Tuesday, September 16, 2008

လွမ်းနေတဲ့ အညာဟင်းများ

မနက်စာပြီးတော့ နေ့လည်စာပါရေးပါလို့ မိတ်ဆွေတွေကတော့ တိုက်တွန်းတော့ ဘာတွေရေးမလဲဆိုပြီးတော့ စဉ်းစားတာပေါ့။ စဉ်းစားလိုက်တိုင်းမှာ ငယ်ငယ်က တပ်မက်စွာစားခဲ့တဲ့ ဟင်းတွေ စားချင်တဲ့အာသီသတွေ ဖြစ်ဖြစ်လာလို့ မရေးပဲ ပြန်ရပ်လိုက်၊ နဲနဲပြန်ရေးလိုက်လုပ်နေရတယ်။ :D

စာရေးရမှာ မရေးဖြစ်လို့ ဆင်ခြေတွေပေးနေတာလေ။ တကယ်တော့ ဒန်ဘရောင်း နှိပ်စက်တာ စနေ တနင်္ဂနွေ နှစ်ရက်စလုံး ဘလော့ပေါ်မှ ပျောက်နေခြင်းပါ…:P

အညာဟင်းလို့ပြောလိုက်တာနဲ့ မျက်စိထဲ မြင်မိကြမှာကတော့ ပဲဟင်းပါပဲ။ အညာဟင်းတွေတိုင်းနီးပါး ပဲတစ်မျိုးမျိုးပါနေတတ်လို့ အညာသား ပဲစားလို့တောင် အခေါ်ခံရသေးတာပဲ။

အဲလိုခေါ်လို့ကတော့ ကျွန်တော်က စိတ်မဆိုးပါဘူး။ ပဲဈေးမှမသေးတာ၊ ပဲစားနိုင်တယ်လို့ အထင်ခံရတာ ကိုယ့်ကိုအထင်ကြီးလို့ပေါ့နော်…

“ထမင်းစားတော့မှာလား… ပဲဟင်းထဲ ဗူးရွက်ခပ်လိုက်တော့မယ်…” မေမေလှမ်းအော်လိုက်ပြီးဆို ဒီနေ့ချက်တဲ့ဟင်းက ပဲဟင်းချိုပူပူလေးထဲကို ဗူးညွှန့် နုနု၊ လတ်လတ်ဆတ်ဆတ်ကလေးတွေ စားခါးနီးမှခပ်(ထည့်) ထားတဲ့ ဟင်းချိုဆိုတာ သိလိုက်ပြီး။ အဲဒီ ပဲဟင်းချက်ပြီးဆို နောက်ဟင်းတစ်ခွက်ကတော့ ဖော်မြူလာဖြစ်တဲ့ မရမ်းသီးကို ကြက်သွန်အနီ၊ ငရုတ်သီးအစို အနီရောင်နဲ့ထောင်း ဆီ၊ ဆားထည့်ထားတဲ့ မရမ်းသီးထောင်းပေါ့။ သတ်သတ်လွတ်ဟင်းဖြစ်ပေမယ့် စားလို့အင်းမတန်ကောင်းတဲ့ ပဲဟင်းနဲ့ မရမ်းသီးထောင်းဆို ဆီပြန်အသားဟင်းတွေထက်တောင် မက်မောပါတယ်။

အဲလိုဟင်းချိုကို ချက်ရင်တော့ အသုံးပြုတာကတော့ ပဲကြီးပဲဖြစ်ပါတယ်။ ပဲကြီးကို အညာမှာကတော့ အလွယ်တကူရပါတယ်။ မနက်မှာလာတဲ့ စတော်ပဲပြုတ်သည်ဆီမှာပဲ အလွယ်တကူ ၀ယ်လို့ရတယ်။ အဲလောက်အထိ အညာမှာ ပဲစားတာလေ။

အဲဒီပဲဟင်းချိုပူပူထဲကို ဗူးညွှန့်သာမက ဖရုံညွှန့်၊ ဆူးပုပ်ရွက်နုနုလေးတွေပါ ခပ်(ထည့်)တတ်ပါသေးတယ်။

ပဲဟင်းချိုနဲ့လိုက်ဖက်ပြီး စားလို့ အင်မတန်မြိန်တာကတော့ ငါးကလေး အိုးကပ်ချက် နဲ့ ကြက်ဟင်းသားသီးအိုးကပ်ချက်တို့ပါပဲ။

