော်ကအမနဲ့ အတူလိုက်မပြန်တော့ပဲ ဆရာမတွေနဲ့လိုက်သွားပြီး အမကို ထားခဲ့ပါတယ်။

အိမ်လည်းပြန်ရောက်တော့ မေမေက ပြောပါတော့တယ်…
“သားရယ်… မမမှာ တစ်ယောက်ထဲပြန်လာရတာ… သူ့မှာ သားကိုစောင့်ခေါ်နေတာကို အတူတူပြန်လိုက်လာတာမဟုတ်ဘူး… ” ဆိုပြီးတော့လေ… ကျွန်တော်လည်း မေမေပြောတော့မှ စိတ်တော့မကောင်းဖြစ်သွားပါတယ်။ သူကတော့ ဘာမှမပြော အပြစ်လည်းမဆိုခဲ့ပါဘူး။

ရန်ကုန်မှာ တက္ကသိုက်တက်တဲ့အရွယ်ရောက်တဲ့အထိတိုင် ကျောင်းအပ်တော့ ကိုယ်တိုင်လိုက်ပြီးလုပ်ပေးပါတယ်။ ပြီးတော့ ကျွန်တော် ပင်းယဆောင်မှာ နေမယ်ဆိုတော့လည်း ယောင်္ကျားလေးဆောင်ထဲ ခိုးဝင်ပြီး အခန်းကို ရှင်းလင်းရေးလုပ်ပေး၊ နေရာချထားပေးတာက အစ လုပ်ပေးပါတယ်။

အမကတော့ ဘယ်သူ့ကိုဖြစ်ဖြစ်တတ်နိုင်တာလေးတွေကို လုပ်ပေးလေ့ရှိပါတယ်။

အရေးနဲ့အကြောင်းနဲ့ဆိုလည်း မိဘကိုတွေ အမကပဲ အနီးကပ် ပြုစုစောင့်ရှောက်ပါတယ်။ အဲဒီမိဘကို ပြုစုစောင့်ခွင့်ရတယ်ဆိုတာကလည်း ထူးတဲ့ ကုသိုလ်ပါပဲ။
အဲဒီ အကျိုးကျေးဇူးတွေကြောင့်လည်း သူအလိုရှိတဲ့ အရာကို မဖြစ်နိုင်လောက်ဘူးဆိုတဲ့ အချိန်မှာ ရရှိခဲ့ပါတယ်။



ဒီနေ့ကတော့ အမရဲ့မွေးနေ့ဖြစ်လို့ ဆုတောင်းပေးလိုက်ပါတယ်….
"ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေ။ ကိစ္စအ၀၀ကို ဥာဏ်နဲ့ယှဉ် စဉ်းစားဆင်ခြင်ဆုံးဖြတ်နိုင်ပြီး ကောင်းသော လိုအင်ဆန္ဒတွေနဲ့ ပြည့်စုံပါစေ... "

5 comments:

ဇနိ said...

အမတစ်ယောက် ကျန်းမာချမ်းသာလို့ အသက်ရှည်ကာ လိုရာ ဆန္ဒတလုံးတဝတည်း ပြည်စုံပါစေ..

Moe Cho Thinn said...

အမတွေက ဒီလိုပဲနော်။ အငယ်တွေကို သိပ်ဂရုစိုက်ကြတယ်။ တို့အမတွေလဲ အဲဒီလိုပဲ။ Happy Birthday လို့ ပီတိ မမကို ပြောပါနော်။
သူ့စာလေးဖတ်ပြီး တို့အမတွေကိုလဲ လွမ်းသွားပြီ။

ဂျစ်တူး - gyit_tu said...

ကိုပီတိ အမက ဂျစ်ထက်တောင် အမ ပို ပီသသေးတယ်နော် ။ ဖတ်ရှု အတုယူသွားပါတယ် ။

ကိုပီတိရဲ့ အမတွက် လှပသော မွေးနေ့လေး ဖြစ်ပါစေ ။

တန်ခူး said...

ကိုပီတိရေ… ပျော်ရွှင်ဖွယ်မွေးနေ့ ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေလို့  အမကို ပြောပေးပါနော်… ဒီပို့ စ်လေးဖတ်ပြီး တနိုင်ငံစီခြားနေတဲ့ မောင်လေးကိုတောင် ပိုလွမ်းသွားတယ်

ပီတိ said...

ဟုတ်ကဲ့ကိုဇနိ ကျေးဇူးတင်ပါတယ်...

ဟုတ်တယ်နော် အမမိုးချိုးသင်း...

အဲလိုလည်းမဟုတ်ပါဘူးဂျစ်တူးရယ်.. တစ်ယောက်တစ်မျိုးစီ ချစ်ကြတာနေမှာပါ...

ဟုတ်ကဲ့ မတန်ခူးပြောလိုက်ပါမယ်... ကျွန်တော်တို့ခေတ်ကျတော့မှ မိသားစုတွေ ခွဲနေရတာများတယ်နော်...

Ratings