Tuesday, September 30, 2008

မုန့်ပေါင်းမစားရတဲ့ည ရဲ့ အကြောင်းအရင်း

မိဘဆိုတာ သားသမီးတွေရဲ့ လိုအင်ဆန္ဒကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးတတ်ကြပါတယ်။

ကျွန်တော်တို့မိသားစုမှာလည်း မိဘနှစ်ပါးက ကျွန်တော်တို့ရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ အခုအချိန်အထိလည်း ဖြည့်ဆည်းပေးနေတုန်းပါပဲ။ မိဘတွေက ၀န်ထမ်းတွေဖြစ်တော့ ၀န်ငွေထွက်ငွေမျှတအောင် သုံးစွဲရတော့ ဈေးကြီးတဲ့ပစ္စည်းတွေကို ပူဆာမိရင် ၀ယ်မပေးနိုင်တော့ မလိုက်လျောနိုင်ဘူးပေါ့။

မှတ်မှတ်ရရ ကျွန်တော်မိဘတွေကိုပူဆာမိတာ ငါးကြိမ်ရှိပါတယ်။ အမှတ်မရတာတွေကတော့ အများကြီးပါပဲ။ အဲဒီအထဲက တစ်ကြိမ်တစ်ခါသာ မိဘတွေဘက်က ကတိပျက်ဖူးပါတယ်။ အဲဒီအချိန်မှာ သားသမီးတစ်ယောက်ရဲ့ စိတ်ခံစားရတာကို ပြောပြချင်လို့ပါ။ အခုအချိန်မှာတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်ကွက် ငြိုငြင်ခြင်းမရှိတော့ပါဘူး။

တကယ်တော့လည်း လိုက်လျောခဲ့တဲ့ ကိစ္စတွေနဲ့ ကြည့်လို့ရှိရင် အသေးအမွှားကိစ္စလေးပါ။ ဒါပေမယ့် မိဘတွေပေးတဲ့ကတိကို မျှော်လင့်နေတဲ့ ကလေးတစ်ယောက်အတွက်ကတော့ အနည်းငယ်ကြီးမားပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်ကပေါ့….

ကျွန်တော်တို့ မြို့လေးမှာ တန်ဆောင်မုန်းလမှာကျင်းပတဲ့ ရွှေစည်းခုံဘုရားပွဲအပြီး ပုဂံက အာနန္ဒာဘုရားပွဲက တစ်လကျော် ပြာသိုလမှာကျင်းပပါတယ်။ အာနန္ဒာဘုရားပွဲချိန်ဟာ အနီးအနား ရွာတွေက တောင်သူဦးကြီးတွေ လုပ်ငန်းခွင်ပြီးချိန်၊ ငွေစရွှင်ချိန်မှာ ကျင်းပတာကလည်းဖြစ်၊ အနီးအနားပတ်ဝန်းကျင်မြို့တွေမှာ ဘုရားပွဲတွေမရှိတဲ့ အချိန်လည်းဖြစ်လို့ အင်မတန်စည်ကားပါတယ်။ ရွာတွေမှ ဘုရားပွဲကို လှည်းတွေနဲ့လာ တစ်ပတ်နှစ်ပတ် လှည်းဝိုင်းတွေနဲ့ စတည်းချပြီးနေသလို၊ ပတ်ဝန်းကျင် ကျောက်ပန်းတောင်း၊ ချောက်၊ ပခုက္ကူ စတဲ့မြို့တွေမှလည်း ကားတွေ ဆိုင်ကယ်တွေနဲ့ လာကြလို့ ရွှေစည်းခုံဘုရားပွဲထက်လည်း ပိုလို့စည်ကားပြန်ပါတယ်။ ဘုရားပွဲကိုလာပြီးရောင်းချတဲ့ ဆိုင်တွေအနေနဲ့လည်း ပိုပြီးများပါတယ်။

