Wednesday, September 24, 2008

ဖြစ်သလို

ပထမ SuNတက်ဂ်တော့ မရေးရင် ဘီယာဖြတ်မယ် အရက်ဖြတ်မယ်ဆိုတော့ ကြောက်တာနဲ့ရေးရတာ... နောက်တစ်ယောက် လင်းကလည်း ဘာဖြတ်မယ်မပြောပဲ မရေးရင်ဖြတ်မယ်ဆိုတော့လည်း ပိုကြောက်ရပါသေးတယ်။ ဖြစ်သလိုစားတာကို ကောင်းကောင်းရေးရမယ်ဆိုတော့ ဖြစ်သလိုစားရတာကို ဘယ်လိုကောင်းကောင်းရေးမလဲနော်... ခက်တော့တာပါပဲ လင်းရယ်...

“ကောင်းကင်ကြီးတစ်ခု ဆွတ်ခူးရသလိုမျိုး..... မင်းကိုချစ်မိ ခဲ့တာ အရမ်းပဲခက်ခဲ.... နီးလိုက်ဝေးလိုက် မင်းအချစ်များနဲ့ ရှေ့ဆက်ဖို့ဆိုလည်း... ဘာယုံကြည်မလဲ.... ဦးနှောက်ထဲမှာ မင်းအကြောင်းတွေပိတ်မိနေလို့.... ရူးပြီး... မင်းကြောင့်ရူးပြီ........... ”


မနက်ဆိုရင် အိပ်ယာကနှိုးဖို့ တာဝန်ကျတဲ့ ပေးထားတဲ့ အဆိုတော် အယ်နောင်းက ပုံမှန် ၆နာရီခွဲ ဆိုရင် သီချင်းဆိုပြီး... သူဆိုလို့ တစ်ဝက်လောက်ရောက်ပြီးဆိုမှ... နိုးလာပြီး ချက်ချင်းထဖို့ပျင်းတာနဲ့ snooze ကိုနှိပ် ခဏတော့ နှပ်လိုက်ပါသေးတယ်.... မထရင် မဖြစ်တော့မှ ကြုံးရုံးထပြီး ရေအမြန်ချိုး၊ အ၀တ်အစားလဲပြီးတာနဲ့ ရုံးသွားဖို့ အဆင်သင့်ဖြစ်ကာ ကိုယ်တိုင်သော့ဖွင့်၊ သော့ပိတ်ကာ MRT Station ကိုအပြေးသွားထွက်ခဲ့ပါတယ်...

အမေ့အိမ်မှာဆို ရေချိုးပြီးတာနဲ့ အဆင်သင့်ဖြစ်နေတဲ့ မနက်စာကိုစား၊ အမေဖွင့်ပေးတဲ့ တံခါးကထွက်... “မေမေ... သွားပြီနော်... ” ဆိုပြီး နှုတ်ဆက်က သွားရခဲ့ရတာ...

ရထားပေါ်ရောက်တော့ ကိုယ့်လိုပဲ အိပ်ချင်မူးတူးမျက်နှာသေရုပ်ဖြစ်နေတဲ့ လူတွေနဲ့အတူ ရုံးကို နိုးတ၀က်နဲ့ အိပ်တ၀က်နဲ့ စီးလာခဲ့တာ နာရီဝက်လောက်ကြာတော့ ဆင်းရမယ့် ဘူတာကိုရောက်... အပြေးအလွှားဆင်းကာ ရုံးကို လမ်းဆက်လျှောက်ရသေးတယ်။

“ကာဖီ မြန်သယန့် နာ့ကျို...”
ရုံးအောက်မှာ ရှိတဲ့ ကော်ဖီဆိုင်ကိုဝင်လိုက်တာနဲ့ ဆိုင်မှာရှိတဲ့ အန်တီက ဖျော်ဆရာကို အော်ပြီးနေပြီ... ကော်ဖီဖျော်ဆရာက ကျွန်တော့်အကြိုက်ကိုဖျော်တတ်နေလို့ ကျွန်တော်လာရင် ဘယ်လိုအော်ဆိုတာကို မှာထားပြီးသားလေ... မြန်မာဖြစ်နေတာကိုသိတော့ အန်တီက မြန်မာကော်ဖီ ထုပ်ယူသွားမယ်လို့ အော်လိုက်တာပါပဲ...