ငါးကလေးအိုးကပ်ချက်ပြီးဆိုရင် ငယ်ငယ်က ငါးမကြိုက်တဲ့ ကျွန်တော့်ကို မေမေပြောလေ့ရှိတာကတော့ “သားငယ်.. ငါးကလေးတွေကိုစား ကယ်စလီယံပါတယ်၊ အရိုးကိုသန်မာစေတယ်…စားဆိုပြီး …” အတင်းကျွေးလေ့ရှိပါတယ်။ နောက်ပိုင်းတော့ ဝေလငါးချက် လို့နောက်ပြီး ခေါ်တဲ့ ငါးကလေးအိုးကပ်ချက် နဲ့ဆိုရင်တော့ အင်မတန်ကြိုက်လို့ ထမင်းနှစ်ပန်းကန်လောက်တော့ အပျော့ပဲ။

ကြက်ဟင်းခါးသီးချက်ဆိုရင်လည်း အဲလိုပဲ ပထမတော့ ခါးလို့ သိပ်မကြိုက်ပေမယ့်၊ နောက်ပိုင်းတော့ အဲဒီခါးတဲ့အရသာလေးကိုကြိုက်လာပါတယ်။

အဲလို ကြက်ဟင်းခါးသီးချက်ကို ထမင်းထဲမြှုပ်ပြီးစား၊ ပဲဟင်းချိုလေးများ သောက်လိုက်ရတာ အင်မတန်မှ အရသာရှိပါတယ်။

ပဲဟင်းချိုက အရံသာဖြစ်ပေမယ့် အရသာပိုအောင်ဖြည့်စွက်ပေးနိုင်တဲ့ ဟင်းစပ်နောက်တစ်ခုကတော့ မန်ကျည်းသီးစိမ်းနုနုလေးတွေကို ထောင်းပြီး ချက်ထားတဲ့ မန်ကျည်းသီးစိမ်းချက် စပ်စပ်ကလေး၊ ပြီးတော့ အဲဒီဟင်းနဲ့ အလိုက်ဖက်ဆုံး တို့စရာ မျှစ်။ မန်းကျည်းစိမ်းချက်နဲ့ မျှစ်ကိုအတူ ထမင်းထဲမြှုပ်၊ အားရပါးရစားပြီး ပဲဟင်းချိုလေးများ သောက်ရမယ်ဆို ကြယ်ခြောက်ပွင့်ဟိုတယ်မှာ လိုက်ကျွေးမယ့်သူကိုတောင် ရက်ရွှေ့ခိုင်းလိုက်မယ်။

တခါတလေ မေမေဈေးမသွားဖြစ်လို့ အိမ်မှာ ချက်စရာမရှိရင် မနက်လာတဲ့ ပဲသည်ဆီက ပဲကြီးဝယ်၊ အိမ်မှကြော်ထားတဲ့ ငါးခြောက်ကြော်နဲ့စားရတဲ့ ထမင်းကိုက မြိန်နေပါပြီ။

ပဲကြီးကို ဟင်းချိုသာမက ဆီပြန်ချက်ပြီး ပဲကြီးနှပ်လို့လည်းခေါ်တဲ့ ဟင်းကတော့ အညာရဲ့ သင်္ကေတဟင်းပါပဲ။ အညာဟင်းလို့ပြောလိုက်တာနဲ့ ပဲကြီးနှပ် ဆိုတာကို ပြေးမြင်နေကြပြီ။

ပဲကြီးနှပ်လိုပဲ စားလို့ကောင်းတာကတော့ မောင်မခေါ်ပဲ ကို နှပ်ပြီးချက်တာပါပဲ။ ပဲကြီးထက် နူးညံ့ပြီး ချက်ရတာလည်း ပိုပြီး မြန်ပါတယ်။ အဲဒီပဲကို ချက်ပြီးမြီးစမ်းကြည့်တဲ့ အိမ်ရှင်မက ကောင်းလွန်းလို့ သူ့ရဲ့မောင်ကြီးကိုတောင် မခေါ်ပဲစားလိုက်လို့ မောင်မခေါ်ပဲလို့ နာမည်တွင်တာလို့ ကြားဖူးတာပဲ…