အဲဒီအထဲမှာ ကစားစရာအရုပ်ရောင်းတဲ့ဆိုင်တွေ ပိုများတယ်ဆိုတာကိုတော့ ကျွန်တော်တို့ကလေးတွေ ပိုပြီးသိတာပေါ့…

အဲလိုကစားစရာရောင်းတဲ့ဆိုင်တွေထဲမှာ ချောက်မြို့မှာနေစဉ်ကတည်းက အေးစေတေီဘုရားပွဲတိုင်း မေမေတို့ အကို့ကို အရုပ်ဝယ်ပေးနေကျ ဖောက်သည်အရုပ်ဆိုင်လည်းပါပါတယ်။ အဲဒီအရုပ်ဆိုင်ကကြီးလည်းကြီးသလို ပစ္စည်းတွေလည်းစုံပါတယ်။

ကျွန်တော့်အသက် ရှစ်နှစ်သားလောက်မှာ အဲဒီဆိုင်မှာတွေ့တဲ့ ကစားစရာတစ်ခုကိုပူဆာမိပါတယ်။ အဲဒီကစားစရာက ကားအမျိုးပေါင်း ၁၆မျိုး အထိဖြစ်အောင် အစိတ်အပိုင်းအသေးလေးတွေ ပေါင်းစပ်ပြီး လုပ်ရတာပါ။ ငယ်ငယ်လေးကတည်း ကားနဲ့ စက်ပစ္စည်းစိတ်ဝင်စားတဲ့ ကျွန်တော်က အဲဒါလေးကို လိုချင်မိတော့ မေမေကိုပူဆာမိပါတယ်။

မေမေက ဈေးမေးကြည့်တော့ ၂၅၀ တဲ့…

ဈေးလည်းသိသွားတော့ မေမေက
“ဈေးကြီးပါတယ် သားငယ်ရယ်.. အခြား ကားလေးတွေ ၀ယ်ပေးမယ်နော်…” လို့ပြောပေမယ့် ကျွန်တော်ကတော့ အဲဒီ ကစားစရာကိုသာ လိုချင်မိပါတော့တယ်။

တကယ်တော့လည်း လစာ ၄၀၀ ကျော်သာရတဲ့ အထက်တန်းပြဆရာမတစ်ယောက်အနေနဲ့ လစာရဲ့ တ၀က်ကျော်ဖြစ်တဲ့ ကစားစရာတစ်ခု ၀ယ်ပေးဖို့ရာ စိတ်ကူးနိုင်မည်မဟုတ်ပါဘူး။

ကျွန်တော်ကလည်း ပူဆာလွန်းမကပူဆာတော့
“သားငယ် တကယ်လိုချင်နေရင်လည်း ၀ယ်ပေးမယ်။ ဒါပေမယ့် ဒီနှစ်တော့မဟုတ်ဘူး။ အခုကစပြီး တစ်နှစ်လုံး ကျောင်းသွားရင် မုန့်ဖိုးမယူပဲနေရမယ်။ အဲလိုဆိုရင် နောက်နှစ်ကျရင်ဝယ်ပေးမယ်… ဘယ်လိုလဲ.. မုန့်ဖိုးမယူပဲနေနိုင်လား… ”

ကျွန်တော်ကလည်း မစဉ်းစားပဲ
“နေနိုင်တယ်… နောက်နှစ်ကျရင် တကယ်ဝယ်ပေးနော်…”
“အေး… ၀ယ်ပေးမယ်…”

မူလတန်းကျောင်းသားဘ၀မှာရတဲ့ တစ်နေ့ တစ်မတ် မုန့်ဖိုးကို မယူပဲ တစ်နှစ်လုံးနေရမည့် အဖြစ်ကို မေမေက မသေချာသေးတော့ ပြန်မေးပါတယ်…
“သားငယ်… တစ်နှစ်လုံး မုန့်ဖိုးမယူပဲနေနိုင်လို့လား…”
“နေနိုင်တာပေါ့…”
“မုန့်ဖိုးမရှိတော့ ကျောင်းမှာ သားက ဘာဝယ်စားမှာလဲ….”