"အန်တီ...”
ခေါ်လိုက်တော့ ကိုယ့်ကိုကြည့်တာနဲ့ လက်ညှိုးထိုးပြီး
"မီးဖန့် ... ပေါင်းတာ့ ... “
“နီယောက် ကြား စမော့”
“ကြီး တန့်”
“နီယောက် လာ့ ကြား မား”
“ယောက်... ရှဲရှဲ”

အဟဲ... အဲလောက်တော့ တရုတ်လိုလေး အသီးအရွက်နဲနဲ၊ အသားဖတ်ကလေးပါလေရာ ကြာဇံကြော် နဲ့ ကြက်ဥကြော်ကို ငရုတ်သီးအချဉ် ထည့်ပေးဖို့ပါ မှာတတ်တယ်လေ... ပြီးတော့ အဲဒါကို ထုတ်ပေးပါလို့ အစကတည်းက ပြောလိုက်ပြီးသား...

ကော်ဖီ နဲ့ ကြာဇံကြော်ကိုယူ ရုံးပေါ်ကိုပြေးတက်၊ ကွန်ပျူတာကိုဖွင့် အီးမေးကို ဒေါင်းလုပ်လုပ်ထားပြီး တစ်ဖက်က အစည်းအဝေးခန်းကိုသွား မနက်စာ ကြာဇံကြော်ကို စားပါတော့တယ်။ အဲလိုစားနေချိန်မှာတော့ ထမင်းပူပူ ပဲပြုတ်ကလေး ဆီဆမ်း ကို အားပါးတရ လွေးချင်တာ... အခုတော့ ဗလာကြာဇံကြော် နဲ့ ကြက်ဥကြော် နဲ့ပဲ ဖြစ်သလိုလေးပဲစားလိုက်ရတယ်။

ပြီးတော့ အီးမေးဖတ်လိုက်... ကော်ဖီလေး သောက်လိုက်... အီးမေးပြန်လိုက်... ကော်ဖီသောက်လိုက်... အီးမေးလည်း အားလုံးပြန်ပြီးရော.. အလုပ်စလုပ်မယ်လည်းဆိုရော ကော်ဖီက ကုန်သွားပါပြီ... စားပွဲရှေ့မှာ အလုပ်လုပ်ရင်း အချိန်ကုန်သွားကာ နေ့လည်စာ စားချိန်ကိုရောက်သွားပါတယ်။

နေ့လည်စာကိုတော့ အနီးအနားမှာရှိတဲ့ hawker center ၊ food court နဲ့ ဆိုင်တွေမှာပဲ ပြီးလိုက်ပါတယ်။ အနီးအနားမှာ ဆိုင်တွေ တော်တော်များများရှိသလို အစားအသောက်မျိုးစုံရှိတော့ မရိုးအောင် လှည့်စားရပါတယ်။

သွားတာများတာကတော့ Golden Mile Complex နဲ့ မျက်စောင်းထိုးလောက်မှာရှိတဲ့ Golden Mile Food Court ပါ။ အဲဒီမှာ အစားအသာက်တော်တော်များများက စားလို့ကောင်းပြီး ဈေးလည်း သင့်ပါတယ်။

ကြက်ဆီထမင်းကတော့ စင်ကာပူရဲ့ သင်္ကေတအစားအသာက်တခုပါပဲ။ အဲဒီ FC အောက်ထပ် မှာရှိတဲ့
ကြက်ဆီထမင်းက စားလို့ကောင်းပါတယ်။ ထမင်းသပ်သပ်၊ ကြက်သားသပ်သပ် ပန်းကန်တစ်ချပ်စီထည့်ပေးပြီး ဟင်းချိုနဲ့ တစ်စုံဆိုရင် $3.50 ပေးရပါတယ်။ ထမင်းက ကြက်ဆီနဲ့ချက်ထားပြီး၊ ကြက်သားကလည်း နူးညံ့ပါတယ်။ မှာပြီး စာပွဲမှာ စောင့်နေရပြီး တခါတလေ လူများရင် ၁၀မိနစ်၊ ၁၅မိနစ် လောက်ကြာတတ်ပါတယ်။