မောင်မခေါ်ပဲကို ကြိုက်လွန်းလို့ လူကြုံရှိရင် အဲဒီပဲကိုပဲ မှာမှာစားနေရတာ။ ကျွန်တော်အပြောကောင်းလို့ သူငယ်ချင်းတစ်ယောက်က နင်ဒီလောက်ပြောတာ ငါကိုနဲနဲပေးဆိုလို့ အမြည်းပေးလိုက်တာ တွေ့တိုင်း နင့်အမေဆီကို မောင်မခေါ်ပဲမှာရင် ငါ့အတွက်ပါ ပိုမှာပါဖြစ်နေပြီ။ ဒီမှာ လိုချင်တဲ့လူရှိရင် စာရင်းပေးထားပါ။
(ကျွန်တော် အမေ့ဆီမှာတဲ့အချိန်မှာ ပိုမှာထားပေးမယ်။ ဈေးကတော့ ကျသင့်သလောက်ပေါ့နော်… ဟိ… ဘလော့ကနေ စီပွားရှာလို့ရတယ်ဆိုလို့ စမ်းကြည့်တာ။ :P စတာပါ ကျွန်တော် ချက်တဲ့အချိန်ကျရင်ကျွေးပါ့မယ် :P)

အဲဒီ ပဲကြီးနှပ်ပဲဖြစ်ဖြစ်၊ မောင်မခေါ်ပဲနှပ်ပဲဖြစ်ဖြစ် လိုက်ဖက်တဲ့ ဟင်အရံကတော့ ချဉ်ပါင်ရွက်နဲ့ချက်တဲ့ ချဉ်ရေဟင်းပါပဲ။ မေမေဈေးသွားဖြစ်တယ်ဆို ၀က်သားအချိုပါချက်တယ်ဆို အဲဒီနေ့ကတော့ ပွဲတော်ပဲပေါ့။ ၀က်သားကို ကြက်သွန်နီနိုင်နိုင်နဲ့ ကြာညို့(ပဲငံပြာရည်အနောက်) နဲ့ ချက်တာကိုလည်း အင်မတန်ကြိုက်ပါသေးတယ်။

နောက်ပြီး ကျွန်တော်အကြိုက်ဆုံးဟင်းစပ်တစ်ခုရှိတယ်။ အဲဒီဟင်းချက်ပြီဆို မေမေက ကျွန်တော့်အတွက် ထမင်းပိုချက်လေ့ရှိပါတယ်။ ကျွန်တော်ကြိုက်လွန်းလို့ ထမင်းထပ်ထပ်တောင်းလွန်းလို့လေ။ အဲဒါကတော့ ဆောင်းရာသီဆို အင်မတန်ပေါတဲ့ ခရမ်းသီးကိုမီးအေးအေးနဲ့နှပ်၊ ဆီဖြူသီးနဲ့ ငရုတ်သီးစိမ်းထောင်တဲ့ ဟင်းရံလေးဆို ဗိုက်ပြည့်ကားနေအောင် စားမိပါတယ်။

တွေးရင်ရေးရင်း တကယ်ပဲဗိုက်ဆာလာပါပြီ….

စားချင်တဲ့ဟင်းတွေ လွမ်းဆွတ်တဲ့ဟင်းတွေကလည်းများ….

ကျန်သေးတယ်…. မိုးတွင်းမှာပေါ်တဲ့ မှိုအုံးနက် ကို ဆီလည်ရေလည်ချက်၊ ဆီဖြူသီးထောင်လေး နဲ့တွဲစားရတဲ့ ဟင်းစပ်…

နောက်ပြီး … နွေရာသီမှာပေါတဲ့ လက်ပံပွင့်ခြောက် ကို ခရမ်းသီး နဲ့ ငရုတ်သီးစပ်စပ်ချက်၊ ပုန်းရည်ကြီးလေးပါထည့်ချက်ရင် ပိုတောင်ကောင်းသေးတယ်။ အိမ်မှာ အဲဒီဟင်းကို တံမြက်စည်းဟင်းလို့ ခေါ်ပါတယ်…

ကုလားပဲ၊ အာလူးနဲ့ ဒန့်သလွန်သီးဟင်းကို ငပိကြော်နဲ့တွဲစားရတဲ့အရသာကလည်း ထမင်းမြိန်စေပါတယ်။ ဒန့်သလွန်းသီဟင်းချက်ကိုတော့ အမှိုက်ဟင်းလို့ခေါ်ပါသေးတယ်။