ကျွန်တော်ကလည်း ခဏစဉ်းစားပြီးတော့
“အမေ့ဆီက မုန့်ဖိုးမယူပဲ… အမေတိုးဆီကယူမှာပေါ့….”
“ဟားဟား… ငါ့သားကတော့ အကြံပိုင်ပါ့ကွာ…”

အမေတိုးဆိုတာ ဖေဖေ့ရဲ့အမ၊ ကျွန်တော့်ရဲ့အဒေါ်ပါ။ အဲဒီအဒေါ် နဲ့ ဦးလေးက ကျွန်တော်ကို ငယ်စဉ်ကတည်းက ထိန်းလာခဲ့ပါတယ်။ မေမေစာသင်တဲ့ အထက်တန်းကျောင်းနဲ့ နေ့လည်ထမင်းစားချိန်မတူတဲ့ မူလတန်းကျောင်းမှာ ကျောင်းတက်စဉ်တလျှောက် နေ့လည်စာကို အဒေါ့်အိမ်မှာပဲစားသောက်ခဲ့ပြီး မုန့်ဖိုးလည်း အဲဒီအိမ်ကပဲ တောင်းမယ်လို့ ပြောလိုက်တာပါပဲ…

အဲသည်လို မေမေ့ဆီက တစ်နှစ်လုံးမုန့်ဖိုးမယူခဲ့ပဲ… နောက်နှစ် ပြာသိုလ အာနန္ဒာဘုရားပွဲသို့ ရောက်လာပြန်ပါတယ်။

ဘုရားပွဲက အရုပ်ဆိုင်ကိုရောက်တော့ မနှစ်ကပူဆာခဲ့တဲ့ အရုပ်ကိုပဲ ထပ်ပြီး ပူဆာပြန်ပါတယ်။ ၀န်ထမ်းဖြစ်ပြီး ငွေပိုငွေလျှံမရှိတတ်တဲ့ မေမေကတော့ အင်းမလုပ်အဲလုပ်တော့ပါဘူး။

“မေမေ… တစ်နှစ်လုံး မုန့်ဖိုးမယူခဲ့ဘူးလေ… ၀ယ်ပေးတော့လေ….”
“ဈေးကြီးပါတယ် သားရယ်… တခြားအရုပ်ပဲယူပါနော်…”

လိုတာမရတော့ စိတ်ထဲမှာ တွေးမိတာကတော့ ၀ယ်မပေးလည်းနေ ကိုယ့်ဘာသာကိုယ် ပိုက်ဆံစုပြီးဝယ်မယ် ဆိုပြီး ရတဲ့မုန့်ဖိုးတွေကို တတ်နိုင်သလောက်စုမိပါတယ်။

သီတင်းကျွတ် အဖိုးအဘွား၊ ဦးလေးအဒေါ်တွေကို ကန်တော့လို့ရတဲ့ မုန့်ဖိုးတွေကိုလည်းစု၊ ဆွေမျိုးတွေရဲ့ ကထိန်တွေမှာ ကမ်း(ဝေ) တဲ့ ပိုက်ဆံတွေကိုလည်းစု၊ နေ့စဉ်ရတဲ့မုန့်ဖိုးတွေကိုလည်း စုဘူးထဲထည့်နဲ့ စုခဲ့ပါတယ်။ နောက်နှစ်မှာ ပြာသိုလ ဘုရားပွဲမှာဝယ်မယ်ဆိုတဲ့ စိတ်နဲ့ပေါ့…

ဘုရားပွဲချိန်ရောက်တော့ အဲဒီ ကစားစရာက ရှာလို့မရတော့ပါဘူး။ ကျွန်တော်ကလည်း တခြားကစားစရာတွေကိုလည်း မလိုချင်တော့တာနဲ့ စုထားတဲ့ပိုက်ဆံကိုလည်း မသုံးဖြစ်တော့ပါဘူး။ သုံးရမှာလည်း နှမြောသလိုလည်း ခံစားမိပါတယ်။

မှတ်မိသလောက်ဆို အဲဒီအချိန်မှာ မုန့်ပေါင်းဝယ်စားတဲ့အခါ အကြွေမရှိလို့ မေမေက ကျွန်တော်ဆီက ပိုက်ဆံချေးတာကို ထုတ်မပေးခဲ့ဘူးလို့ ထင်တာပါပဲ… အဲဒီအကြောင်းကို ဒီမှာ မေမေရေးထားတာကို ဖတ်နိုင်ပါတယ်….