နောက်စားလို့ကောင်းတာကတော့ မလေးကြက်ကြော်ထုထောင်း ထမင်းပါ။ မလေးလိုတော့ အယံပန်ညက် လို့ခေါ်တယ်ထင်ပါတယ်။ ကြက်သားကိုကြော်ပြီး ပုံမပျက်ထုထောင်းထားပြီး၊ ခရမ်းချဉ်သီး နဲ့ ငရုတ်သီးရောထားတဲ့ အချဉ်နဲ့စားရတာပါ။ အရင်ကတော့ အချဉ်ကောင်းတော့ စားလို့ကောင်းပေမယ့် နောက်ပိုင်းမှာတော့ အချဉ်ကအရင်ကလောက် သိပ်မကောင်းတော့ပါဘူး။ ဈေးကလည်းကြီးသွားပြီ $4 တဲ့။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသီးအရွက်တွေကို ကြာဇံ ဒါမှမဟုတ် ခေါက်ဆွဲ နဲ့ ရေလုံပြုတ်ထားတဲ့ ယုံတောင်ဖူး လို့ခေါ်တဲ့ ရေလုံပြုတ်ကလည်း စားလို့ကောင်းပါတယ်။ အဲဒါကိုတော့ ထမင်းမစားချင်တဲ့အချိန်မှာ အများဆုံးစားတတ်ပါတယ်။ သူကတော့ ကိုယ်ရွေးတဲ့ အရေအတွက်ပေါ်မှာမူတည်ပါတယ်။ $2.80 ကနေပြီး $3.50 လောက်ကျတတ်ပါတယ်။

တခါတရံမှာပဲစားဖြစ်တဲ့ မြေအိုးထမင်းကလည်း မဆိုးလှပါဘူး။ ထမင်းနဲ့ ကြက်သားကို မြေအိုးပူပူထဲမှာထည့်ပြီးချက်၊ ပြီးတော့ ဆီ၊ ပဲငံပြာရည်အနောက် (အညာအခေါ် ကြာညို့) သင့်သလိုထည့်ကာ မွှေပြီးစားရတာပါ။

အပေါ်ထပ်မှာ စားလို့ကောင်းတာတွေကတော့ တရုတ်ကြီး ခုန်ခုန်ပြီး ကျော်တဲ့ မလေးခေါက်ဆွဲကြော်၊ ကြော်တဲ့ ယောင်းမတောင်တိုအောင် အသံစုံထွက်ပြီးကြော်တဲ့ ချာကွေ့တယောင်း (ဆန်ခေါက်ဆွဲကြော်)၊ ဂျပန်လိုခေါင်းပေါင်းတွေဆောင်းပြီး ရောင်းတဲ့ ဂျပန်စာ၊ အစာပလာများတဲ့ လော်မီး (ကော်ရည်ခေါက်ဆွဲ)၊ ဈေးချိုချိုတဲ့ မြန်မြန်ရတဲ့ အသားကင်ထမင်း၊ နာမည်ကြီးပြီး တန်းအကြာကြီးစီရတတ်တဲ့ ချီလီမီး (ငရုတ်ချဉ်ရည်ခေါက်ဆွဲ) နဲ့ အရည်နဲ့ဆို စွပ်ပြုတ်လိုဖြစ်ပြီး အခြောက်ပါဆို ကော်ရည်လောင်းထည့်ပေးတတ်တဲ့ အမဲသားခေါက်ဆွဲ တို့ပါပဲ။

အဲဒီဆိုင်တွေမှာစားလို့ငြီးငွေ့ရင် လုပ်ဖော်ကိုင်ဖက်တွေကိုညှိပြီး ဒန်ပေါက်ဆိုင်ကိုချီတက်တတ်ပါတယ်။ ဒန်ပေါက်ဆိုင်မှာ ဘယ်လိုဒန်ပေါက်ထမင်းလိုချင်တယ်ဆိုတာ အရင်ရွေးရပါတယ်။ ရွေးစရာတွေကတော့ ပါကစ္စတန်ထမင်း၊ အီရန်ထမင်း၊ တူရကီထမင်း၊ အာဖကန်နစ္စတန်ထမင်းတွေပါပဲ။ ကျွန်တော်ကတော့ တူရကီထမင်းကိုရွေးလေ့ရှိပါတယ်။ ကြည့်ရတာ ပိုပြီးစားချင်စဖွယ်ဖြစ်လို့ပါပဲ။ နောက်တော့ ကြက်သား (သုံးမျိုးလောက်ရှိပါတယ်)၊ ဆိတ်သား ကြိုက်တာ ရွေးရပါတယ်။ ပြီးတော့မှ ဟင်းအနှစ်လောင်း၊ ခရမ်းချဉ်သီးအချဉ်၊ သခွားသီးအချဉ်ထည့်ပေးပါတယ်။ မြန်မာပြည်က ဒန်ပေါက်လောက်စားလို့မကောင်းပေမယ့် ဒီမှာ စားဖူးတဲ့အထဲမှာတော့ တော်တော်ကောင်းတဲ့ ဒန်ပေါက်ပါပဲ။