ဧရာဝတီမြစ်ကရတဲ့ ရေချိုငါး၊ ပုဇွန်တွေကလည်း အင်မတန်စားလို့ကောင်းတယ်ဆိုတာ ရန်ကုန်ရောက်မှ ပိုသိလာပါတယ်။ ငါးမြင်းပေါက်စ (ကွန်းမန်လို့ခေါ်တဲ့ငါး) ကို ကြော်၊ ပြီးတော့ မန်ကျည်းရွက်ကလေးနဲ့ပြန်အုပ်ချက်တာကိုတော့ မစားရတာ ဆယ်နှစ်ကျော်နေပြီ။ ငါးဟင်းဆို အတစ်လိုက်ချက်တာကို သိပ်မကြိုက်တတ်တဲ့ ကျွန်တော်ကတော့ ပူပူလေးကြော်ထားတဲ့ ငါးကြင်းကို ထမင်းပူပူမှာ ဆီလေးဆားလေးနဲ့စားလိုက်ရတာကိုက အရသာတစ်မျိုးလေးပါပဲ။

ပြီးတော့ ဆောင်းတွင်းမှာ ခရမ်းချဉ်သီးတွေကောင်းတဲ့အချိန်ဆို ခရမ်းချဉ်သီး ပန်ထွေဖျော်ကိုလည်း စားချင်မိနေပါသေးတယ်။

အညာက ပုဇွန်တွေက အကောင်မကြီးပေမယ့် အရသာမှာကတော့ ပင်လယ် ပုဇွန်ထုပ်ကြီးတွေထက် အများကြီးသာတယ်လို့ထင်ပါတယ်။ ပုဇွန်ဟင်းနဲ့လိုက်တာ ပြည်ပန်းညိုဟင်းချိုလေ… တခါတလေတော့လည်း ပဲညွှန့်ဟင်းချိုလေးနဲ့ပေါ့… ချဉ်ပေါင်ဟင်းထက်ပိုလိုက်သလိုပဲ….

အထူးလွမ်းတာကတော့လေ………

မန်ကျည်းရွက်နုနု လတ်လတ်ဆတ်ဆတ်ကလေးတွေကို ပဲကြီးဟင်းပူပူလောင်းပြီး ကြက်သွန်နီနဲ့သုတ်တဲ့ အညာက မန်ကျည်းရွက်သုတ်ပါပဲ…. မန်ကျည်းရွက်ကနုတော့ စားရတာကိုက အင်မတန်ကို အရသာရှိနေတော့တာပါပဲ….

ကဲ ဘယ်သူတွေ ဆက်လွမ်းဦးမလဲ အညာဟင်းတွေကိုလေ…

17 comments:

Moe Cho Thinn said...

အေး..၊ ရေး..ရေး.. စားစရာအကြောင်းတွေသာ ရေး..။

အဲဒီ အညာစာတွေနဲ့ ဝေးရာမှာနေနေရတော့ ဘလော့ဂ်နဲ့သာ စားစရာအကြောင်းတွေရေးပြီး တယောက်တမျိုး နှိပ်စက်ကြပါတော့..။

ဇနိ said...

အညာသားတွေ အညာကို ဟဲဗီးလွမ်းနေကြတယ်..
း)

ရွှေဂျမ်း said...

ရုံးက ပြန်လာခါစ ဗိုက်ဆာနေတုန်း ဖတ်မိပါတယ်.. ပိုဆာရုံတင်မကဘူး အိမ်ကဟင်းလေးတွေကို အရမ်းလွမ်းသွားတယ်။ ကြိုက်တဲ့ အညာဟင်းတွေကလည်း တူပါ့။ အဲဒီလို လွမ်းတဲ့ ဟင်းတွေအကြောင်း ဂျမ်းလည်း ရေးဖူးတယ်လေ။ အထူးသဖြင့် မောင်မခေါ်ပဲနှပ်နဲ့ မန်ကျည်းရွက်သုပ်က အကြိုက်တကာ့ အကြိုက်ဆုံးပဲ။ ကဲ.. ဒီကွန်မင့်နဲ့ မောင်မခေါ်ပဲအတွက် ကြိုစာရင်းပေးတယ်လို့ မှတ်လိုက်ပေတော့။ ချက်ပြီးသား ပြောတာနော် .. :P

လင်း said...