အဲဒီလို ကစားစရာလေးဝယ်မပေးခဲ့တဲ့အတွက် မကျေနပ်မှုကို ကျွန်တော် အသက်ကြီးလာတော့မှ မိဘတွေရဲ့ အပူတွေကို နားလည်ပြီး စာနာလာနိုင်ပါတော့တယ်။

မိဘတွေဆိုတာ သားသမီးတွေရဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းရုံသာမ နေ့စဉ်စားဝတ်နေရေး အတွက် လှုပ်ရှားရုန်းကန်ရပါတယ်။ သားသမီးတွေရဲ့ ရှေ့ရေးကိုလည်း ထည့်တွက်စဉ်းစားရပါသေးတယ်။

မိဘတွေရဲ့ကျေးဇူးကိုပြောမယ်ဆို စဉ်းစားမိတာလေးနဲ့တင်ပဲ ဆပ်မကုန်နိုင်တော့ပါဘူး။

ကိုယ်တိုင်မိဘဖြစ်ရင်တောင် ကိုယ်မိဘလောက် သားသမီးတွေရဲ့ ဆန္ဒဖြည့်ပေးနိုင်ပါမလား မသိဘူးနော်…

ဒီစာကို ရေးရင်းနဲ့… မိဘကျေးဇူးတွေကို အောက်မေ့ရင်းနဲ့ ရိုသေစွာ ကန်တော့လိုက်ပါတယ်။

ဖေဖေ နဲ့ မေမေ ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေ….

4 comments:

ဂျစ်တူး - gyit_tu said...

ကိုပီတိ .. အင်း မိဘကျေးဇူး တကယ်ကြီးတာပဲ ။ ငယ်၂လေးနဲ့ ကိုယ်လိုချင်တာကို ဇွဲကြီးတဲ့ သားငယ် ကိုပီတိကို မျက်စိထဲ မြင်ရောင်ကြည့်လိုက်တယ်း)

ဒီပို့စ်လေးဖတ်ပီး မိဘမေတ္တာကို စဉ်းစားတွေးတောခံစားလိုက်မိတယ် ။

Moe Cho Thinn said...

ဟယ် အတော်ဆိုးတဲ့ ကလေး !
ဒီလောက်ဈေးကြီးတာ ပူဆာရသလား !
စ တာပါ။ သူ့အရုပ်လေး မ၀ယ်ပေးတာနဲ့ အမေကို ပိုက်ဆံ မချေးဘူးနော်။ ကြောက်လိုက်တာ..

ပုံရိပ် / Pon Yate said...

ဒီလိုပဲ အချို့ကိစ္စတွေက အသက်ကြီးလာတော့မှ နားလည်လာတယ် ကိုပီတိရေ။ မိဘတွေမှာလည်း သူတို့ အပူနဲ့ သူတို့ကိုး။

PTi said...

ဟုတ်တယ် ဂျစ်တူးရေ... မိဘကျေးဇူးကတော့ မမေ့အပ်ပါဘူး။ ဂျစ်တူးကမှ မိဘကိုပြန်လုပ်ကျွေးနေသေးတယ်။ ကျွန်တော်က ဘာမှ ပြန်လုပ်မပေးရသေးဘူးလေ...

အဟိ.. အမချိုသင်းကလည်း မဆိုးပါဘူး.. :P

ဟုတ်တယ်ပုံရပ်... ဒါတောင် အကုန်နားလည်တာမဟုတ်သေးဘူးနော်...

Ratings