ရုံးနားမှာ ရှိတဲ့ hawker centre နောက်တစ်ခုမှာ ရောင်းတဲ့ အနောက်တိုင်းအစားအစာကလည်း မဆိုးလှပါဘူး။ အဲဒီနေရာမှာ ရောင်းတဲ့ ခေါက်ဆွဲဆိုင်တစ်ဆိုင်ကတော့ တော်တော်လေးပဲကောင်းလို့လားတော့မသိဘူး သွားလိုက်တိုင်း တန်းစီနေတာ အရှည်ကြီးတွေ့တာနဲ့ မစားဖူးသေးပါဘူး။

အဲလိုတွေဖြစ်သလိုစားလို့ကြာလာရင် စိတ်ကူးပေါက်ရင်ပေါက်သလို ပန်နီစူလာ ပလာဇာကို ဘတ်စ်ကားစီးသွားပြီး မြန်မာစာစားတတ်ပါသေးတယ်။

စားပြီးတဲ့အချိန်ဆို အနည်းငယ်အိပ်ချင်လာလို့ ကော်ဖီဖျော်သောက် အလုပ်ကလေး လုပ်လို့ကောင်းလာပြီး ညနေစောင်းက မိုးချုပ်လာပါတယ်။

ညနေစောင်းဗိုက်ဆာရင် တခါတလေ ပေါက်စီ ဆင်းဝယ်စားလိုက်ပါတယ်။ ဒါမှမဟုတ်လည်း ရုံးမှာရှိတဲ့ မုန့်နဲပဲ ပြီးလိုက်ပါတယ်။

ရုံးဆင်းလို့ အိမ်ပြန်ချိန်ဆို ဘယ်လောက်ဗိုက်ဆာဆာ နေ့လည်းက စားခဲ့တဲ့နေရာတွေမှာ မစားချင်တော့ပါဘူး။ အိမ်ကိုပြန် ရှိတာလေးနဲ့စား။ ရှိတာဆိုတာလည်း ကိုးရီးယား ခေါက်ဆွဲပြုတ်ကိုပြောတာပါ။ သူငယ်ချင်းတစ်ယောက်ယောက်က စိတ်ကူးပေါက်ပြီး ထမင်းချက်ထားရင်တော့ မေမေပို့ထားတဲ့ အခြောက်အခြမ်းလေးနဲ့ ကြက်ဥလေးကြော်ကာစားတတ်ပါတယ်။ အဲလိုစားရတာ အပြင်မှာစားရတာထက်ပိုပြီးလို့မြိန်တယ်လေ....

တခါတရံ ဒကာရှိတယ်ဆို စားသောက်ဆိုင်မှာလည်း စားသောက်ပါတယ်။ တကယ်လို့ အခုလို ဖြစ်သလိုစားရတာကို ဂရုဏာသက်ရင် ကျွေးချင်တယ်ဆိုရင် အားမနာပါနဲ့ လှမ်းခေါ်လိုက်လို့ရပါတယ်... :P

စားချင်တဲ့ ဟင်းတွေကိုတော့ ရုံးပိတ်ရက်မှာ ချက်စားဖြစ်ပါတယ်။ ဟင်းချက်နည်းတွေသိချင်ရင်တော့ ကြိုးစားပြီးရေးရမှာပေါ့...
တချို့ပိတ်ရက်တွေမှာဆို ဖိတ်တဲ့လူရှိရင်လည်း သူများအိမ်တွေမှာသွားစားတတ်ပါသေးတယ်....

ပြီးခဲ့တဲ့ အပတ်ကပဲ သူများအိမ်မှာ ဘုန်းကြီးဆွမ်းကပ်လို့ ထောပတ်ထမင်းစားခဲ့ရသေးတယ်လေ... :D

ကဲ လင်းရေ... ကျေနပ်လောက်ပြီထင်ပါတယ်... နောက်တခါတက်ဂ်ရင် စိတ်ရှည်ရှည်လေးထားပေးပါနော် :P

နောက်တစ်ယောက်ကလည်း တက်ဂ်ထားပါသေးတယ်။ ရေးချင်ရေး မရေးချင်နေတဲ့... နေလို့သာပြောတယ် AK-47 ပစ်တတ်တယ်ဆိုပြီး ပြောထားတော့ ကြောက်ရတာပါပဲ... လာမယ်ကြာမယ်နော်... ကိုအောင်သာငယ်...