ခရမ်းချဉ်သီးငပိချက်၊ ပဲနှပ်၊ ဟင်းရွက်စုံဟင်းချို လဲစားချင်တယ်။ ငါးခြောက်နဲ့ မန်းကျည်းရွက်စပ်ချဉ်ချက်၊ နောက်ပြီးတော့ နွားနို့ ခဲဟင်း၊ ကျန်သေးတယ် နှမ်းဖတ်ချဉ်သုတ်၊ နောက်ပြီး အမဲခြောက်လေးကို ခရမ်းချဉ်သီးနဲ့ ချက်တဲ့ ဆီလည်ရေလည်လေး၊ကင်မွန်သီးနဲ့ မြှစ်နဲ့ ချက်တာ ။ အမလေးလွမ်းတယ် အားလုံးလွမ်းတဲ့ ငပိဖုတ်ဆီဆမ်းလေးနဲ့ ထမင်းကြမ်းလေးကအစလွမ်းတယ်

တန်ခူး said...

တံမြက်စည်းဟင်းလေး လွမ်းလိုက်တာ… မောင်မခေါ်ပဲ အိမ်မှာတောင်ရှိသေးတယ်… မချက်စားဖြစ်တာကြာပြီ… ချက်စားဦးမှ…ဗူးရွက်ကတော့ အရွက်တွေထဲမှာ အကြိုက်ဆုံး… တပတ်တပတ် ဘာချက်ရမလဲ ဦးနှောက်စားနေတာ အခု ဒီပို့ စ်လေးဖတ်လိုက်တာ ဟင်းစပ်တွေရသွားတယ်… ကျေးဇူးပဲ ကိုပီတိရေ…

ဂျစ်တူး - gyit_tu said...

အောင်မလေး ... ဖတ်ရင်း ဗိုက်က တဂြီဂြီ ဖြစ်နေပြီ ။ ကိုပီတိတို့များ ဖတ်သူ စားချင်အောင် ရေးနိုင်လိုက်တာ ။

တခုတော့ ရှိတယ်နော် .. အဲလောက် အရာရာ စားကောင်းနေရင် ၀ိတ်ကျဖို့ မလွယ်ဘူး ။ စဉ်းစား အဟဲ ။

khin oo may said...

လွမ်းမိမှာ စိုးလို. သေချာမဖတ်တော့ဘူး။ ရှိတာလေးနဲ.ဘဲ စားရတော့အနေအထိုင် ဆင်ခြင်မှ

PTi said...

ဟားဟား အမချိုသင်းကတော့ မှတ်ချက်ကိုတောင် ရီစရာဖြစ်အောင်ရေးတတ်တယ်.. :D
လွမ်းလို့ပါအမရယ်....

ဟုတ်တယ် ကိုဇနိရေ... အလွမ်းဓာတ်ခံရှိတာကို လွမ်းအောင် ရေးတဲ့လူတွေကရေးတော့ အလွမ်းဓာတ်တွေကူးကုန်တာပေါ့...

ရွှေဂျမ်းကြိုက်တာနဲ့တူတော့ ရွှေဂျမ်းချက်ရင်လည်း လှမ်းခေါ်လိုက်ပါဦးနော်... လာစားမယ်...

လင်းပြောမှ ဟင်းတွေစုံလာပြီး ဗိုက်ပိုဆာလာတယ်...

ဟုတ်တယ် မတန်ခူးရေ... တံမြက်စည်းဟင်းက အလွယ်တကူချက်လို့မရတော့ မစားရတာကြာပြီ။ မောင်မခေါ်ပဲကို မျှပေးမယ်ဆိုရင်လည်း စိတ်မဆိုးဘူးနော်.. :D
ဟင်းစပ်တည့်လို့ရှိရင် အသားဟင်းတွေတကယ်မလိုဘူးနော်... စားရတာကိုက အရသာရှိနေတာ...

ဟဲဟဲ ဂျစ်တူးတစ်ယောက် ၀ိတ်များချနေတာလားမသိဘူး...
အညာဟင်းတွေကို အခုချိန်ချက်ကျွေးမယ်ဆို.. ၀ိတ်တက်ချင်တက်ပါစေ.. အားရပါးရကို စားလိုက်ဦးမှာ... :P

ဟားဟား.. မခင်ဦးမေကတော့လုပ်ပြီ.. သေချာဖတ်ပြီးတော့ ရှိတာလေးနဲ့စားပေါ့.. စိတ်ကူးလေးနဲ့ အရသာခံစားလေ.. အမ :P

Nu Thwe said...