6 comments:

Moe Cho Thinn said...

ပီတိရေ
တရုတ်ကြီး ခုန်ခုန်ပြီးကြော်တဲ့ မလေးခေါက်ဆွဲကြော် တော့ စားချင်ပါ့ကွာ။
မင်းကြောင့် ရူးပြီဆိုတာနဲ့ အိပ်ယာက ထ တော့ ကောင်းနိုင်ပါအုံးတော့မလား မောင်လေးရယ်။ ကျုပ်ကျက်လဲ လိပါ။

လင်း said...

သူ့ ဖြစ်သလိုကလည်း ဖွယ်ဖွယ်ရာရာ လေးဖြစ်အောင်တော့ ကြံဖန်စားသားနော်။ ( အ၀တ်အစားကို လှလှပပ ကြိုက်သလို အစားကိုရော လှလှလေးပြင်ဆင်ပေးတဲ့ဆိုင် ရွေးစားသေးလား) ။ ကျေးဇူးဘဲနော် ရေးပေးတာ။

ပုံရိပ် / Pon Yate said...

ကိုပီတိ ခုတလော နှိပ်စက်တာ များပြီ။ ဖြစ်သလို စားတဲ့ အကြောင်း ဖတ်ရတာ သနားတောင် သနားတယ် :p

khin oo may said...

သူ့ဖြစ်သလိုက လည်း ရှယ်ဘဲ လို့ခံစားရတယ်။

PTi said...

တရုတ်ကြီးခုန်ကျော်တဲ့ မလေးခေါက်ဆွဲကြော်က တော်တော်လေးကောင်းတယ်အမရ...
ဟားဟား ဟုတ်ပါ့ အမရယ်... ကျွန်တော်က နှိုးစက်သီချင်းကို ခဏခဏပြောင်းရတယ်။ မဟုတ်ရင် နားယဉ်ပြီးတော့ အိပ်ယာက မထမိပဲ အိပ်မက်ထဲမှာလိုက်ဆိုနေမိနေလို့... အခု အဲဒီသီချင်းကို နှိုးစက်လုပ်မိနေလို့ပါ...

ဟုတ်တယ်လင်းရေ.. ကြံဖန်စားမှပဲ မဟုတ်ရင် အပြင်မှာစားအမြဲစားနေရတော့ ညီငွေ့သွားတတ်လို့...
သေချာတာပေါ့... အစားအသောက်လည်း စားချင်စဖွယ်ပြင်ထားရင် ပိုစားဖြစ်တာပေါ့.. :P

ဟားဟား ကျွန်တော်က အစားအသောက်ကို သိပ်ပြီး မရွေးတတ်ဘူးလေ.. ဘာပဲဖြစ်ဖြစ်စားလိုက်တာများတယ်... စားလို ကောင်းရင်ပြီးရောပဲ....

ဟုတ်ပါဘူး မခင်ဦးမေရယ်.. ဖြစ်သလိုပဲ ကောင်းအောင်စားရတာပေါ့..း)

ဂျစ်တူး - gyit_tu said...

အကိုကြီး ပီတိ ... မြို့ လည်ခေါင်မှာ ရုံးက ရှိနေတဲ့ သူကများ ။ ဒီလောက် စားစရာတွေ ပေါတာ ။ မြို့ ပြင်မှာ အလုပ်လုပ်နေရသူတွေကို စာနာပါဦးလား ။ တနေ့တနေ့ ရှိတာလေး ၃-၄ဆိုင်နဲ့ စခန်းသွားနေရတာပါ ။ ဘယ်သူက ဖြစ်သလိုလဲး)

ဒါနဲ့ ပါဆယ်ထုတ်တာ “တာ့ပေါင်း” လုပ်ပါ ကိုပီတိရယ် ။ သူ့ ရေးမှ “ပေါင်းတာ” ဖြစ်နေတော့ ဖတ်ရင်း ဘာများလဲ စဉ်းစားလိုက်ရတာ ။

Ratings