အမလေးလေး။ တကယ်ပဲ ဗိုက်တွေ အရမ်းဆာကုန်ပြီ။ ယိုးဒယားဆိုင်က ကြက်ဟင်းခါးသီး သွားဝယ်ပြီး ကြော်စားဦးမယ်။
ကျမရဲ့ အဖွားကတော့ စွန်တာနီပဲကို လှော်၊ ပြုတ်၊ ပြီးမှ ဆီရွှဲရွဲ ကြက်သွန်ဖြူများများလေးနဲ့ ကြော်တဲ့ “ပဲရေပွ” ဆိုတာ ခဏခဏ ချက်တယ်။ အဲဒါ အညာဟင်းပဲလား။ အဖွားက မန္တလေးကရှင့်။

ပုံရိပ် / Pon Yate said...

မောင်မခေါ်ပဲ လေးရရင် အကြောင်းကြားလိုက်နော်... ဟဲဟဲ။

Kay said...

အော်..သူက.. အစားအသောက်အစီအစဉ်တွေ..တတ်ပွန်လိမ္မာကြောင်း.. ကြွားရင်..အစားပုပ်တဲ့ ကောင်မလေး ရှာနေတာ ထင်ပါ့..း)

PTi said...

မနုသွယ်ရေ… ကြက်ဟင်းခါးသီးကို ပုဇွန်ခြောက်နိုင်နိုင်နဲ့ အိုးကပ်လေးစားချင်လိုက်တာ။ ဟုတ်တယ် အမ အဲဒါလည်း အညာဟင်းပဲ

ပုံရိပ်… ပဲနာမည်ပြောင်းလိုက်ပြီး… ပုံရိပ်မခေါ်ပဲလို့… :P

ဟားဟား မကေရေ.. အစားပုပ်တဲ့ကောင်မလေးကို မရှာဘူး… အဲလိုဟင်းတွေချက်တတ်တဲ့ တစ်ယောက်ယောက်ပေါ့… အဟဲ…

သက်ဝေ said...

စာရေးလဲကောင်း...
ဟင်းတွေကလဲကောင်း...
ဟင်းစပ်တွေကလဲ လိုက်မှလိုက်... အိမ်ကိုလွမ်းနေရတဲ့ကြားထဲ တိုက်တိုက်ဆိုင်ဆိုင် ဒီပိုစ့်ကို လာဖတ်မိတယ်...
အသေသာသတ်လိုက်ပါတော့...
မခံစားနိုင်တော့ဘူး...

Thant said...

ွှအမှန်အတိုင်းပြောရရင် ဒီ Post ကို နောက်တစ်ခေါက်ပြန်ဖတ်တိုင်း မနည်းအားယူပြီးမှဖတ်ရတယ် ။ သက်ဝေပြောသလိုဘဲ အသေသာ သတ်လိုက်ပါတော့။ ဟိ ........ ( အမှတ်မရှိတာလဲ ပါ ပါတယ်လေ )

SHWE ZIN U said...

ကျနော် ထမင်းစားပြီးသားတောင် ဗိုက်ပြန်ဆာလာပြီဗျာ
ကျနော်လည်း ထမင်းစားဖိတ်ပါတယ် mandalay article ထဲမှာ လာရောက်သုံးဆောင်နိုင်ပါတယ် ကြိုက်တဲ့ အညာကသူငယ်ချင်း တွေအားလုံးခေါ်ခဲ့နိုင်ပါတယ်၊ မျှော်နေမယ်နော် ဟင်းတွေလည်း နွှေးထားမယ် ready fri

ThuHninSee said...

း) ဒင်းကို မုန်းလိုက်တာ။
ညဘက် အိပ်မပျော်ရတဲ့အထဲ..ဒီပို့စ်ဖတ်မိတာ
ဗိုက်ဆာလာပြီ။

P.Ti said...

စာဖတ်ပြီး ကွန်မန့်ရေးပေးကြတာ ကျေးဇူးပါ... ကျွန်တော်လည်း ဒီဟာကို ရေးပြီး ပြန်ဖတ်လိုက်တိုင်း စားချင်မိတော့ ရေးမိတာတောင် စိတ်တိုမိသေးတယ်။ :P

Ratings